ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ

မကွေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့မိသားစုတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာခရီးစဥ်မှာ ဘက်အားလုံးနဲ့ တွေ့ခွင့်ရဖို့ ဘရူနိုင်းသံပြော

    မြန်မာဆိုင်ရာ အာဆီယံ အထူးသံ ခန့်အပ်ခံရတဲ့ ဘရူနိုင်းသံတမန်က သူမြန်မာနိုင်ငံကို လာရောက်တဲ့အခါ ဘက်အားလုံးနဲ့ အပြည့်အဝ ထိတွေ့ဆက်သွယ်ခွင့်ပေးသင့်တယ်လို့ စနေနေ့မှာ ပြောပါတယ်။

    ဒီသီတင်းပတ်ထဲမှာ အာဆီယံ အထူးကိုယ်စားလှယ် အဖြစ် ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီး ၂ အယ်ရဝမ် ယူဆွဖ်ကို ခန့်ထားခဲ့တာပါ။

    သူက မြန်မာနိုင်ငံကို ဘယ်အချိန် သွားမယ်ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

    မြန်မာနိုင်ငံ ခရီးစဥ်ကို စီစဥ်နေကြောင်း၊ ဇွန်လ ခရီးစဥ်နဲ့ မတူဘဲ သေသေချာချာ ပြင်ဆင်ဖို့လိုကြောင်း ဘရူနိုင်းနိုင်ငံ မြို့တော် ဘန်ဒါဆီရီ ဘဂါဝန်မြို့မှာ သတင်းထောက်တွေကို ခရီးစဥ်နဲ့ ပတ်သက်ပြီး သူက ပြောပါတယ်။

    မြန်မာခရီးအတွင်း ပိုထိရောက်တဲ့ ဆွေးနွေးမှု လုပ်နိုင်ဖို့ ကြိုးစားမယ်လို့လည်း သူက ဆိုပါတယ်။

    ဘက်အားလုံးကို တိုင်ပင်ခဲ့တာ မရှိဘဲစစ်ကောင်စီဘက်က သဘောတူညီမှု တစ်ခုတည်းနဲ့သာ ဘရူနိုင်းသံကို ရွေးခဲ့တာဆိုပြီး မြန်မာအရပ်ဘက် အဖွဲ့တွေက ဒီခန့်အပ်မှုကို ပယ်ချထားခဲ့ပါတယ်။

    ဒါပေမဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးက ဒီခန့်အပ်မှုနဲ့ ပတ်သက်ပြီး အာဆီယံနဲ့ လက်တွဲလုပ်မယ်ဆိုပြီး ထုတ်ပြောလိုက်ပါတယ်။

    ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ခံတယ်လို့ ပြောထားကြပါတယ်။

    ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီး ၂ အယ်ရဝမ် ယူဆွဖ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. နေပြည်တော်မှာ ၃ လစာချုပ်နဲ့လုပ်ကိုင်နေတဲ့ အစိုးရကျောင်းကား ယာဉ်မောင်းနဲ့အကူတွေ လစာအပြည့်မရ ဖြစ်နေ

    နေပြည်တော်မှာ ၃ လစာချုပ်နဲ့လုပ်ကိုင်နေတဲ့ အစိုးရကျောင်းကား ယာဉ်မောင်းနဲ့အကူတွေ လစာအပြည့်မရ ဖြစ်နေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    နေပြည်တော် ၇ မြို့နယ်မှာရှိတဲ့ အစိုးရအထက်တန်းကျောင်းတွေအတွက် ၃ လပြတ်စာချုပ်နဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ ကျောင်းကားမောင်းသူတွေနဲ့ယာဉ်နောက်လိုက်တွေဟာ လစာအပြည့်မရဖြစ်နေတယ်လို့ သိရပါတယ်။

    ''ဇွန်လ အတွက်ကကတော့ အပြည့်ရတယ်။ ဇူလိုင်လကျတော့ ကျောင်းပိတ်လိုက်တဲ့အတွက် ၈ ရက်စာပဲရတယ်။ ဒီသြဂုတ်လ လစာမပေးတော့ဘူးလို့ သူတို့ကပြောပါတယ်။ အခုကျွန်တော်တို့ တိုင်းပညာရေးရုံးကို ဖုန်းဆက်တော့ အခြေခံပညာရေးရုံး ဘဏ္ဍာရေးဌာနက မပေးတာလို့ ပြောတယ်''လို့ ကျောင်းကားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

    နေပြည်တော်မှာ မြို့နယ် ၈ မြို့နယ်အထိရှိပြီး ဇဗ္ဗူသီရီမြို့နယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အစိုးရကျောင်းကားတွေစီစဉ်ခဲ့လို့ အဲဒီက ကျောင်းကားယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကတော့ အမြဲတမ်းဝန်ထမ်းတွေ ဖြစ်သွားကြပြီဖြစ်ပါတယ်။

    ဒါပေမဲ့ ကျန် ၇ မြို့နယ်မှာတော့ အထက်တန်းကျောင်းတစ်ကျောင်းကို ကျောင်းကား ၂ စီးကျအတွက် ယာဉ်မောင်း ၂ ဦးနဲ့ ယာဉ်အကူ ၂ ဦးစီကို ၃ လပြတ်စာချုပ်နဲ့ စစ်ကောင်စီလက်ထက် ဒီနှစ်ပညာသင်နှစ်မှာ စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

    အစောပိုင်းတုန်းကတော့ ယာဉ်မောင်းတစ်ဦးကို တစ်လ လစာ ကျပ်ငွေ တစ်သိန်းခွဲ၊ ယာဉ်အကူတစ်ဦးကို တစ်သိန်းနှစ်သောင်းနှုန်းနဲ့ နွေရာသီကျောင်းပိတ်ရက်မပါ ပညာသင်နှစ် ဆုံးတဲ့အချိန်အထိ ၃ လ တစ်ဖြတ်စီ စာချုပ်ချုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

    ''စာချုပ်ထဲမှာတော့ ဒီ ၃ လအတွင်းကို ကျွန်တော်တို့က ထွက်လို့လည်းမရဘူး။ တာဝန်ပိုင်းပေါ့လျော့ရင်လည်း ပြန်လျော်ရမယ်လို့ပါတယ်ခင်ဗျ။ ကျွန်တော်တို့ ဒီစာချုပ်ချုပ်ထားတဲ့အတောအတွင်းကို လစာမပေးဘူးဆိုတာတော့ မပါဘူးခင်ဗျ။ ကျွန်တော်တို့က ကျောင်းကို မတက်တာလည်း မဟုတ်ဘူး။ ပြီးတော့ နောက်ဒီ ကိုဗစ်ကြောင့် ပိတ်တဲ့ကိစ္စမှာ ကျွန်တော်တို့က မလုပ်တာလည်း မဟုတ်ဘူးလေ။''လို့ နေပြည်တော်က ကျောင်းကားယာဉ်မောင်းတစ်ဦးကပြောပါတယ်။

    ၃ လစာချုပ်နဲ့ လုပ်ကိုင်နေတဲ့ယာဉ်မောင်းနဲ့နောက်လိုက်တွေဟာ အမြဲတမ်းဝန်ထမ်းမဟုတ်လို့ လစာမထုတ်ပေးဖို့ အခြေခံပညာဘက်က ညွှန်ကြားထားတယ်ဆိုတာကို နေပြည်တော်တိုင်းပညာရေးမှူးရုံးဝန်ထမ်းရေးရာဘက်က ဘီဘီစီကို အတည်ပြုထားပါတယ်။

    စာချုပ်ပါအတိုင်းလစာခံစားခွင့်မရမယ့်အခြေအနေကြောင့် နေပြည်တော်က ကျောင်းကားမောင်းသူတွေနဲ့ယာဉ်အကူတွေဟာ အခုလိုကာလမှာ မိသားစုတွေကို ငဲ့ပြီး ဆန္ဒထွက်ပြဖို့ မရှိပေမဲ့ စုပေါင်းလက်မှတ်ထိုးပြီး နေပြည်တော်ကောင်စီနဲ့တိုင်းပညာရေးမှူးရုံးဆီ တင်ပြဖို့ရှိနေတယ်လို့ သိရပါတယ်။

  3. ဦးခင်ညွန့်လက်ရုံး ဗိုလ်မှူးကြီးစန်းပွင့် ကွယ်လွန်

    တပ်မတော်ထောက်လှမ်းရေးခေတ်က ဗိုလ်ချုပ်ကြီးခင်ညွန့် ရဲ့အားထားရသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစန်းပွင့် ဟာ ဒီကနေ့ သြဂုတ် ၇ ရက် အစောပိုင်းက ရန်ကုန်မြို့ ပန်းလှိုင် ဆေးရုံ မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။ သူဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ အားထားခဲ့ရသူတစ်ဦးလည်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတစ်ဦးဖြစ်ပါတယ်။ ထောက်လှမ်းရေး(၆)တပ်မှူးဟောင်းလည်းဖြစ်တဲ့ သူဟာ ၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေး ကိုဖျက်သိမ်းတဲ့အခါ အဖမ်းခံရတဲ့အထဲပါဝင်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။ ထောက်လှမ်းရေးဖျက်သိမ်းခံရချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရန်ကုန်ရောက်နေတဲ့ KNU ကိုယ်စားလှယ်တွေကို ပြန်ပို့ပေးခဲ့လို့ နောက် မှအဖမ်းခံရသူဖြစ်ပါတယ်။ MTA က ဦးခွန်ဆာ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်မှုမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၉ မှာပြုလုပ်တဲ့ ဝ အထူးဒေသ(၂) ငြိမ်းချမ်းရေး နှစ်(၃၀) ပြည့်အခမ်းအနား နဲ့ မိုင်းလား အထူးဒေသ (၄) နှစ် ၃၀ ပြည့် အခမ်းအနားတွေကို တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့် ကိုယ်စား သဝဏ်လွှာဖတ်ကြားခဲ့သူလည်းဖြစ်ပါတယ်။ ထောင်ကပြန်လွတ်ပြီးနောက်ပိုင်း ဘိန်းအစားထိုးသီးနှံစိုက်ပျိုးလုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်ခဲ့ပါသေးတယ်။

    ဗိုလ်မှူးကြီးစန်းပွင့် ကွယ်လွန်

    ဓာတ်ပုံ ရင်းမြစ်, စောကလိုဆေး

    ဓာတ်ပုံ ပုံစာ, ဗိုလ်မှူးကြီးစန်းပွင့် ကွယ်လွန်
  4. KNU ရဲ့ ညီလာခံ ကို ထပ်မံ ရက်ရွှေ့ဆိုင်း

    လတ်တလောနိုင်ငံရေး အခြေအနေတွေနဲ့ ကပ်ရောဂါကူးစက်မှုတွေကြောင့် လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ညီလာခံကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ပုံမှန်အားဖြင့် လေးနှစ်တစ်ကြိမ် မတ်လ မှာကျင်းပရမယ့် ၁၇ ကြိမ်မြောက် ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ညီလာခံကို ပြီးခဲ့တဲ့ ဇွန်လ ကတည်းက လုပ်ဖို့လျာထားခဲ့တာပါ။ ဒါပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေ နဲ့ ကိုဗစ်ကူးစက်မှုမြင့်တက်နေတာကြောင့် အခုနှစ်ကုန်မှသာ လုပ်နိုင်ဖို့ လျာထားတယ်လို့ဆိုပါတယ်။ ညီလာခံ မှာ ခေါင်းဆောင်ပိုင်းအပါအဝင် ဗဟိုကော်မတီဝင်တွေကိုပြန်လည်ရွေးချယ်တာ၊ KNU ရဲ့ လုပ်ဆောင်ချက်တွေကိုပြန်လည်ဆွေးနွေးတာ၊ အနာဂတ်အစီအစဉ်တွေချမှတ်တာတွေကိုလုပ်ဆောင်တာဖြစ်ပါတယ်။ လက်ရှိမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်း တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေတွေမှာ စစ်ကောင်စီ တပ်တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့တာရှိပြီး တိုက်ပွဲအချို့ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲတွေနဲ့ ကိုဗစ်ကြောင့် အသွားအလာကန့်သတ်မှုတွေကြောင့် ထပ်မံရွှေ့ဆိုင်းတာလို့ သိရပါတယ်။

    ၂၀၁၇ခုနှစ်ကကျင်းပတဲ့ ၁၆ကြိမ်မြောက် ညီလာခံ

    ဓာတ်ပုံ ရင်းမြစ်, KIC

    ဓာတ်ပုံ ပုံစာ, ၂၀၁၇ခုနှစ်ကကျင်းပတဲ့ ၁၆ကြိမ်မြောက် ညီလာခံ
  5. မင်းတုန်းမှာ ရေကြီးရေလျှံလို့ စိုက်ခင်းဧက ရာချီ ရေမြုပ် မျောပါ

    ရေမြုပ်သွားတဲ့ဧကရာချီထဲမှာ နှမ်းစိုက်ခင်းတွေက အများဆုံးလို့ ဒေသခံတောင်သူတွေပြော

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, ရေမြုပ်သွားတဲ့ဧကရာချီထဲမှာ နှမ်းစိုက်ခင်းတွေက အများဆုံးလို့ ဒေသခံတောင်သူတွေပြော

    မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အရှေ့ဘက်ခြမ်းရွာတွေနဲ့ တောင်ဘက်ခြမ်းရွာတွေမှာ သြဂုတ်လ ၆ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းပတ်လည်မှာရှိတဲ့ အဲဒီရွာတွေက စိုက်ခင်းပေါင်း ရာနဲ့ချီရေမြုပ်၊ ရေမျောခဲ့တယ်လို့ဒေသခံတောင်သူတွေက ပြောပါတယ်။

    "ချောင်းက မင်းတုန်းအရှေ့ဘက်ခြမ်းမှာလည်းရှိတယ်။ တောင်ဘက်ခြမ်းမှာလည်းရှိတယ်။ အခုဆို စိုက်ခင်းပျက်တာ ဧကရာချီကျော်မယ်။ နှမ်းစိုက်ခင်းတွေဆို ရိတ်သိမ်းဖို့ တစ်လလောက်လိုမှမြုပ်တာ။ တချို့စိုက်ခင်းတွေဆိုရင် ရိတ်ပြီးနှမ်းတွေပုံထားကာမှ ရေထဲမျောကုန်တာ။ ကျွန်မကိုယ်တိုင်လည်းစိုက်ထားတဲ့ ၃ ဧကလောက်ရေထဲမျောသွားတယ်လို့" နှမ်းစိုက်တောင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မင်းတုန်းနယ်ထဲက တောင်ဘက်ခြမ်းနဲ့အရှေ့ခြမ်းမှာရှိတဲ့ လွှာချောင်းနဲ့ပဲမြောက်ချောင်း ရေလျှံမှုကြောင့် ရေတက်တာတွေဖြစ်ခဲ့ဖူးပြီး ၂ဝ၁၃ ခုနှစ်တုန်းကလည်း ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံခဲ့ရဖူးတယ်လို့ တောင်သူတွေကဆိုပါတယ်။

    လက်ရှိမှာတော့ ချောင်းရေလျှံမှုကြောင့် နှမ်းစိုက်ခင်း၊ ပြောင်းစိုက်ခင်းနဲ့စပါးစိုက်ခင်းပေါင်း ရာနဲ့ချီဆုံးရှုံးခဲ့ရပေမဲ့ လူနေအိမ်တွေထိတော့ ရေတက်တာမရှိသေးဘူးလို့ ဒေသခံတွေ ကပြောပါတယ်။

  6. ဒေါက်တာဇော်မြင့်မောင်ရဲ့ကျန်းမာရေးအခြေအနေကြောင့်မန္တလေးဆေးရုံကြီးမှာပြောင်းရွှေ့ ကုသ

    အာဏာသိမ်းပြီးတဲ့နောက် မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဟာ ထောင်တွင်းကျန်းမာရေး အခြေအနေကြောင့် မန္တလေးဆေးရုံကြီး မှာ ဆေးကုသမှု ခံယူနေရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဌာနကဘက်က တာဝန်ရှိသူက အတည်ပြုသလို သူ့ရဲ့နဂိုရောဂါအခံဖြစ်တဲ့သွေးကင်ဆာကို ဆက်လက်စစ်ဆေးပေးဖို့နဲ့ အဖျားငွေ့ငွေ့ရှိနေတဲ့ အခြေအနေကြောင့် မန္တလေးဆေးရုံမှာပြောင်းရွှေ့ ဆေးကုသခွင့်ပေးထားတာလို့ ဘီဘီစီကိုပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အကျဉ်းထောင်ထဲ ကာကွယ်ဆေးထိုးပေးတဲ့အချိန် ဒေါက်တာဇော်မြင့်မောင်ရဲ့ကျန်းမာရေးအခြေအနေကြောင့်ဆေးထိုးခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ ’’ပထမရက်ကတည်းက အကျဉ်းထောင်ထဲမှာ ကာကွယ်ဆေးထိုးပေးပေမယ့် သူ့ရဲ့နဂိုရောဂါအခံကြောင့်မထိုးရဘူး၊ အဲဒါက သူဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်ကတည်းက ထိုးလို့မရတာ’’ လို့အကျဉ်းဦးစီးဌာနကတာဝန်ရှိသူကဆိုပါတယ်။ လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ တို့နဲ့ တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါက်တာဇော်မြင့်မောင်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရစဉ်
  7. မြန်မာပြည်တွင်းကိုဗစ်ကူးစက်မှု - ဆူနာမီရေလှိုင်းလုံးကြီးရိုက်ပုတ်ခံရသလိုပြင်းထန်နေပြီလို့ WFP သတိပေး

    မြန်မာပြည်တွင်းကိုဗစ်ကူးစက်မှု - ဆူနာမီရေလှိုင်းလုံးကြီးရိုက်ပုတ်ခံရသလိုပြင်းထန်နေပြီလို့ WFP သတိပေး/လာမယ့်ခြောက်လအတွင်း မြန်မာပြည်သူ ၆ သန်းကျော် စားနပ်ရိက္ခာရှားပါးမှုကြုံရနိုင်တယ်လို့ WFP က ဧပြီလ ကတည်းက ခန့်မှန်းထား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လာမယ့်ခြောက်လအတွင်း မြန်မာပြည်သူ ၆ သန်းကျော် စားနပ်ရိက္ခာရှားပါးမှုကြုံရနိုင်တယ်လို့ WFP က ဧပြီလ ကတည်းက ခန့်မှန်းထား

    မြန်မာပြည်တွင်းက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်မှုဟာ အဖျက်စွမ်းအားကြီးတဲ့ဆူနာမီရေလှိုင်းလုံးကြီး ရိုက်ပုတ်ခံရသလို ပြင်းထန်နေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတိပေးလာပါတယ်။

    ''ဆင်းရဲမွဲတေမှု၊ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးအကျပ်အတည်း သုံးထပ်ကွမ်းရိုက်ခတ်မှုရော၊ လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကူးစက်ပျံ့ပွားနှုန်းမြန်ဆန်နေတာပါ ပေါင်းလိုက်ရင် မြန်မာနိုင်ငံကို ဆူနာမီရေလှိုင်းလုံးကြီး ရိုက်ခတ်နေတာနဲ့တူတယ်။ မြန်မာပြည်သူတွေဟာ သူတို့ဘဝတလျှောက် အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်နေရတယ်''လို့ WFP မြန်မာဌာနေညွှန်ကြားရေးမှူးက ကုလသတင်းဌာနကိုပြောလိုက်တာပါ။

    တချိန်တည်းမှာပဲ မြန်မာပြည်တွင်းမှာ ပြည်သူတွေ ကျပ်တည်းလို့ လာမယ့် ၆ လအတွင်း လူပေါင်း ၆ သန်းကျော်ဟာ စားမစရာမရှိလို့ ဝမ်းဟာနေကြမယ့်အခြေဆိုက်နေတယ်ဆိုပြီး WFP က ဧပြီလတုန်းကတည်းက ခန့်မှန်းထားပါတယ်။

    WFP က မကြာခဏကောက်ယူတဲ့စစ်တမ်းတွေအရဆိုရင် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထမင်းစားပွဲပေါ် ထမင်းရှိနေဖို့တောင် ရုန်းကန်နေရတဲ့ မိသားစုတွေ ပိုပိုတိုးလာနေပါတယ်။

    ''မြန်မာမှာ မရှိလို့ မစားနိုင်ကြတဲ့အခြေအနေက ပိုကျယ်ပြန့် နက်ရှိုင်းလာနေတယ်။ ရန်ကုန်တဝိုက် ကျူးကျော်တွေမှာနေထိုင်တဲ့သူတွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက သူတို့ဟာ အစားအသောက်ဝယ်ဖို့ ချေးငှားနေရတယ်။ ဝင်ငွေလည်း အတော်လေးမဲ့နေတယ်ဆိုပြီး ပြောထားကြတယ်''လို့ WFP ရဲ့ဌာနေညွှန်ကြားရေးမှူး Stephen Anderson ကပြောပါတယ်။

    တချိန်တည်းမှာပဲ စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာနဲ့ ကြုံလာရနိုင်တဲ့ မြန်မာနိုင်ငံက ပြည်သူ သန်းပေါင်းများစွာကို အကူအညီပေးဖို့ လာမယ့် ၆ လတာအတွက်သူတို့မှာ ငွေလုံလောက်မယ့်ပုံ မရှိဘူးလို့ WFP က ပြောထားပါတယ်။

    မြန်မာနိုင်ငံကို စားနပ်ရိက္ခာ အကူအညီပေးဖို့အတွက် ဒေါ်လာ ၈၆ သန်း လိုအပ်နေတယ်လို့ WFP က ကြေညာထားပါတယ်။

  8. အသက်ကိုရန်မူဖို့အထိ ကြံစည်ခံခဲ့ရတဲ့ ဦးကျော်မိုးထွန်းနဲ့ ဘီဘီစီသီးသန့်မေးမြန်းခန်း

  9. လွိုင်ကော်စစ်ရှောင်စခန်းတွေမှာ ၂ရက်အတွင်း ကိုဗစ်လူနာ ၁၈ ယောက်တွေ့ထား

    လွိုင်ကော်မြို့အရှေ့ဘက် က စစ်ရှောင်စခန်းတွေမှာ နှစ်ရက်အတွင်း ကိုဗစ်လူနာ ၁၈ယောက်ရှိလာ

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, ကျန်းမာရေးစောင့်ရှောက်မှုအကန့်အသတ်တွေများလို့ စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ပိုးတွေ့သူများလာမှာကို ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေက စိုးရိမ်နေပါတယ်။

    ကယားပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်က စစ်ရှောင်စခန်းတွေမှာ နှစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၈ ယောက်ရှိလာတယ်လို့ စစ်ရှောင်စခန်းကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။

    လက်ရှိမှာ လူနာတွေကိုထားဖို့ အမိုးအကာနဲ့ သီးသန့်တဲတွေ လိုအပ်သလို အောက်ဆီဂျင်ရဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းအတွက် ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။

    "ရိက္ခာကတော့ တစ်လလောက်ထိ တောင့်ခံထားနိုင်ပေမဲ့ အခုအရေးပေါ်လိုအပ်ပြီး စိတ်ပူနေရတာကတော့ အောက်ဆီဂျင်ပါပဲ ။ မနေ့ကဆို လူနာက အောက်ဆီဂျင်ကျလာတော့ ည၈နာရီမှာ ယူဖို့ ခက်သွားပြီ။ ဒီလိုမျိုးထပ်ဖြစ်ရင် လူနာအတွက် အသက်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ နောက်ပြီး ရောဂါထပ်မကူးစက်ဖို့ သီးခြားခွဲထားဖို့တွေအတွက်ဆိုရင် တဲတွေ ထပ်ထိုးရမယ်။ မိုးကာတဲတွေလည်း လိုအပ်ချက်ရှိနေတယ်"လို့ စခန်းတာဝန်ရှိသူကဆိုပါတယ်။

    လက်ရှိမှာ စစ်ဘေးရှောင်တွေနဲ့ ကိုဗစ်လူနာတွေအတွက် ကိုယ်ထူကိုယ်ထ ဆေးပေးခန်း ဖွင့်ထားပြီး စေတနာရှင်တွေရဲ့ဆေးဝါးထောက်ပံ့မှုတွေနဲ့ ရပ်တည်နေတယ်လို့ သိရပါတယ်။

    ကယားပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတွေအပြင် စစ်ကိုင်း တိုင်းဒေသကြီး၊ကနီမြို့နယ်ထဲက စစ်ရှောင်တွေမှာလည်း ကိုဗစ်လူနာတွေ့ရှိမှုတွေဖြစ်ခဲ့ပါတယ်။

    ဒါကြောင့် ဆေးရုံဆေးခန်းနဲ့အလှမ်းဝေးမှုအခက်ခဲတွေ ၊ ဆေးပစ္စည်းအလွယ်တကူရနိုင်ဖို့ အခက်ခဲတွေရှိပြီး တောတောင်တွေထဲ တိမ်းရှောင်နေရလို့ စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုထိန်းချုပ်နိုင်ဖို့ ခက်ခဲမှာကို ကျန်းမာရေးစေတနာ့ ဝန်ထမ်းတွေနဲ့ ဒေသခံလူမှုကူညီရေးဆောင်ရွက်ပေးနေသူတွေက စိုးရိမ်နေကြပါတယ်။

  10. ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ပူးပေါင်း ကြံစည်မှုနဲ့ မြန်မာ ၂ ယောက်ကို FBI ဖမ်းဆီး အမှုဖွင့်ထားပြီ

    စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ထိခိုက်နာကျင်အောင် အကြမ်းဖက် တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ပုဒ်မတပ် အရေးယူထားတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု၊ နယူးယောက် တောင်ပိုင်းဒီစတြိတ် အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။

    ဖြိုးဟိန်းထွဋ် ၂၈ နှစ်နဲ့ ရဲဟိန်းဇော် အသက် ၂၀ တို့ နှစ်ယောက်ကို အမြင့်ဆုံး ၅ နှစ် အထိ ထောင်ချနိုင်တဲ့ ပုဒ်မနဲ့ အမေရိကန် တရားရေး အာဏာပိုင်တွေက အရေးယူ လိုက်တာ ဖြစ်ပါတယ်။

    အဲဒီ မြန်မာနိုင်ငံသား နှစ်ယောက်ဟာ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ရာ မြန်မာအာဏာသိမ်း စစ်တပ် အတွက် အလုပ်လုပ်ပေးနေတဲ့ ထိုင်းနိုင်ငံထဲက လက်နက်ပွဲစား တစ်ယောက်နဲ့ အတူ ပူးပေါင်းကြံစည်ခဲ့သူတွေ ဖြစ်ပြီး အဲဒီနှစ်ယောက်ကို နယူးယောက်မြို့မှာ လက်ရ ဖမ်းဆီးမိထားတယ်လို့လည်း အမေရိကန် တရားရေး အာဏာပိုင်တွေက ဆိုပါတယ်။

    သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ သူ့မှာ အန္တရာယ်ရှိနေပြီလို့ အမေရိကန် အာဏာပိုင်တွေထံ တရားဝင် တိုင်တမ်းခဲ့တဲ့နောက် အမေရိကန် ထောက်လှမ်းရေး FBI အဖွဲ့က ဒီအမှုကို တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

    ဖြိုးဟိန်းထွဋ်ဟာ သူ့ကို ထိုင်းနိုင်ငံထဲက လက်နက်ပွဲစားက အွန်လိုင်းကနေ ဆက်သွယ်လာပြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ရာ ငွေပေးခိုင်းစေခဲ့တယ်လို့ FBI အရာရှိတွေထံ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

    ဦးကျော်မိုးထွန်းကို မြန်မာပြည်ကိုယ်စားပြု ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် နေရာကနေ ထွက်ပေးအောင် အကြမ်းနည်းသုံး ခြိမ်းခြောက်ဖိအား ပေးတဲ့ အနေနဲ့ တိုက်ခိုက်ဖို့ရာ ထိုင်းမှာရှိတဲ့လူက ညွှန်ကြား ခိုင်းစေတာလို့ နားလည်ရပါတယ်။

    တကယ်လို့ သံအမတ်ကြီးက ရာထူးနေရာကနေ ဖယ်မပေးဘူးလို့ ဆက်လက် ငြင်းဆန်နေမယ် ဆိုရင် သတ်ပစ်ဖို့ အထိ အဲဒီ လက်နက်ပွဲစားက ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်မိုးထွန်းရဲ့ ကားတိမ်းမှောက် သွားအောင် ပြုလုပ်ဖို့ တိုင်ပင်ထားခဲ့ကြတယ်လို့ ထွက်ဆိုချက်တွေအရ သိရပါတယ်။

    ဇူလိုင်လ လကုန်ပိုင်းမှာတော့ ရဲဟိန်းဇော် ဆိုသူဟာ ဖြိုးဟိန်းထွဋ်နဲ့ ဆက်သွယ်လာပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၀၀၀ ကို နှစ်ကြိမ်ခွဲပြီး လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။တိုက်ခိုက်မှုတွေ ပြီးမြောက်သွားရင် နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပ်ရမယ်လို့ သဘောတူထားတယ်လို့လည်း ဖြိုးဟိန်းထွဋ်က ထွက်ဆိုပါတယ်။

    ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့အတွက် လုံခြုံရေးကို စေတနာ့ ဝန်ထမ်း တာဝန်ယူပေးနေသူ တစ်ယောက်ကို ဖြိုးဟိန်းထွဋ်က စတင် ဝန်ခံ ပြောဆိုခဲ့ရာကနေ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ ဒီအမှုကိစ္စ ပေါ်ပေါက်လာတာလို့ နားလည်ရပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ရဲ့ စာကို ဖတ်ကြားခဲ့တဲ့ ဦးကျော်မိုးထွန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ရဲ့ စာကို ဖတ်ကြားခဲ့တဲ့ ဦးကျော်မိုးထွန်း
  11. စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာ

    အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ စတင်တွေ့လာရပြီလို့ ဒေသခံတွေက ပြောပါတယ်။

    တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်း၊ ကချင်၊ ကယားနဲ့ စစ်ကိုင်းတိုင်းဒေသအတွင်းက စစ်ရှောင်စခန်းတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ တွေ့ရှိနေတာဖြစ်ပြီး မင်းတပ်မြို့မှာ တခြားဒေသကို စစ်ရှောင်သွားရင်း ပိုးကူးစက်လာသူတဦးသေဆုံးခဲ့ပါတယ်။

    ချင်းတိုင်းရင်းသား စစ်ရှောင်တွေအများဆုံးရှိတဲ့ မကွေးတိုင်း ဆောမြို့နယ် စံကျေးရွာနဲ့ တေးရွာမှာလည်း ဒေသခံနှစ်ဦး ကိုဗစ်နဲ့ သေဆုံးခဲ့တယ်လို့ မင်းတပ်မြို့က စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုလောရင့်က အတည်ပြုပါတယ်။

    လွိုင်ကော်မြို့ အရှေ့ဘက် ဆင်စစ်ရှောင်စခန်းမှာလည်း နှစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၈ ဦး တွေ့ရှိထားပြီး ကိုဗစ်နဲ့ဆိုင်တဲ့ ကာကွယ်ကုသရေး ပစ္စည်းတွေ လိုအပ်နေတယ်လို့ အဲဒီစစ်ရှောင်စခန်းစခန်းရဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။

    ကချင်ပြည်နယ် ၀ိုင်းမော်မြို့နားက စစ်ရှောင်စခန်းတွေနဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာလည်း ကိုဗစ်ကူးစက်မှုတွေ ပျံ့နှံ့နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

    ကိုဗစ် တတိယလှိုင်းဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အသက် ၆၅ နှစ်နဲ့အထက် အရပ်သားတွေကို တရုတ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေးတွေ စတင်ထိုးပေးနေပေမယ့် ပိုးကူးစက်မှုဦးရေ၊ သေဆုံးသူ ဦးရေကတော့ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။

    မြန်မာမှာ ကိုဗစ် ကူးစက်သူ သုံးသိန်းကျော်နဲ့ သေဆုံးသူ တစ်သောင်းကျော်ရှိတယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြပေမဲ့ မြေပြင်အရေအတွက်က ဒီ့ထက်များစွာပိုတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက အချက်အလက်တွေအရ သိရပါတယ်။

    ကချင်ပြည်နယ်တွင်း စစ်ရှောင်စခန်းတခု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်တွင်း စစ်ရှောင်စခန်းတခု
  12. အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းတွေ ပယ်ချ

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူးနိုင်း နိုင်ငံခြားရေး၀န်ကြီး ၂ အာရ၀မ် ယူဆွဖ်ကို ခန့်အပ်လိုက်တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို မြန်မာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၄၁၃ ဖွဲ့က ပယ်ချလိုက်ပါတယ်။

    ဒီခန့်အပ်မှုကို အာဏာသိမ်းစစ်တပ်ကသာ အဓိက ခွင့်ပြုပေးခဲ့တာဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်သူ့အာဏာဖီဆန်မှု စီဒီအမ်လုပ်ရှားမှုမှာ ပါ၀င်နေကြသူတွေအပါအ၀င် ဒီမိုကရေစီအရေးလိုလားတဲ့သူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တာ မရှိဘူးလို့ ထောက်ပြပါတယ်။

    ဒီအချက်ဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဆန့်ကျင်ရာ ရောက်ပြီး ကြီးလေးတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ထပ်မံ အားပေးအားမြောက်ပြုရာ ကျတယ်လို့လည်း ဆိုပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂကနေ ချက်ချင်း ကြား၀င်ဆောင်ရွက်ပေးဖို့ မြန်မာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်တာပါ။

    အာဆီယံအဖွဲ့အနေနဲ့ ပြည်တွင်း ပဋိပက္ခကို ဖြေရှင်းဖို့အတွက် အထူးသဖြင့် NUG အစိုးရ အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ လက်တွဲ အလုပ်လုပ်ဖို့လိုသလို ကုလသမဂ္ဂအဖွဲ့နဲ့လည်း ပူးပေါင်းလုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

    အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကိုလည်း NUG အစိုးရ ကျန်းမာရေး၀န်ကြီးဌာနနဲ့ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေ ဖွဲ့စည်းထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၊ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားဒေသ အစိုးရတွေနဲ့ အာဏာဖီဆန်ရေးလုပ်နေကြတဲ့ သင့်တော်တဲ့ တပ်ဖွဲ့ တွေကို တိုက်ရိုက်လှူဒါန်းရမယ်လို့လည်း ပြောပါတယ်။

    အဲဒီအကူအညီတွေကို အာဏာသိမ်းစစ်တပ်ကနေ တဆင့် ဒါမှမဟုတ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကိစ္စရပ်တွေမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးနိုင်ဖို့ ဖွဲ့စည်းထားတဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး စင်တာ AHA စင်တာကနေတဆင့် မလှူဒါန်းကြဖို့ကိုလည်း အကြံပြုထားပါတယ်။

    Erywan Yusof

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  13. မြန်မာကို ရိက္ခာဆက်ထောက်ဖို့ ရံပုံငွေ လုံလောက်မယ့်ပုံမရဘူးလို့ ကုလအဖွဲ့ပြော

    ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP က ကိုဗစ်ရောဂါကူးစက်မှုတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရချိန် အတောအတွင်းစားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာနဲ့ ကြုံလာရနိုင်တဲ့ မြန်မာနိုင်ငံက ပြည်သူ သန်းပေါင်းများစွာကို အကူအညီပေးဖို့ လာမယ့် ၆ လတာအတွက်သူတို့မှာ ငွေလုံလောက်မယ့်ပုံ မရှိဘူးလို့ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံကို စားနပ်ရိက္ခာ အကူအညီပေးဖို့အတွက် ဒေါ်လာ ၈၆ သန်း လိုအပ်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာ အငတ်ဘေးပြဿနာ ပိုနက်နက်ရှိုင်းရှိုင်း ပျံ့နှံ့ ကြုံတွေ့လာနေတာကို မြင်တွေ့နေရတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ညွှန်ကြားရေးမှူး စတီဖန် အန်ဒါဆန် က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    စစ်တပ်က အာဏာမသိမ်းခင် ဖေဖော်ဝါရီလက လူပေါင်း ၂ သန်း ၈ သိန်းလောက် စားနပ်ရိက္ခာ မလုံမလောက်မှုနဲ့ ကြုံရနိုင်တယ်လို့ ခန့်မှန်းထားရာကနေ အခုအခါလူ ၆ သန်း ၃ သိန်းလောက် လာမယ့် ၆ လအတွင်း စားနပ်ရိက္ခာ မလုံလောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ WFP က ဆိုပါတယ်။

    မြန်မာကို ရိက္ခာဆက်ထောက်ဖို့ ရံပုံငွေ လုံလောက်မယ့်ပုံမရဘူးလို့ ကုလအဖွဲ့ပြော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  14. ရွှေတြိဂံရောက်မြန်မာများဆန္ဒပြမှု- နေရပ်ပြန်နိုင်ရေးအပါအဝင် အချက် ၄ ချက်တောင်းဆိုထား

    ရွှေတြိဂံရောက်မြန်မာများဆန္ဒပြမှု- နေရပ်ပြန်နိုင်ရေးအပါအဝင် အချက် ၄ ချက်တောင်းဆိုထား

    ဓာတ်ပုံ ရင်းမြစ်, screengrab

    မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံနယ်စပ် ရွှေတြိဂံဒေသက လာအိုအပိုင် ဘိုကျောက်ခရိုင်ထဲကိုရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ဒီနေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နေရပ်ပြန်နိုင်ရေးအပါအဝင် အချက် ၄ ချက်ကို အဓိက တောင်းဆိုနေကြပါတယ်။

    ဆန္ဒဖော်ထုတ်ကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေက နေရပ်ပြန်နိုင်ရေး စီစဉ်ပေးဖို့၊ မြန်မာထောင်ချီနေထိုင်တဲ့ မြန်မာ(ရခိုင်)ရွာက အုပ်ချုပ်ရေးပိုင်းကို ပြောင်းပေးဖို့၊ ကွာရန်တင်းစင်တာတွေမှာ လနဲ့ချီနေထိုင်နေရတဲ့မြန်မာတွေအတွက် စားဝတ်နေရေး ကူညီဖြေရှင်းပေးဖို့၊ အပြင်လုပ်ငန်းခွင်မှာလုပ်ကိုင်သူတွေ လုပ်ခအပြည့်အ၀ မရသေးတာကို ကူညီဖြေရှင်းပေးဖို့အချက်တွေကို တောင်းဆိုကြတာပါ။

    အဲဒီနယ်မြေမှာ လုပ်ကိုင်ခွင့်ရတဲ့တရုတ်ကုမ္ပဏီတစ်ခုရဲ့ ကွာရန်တင်းစင်တာတွေထဲက ၆ ထပ်အဆောက်အအုံတွေရှိရာ ကွာရန်တင်းစင်တာကို ထမင်းပို့ချိန်နောက်ကျတာကြောင့် စင်တာမှာရှိတဲ့ မြန်မာတွေ ဒီနေ့ သြဂုတ်လ ၆ ရက်နေ့လည်ပိုင်းမှာ စတင်ဆန္ဒပြခဲ့ကြတာပါ။

    ဒါ့ပြင် စင်တာမှာစောင့်တဲ့လုံခြုံရေးက ကွာရန်တင်းဝင်သူတချို့ကို ကိုယ်ထိလက်ရောက်စကားပြောတာကြောင့် ဆန္ဒပြမှု စတယ်ဆိုတဲ့သတင်းတွေ ထွက်နေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    အဲဒီနောက် မြန်မာ(ရခိုင်)ရွာအနီးက တောင်ခြေလို့ခေါ်တဲ့ ကွာရန်တင်းစင်တာက မြန်မာရွှေ့ပြောင်းလုပ်သားတစ်ထောင်နီးပါးဟာ ၆ ထပ် အဆောက်အအုံတွေရှိရာ ကွာရန်တင်းစင်တာဘက်ဆီကို အထုပ်အပိုးတွေသယ်ပြီး သွားရောက်ပူးပေါင်းခဲ့ကြပါတယ်။

    နောက်ပိုင်းမှာ ရာနဲ့ချီတဲ့အလုပ်သမားတစ်ချို့က လော့ဒေါင်းချထားတဲ့မြန်မာ(ရခိုင်)ရွာအနီးမှာ အပေါ်က အချက်တွေကို စုပေါင်းတောင်းဆိုခဲ့ကြတာပါ။

    တောင်းဆိုချက်တွေအတွက် ရွှေတြိဂံရဲ့ အဲဒီဒေသမှာလုပ်ပိုင်ခွင့်ရတဲ့တရုတ်ကုမ္ပဏီဘက်က တာဝန်ရှိသူတချို့အပါအဝင် ဆန္ဒပြတဲ့အလုပ်သမားတွေထဲက ကိုယ်စားလှယ်တချို့နဲ့ လာအိုဒေသန္တရအာဏာပိုင်တွေဟာ မြန်မာ(ရခိုင်)ရွာထဲမှာ အကျေအလည် ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

    မြန်မာလုပ်သားထောင်ချီဟာ ကိုဗစ်ပိုးရှိတယ်ဆိုပြီး ကုမ္ပဏီလုပ်ပိုင်ခွင့်ရနယ်မြေထဲက ကွာရန်တင်းစင်တာတွေမှာ လနဲ့ချီနေထိုင်နေရတာကြောင့် ဝင်ငွေမရှိဘဲ စားရေးသောက်ရေး ကျပ်တည်းနေကြတယ်ဆိုပြီး မြန်မာလုပ်သားတချို့က ဘီဘီစီကို အစောပိုင်းမှာ ဆက်သွယ်ပြောဆိုထားပါတယ်။

    ဒါ့ပြင် ရွှေတြိဂံရောက်မြန်မာလုပ်သားတွေ အများစုနေထိုင်ကြတဲ့ မြန်မာ(ရခိုင်)ရွာကိုလည်း အသွားအလာကန့်သတ်တဲ့ လော့ဒေါင်းချထားတာ ၃ လကျော် ကြာလာချိန်မှာ အဲဒီမှာနေထိုင်သူတွေ ဝင်ငွေမရှိဘဲ ခက်ခဲနေကြတယ်ဆိုတဲ့ပြောဆိုသံတွေ ကျယ်ကျယ်လောင်လောင်ထွက်လာအပြီးမှာ အခုလိုဆန္ဒပြတောင်းဆိုမှုတွေ ရှိလာတာပါ။

    စစ်ကောင်စီလက်ထက်မှာ ရွှေတြိဂံရောက် မြန်မာရွှေ့ပြောင်းထောင်ချီထဲက အယောက် ၃၀ ကျော်ပဲ ပထမဆုံးအကြိမ် တရားဝင်ပြည်တော်ပြန်ခွင့်ရထားပါတယ်။

    ပိုးမရှိတဲ့နေရပ်ပြန်လိုသူတွေ ပြန်နိုင်တယ်ဆိုလို့ စာရင်းပေးတဲ့မြန်မာရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၀၀ ကျော်ရှိခဲ့ပေမဲ့ ပြန်ခါနီး ဆေးစစ် ချိန်မှာ ကိုဗစ်ပိုးတွေ့တယ်ဆိုလို့ ပထမဆုံးအကြိမ်ပြန်ပို့ဖို့ စီစဉ်ထားတဲ့ လူ အယောက် ၁၀၀ ထဲမှာ အယောက် ၃၀ ကျော်ပဲ နေရပ်ပြန်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။

  15. အာဆီယံနဲ့ လက်တွဲလုပ်ဆောင်မယ်လို့ NUG နိုင်ငံခြားရေး၀န်ကြီးပြော

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်လိုက်မှုအပေါ် ကြိုဆိုပြီး နိုင်ငံတွင်း ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

    မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဆောင်ရွက်ရာမှာ အားလုံးပါ၀င်တဲ့ လုပ်ငန်းစဥ် တရပ် စတင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရပ်၀န်းတခု ဖန်တီးဖို့အတွက် အာဆီယံအဖွဲ့ရဲ့ ရည်ရွက်ချက်တွေ အောင်မြင်မှုရှိအောင် အတူလက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

    ဒါပေမဲ့ အာဆီယံအစည်းအဝေး တော်တော်များများမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အာဏာသိမ်းစစ်တပ် ဆက်လက် တည်ရှိနေတာကိုတော့ အလွန်အမင်း စိုးရိမ်မကင်းဖြစ်ရတယ်လို့ NUG နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်၊ ဘရူးနိုင်း နိုင်ငံခြားရေး ၀န်ကြီး ၂ ဖြစ်သူ အာရ၀မ် ယူဆွဖ် ဆီကို သြဂုတ်လ ၆ ရက်နေ့မှာ သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

    အားလုံးပါ၀င်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကြိုဆိုပေမယ့် စစ်ကောင်စီနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့အတွက် ကြိုတင်သတ်မှတ်ချက်တွေ ချမှတ်ဖို့ကိုလည်း NUG အစိုးရက အလေးထား တောင်းဆိုလိုက်ပါတယ်။

    စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နေတဲ့ကြားက အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ ဆက်ရှိနေတယ်။ ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ကြောင့် နိုင်ငံတ၀န်း ကိုဗစ်ကူးစက်မှု အလျင်အမြန် ကူးစက်ပျံ့နှံ့ခဲ့သလို စီးပွားရေးပြိုလဲပြီး လူသားချင်းစာနာထောက်ထားတဲ့ အခြေအနေ ပိုမိုဆိုးရွားလာခဲ့တယ်လို့ NUG အစိုးရက ထောက်ပြပါတယ်။

    ဒါကြောင့် ကိုဗစ်ကူးစက်ပျံ့နှံ့မှုတွေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံရဲ့ ပထမ ဦးစားပေးအစီအစဥ်အဖြစ် သတ်မှတ်ပြီး မြန်မာပြည်သူတွေကို ထောက်ပံကူညီဖို့ကိုလည်း NUG အစိုးရက တောင်းဆိုလိုက်ပါတယ်။

    Daw Zin Mar Aung

    ဓာတ်ပုံ ရင်းမြစ်, Daw Zin Mar Aung's Facebook

  16. တောင်ကုတ်မှာ ရပ်ကွက်တချို့ရေဝင်နေ၊ ညပိုင်းမှာ ရေပိုကြီးနိုင်

    တောင်ကုတ်မှာ ရပ်ကွက်တချို့ရေဝင်နေ၊ ညပိုင်းမှာ ရေပိုကြီးနိုင်
    ဓာတ်ပုံ ပုံစာ, တောင်ကုတ်မှာ အခုတစ်ကြိမ်ရေကြီးမှုက သီတင်း ၂ ပတ်အတွင်း ဒုတိယအကြိမ်ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာနေတဲ့အတွက် ရေကြီးမှုတွေဖြစ်နေပြီး ညနေပိုင်းမှာ ရေပိုတိုးလာနိုင်တယ်လို့ သိရပါတယ်။

    လက်ရှိမှာတော့ တောင်ကုတ်မြို့ပေါ်က ချောင်းကောက်၊ ကိုင်းရှည်၊ သိမ်တောင်၊ ကံပြင်၊ ဆေးရုံကွက်သစ် စတဲ့ရပ်ကွက်တွေမှာ ရေဝင်နေပြီး နေအိမ်တချို့လည်း နစ်မြုပ်နေပြီလို့ ကိုင်းရှည်ကျေးရွာမှာနေထိုင်တဲ့ ကိုမိုးနိုင်စိုးက ပြောပါတယ်။

    တောင်ကုတ်မြို့တွင်းကို ဒီကနေ့ သြဂုတ်လ ၆ ရက် မနက်ပိုင်းအရုဏ်တက်ချိန်လောက်ကစတင်ပြီးတော့ ရေတွေဝင်လာတာဖြစ်ပြီး နေ့လယ်ပိုင်းမှာ ၅ ပေ ဝန်းကျင်အထိနစ်မြုပ်နေပြီလို့ဒေသခံတွေက ပြောပါတယ်။

    တောင်ကုတ်-ပန်းတောင်း အဝေးပြေးလမ်းမရဲ့အနီးဝန်းကျင်နေရာတွေမှာရှိတဲ့ သိမ်တောင်နဲ့ရပ်ကွက်တချို့မှာ ရေနစ်မြုပ်မှု မရှိသေးပေမဲ့ ကျန်တဲ့ရပ်ကွက်တွေမှာတော့ နေအိမ်အများစု ရေနစ်မြုပ်နေပြီလို့ ကိုမိုးနိုင်စိုးက ပြောပါတယ်။

    အနိမ့်ပိုင်းနေရာတွေမှာ နေအိမ်တွေရေနစ်မြုပ်နေတဲ့အတွက် တချို့မိသားစုတွေဆို ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေကြရပြီး ရပ်ကွက်ထဲက မြို့ပေါ်ကပရဟိတအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ပေးနေတယ်လို့ သိရပါတယ်။

    “ရေက မနက်အရုဏ်လောက်မှာ စတက်လာတယ်။ တရိပ်ရိပ်ကိုတက်လာတာ။ အခုနောက်ပိုင်းက တစ်နာရီကို ၂ ပေ လောက် တက်လာတယ်။ အနီးဝန်းကျင်မှာမြင်တွေ့နေရသလောက်ဆိုရင် အိမ်အကြီးတွေနဲ့နေတဲ့သူတွေထက် ဓနိမိုးထရံကာအိမ်ကလေးတွေနဲ့နေတဲ့မိသားစုတွေဆို ပြောင်းရွှေ့နေကြရပြီ”လို့ ကိုမိုးနိုင်စိုးက ပြောပါတယ်။

    မြို့ပေါ်ရပ်ကွက်တွေ ရေကြီးနစ်မြုပ်လာနေတဲ့အတွက် နေအိမ် ၂၀၀ ကျော်နီးပါး ရေမြုပ်နေပြီး အဲ့ဒီမိသားစုတွေကိုဘေးလွတ်ရာကိုပြောင်းရွှေ့ပေးနေကြရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီကနေသိရပါတယ်။

    တောင်ကုတ်မြို့ပေါ်အပြင် ကျေးလက်တွေဖြစ်တဲ့ မအီ၊လမု စတဲ့ကျးရွာကြီးတွေလည်း ရေနစ်မြုပ်နေပြီး ညနေပိုင်းမှာ ရေပိုတက်လာနိုင်ခြေရှိနေတာကြောင့် ရေနစ်မြုပ်တဲ့နေရာတွေမှာ ဆိုးဆိုးရွားရွားကြုံရနိုင်တယ်လို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးဇေယျကျော်က ပြောပါတယ်။

    အခုရက်ပိုင်းမိုးကြီးနေတဲ့အတွက် ရိုးမတောင်တန်းကနေ ဆင်းလာတဲ့တောင်ကျရေတွေကြောင့် တောင်ကုတ်ချောင်းရေမြင့်တက်ခဲ့ပြီး ချောင်းနှစ်ဖက်က နေရာတွေကို ရေလွှမ်းနေတာဖြစ်ပါတယ်။

    “အခုက သိပ်မများသေးဘူး။ နောက်ထပ် သုံးနာရီလောက်ဆိုရင်တော့ ပိုကြီးလာမယ့်သဘောရှိတယ်။ အခုဒီရေကျချိန်မှာတောင် ရေတက်နေတုန်းဆိုတော့ ညနေပိုင်း ဒီရေပြန်တက်တဲ့အချိန်မှာဆို မြို့တွင်းနေရာတွေအကုန်မြုပ်မှာပဲ။ ရိုးပေါ်ကဆင်းလာတဲ့ရေတွေက များနေတယ်”လို့ ဦးဇေယျကျော်က ပြောပါတယ်။

    တောင်ကုတ်မြို့နယ်အတွင်း မိုးကြီးရေလျှံခဲ့တဲ့အတွက် ဇူလိုင်လ ၂၇ ရက်နေ့ကလည်း ကျေးရွာရပ်ကွက်တချို့ ရေနစ်မြုပ်ခဲ့တာကြောင့် အခုလအတွင်းမှာ ဒုတိယအကြိမ်ရေနစ်မြုပ်မှုနဲ့ကြုံရတာဖြစ်ပါတယ်။

    ဇူလိုင်လ ၂၇ နေ့က မိုးကြီးရေလျှံမှုအတွင်း ရခိုင်ပြည်နယ်မှာ သံတွဲ၊ မောင်တော၊ တောင်ကုတ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

    သံတွဲမြို့နယ်ထဲက နေအိမ်ပေါင်း ၄၀ ကျော်နဲ့ မောင်တောမြို့နယ်မှာ တံတားတွေကျိုးပျက် ပျက်စီးခဲ့တယ်လို့ ရခိုင်ပြည်နယ်ကောင်စီဘက်က ပြောထားပါတယ်။

    သံတွဲမြို့နယ်မှာဆို ရေမြုပ်တာကြုံရတဲ့ အိမ်ထောင်းစုပေါင်း ၇၅၀ ကျော်ရှိခဲ့ပြီး မျောပါပျက်စီးခဲ့တဲ့နေအိမ်ပေါင်း ၄၆ ကျော်နဲ့ နေအိမ်ပျက်စီးခဲ့ရသူတွေအတွက် ပြည်နယ်ကောင်စီက တစ်အိမ်ကို ငွေကျပ် ၅ သိန်းအပြင် ပြည်နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးက ၁ သိန်းစီထောက်ပံ့ထားတယ်လို့သိရပါတယ်။

  17. ဝိုင်းမော်မြို့နယ် က စစ်ရှောင် စခန်းတချို့မှာ ကိုဗစ်ပိုးတွေ့ သူရှိလာ

    ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ်၊ မိုင်းနားစစ်ရှောင်စခန်းတွေ ဖြစ်တဲ့ ကေဘီစီ နဲ့ အာစီ စစ်ရှောင်စခန်း ၂ခုမှာ ကိုဗစ် ပိုးတွေ့သူတွေရှိနေတယ်လို့ စခန်းတာဝန်ခံတွေကပြောပါတယ်။ လက်ရှိမှာ ပိုးတွေ့လူနာတွေဟာ ဝိုင်းမော်ကျန်းမာရေးဌာန ရဲ့ အစီအစဉ်နဲ့ ကုသနေကြပေမယ့် သံသယလူနာတွေကျန်ခဲ့လို့ အိမ်သာ ရေချိုးခန်း ခွဲသုံးလို့မရတဲ့ အနေအထား မှာ အခက်အခဲရှိတွေရှိတယ်လို့ ဆိုပါတယ်။ မိုင်းနားကေဘီစီ စခန်းမှာတော့ ဇူလိုင်လ ၂၃ ရက် ကနေသြဂုတ်လ ၄ ရက် အထိ ၃၆ ယောက်တွေ့ထားပြီးလေးယောက်ကတော့ ဆေးရုံးဆင်းလာပြီလို့ပြောပါတယ်။ “အရမ်းဆိုးဆိုးဝါးဝါး အောက်စီဂျင်ရှုရလောက်တဲ့အထိတော့မရှိဘူး အသက်ကြီးတဲ့ သူတွေတော့ပါတယ် ''လို့ ကေဘီစီ စခန်းတာဝန်ခံကိုဘရန်ဆိုင်းကပြောပါတယ်။

    မိုင်းနား အာစီစစ်ရှောင် စခန်းမှာတော့ သြဂုတ်၅ ရက်စာရင်း အရ ကိုဗစ်အတည်ပြုလူနာ ခြောက်ယောက်တွေ့တယ်လို့သိရပါတယ်။

    ''စခန်းကို တင်းတင်းကျပ်ကျပ်လုပ်ထားတယ် အပြင်ကလူတွေနဲ့လုံးဝတွေ့ခွင့်မရှိဘူး ၊ ဒါပေမဲ့ တနင်္လာနဲ့ကြာသပတေးကတော့ဈေးမသွားမနေသွားခိုင်းတယ်။ စခန်းအတွင်းကနေ တောင်ယာအခင်းလုပ်တာနဲ့ အဝေးရောက်နေသူတွေကိုတော့ာသြဂုတ်လ ၁၅ ရက်အထိ စခန်းကို ပြန်လာခွင့်မရှိဘူးဆိုပြီးလုပ်ထားတယ်'' လို့ မိုင်းနားစခန်းတာဝန်ခံဦးလွမ်းဇေ ကပြောပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့ မိုင်းနားကျေးရွာမှာရှိတဲ့ ဒီစစ်ရှောင်စခန်း နှစ်ခုဟာ လူဦးရေ ထောင်ကျော်နေထိုင်တဲ့ စခန်းတွေဖြစ်ပါတယ်။

    စစ်ရှောင် စခန်းတချို့မှာ ကိုဗစ်ပိုးတွေ့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ရှောင် စခန်းတချို့မှာ ကိုဗစ်ပိုးတွေ့
    စစ်ရှောင် စခန်းတချို့မှာ ကိုဗစ်ပိုးတွေ့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ရှောင် စခန်းတချို့မှာ ကိုဗစ်ပိုးတွေ့
  18. ရွှေတြိဂံရောက်မြန်မာများဆန္ဒပြမှု- တောင်ခြေကွာရန်တင်းစင်တာက လူတစ်ထောင်နီးပါး ဈေးသစ်ကဆန္ဒပြသူတွေဆီ ပူးပေါင်း

    ရွှေတြိဂံရောက်မြန်မာများဆန္ဒပြမှု- တောင်ခြေကွာရန်တင်းစင်တာက လူထောင်ချီ ဈေးသစ်ကဆန္ဒပြသူတွေဆီ ပူးပေါင်း

    ဓာတ်ပုံ ရင်းမြစ်, screengrab

    မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံနယ်စပ် ရွှေတြိဂံဒေသက လာအိုအပိုင် ဘိုကျောက်ခရိုင်ထဲက ကွာရန်တင်းစင်တာတွေမှာ လနဲ့ချီ အသွားအလာကန့်သတ်ခံထားရတဲ့ မြန်မာလုပ်သားတွေဟာ ဒီနေ့ သြဂုတ်လ ၆ ရက်နေ့လည်ပိုင်းက စလို့ ဆန္ဒပြနေကြပါတယ်။

    တရုတ်ကုမ္ပဏီတစ်ခု လုပ်ပိုင်ခွင့်ရထားတဲ့ အဲဒီနယ်ထဲက ဈေးသစ်ဆိုတဲ့နေရာမှာဖွင့်ထားတဲ့ ၆ ထပ်အဆောင်အအုံ ကွာရန်တင်းစင်တာက မြန်မာတွေဆီ မြန်မာ(ရခိုင်)ရွာကြီးရဲ့ မလှမ်းမကမ်း တောင်ခြေမှာဖွင့်ထားတဲ့ ကွာရန်တင်းစင်တာက နောက်ထပ်မြန်မာတစ်ထောင်နီးပါး သွားရောက် ပူးပေါင်းနေတယ်လို့ သိရပါတယ်။

    လနဲ့ချီပြီး ကွာရန်တင်းနေရလို့ ဝင်ငွေမရှိဘဲ အစားအသောက်ချို့တဲ့နေတဲ့ ၆ ထပ် ကွာရန်တင်းစင်တာက ရာနဲ့ချီတဲ့မြန်မာတွေက ဒီနေ့လည်ပိုင်းမှာ စင်တာကို ထမင်းပို့တာနောက်ကျလို့ ဆန္ဒထွက်ပြကြတာပါ။

    အခုတော့ တောင်ခြေကွာရန်တင်းစင်တာက ကလေး၊ လူကြီး အကုန် လူတစ်ထောင်နီးပါးဟာ အထုပ်အပိုးတွေနဲ့အတူ ဈေးသစ်ဘက်ကို သွားနေကြပါတယ်။

    ပိုးတွေ့တယ်ဆိုပြီး ကွာရန်တင်းစင်တာမှာ လနဲ့ချီနေထိုင်နေရတဲ့မြန်မာတွေဟာ အစားအသောက်ရဖို့ ခက်ခဲနေသလို စင်တာမှာကျွေးတဲ့ ထမင်းဟင်းကလည်း ထမင်းဖြူနဲ့ ဂေါ်ဖီရေလုံပြုတ်ဟင်းသာ များတဲ့အပြင် နေရထိုင်ရ ခက်ခဲနေတယ်ဆိုပြီး ဘီဘီစီကို ပြောပြထားပါတယ်။

    အများစုက နေရပ်ပြန်လိုကြပေမဲ့ လနဲ့ချီကျူဝင်နေရလို့ ဝင်ငွေမရှိတဲ့အပြင် ပြန်ဖို့ ခက်ခဲနေကြတယ်လို့လည်း အဲဒီက မြန်မာလုပ်သားတွေက ပြောကြပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ကိုဗစ်ပိုးမရှိဘဲ ပြန်လိုတဲ့သူတွေကို စာရင်းကောက်တဲ့အချိန် အယောက် ၄၀၀ ကျော်အထိရှိခဲ့သလို ပထမ အသုတ်ပြန်ပို့ဖို့ လူ ပေါင်း ၁၀၀ လျာထားခဲ့ပေမဲ့ ပြန်ခါနီးရက်မှာ ဆေးစစ်တဲ့အချိန် ပိုးတွေ့သူ များလို့ လူ ၃၀ ကျော်ပဲ မြန်မာပြည်ပြန်ခွင့်ရခဲ့ပါတယ်။

    NLD အစိုးရ လက်ထက်က အဲဒီက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ပြန်ခေါ်ခဲ့တာရှိခဲ့ပေမဲ့ စစ်ကောင်စီလက်ထက်မှာတော့ နှစ်နိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူတွေ စီစဉ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ အဲဒီက လူ ၃၀ ကျော် တာချီလိတ်ကနေ တဆင့်နေရပ်ပြန်ခွင့်ရခဲ့ပါတယ်။

  19. အိန္ဒိယ ကဆေးနဲ့ဆေးပစ္စည်းတွေတင်သွင်းနိုင်ဖို့ သီးသန့်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

    ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ မြန်မာ - အိန္ဒိယနယ်စပ် ရှိ တမူး -မိုရေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ ကိုဗစ်နဲ့ပတ်သက်တဲ့ ဆေးနဲ့ဆေးပစ္စည်းတွေ တင်သွင်းနိုင်ဖို့ အိန္ဒိယအစိုးရဘက်က ခွင့်ပြုပေးလိုက်ပြီလို့ တမူးနယ်စပ်ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ ဦးလှမောင်က ဘီဘီစီကိုပြောပါတယ်။ ဒါကြောင့် အိန္ဒိယဘက် ကဆေးနဲ့ဆေးပစ္စည်းတွေ ဟာမြန်မာနိုင်ငံဘက်ကို တရားဝင်လမ်းကြောင်းကနေ ဝင်ရောက်လာပြီဖြစ်လို့ ပြည်တွင်းမှာ ဆေးဈေးနှုန်းတွေကျဆင်းလာမယ်လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။

    ဆေးနဲ့ဆေးပစ္စည်းတွေ သာ သီးသန့် တင်သွင်းနိုင်ဖို့အတွက် Green Channel လို့ခေါ်တဲ့ သီးသန့်ကုန်သွယ်ရေးလမ်းကြောင်း ကို မြန်မာဘက်ကသက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အိန္ဒိယအစိုးရတို့ ညှိနှိုင်းပြီးဖွင့် ပေးလိုက်တာလို့ကုန်သည်တွေကပြောပါတယ်။

    '' အရင်က တမူး - မိုရေး ဘက်က ပိတ်ထားတော့ ချင်းပြည်နယ် ရိဒ်ကုန်သွယ်ရေးလမ်းကြောင်းဘက်ကနေ တရားမဝင် ဝင်တာရှိတယ်၊ နောက် ဒီဘက်ကနေ တရားမဝင် ဝင်တာရှိတယ် ၊ အဲဒီတော့ ဆေးတွေ ရှားတယ်၊ ဈေးကြီးတယ်၊ အခုတော့ ဆေး အတွက်ပဲသီးသန့် ဖွင့်ပေးလိုက်တာ၊ကျန်တဲ့ကုန်သွယ်ရေးတော့ မပါဘူး '' လို့ ဦးလှမောင်ကရှင်းပြပါတယ်။

    ဒါပေမယ့် ဆေးဝါးတင်သွင်းမယ့်သူတွေဟာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDAရဲ့ ခွင့်ပြုချက်လိုအပ်မှာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိ ပြည်တွင်းမှာကိုဗစ်ကုသရေးမှာသုံးရတဲ့ဆေးတွေအတွက် ဆေးဝါးပြတ်လပ်မှုလို ရင်ဆိုင်နေရပြီး ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေဆဲဖြစ်ပါတယ်။ တခါ ဆေးပစ္စည်းတွေကို နယ်စပ်ကနေ တင်သွင်းတဲ့အခါ ပစ္စည်းတွေသိမ်းဆည်းခံရတာရှိ တယ်လို့ ရောင်းချသူတွေကြားပြောဆိုမှုတွေလည်းရှိနေပါတယ်။

    ကပ်ရောဂါကာလမတိုင်ခင် မြန်မာ - အိန္ဒိယနယ်စပ်ဂိတ်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, NLY

    ဓာတ်ပုံ ပုံစာ, ကပ်ရောဂါကာလမတိုင်ခင် မြန်မာ - အိန္ဒိယနယ်စပ်ဂိတ်မြင်ကွင်း