ရခိုင်အတွက် ကိုဗစ်ကာကွယ်ဆေးတွေမရောက်လို့ ဆေးထိုးမယ့်ရက်တွေ နောက်ဆုတ်နိုင်တယ်လို့ပြော

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို ပုံမှန်ထိုးပေးလျက်ရှိနေပြီး အခုလအတွင်းနောက်ထပ် တစ်သုတ်ထိုးပေးသွားဖို့ရှိနေပေမယ့် ဆေးမရောက်ရှိသေးတဲ့အတွက် ဆေးထိုးမယ့်ရက်တွေနောက်ဆုတ်သွားနိုင်တယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့ကစတင်ပြီးတော့ ကိုဗစ် ကာကွယ်ဆေး တတိယအသုတ်ကိုထိုးနှံ့ပေးခဲ့ပြီး စတုတ္ထအသုတ်ကို အခုလ ၂၆ ရက်နေ့နောက်ပိုင်းမှာ ထိုးနှံ့ပေးသွားဖို့ပြင်ဆင်ထားရှိပေမယ့် လတ်တလောမှာတော့ ဆေးတွေမရောက်လာသေးဘဲ ကြန့်ကြာမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။
နောက်ထပ်ရောက်ရမယ့် ကာကွယ်ဆေးတွေက ဩဂုတ် ၂၂ ရက် မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိရမှာဖြစ်ပေမဲ့ ရောက်မလာနိုင်တဲ့အတွက် ဆေးထိုးမယ့်ရက်တွေလည်း နောက်ကျသွားနိုင်ခြေရှိပြီး ဘယ်နေ့ထိုးရမယ်ဆိုတာကို အတိကျ မပြောနိုင်သေးဘူးလို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဘီဘီစီကိုပြောပါတယ်။
သို့သော် အခု ဩဂုတ်လအကုန်ပိုင်းမှာတော့ ထပ်မံထိုးပေးဖို့ရှိနေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
"ထပ်ထိုးဖို့တော့ရှိတယ်။ ဆေးမရောက်သေးဘူး။ ဒုတိယအကြိမ်ထိုးမယ်။ ပြီးရင် ဆေးပိုလို့ရှိရင် အသစ်လဲထပ်ထိုးမယ်။ ဒီလကုန်ပိုင်းလောက်မှာတော့ ထိုးဖြစ်မယ်ထင်ပါတယ်။ ဘယ်လိုလူတွေကို ထိုးမယ်ဆိုတာတော့ မသိရသေးဘူး။"လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဆေးတွေကို ပို့ပေးနိုင်ခြင်းမရှိဘဲ ဘာကြောင့် ကြန့်ကြာမှုတွေဖြစ်နေတယ်ဆိုတာကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိကြပါဘူး။
ပြီးခဲ့တဲ့ တတိယအသုတ်မှာတော့ အရပ်သားတွေကို ထိုးပေးခဲ့ပြီး အသက် ၆၅ နှစ်အထက်ရှိသူတွေကို ဦးစားပေးအနေနဲ့ ထိုးပေးခဲ့ကာ ရခိုင်ပြည်နယ်အတွင်း မဖြစ်မနေဆေးထိုးရမယ့် လူအုပ်စု ၁၁ အုပ်စုက လူဦးရေ ၉ သောင်းခွဲကို ထိုးပေးခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီထဲ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ ရခိုင်နဲ့တိုင်းရင်းသားမျိုးနွယ်စုတွေက အသက် ၆၅ နှစ်အထက်ရှိသူတချို့တို့လည်း ထိုးခွင့်ရရှိခဲ့ကြပေမယ့် စခန်းအားလုံးမှာတော့ ထိုးပေးနိုင်ခဲ့ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း အမ်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ စစ်ဘေးရှောင်တွေ အများအပြားရှိနေသေးပြီး စစ်ဘေးရှောင်အများစုကတော့ ကိုဗစ်ကာကွယ် ဆေးတွေကို ထိုးခွင့်မရရှိကြသေးတာဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေဟာ သူတို့နေထိုင်ရာ ဒုက္ခသည်စခန်းတွေမှာ အစုလိုက်အပြုံလိုက် နေထိုင်နေကြရတာဖြစ်တဲ့အတွက် လာမယ့်အသုတ်တွေမှာ သူတို့စစ်ဘေးရှောင်တွေကို ဦးစားပေးပြီးတော့ ဆေးထိုးခွင့်ရရှိစေချင်တယ်လို့ ကျောက်တော်မြို့နယ် ညောင်ချောင်းစခန်းက တာဝန်ခံဦးခိုင်မျိုးအောင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
"ကိုဗစ်ကာကွယ်ဆေးကတော့ ဩဂုတ် ၁၅ ရက်နေ့က ထိုးဖြစ်ပါတယ်။ ၆၅ နှစ်အထက်တွေကို ထိုးပေးတာပါ။ ဆိုတော့ စခန်းမှာက လူတွေကလည်းအရမ်းများတယ်။ ဒီဆေးက အသက် ၁၈ နှစ်အထက် ထိုးလို့ရတယ်ဆိုတော့ ၁၈ နှစ်အထက်တွေ အကုန်လုံး ထိုးခွင့်ရရင်တော့ အဆင်ပြေမယ်။"လို့ ဦးခိုင်မျိုးအောင်က ပြောပါတယ်။
လက်ရှိမှာတော့ ညောင်ချောင်းစခန်းက အသက် ၆၅ နှစ်အထက်ရှိသူ ၅၈ ဦးကို ပထမအကြိမ် ထိုးပေးထားပြီးဖြစ်ကာ ကျန်တဲ့သူတွေတော့ ထိုးခွင့်ရရှိမလားဆိုတာ မသိရသေးပေမယ့် အကုန်လုံးကို ထိုးပေးဖို့အတွက် တောင်းဆိုထားပါတယ်။
ညောင်ချောင်းစခန်းမှာ အိမ်ထောင်စုပေါင်း ၈၂၀ ကျော်၊ လူဦးရေ ၃၄၀၀ ကျော်နေထိုင်လျက်ရှိပြီး ကျောက်တော်မြို့နယ် အတွင်း အကြီးဆုံးဒုက္ခသည်စခန်းတစ်ခု ဖြစ်သလို ရခိုင်ပြည်နယ်အတွင်း ဒုတိယအကြီးဆုံးစခန်းလည်းဖြစ်ပါတယ်။
အဲ့ဒီစခန်းဟာ ပြီးခဲ့တဲ့ ပထမလှိုင်းတုန်းက ကိုဗစ်ကူးစက်ခံရသူတွေရှိခဲ့ပြီး အခုတတိယအကြိမ်မှာတော့ မြောက်ဦးမြို့နယ် အတွင်းက စင်းဘောကိုင်းစခန်းနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းက ဂန္ဓာရီစခန်းတို့မှာ ကိုဗစ်ကူးစက်ခံရမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၄ သန်းခွဲနီးပါးအထိ ရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၂၂ ရက်မှာ သတင်းထုတ်ပြန် ပါတယ်။
အဲဒီအရေအတွက်ထဲမှာ အကြိမ်ပြည့်ကာကွယ်ဆေးထိုးပြီးသူ တစ်သန်းရှစ်သောင်းနီးပါး ပါဝင်ပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသူက နှစ်သန်းခြောက်သောင်းကျော်ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေ၊ ဝန်ထမ်းတွေနဲ့ ကပ်ဘေးမှာ ပရဟိတဆောင်ရွက်နေသူတွေကို တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေးနဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကစလို့ စတင်ထိုးပေးနေတာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ ကာကွယ်ဆေးထိုးပေးမယ့် ဦးစားပေးအစုအဖွဲ့ထဲမှာ အထူးအစုအဖွဲ့အနေနဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့က စက်ရုံအလုပ်ရုံဝန်ထမ်း ၈၉၀,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်နေသလို ကာကွယ်ဆေးထိုးပေးတာလည်း စလုပ်နေပြီဖြစ်ပါတယ်။








