ကန်ကြီးထောင့်မှာ အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
ဧရာဝတီတိုင်း ၊ ကန်ကြီးထောင့်မြို့ ၊ရွှေဘိုတန်းလမ်းမကြီး မဟာသီရိ မင်္ဂလာရာမ ဘုန်းကြီးကျောင်းရှေ့မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သြဂုတ်လ ၂၉ ရက်နေ့ မနက် ၆ နာရီကျော်ခန့်က သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူဟာ ကန်ကြီးထောင့်မြို့ ဥယျာဉ်စုရပ် ၁ လမ်းနေ ထိုင်သူ အသက် ၅၃ နှစ်ဝန်းကျင်ရှိ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးမောင် မောင်မြင့် ဆိုသူဖြစ်ပြီး သေနတ်နဲ့ အနီးကပ်ပစ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။
မြို့ခံတွေကတော့ ဦးမောင်မောင်မြင့်ဟာ စစ်တပ်ကို သတင်းပေးသူလို့ပြောကြပြီး ဒါနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။
ဦးမောင်မောင်မြင့်ဟာ ရွှေဘိုတန်းလမ်းစျေးမှာ စျေးရောင်းသူဖြစ်ပြီး အထုပ်အပိုးတွေနဲ့ စျေးခင်းဖို့ ဆိုင်ကယ်နဲ့ထွက်လာစဥ် သေနတ်နဲ့ ပစ်ခတ်ခံရကြောင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဆေးရုံကို ပို့ဆောင်စဥ် သေဆုံးသွားကြောင်းလည်းသိရပါတယ်။
ဦးမောင်မောင်မြင့်ဟာ ကန်ကြီးထောင့်မြို့ ဗုံးပေါက်ကွဲမှုမှာ မြို့ခံ လူငယ်အချို့ ကို ဖမ်းဆီးရန် သတင်းပေးခဲ့ကြောင်း ဖေဖေါ်ဝါရီလအတွင်း ပုသိမ်က စစ်တပ်ထောက်ခံပွဲအပြီး ကန်ကြီးထောင့်မြို့ အပြန်လမ်း အပင်နှစ်ဆယ်ကျေးရွာ အနီး လက်သုံးချောင်းထောင်ပြတဲ့ လူငယ်လေးဦးကို ကားရပ်ပြီး ဆင်းရိုက်ခဲ့သူ တွေထဲမှာပါဝင်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က ဧရာဝတီတိုင်း အသုတ်မြို့က စစ်တပ်သတင်းပေးလို့ နာမည်ထွက်သူ အမျိုးသားတစ်ဦး သေနတ်နဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ













