မန္တလေး နဒီမြန်မာ စင်တာမှာ နေ့စဥ် စစ်ဆေးသူ ထက်ဝက် ကိုဗစ်ပိုးတွေ့
မန္တလေးမြို့ နဒီမြန်မာ Test and Care center မှာ ကိုဗစ်-၁၉ ရှိ မရှိ နေ့စဉ် စမ်းသပ်စစ်ဆေးရာ ထက်ဝက်လောက် တွေ့ရှိတယ်လို့ ကိုဗစ်စစ်ဆေးလူနာတွေကို ပို့ဆောင်ပေးနေရတဲ့ လူမူကူညီရေး အသင်းတွေက ပြောပါတယ်။
" စစ်တာ အရင်ထက် ပိုများလာတယ်ဆိုတာက အရင်က မန္တလေးဆေးရုံကြီးမှာ စာအုပ်လုပ်တာ တစ်ရက်၊ နဒီမှာစစ်တာ တစ်ရက်။ အခုက အခမဲ့ သံသယပုံစံ စစ်တာဆိုတော့ များလာတယ်။ ၁၀၀ ကျော်စစ်တာ ၅၀ ကျော်တွေ့တော့ ထက်ဝက်လောက်ရှိတယ်။ နေ့တိုင်းပဲ"လို့ ကိုဗစ်အတည်ပြုလူနာတွေကို နေ့စဉ်ဆေးရုံတွေ ပို့ဆောင်ပေးရတဲ့ ပရဟိတကယ်ဆယ်ရေးအဖွဲ့ အသင်းတခုက တာဝန်ရှိသူက ပြောပါတယ်။
ကိုဗစ်-၁၉ စစ်ဆေးပြီး အတည်ပြုပိုးတွေ့လူနာတွေကို မန္တလေးဆေးရုံကြီးကို လွှဲပေးရသလို လူနာတစ်ဦးချင်းရဲ့ အောက်ဆီဂျင် ရာခိုင်နှုန်း ရရှိမှုပေါ်မူတည်ပြီး ဆေးရုံအသီးသီးကို ပို့ဆောင်ပေးရတာဖြစ်ပါတယ်။
မန္တလေးမြို့မှာ နဒီမြန်မာ Test and Care center မှာ စစ်ဆေးပြီးတဲ့ ကိုဗစ်-၁၉အတည်ပြုလူနာတွေကို ဆေးရုံ ၁၁ ခုမှာ ကုသမှုတွေ ပေးနေတယ်လို့ လူနာတွေ ပို့ဆောင်ပေးနေရတဲ့ ပရဟိတအသင်းတွေကနေ သိရပါတယ်။
လက်ရှိမှာ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနဲ့ သင်ကြားရေးဆေးရုံ ကုတင်-၃၀၀ကို ကိုဗစ်ကုသရေးစင်တာအဖြစ် ထပ်မံတိုးချဲ့ထားသလို မန္တလေး MIT ကျောင်းကိုလည်း ထပ်မံတိုးချဲ့သွားဖို့ ရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။
မန္တလေးမြို့က နဒီမြန်မာ Test and Care Center မှာ ကိုဗစ်-၁၉ ရှိ မရှိစစ်ဆေးလို့ ပိုးတွေ့ရှိသူများသာ ဆေးရုံတွေကို တက်ခွင့်ရှိပြီး နေအိမ်ကနေ ကိုယ်အစီစဉ်နဲ့ကိုယ်စစ်လို့ ပိုးတွေ့ရှိသူတွေကတော့ ဆေးရုံကို တိုက်ရိုက်သွားလို့ မရဘူးလို့ ပရဟိတအသင်းတွေကနေ သိရပါတယ်။
ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဩဂုတ်လ ၃ရက်နေ့ ကိုဗစ်-၁၉ အတည်ပြုလူနာဟာ မန္တလေးတိုင်းမှာ ၄၁၂ ဦး တွေ့ရှိရပြီး မန္တလေးခရိုင်က မြို့နယ် ၇ ခုမှာ ကိုဗစ်အတည်ပြုလူနာ ၇၀ ဦး သေဆုံးသူ ၂၂ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မန္တလေး ပရဟိတအသင်းများ













