ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ

မကွေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့မိသားစုတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မုံရွာမှာ နေ့ခင်းပိုင်း ဆိုင်တွေပိတ်ဖို့ စာထုတ်ထား

    မုံရွာမှာ ဩဂုတ်၁၄ရက်နေ့ကစပြီး စျေးဆိုင်တွေ အားလုံးပိတ်ဖို့ စည်ပင်က စာပို့ထားပြီး မြို့ပေါ်က ဆိုင်တွေအားလုံးပိတ်ထားကြောင်း မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

    မနက် ၁၀နာရီကနေ ညနေ ၄နာရီအထိ ပိတ်သိမ်းရမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိတယ်လို့လည်း သိရပါတယ်။

    မုံရွာကို Stay at home မြို့အဖြစ်ကြေညာပြီး တစ်လနီးပါးကြာတဲ့အထိ ကိုဗစ်ကူးစက်လူနာ သိသာစွာ လျော့ကျခြင်းမရှိတာကြောင့် အခုလို ထုတ်ပြန်တာဖြစ်နိုင်တယ်လို့ မြို့ခံ အချို့ကသုံးသပ်နေကြပါတယ်။

    ယခု ရက်ပိုင်း ကုန်စည် စီးဆင်းမှုပြန်လည်အသက်ဝင်ကာစ မုံရွာမြို့မှာ ဒီထုတ်ပြန်ချက်ကြောင့် စျေးရောင်းစျေးဝယ်တွေ အခက်တွေ့နေတယ်လို့လည်းဆိုပါတယ်။

    စျေးတွေကို လာမယ့် သြဂုတ်လ ၂၆ ရက်နေ့အထိ ပိတ်ထားဖို့ရှိတယ်လို့ သိရပြီး စျေးဆိုင်တွေပိတ်ထားတဲ့အတွက် နယ်ကားတွေ အဝင်အထွက်မရှိတဲ့အတွက် ပိုပြီး အသွားအလာနည်းလာတာလို့ လည်း မုံရွာမြို့တစ်ဦးကပြောပါတယ်။

    မုံရွာမြို့မှာ အခုလိုအမိန့်ထုတ်ထားပေမဲ့လည်းသြဂုတ်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဆိုင်တွေပိတ်ထားတဲ့ မုံရွာမြို့
    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၁၅ ရက် မုံရွာမြို့လယ်မြင်ကွင်း
  2. လက်ရှိနိုင်ငံရေးအခင်းအကျင်းကို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ယောက် ဘယ်လိုမြင်လဲ

    လက်ရှိနိုင်ငံရေးအခင်းအကျင်းကို လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တစ်ယောက် ဘယ်လိုမြင်လဲ

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း

    မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့ လက်ရှိနိုင်ငံရေးအခြေအနေဟာ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းမှုမရှိ အလျှော့မပေးဘဲ စစ်ပွဲဘက်ကိုပဲ ဦးတည်မယ်ဆိုရင် အလုံးစုံ ပျက်စီးရေးကို သွားမယ့်သဘောရှိနေလို့ အလွန်စိုးရိမ်ဖို့ကောင်းတယ်လို့ KNU ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဖဒိုစောကွယ်ထူးဝင်းကပြောလိုက်ပါတယ်။

    တိုင်းရင်းသားခေါင်းဆောင်တစ်ဦးအနေနဲ့ ဖြတ်သန်းလာတဲ့နိုင်ငံရေးအတွေ့အကြုံအရ လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုသုံးသပ်လဲဆိုတဲ့ ဘီဘီစီရဲ့မေးခွန်းကို KNU ဖဒိုစောကွယ်ထူးဝင်းကအဲဒီလို ပြန်ဖြေခဲ့တာပါ။

    ဒီလိုအခင်းအကျင်းမှာ တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ တိုင်းရင်းသားတွေအားလုံးမျှော်လင့်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာထက် သီးခြားလွတ်လပ်တဲ့အနေအထားမျိုး စဉ်းစားလာကြမျိုးရှိတယ်လို့လည်း သူကပြောပါတယ်။

    ''ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီလိုပူးပေါင်းခြင်းအားဖြင့် ကျွန်တော်တို့ရဲ့အကျိုးအတွက် ကျွန်တော်တို့ တိုင်းရင်းသား ပြည်နယ်ဒေသ အကျိုးအတွက် မရှိဘူးဆိုလို့ရှိရင် သူတို့က ပူးပေါင်းမယ့် စဉ်းစားတွေးခေါ်မှုက လျော့နည်းလာတဲ့သဘော ပြောကြ၊ဆိုကြတာတွေလည်း ရှိတယ်။ ကျွန်တော်တို့ ကရင့်လူ့အဖွဲ့အစည်းအတွင်းမှာလည်း ပြောဆိုတာမျိုးရှိတယ်။ သို့သော်လည်း ကျွန်တော်တို့ နိုင်ငံအနေအထားက အဲဒီလိုလုပ်လို့ရှိရင်တော့ ပိုပြီးတော့ ဆုံးရှုံးနစ်နာမှုတွေကို ကျွန်တော်တို့ ခံစားရမယ်လို့ မြင်ပါတယ်။'' လို့ သူက ပြောပါတယ်။

    KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုးက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက်လမ်းဖွင့်ထားသလို နေရပ်ကိုလည်း ကာကွယ်မယ်လို့ ကရင့်အာဏာနည်နေ့ကိုပို့တဲ့သဝဏ်လွှာမှာ ပြောထားလို့ KNU အနေနဲ့ ရပ်တည်ချက်ပြောင်းလဲပြီလားဆိုပြီး နိုင်ငံရေးအကဲခတ်တွေက မေးခွန်းထုတ်ခဲ့တာပါ။

    ဒါနဲ့ပတ်သက်ပြီး KNU အနေနဲ့ အစဉ်တစိုက်စွဲကိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရပဲ ဖြေရှင်းလို့ရမယ်ဆိုတဲ့အချက်ကို စွဲကိုင်ထားဆဲဖြစ်ပြီး မပစ်ပယ်ထားဘူးလို့ သူကပြောပါတယ်။

    ကရင်အမျိုးသားအစည်းအရုံးဒုတိယဥက္ကဋ္ဌကတော့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးချိန်တုန်းက ထားရှိတဲ့ အစိုးရလည်းပါ၊ တပ်မတော်လည်း ပါဝင်မယ်ဆိုတဲ့ နိုင်ငံရေးဆွေးနွေးမှုကတိကဝတ် ပျက်သွားတဲ့အနေအထားကြောင့် နိုင်ငံရေးဆွေးနွေးမှုမှာ ပါဝင်နိုင်ခြင်း မရှိတာကို ဆိုလိုတယ်ဆိုပြီး ပြောပါတယ်။

    ''နိုင်ငံရေးဆွေးနွေးပွဲသာ ကျွန်တော်တို့ အဖြေရှာနိုင်မယ်။ ဒီကာလအတောအတွင်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မယ့်အနေအထားမှာကျတော့ နိုင်ငံရေးအရ ဆွေးနွေးမှုပေါ်လာအောင် လုပ်ရမယ်၊ တဖက်ကလည်း ကရင့်နိုင်ငံရေးရပ်တည်ချက်၊ ရည်မှန်းချက်ကို အကာ အကွယ်ပေးနိုင်တဲ့ လက်နက်ကိုင် နည်းလမ်းကို ကျင့်သုံးခြင်းဖြစ်ပါတယ်။ စစ်ရေးနဲ့အနိုင် ရတယ်ဆိုတာထက် နိုင်ငံရေးပြဿနာအနေနဲ့ရှင်းရမယ်ဆိုတာကို ဆိုလိုရင်းဖြစ်ပါတယ်။'' လို့ KNU ဒုတိယဥက္ကဋ္ဌဖဒို စောကွယ်ထူးဝင်းက ပြောပါတယ်။

  3. ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ ဖယ်ခုံ PDF တို့တိုက်ပွဲဖြစ်

    ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ ဖယ်ခုံ PDF တို့တိုက်ပွဲဖြစ်

    ဓာတ်ပုံ ရင်းမြစ်, Free Burma Ranger-Karenni

    ဓာတ်ပုံ ပုံစာ, ခေါင်းအိကျေးရွာအုပ်စု လွယ်ဟွဲကျေးရွာအနီးမှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေ ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရသလို ဒီနေ့ သြဂုတ်လ ၁၅ ရက်မနက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

    ရှမ်းပြည်နယ် ပင်လောင်းမြို့နဲ့ ဖယ်ခုံမြို့နယ်ကြားမှာရှိတဲ့ ပင်ပုံနဲ့ လွယ်ဟွဲကျေးရွာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-Phekon)တို့ သြဂုတ်လ ၁၄ ရက်မှာ နာရီနဲ့ချီ တိုက်ပွဲ ဖြစ်ခဲ့တယ်လု့ိ ဖယ်ခုံ PDF က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။

    နှစ်မြို့နယ်အစပ် ပင်ပုံကျေးရွာနဲ့ လွယ်ဝှဲကျေးရွာကြားမှာ ၁၁ နာရီကြာဖြစ်ခဲ့တဲ့အဲဒီတိုက်ပွဲမှာ PDF ဘက်က ထိခိုက်ဒဏ်ရာရသူ ၂ ဦးရှိပြီး စစ်ကောင်စီဘက်ကလည်း အထိအခိုက်ရှိတယ်လို့ ဆိုပါတယ်။

    ပင်လောင်းဘက်က လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်(PNO)တို့က ဖယ်ခုံမြို့နယ်ထဲမှာရှိတဲ့ PDF တပ်ဖွဲ့ဝင်တွေဆီကို ဝင်ရောက်လာတာကြောင့်လို့ ဆိုပါတယ်။

    အဲဒီတိုက်ပွဲမှာ ဖယ်ခုံ PDF အပြင် ဒီမော့ဆို၊ မိုမြဲတို့က PDF တပ်ဖွဲ့ဝင်တွေအပြင် ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)ဝင်တွေလည်း ပူးပေါင်း တိုက်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    လက်ရှိ ဒီနေ့ သြဂုတ်လ ၁၅ ရက် မနက် ၁၁ ခွဲမှာလည်း လွိုင်ကော်မြို့ဘက်ကနေ တက်လာတဲ့ လူအင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံမရောက်ခင် ခေါင်းမိုင်းကျေးရွာမှာ နက်လက်ကြီးနဲ့ ပစ်လို့ PDF ၁ ဦး ဒဏ်ရာရပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ဒဏ်ရာရသလို တိုက်ပွဲလည်း ဆက်ဖြစ်နေဆဲလို့ ဖယ်ခုံ PDF ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    အဲဒီဘက်က တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  4. မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း အာရှဖလားခြေစစ်ပွဲသွားရောက်ယှဉ်ပြိုင်မယ်

    မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းဟာ လာမယ့် စက်တင်ဘာလအတွင်း လက်ဘနွန်နိုင်ငံ မှာ ကျင်းပမယ့် ၂၀၂၂ အမျိုးသမီးအာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်တွေကို သွားရောက်ယှဉ်ပြိုင်မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အုပ်စု(ဃ)မှာ ရှိနေပြီး အိမ်ရှင်လက်ဘနွန်၊ ယူအေအီး၊ ဂူအန်အသင်းတွေနဲ့ အုပ်စုတစ်ခုထဲကျရောက်နေတာပါ။ ပြိုင်ပွဲ သတ်မှတ်ချက်အရ အဲဒီထဲက အုပ်စုဗိုလ်တစ်သင်းသာ ခြေစစ်ပွဲအောင်မှာလည်းဖြစ်ပါတယ်။ အဲဒီအုပ်စုပွဲစဉ်တွေကို စက်တင်ဘာ ၁၃ရက် ကနေ ၂၅ရက်အတွင်းကျင်းပသွားဖို့ရှိပြီး မြန်မာအသင်းဟာ အဖွင့်ပွဲစဉ် မှာ အိမ်ရှင်လက်ဘနွန်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာပါ။ ၂၀၂၂ အမျိုးသမီးအာရှဖလားပြိုင်ပွဲ - AFC Women’s Asian Cup 2022 ပြိုင်ပွဲကို ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းမှာ အိန္ဒိယနိုင်ငံ မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး အိမ်ရှင် အိန္ဒိယ၊၂၀၁၈ပြိုင်ပွဲရဲ့ ထိပ်ဆုံးသုံးသင်းဖြစ်တဲ့ လက်ရှိချန်ပီယံ ဂျပန်၊ဩစတြေးလျ၊ တရုတ် နဲ့ ခြေစစ်ပွဲအောင်မြင်လာတဲ့ အသင်း (၈)သင်း စုစုပေါင်း ၁၂သင်း တို့ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ယူ–၁၆၊ ယူ–၁၉ အသင်းတွေကထွက်ပေါ် ထားတဲ့ မျိုးဆက်သစ်ကစားသမား အများစု နဲ့ အတွေ့အကြုံရှိကစားသမားတွေကိုပေါင်းပြီးဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။ ပဏာမလက်ရွေးစင် (၃၀)ဦး နဲ့ အတူ (ဇူလိုင်) လအစောပိုင်းကတည်းက စခန်းသွင်းလေ့ကျင့်နေတဲ့မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကိုနည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က တာဝန်ယူ နေတယ်လို့သိရပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ လာမယ့် ၂၀၂၂ခုနှစ်မှာ အာရှဖလားအပါအဝင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) နဲ့ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။

    ယခင်ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့သည့်လက်ရွေးကစားသမားများပုံ

    ဓာတ်ပုံ ရင်းမြစ်, MFF

    ဓာတ်ပုံ ပုံစာ, ယခင်ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့သည့်လက်ရွေးကစားသမားများပုံ
  5. ပုသိမ်က အထည်ချုပ်ဝန်ထမ်း နှစ်ထောင်နီးပါး ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြီ

    ပုသိမ်က အထည်ချုပ်ဝန်ထမ်း နှစ်ထောင်နီးပါး ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြီ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပုသိမ်မှာ အရပ်သားအစိုးရလက်ထက်တုန်းကလည်း စက်ရုံအလုပ်ရုံဝန်ထမ်း ထောင်ချီကို အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ပါတယ်။

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်ရုံအလုပ်ရုံဝန်ထမ်းတွေထဲက အထည်ချုပ်ဝန်ထမ်း နှစ်ထောင်နီးပါးကို ပြီးခဲ့တဲ့ ၃ ရက်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနက တိုင်း ၄ ခုက စက်ရုံအလုပ်ရုံဝန်ထမ်းတွေကို ကာကွယ်ဆေးဦးစားပေးအထူးအစုအဖွဲ့ထဲမှာထည့်သွင်းသတ်မှတ်ထားပြီး အဲဒီထဲမှာ ဧရာဝတီတိုင်းလည်းပါဝင်ပါတယ်။

    တိုင်းထဲက ပုသိမ်မှာတော့ အထည်ချုပ်စက်ရုံရော၊ ဝန်ထမ်းပါများတာကြောင့် သြဂုတ်လ ၁၂ ရက်နေ့ကတည်းက သက်ဆိုင်ရာအထည်ချုပ်စက်ရုံတွေဆီ သွားပြီး ဆေးထိုးပေးနေတာလို့ သိရပါတယ်။

    ပုသိမ်မှာ အထည်ချုပ်စက်ရုံ ၉ ရုံရှိပြီး အလုပ်သမား တစ်သောင်းခွဲနီးပါး အလုပ်လုပ်ကိုင်နေပါတယ်။

    ''၁၃ ရက်နေ့တုန်းကဆိုရင် စက်ရုံတစ်ခုတည်းက အထည်ချုပ်ဝန်ထမ်း ၁,၄၀၀ လောက် ထိုးပေးနိုင်ခဲ့တယ်။ နောက်ရက်တွေမှာလည်း နောက်ရုံတွေကို သွားထိုးပေးခဲ့တယ်။ မနေ့(သြဂုတ်လ ၁၄ ရက်) တုန်းကတော့ သွားတဲ့စက်ရုံမှာ စာရင်းက ၂,၀၀၀ နီးပါးရှိပေမဲ့ မကြာသေးခင်တုန်းက ဖျားနာထားတဲ့သူ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် အဲလိုလူတွေရှိနေတော့ အမှန်တကယ် ထိုးပေးနိုင်တဲ့လူက ၂၀၀ နီးပါးပဲရှိခဲ့တယ်။ ဒီနေ့ (သြဂုတ်လ ၁၅ ရက်)မှာလည်း စက်ရုံတွေ သွားပြီး ထိုးပေးဖို့ရှိတယ်''လို့ ဆေးထိုးရာမှာပါဝင်တဲ့ပရဟိတအဖွဲ့ကပြောပါတယ်။

    ပုသိမ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းကို ထွေအုပ်နဲ့ ပြည်သူ့ကျန်းမာရေးဌာနဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။

    ပုသိမ်မှာ စစ်ကောင်စီလက်ထက် ကိုဗစ်ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းကို အထက(၁)၊ အထက(၄)နဲ့ မြို့တော်ခန်းမတို့မှာ စုရပ်ခွဲပြီး ဇူလိုင်လ ၂၉ ရက်ကနေ သြဂုတ်လ ၁၁ ရက်နေ့အထိ ပထမအသုတ် ထိုးပေးခဲ့တာဖြစ်ပါတယ်။

    ကျောင်းစုရပ်တွေမှာ လာထိုးနှံတဲ့သူ နေ့စဉ် ၁၀ ဂဏန်းပဲရှိပေမဲ့ မြို့တော်ခန်းမစုရပ်မှာတော့ ရဟန်း၊ သီလရှင်၊ ဝန်ထမ်း၊ အလုပ်သမားစတဲ့ အစုအဖွဲ့တွေကို ထိုးပေးတာကြောင့် ဆေးလာထိုးသူ ၂,၀၀၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။

    တချိန်တည်းမှာပဲ ပုသိမ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ လူပေါင်း ၁,၀၀၀ ကျော်အထိရှိလာနေပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနကတော့ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့က စက်ရုံအလုပ်ရုံဝန်ထမ်း ၈၉၀,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်နေပြီလို့ပြောပါတယ်။

    ''အလုပ်သမားညွှန်ကြားမှုဦးစီးဌာနဲ့ ညှိနှိုင်းပြီးတော့ သူတို့ဆီရရှိတဲ့အချက်အလက်နဲ့ ဒီအုပ်စုတွေကိုတော့ အထူးဦးစားပေးအနေနဲ့ ထိုးနှံပေးမယ်ဆိုလို့ရှိရင် စက်ရုံအလုပ်ရုံတွေလည်း စိတ်ချလက်ချနဲ့ ပြန်လည်လည်ပတ်ဆောင်ရွက်နိုင်မယ်ဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ နဂိုကလည်း ထိုးပေးနေပါတယ်။ အခုလည်း ရရှိတဲ့ကာကွယ်ဆေးအပေါ်မူတည်ပြီး ဒီအုပ်စုကို ဦးစားပေးထဲကနေမှ ထပ်ပြီးဦးစားပေးအနေနဲ့ ရွေးချယ်ပြီး ထိုးနှံပေးပို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။''လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ပြောပါတယ်။

    လက်ရှိမှာ တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးသူ ၁.၂၆ သန်းထဲမှာ စက်ရုံအလုပ်ရုံဝန်ထမ်း ၆၇,၀၀၀ ကျော် ပါဝင်ပြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။

  6. ကျန်းမာရေးထုတ်ပြန်ချက်အရ ကိုဗစ်ကြောင့်နေ့စဉ်သေဆုံးသူ ၃၀၀ အောက် ရောက်တာ ၁၀ ရက်ရှိပြီ

    ကျန်းမာရေးထုတ်ပြန်ချက်အရ ကိုဗစ်ကြောင့်နေ့စဉ်သေဆုံးသူ ၃၀၀ အောက် ရောက်တာ ၁၀ ရက်ရှိပြီ

    ဓာတ်ပုံ ရင်းမြစ်, Khin Mg Win

    ဓာတ်ပုံ ပုံစာ, ကိုဗစ်တတိယလှိုင်းအတွင်း နေအိမ်တွေမှာ သေဆုံးသူတွေများလို့ ပရဟိတ နာကူအသင်းကားတွေဟာ ရန်ကုန်က သင်္ဂြိုဟ်စက်တွေမှာ တန်းစီစောင့်ခဲ့ရပါတယ်။

    စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကိုရိုနာဗိုင်းရက်စ်ပိုး ကူးစက်ခံရတာကြောင့် နေ့စဉ်သေဆုံးတဲ့သူအရေ အတွက်ဟာ ၃၀၀ အောက်ကို ရောက်လာတာ ၁၀ ရက်အထိရှိလာပြီဖြစ်ပါတယ်။

    သြဂုတ်လ ၅ ရက်မတိုင်ခင်က နေ့စဉ် သေဆုံးသူ ၃၀၀ ကျော်အထိရှိခဲ့ပြီး သြဂုတ်လ ၅ ရက်နောက်ပိုင်းကနေ မနေ့ သြဂုတ်လ ၁၄ ရက်အထိ နေ့စဉ် သေဆုံးသူ ၃၀၀ အောက် ရောက်လာတာကို ကျန်းမာရေးဌာနအချက်အလက်တွေအရ သိရပါတယ်။

    ကျန်းမာရေးဌာနရဲ့နောက်ဆုံးထုတ်ပြန်ချက်အရဆိုရင် မနေ့က ပိုးတွေ့သူ ၃,၄၀၀ ကျော်အထိရှိခဲ့ပြီး သေဆုံးသူ ၁၉၉ ဦးအထိရှိပါတယ်။

    မြို့နယ်အလိုက် ကိုဗစ်ကူးစက်ခံရပြီးသေဆုံးသူ စာရင်းမှာဆိုရင်လည်း မြင်းခြံမြို့နယ်ထဲ တရက်တည်း သေဆုံးသူ ၈ ဦးအထိရှိခဲ့ပြီး မြင်းခြံအပါအဝင် မန္တလေးတိုင်းထဲက ကိုဗစ်ကူးစက်ပျံ့နှံမှုဖြစ်နေတဲ့ ၂၇ မြို့နယ်မှာ စုစုပေါင်း သေဆုံးသူ ၄၅ ဦးအထိ ရှိခဲ့ပါတယ်။

    ကျန်းမာရေးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၃၅၁,၆၀၀ ကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၁၃,၀၀၀ ကျော်ရှိပြီလို့ဆိုပေမဲ့ တတိယလှိုင်း ကူးစက်မှုမှာ ကျန်းမာရေးစောင့်ရှောက်မှု အကန့်အသတ်တွေကြောင့် နေအိမ်တွေကနေ ကိုဗစ်သံသယနဲ့သေဆုံးသူအရေအတွက်ဟာ ရန်ကုန်မြို့ တစ်မြို့တည်းမှာတင် နေ့စဉ်ရာချီရှိတယ်လို့ ပရဟိတအသင်းအဖွဲ့ တွေက ပြောထားပါတယ်။

  7. ထိုင်ဝမ်သားတွေ ကိုဗစ်ရန်ကြောက်လို့ MAI လေယာဉ် စင်းလုံးငှားပြီး ရန်ကုန်က ထွက်ခွာ

    ဒီကနေ့၊ ဩဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့မှာ၊ မြန်မာနိုင်ငံထဲ ရှိနေတဲ့ ထိုင်ဝမ်ကျွန်းကသူတွေ အယောက် ၈၀ ဟာ မြန်မာ အဲဝေး လေယာဥ်ကို စင်းလုံးငှားပြီး ထိုင်ဝမ်ကို ပြန်လာဖို့ ရှိတယ်လို့ တိုင်ပေမြို့က လာတဲ့ သတင်းတွေက ဆိုပါတယ်။

    မြန်မာနိုင်ငံထဲ ကိုဗစ် တတိယလှိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံနေရတဲ့ အတွက် အခုလို ထွက်ခွာကြတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    ရန်ကုန် ဓမ္မစေတီလမ်းမှာ ရှိတဲ့ တိုင်ပေ စီးပွားရေးနဲ့ ယဥ်ကျေးမှု ဆိုင်ရာ ရုံးခန်းကို မြန်မာ-ထိုင်ဝမ် စီးပွားရေး အသင်းက အကူအညီတောင်း လာတဲ့ အတွက် အခုလို MAI လေယာဥ် စင်းလုံးငှားပြီး စီစဥ်ပေးခဲ့တာ ဖြစ်တယ်လို့ တိုင်ပေမှာ ရှိတဲ့ နိုင်ငံခြားရေးရုံးက ထုတ်ပြန်ပါတယ်။

    မြန်မာဟာ ထိုင်ဝမ်က သတ်မှတ်ထားတဲ့ ကိုဗစ် နိုင်တင်း အန္တရာယ်မြင့် နိုင်ငံတွေ စာရင်းထဲ ပါဝင်နေတယ်လို့ ဆိုပါတယ်။

    အင်ဒိုနီးရှားကနေလည်း ထိုင်ဝမ်သားတွေ အလားတူ ထွက်ခွာနေ

    ဓာတ်ပုံ ရင်းမြစ်, Getty ပုံဟောင်း

    ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားကနေလည်း ထိုင်ဝမ်သားတွေ အလားတူ ထွက်ခွာနေ
  8. မြန်မာအရေး အာဆီယံကြားဝင်ရေးလမ်းကြောင်းကို ထောက်ခံကြောင်း အိန္ဒိယ ထပ်လောင်းပြောကြား

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

    မြန်မာအရေးနဲ့ ပတ်သက်ပြီး အာဆီယံ အထူးသံတမန် ဒါတို အီရာဝန် ယူဆွဖ်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး အက်စ် ဂျိုင်ရှန်ကာတို့ ဆက်သွယ် စကားပြောဆို ခဲ့ကြပါတယ်။

    “ဒါတို ဟာဂျီ အီရာဝန်က ဆက်သွယ် ခေါ်ဆိုလာတဲ့ အပေါ် အင်မတန် ဝမ်းမြောက်ပါတယ်။ မြန်မာနိုင်ငံထဲ ဖြစ်ပေါ် နေတဲ့ အခြေအနေတွေနဲ့ ပတ်သက် ပြီးတော့ အမြင်တွေ ဖလှယ်ခဲ့ကြပါတယ်။ မြန်မာအရေး အာဆီယံက ကမကထလုပ် ကြိုးပမ်းနေတဲ့ အပေါ် အိန္ဒိယနိုင်ငံက အပြည့်အဝ ထောက်ခံ အားပေးပါတယ်” ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဂျိုင်ရှန်ကာက တွစ်တာပေါ်မှာ ရေးပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒါတို အီရာဝန် ယူဆွဖ်ဟာ အခု ရက်ပိုင်းတွေ အတွင်း ဒေသတွင်း နိုင်ငံတွေ၊ မိတ်ဖက် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဆက်သွယ်ပြီး မြန်မာအရေး သူတို့ရဲ့ အမြင်တွေကို တီးခေါက် ရယူနေပါတယ်။

    မြန်မာ အာဏာသိမ်း စစ်တပ် အပေါ်အိန္ဒိယ မိုဒီ အစိုးရရဲ့ ဆက်ဆံရေးဟာ အနောက်အုပ်စု နိုင်ငံတွေလို ဖိအားပေးရေး လမ်းကြောင်း မဟုတ်ပဲ၊ သဘောထား ပျော့ပြောင်းတာ တွေ့ရတယ်လို့ နိုင်ငံတကာ အကဲခတ်တွေက ပြောကြပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာပြည်ထဲ စစ်လက်နက် မပို့ရေး၊ နိုင်ငံရေး အကျဥ်းသားတွေ လွတ်မြောက်ရေး ဆုံးဖြတ်ချက် ချမှတ်တုန်းက မဲထည့်ပဲ ရှောင်နေခဲ့တဲ့ နိုင်ငံတွေထဲ အိန္ဒိယလည်း ပါဝင် ပါတယ်။

    အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေ ဖြစ်တဲ့ အာသံ၊ မဏိပူရ၊ မီဇိုရမ်၊ အာရူနာချာ ပရာဒက်ရှ် ခွဲထွက်ရေး သူပုန်တွေကို ကိုင်တွယ်ရာမှာ မြန်မာ စစ်တပ်ရဲ့ ပူးပေါင်း ဆောင်ရွက်တာတွေကို အိန္ဒိယ အနေနဲ့ လိုအပ်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

    ဒါတင်မက၊ ပိုပြီး ကျယ်ပြန်တဲ့ “အရှေ့မျှော် မူဝါဒ” လို့ အသိများတဲ့ အနှစ် ၃၀ နီးပါး တည်ဆောက်လာတဲ့ အိန္ဒိယရဲ့ နိုင်ငံခြားရေးနဲ့ စီးပွားရေး ဆိုင်ရာ မဟာဗျူဟာမြောက် မူဝါဒလည်း ရှိနေပါတယ်။

    အရှေ့တောင်အာရှ ဒေသတွင်း တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ အိန္ဒိယရဲ့ ကြိုးပမ်းမှု ဖြစ်ပြီး၊ အဲဒီ ရည်မှန်းချက် အတွက် မြန်မာဟာ ဗျုဟာမြောက် အရေးပါတဲ့ နိုင်ငံဖြစ်ပါတယ်။

    လက်ရှိမှာလည်း အိန္ဒိယ အရှေ့ဘက် ပင်လယ် ဆိပ်ကမ်းမြို့ ကာလ်ကတ္တား ကနေ စစ်တွေအရောက် ကားလမ်းပေါက်ရေး ကုလားတန် စီမံကိန်း အပြင် ၊ အထက်ဘက်မှာ ဆိုရင်လည်း မိုးရေးကနေ မန္တလေးကို ဖြတ်ပြီး၊ ထိုင်းနိုင်ငံ အထိ ပေါက်မယ့် အဝေးပြေးလမ်း စီမံကိန်းရှိနေပါတယ်။

    အဲဒီ စီမံကိန်း ၂ ခု ကို ပြီးမြောက်အောင် အရှိန်မြှင့် လုပ်ကြဖို့ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းကပဲ အိန္ဒိယက ဆော်ဩခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ မြန်မာဘက်ကနေ ထွက်ပြေးလာကြတဲ့ သောင်းနဲ့ချီတဲ့ သူတွေဟာ အိန္ဒိယ အနောက်မြောက် ပြည်နယ်တွေမှာ ခိုလှုံ နေကြရပါတယ်။

    မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် မစ္စ ရှရနာ ဘာဂနာက မြန်မာအရေး နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့ ထူထောင် ထားရှိဖို့ ဆော်ဩနေတာမှာ အဲဒီ အနီးကပ် စောင့်ကြည့်ရေး အဖွဲ့ထဲမှာ အိန္ဒိယလည်း ပါဝင်သင့်တယ် ဆိုပြီး အကြံပြု ထားပါတယ်။

    အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဂျိုင်ရှန်ကာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဂျိုင်ရှန်ကာ
  9. တရုတ်ဘက်က ပိတ်ထားလို့ နယ်စပ်ရောက် ကုန်တချို့ကို ရရာစျေးနဲ့ ရောင်းရ

    နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်နိုင်ငံဘက်က ပိတ်ထားတာ နှစ်လနီးပါးကြာလာတဲ့အတွက် နယ်စပ်ကို ရောက်နေတဲ့ ဆန်နဲ့ဆန်ကွဲတွေဟာ ပျက်ဆီးစပြုလာနေပြီလို့ ကုန်သည်တွေက ပြောပါတယ်။

    ဒါကြောင့် ကုန်သည်တချို့ဟာ ဆန်နဲ ဆန်ကွဲတွေကို မန္တလေးကို ပြန်လည်သယ်ယူနေရတယ်လို့ မန္တလေးအခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

    လက်ရှိမှာတော့ မူဆယ် နယ်စပ်ဂိတ်တခုထဲမှာကို ပိတ်မိနေတဲ့ ဆန်နဲ့ဆန်ကွဲအိတ်ရေ သိန်းချီရှိနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းပြောဆိုပါတယ်။

    ဆန်နဲ့ဆန်ကွဲလို တန်ဖိုးမြင့်တဲ့ကုန်တွေကို မန္တလေးဘက်ပြန်သယ်တာ၊ ဂိုဒေါင်ထဲထည့်သိုလှောင်တာတွေ လုပ်ပေမဲ့ ကြက်သွန်နီတွေကိုတော့ ကုန်သည်တွေက ကားခမပေးနိုင်တဲ့အတွက် ကားဆရာတွေက ရရာဈေးနဲ့ရောင်းနေရတယ်လို့ ကားဆရာတစ်ဦးက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုများတဲ့ ဇူလိုင်လဆန်းကစလို့ တရုတ်နိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေးတွေကို ပိတ်လိုက်တဲ့အတွက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဟာ ရပ်တန့်ခဲ့တာပါ။

    ကုန်သွယ်မှုဟာ ပုံမှန်ဆိုရင် နေ့စဉ် အမေရိကန်ဒေါ်လာ ၁၀ သန်း ရှိသလို မြန်မာနိုင်ငံကထွက်တဲ့ လယ်ယာထွက်ကုန်တွေကို အဓိက တင်ပို့နေရတဲ့ ကုန်သွယ်ရေး စခန်းတွေလည်း ဖြစ်ပါတယ်။

    လက်ရှိမှာတော့ တရုတ်အစိုးရအနေနဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးကို ခြောက်လလောက် ပိတ်ထားနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားတဲ့အတွက် မကြာခင်ပေါ်ထွက်လာမယ့် လယ်ယာထွက်ကုန်ဈေးကွက်ဟာ ထိခိုက်မှုများ မှာဖြစ်တယ်လို့ ကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။

    မူဆယ် နယ်စပ်ကုန်သွယ်ရေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  10. ဘဏ်တွေပိတ်ရတဲ့အကြောင်း ဗဟိုဘဏ် ဘာပြောလဲ

  11. မြို့ပတ် ရထားပေါ် ရဲတွေ သေဆုံးမှု စုံစမ်းနေဆဲလို့ အလုံရဲပြော

    ရန်ကုန်မြို့ပတ် ရထားပေါ်မှာ ရဲတပ်ဖွဲ့၀င်တွေ ပစ်ခတ်ခံရလို့ သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

    သြဂုတ်လ ၁၄ရက် ညနေပိုင်းမှာ ရထားပေါ် လိုက်ပါတဲ့ ရဲ ၆ဦး ဟာ စမ်းချောင်းမြို့နယ်အပိုင်းမှာ ပစ်ခတ်ခံရတာကြောင့် သူတို့ထဲက ၄ ဦး သေဆုံးသွားပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အလုံရဲတပ်ဖွဲ့မှူးရုံးက တာ၀န်ကျ ရဲအရာရှိ တယောက်က ဘီဘီစီကို ပြောပါတယ်။

    အဲဒီတိုက်ခိုက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေမှာ သေနတ်တွေပါရှိကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အသေးစိတ် ဖြစ်ပွားပုံကိုတော့ စုံစမ်းနေဆဲပဲလို့ သူက ဆိုပါတယ်။

    ဒဏ်ရာရသူတွေကိုတော့ စစ်ဆေးရုံမှာ ကုသပေးလျက် ရှိတယ်လို့ သိရပါတယ်။

    အခင်းဖြစ်ပွားပုံနဲ့ ပတ်သက်လို့ ရဲတွေ တိုက်ခိုက်သူက ဘယ်သူလဲ ဆိုတာနဲ့ သူတို့ကို ဖမ်းဆီး ရမိပြီလား ဆိုတာကတော့ သူတို့ အနေနဲ့ ဘာမှ ကြားသိထားခြင်း မရှိသေးဘဲ လိုက်လံစုံစမ်း နေဆဲပဲလို့ ည ၉ နာရီ ဝန်းကျင်အချိန် ဆက်သွယ်မေးမြန်းစဥ်မှာ အလုံရဲတပ်ဖွဲ့မှူးရုံးက တာ၀န်ကျ ရဲတပ်ဖွဲ့ဝင်က ဘီဘီစီကို ပြောပါတယ်။

    မနက်ပိုင်းကလည်း ရန်ကုန်တိုင်းအတွင်းက တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမြို့နယ်နဲ့ ရွှေပြည်သာ မြို့နယ်တွေမှာ ဗုံးပေါက်ကွဲပြီး မင်္ဂလာဒုံမြို့နယ်မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။

    တိုက်ခိုက်သူတွေကို လိုက်လံ စုံစမ်းလျက် ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြော

    ဓာတ်ပုံ ရင်းမြစ်, MGTN_Informations Photo CJ

    ဓာတ်ပုံ ပုံစာ, မြို့ပတ် ရထားပေါ်မှာ ရဲတပ်ဖွဲ့၀င်များ သေဆုံး
  12. မင်းတပ်မှာ ရွာသားနှစ်ဦးကို စစ်တပ်က ပေါ်တာဆွဲ လမ်းပြခိုင်းတယ်လို့ ဒေသခံတွေပြော, မင်းတပ် စစ်ရှောင်ပြည်သူတွေ ရှိရာဆီ UNICEF သွားခွင့်မရ

    မင်းတပ်မြို့ပေါ်မှာ အခုရက်ပိုင်း ပစ်ခတ်မှု မရှိပေမယ့် စစ်ကောင်စီ တပ်ဖွဲ့၀င်တွေက ဘော၃ ရွာသား နှစ်ယောက်ကို သြဂုတ်လ ၁၃ရက်နေ့က လမ်းပြ ခေါ်သွားတာ ပြန်မလွှတ်ပေးသေးဘူးလို့ မင်းတပ်မြို့ပေါ်က ဒေသခံ တယောက်က ပြောပါတယ်။

    သူတို့ဟာ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကြောက်လန့်ပြီး လိုက်သွားခဲ့ရတယ်လို့ ပြောပါတယ်။

    စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ရွာသားနှစ်ယောက်ကို ပေါ်တာဆွဲပီး ယှက်ကျေးရွာ ၊ မွီတွီ ကျေးရွာ ဘက်ကို ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်၊

    ဒါ့အပြင် အဲဒီ ဒေသတ၀ိုက် စစ်ကောင်စီတပ်တွေရဲ့ တပ်အင်အား ဖြည့်တင်း ပြောင်းရွှေ့မှု လက္ခဏာ တွေ့မြင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    တိုက်ပွဲ အခြေအနေ

    မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲ မဖြစ်ပေမယ့် ယှက်ကျေးရွာ ၊ မွီတွီ ကျေးရွာ မုန်းချောင်း တိုက်န​ယ်ဘက်မှာ စစ်သားတွေက ချီတက်နေကြတာကြောင့် အဲဒီဒေသတ၀ိုက် လူငယ်တွေကို ရှောင်နေကြဖို့ တိုက်တွန်း ဆော်သြ ထားတယ်လို့ သိရပါတယ်။

    တခါ မင်းတပ်-မတူပီလမ်း ဆင်တဲရွာဘက်တွေမှာတော့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ယူဆရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    မင်းတပ်မြို့ကနေ ၁၄ မိုင်အကွာ ၊ မတူပီ မင်းတပ်လမ်းဘက်မှာ လက်နက်ကြီးသံတွေ ၊ ပစ်ခတ်သံတွေ တရစပ် ကြားနေရပြီး ရဟတ် ယာဥ်တွေလည်း ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မင်းတပ်မြို့ပေါ်မှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကလည်း ခရီးမရောက်သေးဘဲ အပစ်အခတ်တွေကလည်း ကြိုကြားကြိုကြား ရှိနေသလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကလည်း ရှိနေတာကြောင့် မင်းတပ် မြို့တ၀ိုက် လူသူအသွားအလာ ကျဲပါးလျက်ရှိတယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။

    Chin Defence Force - Mindat က သြဂုတ်လ ၁၄ရက် မနက် ၇ နာရီမှာ ၁၄ မိုင်အနီးမှာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က နှစ်ယောက်ကျပြီး ၄ ယောက်အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ထားပေမယ့် ချင်းပြည်နယ်ဘက်က တိုက်ပွဲတွေ အကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန် အတည်ပြုတာမျိုး မရှိသေးပါဘူး။

    ဒါ့အပြင် ယှက်ယာယော ချီတုပ်ဘက်မှာလည်း နှစ်ဖက် ထိတွေ့မှုရှိခဲ့ကြောင်းနဲ့ CDF(Mindat) ဘက်က အထိအခိုက်မရှိခဲ့ကြောင်း CDF(Mindat)က ထုတ်ပြန်ထားပါတယ်။

    လူမှုကယ်ဆယ်ရေး အကူအညီ

    တချိန်တည်းမှာ ယူနီဆက်ဖ် အဖွဲ့က မင်းတပ်မှာ အကူအညီ လာရောက် ဖြန့်ဝေလျက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မင်းတပ်မြို့ပေါ်က ဒုက္ခသည်တွေ ခိုလှုံရာ ဘုရားကျောင်းတွေမှာ မိခင်နဲ့ ကလေး အသုံးအဆောင်တွေ ၊ ကိုယ်၀န်ဆောင် နဲ့ ကလေး အ၀တ်အစား ၊ ကလေးအသုံးအဆောင်၊ ရေပုံး စသဖြင့် အိမ်ထောင်စု မိသားစု ရာဂဏန်း နဲ့ချီပြီး ပေးအပ်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

    လတ်တလောမှာ အခုလို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ အပါအ၀င် လူမှုကယ်ဆယ်ရေး အဖွဲ့တွေဟာ မင်းတပ်မြို့ပေါ်ကလွဲလို့ လမ်းခရီးလုံခြုံရေးအရ စစ်ကောင်စီ တပ်တွေရဲ့ ခွင့်ပြုချက် မရတာကြောင့် စစ်ရှောင် ဒုက္ခသည်တွေ အမှန်တကယ် စုဝေးနေရာ စခန်းတွေကို သွားခွင့် မရဘဲ တကယ်လိုအပ်သူတွေ လက်ထဲ သွားပေးခွင့် မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ လတွေတုန်းကလည်း WFP က ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ မင်းတပ်ကို လာရောက် ဖြန့်ဖြူးဖို့ ကြိုးစားခဲ့ပေမယ့် မြို့ပေါ်က စခန်းတွေမှာ သုံးလေးရာစာကိုဘဲ ပေးခွင့် ရခဲ့တာကြောင့် ကျန်တာတွေကို သူတို့ အခြေစိုက်ရာ ပခုက္ကူမှာ ဒုက္ခသည်တွေ လက်ထဲ ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရကြောင်း မင်းတပ် ဒေသခံက ဘီဘီစီကို ပြောပါတယ်။

    စစ်ရှောင် ဒုက္ခသည်တွေ အများစုက ရွာတွေမှာ ဖြစ်နေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ တပ်တွေရဲ့ ခွင့်ပြုချက် မရလို့ ကုလနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ စစ်ရှောင်တွေဆီ အကူအညီ ပေးခွင့် မရဖြစ်နေ
    မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲ မရှိပေမယ့် မင်းတပ် မတူပီ သွားလမ်းမှာတော့ ပစ်ခတ်သံတွေ လက်နက် ကြီးသံတွေ ကြားနေရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့က မိခင်နဲ့ ကလေးတွေ အတွက် ထောက်ပံ့ကူညီရေး ပစ္စည်းတွေ ဝေဖို့ မင်းတပ်မြို့ပေါ်မှာ ရောက်နေ
  13. ရခိုင်စစ်ရှောင်စခန်းတွေကို ရိက္ခာပို့ဖို့ အခက်ခဲရှိလို့ ICRC ထောက်ပံ့မှုရပ်နား

  14. ဝိုင်းမော်မြို့နယ်ထဲက ကျေးရွာ ၃ရွာက လူတွေကို စစ်တပ်က တိမ်းရှောင်ခိုင်းနေ, မြစ်ကြီးနားမှာလည်း လက်နက်ကြီးသံ ကြားခဲ့ရ

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စုထဲမှာပါတဲ့ ခကွန်နဲ့ တန်ဘောင်ကျေးရွာအပြင် မဒိန်ကျေးရွာက ပြည်သူတွေကို ခေတ္တရွှေ့ပြောင်းနေထိုင်ကြဖို့ဝိုင်းမော်အခြေစိုက် အမှတ် ၅၈ ခြေလျင်တပ်ရင်းက လာရောက်ဆော်သြသွားတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    အဲဒီရွာတွေဟာ ခလရ(၅၈) တပ်ရင်းနဲ့နီးတဲ့ရွာတွေဖြစ်ပြီး ပြည်သူတွေကို နေရာပြောင်းရွှေ့နေထိုင်ဖို့ ဒီနေ့ သြဂုတ်လ ၁၄ ရက် မနက် ၁၀ နာရီလောက်မှာ လာပြောသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    “ဒီနက်က ၁၀နာရီလောက်က။ ဟုတ်တယ်။ ညီမကြားသလောက်တော့ အိမ်၀င်း လမ်းချိုးလမ်းကြားတွေမှာ လက်နက်ကြီးလက်နက်ငယ်တွေကျရောက်နိုင်တယ်။ ရှင်းလင်းရေးပေါ့။ အဲ့ပုံစံနဲ့လုပ်မယ်။ ခဏပြေးပေးကြဖို့ပေါ့နော်။ အော်ကြတယ်။ ဟုတ်တယ်။ သူများလည်း ပြေးကုန်ပြီ။ တို့လည်း လောလောနဲ့ ပစ္စည်းတွေထုတ်။ အခု ဒီဝိုင်းမော်မှာ လာနေနေတာ''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    သြဂုတ်လ ၁၃ ရက် ညနေပိုင်းတုန်းကလည်း အမျိုးသမီးတစ်ယောက်က စစ်တပ်ရှေ့ကနေ ဖြတ်သွားချိန် သေနတ်ထိမှန်သေဆုံးတဲ့ဖြစ်စဉ်ရှိထားပါတယ်။

    ဒါ့ပြင် မဒိန်ကျေးရွာက လူတစ်ယောက်ကို ဗုံးကျင်းတူးလို့ဆိုပြီး စစ်တပ်က ဖမ်းဆီခဲ့ပြီး ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဉ်လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ထားပါတယ်။

    “ညီမတို့ဘက်မှာ(မဒိန်)ဘယ်ဘက်ကပစ်ရင် ဘယ်ဘက်ကပစ်မှာတဲ့ ဒရုန်းတွေနဲ့ချိန်ပြီးတော့တဲ့။ ညနေ ၂နာရီကနေစမယ်တဲ့။ လက်နက်ကြီးတွေနဲ့ချမှာတဲ့။ ရွာကလူတွေတစ်ယောက်မှမရှိတော့ဘူး။ ကျွန်မတို့ဘက်ကရေတော့ကြီးတော့ကြီးတယ်။ ကျွန်မတို့ အရေးထဲနွားကပျောက်နေလို့ရှာနေရတယ်''လို့ ဒေသခံ နောက်တစ်ဦးက ပြောပါတယ်။

    ဝိုင်းမော် ဝူယန်နဲ့လမြန် ကားလမ်းပေါ်မှာလည်း ရေကျော်နေတယ်လို့ သိရတဲ့အပြင် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာတော့ ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့မှာ လက်နက်ကြီးသံတွေကြားနေရပေးမဲ့ ဘယ်ဘက်က ပစ်နေတယ်ဆိုတာကိုတော့ အတည်ပြုလို့မရသေးပါဘူး။

    ဝိုင်းမော်မြို့နယ်ထဲက ကျေးရွာ ၃ရွာက လူတွေကို စစ်တပ်က တိမ်းရှောင်ခိုင်းနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မဒိန်ကျေးရွာအုပ်စုဟာ ခလရ(၅၈)တပ်နဲ့ ဆက်နေတဲ့ရွာတွေဖြစ်ပါတယ်။
  15. ပုသိမ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ တစ်ထောင်ကျော်အထိရှိလာ

    ပုသိမ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ တစ်ထောင်ကျော်အထိရှိလာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကိုဗစ်တတိယလှိုင်းအတွင်း ပုသိမ်မှာနေ့စဉ်သေဆုံးသူအရေအတွက်ဟာ ဇူလိုင်လ ၁၈ ရက်မှာ ၆၅ ဦးအထိ အမြင့်ဆုံးရောက်ခဲ့ပါတယ်။

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်မှုစတဲ့ ဇွန်လနှောင်းပိုင်းကနေ ဒီနေ့ သြဂုတ်လ ၁၄ ရက်နေ့အထိ သေဆုံးသူ လူပေါင်း တစ်ထောင်ကျော်အထိရှိလာပြီလို့ သေဆုံးသူတွေကို အဓိကသင်္ဂြိုဟ်ပေးနေတဲ့ ပရဟိတအဖွဲ့က ပြောပါတယ်။

    ပုသိမ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူတွေဟာ ပုသိမ်ဆေးရုံကြီး ကိုဗစ်လူနာဆောင်ကအတည်ပြုလူနာတွေ ပါပေမဲ့ အများစုဟာ နေအိမ်တွေမှာ သေဆုံးသူတွေလို့ သိရပါတယ်။

    ကိုဗစ် ကူးစက်မှုအမြင့်ဆုံး ဇူလိုင်လပထမပတ်နဲ့ ဒုတိယပတ်တွေမှာ ပုသိမ်မြို့ထဲ နေ့စဉ်သေဆုံးသူ အယောက် ၄၀ နီးပါးအထိရှိခဲ့ပါတယ်။

    ''ပုသိမ် ကိုဗစ်တတိယလှိုင်းမှာသေဆုံးသူအများဆုံးနေ့က ဇူလိုင်လ ၁၈ ရက်နေ့ပေါ့။ အဲဒီနေ့မှာ မီးသင်္ဂြိုဟ်ပေးခဲ့ရတဲ့ အလောင်းပေါင်း ၆၅ လောင်းအထိရှိတယ်။ တညလုံးလည်း မအိပ်ခဲ့ရဘူး။ မနေ့ (သြဂုတ်လ ၁၃ ရက်)တုန်းကတော့ ဆေးရုံကြီးက ၁ ဦးနဲ့ နေအိမ်တွေက ၃ ဦး စုစုပေါင်း ၄ ဦးပဲရှိလို့ ကူးစက်သေဆုံးနှုန်းကျပြီလို့တောင် ထင်ခဲ့တာ။ အခု ဒီမနက်အစောပိုင်း ၁၀ နာရီလောက်မှာတောင် ၁၀ လောင်းလောက်ဖြစ်နေပြီ။ ညနေဆိုရင် ဒီ့ထက် ပိုတိုးလာနိုင်တယ်။'' လို့ ပရဟိတအသင်းတာဝန်ခံက ပြောပါတယ်။

    ဆေးရုံကြီးကိုဗစ်လူနာဆောင်ကနေ သေဆုံးတဲ့ရုပ်အလောင်းတွေကို ကိုဗစ်အတည်ပြုလူနာတွေအဖြစ် သတ်မှတ်ထားပေမဲ့ နေအိမ်တွေမှာသေဆုံးသူတွေ ကိုလည်း ကိုဗစ်သံသယလို့ သတ်မှတ်တဲ့အကြောင်း သူက အခုလို ရှင်းပြပါတယ်။

    ''သင်္ဂြိုဟ်ပေးသူတွေက သေဆုံးကြောင်းစာရွက်တွေကို နောက်ဆုံးလက်ခံတဲ့သူတွေလည်းဖြစ်တယ်။ နောက်ပြီး အိမ်တွေမှာ သေဆုံးသူရှိရင် တချို့က ကိုဗစ်ကြောင့် ဆုံးတာမဟုတ်ဘူးသာဆိုကြတယ် ထိဖို့၊ကိုင်ဖို့ မရဲကြဘူး။ တကယ်တော့လည်း ကိုဗစ်လက္ခဏာနဲ့ အများစု ဆုံးပါးကြတာပါ။ တစ်နေ့တစ်နေ့ သေတဲ့နှုန်းကလည်း မနည်းတော့ ကိုဗစ်လည်း မစစ်နိုင်ဘူး။ အဲဒီတော့ ကိုဗစ်သံသယထဲပဲ ထည့်ရတာပေါ့'' လို့ သူကပြောပြပါတယ်။

    ပုသိမ်ဆေးရုံကြီးမှာလည်း ကိုဗစ်အတည်ပြုလူနာ ၇၀ နီးပါးအထိရှိနေပေမဲ့ အခန်းတွေရှိနေသေးတာကြောင့် လူနာအတိုးအလျော့ လိုက်ပြီး အတည်ပြုလူနာတွေကို လက်ခံနေဆဲလို့ ပုသိမ်ဆေးရုံဘက်ကပြောပါတယ်။

    လက်ရှိမှာ ကိုဗစ်ပိုး ရှိ မရှိ စစ်ဆေးတာကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက သက်ဆိုင်ရာရပ်ကွက်အပိုင်အလိုက် စစ်ဆေးလိုသူတွေကို အခမဲ့ စစ်နေပေမဲ့ ခရီးသွားဖို့ စစ်ဆေးလိုတယ်ဆိုရင်တော့ ငွေကျပ်တစ်သောင်းနဲ့ စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။

    ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ပုသိမ်မြို့နယ်ဟာ လိုအပ်မှနေအိမ်အပြင်ထွက်ရမယ့် stay at home အမိန့်ကြေညာခံရတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေထဲ အစောဆုံးမြို့နယ်ဖြစ်ပါတယ်။

  16. တရားမဝင်ထီထိုးရင်ငွေစာရင်းအပိတ်ခံရတဲ့အထိဖြစ်လာနိုင်တယ်လို့အောင်ဘာလေထီဘက်ကပြောလာ

    တရားမဝင်ထီထိုးရင်ငွေစာရင်းအပိတ်ခံရတဲ့အထိဖြစ်လာနိုင်တယ်လို့အောင်ဘာလေထီဘက်ကပြောလာ

    ဓာတ်ပုံ ရင်းမြစ်, Khin Mg Win

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီလက်ထက် အောင်ဘာလေထီ အမြင့်ဆုံးဆု ကျပ်သိန်း ၅,၀၀၀ သာ ချီးမြှင့်နိုင်တာ ၃ လဆက်တိုက်ရှိပြီ

    ပြည်တွင်းမှာတရားမဝင်ထီကိုထိုးမယ်ဆိုရင်ထိုးသူရဲ့ငွေစာရင်းတွေပိတ်ပင်ခံရတဲ့အထိဖြစ်လာနိုင်တယ်ဆိုပြီးစစ်ကောင်စီလက်အောက်ကအောင်ဘာလေသိန်းထီဆုဌာနရဲ့စီမံညွှန်ကြားရေးမှူးကပြောလာပါတယ်။

    လတ်တလောမှာစစ်ကောင်စီကတရားမဝင်ဘူးလို့သတ်မှတ်ထားတဲ့အဖွဲ့အစည်းတွေကထီရောင်းချဖို့ပြင်ဆင်နေတယ်ဆိုပြီးနိုင်ငံပိုင်မီဒီယာကမေးတဲ့မေးခွန်းကိုသူကပြန်လည်ဖြေကြားချိန်အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

    ဘယ်အဖွဲ့အစည်းရယ်လို့တိတိကျကျပြောဆိုတာမရှိပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကထီအမျိုးအစားတစ်ခုကို ဖွင့်လှစ်ရောင်းချမယ်လို့ပြောနေချိန်မှာ သူရဲ့ပြောဆိုမှုထွက်ပေါ်လာတာဖြစ်ပါတယ်။

    "E-Lottery(အွန်လိုင်းကနေထိုးနိုင်တဲ့ထီ)စနစ်မှာငွေပေးချေမှုကအဓိကအချက်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာKBZ ငွေပေးချေမှုစနစ် ၊Wave Money (ငွေလွှဲ၊ငွေလက်ခံဝန်ဆောင်မှု)တို့အပါအဝင် Mobile Payment(ဖုန်းကနေငွေပေးချေနိုင်မှု) တွေ၊ Online Payment(အွန်လိုင်းကနေငွေပေးချေမှု) တွေ၊ Bank Transfer (ဘဏ်ကိုသုံးပြီးငွေကြေးလွှဲပြောင်းမှု)အားလုံးက ဗဟိုဘဏ်ရဲ့ထိန်းချုပ်မှုနဲ့ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဗဟိုဘဏ်အနေနဲ့လည်း ဒီလိုတရားမ၀င်ထီနဲ့ ပတ်သက်တဲ့ငွေပေးချေတာတွေ၊ ငွေလွှဲပြောင်းမှုတွေကိုပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်မှုတွေရှိနိုင်ပါတယ်။ ဥပမာ- တရားမဝင်ထီအတွက်ငွေပေးချေမှုနဲ့ဆက်စပ်တဲ့ဘဏ်စာရင်းတွေကိုပိတ်သိမ်းတာ၊ ဘဏ်စာရင်းထဲကငွေတွေကိုထိန်းချုပ်တာ စတာတွေကိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခြေရှိပါတယ်"လို့ အောင်ဘာလေထီစီမံခန့်ခွဲရေးညွှန်ကြားရေးမှူးဦးညီညီလှိုင်ကပြောပါတယ်။

    အောင်ဘာလေထီမှာ ထီလက်မှတ်ရောင်းချငွေစုစုပေါင်းထဲက ၆၀ရာခိုင်နှုန်းကို ဆုကြေးထုတ်ပေးပြီး ၄၀ရာခိုင်နှုန်းကို နိုင်ငံ့အခွန်အဖြစ်သတ်မှတ်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ထီရောင်းရတဲ့ငွေတွေကနေ စစ်ကောင်စီလက်အောက်ဆီ အခွန်ငွေတွေမစီးဆင်းအောင်ဆိုပြီး အောင်ဘာလေထီကို မထိုးကြဖို့ လူထုကြားထဲလှုံ့ဆော်မှုတွေဖြစ်ခဲ့ပါတယ်။

    ဒါ့ကြောင့် စစ်ကောင်စီလက်အောက်က အောင်ဘာလေထီဟာ လက်မှတ်တွေကျန်လို့ ထီဖွင့်ရက်ကို နောက်ကျဖွင့်ရတာရှိခဲ့သလို နောက်ပိုင်းလတွေမှာ ပုံမှန်ဖွင့်နေကျ ငွေကျပ်တစ်ထောင်တန်ထီလက်မှတ်အတွက် သိန်းပေါင်း ၁၅,၀၀၀(တစ်သောင်းခွဲ) ဆုငွေကို ကျပ်သိန်း ၅,၀၀၀ ဆုသာ အများဆုံးချီးမြှင့်နိုင်တာ ၃ လ ဆက်တိုက်ရှိလာပြီဖြစ်ပါတယ်။

  17. စစ်တွေနဲ့ ပေါက်တောက မွတ်ဆလင်ဒုက္ခသည်စခန်းတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကျန်နေ

  18. ရဲစခန်းတွေမှာ အမှုဖွင့်ခံထားရသူ ၁၅၀ ရဲ့အမှုတွေကို ပြန်ရုတ်သိမ်းလိုက်ပြီ

    ရဲစခန်းတွေမှာ အမှုဖွင့်ခံထားရသူ ၁၅၀ ရဲ့အမှုတွေကို ပြန်ရုတ်သိမ်းလိုက်ပြီ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, အမှုပိတ်ပေးဖို့ ဆက်သွယ်လာသူတွေထဲ ကျန်းမာရေးဝန်ထမ်းတွေလည်းပါတယ်လို့ စစ်ကောင်စီဘက်က ဆိုပေမဲ့ အာဏာသိမ်း ၆လအတွင်း ကျန်းမာရေးဝန်ထမ်းတွေ အကြိမ်ပေါင်း ၂၅၀ ကျော်တိုက်ခိုက်ခံရတယ်ဆိုတဲ့အစီရင်ခံစာတစ်စောင်လည်း ထွက်ပေါ်နေပါတယ်။

    နိုင်ငံထဲက ရဲစခန်းတွေမှာ အမှုဖွင့်ခံထားရသူ လူပေါင်း ၁၅၀ ရဲ့အမှုတွေကို ပြန်ရုတ်သိမ်းပေးလိုက်ပြီဆိုပြီး စစ်ကောင်စီက ဒီနေ့ သြဂုတ်လ ၁၄ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက် စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ် ပညာရှင်တွေအနေနဲ့ အမှုရုတ်သိမ်းပေးဖို့ သက်ဆိုင်ရာ ရဲစခန်းတွေကို ဆက်သွယ်နိုင်တယ်လို့ စစ်ကောင်စီဘက်က သြဂုတ်လ ၃ ရက်မှာ ကြေညာခဲ့အပြီးမှာ အခုလိုအမှုရုတ်သိမ်းပေးလိုက်တဲ့ လူအရေအတွက် ထွက်ပေါ်လာတာပါ။

    အမှုပိတ်သိမ်း၊ ရုတ်သိမ်းပေးဖို့ ကာကယကံရှင်တွေကိုယ်တိုင် ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေက တိုင်းနဲ့ပြည်နယ်အသီးသီးက ရဲစခန်းတွေကို ဆက်သွယ် လာတာဖြစ်ပြီး အများစုဟာ ကျန်းမာရေးနဲ့ပညာရေးနယ်ပယ်က ဖြစ်တယ်လို့ ဆိုပါတယ်။

    အမှုပိတ်ပေးဖို့ ဆက်သွယ်လာသူ ၂၃၀ နီးပါးထဲက ၁၅၀ ကို အမှုရုတ်သိမ်း၊ ပိတ်သိမ်းပေးတာဖြစ်ပြီး ကျန်တဲ့သူတွေကိုလည်း ဆက်ရုတ်သိမ်းပေးဖို့ လုပ်သွားမယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

  19. ဝိုင်းမော်မှာ ခ.လ.ရ(၅၈) တပ်ရင်းအနီး မနေ့ညနေက ပစ်ခတ်သံကြားရ၊ အမျိုးသမီးတစ်ဦးသေဆုံး

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ အမှတ် ၅၈ ခြေလျင်တပ်ရင်းရှေ့ကို ဖြတ်သွားတဲ့အမျိုးသမီးတစ်ဦးဟာ မနေ့ သြဂုတ်လ ၁၃ ရက် ညနေပိုင်းမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သေဆုံးသူအမျိုးသမီးဟာ အသက် ၃၀ အရွယ်ရှိပြီး ဝူယန်ကျေးရွာကဖြစ်တယ်လို့လည်း ဝိုင်းမော်မြို့ခံတွေက ပြောပါတယ်။

    ''အမျိုးသမီးနဲ့ သူ့အမျိုးသားက တပ်ရင်းရှေ့ကနေ ဖြတ်တဲ့အချိန် အပစ်ခံလိုက်ရတာ။ ခါတိုင်းလည်း အဲဒီအရှေ့ကနေ လူတွေ ဖြတ်နေကြပါပဲ။ အမျိုးသားကတော့ ဒဏ်ရာမရခဲ့ဘူး။ အမျိုးသမီးအတွက် အစောပိုင်းမှာ လူနာတင်ယာဉ်ခေါ်တယ်ကြားတယ်။ အသက်မမီခဲ့ဘူးထင်ပါတယ်။ ဆုံးပါးသွားတယ်။ မနေ့ညနေ ၅ နာရီ မိနစ် ၅၀ လောက်မှာ ၅၈ ဘက်ကနေ ပစ်ခတ်သံ ထွက်ခဲ့တယ်။ အခု သေဆုံးသူအမျိုးသမီးရဲ့အလောင်းကိုလည်း မိသားစုက မရသေးဘူးပြောတယ်။ ဒီနေ့ မနက်ပိုင်း သင်္ဂြိုဟ်ခါနီးမှ သူတို့ သွားယူခွင့်ရမယ် ထင်တယ်'' ဆိုပြီး မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မြို့ခံတွေကတော့ ညနေခင်း လူသွားလူလာရှိနေချိန် တပ်ရင်းဘက်က ပစ်ခတ်မှုကို သဘောမကျတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာရေးသားတာလည်း ရှိခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်တွေအတွင်း ခလရ(၅၈)တပ်ရင်းကနေ ညပိုင်းပစ်ခတ်မှုတွေ ညစဉ်ဆက်တိုက်ပြုလုပ်ခဲ့သလို မြို့နဲ့ဆက်စပ်နေတဲ့ မဒိန်လိုကျေးရွာမှာ လက်နက်ကြီးကျခဲ့လို့ ဒေသခံတွေဟာ မြစ်ကြီးနားကိုပြောင်းနေကြတာ ဒါမှမဟုတ် ညပိုင်းဆို တံခါးပိတ်ပိတ်ပြီး မြို့တွင်းကို ပြောင်းအိပ်နေကြရတယ်လို့ ဝိုင်းမော်မြို့ခံ တွေက ပြောပါတယ်။

    ကချင်လွတ်လပ်ရေးတပ်(KIO/KIA) ဘက်ကတော့ ခလရ (၅၈)ရှိရာ ဝိုင်းမော်တဝိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူတို့လှုပ်ရှားမှုမရှိတာကြောင့် တပ်ရင်းဘက်က ဘာကို ပစ်ခတ်နေတယ်ဆိုတာ မသိရဘူးလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။

    ဝိုင်းမော်က ညစဉ်ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ တပ်ဘက်ကထုတ်ပြန်ပြောဆိုထားတာမျိုး မရှိသေးသလို မနေ့က ပစ်ခတ်မှုနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

    ဝိုင်းမော်မှာ ခ.လ.ရ(၅၈)တပ်ရင်းပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦးသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, CJ

  20. ကျန်းမာရေးဝန်ထမ်းတွေ ၆ လ အတွင်း အကြိမ်ပေါင်း ၂၅၀ ကျော် တိုက်ခိုက်ခံရ

    မြန်မာနိုင်ငံမှာ တကျော့ပြန် စစ်အာဏာ သိမ်းခံခဲ့ရပြီး ၆ လတာ (ဖေဖေါ်ဝါရီ-ဇူလိုင်) ကာလ အတွင်း မှာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ပေးသူတွေ အပေါ် စစ်တပ်က တိုက်ခိုက်မှု ၂၅၂ ကြိမ် ရှိခဲ့တယ်ဆိုပြီး “ပဋိပက္ခအတွင်း ကျန်းမာရေး ဆိုင်ရာ လုံခြုံမှု ရရှိစေရေး ညွန့်ပေါင်းအဖွဲ့ ဆိုတဲ့” နိုင်ငံတကာ INGO အဖွဲ့က ပြောပါတယ်။

    ဝါရှင်တန် ဒီစီမြို့ အခြေစိုက် အဲဒီအဖွဲ့က “မြန်မာနိုင်ငံအတွင်း ကျန်းမာရေးကဏ္ဍ အကြမ်းဖက်ခံရမှု၊ နှောင့်ယှက်ထိပါး ခံရမှု ဖြစ်ရပ်များ” ဆိုတဲ့ အစီရင်ခံစာ တစ်စောင်ကို အခု ရက်ပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။

    ကျန်းမာရေးဝန်ထမ်း ၁၉၂ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး၊ စစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးသူ သိထားရသမျှ ၂၇ ယောက်၊ ဒဏ်ရာရသူ ၃၆ ယောက် ရှိတယ်လို့ အဲဒီ အစီရင်ခံစာထဲ ရေးထားပါတယ်။

    ဒါ့အပြင်၊ ဆေးရုံ ၈၆ ခု စီးနင်း ခံခဲ့ရပြီး ၅၅ ခုမှာ စစ်တပ်က တပ်စွဲ နေရာယူထားတယ်၊ စစ်တပ်ရဲ့ လက်နက်ကြီး ဒဏ်ကြောင့် ကျန်းမာရေး ဆိုင်ရာ နေရာထိုင်ခင်းတွေ ထိခိုက် ပျက်စီးရတာမျိုး အကြိမ်ပေါင်း ၁၇ ကြိမ် ပေါ်ပေါက် ခဲ့တယ်လို့ အဲဒီ အစီရင်ခံစာထဲ စာရင်းပြုစု ဖော်ပြထားတာ တွေ့ရပါတယ်။

    ရန်ကုန် နဲ့ မန္တလေး မြို့ကြီး နှစ်ခုမှာ ပစ်မှတ်ထား အခံရဆုံး ဖြစ်ပြီး၊ စစ်အာဏာပိုင် တွေရဲ့ လက်ချက်မဟုတ်တဲ့ ဖြစ်ရပ်ပေါင်း ၁၅ ခုကိုလည်း သူတို့ သိရှိ ထားတယ်လို့ ဆိုပါတယ်။

    ပဋိပက္ခနေရာတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေကို အန္တရာယ် မပြုရဘူး၊ လုံခြုံမှု အပြည့်အဝ ရှိစေရမယ်ဆိုတာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အဲဒီ ညွန့်ပေါင်း အဖွဲ့က ထောက်ပြပါတယ်။

    ဒါ့ကြောင့် မြန်မာနိုင်ငံထဲ ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့သူတွေကို အပြစ်ပေး အရေးယူနိုင်ရေး အတွက် လုပ်ဆောင်ကြဖို့လည်း နိုင်ငံတကာ မိသားစုကို အဲဒီ ညွန့်ပေါင်း အဖွဲ့က တောင်းဆိုနေပါတယ်။

    ပဋိပက္ခအတွင်း ကျန်းမာရေး ဆိုင်ရာ လုံခြုံမှု ရရှိစေရေး ညွန့်ပေါင်းအဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, safeguardinghealth.org

    ဓာတ်ပုံ ပုံစာ, ပဋိပက္ခအတွင်း ကျန်းမာရေး ဆိုင်ရာ လုံခြုံမှု ရရှိစေရေး ညွန့်ပေါင်းအဖွဲ့