ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ

မကွေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့မိသားစုတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီပဲယင်းဘက်က ကျေးရွာတွေထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေနေတယ်လို့ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းနယ်ထဲက တကျော့ပြန်ဖြစ်လာတဲ့ ပစ်ခတ်မှုတွေကြောင့် တိမ်းရှောင်နေရတဲ့ကျေးရွာတွေထဲ စစ်ကောင်စီတပ်တွေ ဒီနေ့ သြဂုတ်လ ၁၀ ရက်မနက်ပိုင်းက ဝင်ရောက်ရှာဖွေ မွှေနှောက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ကဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ကား မိုင်းထိပြီးတဲ့နောက် အနီးက ကျေးရွာတွေထဲ ဝင်ရောက်ပစ်ခတ်မှုတွေရှိတာကြောင့် ရွာပေါင်း၂ဝထက်မနည်း စစ်ဘေးရှောင်နေခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။

    "ရွာထဲကိုဝင်ပြီဆိုတာနဲ့ပစ်ခတ်ပြီးဝင်တာဆိုတော့ ဘယ်သူမှ မနေရဲတော့ဘူး ။ အကုန်ပြေးရတာပဲ။ နောက်တနေ့မနက်ရွာထဲပြန်လာရင် အိမ်တွေထဲ မွှေထားပြီးပြီ။ ညက မူးရိုးကုန်းရွာထဲမှာ တပ်စွဲလို့တရွာလုံးပြေးကြတာ။ ဒီကနေ့မနက်တော့ အိမ်တွေကိုဝင်မွှေထားတယ်။ ရွာကဆေးပေးခန်းမှာတပ်စွဲတာ၊ ဆေးဝါးတွေလည်းအကုန်ယူသွားတယ် ။ ကျန်းမာရေးဝန်ထမ်းတွေလည်းပြေးနေရတယ် " လို့ မူးရိုးကုန်း ရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ အခုလိုလူနေအိမ်တွေထဲ ဝင်ရောက်မွှေနှောက်မှုတွေအပြင် လူငယ်တချို့ကိုဖမ်းဆီးတာ ၊ ရွာထဲမှာရှိတဲ့ ဆိုင်ကယ်တွေကိုမီးရှို့ဖျက်ဆီးတာတွေနဲ့လက်နက်ကြီးတွေထိမှန်လို့ ရွာထဲက တရိစ္ဆာန်တွေလည်းသေဆုံးတာတွေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။

    လက်ရှိမှာဆိုရင် ဒီပဲယင်းနယ်ထဲက ကျေးရွာတွေမှာ ကိုဗစ်အတည်ပြုလူနာတွေလည်း အများပြားရှိနေပြီးရောဂါကူးစက်မှုတွေခံစားနေရချိန်မှာပဲ စစ်ဘေးတိမ်းရှောင်နေရတဲ့ အတွက် ကျန်းမာရေးဆိုင်ရာအခက်အခဲနဲ့စိုးရိမ်မှုတွေရှိနေပြီး ရောဂါပိုပြီးကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ဒေသခံရွာသားတွေကိုဆိုပါတယ်။

    ဒီနေ့ မနက်ဒီပဲယင်းဘက်က ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးက သြဂုတ် ၁၀ ရက်မွန်းလွဲချိန်အထိ ထုတ်ပြန်တာမရှိသေးပါဘူး

    ရှာဖွေမွှေနှောက်ခံထားရတဲ့နေအိမ်တချို့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရှာဖွေမွှေနှောက်ခံထားရတဲ့နေအိမ်တချို့မြင်ကွင်း
    သေဆုံးနေတဲ့တရိစ္ဆာန်များ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သေဆုံးနေတဲ့တရိစ္ဆာန်များ
  2. ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင် ကွယ်လွန်

    နာဂတောင်တန်းဒေသမှာ ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး နာဂသိန်းလှိုင်လို့ ကျော်ကြားတဲ့ ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင်ဟာ ယနေ့ သြဂုတ် ၁၀ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ ၎င်းရဲ့ သားဖြစ်သူက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

    ဒေါက်တာ နာဂသိန်းလှိုင်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နာဂတောင်တန်းဒေသမှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် နာဂလူမျိုးတွေကိုယ်စား နာဂဒေသဦးစီးအဖွဲ့က ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက လဟယ်မြို့မှာကျင်းပတဲ့နာဂနှစ်သစ်ကူးပွဲတော်မှာ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။

    ဆရာကြီး နာဂသိန်းလှိုင်ဟာ နာဂဒေသမှာ ၁၉၆၅ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နာဂဒေသမှာအဖြစ်များတဲ့ လည်ပင်ကြီးရောဂါသည်များစွာကိုအောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။ နာဂတောင်တန်းဒေသမှာ ခွဲစိတ်ကုသမှုတွေကို လက်မခံ မယုံကြည်တဲ့သူတွေကို ပြောဆိုစည်းရုံးပြီးကြိုးစားကုသပေးခဲ့တာကြောင့် ရောဂါပျောက်ကင်းခဲ့တဲ့အတွက် နာဂသိန်းလှိုင်၊ နာဂရဲ့နတ်ဘုရားလို့တောင် ပြောစမှတ်ပြုခံခဲ့ရပါတယ်။

    ဒေါက်တာနာဂသိန်းလှိုင်ဟာ ၁၉၈၈ ခုနှစ်၊ ဧပြီ ၃၀ ရက်မှာ အစိုးရအလုပ်ကနေ ပင်စင်အပါအဝင် ဘာခံစားခွင့်မှမယူခဲ့ဘဲ အလုပ်ကနေ နုတ်ထွက်ခဲ့တယ်လို့ ဒေါက်တာနာဂသိန်းလှိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖော်ပြချက်အရ သိရပါတယ်။ ဆရာကြီးဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်းထောက်ခံကြောင်းပြသခဲ့သူဖြစ်ပါတယ်။ ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်ပါတယ်။

    ဒေါက်တာသိန်းလှိုင်ရဲ့ နာဂတောင်တန်းဒေသမှာ တာဝန်ထမ်းဆောင်ခဲ့မှုအပါအဝင် ဘဝဇာတ်ကြောင်းကို စာရေးဆရာညီပုလေးက 'ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်' ဆိုတဲ့အမည်နဲ့ လုံးချင်းရေးသားခဲ့ပြီး အဲဒီစာအုပ်ဟာလည်း အရောင်းရဆုံးစာရင်းဝင်ဖြစ်ခဲ့သလို ၂၀၁၆ အတွက် အမျိုးသား စာပေဆုကိုရရှိခဲ့ပါတယ် ။

    ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင် ကွယ်လွန်

    ဓာတ်ပုံ ရင်းမြစ်, Dr Naga Thein Hlaing FB

  3. စာပေနဲ့ ကဗျာ ကြယ်ကြီးတွေကြွေတဲ့နေ့

    မြန်မာ ကဗျာလောကမှာ မော်ဒန်ကဗျာ ဦးဆောင်သူ ကဗျာဆရာအောင်ချိမ့်၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဂုဏ်ထူးဆောင် အသင်းသားတစ်ဦးဖြစ်သလို အထင်ကရ စာရေးဆရာ၊ လူထုကြီးပွားရေး ပုံနှိပ်တိုက် အယ်ဒီတာ၊ ဝါရင့် နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ဆရာ ညီစေမင်း ( ဦးကျော်ဇံလှ) ၊စတီရီယိုခေတ်ဦး အဆိုတော်ကြီး တက္ကသိုလ်အေးမောင် တို့အပါအဝင် စာပေနဲ့ ကဗျာနယ်ပယ်က လူသိများထင်ရှားသူတွေ ဒီကနေ့ ကွယ်လွန်သွားခဲ့ကြပါတယ်။

    ဒီက‌နေ့ ကွယ်လွန်သူတွေထဲမှာ လူသိမျာတဲ့ ပြည်တွင်းအားကစား ကလောင်ရှင် ဆရာဖေဒီ(မောင်ဒီပ)၊စာရေးဆရာ ဆင်တဲဝမြတ်ဖုန်း ၊ စာရေးဆရာပျော်ဘွယ်စိုးမြင့်အောင်(ရုပ်ရှင်အောင်လံ)တို့လည်း ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

    ဆရာပျော်ဘွယ် စိုးမြင့်အောင်ကတော့ ရဟန်းဘဝနဲ့ သြဂုတ်လ ၉ ရက်နေ့ညပိုင်းက ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်၊

    ကဗျာဆရာ အောင်ချိမ့် အသက် ၇၃ နှစ်ကတော့ လူကြီးရောဂါနဲ့ ကွယ်လွန်တာဖြစ်ပြီး ဆရာညီစေမင်း၊ ဆရာဖေဒီတို့က ကိုဗစ်ရောဂါနဲ့ ကွယ်လွန်တယ်လို့ သိရကြောင်း ရန်ကုန်မြို့ခံ ကဗျာဆရာတစ်ဦးက ပြောပါတယ်။

    မြောက်ဥက္ကလာပမှာနေထိုင်တဲ့ စာရေးဆရာ ဆင်တဲဝ မြတ်ဖုန်းဟာလည်း ကိုဗစ်နဲ့ကွယ်လွန်တယ်လို့လည်း သိရပါတယ်။

    ကဗျာဆရာအောင်ချိမ့်ဟာ အရင်ရက်က ဆေးရုံတက်နေခဲ့ပြီး သက်သာတယ်ဆိုပြီး အိမ်မှာနားနေတုံး ဒီကနေ့ သြဂုတ်လ ၉ ရက်ညပိုင်းမှာ ကွယ်လွန်သွားတာဖြစ်တယ်လို့ သူကပြောပါတယ်။

    ကဗျာဆရာအောင်ချိမ့် နာရေးအတွက် စီစဥ်နေသူတစ်ဦးကတော့ မနက်ဖြန်မှာ ‌ရေဝေးသုသာန်မှာ ဂူသွင်းနိုင်ဖို့စီစဥ်နေတယ်လို့ပြောပါတယ်။

    ဦးချိမ့်လို့ ‌ခေါ်ကြတဲ့ က‌‌‌‌ဗျာဆရာ အောင်ချိမ့်

    ဓာတ်ပုံ ရင်းမြစ်, မစ္စတာ ဟွန်ဒါ

    ဓာတ်ပုံ ပုံစာ, ဦးချိမ့်လို့ ‌ခေါ်ကြတဲ့ က‌‌‌‌ဗျာဆရာ အောင်ချိမ့်
  4. ကယားပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်

    ကယားပြည်နယ်ထဲက ဖရူဆိုမြို့နယ်မှာ ဒီကနေ့ သြဂုတ်လ ၉ရက် နေ့က နေ့လယ် ၂ နာရီနဲ့ ညနေ ၅ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဖရူဆိုမြို့နယ်ထဲမှာ ဒိုမိုခိုကျေးရွာနဲ့ ဘီယာကျေးရွာကြားမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကပြောပါတယ်။

    ဒါ့အပြင် ကယားနယ်စပ် ရှမ်းပြည်နယ်ထဲက ဖယ်ခုံမြို့နယ် ခေါင်းအိနဲ့ လဝဲကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    ကယားပြည်နယ်အတွင်းမှာ နှစ်ဖက်အပစ်ရပ်ဖို့ သဘောတူထားကြပေမယ့် အခု သြဂုတ်လမှာ ၇ရက်အတွင်း တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNDF ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

    ကယားပြည်နယ်က တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်လို့ စ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး ဒီကနေ့ မရှိသေးပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, KNDF

  5. ကောလင်းမြို့အဝင် ဂိတ်တိုက်ခိုက်ခံရလို့ ရဲတစ်ဦးသေ

    စစ်ကိုင်းတိုင်း ကောလင်းမြို့အဝင် ကိုဗစ် စစ်ဆေးရေးဂိတ်မှာ သြဂုတ်လ ၈ ရက်နေ့ မနက်က ပေါက်ကွဲမှုဖြစ်ခဲ့သလို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၃ ဦး နဲ့ စည်ပင် ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ကောလင်း မြို့အဝင်ဂိတ်မှာ တိုက်ခိုက်ခံရမှု ကြောင့်သေဆုံးခဲ့သူဟာ ဒုရဲအုပ်တစ်ဦးလို့ ဒေသခံတွေက ပြောပေမယ့် စစ်ကောင်စီကတော့ ရဲတပ်ဖွဲ့ဝင်တစ်ဦးလို့ပဲ ထုတ်ပြန်သွားပါတယ်။

    အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ခမ်းမှာ ကျားဖြူခန်းမမှာ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးနေစဥ် လက်လုပ်မိုင်းနဲ့ ပစ်ပေါက်တိုက်ခိုက်ခံရတယ်လို့လည်း စစ်ကောင်စီကပြောပါတယ်။

    နမ့်ခမ်း မြို့တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ ဒဏ်ရာရရှိသူမရှိသေးပဲ တိုက်ခိုက်သူတွေကို ဖမ်းမိဖို့ဆောင်ရွှက်နေတယ်လို့ပြောပါတယ်။

  6. ပြည်ပကို ငါးတင်ပို့ရာမှာ ကွန်တိန်နာ အခက်အခဲ ဖြစ်

    စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့ရောင်းချနေတဲ့ငါး လုပ်ငန်း ဈေးကွက်ဟာလဲ ထိခိုက်ခဲ့တယ်လို့ကုန်သည်တွေက ဆိုပါတယ်

    ရေကြောင်းကုန်သွယ်ရေးက တင်ပို့တဲ့နေရာမှာလဲ အခက်အခဲရှိသလို နယ်စပ်ကုန်သွယ်ရေးကလဲတင်ပို့မရတော့ တဲ့အခြေအနေတွေ ဖြစ်နေတယ်လို့ဆိုပါတယ်။

    လတ်တလော ငါးတင်ပို့သူတွေ ငါးမွေးမြူသူတွေဟာ ကိုဗစ်ကြောင့် ကုန်တင်ပို့တဲ့နေရာ ပုံမှန်ကုန်သွယ်ရေးကရော နယ်စပ်ကုန်သွယ်ရေးက ပါအခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

    ပြည်ပကို ပုံမှန်ရေကြောင်း ကုန်သွယ်ရေးကနေ တင်ပိုရာမှာ ကွန်တိန်နာ စျေးတွေ နှစ်ဆကျော်ခန့်ပေးနေရတဲ့ အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေဟာ အကျိုးအမြတ်မရသလောက်ဖြစ်နေတယ်လို့လည်း ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

    လက်ရှိအခြေအနေတွေအပြင် ငါးစာစျေးကြီးမြင့်မှုနဲ့ ပြည်ပတင်ပို့တဲ့ ကုန်တင်သေတ္တာစျေးတွေမြင့်နေတာကြောင့်လုပ်ငန်းရှင်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အကျိုးအမြတ်မရသလောက်ဖြစ်နေတယ်လို့ ပြည်တွင်းငါးလုပ်ငန်းရှင်တွေကပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  7. ဒီပဲယင်းမှာ ပစ်ခတ်မှုတွေဖြစ်လို့ ကိုဗစ်လူနာတွေပါစစ်ရှောင်နေရ

  8. မြန်မာပြည်တွင်း အွန်လိုင်းကရောင်းတဲ့ ကိုဗစ်ကာကွယ်ဆေးအတုတွေကို ဖော်ထုတ်နေပြီလို့ပြော

  9. ဝိုင်းမော်မှာ စစ်ကောင်စီတပ်ရင်းရဲ့ညစဉ်ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်မှုမြင့်နေ

    ဝိုင်းမော်မှာ ညစဉ်ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်မှုမြင့်နေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၅၈)ခြေလျင်တပ်ရင်းက ညဘက်ရောက်တိုင်း ပစ်ခတ်မှုတွေလုပ်နေတာ ၄ ည ဆက်တိုက်အထိဖြစ်လာတာကြောင့် လက်နက်တွေ ထိမှန်မှာကို စိုးရိမ်နေရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောလာပါတယ်။

    ''ပစ်ခတ်တာတွေက ညတိုင်းပစ်နေတာ။ မနေ့ည (သြဂုတ်လ ၈ ရက်)တုန်းက ဆိုရင် မိုးသည်းနေတာတောင် လက်နက်ကြီးပစ်ခတ်သံတွေက အကျယ်ကြီးကြားရတယ်။ မြို့ထဲက မိုးလုံလေလုံကွင်းမှာ သူတို့က တပ်စွဲထားတာဆိုတော့ ပစ်ခတ်မှုဖြစ်တဲ့အချိန် အဲဒီဘေးနားက ကိုဗစ် ကွာရန်တင်းစင်တာက လူနာတွေ ဘယ်ပြေးရမှန်းမသိ ကြောက်လန့်ကုန်ကြတယ်'' လို့ ဝိုင်းမော်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒါ့ပြင် မြို့နဲ့ကပ်လျက်ကျေးရွာတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညပိုင်းပစ်ခတ်လို့ မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ လက်နက်တချို့လည်း မရှင်းလင်းသေးလို့ ရုတ်တရက် ပေါက်ကွဲပြီး ထိခိုက်မှာကိုလည်း စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ခ.လ.ရ(၅၈)တပ်ရင်းဘက်က ဒီလိုပစ်ခတ်မှုတွေညတိုင်း လုပ်နေပေမဲ့ တစ်ဖက်မှာလည်း ကချင်လွတ်မြောက်ရေးတပ် (KIO/KIA)က အခုရက်ပိုင်းအတွင်း ဝိုင်းမော်မှာ သူတို့ လှုပ်ရှားမှုမရှိဘူးလို့ပြောပါတယ်။

    ''ခုရက်ပိုင်းတွေမှာ ကျွန်တော်တို့ KIA/KIO ရဲ့ လှုပ်ရှားမှု အဲဒီဘက်မှာ မရှိပါဘူး။ အဲဒါကိုတော့ အတည်ပြုပါတယ်။ သူတို့ ဘာသာ ပစ်ခတ်နေတာပါ။'' KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

    တစ်ဖက်မှာလည်း ဝိုင်းမော်အခြေစိုက် ခ.လ.ရ(၅၈)တပ်ရင်းက သြဂုတ်လ ၃ ရက် ညပိုင်းတည်းက စတင်တဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု မရှိပေမဲ့ ဝိုင်းမော် ကျေးရွာတချို့မှာ လက်နက်ကြီးကျပြီး နေအိမ်တချို့ပျက်စီးပြီး အိမ်မွေးဝက်တချို့လည်း သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီလိုပစ်ခတ်မှုတွေကြောင့် ဝိုင်းမော်နဲ့ဆက်နေတဲ့ မဒိန်၊လဘောင် စတဲ့ကျေးရွာက ဒေသခံတွေဟာ လုံခြုံရေးစိုးရိမ်ပြီး မြစ်နီးနားမြို့ဆီ ခတ္တတိမ်းရှောင်နေတာ၊ မြို့တွင်းက နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ညဘက်ပြောင်းအိပ်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဝိုင်းမော်မှာ အခုရက်ပိုင်း ညပိုင်း ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ သတင်းတစ်စုံတစ်ရာ မထုတ်ပြန်သေးပါဘူး။

  10. ကနီနယ် တိုက်ပွဲတွေအတွင်း PDF ၃၁ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဧပြီလက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် သေဆုံးသူ ၃၁ ဦး ရှိပြီလို့ ကနီ PDF ကသတင်းထုတ်ပြန်ပါတယ်။

    ကနီမြို့နယ်အတွင်းမှာ ဧပြီလ ၁၁ ရက်နေ့ကနေ သြဂုတ် ၁ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၃၅ ခု တိုက်ခဲ့ရပြီးတော့ စစ်ကောင်စီတပ်တွေကို ခုခံရင်း ကျဆုံးခဲ့တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က ကနီမြို့နယ်ယင်းရွာက ရွာသား ၁၇ ဦး ခန့် အစုလိုက် အသတ်ခံခဲ့ရပြီးတော့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ကြုံရသူတစ်ဦးက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

    ကနီမြို့နယ် ဇီးပင်တွင်းရွာမှာ ဇူလိုင်လ ၂၆ ရက်နေ့ ကလည်း အစုလိုက်အပြုံလိုက် သတ်ခံရတဲ့ အလောင်းတွေ တွေ့ရပြီးတော့ မုံရွာ PDF တပ်ဖွဲ့ဝင်တွေပါတယ်လို့ သိရပါတယ်။

    ကနီမြို့နယ်ထဲက ကျေးရွာတွေဟာ စစ်ကောင်စီကို လက်နက်နဲ့ စတင် တိုက်ခိုက်ခဲ့တဲ့ ကျေးရွာတွေဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေဟာ ရွာတွေထဲ ရှာဖွေတာတွေ ဝင်ရောက်ဖမ်းဆီးမှုတွေ ရှိတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံသောင်းနဲ့ချီပြီး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    မေလတုန်းကကင်းရွာက ကျည်ထိမှန်သေဆုံးခဲ့သူတစ်ဦးကို သင်္ဂြိုဟ်စဥ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မေလတုန်းကကင်းရွာက ကျည်ထိမှန်သေဆုံးခဲ့သူတစ်ဦးကို သင်္ဂြိုဟ်စဥ်
  11. ဆန္ဒပြသူတွေကို မပစ်ခတ်ဖို့ ဒူးထောက်တောင်းပန်ခဲ့တဲ့ စစ္စတာနူးတောင် ကိုဗစ်တိုက်ဖျက်ရေးမှာ ဘယ်လိုပါဝင်နေလဲ။

    စစ္စတာအန်းရိုဇား နူးတောင်ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးလူထုဆန္ဒထုတ်ဖော်မှုတွေကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ပစ်ခတ်ဖြိုခွဲစဉ် လူထုကို သေနတ်နဲ့ မပစ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ရှေ့မှာဒူးထောက်တောင်းပန်ခဲ့သူဖြစ်ပါတယ်။

    အခုတော့ သူဟာ ကိုဗစ်တတိယလှိုင်းမှာ မြစ်ကြီးနားမှာရှိတဲ့ ကက်သလစ်သာသနာရဲ့ ဆေးခန်းမှာ ကိုဗစ်လူနာတွေကို စောင့်ရှောက်ကုသပေးနေပါတယ်။

    Skip YouTube post
    Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

    End of YouTube post

  12. အိုးဘိုထောင်အတွင်း ကြွေးကြော်ဆန္ဒပြရာမှာ ပါဝင်သူ ၃၀ ကျော် စစ်ဆေးမှုခံယူနေရ

    သြဂုတ် ၈ရက် ညပိုင်းက မန္တလေး အိုးဘိုထောင်အတွင်း ကြွေးကြော်ဆန္ဒပြရာမှာ ပါဝင်တဲ့ ထိန်းသိမ်းခံရထားသူ ၃၀ ကျော် ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ ကြွေးကြော်ဆန္ဒထုတ်ဖော်သူအများစုဟာ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပုဒ်မ ၅၀၅ က နဲ့ အရေးယူခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။

    '' သူတို့ က မနေ့က ရှစ်လေးလုံးနေ့ဖြစ်တော့ အကြောင်းတိုက်ဆိုင်လို့ ကြွေးကြော်ဆန္ဒပြကြတဲ့သဘောပါ၊ နောက်သူတို့သွေးသစ္စာသီချင်းဆိုကြတယ်၊ ကြာချိန်ကလည်း ခဏလေးပါပဲ၊ထောင်အာဏာပိုင်တွေရောက်သွားတော့ တောင် သူတို့လုပ်တာပြီးနေပါပြီ၊ အဲဒီနောက်တော့ သူတို့နဲ့ ထောင်တာဝန်ရှိသူတွေ ဆွေးနွေးပြောဆိုကြပြီး ပြီးသွားပါတယ်။ တခြားပြသာနာမရှိပါဘူး '' လို့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာ ဦးဆောင်သူအပါအဝင် လိုက်ပါဆောင်ရွက်သူတွေကို စစ်ဆေးစုံစမ်းဆဲဖြစ်လို့ ဘယ်သူ့ ကိုမှ အပြစ်ပေး အရေးယူတာမရှိသေးသလို တိုက်ပိတ်ဆောင်ရွက်တယ်ဆိုတာလည်း မဟုတ်ဘူးလို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

    ''အဲဒီ စစ်ဆေးနေတဲ့အထဲက အကုန်လုံးကို အရေးယူမှာမဟုတ်ပါဘူး၊ အပြစ်ရှိတယ်လို့ပေါ်ပေါက်တဲ့သူကိုပဲ အကျဉ်းထောင်ဥပဒေအရ အရေးယူမှာပါ၊ အပြစ်မရှိတဲ့သူ အရေးယူခံရမှာလည်းမဟုတ်ပါဘူး'' လို့ဆိုပါတယ်။ ထောင်အနီးနေထိုင်သူတွေက သေနတ်ပစ်ဖောက်သံကြားတယ်လို့ ဘီဘီစီကိုဖြေကြားကြ တာကြောင့်ပစ်ဖောက်မှုနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဘက်ကို ဘီဘီစီကမေးမြန်းရာမှာတော့ သေနတ်ပစ်ဖောက်တာမရှိသလို ဒဏ်ရာရရှိတယ်ဆိုတာလည်းမရှိဘူးလို့ ငြင်းဆိုပါတယ်။ ထောင်အတွင်းကို စစ်ကားတွေဝင်ရောက်တာရှိတယ်ဆိုတဲ့ အချက်ကလည်း မဟုတ်ဘဲ ထောင်ပြင်ပလမ်းမှာ လုံခြုံရေးယူတာလို့ တုံ့ပြန်ပါတယ်။ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တော့ ထောင်တွင်းဆန္ဒပြမှုနောက်မှာ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ Covid-19ရောဂါ ကာကွယ်ရေး၊ကုသရေးအပါအဝင် ဆေးကုသ ခွင့်တွေရရှိရေးအတွက် ဆောင်ရွက်ပေးဖို့ နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်ဖိနှိပ် မှုတွေရပ်တန့်ဖို့ဆိုတဲ့ အချက် သုံးချက် ကို ဒီကနေ့နေ့စွဲနဲ့ထုတ်ပြန်တောင်းဆိုတာတွေ့ရပါ တယ်။

    ကြွေးကြော်ဆန္ဒပြရာမှာ ပါဝင်သူ ၃၀ ကျော် စစ်ဆေးမှုခံယူနေရ

    ဓာတ်ပုံ ရင်းမြစ်, Kaung Zaw Hein/ MPA

    ဓာတ်ပုံ ပုံစာ, ကြွေးကြော်ဆန္ဒပြရာမှာ ပါဝင်သူ ၃၀ ကျော် စစ်ဆေးမှုခံယူနေရ
  13. တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး တစ်သန်း ထပ်ရောက်လာ

    တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး တစ်သန်း ထပ်ရောက်လာ

    ဓာတ်ပုံ ရင်းမြစ်, The Mirror

    ဓာတ်ပုံ ပုံစာ, ဒုတိယအသုတ်ရောက်လာတဲ့ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးတွေ

    စစ်ကောင်စီက တရုတ်နိုင်ငံဆီကနေ ဝယ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁ သန်း မြန်မာနိုင်ငံကို သြဂုတ်လ ၈ ရက်မှာ လေကြောင်းကနေတဆင့် ထပ်ရောက်လာပါတယ်။

    Sinovac လို့ ခေါ်တဲ့ အဲဒီကိုဗစ်ကာကွယ်ဆေးဟာ တရုတ်ဆီကနေ ဝယ်ထားတဲ့ အလုံးရေ ၂ သန်းထဲက ဒုတိယအသုတ် ရောက်လာ တဲ့ဆေးတွေဖြစ်ပါတယ်။

    ဒီဆေးတွေကို ရန်ကုန်၊ မင်းဓမ္မလမ်းမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်က ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းမှာ ထားပြီး လူဦးရေ၊ ရောဂါဖြစ်ပွားမှုပေါ်မူတည်ပြီး ပြည်သူ့ဆေးရုံတွေနဲ့ ကာကွယ်ဆေးထိုး စုရပ်တွေကနေ ထိုးနှံပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်က နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ အသက် (၆၅)နှစ်အထက်အသက်ကြီးသူတွေ၊ အစိုးရသာမက ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ကိုဗစ်ထိန်းချုပ်ရေးအတွက် ပါဝင်နေတဲ့ ပရဟိတသမားတွေကို ဦးစားပေး ကာကွယ်ဆေးထိုးပေးမယ်လို့ ဘီဘီစီကို အစောပိုင်းတုန်းက ပြောထားပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်တုန်းကလည်း တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး အလုံးရေ သုံးသိန်းခြောက်သောင်းကျော် လေကြောင်းကနေ ရောက်ရှိထားပြီးဖြစ်ပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ တရုတ်အပြင် ရုရှားကနေလည်း ကာကွယ်ဆေးနောက်ထပ် ၂ သန်းကို သူ့ရဲ့ရုရှားခရီးစဉ် တုန်းက ဝယ်ခဲ့တယ်လို့ ပြောထားပါတယ်။

  14. ရှမ်းနဲ့ကယားနယ်စပ်မှာ တိုက်ပွဲဖြစ်လို့ ဒေသခံရာချီ ဘေးလွတ်ရာ ထွက်ပြေးနေရ

    ရှမ်းနဲ့ကယားနယ်စပ်မှာ တိုက်ပွဲဖြစ်လို့ ဒေသခံရာချီ ဘေးလွတ်ရာ ထွက်ပြေးနေရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကယားမှာ စစ်ရှောင်တွေ ထပ်တိုး

    ရှမ်းပြည်နယ်နဲ့ ကရင်နီ(ကယား)ပြည်နယ်နယ်စပ်မှာ KA ကရင်နီတပ်မတော်၊ KNDF ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်လို့ အဲဒီက ရာနဲ့ချီတဲ့ရွာသူရွာသားတွေဟာ ကယားပြည်နယ်ထဲက ဖရူဆိုမြို့ အနောက်ဘက်ကျေးရွာတွေဆီ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

    ''နယ်မြေရှင်းလင်းဖို့လာတယ်လို့ဆိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KA၊ KNDF ပူးပေါင်းတပ်တွေ သြဂုတ်လ ၇ ရက် ည ၂ နာရီလောက်မှာ တိုက်ပွဲ စဖြစ်ခဲ့တာ။ အဲဒီတော့ ဟိုယာ၊ဘီသူ၊ ဒိုမိုခို၊ စတဲ့ရွာတွေက ကလေးနဲ့ လူကြီးတွေ ဖရူဆိုအနောက်ဘက်ခြမ်းကို ပြေးလာကြတယ်။ ဒီဘက်ရွာတွေကို ပြေးလာတဲ့သူတောင် ၂၀၀ လောက် ရှိတယ်။ တောထဲ တောင်ထဲ ဝင်ပြေးတဲ့သူတွေနဲ့ဆို အတော်လေးများမယ်။'' လို့ ဖရူဆိုအနောက်ဘက်ခြမ်းရွာတွေကစစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့ဆီကနေ သိရပါတယ်။

    တဖက်မှာလည်း ဖရူဆိုမြို့ထဲမှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ၂ ခုက အစစ်အဆေးတင်းကျပ်နေသလို ကပ်ဘေးကြောင့် လူအဝင်အတွက် စိစစ်နေလို့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်ရတဲ့နေရာမှာ အခက်အခဲဖြစ်နေချိန် စစ်ရှောင်တွေတိုးလာတဲ့အပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက စိုးရိမ်နေပါတယ်။

    ကယားပြည်နယ်အတွင်းမှာ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူထားကြပေမယ့် အခု သြဂုတ်လမှာ ၇ရက်အတွင်း တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNDF ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဝေးက လှမ်းပစ်တဲ့ဒဏ်ကြောင့် သူတို့ဘက်က ထိခိုက်သူ အနည်းငယ်ရှိပြီး မစိုးရိမ်ရပေမဲ့ စစ်ကောင်စီဘက်မှာတော့ ၁၀ယောက် ကျဆုံးသွားတယ်လို့ သတင်း အခိုင်အမာရထားကြောင်း သူကဆိုပါတယ်။

    ကယားပြည်နယ်က တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

  15. ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုရုံးချိန်း ထပ်မံရွှေ့ဆိုင်း, ထပ်တိုး အမှု ၄ မှု ကိစ္စဆွေးနွေးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး ရှေ့နေ အဖွဲ့တင်ပြဖို့ရှိ

    ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်ဖို့ဆိုပြီး တစ်ပတ်ထပ်တိုးလိုက်တဲ့ အများပြည်သူရုံးပိတ်ရက် ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုရုံးချိန်းကိုလည်း နောက်တစ်ပတ်ထပ်မံရွှေ့ဆိုင်းလိုက် တယ်လို့ ရှေ့နေ အဖွဲ့ကပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ဦးဝင်းမြင့် နဲ့ ဒေါက်တာမျိုးအောင်တို့ စွဲဆိုခံထားရတဲ့ အမှုတွေအတွက် အပတ်စဉ် တနင်္လာနဲ့အင်္ဂါ နှစ်ရက်မှာ ပုံမှန် ကြားနာရတဲ့ ရုံးချိန်းတွေဟာ အများပြည်သူရုံးပိတ်ရက်ကြောင့် ရွှေ့ဆိုင်းခဲ့တာလေးပတ်ရှိပြီဖြစ်ပါတယ်။

    ''အကြမ်းဖျင်းတော့လာမယ့် သြဂုတ် ၁၆ ရက် နဲ့ ၁၇ ရက်ကို ရွှေ့ပါတယ်၊ ဒီကြားထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဘာမှ သိခွင့်မရပါဘူး ''လို့ ရှေ့နေအဖွဲ့ ကဆိုပါတယ်။

    လက်ရှိမှာ ရှေ့နေအဖွဲ့အနေနဲ့ အမှုသည်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရတာ လေးပတ်တာကာလကိုရောက်ရှိပြီဖြစ်ပါတယ်။ ဒါ့ကြောင့် မန္တလေးတိုင်းတရားလွှတ်တော်မှာ စွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအမှု ၄ မှုအတွက် စီစဉ်ဖို့ကိစ္စရပ်တွေနဲ့ ရှေ့နေ့တွေ ထပ်မံဖြည့်တင်းရေးကိစ္စတွေအတွက် ပြောဆိုဆွေးနွေးရဖို့လိုအပ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကို တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအမှုဥပဒေပုဒ်မနဲ့ အမှု ၄ မှု အပြင် အစောပိုင်းကတည်းရင်ဆိုင်နေရတဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ၊နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ တို့အပါအဝင် စုစုပေါင်းအမှု ၆ မှု ကို ရင်ဆိုင်နေရတာလို့ စုစုပေါင်း အမှု ၁၀ မှုကိုရင်ဆိုင် ရဖို့ရှိနေတာပါ။ မကြာသေးခင်က အာဆီယံက ခန့်အပ်လိုက်တဲ့ အာဆီယံအထူးသံတမန် ဟာ မြန်မာ့အရေးဖြေရှင်းဖို့ မြန်မာနိုင်ငံကိုလာရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ရှိတယ် လို့ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒါနဲ့ပတ်သက်လို့တစ်စုံတစ်ရာထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုရုံးချိန်း ထပ်မံရွှေ့ဆိုင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုရုံးချိန်း ထပ်မံရွှေ့ဆိုင်း
  16. အီတလီ ၈ လေးလုံးနေ့ကို ဒေါ်အောင်ဆန်းစုကြည်သားငယ် သတင်းစကား ပေးပို့

    အီတလီကလှုပ်ရှားမှု

    ဓာတ်ပုံ ရင်းမြစ်, Myanmar community in Italy

    ဓာတ်ပုံ ပုံစာ, အီတလီကလှုပ်ရှားမှု

    အီတလီရောက် မြန်မာတွေလည်း ၈၈ နှစ်ပတ်လည် အခမ်းအနားကို ထူးထူးခြားခြား ပြုလုပ်ခဲ့ကြပါတယ်။

    ကမ္ဘာ့ အမွေအနှစ် အဖြစ် ယူနက်စကိုက အသိအမှတ်ပြုတဲ့ အီတလီ အရှေ့မြောက်ပိုင်း အင်မတန်လှတဲ့ ဒိုလိုမိုက်စ် Dolomites တောင်ကြောပေါ်က အူရွန်ဇိုး ဒီကာဒိုးရေး Auronzo di Cadore ဆိုတဲ့ အရပ်မှာ ဆန္ဒပြပွဲ၊ ဆုတောင်းပွဲတွေ အပါအဝင် မြန်မာ့အရေး လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေး အကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ကိုယ်စားလှယ် ကို အသိအမှတ် မပြုရေး ကုလသမဂ္ဂကို တောင်းဆိုတဲ့ စာသားတွေ၊ NUG ကို ထောက်ခံကြောင်း ပြသတဲ့ ပိုစတာတွေ ဆွဲကိုင်ထားခဲ့ကြပါတယ်။

    အူရွန်ဇိုး ဒီကာဒိုးရေး မြို့ဟာ မြန်မာနိုင်ငံ စစ်အာဏာ တကျော့ပြန် သိမ်းမှုကို ဆန့်ကျင်ကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ ရပ်တည်ကြောင်း တစိုက်မတ်မတ် ဖော်ပြ ရပ်တည်ခဲ့တဲ့ မြို့ဖြစ်ပြီး၊ အာဏာသိမ်း စစ်တပ် အနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်ဖို့ တရားဝင် ကြေညာချက်ထုတ် တောင်းဆိုထားတဲ့ မြို့ ဖြစ်ပါတယ်။

    အခု အဲဒီမြို့မှာ ပြုလုပ်တဲ့ ၈ လေးလုံး နှစ်ပတ်လည် လှုပ်ရှားမှုတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ကင်မ်ကလည်း သတင်းစကား ပေးပို့ ခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေ အီတလီ အမျိုးသမီး လွှတ်တော်အမတ် အယ်လ်ဘာတီးနား ဆိုလီယာနီ ကနေတဆင့် ရောက်ရှိလာတဲ့ ကင်မ်ရဲ့ သတင်း စကားထဲ မြန်မာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကြိုးပမ်း အားထုတ်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီ ဖေးမမှုတွေနဲ့ ဖိနှိပ်ရက်စက်မှုတွေ တာရှည်ကြာနိုင်မှာ မဟုတ်ဘူး ဆိုပြီး အားပေးထားပါတယ်။

    ကမ္ဘာ့အမွေအနှစ် နယ်မြေမှာ ကျင်းပတဲ့ မြန်မာ့အရေး လှုပ်ရှားမှု

    ဓာတ်ပုံ ရင်းမြစ်, Myanmar community in Italy

    ဓာတ်ပုံ ပုံစာ, ကမ္ဘာ့အမွေအနှစ် နယ်မြေမှာ ကျင်းပတဲ့ မြန်မာ့အရေး လှုပ်ရှားမှု
  17. အိုးဘိုထောင်တွင်းက ဆန္ဒပြသံတွေ ထွက်လာ

    ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ်‌‌နေ့ သြဂုတ်လ ၈ ရက်နေ့ည ရှစ်နာရီ ကျော်ကျော်လောက်မှာ မန္တလေးမြို့ အိုးဘို ထောင် အတွင်းကနေ ဆန္ဒပြ အော်ဟစ်ကြွေးကြော်သံတွေ ထွက်ပေါ်လာတာကို အနီးမှာ နေသူတွေ ရိုက်ကူးပေးပို့တဲ့ ဗီဒီယို မှတ်တမ်းတွေမှာ တွေ့မြင်ရပါတယ်။

    ဒီဗီဒီယို ဖိုင်နဲ့ပတ်သက်လို့ သီးခြားအတည်မပြုနိုင်ပေမဲ့ အိုးဘိုထောင်၀န်းကျင်မှာ နေထိုင်သူ တစ်ဦး ပြောပြချက်အရ ည၈နာရီ ကျော်ကျော်လောက်မှာ တစ်ချက် အသံ ကြားခဲ့ရပြီးနောက် ငြိမ်သွားရာက ည ၉ နာရီ ကျော်မှာ ဆန္ဒပြ ကြွေးကြော်သံတွေ ဆက်တိုက် အိုးဘိုထောင်ထဲက ထွက်ပေါ်လာတာယ်လို့ ဆိုပါတယ်။

    အိုးဘိုထောင်က ဆန္ဒပြသံတွေ ထွက်လာတာနဲ့ ပတ်သက်လို့ အိုးဘိုထောင်အာဏာပိုင်တွေဘက်ကို ဆက်သွယ်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    အဲဒီနောက် သေနတ်ပစ်သံ တစ်ချက် ကြားခဲ့ရပြီးနောက် ဗုဒ္ဓဘာသာ တရားခွေတွေ ဆက်တိုက် ဖွင့်နေတယ်လို့ ဘီဘီစီကို ည ၁၀နာရီ ၄၅မိနစ်မှာ အိုးဘိုထောင်နားနေသူက ပြောပါတယ်။

    အိုးဘိုထောင်တွင်းမှာ အကျဥ်းချခံထားရတဲ့ NLD ပါတီ CEC တစ်ယောက် ဖြစ်တဲ့ မန္တလေးတိုင်း ၀န်ကြီးချုပ်ဇော်မြင့်မောင်ဟာ သွေးကင်ဆာဝေဒနာရှင် ဖြစ်ပြီး ကိုဗစ် ကူးစက်ခံထားရလို့ ထောင်ပြင်ပ ဆေးရုံမှာ လွှဲပြောင်းကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

    ဒီကနေ့ မနက်ကပဲ စစ်ကောင်စီရဲ့ထိန်းသိမ်းခံခဲ့ရတဲ့ ဆရာ၀န် ဒေါက်တာ မောင်မောင်ငြိမ်ထွန်းဟာ ကိုဗစ် ကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့ပါတယ်။

    နှစ်ပတ် အတွင်း ဒုတိယအကြိမ်မြောက် ထောင်တွင်း တိုက်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မန္တလေးတောင်ပေါ်က မြင်ကွင်းမှာ မန္တလေး တက္ကသိုလ်နဲ့ အိုးဘိုထောင်ကို အထင်းသား တွေ့မြင်ရ
  18. နှစ်ဖက် အပစ်ရပ်ကြေညာထားပေမဲ့ ကယားနဲ့ ကယားနယ်စပ်တွေမှာ တိုက်ပွဲ တွေဖြစ်, စစ်ကောင်စီ တပ်က ၁၀ယောက် ကျတယ်လို့ KNDF ပြော

    ကယားနဲ့ ရှမ်းပြည်နယ် ကယားပြည်နယ် နယ်စပ်တွေမှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း KA ကရင်နီ တပ်မတော်၊ KNDF ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ်၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

    စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဝေးက လှမ်းပစ်တဲ့ဒဏ်ကြောင့် သူတို့ဘက်က ထိခိုက်သူ အနည်းငယ် ရှိပြီး မစိုးရိမ်ရပေမဲ့ စစ်ကောင်စီဘက်မှာတော့ ၁၀ယောက် ကျဆုံးသွားတယ်လို့ သတင်း အခိုင်အမာရထားကြောင်း KNDF ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

    ကယားပြည်နယ်က တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး ဒီကနေ့မရှိသေးပါဘူး။

    ကယားပြည်နယ် အတွင်းမှာ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူထားကြပေမယ့် အခု သြဂုတ်လမှာ ၇ရက်အတွင်း တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သူက ဆိုပါတယ်။

    စစ်ကောင်စီ တပ်တွေဘက်က အင်အား ၃၀၀ လောက်နဲ့ သူတို့ကို လာရောက် တိုက်ခိုက်ရာက တိုက်ပွဲ ဖြစ်တာလို့ လည်း သူက ပြောပါတယ်။

    သူတို့ ဒေသတွင်းမှာ စစ်ကောင်စီတပ်တွေက အင်အား တိုးမြှင့် ချထားလာနေရာမှာ အပစ်ရပ် သဘောတူချက်တွေလည်း အကောင်အထည်ဖော်ခြင်း မရှိတာကြောင့် ရှေ့ဆက် တိုက်ပွဲရှိန် ပိုမြင့်လာနိုင်တယ်လို့ KNDF ပြောခွင့်ရသူက ဆိုပါတယ်။

    စစ်ဒဏ်က တစ်မျိုး ကိုဗစ် ကူးစက်မှုက တစ်ဖုံ

    ကယားပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေလည်း ခုရက်ပိုင်း အတွင်း အဆမတန် မြင့်တက်လာနေတယ်လို့ KNDF ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

    လွိုက်ကော်မြို့ အရှေ့ဘက်မှာ ရှိတဲ့ စစ်ရှောင်စခန်း တစ်ခုမှာ ကိုဗစ် ပိုးတွေ့သူ ၂၆ယောက် ရှိပြီး ကလေးသူငယ်တွေ အတွင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ဆိုးရွားလာနေတယ်လို့ သူက ဆိုပါတယ်။

    ဒုက္ခသည် နှစ်ထောင်လောက် ခိုလှုံနေတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ ကိုဗစ်ကြောင့် သေဆုံးမှုတွေ မရှိပေမဲ့ လူနာတွေအတွက် အောက်စီဂျင် ၊ ဆေးဝါးလိုအပ်ချက် မြင့်မားလျက် ရှိနေတယ်လို့ သူက ပြောပါတယ်။

    သြဂုတ်လ ၈ရက်မနက် တိုက်ပွဲအတွင်း စစ်ကောင်စီ ဖက်က ၁၀ဦးကျဆုံးကြောင်း အထောက်အထားရှိတယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, အပစ်ရပ်ထားတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့လာနေတယ်လို့ KNDF ပြော
    ရှေ့ဆက် စစ်ရှိန် မြင့်လာမယ်လို့ KNDF ပြောကြား

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, ရှေ့ဆက် စစ်ရှိန် မြင့်လာမယ်လို့ KNDF ပြောကြား
  19. ရိက္ခာအခက်အခဲဖြစ်နေတဲ့ ဘုန်းကြီးကျောင်းတွေကို အရပ်ဘက်အဖွဲ့စည်း ထောက်ပံ့

    ရခိုင်ပြည်နယ်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း စားရေးသောက်ရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတဲ့ ဘုန်းကြီးကျောင်တွေ ဘာသာရေးကျောင်းတွေကို အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေ ပြုုလပ်နေကြပါတယ်။

    လက်ရှိမှာ ကိုဗစ် ၁၉ ဖြစ်ပွားမှုတွေမြင့်မားလာနေတဲ့အတွက် လူတွေအပြင်ထွက်သွားလာမှုတွေနည်းပါးနေကြသလို ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေအတွက်လည်း ဆွမ်းနဲ့ရိက္ခာတွေတွေ အလှူခံလို့မရတော့တာကြောင့် ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်းအများစုတို့မှာ စားရေးသောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

    ဒါ့ကြောင့် အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို စစ်တွေမြို့မှာရှိတဲ့ စစ်တွေဆေးရုံရောက် စစ်ဘေးသင့်လူနာများကူညီကယ်ဆယ်ရေးအဖွဲ့ကနေ ဆန်နဲ့တခြားစားသောက်ကုန်ရိက္ခာတွေကို ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

    တချို့ ဘုန်းကြီးကျောင်းတွေမှာတော့ ပုံမှန်ရရှိနေတဲ့အလှည့်ကျဆွမ်းတွေကိုလည်း မရရှိတော့သလို အပြင်ထွက်ပြီးလည်း ဆွမ်းခံလို့မရတော့တာကြောင့် မိမိကိုယ်ကို ဖြစ်သလိုချက်ပြုတ်စားသောက်နေကြရပြီး သီလရှင်တွေအနေနဲ့လည်း အရပ်ထဲဆန်အလှူခံပြီးစားသောက်နေကြရတဲ့သူတွေဖြစ်တဲ့အတွက် လက်ရှိမှာ လူနေအိမ်တွေကို ခြံတံခါးပိတ်ပြီးနေထိုင်ကြေတာကြောင့် ဆန်အလှူတွေလည်းမရရှိတာ ကြာပြီဖြစ်တယ်လို့ သီလရှင်တွေက ပြောဆိုကြပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Myint Lwin

    no tag

    ဓာတ်ပုံ ရင်းမြစ်, Myint Lwin

  20. မင်းပြား လက်မရွာ ဖြစ်ရပ်ကြောင့် လူမျိုးရေးအဓိကရုဏ်း ဖြစ်လာမှာ စိုးရိမ်နေ

    မင်းပြား လက်မကျေးရွာဟာ အစ္စလာမ်ဘာသာဝင်တွေ အဓိကနေ ထိုင်တဲ့ ကျေးရွာ တစ်ရွာဖြစ်ပေမဲ့ ဘေးပတ်ဝန်းကျင်မှာ ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာတွေ ရှိတာကြောင့် လက်မ ကျေးရွာမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ဖြစ်လာမှာ စိုးရိမ်လို့ ဆိုပြီး အစ္စလာမ် ကောင်စီက ဖြေရှင်းချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။

    ဇူလိုင် ၂၄ရက်နေ့က လက်မရွာကို အေအေ ရခိုင်တပ်တော် အဖွဲ့က ၀င်ရောက် စီးနင်းမှု ဖြစ်စဥ်နဲ့ ပတ်သက်လို့မင်းပြားနဲ့ မြောက်ဦးမြို့နယ် အစ္စလာမ်သာသနာရေး ကောင်စီ အကြီးအကဲတွေက အသီးသီး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။

    လက်မ မွတ်ဆလင်ကျေးရွာကို အကြောင်းပြုလို့ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသလို လူမျိုးရေးအဓိကရုဏ်း ဖြစ်ပေါ်လာမှာ အလွန်စိုးရိမ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ရခိုင်ရော ၊ မွတ်ဆလင်ပါ အေးအေးဆေးဆေး ဖြစ်နေချိန်မှာ တချို့လူတွေက ဟိုရွာသွားခိုး ဒီရွာသွားခိုး လုပ်နေရင် လူမျိုးရေး အဓိကရုဏ်း ဖြစ်လာမှာ စိုးတယ်လို့ မင်းပြား အစ္စလာမ် သာသနာရေး ဆိုင်ရာ ဥက္ကဌ ဟာဂျီ ဦးစိန်မင်းက ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် အခုလို လက်မ တစ်ရွာကြောင့် မင်းပြားက မွတ်ဆလင်တွေ အနစ်နာ မခံနိုင်ဘူး ၊ ဒုက္ခအရောက် မခံနိုင်ဘူး လို့လည်း သူက ဆိုပါတယ်။

    အဖြစ်မှန်တစ်ခုကို အားလုံးသိရှိဖို့လိုတဲ့ အတွက်လည်း ဘာသာရေးအဖွဲ့အစည်းနှစ်ခုက သတင်းထုတ်ပြန်ပေး ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

    မင်းပြားနဲ့မြောက်ဦးမြို့နယ် အစ္စလာမ်သာသနာရေးအဖွဲ့တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လက်မရွာမှာရှိတဲ့လူဆိုး သူခိုးတွေတွေကိုဖမ်းဆီးထိန်းသိမ်းဖို့ အေအေအဖွဲ့ကို မိမိတို့မှ အကူအညီတောင်းလို့ သူတို့ ဝင်ရောက်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    အေအေဖွဲ့တွေဟာ လက်မရွာထဲရှိနေစဉ် လက်မရွာက မွတ်ဆလင်တွေကို နှိပ်စက်ခြင်းစော်ကားခြင်းတွေ လုံးဝမလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

    အခုတော့ အေအေအဖွဲ့တွေ လက်မရွာထဲမှာမရှိတော့ဘူးလို့ ဒေသခံရွာသားတစ်ယောက်က ပြောပါတယ်။

    အရင် သုံးလေးရက်လောက်တုန်းက အေအေ တပ်ဖွဲ့တွေ သူတို့ရွာကို ၀ိုင်းထားခဲ့ပေမယ့် အခုတော့ သူတို့ရွာရဲ့ ဟိုဘက် ဒီဘက် အစွန်းမှာ ရှိတဲ့ ရခိုင်ရွာတွေဘက် ပြောင်းသွားပြီ ၊ သူတို့ ၀ိုင်းတုန်းကလဲ ရွာထဲက လူတွေ သွားခေါ်လို့ လာခဲ့တာ ဖြစ်တယ်လို့လည်း အဆိုပါ ဒေသခံက ပြောကြားခဲ့ပါတယ်။

    သြဂုတ်လဆန်းကစလို့ လက်မကျေးရွာမှာရှိတဲ့ လူဆိုးလူမိုက်တွေလျော့ချရေးအတွက် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေ ဘာသာရေးခေါင်းဆောင်တွေ အုပ်ချုပ်ရေးမှူးတွေတိုင်ပင်ပြီး သူတို့အနေနဲ့ဖြေရှင်းလို့မရပါက အေအေအဖွဲ့ကို အကူအညီတောင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လက်ရှိမှာတော့ ရခိုင်ပြည်နယ်က ကျေးရွာအချို့မှာ စားဝတ်နေရေးအခက်အခဲတွေ ကြုံရတဲ့ သူတွေများ လာတဲ့အတွက်သူခိုးတွေပေါများလာနေကြောင်းနဲ့ အုပ်ချုပ်ရေးအဖွဲ့က လက်လှမ်းမမီတဲ့ ကျေးရွာတွေဆိုရင် အေအေအဖွဲ့ကို အကူအညီတောင်းရတွေ ရှိတယ်လို့တော့ ရခိုင်ဒေသခံ တချို့ကပြောပါတယ်။

    ဇူလိုင်လ ၂၄ရက်နေ့တုန်းက အေအေ တပ်ဖွဲ့တွေ လက်မရွာထဲ ၀င်ရောက် စီးနင်းမှု နဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်ကြောင်းBurma Campaign UKက သြဂုတ်လ ၂ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    အဲဒီ ရွာ စီးနင်းခံရမှုနဲ့ ပတ်သက်လို့Burma Campaign UKက ရထားတဲ့ အချက်အလက်တွေ အရ အေအေ တပ်ဖွဲ့၀င် ၃၀၀ လောက် ဇူလိုင် ၂၄ရက်နေ့ စတင် ၀င်ရောက် စီးနင်းခဲ့ပြီး ရွာသားတွေကို အသား ၊ နွားသားရေ နဲ့ တစ်အိမ် ကျပ်တစ်သောင်းခွဲစီ အခွန်ဆောင်ဖို့ အမိန့်ထုတ်ခဲ့ပြီး တချို့ရွာသားတွေကတော့ စစ်တပ် ထိန်းချုပ်ရာ ဒေသန္တရ အာဏာပိုင်တွေကို အခွန်ပေးနေရတဲ့ အတွက် အေအေကို အခွန်ထပ်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

    အခုလို အေအေကို အခွန်ဆောင်ဖို့ ငြင်းတဲ့ ရွာသား ၁၂ယောက်ကို ဖမ်းဆီးပြီး ဗလီထဲမှာ အစာရေစာ ဖြတ်တောက်ထားတာကြောင့် မိခင်ဖြစ်သူနဲ့ ခွဲခံထားရတဲ့ တစ်လသားလေးကတော့ သတိလက်လွတ်ဖြစ်နေတယ်လို့ သတင်းရကြောင်း Burma Campaign UK ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အေအေ အနေနဲ့ အဲဒီရွာက ဆုတ်ခွာပေးဖို့နဲ့ ရွာသားတွေ ထိခိုက် သေဆုံးမှု ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မှု မရှိစေဖို့ Burma Campaign UK က ပန်ကြားခဲ့ပြီးနောက် အဲဒီရွာကနေ အေအေ တပ်ဖွဲ့တွေ ထွက်ခွာသွားပြီဖြစ်ကြောင်း ၊ ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေးခဲ့ပေမဲ့ လူ၂ ယောက်ကို ဖမ်းသွားတဲ့ အတွက် အဲဒီဖမ်းသွားသူတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း Burma Campaign UK နောက်ထပ်ထုတ်ပြန်ချက်မှာ ထည့်သွင်း ရေးသားထားတာ တွေ့ရပါတယ်။

    လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ဖြစ်လာမှာ စိုးရိမ်နေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘူးသီးတောင် မြို့က မွတ်ဆလင် ကျေးရွာသားများ
    လက်မရွာက အေအေ တပ်ဖွဲ့တွေ ပြန်လည် ထွက်ခွာသွားပြီလို့ Burma Campaign UK ပြန်လည် ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အခင်းဖြစ်ရာ လက်မရွာဟာ မွတ်ဆလင်ရွာ ဖြစ်ပေမယ့် အနားတ၀ိုက်မှာ ရခိုင်ရွာတွေ ရှိနေ