ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေးက ကိုဗစ်စစ်ဆေးရေးဂိတ်အချို့ ပိတ်

    မန္တလေးမြို့က မြို့နယ် ၇ခုလုံးကို ကိုဗစ်ထိန်းချုပ်ရေး ကန့်သတ်ချက် အချို့ပယ်ဖျက်လိုက်ပြီး ကိုဗစ်ကြောင့် အသွားအလာကန့်သတ်ထားတဲ့ဂိတ် အချို့ပိတ်သွားကြောင်း မန္တလေးဒေသခံတွေကပြောပါတယ်။

    "ချမ်းအေးသာစံ၊ အောင်မြေသာစံမြို့နယ်တွေတော့ ဂိတ်တွေ တော်တော်ရှင်းသွားပြီ။ ၆၂ လမ်း သံလမ်းနဲ့ သစ်တောရုံးရှေ့မှာတော့ ဂိတ်တစ်ဂိတ်ရှိသေးတယ်။ ဂိတ်တချို့လည်း ရှိအုံးမှာပါ။ မနက် ၉နာရီမတိုင်ခင်ထိ စစ်သေးတယ်။ နောက်မှသိမ်းတာ"လို့ ချမ်းအေးသာစံမြို့နယ်နေ ဒေသခံတစ်ဦးက ဒီနေ့ မြင်တွေ့ခဲ့ရတာတွေကို ပြောပါတယ်။

    ဩဂုတ်လ ၂၂ရက်နေ့ စစ်ကောင်စီထုတ် သတင်းစာမှာ မန္တလေးတိုင်းက မြို့နယ် ၂၀ မြို့နယ်အတွက် ကိုဗစ်ထိန်းချုပ်ရေး ကန့်သတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်မှာ မန္တလေးမြို့ မြို့နယ် ၇ခုအတွက် ဩဂုတ်လ ၁၃ရက်က ထုတ်ပြန်ခဲ့တဲ့ အသိပေးကြေညာချက်ကို ဒီနေ့မှာ ပယ်ဖျက်လိုက်ပြီလို့ ဖော်ပြထားပါတယ်။

    ပြည်ကြီးတံခွန်မြို့နယ်နေ ဒေသခံတစ်ဦးကလည်း" စစ်ဆေးရေး ဂိတ်တချို့ဖျက်လိုက်တာတော့ရှိတယ်။ တချို့နေရာတွေလည်း စစ်နေကြတယ်။ ကြေညာချက်ကို လူအများမသိသေးလို့နေမှာ နေ့ခင်းလမ်းပေါ်မှာတော့ လူရှင်းနေတယ်။ ကျွန်တော်တို့ဘက် မနက်က နယ်ကျော်ကဒ် စစ်တာ ဖမ်းတာတော့ ရှိနေတာပဲ"လို့ ဆိုပါတယ်။

    ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ အရင်က ကန့်သတ်ထားတဲ့ နေ့ခင်းပိုင်း အပြင်ထွက်ချိန် ကန့်သတ်တာတွေ မပါဝင်သလို စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချပေးဖို့ အသိပေးဖော်ပြချက်တွေ မပါဝင်ဘူးလို့ သိရပါတယ်။

    မဖြစ်မနေ ဈေးဝယ်ထွက်ရင် တစ်အိမ် တစ်ဦးနဲ့ ယာဉ်မောင်းနဲ့ ယာဉ်ပေါ်နေတစ်ဦး ပါခွင့်ပြုပေမယ့် အရင်လို နယ်ကျော်ကဒ်၊ ဈေးဝယ်ကဒ်တွေ ပါမှ အပြင်ထွက်ခွင့်ပြုမယ်ဆိုတာ ဖော်ပြထားတာ မရှိဘူးလို့လည်းဆိုပါတယ်။

    "အရင် ဆိုင်ထိုင်ကနေ ပါဆယ်စနစ်ပြောင်းတုန်းက ရပ်ကွက်က လာအကြောင်းကြားတယ်။ ပါဆယ်နဲ့ပဲ ရောင်းချပါမယ်လို့ ဝန်ခံကတိ လက်မှတ်ထိုးရတယ်။ အခုထိတော့ ဘာမှမကြားသေးဘူး။ စာထုတ်ထားတယ်လို့ပဲ ကြားရတာ"လို့ မဟာအောင်မြေမြို့နယ်တွင်းက လက်ဖက်ရည်ဆိုင်ရှင် တစ်ဦးက ပြောပါတယ်။

    အခုအခါ မြို့နယ်ကျော်ခွင့် စစ်ဆေးတဲ့ ဂိတ်တချို့ ပိတ်သိမ်းတာရှိလာပေမယ့် စစ်ကောင်စီဘက်က စစ်ကား၊ အိမ်စီးကားတွေနဲ့ မြို့နယ်လမ်းတွေပေါ်မှာ အဆက်မပြတ် သွားလာနေတာ တွေ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    သြဂုတ်လ ၁၇ ရက်နေ့က မန္တလေးမြို့တွင်း နယ်ကျော်သွားလာမှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ စစ်ဆေးနေတဲ့မြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၁၇ ရက်နေ့က မန္တလေးမြို့တွင်း နယ်ကျော်သွားလာမှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ စစ်ဆေးနေတဲ့မြင်ကွင်း (ပုံဟောင်း)
  2. ရခိုင်အတွက် ကိုဗစ်ကာကွယ်ဆေးတွေမရောက်လို့ ဆေးထိုးမယ့်ရက်တွေ နောက်ဆုတ်နိုင်တယ်လို့ပြော

  3. ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးစွဲတဲ့ အမှုတွေရှိလာကြောင်း ရှေ့နေအဖွဲ့ကပြော

  4. မြန်မာ့ဒီမိုကရေစီအရေး နိုင်ငံတကာအသိုင်းအဝိုင်းပါ၀င်ဖို့ လိုတယ်လို့ အမေရိကန် ဒုသမ္မတပြော

    မြန်မာ့ဒီမိုကရေစီအရေး နိုင်ငံတကာအသိုင်းအဝိုင်းပါ၀င်ဖို့ လိုတယ်လို့ အမေရိကန် ဒုသမ္မတပြော

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ဒုသမ္မတရဲ့ပထမဆုံးအရှေ့တောင်အာရှခရီးစဉ်မှာ မြန်မာ့အရေးလည်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

    စစ်တပ်က အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပါဝင်ကူညီဖို့ လိုအပ်တယ်ဆိုပြီး အမေရိကန်ဒုတိယသမ္မတ ခါမလာဟဲရစ်က ပြောလာပါတယ်။

    ဒုတိသမ္မတ ဟဲရစ်က သူ့ရဲ့ စင်ကာပူနိုင်ငံခရီးစဉ်အတွင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံအပြီး ဒီနေ့ သြဂုတ်လ ၂၃ ရက် နေ့လည်မှာ ပြုလုပ်တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    ''တန်ဖိုးထားရတဲ့ကိစ္စတွေကို ပြောကြရမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ အထူးအလေးထားပါတယ်။ ကျွန်မတို့ရဲ့ ဒီနေ့ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်နဲ့ကျွန်မတို့ မြန်မာပြည်တွင်းက အကျပ်အတည်းအရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ကမ္ဘာကြီးရော၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ပါ မြန်မာပြည်သူတွေကို ကူညီဖို့ လိုအပ်ပါတယ်။''လို့ ဒုသမ္မတက ပြောပါတယ်။

    ဒါ့အပြင် အမေရိကန်အနေနဲ့ အရှေ့တောင်အာရှ သာမက အင်ဒို-ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုလည်း တိုးလုပ်မယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။

    အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့အရေးဖြေရှင်းရေးမှာ မြန်မာနိုင်ငံအဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ကြီးရဲ့ ဦးဆောင်မှုကို အလေးပေးတဲ့အကြောင်း အတိအလင်းထုတ်ပြောထားတဲ့နိုင်ငံဖြစ်ပါတယ်။

    ဒါ့ပြင် တဖက်မှာလည်း ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ တိုက်တွန်းနေပါတယ်။

  5. ရန်ကုန်၊ သမိုင်းမြို့သစ်၁ ရပ်ကွက်မှာပစ်ခတ်မှုဖြစ်ပြီးနောက် လုံခြုံရေးတင်းကျပ်ထား

    ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း မြို့သစ် ၁ ရပ်ကွက်၊ ရွှေဝါထွန်းလမ်းက နေအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းရှာဖွေတာနဲ့ ပစ်ခတ်တာတွေလုပ်တယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်သူအချို့ကပြောပါတယ်။

    အဲဒီအိမ်ကိုဝင်ရောက်ရှာဖွေစဉ်အိမ်အတွင်းကနေအပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်လို့ ပြောကြပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

    လက်ရှိမှာ အဲဒီအိမ်မှာနေထိုင်တဲ့ လူငယ်အချို့ဖမ်းဆီးခံရမှုတွေရှိတယ်လို့ ဆိုပါတယ်။

    "သတင်းပေးနဲ့လာတာတွေ့တယ်၊ အဲဒီအိမ်ကိုတက်ရှာရင်းနောက် ပစ်သံခတ်သံကြားရတာ" လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ သမိုင်း ၁ ရပ်ကွက်အတွင်း ရှာဖွေစစ်ဆေးမှုတွေကို စစ်ကောင်စီဘက်က တင်းတင်းကျပ်ကျပ်လုပ်နေပြီး လမ်းမှာပိတ်ဆို့ရှာဖွေတာတွေလည်းလုပ်နေတယ်လို့ရပ်ကွက်နေပြည်သူအချို့ကပြောပါတယ်။

    ရန်ကုန်၊ သမိုင်းမြို့သစ်၁ ရပ်ကွက်မှာပစ်ခတ်မှုဖြစ်ပြီးနောက် လုံခြုံရေးတင်းကျပ်ထား

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. တမူးမြို့က ဗုံးခွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ တမူး PDF ပြော

    စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်က နန်းဖာလုံအထက်တန်းကျောင်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်ဆိုပြီး တမူးပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်လာပါတယ်။

    တိုက်ခိုက်မှုကို သြဂုတ်လ ၂၂ ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဆိုပြီး တမူး PDF က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရတယ်လို့လည်း ထုတ်ပြန်ချက်မှာပြောပေမဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

    ဒီသတင်းနဲ့ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ဆန့်ကျင်ရေးအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုင်ငံထဲမှာ အစောဆုံးတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်း စစ်ကောင်စီဘက်က နှိမ်နင်းမှုတွေကြောင့် တမူးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ဆန္ဒပြပွဲတွေ မရှိသလောက်နည်းခဲ့ပြီး မနေ့ သြဂုတ်လ ၂၂ ရက်မှာ လူငယ်တချို့ရဲ့ဆန္ဒပြပွဲ ပြန်လည်ထွက်ပေါ်လာသလို PDF ပျောက်ကျားအဖွဲ့ရဲ့တိုက်ခိုက်မှုလည်း ပြန်လည်ထွက်ပေါ်လာတာပါ။

    တမူးမြို့က ဗုံးခွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ တမူး PDF ပြော

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, ဧပြီလ နှောင်းပိုင်းကတည်းက ဆန္ဒပြပွဲတွေ မရှိသလောက်နည်းသွားတဲ့ တမူးမှာ သြဂုတ်လ ၂၂ ရက်တုန်းကတော့ တမူးမိုးမလင်းဈေးမှာ လူငယ်တွေရဲ့အရုဏ်ဦးသပိတ် ပြန်လည်ပေါ်ထွက်လာပါတယ်။
  7. ပြင်ဦးလွင်မြို့ မှာ ပြင်ပထွက်ခွာခွင့် အချိန်ကန့်သတ်, ဒေသအချို့မှာလည်းကန့်သတ်မှုတွေရှိလာ

    မန္တလေးမြို့မှာ အပြင်ထွက်သွားလာခွင့်တွေကို အချိန်နဲ့ ကန့်သတ်ထားတဲ့နောက် ဒီကနေ့ သြဂုတ် ၂၃ရက်က စတင်ပြီး ပြင်ဦးလွင်မြို့မှာလည်း အချိန်နဲ့ သာပြင်ပထွက်ခွာသွားလာခွင့်ရမယ်လို့ မြို့ခံတွေကပြောပါတယ်။

    ထွက်ခွာချိန်အဖြစ် မနက် ၄ နာရီကနေ မနက် ၁၀နာရီအထိ တစ်ကြိမ်၊ ညနေ ၃နာရီ ကနေ ည ၇နာရီအတွင်း တစ်ကြိမ် တို့ကိုသာထွက်ခွာခွင့်ပေးထားတယ်လို့ဆိုပါတယ်။

    ''ရပ်ကွက်တွေထဲလိုက်အော်နေတယ်။ သတ်မှတ်ချိန်ကိုကျော်လွန်ရင်အရေးယူမယ်လည်းကြားတယ်။ ကိုဗစ်အကြောင်းပြောပြီးကန့်သတ်တယ်ပြောတယ်။ ဒါပေမယ့် လူတွေကိုအပြင်မထွက်အောင်လုပ်တာကအဓိကလို့ပဲမြင်တယ် '' လို့ မြို့ခံတစ်ဦးကပြောပါတယ်။

    နိုင်ငံ့ဝန်ထမ်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကတော့ အလုပ်အချိန်အတွင်းနဲ့ အရေးကြီးကိစ္စ ရှိချိန်တွေမှာသွားလာနိုင်မှာဖြစ်ပေမယ့် စိစစ်ခွင့်ပြုမယ်လို့ဆိုပါတယ်။

    မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပြည် အပါအဝင်တိုင်းအချို့က မြို့နယ်အများအပြားမှာ ကိုဗစ်ထိန်းချုပ်ရေးအတွက်ဆိုကာ နေ့ပိုင်းအချိန်တွေမှာ အပြင်မထွက်ဖို့ကန့်သတ်ကာ စစ်ဆေးမှုတွေပြုလုပ်တာ၊ သတ်မှတ်ချက်ကိုဖောက်ဖျက်ရင် ဒဏ်ပေးတာ၊ အရေးယူတာမျိုးတွေကို သြဂုတ်လအစပိုင်းကစလို့ ပြုလုပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

    မန္တလေးက မြို့နယ် ၇မြို့နယ်မှာဆိုရင် မနက် ၄နာရီကနေ ၉နာရီအထိအပြင်ထွက်ခွင့်ပြုပြီး အဲဒီနောက်ပိုင်း ညနေ ၃နာရီအထိ အပြင်ထွက်ခွင့်မရှိတော့သလို၊ ညနေ ၃နာရီမှာ ည ၇နာရီအထိသာပြန်လည်ထွက်ခွင့်ပြုတဲ့ ကန့်သတ်ချက်မျိုးတွေပြုလုပ်ထားတာပါ။

    မကွေး၊ မုံရွာ၊ ပခုက္ကူ အပါအဝင်အခြားမြို့နယ်အများစုမှာလည်း မြို့နယ်အလိုက် အချိန်တွေခွဲခြားသတ်မှတ်ကာ အပြင်မထွက်ဖို့ ကန့်သတ်မှုတွေဆက်တိုက်ဆိုသလိုပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

    မကွေးမှာ သြဂုတ်လအစောပိုင်းကတည်း အခုလိုတင်းကျပ်မှုတွေကို ပြုလုပ်လာတာဖြစ်ပြီး သြဂုတ်လ ၁၈ရက်နေ့ လေတပ်စခန်း ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ ပိုပြီးတင်းတင်းကျပ်ကျပ် စစ်ဆေးလာတယ်လို့ မကွေးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြင်ဦးလွင်မြို့ မှာ ပြင်ပထွက်ခွာခွင့် အချိန်ကန့်သတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒီကနေ့မနက်ပိုင်းမေမြို့ဈေးမြင်ကွင်း
  8. မြန်မာမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၄ သန်းခွဲနီးပါးရှိပြီလို့ ထုတ်ပြန်လာ

    ကာကွယ်ဆေးထိုးပေးမယ့်အစုအဖွဲ့ထဲမှာ စက်ရုံအလုပ်ရုံဝန်ထမ်း သိန်းချီကို အထူးဦးစားပေးအနေနဲ့သတ်မှတ်ထား
    ဓာတ်ပုံ ပုံစာ, ကာကွယ်ဆေးထိုးပေးမယ့်အစုအဖွဲ့ထဲမှာ စက်ရုံအလုပ်ရုံဝန်ထမ်း သိန်းချီကို အထူးဦးစားပေးအနေနဲ့သတ်မှတ်ထား

    မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၄ သန်းခွဲနီးပါးအထိရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၂၂ ရက်မှာ သတင်းထုတ်ပြန် ပါတယ်။

    အဲဒီအရေအတွက်ထဲမှာ အကြိမ်ပြည့်ကာကွယ်ဆေးထိုးပြီးသူ တစ်သန်းရှစ်သောင်းနီးပါး ပါဝင်ပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသူက နှစ်သန်းခြောက်သောင်းကျော်ပါဝင်တယ်လို့ ဆိုပါတယ်။

    ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းမှာ ရောဂါစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ စစ်ကောင်စီဟာ တဖက်မှာလည်း ကာကွယ်ဆေးထိုးတဲ့အပိုင်းကို ဦးစားပေးလုပ်နေတာကြောင့် ကာကွယ်ဆေးထိုးနှံပြီးစီးသူ ပမာဏ လေးသန်းခွဲနီးပါးအထိ မြင့်တက်လာတာဖြစ်ပါတယ်။

    အရပ်သားအစိုးရလက်ထက် အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေးနဲ့ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းစဉ်စခဲ့တာဖြစ်ပေမဲ့ ဆေးထိုးနှံမှုစတင်ပြီးမကြာခင်မှာပဲ အာဏာသိမ်းမှုဖြစ်ခဲ့တာကြောင့် ဆေးထိုးတဲ့လုပ်ငန်းစဉ် ရပ်တန့်သလောက်ဖြစ်ခဲ့တာပါ။

    အခုတော့ စစ်ကောင်စီက အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေ၊ ဝန်ထမ်းတွေနဲ့ ကပ်ဘေးမှာ ပရဟိတဆောင်ရွက်နေသူတွေကို တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေးနဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကစလို့ စတင်ထိုးနှံပေးနေတာဖြစ်ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနကတော့ ကာကွယ်ဆေးထိုးပေးမယ့် ဦးစားပေးအစုအဖွဲ့ထဲမှာ အထူးအစုအဖွဲ့အနေနဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့က စက်ရုံအလုပ်ရုံဝန်ထမ်း ၈၉၀,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်နေသလို ကာကွယ်ဆေးထိုးပေးတာလည်း စလုပ်နေပြီဖြစ်ပါတယ်။

    လက်ရှိပြည်တွင်းမှာ ထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ တရုတ်နိုင်ငံထုတ် Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေဖြစ်ပြီး စစ်ကောင်စီဟာ ရုရှားနိုင်ငံကနေလည်း ကိုဗစ်ကာကွယ်ဆေး သန်းချီ ဝယ်ယူဖို့ ရှိနေပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ပြည်တွင်းက အသက် ၁၈ နှစ်ပြည့်ပြီးသူ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးပေးနိုင်အောင်လုပ်မယ်လို့ အခုလ အစောပိုင်းတုန်းကပဲ ပြောထားပါတယ်။

    တချိန်တည်းမှာပဲ ကိုဗစ်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ သေဆုံးသူ တစ်သောင်းလေးထောင်ကျော်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

    ဒါပေမဲ့ ဒီပမာဏဟာ ကိုဗစ်တတိယလှိုင်းပြင်းထန်တဲ့ ဇွန်လ နှောင်းပိုင်းကနေ သြဂုတ်လဆန်းပိုင်းအထိ နေအိမ်တွေမှာ ကိုဗစ်လက္ခဏာတွေနဲ့သေဆုံးသူပမာဏနဲ့ တွက်ကြည့်ရင်အတော်ကွာဟချက်ရှိနေတယ်လို့ ပရဟိတသမားတွေ၊ နာကူအသင်းတွေနဲ့ ဆရာဝန်တွေက ပြောဆိုနေကြပါတယ်။

  9. AIPA အစည်းအဝေးအတွက် CRPH ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ ဥရောပလွှတ်တော်ရဲ့အာဆီယံဆိုင်ရာဥက္ကဋ္ဌ တောင်းဆိုလာ

    အာဆီယံပါလီမန်များညီလာခံ(AIPA)အစည်းအဝေးကို မြန်မာနိုင်ငံက ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်နိုင်ရေး ဖိတ်ကြားဖို့ ဥရောပလွှတ်တော်ရဲ့ အာဆီယံဆိုင်ရာဥက္ကဋ္ဌ Daniel Caspary က တောင်းဆိုလိုက်ပါတယ်။

    အစည်းအဝေးကို CRPH ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ အကြောင်းကြားခဲ့ပေမဲ့ တက်ရောက်ခွင့် ရှိ၊မရှိ အကြောင်းမပြန်ဘဲ ရွေးကောက်ခံမဟုတ်တဲ့စစ်ကောင်စီကိုယ်စားပြုပုဂ္ဂိုလ်တစ်ဦးကိုသာ AIPA ဘက်က တက်ရောက်ခွင့် အတည်ပြုခဲ့တာကို ပြင်းပြင်းထန်ထန်ရှုတ်ချတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်းအစောပိုင်းမှာပြောထားပါတယ်။

    အာဆီယံလွှတ်တော်တွေ တွေ့ကြတဲ့ အဲဒီအစည်းအဝေးကို CRPH ကိုယ်စားလှယ်တွေကို မဖိတ်ကြားတာကိုလည်း သူ့အနေနဲ့ အံ့သြတုန်လှုပ်မိတယ်လို့ သူက ပြောပါတယ်။

    ဒ့ါပြင် ဥရောပလွှတ်တော်ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးရှုတ်ချမှု ဘယ်တုန်းကမှ လျော့မသွားသလို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့၊ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ အကျဉ်းသားတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့လည်း သူကပြောပါတယ်။

    အာဆီယံပါလီမန်များညီလာခံဟာ အာဆီယံလွှတ်တော်တွေအတွက် အမြင့်ဆုံးလွှတ်တော် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၄၂ ကြိမ်မြောက် အဲဒီညီလာခံကို အာဆီယံအလှည်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ ဥပဒေပြုကောင်စီဥက္ကဋ္ဌက ဦးဆောင်ပြုလုပ်မှာဖြစ်ပါတယ်။

    AIPA အစည်းအဝေးတွက် CRPH ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ ဥရောပလွှတ်တော်ရဲ့အာဆီယံဆိုင်ရာဥက္ကဋ္ဌ တောင်းဆိုလာ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်တုန်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ အာဆီယံပါလီမန်များညီလာခံကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
  10. ဘော်လခဲမြို့အနီးတိုက်ပွဲဖြစ်

    ကယားပြည်နယ်၊ ဘောလခဲမြို့ နဲ့ မယ်စလောင်းတောင်အကြား ဒီကနေ့ မနက် ၇နာရီကျော်အချိန်က ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA) ၊ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဩဂုတ်လ ၂၂ ရက်နေ့မှာ KNDFသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃ဦးသေဆုံး၊ ၂ဦးဒဏ်ရာပြင်းထန်တယ်လို့ ထုတ်ပြန်ပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ခြင်းမရှိသလို မေးမြန်းအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    အဲ့ဒီတိုက်ပွဲမှာ နှစ်ဖက်ထိတွေ့မှုမှာ ၁၀မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးတစ်ဝိုက်မှာ နယ်မြေစိုးမိုးနိုင်ရန်အတွက် ဒရုန်းနဲ့ ကင်းထောက်မှု၊ လမ်းကင်းချမှုနဲ့ စစ်ကြောင်းထိုးတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ဖယ်ခုံမြို့နယ် ပင်ပုံ၊ လယ်ဟွဲနဲ့ ရွှေပြည်အေးတို့မှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားလျက်ရှိပြီး ဒီက‌နေ့မနက်ပိုင်းမှာ အနီးတစ်ဝိုက်ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ လည်း သိရပါတယ်။

    ပြီးခဲ့တဲ့ဇွန်လ အတွင်းက လွိုင်ကော်ကိုသွားနေတဲ့ စစ်ကောင်စီတပ်တွေ

    ဓာတ်ပုံ ရင်းမြစ်, KPDF

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ဇွန်လ အတွင်းက လွိုင်ကော်ကိုသွားနေတဲ့ စစ်ကောင်စီတပ်တွေ
  11. တရုတ်တပ်မတော်က မြန်မာတပ်မတော်ကို ကိုဗစ်ကာကွယ်ဆေး ၄ သိန်းလှူ

    တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က မြန်မာ့တပ်မတော်ကို လှူဒါန်းတဲ့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SARS-CoV-2 Vaccine(Vero Cell) ၄၀၀၀၀၀ လုံး၊ ဆေးထိုးအပ် ၄၀၃၂၀၀ ခု၊ဒီကနေ့ မြန်မာနိုင်ငံကို Air- China လေကြောင်းလိုင်းနဲ့ ရောက်ရှိလာခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    အဲ့ဒီဆေးတွေအပြင် ပေကျင်းမြို့ရှိ မြန်မာ စစ်သံ(ကြည်း၊ရေ၊လေ)ရုံးက ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်တဲ့ Oxygen Concentrator ၁၆ လုံး၊ PPE ၀တ်စုံ ၂၄၀ စုံ၊ Mask ၁၀၃၅၀၀ ခု၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး ကလှူဒါန်းတဲ့ Carrimycin ဆေးပြား ၇၂၀၀၀ ပြား၊ Mask ၁၀၀၀၀၀ ခု တို့ ပါ၀င်လာတယ်လို့လည်း သိရပါတယ်။

    Air China လေယာဉ်ဟာ ယနေ့ညနေ ၆ နာရီခွဲ မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာတာဖြစ်ပြီးတော့ အဆိုပါဆေးနဲ့ဲ့ဆေးပစ္စည်းများကို ဒဂုံမြို့နယ်ရှိ နယ်မြေခံ တပ်မတော်ဆေးရုံကတာဝန်ရှိသူတွေနဲ့ ကျန်းမာရေး ၀န်ကြီးဌာနမှ တာ၀န်ရှိသူများက လက်ခံရယူခဲ့တယ်လို့သိရပါတယ်။

    တရုတ်တပ်မတော်က တပ်မတော်ကို ကိုဗစ်ကာကွယ်ဆေး ၄ သိန်းလှူ

    ဓာတ်ပုံ ရင်းမြစ်, SAC

    ဓာတ်ပုံ ပုံစာ, တရုတ်တပ်မတော်က တပ်မတော်ကို ကိုဗစ်ကာကွယ်ဆေး ၄ သိန်းလှူ
  12. ကိုဗစ်ရှီးဆေးအတုတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေး

    ကိုဗစ် ကာကွယ်ဆေး ကိုဗစ်ရှီးဆေးအတုတွေ အရှေ့တောင်အာရှ နိုင်ငံများ အိန္ဒိယနဲ့ အာဖရိက က ထုတ်လုပ်ပြီးရောင်းချနေတယ်လို့ ကမ္ဘာ ကျန်းမာရေးအဖွဲ့က အသိပေးလာကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

    အဲ့ဒီဆေး အတုတွေဟာ ကာကွယ်ဆေး တစ်လုံးကို ၁၀ ကြိမ်စာထိုးနိုင်တဲ့ 5 ml ပါဝင်တဲ့ပုလင်းနဲ့ ကာကွယ်ဆေး တစ်လုံးကို လေးကြိမ်ထိုးနိုင်တဲ့ 2 ml ပါတဲ့ ကိုဗစ်ရှီးကာကွယ်ဆေးတွေ ဖြစ်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့က အသိပေးလာတယ်လို့လည်း ပြောပါတယ်။

    ဒါကြောင့် ကိုဗစ်ရှီးဆေးအတုတွေကို ပုဂ္ဂလိက ဆေးရုံတွေနဲ့ ပြည်သူလူထုသိသာနိုင်ရန်နဲ့ ဆေးအတုတွေ တင်သွင်း ဖြန့်ဖြူးရောင်းချပါက ဖော်ထုတ်အရေးယူသွားမယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

    ကိုဗစ်ကာကွယ်ဆေးတွေကို အွန်လိုင်းကနေတစ်ဆင့် ရောင်းဝယ်သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းက ခေါ်ယူမေးမြန်းပြီး လိုအပ်တဲ့ အရေးယူမှုတွေ ဆောင်ရွှက်နေပြီလို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

    မြန်မာပြည်ထဲမှာ အွန်လိုင်းကရောင်းတဲ့ ကိုဗစ်ရှီး ကိုဗစ်ကာကွယ်ဆေးဟာ စာလုံးပေါင်းလွဲနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြန်မာပြည်ထဲမှာ အွန်လိုင်းကရောင်းတဲ့ ကိုဗစ်ရှီး ကိုဗစ်ကာကွယ်ဆေးဟာ စာလုံးပေါင်းလွဲနေ
  13. တေးရေးတေးဆို ဂျွန်သင်ဇမ်း ကိုဗစ်နဲ့ ကွယ်လွန်

    ရန်ကုန်မြို့အင်းယားစင်တာမှာ ကိုဗစ်ရောဂါကူးစက်ခံရလို့ ကုသမှုခံယူနေတဲ့ တေးရေးတေးဆို ဂျွန်သင်ဇမ်းဟာ သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားကြောင်း သူ့ရဲ့သမီးဖြစ်သူ မစုမွန်က ဘီဘီစီကို ပြောပါတယ်။

    မနေ့က သြဂုတ်လ ၂၁ ရက်နေ့ ကတည်းက သူဟာဆီးချိုတွေ အရမ်းကျလို့ သတိလစ်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နာရီပိုင်းက မှ ကွယ်လွန်သွားခဲ့တာလို့ လည်း သူ့ကို ကျန်းမာရေးကိစ္စ ကူညီပေးနေသူတွေကပြောပါတယ်။

    တေးရေးတေးဆို ဂျွန်သင်ဇမ်း ရဲ့ နာရေးကိစ္စနဲ့ ပတ်သက်ပြီး သီးသန့် စီစဥ်သင်္ဂြိုဟ်နိုင်ဖို့ ကြိုးစားနေပြီး လတ်တလော အသေအချာမပြောနိုင်သေးကြောင်းလည်း သူကရှင်းပြပါတယ်။

    ဒီကနေ့ ညနေ ၅ နာရီ ၁၅ က ကွယ်လွန်ခဲ့တဲ့ တေးရေးတေးဆို ဂျွန်သင်ဇမ်း ရဲ့ရုပ်အလောင်းဟာ အင်းယားစင်တာမှာရှိနေဆဲဖြစ်ပြီး မနက်ဖြန် ရန်ကုန်မြို့မှာ နာရေးစီစဥ်ဖို့ မိသားစုဝင်တွေဘက်က စီစဥ်နေတယ်လို့လည်း သိရပါတယ်။

    တေးရေးတေးဆို ဂျွန်သင်ဇမ်းနဲ့ မိသားစုဝင် အချို့ဟာ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပြီး ပြီးခဲ့တဲ့ တစ်လလောက်ကစတင်ပြီး အင်းယားစင်တာမှာ တက်ရောက်ကုသမှုခံနေရတာ ဖြစ်ပါတယ်။

    ဂျွန်သင်ဇမ်းက ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်းဘန်ဇာတိဖြစ်ပြီး စတီရီယိုခေတ်ဦး အဆိုတော်တစ်ဦးလည်း ဖြစ်သလို တေးရေး တစ်ဦလည်းဖြစ်ပြီး လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ သူ့အသက် ၇၀ ပြည့်မှာ ဖြစ်ပါတယ်။

    တေးရေး ဂျွန်သင်ဇမ်းရေးဖွဲ့ခဲ့တဲ့ ထင်ရှားတဲ့တေးသီချင်းတချို့ကတေ့ အလွမ်းကဖီး၊တောင်ဇလပ်ပင်အောက်ကသဇင်ချစ်သူ စတဲ့သီချင်းတွေဖြစ်ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. တောင်ဥက္ကလာထွေအုပ်ရုံးအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက်လုံခြုံရေးတင်းကျပ်

    တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးမှာ ဒီကနေ့ သြဂုတ် ၂၂ရက် ညနေ ၃နာရီကျော်လောက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် လုံခြုံရေးတင်းကျပ်နေတယ်လို့ အဲဒီအနီးနေထိုင်သူတွေက ပြောပါတယ်။

    ’’ပေါက်ကွဲသံကတစ်ချက်ထဲပဲ အသံကတော့တော်တော်ကျယ်တယ်၊သူတို့ရုံးထဲက ကားတစ်စီးတော့ပျက်စီးတယ်ကြားတယ်။အဲဒီရှေ့ကိုသွားကြည့်တဲ့သူတွေပြောတာပေါ့။အိမ်ကနေတော့အသံတော်တော်ကျယ် ကျယ်ကြားရတာပါ။ လူ ထိ၊မထိကတော့ မသိဘူး၊ရုံးပျက်စီးတယ်လည်းပြောကြတယ်။ တကယ်က အဲဒီ ရုံးရှေ့မှာ ကာပြီး ပိတ်ထားတာ တော်တော်ကြာပြီ။လုံခြုံရေးတွေရှိရဲ့သားနဲ့ ဘယ်လိုပေါက်ကွဲလဲတောင် စဉ်းစားမရဘူး’’လို့ အဲ့ဒီ ထွေအုပ်ရုံးအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်တပ် နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးတာတွေလုပ်နေသလို လုံခြုံရေးတင်းကျပ်ထားတယ်လို့ အဲဒီအနီးနေထိုင်သူတွေကပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပြီးနောက်လုံခြုံရေးတင်းကျပ်

    ဓာတ်ပုံ ရင်းမြစ်, Google Map

  15. ဒီကနေ့ သြဂုတ် ၂၂ရက် ၊ ဝါခေါင်လပြည့်နေ့ ( မေတ္တာအခါတော်နေ့) ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ နေ့လယ်ပိုင်း မြင်ကွင်းဖြစ်ပါတယ်။

    ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း

    ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး
    ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း

  16. အဖမ်းခံရတဲ့ မိုးညှင်းအမတ် ၁၅ ရက်ကြာတဲ့ အထိ အဆက်အသွယ်မရဖြစ်နေ

    ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က အနိုင်ရရှိခဲ့တဲ့ NLD ပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို ပြီးခဲ့တဲ့နှစ်ပတ်က စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားခဲ့ပြီး အခုအချိန်အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ သူရဲ့မိသားစုဝင်တွေက ဘီဘီစီကို ပြောပါတယ်။

    သြဂုတ်လ ၄ ရက်နေ့ မနက် နှစ်နာရီဝန်းကျင်က ကချင်ပြည်နယ် နန်းမားမြို့ရှိ အောင်မင်္ဂလာရပ်ကွက်က ဒေါ်သက်ထားနှောင်းခေတ္တ ရောက်ရှိ နေထိုင်နေတဲ့အိမ်ကို ခန့်မှန်းခြေ စစ်သားအင်အား ၂၀၀ခန့်လောက်က ဝိုင်းပြီး အိမ်ရှင်မိသားစု ၆ဦး နဲ့အတူ ဒေါ်သက်ထားနှောင်းကို ဖမ်းသွားခဲ့တာလို မိသားစုဝ‌င်တစ်ဦးက ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ သူ့ကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တစ်ခါအဖမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့ပြီး အခု တစ်ခါပြန်လည်အဖမ်းခံရတာဖြစ်ပါတယ်။

    အိမ်ရှင်ဖြစ်သူ အသက်၈၂အရွယ် ဒေါ်ညွန့်စိန်နဲ့ သားသမီး ၄ယောက်တို့ ပြန်လွတ်လာခဲ့ပေမဲ့ အကြီးဆုံးသမီးကိုတော့ ဆက်ဖမ်းထားဆဲလို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    ဒေါ်သက်ထားနှောင်းကိုတော့ ဖမ်းဆီးခံရစဉ်ကတည်းက တခြားသူတွေနဲ့ ခွဲထားတဲ့အတွက် လွတ်လာသူတွေဆီကလည်း ဒေါ်သက်ထားနှောင်းနဲ့ပတ်သက်ပြီး ဘာမှ သတင်းမရ‌ကြောင်းလည်းမိသားစုဝင်တွေက ဘီဘီစီကိုပြောပါတယ်။ ။

    အ၀တ်အစားအပိုမပါဘဲ ဖမ်းဆီးခံရတာ၁၅ရက်ကျော် ကြာပြီဖြစ်ပေမဲ့ ဘာသတင်းအစအနမှ မကြားသိရသေးတဲ့အတွက် မိသားစုတွေက စိတ်ပူနေကြတယ်လို့ ဘီဘီစီကိုပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. စစ်ကိုင်းတိုင်းခင်ဦးမှာ စျေးသည်လင်မယားနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး ၊ရွာတွေထဲ ဝင်ရောက်ရှာဖွေမှုတွေရှိနေ

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ မနေ့ည သြဂုတ်လ ၂၁ ရက်နေ့ည ၈နာရီဝန်းကျင်လောက်က စျေးရောင်းပြီးပြန်လာတဲ့ ကိုမောင်အေးနဲ့ မနွဲ့နွဲ့အမည်ရ လင်မယား ၂ ယောက်ဟာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဲဒီအချိန်ဟာ ခင်ဦးမြို့ကနေ စစ်ကောင်စီတပ်သား ၂ယောက်ထွက်ပြေးတယ်လို့ သတင်းတွေထွက်ပေါ်နေ လို့ စစ်ကောင်စီတပ်တွေလှည့်လည်ရှာဖွေနေချိန်လည်းဖြစ်တယ်လို့ ဒေသခံအချို့ကပြောပြပါတယ်။

    စစ်ကိုင်းတိုင်းထဲမှာ လည်း မြောင်နဲ့ မကွေးတိုင်းက ရေစကြိုမြို့နယ်အပိုင်တွေမှာလည်း စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့ပြီး ရွာတွေထဲ ဝင်ရောက်ရှာဖွေတာတွေရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

    ဒေသခံတွေထွက်ပြေးနေရတဲ့ ရွာတွေထဲက ရေစကြိုအပိုင်က ရွှေလှံကျေးရွာမှာ ရွာလုံးကျွတ်နီးပါးဖျားနာ နေကြပြီး မနေ့ကတော့ ရွာထဲမှာသေနတ်ဖောက်လို့ ဖျားနာရင်းက အခြားရွာကိုထွက်ပြေးခဲ့တဲ့ ကလေး အမေ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ ရွှေလှံရွာသူတစ်ဦးက ဘီဘီစီ ကိုပြောပြပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. ထန်တလန်မှာ တိုက်ပွဲတွေထပ်ဖြစ်နိုင်လို့ ဒေသခံတွေကိုCDF သတိပေး

    ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်တို့ကြားမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်တွေဟာ ထန်တလန်မြို့အနီးမှာ လှုပ်ရှားမှုတွေရှိနေတဲ့ အတွက် မလိုအပ်ဘဲ ခရီးသွားလာတာမလုပ်ကြဖို့ ချင်းကာကွယ်ရေးတပ်က သတိပေးထားပါတယ်။

    ၂၀၂၁ခုနှစ် သြဂုတ်၂၀-၂၁ ရက်၊ ဟားခါး-ထန်တလန်ကြား မှာ စစ်ကောင်စီ တပ်အင်အား ၂၀၀ ဝန်းကျင်နဲ့ CDF-Thantlang တို့တိုက်ခိုက် ပစ်ခတ်မှုများ ရှိပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ သူတို့က ပြောပါတယ်။

    စစ်ကောင်စီဘက်က ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    လက်နက်ကြီးတွေနဲ့ စစ်ကောင်စီဘက်က အဆက်မပြတ် ပစ်ခတ်တဲ့ အတွက် CDF များ ထန်တလန်မှာ နောက်ဆုတ်လိုက်ရတယ်လို့ဆိုပါတယ်

    ထန်တလန်မြို့ထဲမှာလည်း စစ်ကောင်စီ တပ်သားတွေ အများအပြား ဝင်ရောက်နေတာရှိတဲ့ အတွက် ပြည်သူတွေအနေနဲ့ မြို့အဝင်အထွက် သွားလာကြရာ သတိထားကြဖို့နဲ့ စစ်ကောင်စီကို သတင်းပေးခြင်း ကျွေးမွေးဧည့်ခံခြင်း ထောက်ပံ့ပူးပေါင်းခြင်းတွေ မလုပ်ဖို့ CDF ကသတိပေး ထုတ်ပြန်ထားပါတယ်။

    no tag
  19. တိုကျိုက မြန်မာသံရုံးအတွက် စစ်ကောင်စီခန့် သံတမန်တွေကို ဗီဇာပေးဖို့ ဂျပန်ငြင်းဆို

    ဂျပန်နိုင်ငံမြို့တော်တိုကျိုမှာရှိတဲ့ မြန်မာသံရုံးအတွက် စစ်ကောင်စီက အစားထိုးခန့်တဲ့ သံတမန်တွေကို ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဂျပန်ဘက်က ငြင်းဆန်ထားတယ်လို့ ဂျပန်အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ကျိုဒိုသတင်းမှာဖော်ပြပါတယ်။

    CDM လုပ်လို့ ရာထူးကနေ ဖယ်ရှားလိုက်တဲ့ မြန်မာသံတမန် ၂ ဦးနေရာအတွက် စစ်ကောင်စီက သူအသစ်ခန့် လိုက်တဲ့သံတမန်တွေ ပြည်ဝင်ခွင့်ရဖို့ ဂျပန်ဘက်ကို တောင်းဆိုထားတာလို့ သတင်းက ဆိုပါတယ်။

    ဂျပန်ကသာ တိုကျိုက မြန်မာသံရုံးအတွက်လာမယ့် အဲဒီအစားထိုးသံတမန် ၂ ယောက်ကို ပြည်ဝင်ခွင့်ပြုလိုက်မယ်ဆိုရင် ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်တပ်အာဏာသိမ်းမှုကို အသိအမှတ်ပြုရာရောက်သွားမှာဖြစ်ပါတယ်။

    သံရုံးက CDM သံတမန်တွေနေရာမှာ အစားထိုးဖို့ သံတမန် ၂ ဦးအတွက် သံဗီဇာထုတ်ပေးဖို့ စစ်တပ်က တောင်းဆိုထားပေမဲ့ ဂျပန်ဘက်က ဒီတောင်းဆိုမှုကို စဉ်းစားနေဆဲလို့ သတင်းက ဆိုပါတယ်။

    ဒီအတောအတွင်းမှာတော့ ဂျပန်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ သံရုံးတာဝန်တွေမထမ်းဆောင်ဘဲ CDM ဝင်တဲ့ မြန်မာသံတမန် ၂ ဦးရဲ့ သံရာထူးကိုတော့ ဆက်ပြီး အသိအမှတ်ပြုထားမှာဖြစ်ပါတယ်။

    CDM လုပ်တဲ့ မြန်မာသံဝန်ထမ်း ၂ ဦးရဲ့သံတမန်ရာထူးနဲ့ နိုင်ငံကူးလက်မှတ်တွေ ပယ်ဖျက်လိုက်ပြီဖြစ်လို့ အဲဒီစာရွက်စာတမ်းတွေကို အသိအမှတ်မပြုဖို့ မြန်မာသံရုံးက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို မတ်လတုန်းက စာပို့ခဲ့ဖူးပါတယ်။

    ဒါပေမဲ့ မြန်မာပြည်က စစ်အာဏာသိမ်းမှုကို ကန့်ကွက်ထားတဲ့ ဂျပန်ဟာ အဲဒီသံဝန်ထမ်းနှစ်ယောက်ကို ပြည်တွင်းမှာပဲ ဆက်နေခွင့်ပေးထားသလို အဲဒီသံဝန်ထမ်း ၂ ဦးကို သံတမန်တွေအဖြစ်အလုပ်လုပ်နိုင်ဖို့ စီစဉ်ထားပြီးပြီဆိုပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရင်းမြစ်တစ်ခုက ပြောထားတယ်လို့ ကျိုဒို သတင်းမှာ ဖော်ပြပါတယ်။

    ဂျပန်ဟာ မြန်မာအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ နည်းတူ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

    တိုကျိုက မြန်မာသံရုံးအတွက် စစ်ကောင်စီခန့် သံတမန်တွေကို ဗီဇာပေးဖို့ ဂျပန်ငြင်းဆို၊တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ ဂျပန်ရောက်မြန်မာတွေရဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ ဂျပန်ရောက်မြန်မာတွေရဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲ
  20. မြန်မာဘက်ကိုပြန်လာဖို့ တရုတ်ဘက်ခြမ်းမှာစောင့်ဆိုင်းနေရသူတွေထဲ ကိုယ်ဝန်သည်နဲ့ကလေးမိခင်တွေပါဝင်

    တရုတ်နိုင်ငံ၊ ရွှေလီမြို့ မှာ မြန်မာလုပ်သား ရာချီဟာ မြန်မာပြည်ဘက်ကိုပြန်နိုင်ရေး ရက်ချီစောင့်ဆိုင်းနေရတယ်လို့ပြောကြပါတယ်။

    အဲဒီထဲမှာ ကိုယ်ဝန်ဆောင်သည်တွေနဲ့ကလေးမီးဖွားပြီးခါစ ကလေးမိခင်တွေနဲ့သက်ကြီးပိုင်းတွေပါ ပါဝင်နေတယ်လို့ စောင့်ဆိုင်းနေသူတွေထဲက အချို့ကပြောပါတယ်။

    '' ပြန်ချင်တော့လည်းဖြစ်သလို ရွှေလီမြို့ ပန်းခြံထဲ ညအိပ်စောင့်နေကြရတာပဲ။ ရွှေလီမှာ Lock down မကြာခဏ ချနေတော့အလုပ်မရှိဘူး။ အဲဒီမှာဆက်နေဖို့ကဘယ်လိုမှ အဆင်မပြေဘူး။တချို့ကလည်းတရုတ်နိုင်ငံအတွင်း နေထိုင်ခွင့်စာအုပ်မရှိတော့ တရုတ်ဘက်ကို ပြန်လို့လည်းမဖြစ်တော့အိမ်ပြန်နိုင်ကြဖို့ အဲဒီနေရာမှာ စောင့်နေရတာပဲ။ အိပ်စရာနေရာမရှိတော့ပန်းခြံမှာထီးဆောင်းပြီး နေ့ရောညပါ နေထိုင်ရတယ် ''လို့ဆိုပါတယ်။

    အများစုကတော့ မြန်မာပြည်ဘက်က အဝင်မခံလို့ အခက်အခဲတွေရှိနေသလို၊ တရုတ်ပြည်ဘက်ကိုပြန်ဖို့မှာလည်း ကိုဗစ်ကြောင့်အလုပ်အကိုင် မရှိလို့ ပြန်နေဖို့ အဆင်မပြေဘူးလို့ပြောပါတယ်။

    ''တရုတ်ပြည်ဘက်ကပြောတာတော့ နင်တို့ဒီမှာဒီလိုစောင့်နေတာ ငါတို့အတွက်မကောင်းဘူးပေါ့။ငါတို့မြန်မာပြည်ဘက်ကိုပို့ပေးချင်ပေမယ့် ဟိုဘက်ကနင်တို့ကိုလက်မခံတော့ဘယ်လိုမှပို့မရဘူးပေါ့။ အဲဒီလိုပဲပြောနေတယ်''လို့ မြန်မာပြည်ဘက် ပြန်ဝင်ဖို့စောင့်ဆိုင်းနေတဲ့ကလေးမိခင်တစ်ဦးကပြောပါတယ်။

    မြန်မာဘက်ခြမ်းကိုပြန်ပို့ပေးဖို့တရုတ်အစိုးရကိုစာရင်းပေးထားတာ လချီရှိနေပြီဖြစ်သလို ပြန်မပို့ပေးလို့ ပြန်မရဖြစ်နေတယ်လို့ မြန်မာလုပ်သားအများစုကပြောပါတယ်။

    မြန်မာလုပ်သားတွေအနေနဲ့လည်း တရုတ်ပြည်ဘက်ခြမ်းကိုပြန်ဝင်ဖို့မှာ အလုပ်အကိုင်လည်း မရှိကြသလို၊ နေထိုင်ဖို့အိမ်လခလည်းမပေးနိုင်ကြလို့ တရုတ်အိမ်ရှင်တွေကလက်ခံဘူးကြဘူးလို့ဆိုပါတယ်။

    လက်ရှိမှာ တရုတ်ဘက်ကနေ မြန်မာဘက်ခြမ်းကိုပြန်မယ့် မြန်မာလုပ်သားတွေကို တရားဝင်ဂိတ်ပေါက်က မဟုတ်ဘဲ တရားဝင်မဟုတ်တဲ့နယ်စပ်ဂိတ်ပေါက်ကနေ ပြန်ပို့နေတာလည်းရှိပေမယ့် အကန့်အသတ်နဲ့သာပြန်ပို့ပေးနေတယ်လို့သိရပါတယ်။

    မြန်မာဘက်ကိုပြန်လာဖို့ တရုတ်ဘက်ခြမ်းမှာစောင့်ဆိုင်းနေရသူတွေထဲ ကိုယ်ဝန်သည်နဲ့ကလေးမိခင်တွေပါဝင်

    ဓာတ်ပုံ ရင်းမြစ်, SPM

    ဓာတ်ပုံ ပုံစာ, တရုတ် အိမ်ရှင်တွေက လက်မခံလို့ ပန်းခြံထဲ ညအိပ်ရသူတွေလည်းရှိနေ