ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြို့ကြီးတချို့မှာ နေ့အချိန်အသွားအလာတွေ ကန့်သတ်

    စစ်အာဏာသိမ်းမှုကို ရရာနည်းနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြနေတဲ့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ မကွေးအပါအ၀င် တိုင်းတချို့က မြို့နယ်အများအပြားကို ပစ်မှတ်ထားကာ ကိုဗစ်ထိန်းချုပ်ရေးအတွက်ဆိုကာ နေ့ပိုင်းအချိန်တွေမှာပါ အပြင်မထွက်ဖို့ ဩဂုတ်လအစပိုင်းကစလို့ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ကြေညာထားပါတယ်။

    အဲဒီသတ်မှတ်အချိန်တွေအတွင်း အပြင်ထွက်ရင် စစ်ဆေးတာအပြင် သတ်မှတ်ချက်ကိုဖောက်ဖျက်ရင် ဒဏ်ပေးတာ၊ အရေးယူတာမျိုးတွေအထိ လုပ်ဆောင်နေပါတယ်။

    မန္တလေးခရိုင်ကမြို့နယ် ၇မြို့နယ်မှာဆိုရင် မနက် ၄နာရီကနေ ၉နာရီအထိအပြင်ထွက်ခွင့်ပြုပြီး အဲဒီနောက်ပိုင်း ညနေ ၃နာရီအထိ အပြင်ထွက်ခွင့်မရှိတော့သလို၊ ညနေ ၃နာရီမှာ ည ၇နာရီအထိသာပြန်လည်ထွက်ခွင့်ပြုတဲ့ ကန့်သတ်ချက်မျိုးတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “စစ်အာဏာရှင်တော်လှန်တဲ့နေရာမှာ အားကြိုးမာန်တက်လုပ်တဲ့ မြို့တွေ၊ အခုအချိန်ထိလည်း ရတဲ့နည်းနဲ့ တော်လှန်နေတဲ့ ၊ စစ်ကြောင်းတွေလည်း ထွက်နေတဲ့ မြို့တွေကို ပစ်မှတ်ထားလုပ်တာ။ ကိုဗစ်ကို အသုံးချပြီးတော့ ကိုဗစ်ကြောင့်ကို နာမည်ခံပြီး သူတို့ကို တော်လှန်တဲ့သူတွေကို သွားလို့လာလို့ခက်အောင် လုပ်တယ်လို့ပဲ ယူဆတယ်” လို့ အမရပူရ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

    မကွေးမြို့မှာလည်း ဩဂုတ်လအစောပိုင်းကတည်း အခုလိုတင်းကျပ်မှုတွေကို ပြုလုပ်လာတာဖြစ်ပြီး ဩဂုတ်လ ၁၈ရက် နေ့ လေတပ်စခန်း ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာတော့ ပိုပြီးတင်းတင်းကျပ်ကျပ် စစ်ဆေးလာတယ်လို့ မကွေးဒေသခံတဦးက ဆိုပါတယ်။

    လူတွေကို လှုပ်လှုပ်ရှားရှားမလုပ်အောင်၊ ထိန်းချုပ်လို့ ရအောင် တနည်းအားဖြင့် လုပ်နေတာပဲ။ ကိုဗစ်ဆိုရင် တခြားလုပ်လို့ရတဲ့ အစီအစဥ်တွေ အများကြီးရှိတယ်လို့လည်း ထောက်ပြပါတယ်။

    မြို့ကြီးတချို့မှာ နေ့အချိန်အသွားအလာတွေ ကန့်သတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. မြို့အများစုက နေ့အချိန် အပြင်ထွက်ခွင့် ကန့်သတ်တားမြစ်မှုတွေ

  3. အများပြည်သူရုံးပိတ်ရက် တပတ်ထပ်တိုး

    မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ပိုမိုထိရောက်အောင် ကာကွယ်နိုင်ဖို့အတွက်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက သြဂုတ်လ ၃၁ ရက်နေ့အထိ အများပြည်သူ ရုံးပိတ်ရက်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

    ဒီကာလအတွင်း အစိုးရ အခြေခံပညာကျောင်းတွေ၊ ပုဂ္ဂလိကနဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေကိုပါ ပိတ်ထားရမှာ ဖြစ်ပေမယ့် ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေတော့ ဆက်လက်ဖွင့်ထားမှာ ဖြစ်တယ်လို့ ကြေညာပါတယ်။

    မြန်မာနိုင်ငံတ၀န်း ကိုဗစ်ကူးစက်ပျံ့နှံ့မှုတွေ တိုးမြင့်ဖြစ်ပွားနေတာကြောင့် ဇူလိုင်လ ၁၇ ရက်နေ့ကစပြီး အများပြည်သူရုံးပိတ်ရက်အဖြစ် စစ်ကောင်စီက စတင်သတ်မှတ်ခဲ့ပြီး ကိုဗစ်ကူးစက်ပျံ့နှံ့မှုအပေါ်မူတည်ကာ ဆက်လက်တိုးမြှင့် ကြေညာနေတာဖြစ်ပါတယ်။

    အခုလို ရုံးပိတ်ရက်တွေ ဆက်တိုက်သတ်မှတ်ထားတာကြောင့် အပတ်စဥ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း နေပြည်တော်မှာ ရုံးထုတ်စစ်ဆေးလေ့ရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်တို့ရဲ့ အမှုရုံးချိန်းတွေ ရက်ရွှေ့ဆိုင်းထားခဲ့ရပြီး လက်ရှိအချိန်ထိ ရှေ့နေအဖွဲ့နဲ့ပါ တွေ့ခွင့်မရသေးပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မှု ရှိတယ်လို့ ရှေ့နေအဖွဲ့က ပြောဆိုထားပြီး တွေ့ခွင့်တောင်းထားပေမယ့် စစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်တာ မရှိသးပါဘူး။

    သြဂုတ်လ ၂၀ ရက် ည ၈ နာရီအထိ နိုင်ငံတ၀န်း ကိုဗစ်ပိုးတွေ့လူနာသစ် ၃၀၀၀ ကျော် ရှိခဲ့ပြီး ၁၅၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

    အများပြည်သူရုံးပိတ်ရက် တပတ်ထပ်တိုး

    ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီ သတင်းထုတ်ပြန်ချက်

  4. ရခိုင်မှာ မသန်စွမ်းအများစု ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်မရသေး

    ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို လျှော့ချရေးအတွက် ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးပေးနေပြီ ဖြစ်ပေမယ့် မသန်စွမ်းသူအများစုကတော့ ထိုးခွင့်မရရှိသေးဘူးလို့ ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံး ဥက္ကဋ္ဌ ဦးလှမြင့်က ဘီဘီစီကို ပြောပါတယ်။

    မသန်စွမ်းသူတွေဟာ လက်ရှိမှာလည်း သာမန်လူတွေနဲ့နည်းတူ နေထိုင်နိုင်သူတွေမဟုတ်သလို ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ခံရနိုင်ခြေရှိသူတွေဖြစ်တဲ့အတွက် ဦးစားပေးအနေနဲ့ သူတို့အတွက် သီးခြားအစီစဉ်တစ်ခုချမှတ်ပြီး ဆေးထိုးပေးဖို့ ဦးလှမြင့်က တိုက်တွန်းပါတယ်။

    အမျိုးသားဒီမိုကရေစီအစိုးရ NLD လက်ထက်မှာ မသန်စွမ်းတွေကို ဒုတိယဦးစားပေးအနေနဲ့ ထိုးပေးဖို့ စာရင်းကောက်ခံတာတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်အောက်မှာတော့ မသန်စွမ်းပြည်သူတွေ ကိုဗစ် ကာကွယ်ဆေးထိုးခွင့်ရမရ မသေချာသေးဘူးလို့လည်း ဆိုပါတယ်။

    လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအခြေအနေဟာ အခု ဩဂုတ်လ ဒုတိယအပတ်အတွင်း တတိယအသုတ် ထိုးပြီးဖြစ်ပြီး လာမယ့် ၂၆ ရက်နေ့နောက်ပိုင်းမှာ စတုတ္ထအသုတ် ထိုးပေးသွားမှာ ဖြစ်တယ်လို့လည်း ကျန်းမာရေးဆိုင်ရာ တာ၀န်ရှိသူတွေက ပြောပါတယ်။

    ပထမအသုတ်မှာတော့ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကို ကိုဗစ်-၁၉ ကုသရေးမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဦးစားပေးထိုးခွင့်ရရှိခဲ့ပြီး ဒုတိယဦးစားပေးအနေနဲ့ အများပြည်သူတွေနဲ့ အဓိက ထိတွေ့ဆက်ဆံနေရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ထိုးပေးခဲ့တာဖြစ်ပါတယ်။

    ဒုတိယအသုတ် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ရရှိလာချိန်မှာတော့ ပညာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးပေးခဲ့တာဖြစ်ပါတယ်။

    အခု ထိုးနှံပြီးစီးခဲ့တဲ့ တတိယအသုတ်မှာတော့ အရပ်သားတွေထဲက အသက် ၆၅ နှစ်အထက်ရှိသူတွေ၊ အသင်းအဖွဲ့တွေနဲ့၊ ကိုဗစ်ကုသရေးနဲ့တားဆီးကာကွယ်ရေးအပိုင်းတွေမှာပါဝင်ကြတဲ့ စေတနာ့၀န်ထမ်းတွေ၊ ပရဟိတ လူမှုကယ်ဆယ်ရေး အဖွဲ့တွေနဲ့ တခြားပြည်သူတွေလည်း ထိုးခွင့်ရရှိခဲ့ကြပါတယ်။

    တတိယအသုတ်ကာကွယ်ဆေးတွေကို အရပ်သားတွေကို ဦးစားပေးထိုးနှံပေးခဲ့ပေမယ့် မသန်စွမ်းသူတွေ ဆေးထိုးခွင့်ရရှိဖို့ အတွက် သီးသန့်အစီအစဉ်တွေမရှိခဲ့သလို ဆေးထိုးခွင့်ရရှိသူတွေ စာရင်းတွေထဲမှာလည်း မပါဝင်တာကြောင့် မသန်စွမ်းသူအများစုကတော့ ကိုဗစ်ကာကွယ်ဆေးတွေ မထိုးကြရသေးဘူးလို့ ဦးလှမြင့်က ပြောပါတယ်။

    ရခိုင်ပြည်နယ်တွင်း မသန်စွမ်းပြည်သူတွေကို ကာကွယ်ဆေးထိုးပေးမှု အစီအစဥ်အကြောင်း အသေးစိတ်သိရအောင် ရခိုင်ပြည်နယ်ကျန်းမာရေး၀န်ကြီးဌာနနဲ့ ပြည်နယ်ကောင်စီတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

    ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းမှတ်တမ်းအရ ရခိုင်ပြည်နယ်အတွင်း မသန်စွမ်းသူအရေအတွက်ဟာ ၅၀၅,၅၀၀ ကျော်ရှိပြီး အဲ့ဒီထဲမှာ အများဆုံးကတော့ အမြင်အာရုံမသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။

    ရခိုင်မှာ မသန်စွမ်းအများစု ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်မရသေး

    ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီ

  5. NUG ရေဒီယို အွန်လိုင်းမှာလည်း နားထောင်နိုင်မယ်လို့ဆို

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တော်လှန်ရေး ရေဒီယိုအစီအစဥ်ကို သြဂုတ်လ ၁၈ ရက်နေ့မှာ စတင်ထုတ်လွှင့်တာကို တွေ့ရပါတယ်။

    နေ့စဥ် မနက် ၈ နာရီနဲ့ ည ၈ နာရီတို့မှာ နှစ်ကြိမ်တိုင်တိုင် ထုတ်လွှင့်မှာဖြစ်ပြီး ထုတ်လွှင့်ပြီးသား အစီအစဥ်တွေကိုလည်း အွန်လိုင်းပေါ်မှာ ပြန်လည်နားဆင်နိုင်အောင် ပြင်ဆင်ထားတယ်လို့ NUG အစိုးရဘက်က ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစောပိုင်းကာလတွေမှာ အင်တာနက်ဖြတ်တောက်မှုတွေရှိခဲ့တာကြောင့် ပြည်သူတွေအချင်းချင်း သတင်းစီးဆင်းမှု အမြဲရစေဖို့အတွက် ဒီရေဒီယိုအစီအစဥ်ကို ဖန်တီးရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    သြဂုတ်လ ၂၀ ရက် မနက်ပိုင်း ၈ နာရီမှာ ပထမဆုံး ထုတ်လွှင့်ခဲ့တဲ့ ရေဒီယိုအစီအစဥ်မှာတော့ နောက်ဆုံးရ သတင်းတွေ၊ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အပါအ၀င် ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ပြည်သူ့အာဏာဖီဆန်မှု စီဒီအမ်လုပ်ရှားမှုမှာ ပါ၀င်ကြသူတွေရဲ့ အသံတွေ၊ ပေးစာအစီအစဥ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပီဒီအက်ဖ် တွေအတွက် ဂုဏ်ပြုတဲ့ တေးသီချင်းတွေလည်း ပါ၀င်တာ တွေ့ရပါတယ်။

    ဒါပေမဲ့ နိုင်ငံတ၀န်း ပြည်သူဘယ်လောက်များများက ဒီရေဒီယိုအစီအစဥ်တွေကို ဖမ်းယူရရှိနိုင်သလဲဆိုတာနဲ့ စစ်ကောင်စီတပ်တွေဘက်က ဖိနှိပ်တာတွေ ရှိသလားဆိုတာကတော့ လက်ရှိအချိန်ထိ အတိအကျ မသိရသေးပါဘူး။

    နိုင်ငံရေးသုံးသပ်သူတချို့ကတော့ ဒီအစီအစဥ်ဟာ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေရဲ့ ၀ါဒဖြန့် ထုတ်လွှင့်မှုတွေကို ပြန်လည်တုံ့ပြန်တဲ့ သဘောဖြစ်တယ်လို့ ယူဆကြပါတယ်။

    NUG ရေဒီယို စတင်ထုတ်လွှင့်

    ဓာတ်ပုံ ရင်းမြစ်, NUG facebook

  6. မြန်မာ့အရေး အာဆီယံကြိုးပမ်းချက် ထင်သလောက်အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ စင်္ကာပူနိုင်ငံခြားရေး၀န်ကြီးပြော

    မြန်မာအရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ကြီးရဲ့ ကြိုးပမ်းချက်ဟာ မျှော်လင့်ထားသလောက် ထိရောက်မှု ရှိမှာ မဟုတ်ဘူးလို့ စင်္ကာပူနိုင်ငံခြားရေး၀န်ကြီး ဗာဗီယန် ဘယ်လာခရစ်ရှန် (Vivian Balakrishan) က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

    မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ပြန်တည်တည်ငြိမ်မှုရှိအောင် သံခင်းတမန်ခင်းနည်းလမ်းနဲ့ ဆောင်ရွက်ဖို့ အာဆီယံအဖွဲ့ကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံအများအပြားက တိုက်တွန်းနေတာ ဖြစ်ပါတယ်။

    မြန်မာ့နိုင်ငံရေး အခြေအနေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဧပြီလနှောင်းပိုင်းမှာ ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေး၀န်ကြီး အာရ၀မ် ယူဆွဖ်ကိုလည်း သြဂုတ်လ အစောပိုင်းမှာ ခန့်အပ်ထားပါတယ်။

    နို၀င်ဘာလမှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမတိုင်ခင် အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဥ်ကို ထုတ်ပြန်ဖို့ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာနိုင်ဖို့ကိုလည်း မျှော်လင့်မိတယ်လို့ စင်္ကာပူ နိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။

    အထူးကိုယ်စားလှယ်ကို သူတို့ ဘယ်လိုထိတွေ့ဆက်ဆံမလဲဆိုတာက အခုအချိန်မှာ အဓိကအကျဆုံး စမ်းသပ်မှုဖြစ်တယ်လို့လည်း ၀န်ကြီး ဘယ်လာခရစ်ရှန် က ပြောပါတယ်။

    မြန်မာပြည်ရဲ့ အခြေအနေဟာ အတိမ်းအစောင်းမခံနိုင်တဲ့ အနေအထားမှာ ရောက်နေပြီး လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်ပေးဖို့ နဲ့ အပြုသဘောဆောင်တဲ့ ချဥ်းကပ်မှုတွေကို အာဆီယံဘက်က ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

    အာဆီယံအဖွဲ့ ဒါမှမဟုတ် စင်္ကာပူနိုင်ငံအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ စင်္ကာပူနိုင်ငံခြားရေး ၀န်ကြီးက “ကျွန်တော်တို့အနေနဲ့ အခြေအနေတွေကို ခက်ခဲရှုပ်ထွေးအောင် လုပ်ဖို့ မကြိုးစားဘူး။ ကျွန်တော်တို့ဟာ ဘက်နှစ်ဖက်လုံးကို ကြိုးကိုင်ခြယ်လှယ်တာတွေ လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်အာဏာပိုင်တွေအနေနဲ့ ကျွန်တော်တို့ဟာ အားလုံးနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတာကို သိပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

    မြန်မာ့အရေး အာဆီယံကြိုးပမ်းချက် ထင်သလောက်အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ စင်္ကာပူနိုင်ငံခြားရေး၀န်ကြီးပြော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  7. ကိုဗစ်လှိုင်းက မြစ်ကြီးနား ဆေးဖြတ်စခန်းကို ဘယ်လိုရိုက်ခတ်နေလဲ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က နန်ကျင်ကျေးရွာလမ်းသွယ် ၁၁ မှာရှိတဲ့ ဂရုဏာလက် လူငယ်ပြုစုပျိုးထောင်ရေးစခန်း(မူးယစ်ဆေးဖြတ်စခန်း)ဟာ စားဝတ်နေရေး ခက်ခဲကြပ်တည်းမှု ကြုံနေရတယ်လို့ စခန်းတာဝန်ခံက ပြောလာပါတယ်။

    အဲ့ဒီဆေးဖြတ်စခန်းဟာ ကိုယ်ထူကိုယ်ထစခန်းဖြစ်ပြီး ကိုဗစ်မဖြစ်ခင်ကတော့ ဆေးလာဖြတ်သူတွေရဲ့ မိဘတွေကနေ ဝင်ကြေး ၁ နှစ်ကို ကျပ်ငွေ ၁သိန်းနဲ့လစဉ်ကြေးကောက်ပြီး ဆေးဖြတ်ပေးနေတဲ့စခန်းတစ်ခုဖြစ်ပါတယ်။

    အခုတော့ ကိုဗစ်ကပ်ဘေးကြောင့် အရင်ကပေးနိုင်တဲ့ ဆေးဖြတ်သူတွေရဲ့မိဘတွေ စုစုပေါင်း ၃ ပုံ၊ ၁ ပုံ လောက်ပဲ ငွေကြေးပေးနိုင်တော့သလို စခန်းက ဝန်ထမ်းတွေဟာလည်း စေတနာ့ ဝန်ထမ်းအဖြစ် ပြောင်းလဲလုပ်ကိုင်နေရပါတယ်။

    ''အခုလောလောဆယ် အဓိကပြဿနာက စားဝတ်နေရေးပေါ့။ အရင်တုန်းကတော့ ကျွန်တော်တို့က ကိုယ်ထူကိုယ်ထဆိုတော့ ဒီကျောင်းသားတွေရဲ့မိသားစုတွေက သူတို့ရဲ့စားစရိတ်လေးတွေထည့်ဝင်ထောက်ပံ့ကြတယ်။ အခုကတော့ ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ်ရယ်၊ နိုင်ငံရေးရယ်အပြင် အသက်မွေးဝမ်းကျောင်းတွေခက်ခဲကုန်တော့ သူတို့ကိုယ်တိုင် စားစရိတ်တွေထောက်ပံ့ပေးဖို့တော်တော်ခက်လာတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း တစ်ခါတလေ တောင်းစားရသူသာသာပါပဲ။ ကိုယ့်အသိမိတ်ဆွေတွေဆီမှာပြောရင်းနဲ့ နည်းနည်းပါးပါးလှူဒါန်းတာ။ ငါးလေးမွေး၊ ကြက်လေးမွေး၊ ရောင်းပြီးမှ အဆင်ပြေသလိုကျော်ဖြတ်နေတာပေါ့''လို့ ဂရုဏာလက်လူငယ်ပြုစုပျိုးထောင်ရေးအဖွဲ့တာဝန်ခံ ဦးတန်ရော်က ပြောပါတယ်။

    စခန်းမှာ မူးယစ်ဆေးဖြတ်တဲ့ကျောင်းသားဦးရေ ၆၀ နဲ့ ဝန်ထမ်း ၂၀ လောက်ရှိတာကြောင့် တစ်နေ့ ဆန်တစ်အိတ်နှုန်း၊ ဟင်းဖိုး ၂၀,၀၀၀ ကျပ်နီးပါးနဲ့ လောက်ငှအောင် စီမံနေရတယ်လို့လည်း သူကပြောပါတယ်။

    ''ကျွန်တော်တို့ဒေသကတော့ ကိုဗစ်နဲ့နိုင်ငံရေးအပြင် မူးယစ်ဆေးဝါးပြဿနာသုံးမျိုးကို ရင်ဆိုင်နေရတာ။ ဒီသုံးခုရဲ့ထိုးနက်ချက်နော်။ ပြီးတော့ ပြည်သူတွေတော်တော်များများက မိဘမဲ့တွေ၊ ဘိုးဘွားရိပ်သာတွေ၊ စစ်ရှောင်စခန်းတွေကျရင် လှူဒါန်းချငျကြတာပေါ့လေနော်။ မူးယစ်ဆေးဝါးပြဿနာကျရင် သူတို့က မူးယစ်ဆေးဝါးသမားတွေက လူတွေကို ဒုက္ခပေးတဲ့အပိုင်းမှာပါတော့ ကူညီပါဝင်တဲ့အပိုင်းမှာ အားနည်းတယ်။ သင်တန်းကျောင်းတွေက အခုချိန်တော်တော်လေးခက်ခဲတယ်။ အခုချိန် နေရာတကာမှာ ပါဝင်လှူဒါန်းကြပေမဲ့ ဒီလိုသင်တန်းကျောင်းတွေ မပါဘူး။ တော်တော်ခက်ခဲပါတယ်။ ခက်ခဲပေမဲ့လည်း ဒီလုပ်ငန်းရပ်တန့်သွားရင် နိုင်ငံရေးပြဿနာ၊ ကိုဗစ်ပြဿနာ၊ မူးယစ်ဆေးပြဿနာကလည်း ကြီးကြီးမားမားထိုးနှက်လာနိုင်တယ်''လို့ သူက ထောက်ပြပြောဆိုတယ်။

    အဲဒီစခန်းဟာ ဆေးပြတ်သွားသူတွေကို ဘာသာရေးသင်ကြားတာအပြင် အသက်မွေးဝမ်းကျောင်းနိုင်ဖို့ စိုက်ပျိုးမွေးမြူရေး၊ ပရိဘောဂနဲ့သံပန်း၊သံတံခါးဆိုင်ရာ လက်သမားပညာအပြင် ဂီတကိုလည်း သင်ပေးနေတဲ့စခန်းဖြစ်ပါတယ်။

    ကိုဗစ်လှိုင်းက မြစ်ကြီးနားဆေးဖြတ်စခန်းကို ဘယ်လိုရိုက်ခတ်နေလဲ

    ဓာတ်ပုံ ရင်းမြစ်, RHS

    ဓာတ်ပုံ ပုံစာ, စခန်းမှာ ဆေးဖြတ်သူတွေကို သံပန်း၊သံတံခါးနဲ့ ဂဟေဆက်ပညာလည်း သင်ပေးနေပါတယ်။
  8. မိုးဆက်လို့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းပျက်နေ

    ဗန်းမော်-မြစ်ကြီးနား ကားလမ်းမှာ မိုးဆက်တိုက်ရွာတာကြောင့် ရွှံ့ဗွက်တွေထပြီး လမ်းပျက်နေပါတယ်။

    လမ်းကောင်းချိန် ၄ နာရီလောက်သာမောင်းရတဲ့ ဒီခရီးလမ်းပိုင်းဟာ အခုဆို ညအိပ်မောင်းရတဲ့အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  9. ပန်ဆိုင်း(ကြူကုတ်)၊ မြင်တန်တောင်ကြောတစ်လျှောက်မှာပစ်ခတ်မှု ဖြစ်နေ

    ပန်ဆိုင်း(ကြူကုတ်)၊ မြင်တန်တောင်ကြောတစ်လျှောက်မှာပစ်ခတ်မှု ဖြစ်နေ၊ ပန်ဆိုင်း(ကြူကုတ်)မြို့ အနီးတဝိုက်တောင်ကြောကိုမြင်တွေ့ရပုံ

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်

    ဓာတ်ပုံ ပုံစာ, ပန်ဆိုင်း(ကြူကုတ်)မြို့ အနီးတဝိုက်တောင်ကြောကိုမြင်တွေ့ရပုံ

    ရှမ်းပြည်မြောက်ပိုင်း၊ ပန်ဆိုင်း(ကြူကုတ်)ရဲ့အထက်ဘက် မြင်တန်တောင်ကြောတစ်လျှောက်မှာ ဒီကနေ့ သြဂုတ်လ၂၀ရက် နေ့လယ်ပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    အခုလ သြဂုတ် ပထမပတ်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့တာရှိသလို ဒီကနေ့ သြဂုတ် ၂၀ ရက်မှာ တကျော့ပြန်ပြန်လည်ဖြစ်ပွားနေတာလို့ မြင်တန်တောင်ကြောတစ်လျှောက်ကျေးရွာတွေမှာနေထိုင်သူတွေကပြောပါတယ်။

    ''မူဆယ် ၁၀၅ မိုင်ဘက်ကနေလက်နက်ပြီးပစ်သံတွေကြားရတယ်။ ဒီကနေ့နေ့လယ် ၁နာရီကျော်လောက်ကစပစ်နေကြတာ။အခုလည်း ပစ်နေတုန်းပဲ။ တိုက်ပွဲငြိမ်လို့ ရွာပြန်မလို့စဉ်းစားနေတာ အခုပြန်ပစ်နေကြတော့မပြန်ရဲသေးဘူး '' လို့ ဒေသခံစစ်ရှောင်တစ်ဦးကပြောပါတယ်။

    လက်ရှိတိုက်ပွဲပြန်ဖြစ်နေတဲ့ နေရာဟာ ပန်ဆိုင်း(ကြူကုတ်) ရှိ ယိခူးကျေးရွာအုပ်စုနဲ့ လုံအော်ကျေးရွာအုပ်စုတွေအနီးတဝိုက်မှာဖြစ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာရှောင်တိမ်းရတဲ့ အခြေအနေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာ ရှမ်းမြောက် ပန်ဆိုင်း(ကြူကုတ်)သြဂုတ် ပထမပတ်မှာဖြစ်ခဲ့တဲ့ စစ်ကောင်စီနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)တိုက်ပွဲကြောင့် ကျေးရွာ ၇ ရွာက ဒေသခံ ၁၄၀၀ကျော်ဟာ တရုတ် - မြန်မာနယ်စပ် ဝမ်တိန်ချောင်းအနီး နယ်စပ်ခြံစည်းရိုးနားမှာ စစ်ဘေးရှောင်နေထိုင်နေကြရတာဖြစ်ပါတယ်။

  10. စစ်တပ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်း စစ်ကောင်စီ ငြင်း

    ဩဂုတ်လ (၁၈)ရက်က ဂန့်ဂေါ-ကလေးကားလမ်းအတိုင်းမောင်းလာတဲ့ စစ်တပ်ယာဉ်တန်းတခု မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် (၃၀)လောက်ကျဆုံး ဒဏ်ရာရတယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ပါတယ်။

    ဒီဖြစ်စဉ်ဟာယင်းမာပင် မြို့နယ်ကလမ်းပြုပြင်လုပ်သားတွေပါဝင်တဲ့ ရွှေညီကို ကုန်တင်ယာဉ်လိုင်းက ကားမိုင်းထိတာလို့ဆိုပါတယ်။

    ‌ရွှေညီကို ကုန်တင်ယာဉ်လိုင်းက ဟီးနိုးယာဉ်အမျိုးအစားခြောက်ဘီးယာဉ်ဟာ ကလေး -ဂန့်ဂေါလမ်းအတိုင်း ကလေးမြို့ကိုမောင်းလာတုန်း ရဲလှကျေးရွာလမ်းဆုံနားအရောက်မှာ ကားလမ်းဘေးဘက်တွေကနေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အယောက် (၅၀)လောက်က ဖောက်ခွဲတာလို့ စစ်ကောင်စီဘက်က စွပ်စွဲထားတာပါ။

    ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေဟာ လက်လုပ်ကားမိုင်း (၂)လုံးနဲ့ဖောက်ခွဲပြီး လက်နက်ငယ်၊ တူမီးသေနတ်တွေနဲ့ပစ်ခတ်တာကြောင့် လမ်းလုပ်သား (၅)ဦး မိုင်းစထိမှန်ကာ ကားအနည်းငယ် ပျက်စီးတယ်လို့ ဒီနေ့ဩဂုတ် (၂၀)ရက် စစ်ကောင်စီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီဒဏ်ရာရသူတွေကို ဟံသာဝတီကျေးရွာ၊ တိုက်နယ်ဆေးရုံကနေ စစ်ဆေးရုံကိုလွှဲပြောင်းဆေးကုခွင့်ပေးထားပြီး ဖြစ်စဉ်ဖြစ်ပွားတဲ့ ဒေသတဝိုက်ကို နယ်မြေတည်ငြိမ်လုံခြုံရေးဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

    လူမှုကွန်ရက်မှာတော့ အဲဒီလမ်းပိုင်းမှာ ယာဉ်တစ်စီး ဖြတ်သန်းစဉ် မိုင်းပေါက်ကွဲတဲ့ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ယာဉ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

    ပေါက်ကွဲခဲ့တဲ့ ‌ရွှေညီကို ကုန်တင်ယာဉ်လို့ စစ်ကောင်စီထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, Military information committee

    ဓာတ်ပုံ ပုံစာ, ပေါက်ကွဲခဲ့တဲ့ ‌ရွှေညီကို ကုန်တင်ယာဉ်လို့ စစ်ကောင်စီထုတ်ပြန်
    ပေါက်ကွဲခဲ့တဲ့ ‌ရွှေညီကို ကုန်တင်ယာဉ်လို့ စစ်ကောင်စီထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, Military information committee

    ဓာတ်ပုံ ပုံစာ, ပေါက်ကွဲခဲ့တဲ့ ‌ရွှေညီကို ကုန်တင်ယာဉ်လို့ စစ်ကောင်စီထုတ်ပြန်
  11. တရုတ် - မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ရွှေလီမြို့မှာ မြန်မာလုပ်သားရာချီပြန်ဖို့စောင့်ဆိုင်းနေရ

    တရုတ်နိုင်ငံ ရွှေလီမြို့ရဲစခန်းဘေးမှာ မြန်မာလုပ်သား ၁၀၀ကျော်ဟာ မြန်မာပြည်ဘက်ကိုပြန်နိုင်ရေး သြဂုတ် ၁၉ရက်က ညလုံးပေါက်စောင့်ဆိုင်းခဲ့ကြရတယ်လို့ပြောပါတယ်။

    မြန်မာပြည်ဘက်က အဝင်မခံလို့ အခက်အခဲတွေရှိနေသလို၊ တရုတ်ပြည်ဘက်ကိုပြန်ဖို့မှာလည်း ကိုဗစ်ကြောင့်အလုပ်အကိုင် မရှိလို့ ပြန်နေဖို့ အဆင်မပြေဘူးလို့ပြောပါတယ်။

    ''မြန်မာပြည်ကလက်မခံဘူးဆိုတာတရုတ်ဘက်ကပြောတာပဲရှိတယ်။သူတို့ပြန်ပို့မပေးဘူး။ အခုမြန်မာပြည်ကိုဖုန်းဆက်တော့လည်းမြန်မာပြည်ဘက်ကလက်ခံတယ်တဲ့။သူတို့ပေးမပြန်တဲ့ သဘောဖြစ်နေပြီလေ’’ လို့ မြန်မာဘက်ခြမ်းကိုပြန်ဖို့ကြိုးစားနေသူတစ်ဦးကပြောပါတယ်။

    မြန်မာဘက်ခြမ်းကိုပြန်ပို့ပေးဖို့တရုတ်အစိုးရကိုစာရင်းပေးထားတာလချီရှိနေပြီဖြစ်သလို ပြန်မပို့ပေးလို့ ပြန်မရဖြစ်နေတယ်လို့ မြန်မာလုပ်သားအများစုကပြောပါတယ်။

    ပြန်ဖို့စောင့်နေကြတဲ့သူတွေထဲ ကလေးမိခင်တွေ သက်ကြီးပိုင်းတွေပါ ပါလို့ တရုတ်ပြည်ဘက်ပြန်ဝင်ဖို့လည်း အဆင်မပြေ၊ မြန်မာဘက်ခြမ်းလည်းတရုတ်ဘက်ကပြန်မပို့လို့ အခက်အခဲတွေဖြစ်နေကြတယ်လို့ ကလေးမိခင်တစ်ဦးကပြောပါတယ်

    ''တရုတ်ပြည်ဘက်ကပြောတာတော့ နင်တို့ဒီမှာဒီလိုစောင့်နေတာ ငါတို့အတွက်မကောင်းဘူူးပေါ့။ငါတို့မြန်မာပြည်ဘက်ကိုပို့ပေးချင်ပေမယ့် ဟိုဘက်ကနင်တို့ကိုလက်မခံတော့ဘယ်လိုမှပို့မရဘူးပေါ့။ အဲဒီလိုပဲပြောနေတယ်’’ လို့ မြန်မာပြည်ဘက် ပြန်ဝင်ဖို့ စောင့်ဆိုင်းနေတဲ့ကလေးမိခင်တစ်ဦးကပြောပါတယ်။

    မြန်မာလုပ်သားတွေအနေနဲ့လည်း တရုတ်ပြည်ဘက်ခြမ်းကိုပြန်ဝင်ဖို့မှာ အလုပ်အကိုင်လည်း မရှိကြသလို၊ နေထိုင်ဖို့အိမ်လခလည်းမပေးနိုင်ကြလို့ တရုတ်အိမ်ရှင်တွေကလက်ခံဘူးကြဘူးလို့ဆိုပါတယ်။

    လက်ရှိမှာ တရုတ်ဘက်ကနေ မြန်မာဘက်ခြမ်းကိုပြန်မယ့် မြန်မာလုပ်သားတွေကို တရားဝင်ဂိတ်ပေါက်က မဟုတ်ဘဲ တရားဝင်မဟုတ်တဲ့နယ်စပ်ဂိတ်ပေါက်ကနေ ပြန်ပို့နေတာလည်းရှိပေမယ့် အကန့်အသတ်နဲ့သာပြန်ပို့ပေးနေတယ်လို့သိရပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ် ၁၆ ရက်အထိ တရုတ်နိုင်ငံ ကြယ်ခေါင်နဲ့ ရွှေလီမြို့ကနေမြန်မာနိုင်ငံ မူဆယ်ဘက်ကို ပြန်ဝင်လာကြတဲ့ မြန်မာလုပ်သား ၅ ထောင်နီးပါး ရှိနေတယ်လို့ ရွှေဖီမြေသတင်းမှာဖော်ပြချက်အရတွေ့ရပါတယ်။

    တရုတ် - မြန်မာနယ်စပ်တရုတ်ဘက်ခြမ်း ရွှေလီမြို့မှာ မြန်မာလုပ်သားရာချီပြန်ဖို့စောင့်ဆိုင်းနေရ

    ဓာတ်ပုံ ရင်းမြစ်, SPM

  12. ပလက်ဝမှာ စစ်အုပ်ချုပ်ရေးသင်တန်းကနေ ပြေးလာသူတွေကို အေအေက ပြန်ခေါ်ဖို့ကြိုးစားနေ

    ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ စစ်အုပ်ချုပ်ရေးသင်တန်းမှာ ပင်ပန်းတာ၊ အနိုင်ကျင့်တာတွေရှိတယ်လို့ဆိုပြီး သင်တန်းတက်ဖို့ အခေါ်ခံရတဲ့ ရွာသားတချို့ ထွက်ပြေးလာပြီးတဲ့နောက် အဲဒီလူတွေကို မိသားစုဝင်တွေကနေတဆင့် ပြန်ခေါ်ဖို့ အေအေဘက်က ကြိုးစားနေတယ်လို့ ဘီဘီစီကသိရှိရပါတယ်။

    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီချောင်းဒေသမှာရှိတဲ့ ရေတံခွန်ရွာ၊ ဖက်ချောင်းဝ၊ ကျီးကန်းတောင်၊ လက်ပံချောင်း စတဲ့ရွာတွေဘက်မှာ အေအေက စစ်အုပ်ချုပ်ရေး သင်တန်းအတွက်ဆိုပြီး လူဦးရေများတဲ့ရွာကို လူ ၃ ယောက်၊ လူဦးရေနည်းတဲ့ရွာကို ၂ ယောက်နှုန်းနဲ့ စစ်အုပ်ချုပ်ရေးသင်တန်းကို ခေါ်ခဲ့တာဖြစ်ပါတယ်။

    သင်တန်းကနေ ထွက်ပြေးလာတဲ့သူတွေကို အေအေဘက်က ရွာမှာရှိတဲ့ ရွာခံမိသားစုတွေကို ပြန်ခေါ်ခိုင်းတာတွေ ရှိတယ်လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

    ''ထွက်ပြေးတဲ့လူတွေက အခု တောထဲမှာ ရတာပဲစားနေရတယ်။ တစ်အိမ်သားလုံးကို မွှေနှောက်ရှာတွေရှိတယ်။ တစ်ရွာလုံးကို ဖုန်းဆက်ခွင့်မပေးတာတွေရှိတယ်။ဖုန်းကို သူတို့ပဲ ကိုင်ထားတယ်။ ''လို့ အဲဒီဒေသခံက ပြောပါတယ်။

    သင်တန်းကို မပျက်မကွက် တက်ရောက်ဖို့ အေအေဘက်က ခေါ်ခဲ့တာဖြစ်ပြီး အဲဒီသင်တန်းဟာ အေအေရဲ့အုပ်ချုပ်ရေးယန္တယား လည်ပတ်တဲ့အခါ ကူညီလုပ်ဆောင်ဖို့ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

    ''သင်တန်းတွင်းမှာလည်း အနေအထိုင်ဆင်းရဲတာတွေ၊ အစာရေစာမလုံလောက်တာတွေ ရှိတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်''လို့ ပလက်၀ ဒေသခံတစ်ဦးကပြောပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာရဖို့ ဘီဘီစီက အေအေဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

    အေအေဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အနောက်ဘက်ပိုင်း ပီချောင်းဒေသမှာရှိတဲ့ကျေးရွာအုပ်စု ၉ စု၊ ရွာပေါင်း ၄၀ ဝန်းကျင်ကို သူတို့ ထိန်းချုပ်နယ်မြေအနေနဲ့ ခြေကုတ်ယူထားတာဖြစ်ပါတယ်။

    အေအေနဲ့စစ်တပ်တို့ကြားက ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တိုက်ပွဲတွေကြောင့် ပလက်ဝဒေသမှာ အခုချိန်အထိ ခရီးသွားလာမှုအပိုင်းမှာ လုံခြုံစိတ်ချရမှု မရှိသေးတဲ့အပြင် ကုန်စည်လည်ပတ်မှုလည်း အားနည်းနေတုန်းပဲဖြစ်တယ်လို့ ပလက်ဝဒေသခံတစ်ဦးကပြောပါတယ်။

    တစ်ဖက်မှာလည်း ပလက်ဝက စစ်ရှောင်စခန်း ၃ ခုမှာ စစ်ဘေးသင့်ဒုက္ခသည်ပေါင်း ၉၀၀၀ ကျော် ခိုလှုံနေရဆဲဖြစ်ပါတယ်။

    ပလက်ဝမှာ စစ်အုပ်ချုပ်ရေးသင်တန်းကနေ ပြေးလာသူတွေကို အေအေက ပြန်ခေါ်ဖို့ကြိုးစားနေ

    ဓာတ်ပုံ ရင်းမြစ်, Chin World

  13. တာချီလိတ်ကနေ တဆင့်ပြန်ဝင်လာတဲ့ ရွှေတြိဂံရောက်မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၀၀ ကျော်ပြီ

    တာချီလိတ်ကနေ တဆင့်ပြန်ဝင်လာတဲ့ ရွှေတြိဂံက မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၀၀ ကျော်ပြီ

    ဓာတ်ပုံ ရင်းမြစ်, GAD-Tachileik

    မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသက လာအိုအပိုင် ရွှေတြိဂံအထူးစီးပွားရေးဇုန်မှာ အလုပ်သွားလုပ်ပြီးနောက် တာချီလိတ်ကနေတဆင့် ပြည်တွင်းကို ပြန်ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၀၀ ကျော်အထိရှိနေပြီ ဖြစ်ပါတယ်။

    စစ်ကောင်စီလက်ထက် အစောပိုင်းကာလတွေမှာ ရွှေတြိဂံရောက် မြန်မာလုပ်သားတွေကို နေရပ်ပြန်ခေါ်တဲ့အစီအစဉ် မရှိသလောက်ဖြစ်ခဲ့တာကြောင့် မြန်မာလုပ်သားတွေဟာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ခေါင်းစဉ်အောက်မှာ အဲဒီအထူးစီးပွားရေးဇုန်မှာ ဝင်ငွေမရှိဘဲ အခက်ကြုံခဲ့ကြရတာပါ။

    အဲဒီနယ်မြေမှာလုပ်ပိုင်ခွင့်ရတဲ့ကုမ္ပဏီရဲ့ကွာရန်တင်းစင်တာတွေမှာ လနဲ့ချီနေရတဲ့မြန်မာလုပ်သားထောင်ချီ ဆန္ဒပြမှုဖြစ်ပြီးတဲ့နောက် မြန်မာနဲ့လာအိုနှစ်ဖက်တာဝန်ရှိသူတွေတွေ့ဆုံပြီး ဒီလုပ်သားတွေ နေရပ်ပြန်ခေါ်တဲ့အစီအစဉ် စလာတာပါ။

    အခုတော့ မနေ့ သြဂုတ်လ ၁၉ ရက်မှာ လာအိုနိုင်ငံ၊ မိုင်းမော့ ဆိပ်ကမ်းကနေ တဆင့် တာချီလိတ်ထဲကို မြန်မာလုပ်သား ၄၅၀ နီးပါး ထပ်ဝင်လာတာဖြစ်ပါတယ်။

    ပြန်ဝင်လာတဲ့မြန်မာရွှေ့ပြောင်းတွေကို ပိုးရှိ မရှိ စစ်ဆေးပြီး တာချီလိတ်က ဝမ်လုံး ကိုဗစ်စင်တာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ သိရပါတယ်။

    အခုဆို ဇူလိုင်လ ၃၀ ရက်ကနေ သြဂုတ်လ ၁၉ ရက်နေ့အတွင်း မြန်မာလုပ်သား ၁၆၄၀ ဦးနီးပါး အသုတ်လိုက်ဝင်လာပြီး သူတို့ထဲက ပိုးတွေ့သူ ၁၅၀ ကျော်ကို ဝမ်လုံး ကိုဗစ်စင်တာမှာ ကုသပေးနေသလို ပိုးမရှိသူတွေကိုတော့ တာချီလိတ်ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး နေရပ်ပြန်ပို့ပေးနေပါတယ်။

  14. မိုးကုတ်မြို့က တက်ကြွလှုပ်ရှားသူရဲ့ ဇနီးနဲ့သမီးကြီးဖြစ်သူကို မန္တလေးအိုးဘိုထောင်ကိုပြောင်းရွှေ့

    မိုးကုတ်မြို့က တက်ကြွလှုပ်ရှားသူဦးစိုးဌေးရဲ့ ဇနီးနဲ့သမီးကြီးဖြစ်သူ မသိမ့်စန္ဒီစိုးတို့ကို မိုးကုတ်အချုပ်ထောင်ကနေ မန္တလေးမြို့ အိုးဘိုထောင်ကိုပြောင်းရွှေ့ပို့ဆောင်လိုက်တယ်လို့သိရကြောင်း ဦးစိုးဌေးကပြောပါတယ်။

    တရားရုံးကို သပိတ်မှောက်တဲ့အတွက်တရားရုံးက ထောင်သုံးနှစ်ချမှတ်ပြီးတဲ့နောက် မိုးကုတ်အချုပ်ထောင်ကတဆင့် သြဂုတ် ၁၇ ရက်မှာ အိုးဘိုထောင်ကိုပို့လိုက်တာလို့ဆိုပါတယ်။

    မိုးကုတ်မြို့ကတက်ကြွလှုပ်ရှားသူ ဦးစိုးဌေးကို ပြီးခဲ့တဲ့ ဇွန်လ အစောပိုင်းကတည်းက ပုဒ်မ ၅ဝ၅ -က နဲ့ဖမ်းဝရမ်းထုတ်ပြီးနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှ မတွေ့တာကြောင့် ဇနီးနဲ့သမီးနှစ်ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

    အဲဒီထဲကအသက် ၅နှစ်အရွယ်သမီးဖြစ်သူ မစုထက်ဝိုင်းကိုတော့ မိုးကုတ်မြို့နယ်ရဲစခန်းမှာ နှစ်ပတ်ခန့်ထိန်းသိမ်းထားခဲ့ပြီးပြန်လွှတ်ပေးခဲ့ပါတယ်။

    နောက်ထပ်သမီးအကြီးဖြစ်သူတက္ကသိုလ်ကျောင်းသူ မသိမ့်စန္ဒီစိုးနဲ့ဇနီးဖြစ်သူကိုတော့ ပြီးခဲ့တဲ့ဇူလိုင် ၁၃ ရက်နေ့မှာ မိုးကုတ်တရားရုံးက ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာလို့ဆိုပါတယ်။

    သွေးလေးဘက်နာရောဂါအခံရှိတဲ့ ဦးစိုးဌေးရဲ့ သမီးအကြီး မသိမ့်စန္ဒီစိုးကတော့ ပြီးခဲ့တဲ့လအတွင်းမိုးကုတ်အချုပ်ထောင်မှာ ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် ပြန်လည်ကျန်းမာစပြုလာပြီလို့ သိရပါတယ်။

    ဦးစိုးဌေးရဲ့ ဇနီးနဲ့သမီးကြီးဖြစ်သူမသိမ့်စန္ဒီစိုးတို့ မန္တလေးအကျဉ်းထောင်ထဲကို ရောက်ရှိမှုရှိ၊မရှိနဲ့ သူတို့ရဲ့လက်ရှိကျန်းမာရေးအခြေအနေတို့နဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ အကျဉ်းဦးစီးဌာနကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    မိုးကုတ်မြို့က တက်ကြွလှုပ်ရှားသူရဲ့ ဇနီးနဲ့သမီးကြီးဖြစ်သူကို မန္တလေးအိုးဘိုထောင်ကိုပြောင်းရွှေ့

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, ဖမ်းဝရမ်းလာကပ်ချိန် အလိုရှိသူ ဦးစိုးဌေးကို မတွေ့လို့ သူ့ဇနီးနဲ့ သမီး ၂ ယောက်ကို ရဲကဖမ်းသွားတာဖြစ်ပြီး ၅ နှစ်အရွယ် သမီးဖြစ်သူကတော့ ထိန်းသိမ်းခံရပြီး ၂ ပတ်အကြာမှာ ပြန်လွတ်လာပါတယ်။
  15. ဘူးသီးတောင်က စစ်ဘေးရှောင်စခန်းစစ်ခုမှာ ကိုဗစ်ပိုးတွေ့ အသွားအလာကန့်သတ်ထား

    ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ ဂန္ဓာရီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှာနေထိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရကြောင်း သြဂုတ်လ ၁၈ ရက် မနေ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဂန္ဓာရီစခန်းက ဦးအေးထွန်းက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

    စခန်းအတွင်းနေထိုင်သူတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့အတွက် ရောဂါပိုးပျံ့နှံ့မှုမရှိစေဖို့အတွက် အဲ့ဒီစခန်းအတွင်း နေထိုင်သူတွေကို မနေ့ကစတင်ပြီးတော့ အသွားအလာကန့်သတ်ထားတာဖြစ်ပါတယ်။

    ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူအမျိုးသမီးဟာ မြောက်ဦးမြို့နယ် မောင်နှမကျေးရွာကဖြစ်ပြီး ဘူးသီးတောင် မြို့ ဂန္ဓာရီဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းမှာနေထိုင်ရင်း ဆေးခန်းတစ်ခုမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

    အဲ့ဒီအမျိုးသမီးကိုဗစ်ပိုးကူးစက်ခံရတာဟာ သူအလုပ်လုပ်ကိုင်နေတဲ့ ဘူးသီးတောင်မြို့ ပြင်ပဆေးခန်းမှာ လူနာတွေနဲ့ထိတွေ့ ပြီး ကူးစက်ခံလိုက်ရတာဖြစ်တယ်လို့ ဦးအေးထွန်းက ပြောပါတယ်။

    အခုလို စခန်းတစ်ခုလုံးကို အသွားအလာကန့်သတ်ထားတဲ့အတွက် အပြင်ထွက်ပြီး ငါးရှာဟင်းခူးခွင့်မရှိတာကြောင့် စခန်းအတွင်းနေထိုင်နေကြတဲ့ စစ်ဘေးရှောင်မိသားစုတွေအနေနဲ့ အခက်အခဲနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

    လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေကို ပုံမှန်ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ရိက္ခာထောက်ပံ့မှုတွေ ရပ်နာခံထားရတာကြောင့် ရိက္ခာထောက်ပံ့မှုမရရှိဘဲ အပြင်ထွက်အလုပ်လုပ်ကိုင်ပြီး ရှာဖွေစားသောက်နေကြရတာလည်းဖြစ်ပါတယ်။

    လတ်တလောမှာ ရိက္ခာပြတ်လတ်နေတဲ့အပြင် ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်မားလာနေတာကြောင့် လူတွေအပြင်ထွက်သွား လာမှုတွေမလုပ်ကြဖို့ ရက္ခိုင့်တပ်တော် အေအေကနေ ကြေညာထားရှိပြီး ဒေသတွင်းက လုပ်ငန်းအများစုကိုလည်း ရပ်နားထားကြတာကြောင့် အလုပ်အကိုင်ရှားပါးနေတဲ့အချိန် ဖြစ်သလို ရှာဖွေစားသောက်နေကြရတာဖြစ်ပါတယ်။

    ရိက္ခာအခက်အခဲရှိနေတာကြောင့် မြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို မြောက်ဦးမြို့က လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ရိက္ခာရရှိမှုနည်းပါးတဲ့စခန်းတွေကို အကူအညီပေးသွားဖို့ ပြင်ဆင်နေတယ်လို့ မြောက်ဦးမြို့ CSO Network က ဦးဘညွန့်က ပြောပါတယ်။

    ဘူးသီးတောင်က စစ်ဘေးရှောင်စခန်းစစ်ခုမှာ ကိုဗစ်ပိုးတွေ့ အသွားအလာကန့်သတ်ထား

    ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing

  16. မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့ ဆွေးနွေးဖို့ တရုတ် တိုက်တွန်း

    မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဆောင်ရွက်ရာမှာ ကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ကျတဲ့ အပြုအမူမျိုးနဲ့ နိုင်ငံတွင်းက သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးကို ထိတွေ့ဆက်ဆံဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကို တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီက တိုက်တွန်းလိုက်ပါတယ်။

    တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီက အာဆီယံ အထူးကိုယ်စားလှယ် အီရ၀မ် ယူဆွပ်ဖ်နဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ တယ်လီဖုန်းကနေတဆင့် ဆက်သွယ်ပြောကြားခဲ့ပြီး ယုံကြည်မှု တည်ဆောက်ဖို့၊ မြန်မာပြည်တွင်း ကိုဗစ်-၁၉ ခုခံတိုက်ဖျက်ရေးတွေမှာ ပံ့ပိုးကူညီတဲ့ ကိစ္စရပ်ကို အရင်ဆုံး ဦးစားပေးအနေနဲ့ သတ်မှတ်ဖို့ အပါအ၀င် အချက် ၄ ချက်ကို ထောက်ပြ အကြံပြုခဲ့ပါတယ်။

    တွေ့ဆုံဆွေးနွေးပွဲတွေကနေတဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာ လမ်းကြောင်းမှာ အခိုင်အမာ ရပ်တည်ဖို့၊ ဆုံးဖြတ်ချက် ပြတ်သားပြီး စိတ်ရှည်သည်းခံဖို့၊ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ မျှော်လင့်ချက်တွေနဲ့ပါ ကိုက်ညီတဲ့ ဒီမိုကရေစီ လုပ်ငန်းစဥ် ပြန်လည်စတင်ဖို့နဲ့ အစီအစဥ်တကျ ပြည်သူလူထု လက်ထဲ အာဏာပြန်လည်အပ်နှင်းဖို့ကိုလည်း အာဆီယံအထူးကိုယ်စားလှယ်ကို တိုက်တွန်းခဲ့ပါတယ်။

    မြန်မာ့ပြည်တွင်းရေးကို ပြင်ပ အဖွဲ့အစည်းတွေက ၀င်ရောက်စွက်ဖက်တာကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားလိုက်နာဖို့လည်း ပြောဆိုခဲ့ပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ် အီရ၀မ်ကတော့ အာဆီယံ ဘုံသဘောတူညီချက်ကို လက်တွေ့အကောင်ထည်ဖော်ဆောင်ရွက်သွားဖို့ တွန်းအားပေးသွားမှာဖြစ်ပြီး အာဆီယံနည်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ဆွေးနွေးညှိုနှိုင်းတာတွေ တိုးလုပ်သွားမယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့ ဆွေးနွေးဖို့ တရုတ် တိုက်တွန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  17. မြန်မာ ကိုဗစ်တိုက်ဖျက်ရေးအတွက် ဗီယက်နမ် ကူညီမယ်

    ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုတွေ တကျော့ပြန် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၀၀,၀၀၀ တန်ကြေးရှိတဲ့ ဆေးဝါးအထောက်အပံ့တွေ ပံ့ပိုးကူညီသွားမယ်လို့ ဗီယက်နမ်နိုင်ငံက ပြောပါတယ်။

    မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပံ့ပိုးကူညီဖို့အတွက် ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ ဗီယက်နမ် နိုင်ငံခြားရေး၀န်ကြီးက အဲဒီလို ကတိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။

    အာဆီယံအဖွဲ့၀င် နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေကလည်း မြန်မာနိုင်ငံကို ကူညီဖို့အတွက် အမေရိကန် ဒေါ်လာ ၉ သန်းလောက် ထောက်ပံ့သွားမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း ဗီယက်နမ်အစိုးရပိုင် သတင်းစာမှာ ဖော်ပြပါတယ်။

    မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို အာဆီယံက ကမကထလုပ် ပေးပို့သွားမှာ ဖြစ်ပြီး ဒီအကူအညီတွေကို မြန်မာပြည်သူတွေထံ အချိန်ကိုက်ရောက်ဖို့၊ ထိထိရောက်ရောက် ပံ့ပိုးဆောင်ရွက်နိုင်ဖို့နဲ့ ပွင့်လင့်မြင်သာမှုရှိအောင်လည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

    ကိုဗစ်ကာကွယ်ဆေးတွေ၊ ဆေးဝါး၊ ကုသမှုဆိုင်ရာ ကိရိယာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ပံ့ပိုး ကူညီသွားဖို့ရှိပြီး ပထမဆုံး အကူညီတွေဟာ သြဂုတ်လ ၃၁ ရက် မတိုင်ခင် ရောက်ရှိမယ်လို့ မျှော်လင့်ရကြောင်းလည်း ပြောပါတယ်။

    ဒီအစည်းအဝေးကို စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦး၀ဏ္ဏမောင်လွင်လည်း တက်ရောက်တာ တွေ့ရပြီး မြန်မာနိုင်ငံအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၇၀၀,၀၀၀၊ သြစတြေးလျ ဒေါ်လာ ၅ သန်းနဲ့ ယူရို ၃၇၀,၀၀၀ ပံ့ပိုးကူညီသွားဖို့ ကတိပြုခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံ အစည်းအဝေးတွေကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေသာ တက်ရောက်တာ တွေ့ရပြီး အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်တွေ တက်ရောက်တာ မတွေ့ရသလို အာဆီယံဘက်က တရား၀င် ဖိတ်ကြားတာ ရှိမရှိကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ဒါပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ကတိပြုထားပါတယ်။

    မြန်မာ ကိုဗစ်တိုက်ဖျက်ရေးအတွက် ဗီယက်နမ် ကူညီမယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  18. နေပြည်တော်အခြေစိုက်ပါတီ နှစ်ခု ရဲ့ ငွေကြေး စတင်စစ်ဆေးခံရမယ်

    သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်ရဲ့ (DPN) ပါတီ နဲ့ NLD အမတ်ဟောင်း ဦးစိန်ဝင်းရဲ့ (NUD)ပါတီတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လာမယ့် သြဂုတ် ၂၃ ရက်မှာ စစ်ဆေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားလိုက်ပါတယ်။

    ဒါကြောင့် နေပြည်တော်အခြေစိုက် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP) နဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD) တို့ဟာ ပြည်ထောင်စုနယ်မြေကော်မရှင်အဖွဲ့ခွဲရုံးမှာ သွားရောက် အစစ်ဆေးခံရတော့မှာပါ။

    လိုအပ်တဲ့ စာရင်းတွေနဲ့ အထောက်အထားတွေ တစ်ပါတည်း ယူလာဖို့ ကော်မရှင်က ပါတီတွေကိုအကြောင်းကြားခဲ့တယ်လို့ ပါတီတွေက ပြောပါတယ်။

    စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေရဲ့ ပါတီပိုင်ငွေကြေးနဲ့ ပစ္စည်းတွေကို စစ်ဆေးဖို့ရှိလို့ ပြင်ဆင်ထားကြဖို့ သြဂုတ် ၁၂ ရက်က ညွှန်ကြားခဲ့တာပါ။

    အခုလို အချိန်တိုအတွင်း ခေါ်ယူစစ်ဆေးမယ် လို့ မထင်ထားတဲ့အကြောင်း NUD ပါတီဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ‘ပါတီအသစ်တွေမို့ အရင်စစ်တာလို့ထင်ပါတယ်’ လို့ သူက ပြောပါတယ်။

    NUD ပါတီကို ၂၀၁၈ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး DNP ကတော့ ၂၀၁၉ ခုနှစ်မှာထောင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။

    ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာတည်ထောင်ခဲ့တဲ့ ပါတီတွေအနေနဲ့ ဆယ်နှစ်ကျော်အတွင်း ပါတီဘဏ္ဍာရေးနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် စစ်ဆေးခံရမှာလည်းဖြစ်ပါတယ်။

    Party ,Union Election Commission

    ဓာတ်ပုံ ရင်းမြစ်, DNP

    ဓာတ်ပုံ ပုံစာ, အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ မိတ်ဆက်ပွဲ
  19. မြန်မာ့အရေး အာဆီယံမူဘောင်အတွင်းကနေ ဖြေရှင်းရမယ်လို့ တရုတ် ပြောကြား

    အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ထောက်ခံအားပေးဖို့ လိုပြီး အာဆီယံမူဘောင်အတွင်းကနေ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရမယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီက ပြောပါတယ်။

    မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပံ့ပိုးဖို့အတွက် သြဂုတ်လ ၁၈ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေကြား ကျင်းပခဲ့တဲ့ အွန်လိုင်းအစည်းအ၀ေးတစ်ခုကို ၀န်ကြီး ၀မ်ယီက အခုလို စာရေးသား ပေးပို့ခဲ့တာ ဖြစ်ပြီး နိုင်ငံရဲ့ ရေရှည် အကျိုးစီးပွားတွေအတွက် မြန်မာနိုင်ငံတွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး ပါ၀င်သင့်တယ်လို့လည်း ဆိုပါတယ်။

    မြန်မာပြည်တွင်း ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေ အဆုံးသတ်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဥပဒေမူဘောင်အတွင်းကနေ သင့်တော်တဲ့ ဖြေရှင်းနည်းတခု ရှာဖွေသင့်တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးက တိုက်တွန်းပါတယ်။

    မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားလိုက်နာရမယ်၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားတွေကို မထိခိုက်ပဲ ပြည်တွင်း အခြေအနေနဲ့ ကိုက်ညီမှုရှိတဲ့ ဖွံဖြိုးတိုးတက်မှု လမ်းကို ရွေးချယ်ပြီး ထောက်ပံ့ ကူညီရမယ်၊ ပြည်သူတွေရဲ့ ကျန်းမာပျော်ရွှင်မှု၊ လူမှုဘ၀ ဘေးကင်းလုံခြုံမှုတွေကိုလည်း အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေ ပိုမိုများပြားလာနေသလို နိုင်ငံရေး ပြဿနာကို ဖြေရှင်းဆောင်ရွက်ရာမှာ အဟန့်အတားမဖြစ်စေဖို့အတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပိုမို ပေးအပ်ဖို့ လိုတယ်လို့လည်း ၀န်ကြီး ၀မ်ယီက ပြောပါတယ်။

    ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံဖြိုးရေးနဲ့ ဒေသတွင်း အကျိုးစီးပွားတွေကို အတူပူးတွဲ မြှင့်တင်ဆောင်ရွက်နိုင်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကြီးနဲ့ကော နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ပါ ဆက်လက် လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေး၀န်ကြီးက ကတိပြု ပြောကြားလိုက်ပါတယ်။

    မြန်မာ့အရေး အာဆီယံမူဘောင်အတွင်းကနေ ဖြေရှင်းရမယ်လို့ တရုတ် ပြောကြား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  20. ဖျာပုံက သတင်းပေးလို့နာမည်ထွက်သူတစ်ဦး ဆိုင်ကယ်နဲ့လမ်းပေါ်မှာသေဆုံး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ကျွန်းတောလမ်းနဲ့ ၉ လမ်းထောင့်မှာသြဂုတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီ သတင်းပေးတစ်ဦးလို့ နာမည်ကြီးနေတဲ့ အောင်ကြီး(ခ)မင်းသားကြီး ဆိုင်ကယ်နဲ့လမ်းပေါ်မှာသေဆုံး နေတယ်လို့ ဖျာပုံဒေသခံတစ်ဦးကပြောပါတယ်။

    ဖျာပုံမြို့ အပြောင်တံတားအဆင်းမှာ ဆိုင်ကယ်စီးလာစဥ် အခုလိုသေဆုံးတာလို့ပြောပြီး သေနတ်နဲ့ အပစ်ခံရတာလို့ ပြောနေကြသလို ဆိုင်ကယ်မှောက်သေဆုံးတာလို့လည်း ပြောနေကြောင်း အပြောင်ရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ်။

    သေဆုံးသူ ဦးအောင်ကြီးဟာ အပြောင်ရပ်ကွက်မှာ နေထိုင်ပြီးတက်တူးထိုးတဲ့ လုပ်ငန်းလုပ်ကိုင်သူ ဖြစ်တယ်လို့လည်း ပြောပါတယ်။

    ဦးအောင်ကြီး သေဆုံးခဲ့တဲ့နေရာကို ရဲနဲ့ စစ်တပ်ရောက်ရှိလာပြီး ပတ်ဝန်းကျင်နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။

    ဒေသခံသတင်းအချို့က သေနတ်မှန်သေဆုံးတယ်လို့ရေးကြပေမယ့် အချို့ကလည်း ပစ်ခတ်မှုကြောင့် သေဆုံးတာမဟုတ်လို့ ပြောနေကြပြီး ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

    ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ဧရာဝတီတိုင်း အသုတ်မြို့မှာ စစ်တပ်သတင်းပေးသူတစ်ဦးလို့ စွပ်စွဲခံရသူတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ