ကချင်ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးတွေဖြစ်တဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး
ဦးဝေလင်း၊ လမ်းပန်း ဆက်သွယ် ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ သယံဇာတနှင့်
သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း၊ စည်ပင်သာယာ ရေးဝန်ကြီး
ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး
ဦးဇော်ဝင်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးနေဝင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ
ပုဒ်မ (၅၅)နဲ့ စစ်ကောင်စီဘက်က တရားစွဲလိုက်တာပါ။
ဆက်ပြီး ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး
ဦးစိုးနိုင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆)နဲ့ တရားစွဲထားပါသေးတယ်။
ဝန်ကြီးချုပ်အပါအဝင်
(၈)ဦးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲစခန်းမှာ စစ်ကောင်စီဘက်ကဩဂုတ် (၂၃)ရက်နေ့က တိုင်ချက်ဖွင့်ခဲ့တာပါ။
အရပ်သားအစိုးရလက်ထက်က
ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူတွေဟာ တင်ဒါခေါ်ယူတာမရှိဘဲ ဆောင်ရွက်တာတွေကြောင့် နိုင်ငံတော်ရဲ့ငွေကြေး ပစ္စည်းတွေနစ်နာတာ၊ သလင်းကျောက်ရောင်းရာမှာလည်း သတ္တုတွင်းဦးစီးဌာနရဲ့
သတ်မှတ်ချက်ထက် လျော့နည်းပြီး ရောင်းချတာတွေ၊ ပြည်နယ်အထွေထွေ ပိုလျှံရန်ပုံငွေတွေကို
ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနဲ့ မကိုက်ညီဘဲ သုံးစွဲတာကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ သန်းရာနဲ့ချီ ဆုံးရှုံးတယ်လို့
စွပ်စွဲထားပါတယ်။
ဒီဩဂုတ်လထဲမှာ
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်အသီးသီးက
ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာဝန်ကြီးတွေကို အဂတိပုဒ်မတွေနဲ့ စစ်ကောင်စီဘက်က တရားစွဲဆိုလာတာကို
သိသိသာသာတွေ့လာရပါတယ်။
ဇွန်လဆန်းပိုင်းကစပြီး အစောဆုံးအဖြစ် နိုင်ငံတော်အတိုင်ပင်ခံ
ဒေါ်အောင်ဆန်း စုကြည်အပါအဝင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန်
ဦးရဲမင်းဦးတို့ကို အဂတိအမှုနဲ့ တရားစွဲပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို ဒီဥပဒေနဲ့ တရားစွဲလာခဲ့တာပါ။
အထူးသဖြင့်
နေပြည်တော်ဒုမြို့တော်ဝန် ဦးရဲမင်းဦးတစ်ဦးတည်းကို ဒီအဂတိလိုက်စားမှုဥပဒေနဲ့ သုံးကြိမ်တိတိ
တရားစွဲဆိုထားပြီးဖြစ်ပါတယ်။
ဒီလို ပုဒ်မတခုတည်းနဲ့ အကြိမ်ကြိမ်တရားစွဲတာကြောင့် စွပ်စွဲခံရသူတွေမှာ
နစ်နာမှုရှိနေပြီး အမှုတွေကို စုပေါင်းပြီးတရားရင်ဆိုင်ခွင့်ရအောင်လျှောက်လဲဖို့ အခွင့်အရေးရှိတယ်လို့ ဥပဒေအသိုင်းအဝိုင်းက ထောက်ပြထားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, cj
ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာဖော်ပြချက်
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာဖော်ပြချက်