ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ

မကွေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့မိသားစုတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. "တရားဝင်အစိုးရသဖွယ်ပုံဖော်နိုင်ဖို့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ လုပ်ဆောင်နေ" - မစ္စ ရှရနာ ဘာဂနာ၊ မြန်မာဆိုင်ရာ ကုလအထူးသံ, လက်ရှိမှာတော့ ဦးကျော်မိုးထွန်းက တရားဝင် ကုလသံအမတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က တရားဝင် မြန်မာခေါင်းဆောင်တွေ

    စစ်အာဏာသိမ်းပြီး ၆ လ အကြာမှာ၊ မြန်မာ စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အာဏာဆုပ်ကိုင်မှုကို ပိုပြီး ခိုင်မာအောင်ပြုလုပ်ဖို့ လုပ်ဆောင်လာနေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာက ပြောပါတယ်။

    အခု ဩဂုတ်လဆန်းပိုင်းက စစ်ကောင်စီကနေ အိမ်စောင့်အစိုးရ နာမည်ပြောင်းပြီး စစ်ခေါင်းဆောင်က သူ့ကိုယ်သူ ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခဲ့တာကို မစ္စဘာဂနာ ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲ ကိုဗစ်-၁၉တတိယလှိုင်းဒဏ် ဆိုးဆိုးရွားရွား ကြုံနေရပြီး အခြေအနေတွေဟာ အင်မတန် စိုးရိမ်ဖွယ်ရာ ရှိနေဆဲ ဖြစ်တယ်လို့လည်း မစ္စဘာဂနာက ဆွစ်ဇာလန်နိုင်ငံကနေ အွန်လိုင်း ဗီဒီယိုကတဆင့် အမေရိကန် နယူးယောက်မှာ ရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

    “ကျွန်မရဲ့ အမြင်အရတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိမ်စောင့်အစိုးရ ကြေညာခြင်းနဲ့အတူ အာဏာအပေါ် သူ့ရဲ့ ချုပ်ကိုင်မှုကို ပိုပြီး ခိုင်မာအောင် ပြုလုပ်ဖို့ ဆုံးဖြတ်ထားပုံ ရတယ်” ဆိုပြီး မစ္စ ရှရနာဘာဂနာက ပြောပါတယ်။

    အိမ်စောင့် အစိုးရ ကြေညာတယ်၊ သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်တယ်၊ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်တွေကို ပယ်ဖျက်ကြောင်း တရားဝင် ကြေညာချက် ထုတ်တယ် ... ဒီအချက်တွေဟာ သူ့တို့ကိုသူတို့ တရားဝင် အစိုးရ သဖွယ် ပုံဖော်ဖို့ရာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ လုပ်ဆောင်လာတဲ့ ခြေလှမ်းတွေ အဖြစ် မြန်မာ ဆိုင်ရာ ကုလ အထူးသံတမန်က ရှူမြင်သုံးသပ်တာ ဖြစ်ပါတယ်။

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ပါတီ အဖြစ်ကနေ ဇွတ်အတင်း အဓမ္မ ပယ်ဖျက်တာမျိုးလည်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေက မကြာခင် ကြေညာ လာနိုင်တဲ့ စိုးရိမ်ဖွယ် အခြေအနေမျိုးဖြစ်တယ်လို့ လည်း မစ္စ ရှရနာဘာဂနာက ပြောပါတယ်။

    “နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေ မရှိ ဖြစ်နေချိန်မှာ အာဏာသိမ်း စစ်တပ်က တရားဝင် အစိုးရ သဖွယ် ပုံဖော်ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်” လို့ မစ္စ ရှရနာ ဘာဂနာက ပြောရင်းမှာပဲ ....

    “ကျွန်မအနေနဲ့ ရှင်းရှင်းလင်းလင်း ရှိဖို့ ပြောရရင် ကုလအဖွဲ့ကြီးက ဘယ်သူဟာ အစိုးရ ဆိုပြီး ရွေးချယ် အသိအမှတ်ပြုတာမဟုတ်ပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တာဖြစ်ပါတယ်” လို့ ကုလအထူးသံက ဆိုပါတယ်။

    “အဖွဲ့ဝင် နိုင်ငံတွေက နောက်ဆုံးဖြတ်ချက် မချသေးသရွေ့ နယူးယောက်မှာ ရှိတဲ့ ဦးကျော်မိုးထွန်းဟာ မြန်မာရဲ့ ကုလသမဂ္ဂ ဆိုင်ရာ တရားဝင် သံအမတ်ကြီး ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ မြန်မာပြည်ရဲ့ အစိုးရ ခေါင်းဆောင်တွေ ဖြစ်ကြတယ်” ဆိုပြီးတော့လည်း လက်ရှိ ကုလသမဂ္ဂမှာ တရားဝင်မှုနဲ့ ပတ်သက်ပြီး မစ္စရှရနာ ဘာဂနာက မီးမောင်းထိုး ပြောခဲ့ပါတယ်။

    မြန်မာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်း ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေး အတွက် ဆက်လက် ကြိုးစား ဆောင်ရွက်နေတယ်လို့ မစ္စ ရှရနာ ဘာဂနာက ပြောပေမယ့်၊ အခုအချိန်ထိတော့ အာဏာသိမ်း စစ်တပ်ရဲ့ လက်ထက်မှာ ပြည်ဝင်ခွင့် မရသေးပါဘူး။

    မြန်မာအရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကို ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံ ကိုယ်စားလှယ်တွေ အပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အမေရိကန်၊ ယူကေ၊ နော်ဝေနဲ့ ဆွစ်ဇာလန် နိုင်ငံတွေက ကိုယ်စားလှယ်တွေကိုပါ ပေါင်းထည့်ပြီး ထူထောင်ထားရှိဖို့လည်း ကုလအထူးသံက တိုက်တွန်းနေပါတယ်။

    လတ်တလောမှာပဲ မြန်မာအရေး အာဆီယံ အထူးသံတမန်ကို အာဆီယံ ခန့်အပ်ထားရှိ လိုက်နိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အားလုံး ပါဝင်တဲ့ ပြောဆို ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ အရေးကြီးလှတယ်၊ နို့မို့ဆို မြန်မာပြည်ဟာ ပိုမို ဆိုးရွား ပြင်းထန်တဲ့ ပြည်တွင်းစစ်ဘက်ကို တစထက်တစ ပိုပြီး သွားနေပြီလို့ မစ္စ ရှရနာ ဘာဂနာက သတိပေးပါတယ်။

    ပိုဆိုးတဲ့ ပြည်တွင်းစစ်ဆီ သွားနေပြီလို့ ကုလအထူးသံ သတိပေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပိုဆိုးတဲ့ ပြည်တွင်းစစ်ဆီ သွားနေပြီလို့ ကုလအထူးသံ သတိပေး
  2. ရန်ကုန်ကဆေးဝါးဂိုဒေါင်တချို့ ပိတ်သိမ်းခံရ

    ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆေးပစ္စည်းတွေအဓိကတင်သွင်းဖြန့်ဖြုးရာဈေးကွက်တွေဖြစ်တဲ့ မင်္ဂလာဈေးနဲ့ဗိုလ်ချုပ်ဈေးအနီးမှာရှိတဲ့ ဈေးဂိုဒေါင်တချို့ကို သြဂုတ် ၁၁ ရက်နေ့မနက်ပိုင်းက တိုင်းဒေသကြီးအစိုးရရုံးကဝန်ထမ်းတွေ လာရောက်ပိတ်သိမ်းသွားတယ်လို့ ဂိုဒေါင်ပိုင်ရှင်တချို့ကပြောပါတယ်။

    " အဓိကတော့အခုဈေးကွက်ထဲမှာ ဝယ်လိုအားရော ရောင်းလိုအားပါကောင်းနေတဲ့ ကိုဗစ်လူနာတွေအများဆုံးသုံးတဲ့ သွေးကျဲဆေးတွေကို တင်သွင်းဖို့ register လုပ်ထားတာ စာရင်းသွင်းထားတာမရှိဘူးဆိုပြီးပိတ်သွားတာ။သူတို့ပဲတင်သွင်းခွင့်ပြုလို့တင်သွင်းလာကြတာလေ။ ဒီရောက်မှာ စာရင်းမသွင်းထားဘူးဆိုပြီး ပိတ်သွားတာ " လို ဆေးဂိုဒေါင်တစ်ခုက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၆မြို့နယ်က ဆေးဂိုဒေါင်တွေကိုလိုက်လံပိတ်သိမ်းတာဖြစ်ပြီး အခုလို ဆေးဂိုဒေါင်တွေ ပိတ်သိမ်းခံရတာနဲ့ပတ်သက်လို့ ကုန်သည်စက်မှုအသင်းချုပ်ကတာဝန်ရှိသူတစ်ဦးကို မေးမြန်းကြည့်ရာမှာလည်း ပိတ်သိမ်းရတဲ့ဖြစ်စဉ်ကိုစုံစမ်းနေဆဲဖြစ်တယ်လို့ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းချုပ် UMFCCI နဲ့ပြည်တွင်းမှာရှိတဲ့ ဆေးဝါးတင်သွင်းဖြန့်ဖြူးနေတဲ့ ကုမ္ပဏီတွေ တွေ့ဆုံပြီး ပြည်ပကနေ ဆေးပစ္စည်းတွေအလွယ်တကူတင်သွင်းနိုင်ဖို့၊ ဈေးကွက်အတွင်းဆေးဝါးတွေမပြတ်လပ်စေဖို့နဲ့ဈေးနှုန်းတက်တာတွေထိန်းချုပ်ဖို့အတွက်အစည်းဝေးပြုလုပ်ခဲ့ကြတယ်လို့UMFCCI ကသတင်းထုတ်ပြန်ထားပါတယ်။

    Pharmacy shop

    ဓာတ်ပုံ ရင်းမြစ်, Social Media

  3. ဖွံ့ဖြိုးရေး ပရောဂျက်တွေ အတွက် ဒေါ်လာ ၆ သန်းကျော် တရုတ်ဆီကနေ ရရှိ, စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ရန်ကုန် တရုတ်သံအမတ်ကြား လက်မှတ်ထိုး

    လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်း အနေနဲ့ မြန်မာနိုင်ငံ အတွင်း စီမံကိန်း လုပ်ငန်းပရောဂျက် ၂၁ ခု အတွက် တရုတ်နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ် ဆိုပြီး တရုတ်ပြည်မကြီး အစိုးရပိုင် ရှင်ဝှာ သတင်းဌာနက ပြောပါတယ်။

    ဒါ့ကြောင့် မြန်မာ အာဏာသိမ်းစစ်တပ်ရဲ့ လက်ထဲ ဒေါ်လာ ၆ သန်းကျော် တရုတ်ဆီကနေ ရမယ်လို့ နားလည်ရပါတယ်။

    LMCလို့ အတိုကောက် ခေါ်တဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဆိုတာ တရုတ်နဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက မဲခေါင်မြစ် ဖြတ်သန်း စီးဆင်းရာ နိုင်ငံတွေနဲ့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ရာ ၂၀၁၆ ခုနှစ်မှာ စတင်ပြီး ထူထောင် ထားရှိတာ ဖြစ်ပါတယ်။

    တိဘက်ဒေသမှာ စတင်တဲ့ မဲခေါင်မြစ်ဟာ ယူနန်ပြည်နယ်ကို ဖြတ်ပြီး အရှေ့တောင်အာရှ ဒေသနိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေထဲ စီးဆင်းတာ ဖြစ်ပါတယ်။ လန်ချန်းဆိုတာ တရုတ်နိုင်ငံထဲမှာ မဲခေါင်ကို ခေါ်တဲ့ နာမည်ဖြစ်ပါတယ်။ ဒါ့ကြောင့် LMC ဟာ တရုတ်နဲ့ မဲခေါင်မြစ်ဝှမ်းဒေသ အာဆီယံ ၅ နိုင်ငံနဲ့ကြား ပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပါတယ်။)

    အခု LMC အတွက် တရုတ်ကပေးတဲ့ အထူးထောက်ပံ့ငွေတွေကို မြန်မာထံ လွှဲပေးရေး သဘောတူမှုကို အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်တို့ကြား လက်မှတ် ရေးထိုးတာ ဖြစ်တယ်လို့ ရှင်ဝှာက ရေးပါတယ်။

    လုပ်ငန်း ပရောဂျက်ပေါင်း ၂၁ ခု အတွက် လို့ ပြောတာမှာ ပုံမှန် ကြုံလေ့ကြုံထ မရှိတဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်ရေး ဆိုတဲ့ ကဏ္ဍ အတွက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    ဒီမိုကရေစီ အင်အားစုတွေ အပေါ် အင်အားသုံး ဖြိုခွဲ တိုက်ခိုက်နေတယ် ဆိုပြီး မြန်မာ အာဏာသိမ်း စစ်တပ် အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ ပြစ်တင် ရှုတ်ချမှုတွေ ရှိနေချိန်၊ အာဏာသိမ်း စစ်တပ်ရဲ့ လက်ထဲ ငွေကြေးတွေ စီးဝင်မသွားစေဖို့ ပိတ်ဆို့မှုတွေ လုပ်ရေး ဆော်ဩနေကြချိန် ဖြစ်ပါတယ်။

    အခု LMC အတွက် ပေးတယ်ဆိုတဲ့ ပရောဂျက်တွေကို ကြည့်ရင် အထက်မှာ ပြောထားတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စအပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ တိမွေးကု ဆိုင်ရာ ကာကွယ်ဆေးတွေ ထုတ်လုပ်ရေး၊ သဘာဝဘေး တားဆီးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ နယ်ခြားကုန်သွယ်ရေး၊ ခရီးသွား လုပ်ငန်း စသဖြင့် ကဏ္ဍ အစုံက စီမံကိန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    အရင်ကလည်း LMC အောက်မှာ မြန်မာကို ထောက်ပံ့ငွေ သုံးကြိမ် ပြုလုပ်ထားဖူးပြီး စီမံကိန်း ၇၃ ခု ကို ကူညီပေးခဲ့တယ်လို့ ရန်ကုန်တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

    ပုံမှန် ကြုံလေ့ကြုံထ မရှိတဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်ရေး ဆိုတဲ့ ကဏ္ဍ အတွက်လည်း ပါဝင်

    ဓာတ်ပုံ ရင်းမြစ်, Chinese Embassy in Myanmar

    ဓာတ်ပုံ ပုံစာ, ပုံမှန် ကြုံလေ့ကြုံထ မရှိတဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်ရေး ဆိုတဲ့ ကဏ္ဍ အတွက်လည်း ပါဝင်
  4. လက်နက်ကြီးပစ်ခတ်သံတွေကြားရတဲ့ ဝိုင်းမော်ဘက်က ကျေးရွာဒေသခံတချို့ နေရပ်တိမ်းရှောင်နေရ

    ကချင်၊ ဝိုင်းမော်မြစ်ကြီးနားက ဒေသခံတွေဟာ ဩဂုတ်လ ၁၀ ရက် ညမှာလည်း လက်နက်ကြီးသံတွေ ထပ်မံ ကြားလာခဲ့ရပါတယ်။

    ဘယ်အဖွဲ့တွေ တိုက်ပွဲဖြစ်တာလဲ၊ ဘယ်သူက ဘယ်သူ့ကို ပစ်တာလဲ ဆိုတာတွေကို အတည်ပြုလို့ မရနိုင်သေးဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ် ဩဂုတ်လဆန်းပိုင်းတုန်းကလည်း ၃ ရက်နေ့ ညပိုင်း ၇ နာရီ ခွဲဝန်းကျင်လောက်က စပြီး ၄ ရက် နေ့အထိ ဝိုင်းမော်တဝိုက် ပစ်ခတ်သံတွေ၊ လက်နက်ကြီး သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

    အဲဒီ လဆန်းပိုင်း ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ကချင် လွတ်မြောက်ရေးတပ် KIA က သူတို့အဖွဲ့နဲ့ကြား တိုက်ပွဲဖြစ်တာမဟုတ်ဘူး၊ အာဏာသိမ်း စစ်တပ်ရဲ့ဝိုင်းမော် နယ်မြေခံ တပ်ရင်းက တစ်ဘက်သတ် ပစ်ခတ်နေခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

    အဲဒီတုန်းက လက်နက်ကြီးကျည် အနီးနားရွာထဲကျပြီး အိမ်မီးလောင်တာ၊ အိမ်မွေး ဝက်တွေ အစုလိုက် သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။

    အဲဒီ နောက်ပိုင်း မကြာခဏဆိုသလို လက်နက်ကြီးသံတွေ နီးနီးကပ်ကပ်နဲ့ ကျယ်ကျယ်လောင် ကြားနေခဲ့တရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့ ရက်ပိုင်းတွေကတော့ ၂ရက်လောက် တိတ်ဆိတ်သွားခဲ့ပြီး နောက်ပိုင်း သြဂုတ်လ ၁၀ ရက်ညမှာ လက်နက်ကြီးသံတွေ ပြန်လည် ထွက်လာခဲ့တာ ဖြစ်ပါတယ်။

    ဝိုင်းမော်မြို့ မဒိန်အုပ်စု လဘန်ရပ်ကွက်က ဒေသခံတချို့ကတော့ ပြီးခဲ့တဲ့ တပတ်ကြာလောက်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးအသံတွေကြောင့် ညပိုင်းတွေမှာ နေအိမ်တွေကနေ တိမ်းရှောင်နေထိုင်ရတယ်လို့ ဆိုပါတယ်။

    “အိမ်မှာ မအိပ်ရဲတော့ဘူး။ ဝိုင်းမော်မြို့ဘက်မှာအိပ်နေတယ်။ မနက်ပိုင်းကျတော့ ဝက်စားကျွေးကြက်စားကျွေးတော့ပြန်တယ်။ ခုနပြောသလို ပစ်ခတ်တဲ့ည အိမ်မီးလောင်သွားတဲ့ညကနေ ယခုချိန်ထိ ရှောင်ပြီးနေရတယ်။ အရင်လိုအားရပါရမပစ်ခတ်ပေမယ့်လည်း ဟိုနားခဏ ဒီနားခဏဖြစ်ပစ်ခတ်နေတော့ မဝင်ရဲတော့ဘူးလေ ရွာမှာ မအိပ်ရဲဘူး" လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဒါအပြင် သြဂုတ်လ ၃ ရက်နေ့က လက်နက်သံတွေကြားပြီးနောက်ပိုင်းမှာတော့ ဝိုင်းမော်မြို့ထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ သွားလာလှုပ်ရှားမှုတွေရှိတာကြောင့် ဒေသခံတွေကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့သိရပါတယ်။

    ဝိုင်းမော်မြို့ဟာ ညမှာခြောက်ကပ်နေပေမယ့် နေ့လယ်နေ့ခင်းတွေမှာတော့ ဝမ်းရေးအတွက် သွားလာလှုပ်ရှားလုပ်ကိုင်စားသောက်သူတွေရှိလို့ လုံးဝခြောက်ကပ်တဲ့အနေအထားတော့မရှိဘူးလို့ သိရပါတယ်။ ဒါအပြင် ဝိုင်းမော်မြို့မရဲစခန်းဆိုလည်း ခါတိုင်း ၈နာရီလောက်မှာပိတ်ပေးပေမယ့် အခုတော့ ၇ နာရီလောက်ဆိုပိတ်တယ်လို့သိရပါတယ်။

    လက်နက်ကြီးပစ်ခတ်သံတွေကြားရတဲ့ ဝိုင်းမော်ဘက်က ကျေးရွာဒေသခံတချို့ နေရပ်တိမ်းရှောင်နေရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လက်နက်ကြီးပစ်ခတ်သံတွေကြားရတဲ့ ဝိုင်းမော်ဘက်က ကျေးရွာဒေသခံတချို့ နေရပ်တိမ်းရှောင်နေရ
  5. အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီး ဆေးရုံ တက်နေရ

    အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ တပ်မတော်စစ်ဆေးရုံကုတင် (၁၀၀၀) (သိုက်ချောင်း) မှာ တက်ရောက် ဆေးကုသမှုခံယူနေကြောင်း တပည့်ဖြစ်သူတွေထံက သိရပါတယ်။

    နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးမှုပါထပ်လုပ်ထားတယ်လို့လည်း တပ်မတော်အရာရှိကြီးတစ်ဦးက သြဂုတ် ၁၁ ရက်နေ့လယ်ပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

    ယမန်နေ့ ညနေပိုင်းတည်းက သူဆေးရုံတက်နေရကြောင်း သတင်းတွေထွက်လာပြီး ကွယ်လွန်ပြီဆိုတဲ့ ကောလာဟလတွေပါ ထွက်ပေါ်လာခဲ့ပါသေးတယ်။

    အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဦးသန်းရွှေဟာ ကျန်းမာရေးလိုက်စားပြီး အရက်သေစာတောင် သောက်စားမှုမရှိသူလို့ သူ့တပည့်တွေကပြောပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်မှာ ရာထူးကအနားယူပြီးတဲ့နောက် ဆယ်စုနှစ်တစ်ခုအတွင်း လူမြင်ကွင်းမှာ တွေ့ရမှု နည်းပါးသူလည်း ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အနိုင်ရအပြီး ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းတို့ နဲ့ တွေ့ဆုံခဲ့မှုက အနားယူပြီးတဲ့နောက် ရှားရှားပါးပါး နိုင်ငံရေးမှာပါဝင်ပတ်သက်မှုဖြစ်ပါတယ်။

    တရုတ်နိုင်ငံ ကွန် မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံ တကာဆက်ဆံရေးဝန်ကြီး မစ္စတာဆုန့်ထောင်းရဲ့ ၂၀၁၆ ခုနှစ်က မြန်မာခရီးစဉ်အတွင်း နေပြည်တော်မှာ တွေ့ဆုံပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့မှုက ရှားပါးတဲ့ လူလုံးထွက်ပြမှုဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက သူ့သားမက် အငြိမ်းစား ဗိုလ်မှူးချုပ် သိန်းနိုင် ရဲ့ နာ‌ရေးကို လိုက်ပါပို့ဆောင်ပေးခဲ့ရာမှာလည်း တွေ့ရတာပဲဖြစ်ပါတယ်။

    အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီး ဆေးရုံ တက်နေရ

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း/ပုံဟောင်း

    ဓာတ်ပုံ ပုံစာ, အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီး ဆေးရုံ တက်နေရ
    အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီး ဆေးရုံ တက်နေရ

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း/ပုံဟောင်း

    ဓာတ်ပုံ ပုံစာ, အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီး ဆေးရုံ တက်နေရ
  6. ၄၄ လမ်းဖြစ်စဉ် စစ်ကောင်စီထုတ်ပြန်၊ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ၊ သုံးဦးကို ဖမ်းမိ လို့ ပါရှိ

    ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ လူငယ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးစဉ် ခုန်ချထွက်ပြေးတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီနေ့ သြဂုတ် ၁၁ ရက်မွန်းလွဲပိုင်းမှာ အခုလိုသတင်းထုတ်ပြန်လာပါတယ်။

    ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း ၊ တိုက်အမှတ် ၁၆၊ ၄ လွှာမှာ ဖောက်ခွဲရေးပစ္စည်းတွေ လုပ်ရာမှာ သုံးတဲ့ ပစ္စည်းတွေ သိုဝှက်သိမ်းဆည်းထားတယ်လို့ သတင်းအရ ဝင်ရောက်ရှာဖွေစဉ်မှာ အဲဒီတိုက်ခန်းအတွင်း အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း ၃ ဦးတို့ကို လက်လုပ်ဗုံး၊ ယမ်းပျော့၊ ဗျောက်အိုးအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းမိတယ်လို့ ဖော်ပြထားပါတယ်။

    အဲဒီလိုရှာဖွေနေစဉ်မှာ အခန်းတွင်းရှိ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဟာ ရှာဖွေဖမ်းဆီးစစ်ဆေးမှုကိုမခံယူဘဲ တိုက်ခန်း ၃ လွှာ အနောက်ဘက် ပြတင်းပေါက်ကနေ ခုန်ချစဉ် တိုက်ခန်းအောက်ခြေရှိ ကွန်ကရစ်ကြမ်းခင်းပေါ် ပြုတ်ကျပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကာ ကျန် အမျိုးသား ၃ ဦးဒဏ်ရာတွေရရှိခဲ့တာကြောင့် တပ်မတော်ဆေးရုံကို ပို့ထားတယ်လို့ ဖော်ပြပါရှိပါတယ်။ သတင်းထုတ်ပြန်ချက်အရ ဝင်ရောက်ရှာဖွေဖမ်းဆီးတဲ့တိုက်ခန်းဟာ ၄ လွှာလို့ ဖော်ပြထားပြီး ခုန်ချသူတွေကတော့ ၃ လွှာကနေ ခုန်ချတယ်လို့ ဖော်ပြထားတာကြောင့် ဘယ်လိုပုံစံ ဖြစ်ပွားတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

    ဒါ့အပြင် ခုန်ချသူငါးဦးထဲက သုံးဦးဟာ ဒဏ်ရာတွေရရှိထားပြီး တပ်မတော်ဆေးရုံပို့ဆောင်ထားတယ်လို့ ဖော်ပြထားပေမယ့် အဲဒီသုံးဦးဟာ ဘယ်သူဘယ်ဝါရယ်လို့တော့အမည်တွေနဲ့ ဖော်ပြထားတာမရှိသလို သေဆုံးသူ ၂ ဦးရဲ့ အမည်ကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားခြင်းမရှိပါဘူး။ မနေ့ကဖြစ်စဉ်မှာဖမ်းမိသူ သုံးဦးဖြစ်တဲ့ ကိုသီဟကောင်းဆက်၊ ကိုဝေဖြိုးအောင်နဲ့ မမိုးကျော့ကျော့ခန့်(တချို့လူမှုကွန်ရက်မှာတော့ မပိုးကျော့ကျော့ခန့်လို့ဖော်ပြထား) တို့ သုံးဦးရဲ့ ဓာတ်ပုံတွေနဲ့ ဖမ်းမိတဲ့ပစ္စည်းတွေဆိုပြီး ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

    မနေ့က အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်လို့ ယူဆရသူတွေချင်း အစီရင်ခံတင်ပြနေတဲ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုအသံဖိုင်တစ်ခုလည်း လူမှုကွန်ရက်မှာပျံ့နှံ့လာခဲ့ပြီး အဲဒီဖိုင်ထဲမှာလည်း ခုန်ချသူ ငါးဦးလို့ ပြောကြားနေတာကို ကြားသိရပါတယ်။ ဝင်ရောက်ဖမ်းဆီးစဉ်မှာ ပစ်ခတ်မှုတွေရှိတယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့်လည်း စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ပစ်ခတ်ဖမ်းဆီးတယ်လို့ ဖော်ပြထားတာမရှိပါဘူး။

    အဲဒီဖြစ်စဉ်မှာ ခုန်ချထွက်ပြေးသေဆုံးခဲ့တဲ့ လူငယ်တွေရဲ့ မိသားစု ဝင်တချို့နဲ့ သူငယ်ချင်းတွေကတော့ ငါးဦးသေဆုံးတယ်လို့လည်း ပြောကြားမှုတွေရှိနေပါတယ်။

    သေဆုံးသူ ရုပ်အလောင်းတွေကိုတော့ မိသားစုက ပြန်လည်မရရှိသေးဘူးလို့လည်း ဘီဘီစီကို မိသားစုဝင်တချို့က ပြောကြားလာပါတယ်။ သေဆုံးရုပ်အလောင်းတွေနဲ့ ပတ်သက်လို့တော့ ဘယ်လိုစီစဉ်ထားရှိမယ်ဆိုတာတော့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြမထားသေးပါဘူး။

    Yangon, 44th street

    ဓာတ်ပုံ ရင်းမြစ်, Military Information committee

    Yangon, 44th street

    ဓာတ်ပုံ ရင်းမြစ်, Military Information committee

  7. မိုင်းနားမှာ စစ်ရှောင်ထဲ ကိုဗစ်လူနာထပ်တွေ့ပေမယ့် အားလုံး ကျန်းမာရေးကောင်းမွန်

    သြဂုတ်လ ၁၀ ရက်နေ့အထိ ကိုဗစ်လူနာ ၃၉ ဦးထိ ပိုးတွေ့ထားတဲ့ ကချင်ပြည်နယ်၊ မိုင်းနားကေဘီစီစခန်းက စစ်ရှောင်ပြည်သူ ကျန်းမာရေးကောင်းမွန်တယ်လို့ စခန်းတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။

    မိုင်းနားကေဘီစီ စစ်ရှောင်စခန်းမှာ ဇူလိုင်လ ၂၃ ရက်နေ့ကနေသြဂုတ်လ ၁၀ ရက်နေ့အထိ ကိုဗစ် ပေါ့စတစ် ၃၉ ယောက်တွေ့ခဲ့ပြီး အဲဒီထဲက အယောက် ၂၀ ကျော်ဟာ ဆေးကုသမှုခံယူပြီးတဲ့နောက် သက်သာလို့ ဆေးရုံကဆင်းလာပြီးလို့ တာဝန်ခံကပြောပါတယ်။

    စခန်းကနေပြီး ကိုဗစ်ဖြစ်တဲ့သူတွေထဲမှာတော့ ယခုထိ ဆိုးဆိုးရွားရွား ရောဂါဝေဒနာခံစားရသူမရှိသလို အောက်စီဂျင်ပေးရတဲ့အထိ ပြင်းထန်လူနာလည်း မရှိသေးဘူးလို့ပြောပါတယ်။

    “မနေ့(သြဂုတ် ၁၀) ကစစ်တဲ့အခါမှာ ၃ယောက်ပြန်တိုးတာ။ တိုးတော့ အဲ့ဝိုင်းမော်ကျန်းမာရေးဌာနကပဲ လာစစ်ပြီးတော့ လာခေါ်သွားတယ်။ ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေတယ်။ ၂၀ကျော်လောက်ကဆေးရုံကဆင်းခဲ့ပြီ။ ပေါ့စစ်တစ်အားလုံးပေါင်းမနေ့ကအထိ ၃၉ယောက်ရှိတယ်။ ကျန်းမာရေးအခြေအနေကတော့ အားလုံးကောင်းပါတယ်” လို့ စခန်းတာဝန်ခံကပြောပါတယ်။

    ဝိုင်းမော် မြို့နယ် မှာရှိတဲ့ မိုင်းနား ကေဘီစီစစ်ရှောင်စခန်းဟာ မြို့နယ် ၄ခု က ရွာပေါင်း ၄၀ ကျော် အိမ်ခြေ ၅၃၂ စု ၊ လူဦးရေ၂၉၁၆ ဦးနေထိုင်တဲ့ စခန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။

    လူဦးရေ သုံးထောင်ခန့် နေထိုင်တဲ့မိုင်းနားစစ်ရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လူဦးရေ သုံးထောင်ခန့် နေထိုင်တဲ့မိုင်းနားစစ်ရှောင်စခန်း
    လူဦးရေ သုံးထောင်ခန့် နေထိုင်တဲ့မိုင်းနားစစ်ရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လူဦးရေ သုံးထောင်ခန့် နေထိုင်တဲ့မိုင်းနားစစ်ရှောင်စခန်း
    လူဦးရေ သုံးထောင်ခန့် နေထိုင်တဲ့မိုင်းနားစစ်ရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လူဦးရေ သုံးထောင်ခန့် နေထိုင်တဲ့မိုင်းနားစစ်ရှောင်စခန်း
  8. ရန်ကုန် ၄၄လမ်းဖြစ်စဉ်မှာ သေဆုံးသူတချို့ရုပ်အလောင်း မိသားစုတွေ ပြန်မရသေးလို့ ပြော

    ရန်ကုန်မြို့ ၊ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ ၄၄လမ်းထဲက တိုက်ခန်းတစ်ခုပေါ်ကနေ လူငယ်တချို့ပြုတ်ကျသေဆုံးတဲ့အနေထားတွေ မနေ့ကသြဂုတ်လ ၁၁ ရက်နေ့ညနေပိုင်းကလူမှုကွန်ယက်တွေမှာ ထွက်ပေါ်ခဲ့ပါတယ်။ တိုက်ခန်းအတွင်း နေထိုင်တဲ့လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးရာကနေအခုလိုဖြစ်ရတာဖြစ်ကြောင်း နီးစပ်ရာသူငယ်ချင်းမိတ်ဆွေတွေက ပြောဆိုပါတယ်။

    ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ မိသားစုဝင်တွေကို ဘီဘီစီက ဆက်သွယ်ရာမှာတော့ တိုက်ခန်းပေါ်ကပြုတ်ကျ သေဆုံးတဲ့အထဲမှာ ပါဝင်ခဲ့ကြောင်း အတည်ပြုပြောဆိုပါတယ်။

    "ကျွန်တော်တို့ကတော့ သေဆုံးသွားတယ်ဆိုတာပဲသိရတယ် ။ ကျွန်တော့်အမျိုးသမီးဆိုတာလည်း ဟုတ်တယ်။ ဘာကြောင့်ဖြစ်တယ် ၊ သူဘာလုပ်နေတယ်ဆိုတာလည်း ကျွန်တော်တို့မိသားစုက မသိရတော့ ဖြစ်စဉ်မပြောပြနိုင်ပါဘူး ။ အခုချိန်ထိလည်း မိသားစုဆီ အလောင်းလာယူဖို့ ဆက်သွယ်လာတာ မရှိပါဘူး" လို့ ဖြစ်စဉ်မှာပါဝင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ခင်ပွန်းက ဘီဘီစီကို ပြောပါတယ်။

    ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ လူငယ်တွေဟာ အသက် ၂ဝ ဝန်းကျင်ရှိ လူငယ်တွေဖြစ်ပြီး ၁၇ နှစ်အရွယ် လူငယ်တစ်ဦးလည်း ပါဝင်ကြောင်းနဲ့ သူတို့ဟာ စုပေါင်းနေထိုင်ကြတာမဟုတ်ဘဲ အဲ့ဒီနေ့ကမှ ချိန်းဆိုရင်း စုပေါင်းတွေ့ဆုံခဲ့ကြတာဖြစ်ကြောင်း နီးစပ်ရာသူငယ်ချင်းတစ်ဦးက ဆိုပါတယ်။

    "အဲ့ဒီနေ့က တွေ့ကြတာ ၉ ယောက်ပါ ။ မုန့်လုပ်စားဖို့ ချိန်းကြရင်း လူစုမိကြတာ ။ ကျွန်တော်ကတော့အကြောင်းအမျိုးမျိုးကြောင့် မရောက်ဖြစ်တာ။ သေဆုံးတဲ့လူ အရေအတွက်ကို အတည်ပြုလို့ မရသေးပါဘူး။ ၃ ဦး အဖမ်းခံလိုက်ရတယ်လို့တော့ သိရတယ်" လို့ ဖြစ်စဉ်မှာပါဝင်တဲ့ လူငယ်တွေနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ၄၄ လမ်းမှာရှိတဲ့ နေအိမ်တစ်ခုကို ဝင်ရောက်ဖမ်းဆီးကြောင်းနဲ့ အဲဒီလိုဝင်ဖမ်းချိန်မှာ လူငယ်ငါးဦးဟာ နောက်ဖေးပေါက်ကနေ ခုန်ချထွက်ပြေးသွားကြောင်း၊ အရေးပေါ်လှေကားလည်း မသုံးဘဲ အလွတ်ကြီးသာ ခုန်ချတာဖြစ်ကြောင်းနဲ့ အခန်းတွင်းမှာတော့ တစ်ဦးကိုဖမ်းမိပြီး ဆက်စပ်ပစ္စည်းတွေလည်း ဖမ်းမိတယ် ဆိုတဲ့ ပြောဆိုချက်တွေပါဝင်တဲ့လုံခြုံရေးတပ်ဖွဲ့ဝင်လို့ ယူဆရသူအချင်းချင်း သတင်းပို့ အစီရင်ခံတဲ့ အသံဖိုင်တစ်ခုလည်း လူမှုကွန်ရက်ပေါ် ပျံနှံ့လာခဲ့ပါတယ် ။

    သက်ဆိုင်ရာ နယ်မြေရဲစခန်းဖြစ်တဲ့ ဗိုလ်တထောင်ရဲစခန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာတော့ ဖမ်းဆီးတဲ့ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အထက်လူကြီးတွေ သွားရောက်ဖမ်းဆီးတာ ဖြစ်တဲ့အတွက် မဖြေဆိုနိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ဘီဘီစီဘက်ကလည် းဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ် ။

    လူမှုကွန်ရက်မှာပျံ့နှံနေတဲ့ အခင်းဖြစ်ပွားရာလို့ ယူဆရတဲ့ နေရာကိုတွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, လူမှုကွန်ရက်မှာပျံ့နှံနေတဲ့ အခင်းဖြစ်ပွားရာလို့ ယူဆရတဲ့ နေရာကိုတွေ့ရစဉ်
  9. ပြည်နယ်ကောင်စီကို ရခိုင်အမျိုးသားပါတီကို အိတ်ဖွင့်ပေးစာပို့ ပြီးဝေဖန်

    ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကို ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဩဂုတ်လ ၁၀ ရက် ဒီကနေ့နေ့လယ်ပိုင်းမှာ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ပြီးဝေဖန်လိုက်ပါတယ်။

    ရခိုင်ပြည်နယ်အတွင်း လက်ရှိကြုံတွေ့နေကြရတဲ့ ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှုတွေကြောင့် ပြည်သူတွေ နေရေးထိုင်ရေး စားရေးသောက်ရေး အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဝင်ရောက်ဖြေရှင်းတာတွေ၊ ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်ပေးမှုအားနည်းနေတဲ့အတွက် အဲ့ဒီအခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

    ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်မားလာနေတဲ့အတွက် မြို့နယ်တိုင်းမှာ လုပ်ငန်းတွေကို ယာယီရပ်နားထားကြတာကြောင့် လက်လုပ်လက်စား နွမ်းပါးသူတွေအနေနဲ့ အလုပ်အကိုင်ရှားပါးပြီး ပုံမှန်ဝင်ငွေမရှိဘဲ စားဝတ်နေရေးတွေအခက်အခဲနဲ့ ကြုံတွေ့နေကြရပေမယ့် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကူညီဖြေရှင်းပေးတာမျိုးမလုပ်ဘဲ လစ်လျူရှုထားတယ်လို့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

    ဒါ့အပြင် ကိုဗစ် ၁၉ ရောဂါကူးစက်မှုက ကျေးလက်တောရွာတွေအထိ ပျံ့နှံ့မှုတွေနဲ့ကြုံနေရသလို စစ်ဘေးရှောင်စခန်းတွေမှာလည်း ဖြစ်ပွားသူတွေရှိနေတဲ့အပြင် သေဆုံးသူတွေလည်း မြင့်တက်လာနေတာကြောင့် ထိန်းချုပ်ကာကွယ်တဲ့အပိုင်းကို ထိရောက်စွာ ကိုင်တွယ်ဖို့လိုအပ်နေတယ်လို့ ပြောဆိုထားပါတယ်။

    ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ကူညီထောက်ပံ့မှုတွေကိုလည်း ပြည်နယ်အစိုးရက ပိတ်ပင်ထားတာတွေရှိနေပြီး အဲ့ဒီပိတ်ဆို့မှုတွေကိုလည်း ပြန်လည်ခွင့်ပြုပေးဖို့ တိုက်တွန်းပြောကြားထားပါတယ်။

    ပြည်သူတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာကူညီဖြေရှင်းမပေးတဲ့အပြင် လမ်းသွားလမ်းလာတွေ၊ ကား၊ဆိုင်ကယ်တွေကို လုံခြုံရေးအကြောင်းပြပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က စစ်ဆေးမှုတွေပြုလုပ်နေတာဟာလည်း ပြည်သူတွေပေါ် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေဖြစ်အောင် ပြုလုပ်နေခြင်းဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက ထောက်ပြ ပြောဆိုထားပါတယ်။

    အိတ်ဖွင့်ပေးစာနဲ့ပတ်သက်လို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက သက်ဆိုင်ရာတာဝန်ရှိ သူတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

    ကပ်ရောဂါကာလအတွင်း စားသောက်ကုန်တွေအပြင် ဆေးဝါးပစ္စည်းတွေပါ ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဈေးကြီးပေးပြီး ဝယ်ယူသုံးစွဲနေကြရသလို တချို့နွမ်းပါးတဲ့မိသားစုတွေအတွက်တော့ ဆေးဝါးပစ္စည်းတွေတောင် ဝယ်ယူသုံးစွဲဖို့အခက်အခဲရှိနေတယ်လို့ အဲ့ဒီအိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး စီမံအုပ်ချုပ်ရေးကောင်စီစတင် ဖွဲ့စည်းတဲ့အခါမှာ တပ်မတော်ဘက်က ရခိုင်အမျိုးသားပါတီရဲ့ ခေါင်းဆောင်ပိုင်းထဲမှာပါဝင်သူ ဒေါ်အေးနုစိန်ကို အဖွဲ့ဝင်အဖြစ်ထည့်သွင်းခဲ့ပါတယ်။ ပါတီအနေနဲ့လည်း စစ်ကောင်စီနဲ့ ချိတ်ဆက်လုပ်ဆောင်တာတွေရှိခဲ့ပြီး မကြာမီလပိုင်း အတွင်းမှာတော့ လမ်းခွဲလိုက်ကြတာဖြစ်ပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, Myitn Lwin

  10. မြန်မာနိုင်ငံအတွက် ဒေါ်လာ သန်း ၅၀ ကျော် အမေရိကန် လှူမယ်

    စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့်ရော ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့်ပါ အကြပ်အတည်း ပြဿနာတွေ ပိုဆိုးဝါး ကြုံတွေ့လာနေရတဲ့ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အကူအညီ ဒေါ်လာ သန်း ၅၀ ကျော် ထောက်ပံ့မယ်လို့ အမေရိကန် အစိုးရက ထုတ်ဖော် ပြောလိုက်ပါတယ်။

    စားနပ်ရိက္ခာ၊ နေစရာနဲ့ သောက်သုံးရေ လိုမျိုး မရှိမဖြစ် လိုအပ်တဲ့ အခြေခံပစ္စည်းတွေအတွက်အပြင် အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ မတရားနှိပ်ကွပ် အရေးယူမှုတွေကနေ ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက်ရော၊ ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ အဖွဲ့တွေအတွက်ပါ ဒီထောက်ပံ့ငွေနဲ့ အကူအညီပေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်နေတဲ့ ထိုင်းနိုင်ငံကိုလည်း ဒေါ်လာ ၅ သန်း ထောက်ပံ့မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ် က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

    လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အကူအညီတွေ အလိုအပ်ဆုံး ဖြစ်နေချိန်မှာ အခုလို ထောက်ပံ့ကူညီလိုက်တာ ဖြစ်ပြီး ကိုဗစ်ရောဂါဒဏ်ကို ကြုံတွေ့နေရတဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံ နှစ်ခုစလုံးက ပြည်သူတွေရဲ့ ဒုက္ခတွေ လျော့ပါးသွားစေရေးကို ဒီထောက်ပံ့ငွေက အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မစ္စတာ နက်ဒ် ပရိုက်စ် က ပြောပါတယ်။

    အမေရိကန်၊ မြန်မာ၊ ကယ်ဆယ်ရေး အထောက်အပံ့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်
  11. စစ်တပ်နဲ့ ဖက်စပ်လုပ်ငန်း ရပ်ဆိုင်းထားပေမဲ့ မြန်မာနိုင်ငံတွင်းမှာ လုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ ကီရင်ဘီယာကုမ္ပဏီပြော

    မြန်မာနိုင်ငံတွင်းမှာ အာဏာသိမ်း စစ်တပ်နဲ့ ဖက်စပ်လုပ်ငန်း လုပ်ဆောင်မှုတွေကို ဖျက်သိမ်းခဲ့တဲ့ ကီရင် ဂျပန် ဘီယာ ကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့ ဆွေးနွေးပြောဆိုမှုတွေ ရှိနေဆဲပဲလို့ ကုမ္ပဏီ ထိပ်တန်း အမှုဆောင်အရာရှိ တိုရူ ယိုရှီမူရာက ဒီကနေ့ ထုတ်ဖော်ပြောလိုက်ပါတယ်။

    အခု ပြီးခဲ့တဲ့ ၆လတာကာလအတွင်း မြန်မာနိုင်ငံနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒေါ်လာ ၁၉၃ သန်း အရှုံးပေါ်ခဲ့တယ်လို့ ကီရင် ဘီယာ ကုမ္ပဏီက အစောပိုင်းက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ကစလို့ မြန်မာနိုင်ငံမှာ ကသောင်းကနင်း အခြေအနေတွေနဲ့ ကြုံခဲ့ရပြီး လုပ်ငန်းလည်ပတ်ဖို့ မရေမရာ အခြေအနေတွေကြောင့် အခုလို အရှုံးပေါ်ခဲ့ရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ကီရင်ကုမ္ပဏီဟာ သူနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ မြန်မာ ဘီယာနဲ့ မန္တလေး ဘီယာ ကုမ္ပဏီတွေရဲ့ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကျန်တဲ့အစုရှယ်ယာကိုတော့ စစ်တပ်ကို ထောက်ပံ့ပေးနေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကုမ္ပဏီက ပိုင်ဆိုင်ထားတာပါ။

    စစ်တပ်က အာဏာသိမ်းအပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကုမ္ပဏီနဲ့အတူ အာဏာသိမ်း စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေကို အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဒဏ်ခတ် ပိတ်ဆို့ခဲ့ပါတယ်။

    အာဏာသိမ်း စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ မြန်မာနိုင်ငံတွင်းက အရက်ဆိုင်၊ စားသောက်ဆိုင် အတော်များများမှာ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ မြန်မာဘီယာနဲ့ မန္တလေးဘီယာတံဆိပ်တွေကို မရောင်းတော့ပဲ သပိတ်မှောက်ခဲ့ကြတဲ့အတွက် ပြီးခဲ့တဲ့ ၆ လတာကာလအတွင်း ဒေါ်လာ ၉၂ သန်းလောက် အရောင်းကျသွားခဲ့ပါတယ်။

    မြန်မာစီးပွားရေး ဦးပိုင်လီမိတက် ကုမ္ပဏီနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ ဖက်စပ်လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ကလွဲလို့ တခြားရွေးစရာ လမ်းမရှိဘူးလို့ ကီရင်ကုမ္ပဏီက ဖေဖော်ဝါရီလက ထုတ်ဖော်ကြေညာထားပေမဲ့ သိသာထင်ရှားတဲ့ လုပ်ဆောင်မှုမျိုးတော့ မတွေ့ရသေးပါဘူး။

    ကီရင်မှာ ထည့်ဝင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို ကီရင်ကုမ္ပဏီကိုဖြစ်ဖြစ်၊ စစ်တပ်နဲ့ မပတ်သက်တဲ့ တခြားကုမ္ပဏီတွေကိုဖြစ်ဖြစ် ပြန်ရောင်းဖို့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကုမ္ပဏီကို တောင်းဆိုဖို့ စီစဉ်နေပေမဲ့ တရားဝင် ညှိနှိုင်းတာမျိုး မလုပ်ရသေးဘူးလို့ ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကီရင်ကုမ္ပဏီက ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

    "လောလောဆယ်မှာ မြန်မာနိုင်ငံထဲကနေ ကီရင်ကုမ္ပဏီ ထွက်သွားဖို့ စဉ်းစားမထားပါဘူး။ ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေမှုကို ရပ်ဆိုင်းရေး ညှိနှိုင်းဖို့ကို ဆွေးနွေးနေကြဆဲ ရှိပါသေးတယ်။ ဒါပေမဲ့ လက်ရှိ ကိုဗစ်အခြေအနေကြောင့် ဒီကိစ္စကို ရှေ့တိုး လုပ်ဆောင်ဖို့ အခက်အခဲ တွေ့နေပါတယ်"လို့ မစ္စတာ ယိုရှီမူရာ က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

    ကီရင်ဘီယာ၊ ဦးပိုင်လီမိတက်ကုမ္ပဏီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  12. တရုတ်ကာကွယ်ဆေး မြန်မာနိုင်ငံမှာ ထုတ်ဖို့ စီစဥ်

    မြန်မာနိုင်ငံအတွင်းမှာ တရုတ်နိုင်ငံက ဆိုင်နိုဖမ်း ကိုဗစ် ကာကွယ်ဆေးထုတ်တဲ့ ကုမ္မဏီအုပ်စုနဲ့ ပူးပေါင်းကာ ကိုဗစ်ကာကွယ်ဆေး နည်းပညာအသုံးပြုပြီး စက်မှုဝန်ကြီးဌာနကနေ ကာကွယ်ဆေးထုတ်ဖို့‌ ဆောင်ရွက်နေတယ်လို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်းဘီဘီစီကို ပြောပါတယ်။

    ရုရှ နိုင်ငံက စပွတ်နစ်ဗီ နဲ့ လည်း ပူးပေါင်းပြီး ကာကွယ်ဆေးထုတ်ဖို့လည်းစီစဥ်နေပြီး မြန်မာနိုင်ငံက ဆေးဝါးထုတ်လုပ်တဲ့စက်ရုံတွေမှာ ထုတ်လုပ်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ ရုရှ ခရီးစဥ်မှာ သဘောတူခဲ့ပါတယ်။

    တရုတ်နိုင်ငံက ဆိုင်နိုဖမ်း ကိုဗစ် ကာကွယ်ဆေးထုတ်တဲ့ ကုမ္မဏီနဲ့ ထုတ်လုပ်မှာကတော့ ဒီမှာအဆင့်သင့်ထုတ်လုပ်နိုင်တဲ့ အဆင့်ကို တင်သွင်းပြီး ထုတ်လုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

    ရုရှ စပွတ်နစ်ဗီ နဲ့ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ကာကွယ်ဆေး ၅ သန်းထုတ်လုပ်ဖို့ မျှော်မှန်းဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ဘီဘီစီကိုပြောခဲ့ပါတယ်။

    တရုတ်နိုင်ငံနဲ့ ထုတ်လုပ်မဲ့ အစီအစဥ်နဲ့ ပတ်သက်လို့ တစ်နှစ်ကို ဘယ်လောက်ထုတ်မယ်ဆိုတာကိုတော့ ကျန်းမာရေးဦးစီးဌာန ဘက်ကို မေးလို့မရသေးပါဘူး။

    တရုတ်သံရုံးကတော့ မြန်မာနိုင်ငံကို တရုတ်က ကာကွယ်ဆေး ၂.၅ သန်းအထိ ထောက်ပံ့ခဲ့ပြီးဖြစ်ပြီးတော့ အခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေနဲ့ မြန်မာနိုင်ငံမှာ ဇီဝလုံခြုံမှု အဆင့် (၃) ဓာတ်ခွဲခန်း တည်ဆောက်ရန်လည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်လို့ ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Getty Imagw

  13. ကချင်ပြည်နယ်အတွင်းအောက်ဆီဂျင်လိုအပ်ချက်အတွက် KBC နှစ်ချင်းခရစ်ယာန်အဖွဲ့ ကူညီပေးနေ, အောက်ဆီဂျင်စက်ရုံ တည်ဆာက်ဖို့လည်း စီစဉ်နေတယ်လို့ဆို

    ပြည်တွင်းကိုဗစ်တတိယလှိုင်းကာလမှာ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နဲ့အနီးတဝိုက်ဒေသတွေမှာအောက်ဆီဂျင်လိုအပ်ချက်ရှိနေတာတွေအတွက် KBC နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ကနေပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ အသင်းကတာဝန်ရှိသူတွေကပြောပါတယ်။

    "အောက်ဆီဂျင်ငှားလားတို့၊ အောက်ဆီဂျင်ရှိလားလို့ စုံစမ်း လာတာတွေရှိတယ် ။ ကျွန်တော်တို့အခုကိုဗစ်တတိယလှိုင်းကခါတိုင်းလိုစေတနာ့ဝန်ထမ်းတွေစုပြီးကူလို့လည်းမလွယ်တဲ့အခြေနေလည်းဖြစ်နေတယ် ။ အဓိကလိုတဲ့ဟာက အောက်ဆီဂျင်ဖြစ်နေတဲ့အတွက် လိုတဲ့နေရာမှာ ဝိုင်းကူပေးတဲ့သဘောပါ ။ ဆေးရုံဆေးခန်းတွေမှာလည်းလူနာနဲ့ဝန်ထမ်းမမျှတဲ့အခြေနေဖြစ်တော့အောက်ဆီဂျင်ကအဓိကနေရာရောက်သလိုဖြစ်လာပြီ " လို့ KBC နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရဆရာ ဦးဇင်ဝါဇော်လွန်းက ဘီဘီစီကိုပြောပါတယ်။

    KBC နှစ်ချင်းခရစ်ယာန်အဖွဲ့အနေနဲ့အခုလိုအောက်ဆီဂျင်လိုအပ်ချက်ကိုကူညီနိုင်ဖို့အတွက်လူသားချင်းစာနာထောက်ထားရေးအဖွဲ့တစ်ခုကနေပြီးတော့ အောက်ဆီဂျင်အိုးတွေမှာယူပြီး ဖားကန့်၊ မန္တလေးစတဲ့မြို့တွေမှာ အောက်ဆီဂျင်အရည်ပြန်လည်ဖြည့်တင်းကူညီပေးနေတာဖြစ်တယ်လို့လည်း အသင်းကတာဝန်ရှိသူတွေကဆိုပါတယ်။

    အခုလို အောက်ဆီဂျင်အကူညီပေးတာတွေကို ဇူလိုင်လ ၂ဝ ရက်နေ့ကတည်းက ဆောင်ရွက်ပေးနေတာဖြစ်ပြီးနောက်ပိုင်းမှာ KBC ရဲ့ သာသနာဇုန်တွေအလိုက် ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့ စီစဉ်သွားမယ်လို့သိရပါတယ်။

    KBC (Kachin )

    ဓာတ်ပုံ ရင်းမြစ်, Hpauyam Hka li

  14. ဖလမ်းမှာ ပစ်ခတ်ဖမ်းဆီးမှုတွေရှိပြီး ဒေသခံတွေ ခရီးမသွားဖို့ ချင်းအမျိုးသားအဖွဲ့က သတိပေး

    ချင်းပြည်နယ်၊ ဖလမ်းမြို့၊ သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းက ပစ်ခတ်မှုတွေရှိခဲ့ပြီး ဖလမ်းမြို့မှ တလန်ရောန်ကျေးရွာကို ဆေးကုပြီးပြန်လာတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ အဆိုပါ အမျိုးသားတစ်ဦးတို့ စီးလာတဲ့ မော်တော်ဆိုင်ကယ်တစ်စီး ပစ်ခတ်ခံခဲ့ရတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်ခဲ့မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ပေါင်မှာ သေနတ်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ အမျိုးသမီးကို တင်ဆောင်လာသော အမျိုးသားကို ဖမ်းဆီးထားတယ်လို့ ချင်းအမျိုးသား အဖွဲ့ချုပ်ကပြောပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက် နေ့ကလည်း ဖလမ်းမြို့ လုံပီး(လုံးရန်)ရပ်ကွက်မှာ မနက် ၈ နာရီခန့်အချိန်ကစတင်ပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ တစ်နေ့တာလုံး ရပ်တန့်ခြင်းမရှိဘဲပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

    လုံပီး(လုံးရန်) ရပ်ကွက် စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်တစ်ခုအတွင်းထိမှန်ပြီး အိမ်ရှင်အမျိုးသမီး ရင်ဘတ်သေနတ်ထိမှန်၍ သေဆုံးခဲ့တယ်လို့လည်း ချင်းအမျိုးသားအဖွဲ့ချုပ်က ပြောပါတယ်။

    ဒီပစ်ခတ်မှုတွေနဲ့ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို သတင်းထုတ်ပြန်တာမရှိသေးသလို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

    ဒါ့အပြင် ဖလမ်းမြို့အနီး ကျေးရွာတွေမှာစစ်ကောင်စီတပ်တွေက ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေပြီး ဖလမ်း-ရိဒ်၊ ဖလမ်း-ဟားခါး လမ်းသို့ ခရီးသွားလာခြင်း မပြုကြဖို့ ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

    စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ အတွင်းကတွေ့ရတဲ့ဖလမ်းမြို့

    ဓာတ်ပုံ ရင်းမြစ်, Chin TV national

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ အတွင်းကတွေ့ရတဲ့ဖလမ်းမြို့
  15. CDM မှာပါတဲ့ ဆရာဝန်၊ သူနာပြုတွေကို စစ်ကောင်စီက ပစ်မှတ်ထား အရေးယူနေတယ်လို့ ကုလ အစီရင်ခံစာထုတ်

    မြန်မာနိုင်ငံမှာ အလုပ်မဆင်းဘဲ ဆန္ဒပြတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူ ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေကို အာဏာသိမ်းစစ်ကောင်စီက ပစ်မှတ်ထား အရေးယူမှုတွေ လုပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဆရာဝန်တွေ၊ သူနာပြုတွေကို ဖမ်းဝရမ်းထုတ် လိုက်ဖမ်းဆီးတာတွေ ရှိသလို ဆန္ဒပြသူတွေကို ဆေးကုသပေးနေစဉ် ကျန်းမာရေး ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရခဲ့မှုတွေ၊ အရေးပေါ်လူနာတင်ယာဉ်တွေ ဖျက်ဆီးခံရမှုတွေ၊ ဆေးခန်းတွေကို စီးနင်းရှာဖွေမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    ဒါတင်မက WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝန်ထမ်းတွေ၊ NGO နဲ့ INGO ၀န်ထမ်းတွေကို စစ်ကောင်စီက ခြိမ်းခြောက်အန္တရာယ်ပေးတာမျိုး၊ လုပ်ငန်းခွင် အတင်းပြန်ဝင်ခိုင်းတာမျိုးတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ရထားတယ်လို့လည်း ဆိုပါတယ်။ အဲဒီဝန်ထမ်းအတော်များများဟာ လက်ရှိ ဖြစ်နေတဲ့ လုံခြုံရေး အခြေအနေကြောင့် အိမ်ကနေ အလုပ်လုပ် ဒါမှမဟုတ် အလုပ်မဆင်းကြသူတွေ ဖြစ်ပါတယ်။

    CDM လှုပ်ရှားမှုနဲ့ နီးစပ်သူတွေလို့ ယူဆရတဲ့ NGO ဝန်ထမ်းတွေရဲ့နေရာမှာ စစ်ကောင်စီက သူတို့လူတွေကို အစားထိုးခန့်ဖို့ ကြိုးစားတာမျိုးတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရထားတယ်လို့ ဆိုပါတယ်။

    ဒီအစီရင်ခံစာဟာ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင် အလုပ်လုပ်နေသူတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေအကြောင်း စုံစမ်းလေ့လာမှုတွေ လုပ်နေတဲ့ (Insecurity Insight အဖွဲ့)၊ လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားတဲ့ ဆရာဝန်များ (Physicians for Human Rights) အဖွဲ့နဲ့ Johns Hopkins Center ရဲ့ လူထုကျန်းမာရေးနဲ့ လူ့အခွင့်အရေးဌာန တို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။

    အဲဒီ အစီရင်ခံစာထဲမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးခန်းတွေ၊ ဆေးကုသမှုဆိုင်ရာ သယ်ယူပို့ဆောင်မှုတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှု၊ တားဆီးပိတ်ဆို့ခဲ့မှု ဖြစ်ရပ်တွေကို မီးမောင်းထိုး ဖော်ပြထားပါတယ်။ လူနာတွေအပေါ် အကြမ်းဖက် တိုက်ခိုက်တဲ့ သတင်းအချက်အလက်မျိုးတော့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

    CDM၊ ဆေးဝန်ထမ်း၊ အာဏာသိမ်းစစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  16. YMBA ရုံးခန်း ဗုံးနဲ့တိုက်ခိုက်ခံရ၊ စီစီတီဗီမှတ်တမ်းတွေအရ ရှာဖွေဖော်ထုတ်ဖို့ရှိတယ်လို့ အသင်းက ထုတ်ပြန်

    ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် ၊ ရေကျော်လမ်းမပေါ်မှာရှိတဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးကို ဒီကနေ့သြဂုတ်လ၁၀ရက်နေ့နေ့လယ်ပိုင်းက လူတစ်စုကလက်လုပ်ဗုံးနဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့ အသင်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ YMBA အသင်းရဲ့အဆောက်အ ဦးမှာတပ်ဆင်ထားတဲ့ CCTV မှတ်တမ်းတွေအရ လမ်းတစ်ဖက်ခြမ်း အကွယ်ကနေ စနက်တံမီးရှို့ကာ ပစ်ပေါက်ထွက်ပြေးသွားတာဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    အခုလိုအသင်းရှိရာအဆောက်အဦးကို လက်လုပ်ဗုံးနဲ့ပစ်ပေါက်ခဲ့တဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီလုပ်ရပ်ကို ရှုံ့ချကြောင်းနဲ့CCTV မှတ်တမ်းက တွေ့ရှိချက်တွေနဲ့ ရှာဖွေဖမ်းဆီးသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မနေ့ကသြဂုတ်လ ၉ ရက်နေ့နေ့လယ်ပိုင်းမှာလည်း ပုဇွန်တောင်မြို့နယ်ထဲက ဈေးအနီးမှာပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကတော့ ပေါက်ကွဲမှုနဲ့ပတ်သတ်လို့ရဲတပ်သားထိခိုက်မှုရှိတယ်ဆိုတာကိုအတည်ပြုပြောဆိုထားတာမရှိပါဘူး။

    ဒါ့အပြင်မနေ့ကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ဒီကနေ့သြဂုတ်လ ၁ဝရက်မနက်ပိုင်းမှာပုဇွန်တောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ကားတွေ လှည့်လှည်တာတွေ၊ ကားရပ်ပြီးလုံခြုံရေးယူထားတာတွေရှိခဲ့တယ်လို့လည်း အနီးနားနေထိုင်သူတွေက ပြောပါတယ်။

    YMBA

    ဓာတ်ပုံ ရင်းမြစ်, YMBA ဖေ့ဘွတ်ခ်

  17. စစ်ကောင်စီ ကာကွယ်ဆေး အစီအစဥ် အလျင်မီပါ့မလား

  18. ကဗျာဆရာ အောင်ချိမ့်ရဲ့ နောက်ဆုံးခရီး

    ကဗျာဆရာ အောင်ချိမ့်ရဲ့ နောက်ဆုံးခရီးမြန်မာ့ကဗျာလောကမှာ ထင်ရှားတဲ့ ခေတ်ပြိုင်ကဗျာဆရာ အောင်ချိမ့်ဟာ မနေ့ကသြဂုတ်လ ၉ ရက်နေ့ညပိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်ရှိပြီးဖြစ်တဲ့ ကဗျာဆရာအောင်ချိမ့်ရဲ့နာရေးအခမ်းအနားကိုတော့ ဒီကနေ့သြဂုတ်လ ၁ဝရက်နေ့မှာ ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာပြုလုပ်ခဲ့ပါတယ်။

    ကဗျာဆရာအောင်ချိမ့်ဟာ သုခမိန်လှိုင်(သိဒတ္တလှိုင်)၊ မောင်ချောနွယ်၊ ဖော်ဝေးတို့နဲ့အတူ ခေတ်ပေါ် မြန်မာကဗျာ အရွေ့ကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ဂန္ထဝင် မမ၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသည်းစွဲ ကဗျာဆရာ စတဲ့ကဗျာတွေဟာ သူ့ရဲ့ ထင်ရှားတဲ့လက်ရာတွေဖြစ်ပါတယ်။ ကဗျာဆရာအောင်ချိမ့်ဟာ မကွယ်လွန်မီရက်တွေအထိ 'ကယ်တော်မူပါဗျို့' ကျွန်တော်ကအာရှတိုက်ကပါမြန်မာနိုင်ငံသားပါ ကျွန်တော်က အောင်ချိမ့်ပါ ။ ကျွန်တော့်ကိုဆေးကုပေးပါဗျို့ဆိုတဲ့ ကဗျာစာသားတွေပါဝင်တဲ့ ကဗျာတပုဒ်ကို ဇနီးသည်ကို ပါးစပ်က ခေါ် ပေးပြီးနောက်ဆုံးရေးသားခဲ့သေးတယ်လို့ရင်းနှီးတဲ့မိတ်ဆွေ တချို့ကပြောကြပါတယ်။

    ဒီကနေ့မှာပြုလုပ်တဲ့ ကဗျာဆရာအောင်ချိမ့်ရဲ့ နာရေးကိုတော့ မိသားစုဝင်တွေနဲ့ကဗျာစာပေအသိုင်းဝိုင်းကမိတ်ဆွေတချို့လိုက်ပါပို့ဆောင်ခဲ့ပြီး ဆရာအောင်ချိမ့်အတွက် ဂူသွင်းသင်္ဂြိုဟ်တာကိုပြုလုပ်သွားမှာဖြစ်တယ်လို့နာရေးအခမ်းအနားဆောင်ရွက်ပေးတဲ့ မိတ်ဆွေတွေက ဆိုပါတယ်။

    Poet-Aung Chaimt

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ကဗျာဆရာ အောင်ချိမ့်ရဲ့ နောက်ဆုံးခရီး
  19. ပြည်သူ သန်း၅ဝ အတွက် ပြည်ပကနေ ကာကွယ်ဆေးဝယ်ယူနေရင် တိုင်းပြည်မွဲသွားနိုင်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြော, တိုင်းရင်းဆေးဖော်ဖို့လည်း တိုက်တွန်း

    ပြည်တွင်းမှာ အသုံးပြုဖို့ ကိုဗစ်ရောဂါကာကွယ်ဆေးကို ပြည်ပကတချိန်လုံးဝယ်ယူနေရမယ်ဆိုရင် တိုင်းပြည်မွဲသွားနိုင်တဲ့အတွက် ပြည်တွင်းမှာထုတ်လို့ရအောင်ကြိုးစားရမယ်လို့သြဂုတ်လ ၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီရဲ့ ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ် ၊ကုသရေးဆိုင်ရာအစည်းဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားပါတယ်။

    ဒါကြောင့် တိုင်းနဲ့ပြည်နယ်က တိုင်းရင်းဆေးပညာရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး ကိုဗစ်ကာကွယ်ဆေးအတွက် သိပ္ပံနည်းကျလက်တွေ့ကျအောင်ဖော်စပ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားကြောင်း ဒီနေ့ထုတ်ကြေးမုံနဲ့မြန်မာ့အလင်း သတင်းစာတွေက ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာတော့ တရုတ်နှင့် ရုရှား ကိုဗစ်ကာကွယ်ဆေး သန်းချီပြီးဝယ်ယူထားတဲ့အကြောင်း စစ်ခေါင်းဆောင်က နေပြည်တော်မှာလုပ်တဲ့အစည်းဝေးတစ်ခုမှာပြောကြားခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်တူန်းကတော့ အိန္ဒိယနိုင်ငံကနေ Covidshield ကာကွယ်ဆေး ၁.၅သန်း လက်ဆောင်ရခဲ့ပြီး နောက်ထပ်ကာကွယ်ဆေး သန်း ၃ဝ ကိုတော့ ဝယ်ယူခဲ့ပါတယ်။

    လက်ဆောင်ရခဲ့တဲ့ ကာကွယ်ဆေး ၁ သန်းခွဲနဲ့ ဝယ်ယူထားတဲ့ သန်း ၃ဝထဲကကနေ လက်ဝယ်ရောက်ရှိထားတဲ့ ကာကွယ်ဆေးအရေအတွက် ၂သန်း စုစုပေါင်း ၃ သန်းခွဲကို ပြည်တွင်းမှာ အရေးအတွက်အားလုံးနီးပါး ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနဘက်ကထုတ်ပြန်ထားပါတယ်။

    အဲဒီကာကွယ်ဆေးတွေကိုတော့ NLD အစိုးရကက တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့စေတနာ့ဝန်ထမ်းတွေကိုပထမဦးစားပေးထိုးနှံပေးခဲ့ပြီး မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာကိုဗစ်ကာကွယ်ဆေး အစောဆုံးထိုးပေးတဲ့နိုင်ငံတွေထဲမှာပါဝင်ခဲ့ပါတယ်။

    လက်ရှိပြည်တွင်းမှာတော့ စစ်ကောင်စီလက်ထက် ဇူလိုင်လ ၂၆ ရက်ကနေ သြဂုတ်လ ၂ ရက်နေ့အထိ ပြည်တွင်းမှာရှိတဲ့ အသက် ၁၈ နှစ်အထက် သန်း ၃ဝ ကျော်ထဲက ၆.၅ ရာခိုင်နူန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးပြီလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက ပြောကြားထားပါတယ်။

    Senior General Min Aung Hlaing

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  20. ဦးကျော်မိုးထွန်းကို လုပ်ကြံတဲ့ကိစ္စဟာ မြန်မာနဲ့မသက်ဆိုင်ဘူးလို့ စစ်ကောင်စီထုတ်ပြန်

    ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုလုပ်ကြံရန်ကြံစည်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်က ရှုံ့ချတဲ့ကြေညာချက်ဟာ သံတမန်ကျင့်ဝတ်နဲ့သွေဖီတယ်လို့ မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ သြဂုတ် ၉ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

    ဒါဟာ ဗီယင်နာကွန်ဗင်းရှင်းပါ နိုင်ငံတစ်နိုင်ငံရဲ့ စောင့်ထိန်းရမယ့်အချက်ကို ချိုးဖောက်လိုက်တာပဲလို့ လည်း ကြေညာချက်ကဆိုပါတယ်။ သြဂုတ်လ ၃ ရက်နေ့က ကုလသံအမတ် ဦးကျော်မိုးထွန်းက သူ့ကိုလုပ်ကြံမယ့်သူတွေရှိနေတဲ့အကြောင်းကိုအမေရိကန်အာဏာပိုင်တွေဆီ သတင်းပို့ခဲ့ပြီးတဲ့နောက် အမေရိကန်ထောက်လှမ်းရေး FBI ကဒီအမှုကိုကိုင်တွယ်ခဲ့ရာမှာ တစ်ပတ်မပြည့်ခင်မှာပဲ သံသယရှိတဲ့မြန်မာလူငယ်နှစ်ယောက်ကို နယူးယောက်မြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။

    ဒီကိစ္စဟာ အမေရိကန်နိုင်ငံတွင်းမှာဖြစ်တဲ့ကိစ္စဖြစ်လို့ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေကြောင်းအရ သာဆောင်ရွက်ဖို့လိုပြီး မြန်မာနဲ့မသက်ဆိုင်ဘူးလို့ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။

    အခုလို အမေရိကန်လုံခြုံရေးဌာနက ဒီကိစ္စကိုအချိန်မီ ဖမ်းဆီးထိန်းသိမ်းလိုက်နိုင်တဲ့အပေါ် ကျေးဇူးတင်မိကြောင်းနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းအပေါ် ခြိမ်းခြောက်မှုကို အတိအလင်းရှုံ့ချကြောင်း ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ် က သြဂုတ် ၇ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

    Kyaw Moe Tun, Myanmar Representative to UN

    ဓာတ်ပုံ ရင်းမြစ်, Reuters