ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဝိုင်းမော်ကနေအိမ် အချို့လက်နက်ကြီးထိ

    ကချင်ပြည်နယ် ၀ိုင်းမော်မြို့ မှာ သြဂုတ်လ ၁၈ ရက်နေ့ ည၈နာရီ ကျော်လောက်မှာ လက်နက်ကြီးသံ လက်နက်ငယ်သံတွေကို ၁၅မိနစ် ၂၀မိနစ် ခန့် အထိ ကျယ်လောင်စွာကြားရပြီး နေအိမ်အချို့ ထိမှန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဝိုင်းမော် ဒေသခံတွေရဲ့ပြောပြချက်အရ ဝိုင်းမော်ရပ်ကွက် ၃ မှာ အိမ်တစ်အိမ် ခေါင်းမိုးထိသလို မဒိန်းကျေးရွာအုပ်စု တန်ဘောင်ဘက်ကနေပစ်ခတ်တယ်လို့ ယူဆနေကြပါတယ်။

    အိမ်တစ်အိမ်ခေါင်းမိုးမှာထိပြီး သူတို့ အိမ်မျက်နှာကျက် ပေါက်သွားကြောင်း လက်နက်လည်း အခုထိ တန်းလန်းကြီးဖြစ်နေတယ်လို့ သိရကြောင်း‌ ဒေသခံတစ်ဦးကပြောပါတယ်။

    ထိခိုက်ဒဏ်ရာသူ ရှိတယ်လို့ မသိရသေးကြောင်းလည်း ဒေသခံတွေ ကပြောပါတယ်။

    ဒီပစ်ခတ်မှုတွေဟာ ဘယ်ဘက်ကနေပစ်တယ်၊ ဘယ်လိုပစ်တယ် ဆိုတာကိုတော့ တိတိကျကျမသိရပေမဲ့ လက်နက်သံ သေနတ်သံကတော့ အသံ၂မျိုး ထွက်နေတာကိုတော့ ရှင်းရှင်းလင်းလင်း ကြားရတယ်လို့ ပြောပါတယ်။

    ၀ိုင်းမော်မြို့ မှာ မကြာခဏ ဆိုသလို လက်နက်ကြီးသံ လက်နက်ငယ်သံတွေကို ကြားနေရတာကြောင့် မဒိန်းကျေးရွာအုပ်စုထဲမှာပါတဲ့ တန်ဘောင် လဘန် ခကွမ် ရွာတွေကတာ့ ညပိုင်း မိမိအိမ်မှာပြန်မအိပ်ရဲကြသေးဘဲ ရှောင်တိမ်းနေကြဆဲဖြစ်ပြီးတော့ မနက်ခင်းလောက်မှ အိမ်မွေးတိရိစ္ဆာန်တွေအတွက်အစာကျွေးဖို့ အိမ်ခဏပြန်ကြတယ်လို့ သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

  2. သရက်နဲ့ထားဝယ်မှာ တပ်ဖွဲ့ဝင်တချို့ လက်နက်တွေနဲ့ ထွက်ပြေးတယ်ဆိုတဲ့သတင်းတွေကို စစ်ကောင်စီငြင်းဆို

    သရက်နဲ့ ထားဝယ်မှာ မနေ့ သြဂုတ် ၁၈ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လက်နက်တွေနဲ့ ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတဲ့အပေါ် စစ်ကောင်စီက အဲဒီသတင်းတွေမဟုတ်ဘူးလို့ ဒီနေ့ သြဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ငြင်းဆိုပါတယ်။

    သရက်မြို့နယ်အတွင်း လက်နက်စက်ရုံတစ်ခုမှာ စစ်ကောင်စီတပ်သား ၁၅ယောက် လက်နက်တွေနဲ့အတူထွက်ပြေးတယ်လို့ဒေသခံတချို့ရဲ့ လူမှုကွန်ရက်မှာရေးသားတာတွေရှိခဲ့ပြီး ဒီသတင်းမဟုတ်ကြောင်း ထုတ်ပြန်လာတာပါ။

    ဒါ့အပြင် ဒီကနေ့သြဂုတ်လ ၁၉ ရက်နေ့မှာလည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် တပ်ရင်းတစ်ခုကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ယောက် လက်နက်တွေနဲ့အတူ CDM ပြုလုပ်ထွက်ပြေးတယ်လို့ ဒေသခံမီဒီယာတွေရဲ့ဖော်ပြချက်ဟာလည်းမဟုတ်ကြောင်းစစ်ကောင်စီရဲ့ အဲဒီထုတ်ပြန်ချက်မှာ ဆက်ဖော်ပြထားပါတယ်။

    စစ်ကောင်စီဘက်က ဒီလိုငြင်းဆိုမှုတွေရှိနေချိန် တဖက်မှာလည်း ထားဝယ်မြို့ထဲမှာ ဒီကနေ့အစစ်အဆေးတွေတင်းကျပ်တာတွေရှိတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

    " မနက်ကတည်းက စစ်သားတွေထွက်ပြေးတယ်ဆိုတဲ့သတင်းကတက်လာတာပါ။ စစ်ဆေးမှုကတော့ အရင်ရက်တွေကလည်းရှိပေမယ့် ဒီနေ့ကျတော့ တပ်သား၂၅ ယောက်ပြေးတယ်ဆိုပြီးသတင်းတွေတက်လာတယ်။ တက်လာပြီးတာနဲ့အတူတူ ထားဝယ်က ဂိတ်လေးခု၊ မြို့ဝင်ပေါက်လေးခုကိုမနက်ကနေစစစ်နေတာ အခုထိပဲ။အရင်ကတော့ ဒီလိုနေ့လယ်ဆို စစ်တာဆေးတာမရှိတော့ဘူး။ ဒီနေ့တော့ တနေကုန်စစ်ဆေးမယ့်သဘောပဲ"လို့ ထားဝယ်မြို့ခံတစ်ဦးက ဒီနေ့ထားဝယ်မြို့တွင်းအခြေအနေကို ဘီဘီစီကိုပြောပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်စဉ်ပြီးတဲ့နောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ နယ်ပယ်အသီးသီးကအစိုးရဝန်ထမ်းတွေနဲ့အတူ စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေလည်းပါဝင်လာခဲ့ပါတယ်။

    CDM လှုပ်ရှားမှုမှာပါဝင်တဲ့ စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်အများစုဟာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေအပါအဝင် လွတ်မြောက်နယ်မြေတွေမှာ သွားရောက်ခိုလှုံတာတွေရှိသလို ဒေသကာကယ်ရေးတပ်တွေ နဲ့ပူးပေါင်းလာတာတွေလည်းရှိနေပါတယ်။

    Military

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ထားဝယ်မြို့ ပေါက်တိုင်းတံတားဂိတ်မှာ သြဂုတ်လ ၁၉ ရက် မနက်ပိုင်းက စစ်ဆေးမှုလုပ်နေတဲ့မြင်ကွင်း
  3. နေပြည်တော်မြို့တော်ဝန်၊ ဒုမြို့တော်ဝန်နဲ့စည်ပင်အဖွဲ့ဝင်တွေကို စစ်ကောင်စီက အဂတိမှုနဲ့အမှုဖွင့်

    နေပြည်တော်ကောင်စီနယ်မြေ မြို့တော်ဝန်လည်းဖြစ်၊ စည်ပင်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ စည်ပင်ကော်မတီဝင် ၂ ဦးတို့ကို အဂတိမှုတွေနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ သြဂုတ်လ ၁၈ ရက် ရက်စွဲနဲ့ အမှုဖွင့်ထားတယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

    လက်ရှိမှာနေပြည်တော်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံရပြီး တခြားအမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စည်ပင်ဥက္ကဋ္ဌဒေါက်တာမျိုးအောင်ဟာ မြို့တော်ဝန်တာဝန်ယူခဲ့ချိန်က လူပုဂ္ဂိုလ်တစ်ဦးကို နေပြည်တော် ဒက္ခိဏသီရိမြို့၊ ဒက္ခိဏသီရိရပ်ကွက်ထဲက စီးပွားရေးဇုန်ရဲ့ မြေဧက ၂၀ ကို ဥပဒေလုပ်ထုံး လုပ်နည်းမညီဘဲ နေရာချပေးခဲ့တာ၊ သူနေထိုင်တဲ့ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ထဲက မြေကွက်ပေါ်မှာ တစ်ထပ်တိုက်အိမ်ကို သိန်း ၁၃၀၀ ကျော်နဲ့လုပ်ငန်းစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ ကျပ်သိန်း ၂၇၀ သာပေးပြီး လက်ကျန်ငွေ မပေးခဲ့တာတွေဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးပြီး အဂတိလိုက်စားခဲ့တယ်ဆိုတာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

    ဒေါက်တာမျိုးအောင်ဟာ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲအတွက် ရန်ကုန်၊ အရှေ့ဒဂုံမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ဖို့ လိုအပ်တဲ့အသုံးစရိတ်အတွက် နေပြည်တော်ကောင်စီဝင်တွေဆီကနေ ကျပ်သိန်း ၃၀ ယူခဲ့တာဟာလည်း လုပ်ပိုင်ခွင့်အလွဲသုံးပြီး တံစိုးလက်ဆောင်ငွေကြေးတောင်းခံတဲ့ အဂတိမှုမြောက်ခဲ့တယ်လို့ဆိုပါတယ်။

    ဒါ့ပြင် ဒေါက်တာမျိုးအောင်နဲ့ နေပြည်တော်စည်ပင်ကော်မတီအဖွဲ့ဝင်(၂)ဦးမင်းသူ၊ စည်ပင်ကော်မတီအဖွဲ့ဝင်(၃)ဒေါ်စံပယ်ထွေးတို့ဟာ ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ထဲက အထူးမြေကွက် ၁၆ ကွက်ကို စည်ပင်အနေနဲ့ဆောင်ရွက်ပေးဖို့ မလိုတဲ့ မြေကြီးမျက်နှာပြင်ညှိတဲ့လုပ်ငန်းတွေ လုပ်ပေးခဲ့လို့ နိုင်ငံတော်က ပြည်သူ့ဘဏ္ဍာငွေကျပ်သန်း ၁၅၀ နီးပါး နစ်နာဆုံးရှုံးခဲ့တယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒေါက်တာမျိုးအောင်နဲ့ ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့ဟာ သမ္မတရုံးကို မတင်ပြဘဲ ဒက္ခိဏသီရိမြို့နယ်စီးပွားရေးဇုန်ထဲက မြေကွက် ၄၄ ကွက်ကို နေပြည်တော်စည်ပင်စီမံခန့်ခွဲမှုအစည်းအဝေးတွေနဲ့သာဆုံးဖြတ်ပြီး မြေနေရာချထားတာတွေလုပ်ခဲ့တာဟာ နိုင်ငံတော်အတွက်အတွက် ငွေကျပ်သိန်းပေါင်း တစ်သိန်းခွဲ နီးပါး ဆုံးရှုံးစေခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်တယ်လို့လည်း ဆိုပါတယ်။

    ဒါ့ကြောင့် ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူနဲ့ ဒေါ်စံပယ်ထွေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်ပြီး တရားစွဲဆိုရေးလုပ်နေတယ်လို့ စစ်ကောင်စီက သတင်းဖော်ပြလာတာပါ။

    နေပြည်တော်မြို့တော်ဝန်၊ ဒုမြို့တော်ဝန်နဲ့စည်ပင်အဖွဲ့ဝင်တွေကို စစ်ကောင်စီက အဂတိမှုနဲ့အမှုဖွင့်

    ဓာတ်ပုံ ရင်းမြစ်, social media

  4. မောင်တောနယ်စပ်ကုန်သွယ်စခန်းပိတ်တာ လချီကြာပြီဖြစ်လို့ ကုန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ကြပ်တည်းနေ

    ရခိုင်ပြည်နယ်ထဲက မောင်တောကုန်သွယ်စခန်းကို ကိုဗစ်ကာကွယ်ထိန်းချုပ်ဖို့ ဆိုပြီး ပြည်နယ်ကောင်စီက ပိတ်ထားခဲ့တာ ၃ လစွန်းစွန်းရှိလာပြီဖြစ်ပါတယ်။

    ကိုဗစ်ဒုတိယလှိုင်းအလွန် ဧပြီလမှာ ပြန်ဖွင့်ခဲ့ပေမဲ့ တတိယလှိုင်းပေါ်လာတဲ့ ဇူလိုင်လမှာ ပြန်ပိတ်ခဲ့တာဖြစ်လို့ လပိုင်းသာ အလုပ်လုပ်ခဲ့ရတဲ့ဒေသခံ ကုန်ထမ်းလုပ်သားတွေနဲ့ မီခိုသူမိသားစုဝင်တွေ ကြပ်တည်းနေကြတာဖြစ်ပါတယ်။

  5. ရခိုင်မှာ အေအေက Stay at Home ကာလကို သီတင်းတစ်ပတ် ထပ်တိုး

    ရခိုင်မှာ အေအေက Stay at Home ကာလကို သီတင်းတစ်ပတ် ထပ်တိုး
    ဓာတ်ပုံ ပုံစာ, ရခိုင်မှာ အေအေက Stay at Home ကာလ ကြေညာတာ သီတင်း ၄ ပတ်ကျော်ရှိလာပြီဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်ထဲမှာ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကူးစက်မှုမြင့်တက်နေတာကို လျှော့ချဖို့ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ) က ပြည်နယ်ထဲက မြို့နယ်အားလုံးမှာ လိုအပ်မှနေအိမ်ပြင်ပထွက်တဲ့(Stay at Home)ကာလကို နောက်ထပ်သီတင်းတစ်ပတ် ထပ်တိုးလိုက်ပါတယ်။

    အေအေက Stay at Home ကာလကို တတိယအကြိမ်အနေနဲ့ ဩဂုတ်လ ၁၉ ရက်ကေန ၂၅ ရက်အထိ သီတင်းတစ်ပတ်တိုးလိုက်တာလည်းဖြစ်ပါတယ်။

    ပြည်နယ်ထဲ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် လူသေဆုံးမှုမြင့်တဲ့ကူးစက်မှုတွေဖြစ်နေချိန်မှာ အေအေက Stay at Home ကာလကို ဇူလိုင်လ ၂၀ ရက်ကနေ ဩဂုတ်လ ၄ ရက်အထိတစ်ကြိမ်၊ ဩဂုတ်လ ၅ ရက်ကနေ ၁၈ ရက်အထိတစ်ကြိမ် သီတင်းနှစ်ပတ်စီ နှစ်ကြိမ်တိုင်တိုင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

    အခုတတိယအကြိမ်မှာတော့ ဒေသတွင်းရောဂါပိုးကူးစက်ပျံ့နှံ့မှုကျဆင်းသွားပြီဖြစ်တဲ့အတွက် သီတင်းတစ်ပတ်သာ ထပ်မံတိုးမြင့်သတ်မှတ်လိုက်တာလို့ အေအေဘက်က ထုတ်ပြန်ပါတယ်။

    Stay at Home ကာလနှစ်ကြိမ်သတ်မှတ်ချိန် ပြည်သူတွေက မလိုအပ်ဘဲ အပြင်ထွက်သွားလာမှုတွေကို မပြုလုပ်တဲ့အတွက် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကူးစက်ခံရမှုမြင့်မားနေရာကနေ အခုလိုသိသိသာသာလျော့ကျသွားခဲ့တာလို့ ပြောထားပါတယ်။

    တစ်ပြိုင်နက်တည်းမှာပဲ မိမိနေအိမ်မှာ နေထိုင်ကြဖို့ထုတ်ပြန်ချက် ဒုတိယအကြိမ်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ပိုင်း မြို့နယ်တချို့မှာ ကျေးလက်ဒေသတွေအထိ အကာအကွယ်ပစ္စည်းတွေမပါဘဲ အပြင်ထွက်သွားလာနေသူတွေကို အေအေက ဖမ်းဆီးပြီးဒဏ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုဟာ ဩဂုတ်လ ပထမသီတင်းပတ်ကစလို့ သိသိသာသာကျဆင်းလာခဲ့ပြီး သေဆုံးမှုနှုန်းကလည်း အနည်းငယ်လျော့နည်းသွားပေမယ့် နေ့စဉ်သေဆုံးမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

    ရခိုင်မှာ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအတွင်း ကူးစက်ခံရမှု အမြင့်ဆုံးကိုရောက်နေတဲ့ ဇူလိုင်လအကုန်ပိုင်းကာလမှာ တစ်နေ့ကို လူ ၅၀ အထက်ကနေ ၁၀၀ ကျော်အထိ စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၀ ဦးကျော်အထိရှိခဲ့ပါတယ်။

  6. မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးမယ့် အာဆီယံအစည်းအဝေးမှာ အလှူငွေဒေါ်လာ ၄ သန်းကျော်ရ

    မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးမယ့် အာဆီယံအစည်းအဝေးမှာ အလှူငွေဒေါ်လာ ၄ သန်းကျော်ရ

    ဓာတ်ပုံ ရင်းမြစ်, @Chutintorn_Sam

    ဓာတ်ပုံ ပုံစာ, ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအတွက် အရေးပေါ်လိုအပ်ချက်ကို အဓိကကူညီမယ်

    စစ်အာဏာသိမ်းမှုလက်အောက်က မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးဖို့ အာဆီယံအစည်းအဝေးတစ်ရပ်ကို မနေ့ သြဂုတ်လ ၁၈ ရက်က ကျင်းပခဲ့ပြီး အလှူငွေ ဒေါ်လာ ၄ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

    အဲဒီအစည်းအဝေးကို အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံလူသားချင်းစာနာမှုအကူအညီဆိုင်ရာညှိနှိုင်းရေးမှူးအနေနဲ့ ဦးဆောင်တာဖြစ်ပြီး မြန်မာ့အရေးအာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေအပြင် စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ခဲ့ပါတယ်။

    မြန်မာ့အရေးအာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ၅ ချက်ထဲက လူသားချင်းစာနာမှုအကူအညီပေးရေးသဘောတူညီချက်အတွက် အခုအစည်းအဝေးကို ကျင်းပတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအတွက် အရေးပေါ်လိုအပ်ချက်ကို အဓိကအကူအညီပေးဖို့ လုပ်သွားမယ်လို့ သိရပါတယ်။

    အဲဒီအစည်းအဝေးပွဲကို သြစတေးလျ၊ ဥရောပသမဂ္ဂနဲ့ နယူဇီလန်နိုင်ငံကိုယ်စားလှယ်တွေလည်း တက်ရောက်ပြီး ဆွေးနွေးပွဲတက်နိုင်ငံတွေက အမေရိကန်ဒေါ်လာ ၄ သန်းကျော်နီးပါးရှိတဲ့ငွေကြေးအကူအညီတွေကို အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန(AHA)ကနေ တဆင့် လှူဒါန်းဖို့ ကတိပြုထားပါတယ်။

  7. ၁၀ နှစ်တာ ဆောင်ရွက်လာတဲ့ ကချင်စစ်ရှောင်တွေနေရပ်ပြန်ရေးလုပ်ငန်းစဉ် ဘယ်လိုရှိနေလဲ

    ၁၀ နှစ်တာ ဆောင်ရွက်လာတဲ့ ကချင်စစ်ရှောင်တွေနေရပ်ပြန်ရေးလုပ်ငန်းစဉ် ဘယ်လိုရှိနေလဲ

    ဓာတ်ပုံ ရင်းမြစ်, KHCC

    ဓာတ်ပုံ ပုံစာ, အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ KHCC နဲ့ ငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံစဉ်

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကချင်စစ်ဘေးရှောင်သူတွေအတွက် နေရပ်ပြန်နိုင်ရေးလုပ်ငန်းတွေ ဆက်မလုပ်နိုင်ဖြစ်နေတယ်လို့ စစ်ရှောင်တွေနေရပ်ပြန်နိုင်ရေးအဓိကစီစဉ်ပေးနေတဲ့ KHCC ကော်မတီက ပြောပါတယ်။

    လွန်ခဲ့တဲ့ ၁၀ နှစ်က တကြော့ပြန် ကချင်စစ်ပွဲတွေကြောင့် စစ်ဘေးရှောင်ထောင်ချီပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အဲဒီလူထုကို နေရပ်ပြန်လည်ချထားရေးအတွက် KHCC က အရပ်သားအစိုးရနဲ့ရော၊ ကချင်လွတ်လပ်ရေးတပ် (KIO/KIA)နဲ့ပါ လက်တွဲလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီလုပ်ငန်းဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၇ အတွင်း မူလအခြေအနေကို ပြန်ရောက်သွားတဲ့အပြင် ပိုတောင်ဆိုးရွားနေပြီလို့ စစ်ရှောင်တွေအရေးလုပ်နေတဲ့အဲဒီကော်မတီဥက္ကဋ္ဌက ပြောပါတယ်။

    လက်ရှိမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် နှစ်ဖက်အသိအမှတ်ပြုတဲ့ဘောင်ထဲက လုပ်ဖို့ လိုအပ်နေတာဖြစ်ပေမဲ့ စစ်ကောင်စီနဲ့တော့ လုပ်ငန်းတွဲလုပ်တာတော့ မရှိသေးဘူးလို့ သူက ပြောပါတယ်။

    ''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ကချင်စစ်ရှောင်တွေနေရပ်ပြန်နိုင်ရေးကို စစ်ကောင်စီနဲ့ တွဲလုပ်တာတော့ မရှိသေးဘူး။ ပြည်နယ်အဆင့်နဲ့တော့ ကျွန်တော်တို့ ဘယ်လိုလုပ်မယ်ဆိုတာတော့ စီမံကိန်းတော့ ရှိတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့က အစိုးရဘက်ရော၊ KIO ရော နှစ်ဖက် အသိအမှတ်ပြုထားတဲ့အဖွဲ့ဖြစ်တယ်။ ဒါ့ကြောင့် အခု စစ်ကောင်စီဘက်က အသိအမှတ်ပြုရင်လည်း KIO ဘက်က အသိအမှတ်မပြုရင် ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး။''လို့ သူက ဆက်ပြောပါတယ်။

    KHCC ကော်မတီဟာ စစ်ရှောင်တွေနေရပ်ပြန်ရေးလုပ်ငန်းစဉ်မှာ စံပြကျေးရွာစီမံကိန်းဖော်ပြီး ကျေးရွာတွေ ထူထောင်ပေးတာ၊ မိုင်းရှင်းလင်းရေးလုပ်တာနဲ့ အိမ်ရာတည်ဆောက်မှုတွေကို အတော်လေးလုပ်နိုင်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

    လက်ရှိမှာလည်း အာဏာသိမ်းမှုဖြစ်အပြီး ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KIO/KIA တပ်ဖွဲ့တွေကြားဖြစ်တဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေတိုးလာပေမဲ့ ယာယီရှောင်ဖို့ပဲ ဆောင်ရွက်ပေးထားရတယ်လို့ KHCC က ပြောထားပါတယ်။

  8. လူ ၂၅ ယောက်ကို သတ်ခဲ့ကြောင်း KNDO တပ်မှူး အတည်ပြု ပြောကြား

    ဇွန်လဆန်းတုန်းက ကရင်ပြည်နယ်၊ ကနဲလေး ဆိုတဲ့ အရပ်မှာ အရပ်ဝတ်နဲ့ လက်နက်မဲ့ လူ ၂၅ ယောက်ကို အစုလိုက် အပြုံလိုက် သတ်ခဲ့တာဟာ သူတို့ အဖွဲ့က ဖြစ်တယ် ဆိုပြီး ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း KNDO ရဲ့ ထိပ်တန်း ခေါင်းဆောင်ပိုင်း နှစ်ယောက်က ဖော်တီဖိုင်းရိုက်စ် လို့ ခေါ်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ကို အတည်ပြု ပြောကြား ခဲ့တယ်လို့ ဖော်တီဖိုင်းရိုက်စ်က ထုတ်ပြန်ပါတယ်။

    ဒီအမှုနဲ့ ပတ်သက်ပြီး စုံစမ်း အရေးယူမှုတွေ ပြုလုပ်ပေးဖို့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်တဲ့ အဖွဲ့ ဖော်တီဖိုင်းရိုက်စ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

    KNDO ဆိုတာ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ တပ်ပိုင်းဆိုင်ရာ အဖွဲ့နှစ်ဖွဲ့ ရှိတဲ့ အထဲက တစ်ဖွဲ့ဖြစ်ပါတယ်။ (နောက်တစ်ဖွဲ့ကတော့ KNU ရဲ့ အဓိက စစ်အင်အားလို့ ခေါ်နိုင်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ဖြစ်ပါတယ်။)

    ဖော်တီဖိုင်းရိုက်စ်ကို ပြောခဲ့တဲ့သူတွေဟာ KNDO ထိပ်တန်း တပ်မှူး ဗိုလ်ချုပ် နာဒါမြနဲ့ ဗိုလ်စောဘဝါးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    လူ ၂၅ ယောက်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြီးတဲ့နောက် သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ ဖြစ်စဥ်ကို အတည်ပြု ပေမယ့်၊ အဲဒီသူတွေဟာ မြန်မာစစ်တပ်ရဲ့ သူလျှိုတွေ ဖြစ်လို့ သတ်ရတာ ဖြစ်တယ်လို့ နာဒါမြက ပြောတယ်ဆိုပြီး ဖော်တီဖိုင်းရိုက်စ် ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    အဲဒီလိုမှ မလုပ်ရင် ထွက်ပြေးသွားပြီး၊ သူတို့ ပြန်လာရင် အဖွဲ့အတွက် အန္တရာယ် များလွန်းတဲ့ အတွက် သူ့ရဲ့ တပ်သားတွေက ရှင်းလိုက်ရတာ ဖြစ်တယ်လို့ ပြောကြောင်း ဖော်တီဖိုင်းရိုက်စ်က ရေးထားပါတယ်။

    မေလ ၃၁ ရက်နေ့မှာ KNDO ဟာ အမျိုးသား ၃၇ ယောက်၊ အမျိုးသမီး ၆ ယောက်နဲ့ ကလေး ၁၀ ယောက် စုစုပေါင်း လူ ၄၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ လမ်းဖောက်နေတဲ့ စီမံကိန်းထဲ အလုပ်လုပ်နေကြသူတွေနဲ့ မိသားစုတွေ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    မြဝတီ မြို့နယ် ထိုင်းနယ်စပ် အနီး ကနဲလေးရွာမှာ ဖြစ်ခဲ့တာပါ။ အဲဒီထဲက အမျိုးသား ၂၅ ယောက်ကို စစ်တပ်ရဲ့ သူလျှိုဆိုတဲ့ စွပ်စွဲချက်နဲ့ KNDO တပ်သားတွေက သတ်ခဲ့တာ ဖြစ်ကြောင်း အခု တပ်မှူးကိုယ်တိုင်က ဖော်တီဖိုင်းရိုက်စ်ကို အတည်ပြု ပြောတာ ဖြစ်ပါတယ်။

    ပင်မအဖွဲ့အစည်း ဖြစ်တဲ့ KNU အနေနဲ့ အဲဒီ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး သမားတွေနဲ့ အတူ လက်တွဲ ဆောင်ရွက်မယ်၊ သက်သေအထောက်အထားတွေ ဝေမျှသွားမယ် ဆိုပြီး ဖော်တီဖိုင်းရိုက်စ်ကို ပြောဆိုထားတယ်လို့ ဆိုပါတယ်။

    အဲဒီအမှု ကိစ္စ ပေါ်ပေါက်လာပြီးတဲ့နောက် တရားစီရင် စစ်ဆေးတာမျိုး၊ ခုံရုံးတင်တာမျိုး မရှိပဲ အခုလို သတ်ဖြတ်ခဲ့မှု အပေါ် KNU အဖွဲ့အတွင်းမှာလည်း စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

    နာဒါမြကတော့ KNDO အနေနဲ့ ဘာအမှားအယွင်း တစုံတရာမှာ လုပ်ခဲ့ခြင်း မရှိကြောင်း၊ သေဆုံးသွားသူတွေဟာ မြန်မာစစ်တပ် အတွက် သတင်းပေး လုပ်နေတဲ့သူတွေ သူလျှိုတွေ ဖြစ်ကြောင်း ၊ စစ်ဇုန်ထဲမှာ အခုလို အဖြစ်အပျက်မျိုးတွေ ရှိတတ်တာကို သဘောပေါက်သင့်ကြောင်း ဖော်တီဖိုင်းရိုက်စ်နဲ့ အင်္ဂလိပ်လို အင်တာဗျုး မေးမြန်းခန်းမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

    KNDO တပ်သားတွေက အဲဒီ ၂၅ ယောက်နဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲ ဆိုတာကို သူ့ထံကနေ အမိန့်တောင်းခံ လာခဲ့ကြောင်းနဲ့ သူက အဲဒီနယ်မြေထဲ ကိုယ်တိုင် ရှိနေတာ မဟုတ်တာကြောင့် သင့်တော်မယ်ထင်သလို စီရင်ဖို့ ပြောခဲ့တယ် ဆိုပြီး နာဒါမြက ဖော်တီဖိုင်းရိုက်စ်ကို ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

    ဗိုလ်မှူးကြီး နာဒါမြ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကရင့်တော်လှန်ရေး ၆၃ နှစ်ပြည့်တုန်းက KNU နိုင်ငံခြားရေး တာဝန်ခံ အရာရှိ အနေနဲ့ စကားပြောနေတဲ့ ဗိုလ်မှူးကြီး နာဒါမြ
  9. မင်းတပ် မတူပီကြားက ၁၆ မိုင်စခန်း CDF သိမ်းလိုက်ပြီလို့ထုတ်ပြန်

    ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF တို့ရဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာကြောင့် ထပ်ပြီး စစ်ဘေးရှောင်နေရတဲ့ ရွာတွေက နှစ်ဆယ်ကျော်ထိ တိုးလာတယ်လို့ မင်းတပ် အိုင်ဒီပီ စီမံခန့်ခွဲမှုကော်မတီက ကိုလောရင့်က ဘီဘီစီကို ပြောပါတယ်။

    တရားဝင် သတ်မှတ်ပေးထားတဲ့ စစ်ဘေးရှောင်စခန်း မရှိတာကြောင့် တောထဲတောင်ထဲကို မိုးရွာထဲမှာ ဒေသခံ စစ်ဘေးရှောင်တွေထွက်ပြေးနေကြရတယ်လို့လည်း သူကပြောပါတယ်။

    ပြီးခဲ့တဲ့ ၄ ရက်အတွင်း မင်းတပ်မြို့အနီးမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး မင်းတပ်မြို့နဲ့ မတူပီကြားက ၁၆ မိုင်စခန်းကို စစ်ကောင်စီဘက်က သိမ်းထားတာကို ပြန်လည်သိမ်းနိုင်ခဲ့တယ်လို့ ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ CDF ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

    မင်းတပ် နဲ့မတူပီကြား သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ဖြစ်ခဲ့ CDF မင်းတပ်နဲ့ စစ်ကော်စီတပ်တို့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာပြင်းထန်တယ်လို့ CDF ဘက်ကပြောပါတယ်။

    မနေ့က ဖြစ်ခဲ့တဲ့ မင်းတပ် မတူပီလမ်းက တိုက်ပွဲမှာတော့ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတစ်ဦးကို လက်နက်တွေနဲ့ CDF ဘက်သိမ်းဆည်းရမိခဲ့တယ်လို့လည်း သူတို့က ပြောပါတယ်။

    စစ်ကောင်စီဘက်က မင်းတပ်တိုက်ပွဲသတင်းနဲ့ ပတ်သက်လို့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CDF - Mindat

  10. မောင်တောမှာ အုပ်ချုပ်ရေးမှူးတစ်ဦးအဖမ်းခံရ

    ရခိုင်ပြည်နယ်မြောက်ပိုင်းနယ်စပ် မောင်တောမြို့မှာ ဩဂုတ်လ ၁၇ ရက် မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက အတည်ပြုပြောဆိုပါတယ်။

    ဖမ်းဆီးခံလိုက်ရသူဟာ ပဒင်း (မွတ်ဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ လက်နက်ကိုင်ဆောင်ထားသူ မွတ်ဆလင်အမျိုးသား ငါးဦးတို့က နေအိမ်တံခါးတွေကို ဖျက်ဆီးဝင်ရောက်လာကြပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    အဲ့ဒီ လက်နက်ကိုင်အဖွဲ့ဟာ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဘယ်အဖွဲ့အစည်းကဆိုတာကိုတော့ မသိရသေးသလို အုပ်ချုပ်ရေးမှူးကို လာရောက်ဖမ်းဆီးစဉ်မှာ သေနတ်တွေနဲ့ ဓားတွေကိုင်ဆောင်ပါရှိတယ်လို့ သိရပါတယ်။

    လက်နက်ကိုင်ဆောင်ထားသူတွေဟာ အုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီရဲ့နေအိမ်တံခါးကို ဖျက်ဆီးဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူးကိုသေနတ်နဲ့ ချိန်ရွယ်ထားကာ ဇနီးဖြစ်သူကို ပစ္စည်းတွေထုတ်ပေးခိုင်းတာကြောင့် ရွှေ ၄၀ ကျပ်သားခန့်ရှိတဲ့ လက်ဝက်လက်စားတွေနဲ့ စားသောက်ကုန်တွေလည်း ယူဆောင်သွားခဲ့ကြတယ်လို့ သတင်းတွေအရ သိရပါတယ်။

    “အုပ်ချုပ်ရေးမှူးတစ်ဦး ဖမ်းဆီးခံလိုက်ရတာဟုတ်ပါတယ်။ ဘယ်လိုဖမ်းဆီးတယ်ဆိုတာကတော့ ကျွန်တော်လည်းမသိဘူးပေါ့။ လောလောဆယ်မှာတော့ တာဝန်ရှိတဲ့အဖွဲ့တွေကို လိုက်လံစုံစမ်းခိုင်းထားပါတယ်။”လို့ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က ပြောပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့မေလအတွင်းကလည်း မောင်တောမြို့ပေါ်မှာနေထိုင်တဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ မွတ်ဆလင် သားဖနှစ်ဦးတို့ကို မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က နေအိမ်ကနေဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရပြီး မကြာခင်မှာပြန်လည်လွတ်မြောက်လာခဲ့တာတွေလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

    ထို့နောက် အခုမိုးတွင်းကာလမှာ မောင်တောမြို့နယ်အတွင်း တောတောင်တွေကိုသွားလာပြီး ငါးရှာဟင်းခူးလုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံတချို့လည်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းတွေနဲ့ ကြုံနေကြရတာတွေလည်း ဖြစ်ပွားလျက်ရှိနေတာ ဖြစ်ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. စစ်တွေ မွတ်ဆလင် ဒုက္ခသည် တစ်သိန်းလေးသောင်းခန့် ရိက္ခာမရ

  12. တိုက်ပွဲတွေကြောင့် ကယားမှာသေဆုံးသူ ၈၀ ကျော်ပြီ

  13. အောင်ဘာလေထီ ဆုငွေတိုးပြီး အပြည့်အဝထုတ်ခွင့်ပေးမယ်လို့ ထုတ်ပြန်

    No tag

    ဓာတ်ပုံ ရင်းမြစ်, ShweInnThar KhingMgWin

    အောင်ဘာလေ ထီလက်မှတ်ရောင်းရငွေ ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ခွဲဝေပေးမယ့်အပြင် ထီဆုငွေတွေကို ကန့်သတ်ချက်မထားဘဲ အပြည့်အဝ ထုတ်ယူခွင့်ပြုသွားမှာဖြစ်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    အဲ့ဒီ အစီအစဥ်ကို လာမယ့် စက်တင်ဘာလ တစ်ရက်နေ့က စတင်မယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    လက်ရှိကာလမှာ ဘဏ်တွေက ငွေထုတ်ယူရာမှာ ကန့်သတ်ချက်တွေရှိတာကြောင့် ထီဆုငွေထုတ်ရာမှာလည်း သိန်းငါးရာကိုသာ တစ်လုံးတည်းထုတ်ယူနိုင်ပြီး ကျန်ဆုငွေတွေကို သတ်မှတ်ချက်အလိုက်ထုတ်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။

    NUG အစိုးရက ရောင်းချတဲ့ ထီလက်မှက်ကို ဝယ်ယူသူတွေစိတ်ဝင်စားမှုရှိလာပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက်က အခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။

    ထီထိုးသူများနည်းပါးလာတဲ့ အတွက်(၂၉)ကြိမ်မြောက်ကျပ်၁၀၀၀တန် အောင်ဘာလေထီ သိန်းဆုဖွင့်ပွဲကိုသြဂုတ်လ ၁ ရက်နေ့ မနက်ကပြုလုပ်ရာမှာ အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်ဆုတစ်ဆုသာ ဖွင့်လှစ်ပေးနိူင်ခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, မြန်မာ ဒီဂျစ်တယ်သတင်းများ

  14. စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ သေဆုံးသူ အရေအတွက် တစ်ထောင် အထက်ကို ရောက်သွားပြီ

    မြန်မာပြည်ထဲ တကျော့ပြန် စစ်အာဏာ သိမ်းခံခဲ့ရပြီး နောက်ပိုင်း အပြစ်မဲ့ပြည်သူ သေဆုံးမှု အယောက် တစ်ထောင် (၁,၀၀၀) အထက်ကို စရောက်လာပြီလို့ စောင့်ကြည့် လေ့လာရေး အဖွဲ့ တစ်ခု ဖြစ်တဲ့ အေအေပီပီကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးပါတယ်။

    အာဏာသိမ်း စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့တွေ၊ လက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ သေဆုံးရသူတွေရဲ့ အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

    အေအေပီပီက အတည်ပြုထားနိုင်သမျှ နောက်ဆုံး ကိန်းကဏာန်းတွေအရ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူ အရေအတွက် တစ်ထောင့်တစ်ယောက် ၁၀၀၁ ယောက် ရှိသွားပြီလို့ နိုင်ငံရေး အကျဥ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ အေအေပီပီ တာဝန်ရှိသူတစ်ယောက်က ရိုက်တာကို ပြောပါတယ်။

    အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ချက်နဲ့ သေဆုံးရသူတွေ အရေအတွက်ဟာ မှတ်တမ်းမတင်နိုင်၊ သတင်းမပေးပို့နိုင်တာတွေလည်း ရှိနေတာကြောင့် တကယ်တမ်း ပိုများ နိုင်တယ်လို့လည်း ဆိုပါတယ်။

    အဲဒီ တစ်ထောင်အထက် ရောက်သွားပြီ ဆိုတဲ့ အရေအတွက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုန့်ပြန်သံ မကြားရသေးပါဘူး။

    ဒါပေမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန် ထားချက်တွေ အရ သေဆုံးသူ အရေအတွက်ဟာ ပြည်တွင်းပြည်ပ စောင့်ကြည်သူတွေ ပြောတဲ့ ကိန်းဂဏန်းတွေထက် ရာပေါင်းများစွာ လျော့နည်းတာ တွေ့ရပါတယ်။

    ဒ့ါအပြင်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲအစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကိုးကားလေ့ရှိတဲ့ အေအေပီပီရဲ့ ထုတ်ပြန်ချက်တွေဟာ ပုံကြီးချဲ့ ပြောဆိုမှုတွေ ဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က တန်ပြန်စွပ်စွဲတာတွေ ပြုလုပ်ဖူးပါတယ်။

    လက်ရှိ အခြေအနေမှာ ဒေသန္တရ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ကြား လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေချိန်မှာ ကိုဗစ်ဒဏ် ဆိုးဆိုးရွားရွား ခံနေရတာကြောင့် တိုက်ခိုက်တာတွေ ရပ်နားပြီး ကိုဗစ် ထိန်းချုပ်ရေး အာရုံစိုက် လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာရဲ့ ပန်ကြားမှုတွေ ထွက်ပေါ် နေပါတယ်။

    စစ်ကောင်စီ ထုတ်ပြန်ချက်တွေက ရာပေါင်းများစွာ လျော့နည်း

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ထုတ်ပြန်ချက်တွေက ရာပေါင်းများစွာ လျော့နည်း
  15. နိုင်ငံရေးပါတီတွေရဲ့ ပိုင်ဆိုင်မှုနဲ့ငွေကြေး အစစ်ခံရမယ်

  16. မြန်မာနိုင်ငံထဲ ပစ်ခတ်မှုတွေရပ်၊ ကိုဗစ်ထိန်းချုပ်ရေး အတွက် အာရုံစိုက်ဖို့လုံခြုံရေး ကောင်စီမှာ တံခါးပိတ်ဆွေးနွေး

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲ တစ်ရပ်ကို သြဂုတ်လ ၁၇ ရက်၊ အင်္ဂါနေ့က ပြုလုပ်ခဲ့ပါတယ်။

    သြဂုတ်လအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌအိန္ဒိယနိုင်ငံရဲ့ကုလသမဂ္ဂဆိုင်ရာ သံအမတ် တီ အက်စ် တီရူမူရ်တိကအစည်းအဝေး သဘာပတိ အဖြစ် အဲဒီအစည်းအဝေးကို ကျင်းပတာ ဖြစ်ပါတယ်။

    အဲဒီ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာအရေး အာဆီယံ အထူးသံတမန် အဖြစ် ခန့်အပ်ထားတဲ့ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး (၂) ဒါတို အီရာဝန် ယူဆွဖ်က စကားပြောခဲ့ပါတယ်။

    တံခါးပိတ် အစည်းအဝေးမှာ ဘာတွေ ပြောဆိုခဲ့သလဲ၊ အာဆီယံ အထူးသံ ပြောသွားတဲ့ အထဲမှာ သူဘာတွေ လုပ်ဆောင်ဖို့ ရှိလဲ၊ မြန်မာပြည် ခရီးစဥ် ရှိနေပြီလား စတဲ့ အသေးစိတ် အချက်အလက်တွေ ပေါ်ထွက် မလာသေးပါဘူး။

    လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ မစ္စတာ တီရူမူရ်တိကတော့ “အိန္ဒိယ အနေနဲ့ မြန်မာအရေး အာဆီယံ သဘောတူမှု ၅ ချက်ကို ကြိုဆိုတယ်၊ အာဆီယံ သံတမန် မြန်မာပြည်ကို စောစီးစွာ သွားနိုင်ရေးကို မျှော်လင့်နေတယ်”ဆိုပြီး တွစ်တာပေါ်မှာ ရေးပါတယ်။

    တခါ၊ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံထဲ ပါဝင်တဲ့ ဗြိတိန်ကလည်း မြန်မာပြည်ထဲ ပြင်းပြင်းထန်ထန် ရိုက်ခတ်ခံနေရတဲ့ ကိုဗစ် ကူးစက်မှု ဒဏ်ကို ထိန်းချုပ် ကိုင်တွယ်နိုင်ရေး အတွက် တိုက်ခိုက်မှုတွေ၊ မငြိမ်မသက် ဖြစ်မှုတွေ ချက်ချင်း ရပ်ပြီး ပြည်သူအများ ကာကွယ်ဆေး ထိုးနိုင်ရေး အပေါ် အာရုံစိုက် လုပ်ဆောင်ကြဖို့ တိုက်တွန်း ပြောဆိုပါတယ်။

    လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးအပြီး ကုလဆိုင်ရာ ဗြိတိန်နိုင်ငံရဲ့ လက်ထောက် သံအမတ် ဂျိမ်းစ် ကာရီအူကီက သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဗြိတိန် သံတမန် မစ္စတာ ကာရီအူကီရဲ့ အပြောအရ ဒီ လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးပွဲဟာ လက်ရှိ မြန်မာပြည် ကြုံတွေ့ ခံစားနေရတဲ့ ကိုဗစ် အန္တရာယ်ကို ထိန်းချုပ်ရေး အတွက ပြည်တွင်းမှာ လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ရေးနဲ့ နိုင်ငံတကာ အကူအညီတွေ ပူးပေါင်းဆောင်ရွက်နိုင်ရေး အဓိက ဆွေးနွေး ခဲ့ကြတယ်လို့ နားလည်ရပါတယ်။

    “စစ်အာဏာသိမ်းမှု မတိုင်ခင် ကိုဗစ်ကာကွယ်ဆေး ထိုးရေး အစီအစဥ်တွေ အပါအဝင် ထိန်းချုပ်ကိုင်တွယ်ရေး လုပ်ငန်းတွေ အင်မတန် အားကောင်းကောင်း ခိုင်ခိုင်မာမာ လုပ်နိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာလည်ပတ်လှုပ်ရှားနိုင်စွမ်း အင်မတန်နည်းသွားပြီ ဖြစ်ပါတယ်။ ဆေးရုံတွေ၊ ဆရာဝန်နဲ့ သူနာပြုတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေဟာ ဘယ်လိုမှ လက်သင့် ခံနိုင်ဖွယ်ရာ မရှိပါဘူး။ ကာကွယ်ဆေးထိုးထားနှင့်ပြီးသူတွေ အရေအတွက်ကလည်း လူဦးရေရဲ့ ၃ % ပဲ ရှိနေပါတယ်”လို့ မစ္စတာ ကာရီအူကီက ဆိုပါတယ်။

    မြန်မာနိုင်ငံထဲ ပစ်ခတ်မှုတွေရပ်၊ ကိုဗစ်ထိန်းချုပ်ရေး အတွက် အာရုံစိုက်ဖို့လုံခြုံရေး ကောင်စီမှာ တံခါးပိတ်ဆွေးနွေး

    ဓာတ်ပုံ ရင်းမြစ်, PR/Amb T S Tirumurti

  17. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  18. "ငါတို့နိုင်မှာ" - မြန်မာအတွက်ရေးတဲ့ အိဒ်လစ်မြို့ နံရံပေါ်ကစာ