ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ

မကွေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့မိသားစုတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်လာစျေးတွေ အခုရက်ပိုင်းပြန်တက်

    စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာကျပ်ငွေနဲ့အမေရိကန်လဲလှယ်တဲ့နှုန်းဟာ တဖြည်းဖြည်းတက်လာခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့မှာတော့ ပြင်ပဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၇၀၀ ဝန်း ကျင်ထိရောက်ရှိနေတယ်လို့ ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

    ဗဟိုဘဏ် ကတော့ ဒီကနေ့ ရောင်းစျေး တစ်ဒေါ်လာကို ၁၆၅၀ကျပ် နဲ့ ထုန်ပြန်ခဲ့ပြီး စျေးကွက်ထဲကို ဒေါ်လာ ၂.၅ သန်းရောင်းပေးခဲ့တယ်ဆိုပြီး ထုတ်ပြန်တာကို တွေ့ရပါတယ်။

    စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလအထိ မြန်မာကျပ်ငွေလဲနှုန်းဟာ အမေရိကန်တစ်ဒေါ်လာကို ၁၃၃၀ ဝန်းကျင်သာ ရှိခဲ့တာဖြစ်ပါတယ်။

    အခုလို ဒီရက်ပိုင်းမှာ ဈေးတက်လာတာနဲ့ ပတ်သက်လို့ စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးကတော့ ပို့ကုန်နည်းပြီး ကိုဗစ်နဲ့ကြောင့် ဆေးနဲ့ဆေးပစ္စည်းတွေ အသွင်းများနေလို့ဖြစ်တယ်လို့ ပြောပါတယ်။

    ဖေဖော်ဝါရီလ လယ်လောက်ကစလို့ မြန်မာနိုင်ငံကနေ ပြည်ပကိုတင်ပို့တဲ့ ပို့ကုန်လုပ်ငန်းတွေဟာ ကျဆင်းလာတဲ့အတွက် အမေရိကန်ဒေါ်လာ ဝင်ရောက်မှုဟာလည်း နည်းခဲ့ပြီး သွင်းကုန်လုပ်ငန်းရှင်တွေအတွက် လိုအပ်ချက်များခဲ့တာ ဖြစ်ပါတယ်။

    ဗဟိုဘဏ်ကတော့ ဖေဖော်ဝါရီလကစလို့ တက်လာတဲ့ ငွေလဲနှုန်းကိုတည်ငြိမ်စေဖို့အတွက် အမေရိကန်ဒေါ်လာတွေကို ဈေးပြိုင်စနစ်နဲ့ဘဏ်တွေကို ရောင်းချပေးခဲ့ပါတယ်။

    ဗဟိုဘဏ်က ထုတ်ပြန်တဲ့စာရင်းတွေအရ ဖေဖော်ဝါရီလမှာ ၆ ဒသာမ ၈ သန်း၊ ဧပြီလမှာဆိုရင် ၁၂ သန်း၊မေလမှာ ၂၄ သန်း ဇွန်လမှာ ၁၂ သန်း၊ ဇူလိုင်လမှာ ၃၉ သန်း နဲ့ သြဂုတ်လ ၉ ရက်နေ့မှာဆိုရင် ၂ သန်းခွဲရောင်းချခဲ့ပြီး ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၉၆ သန်းကျော် ရောင်းချပေးခဲ့ပါတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ မြန်မာနိုင်ငံကနေ ပြည်ပကိုတင်ပို့တဲ့ ပို့ကုန်လုပ်ငန်းတွေဟာ မတ်လဆန်းကစလို့ကျဆင်းခဲ့ပြီး ကုန်သွယ်မူလိုငွေပြမူဟာလည်း ကြီးမားလာခဲ့ပါတယ်။

    အခုလို့ ပို့ကုန်လုပ်ငန်းတွေ မကောင်းတဲ့အချိန် မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်တဲ့နှုန်း တက်လာတာဟာ တိုင်းပြည်အတွက်တော့ ကောင်းကျိုးထက် ဆိုးက‌ျိုးပိုများတယ်လို့ပညာရှင်တွေက ပြောပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. ကယားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရ

    ကယားပြည်နယ် ၊ ဒီးမောဆိုနဲ့ဖရူဆိုမြို့နယ်အနီးမှာ သြဂုတ်လ ၁၂ ရက်နေ့ကမနက်ပိုင်းကဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် အဲဒီအနီးတဝိုက်မှာရှိတဲ့ ထီပေါ်ဆိုကျေးရွာကဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံရွာသားတွေက ဘီဘီစီကို ပြောပါတယ်။

    " ပစ်ခတ်သံတွေ မနက် ၁ဝ နာရီကတည်းကကြားနေရတာ။ ကြားတော့ လယ်ထဲကနေပြန်ပြေးလာကြတာ။ ပြေးလာနေရင်းပဲ ဘယ်ကနေဘယ်လိုလက်နက်ကြီးအစ ထိသွားလည်း မသိပါဘူး။ အမျိုးသမီးတစ်ယောက်ပေါင်ကိုထိသွားတယ်။ ဖြစ်နေတဲ့နေရာနဲ့ဆိုရင်တော့ ၃ မိုင်လောက်ဝေးတယ်။ အနီးနားကားလမ်းမတွေမှာလည်း တပ်စွဲထားတာရှိတော့ ဘယ်ကပစ်လို့ပစ်မှန်းကိုမသိဘူး " လို့ ထီပေါ်ဆို ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ထီပေါ်ဆိုရွာမှာ ဆေးပေးခန်းနဲ့ကျန်းမာရေးဝန်ထမ်းမရှိတာကြောင့် လက်နက်ကြီး ထိမှန်တဲ့အမျိုးသမီးငယ်ကို ဒီးမောဆိုဆေးရုံကိုပို့ဆောင်လိုက်ပြီဖြစ်ပြီးေ နာက်ဆက်တွဲအခြေအနေကိုမသိရသေးဘူးလို့ဒေသခံတွေက ဆိုပါတယ်။ ကယားပြည်နယ်ထဲမှာ သြဂုတ်လအစောပိုင်းကတည်းက စစ်ကောင်စီတပ်တွေကတစ်ဖက်၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တွေကတစ်ဖက် တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အကြောင်း KNDF ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    ဒီကနေ့သြဂုတ်လ ၁၂ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဒီးမောဆိုမြို့နယ်အတွင်း ကဒါးလားရွာအနီးမှာ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနဲ့ ပြည်သူတစ်ဦးပေါင်ကို လက်နက်ကြီးထိမှန်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဘီဘီစီကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    Kayah

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒဏ်ရာရရှိသူကိုတွေ့ရစဉ်
  3. မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ဂျပန်တိုက်တွန်း

    မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံညှိုနှိုင်းဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ အီရ၀မ် ယူဆွဖ်ကို အပြည့်အ၀ ထောက်ခံအားပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး မစ္စတာ မိုတီဂီ တိုရှီမစ်ဆုက ပြောပါတယ်။

    အထူးကိုယ်စားလှယ် မစ္စတာ ယူဆွဖ်အနေနဲ့ မြန်မာပြည်တွင်းကို အမြန်ဆုံး သွားရောက်ပြီး မြန်မာစစ်တပ်နဲ့ကော ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံတွင်းက အခြေအနေကို နိုင်ငံတကာအသိုင်းအ၀ိုင်းသိအောင် သတင်းအချက်အလက် ပြန်လည်‌ မျှဝေမှုကကလည်း အရေးကြီးတဲ့အကြောင်း မစ္စတာ မိုတီဂီက အာဆီယံအထူးကိုယ်စားလှယ်နဲ့ တယ်လီဖုန်းကနေတစ်ဆင့် ဆက်သွယ်စကားပြောစဥ်မှာ အလေးထား ပြောဆိုခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်း စာနာထောက်ထားတဲ့ အကူအညီအဖြစ် မြန်မာပြည်သူတွေကို ဂျပန်ဘက်က အမေရိကန် ဒေါ်လာ သန်း ၂၀ ထောက်ပံ့ကူညီခဲ့ပြီး မြန်မာ့နိုင်ငံရေး အခြေအနေ ပြန်လည်တည့်မတ်လာစေဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေကြား အတူပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ဂျပန်တိုက်တွန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဂျပန်နိုင်ငံခြားရေး၀န်ကြီး မစ္စတာ မိုတီဂီ တိုရှီမစ်ဆု
  4. ကယားက တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေအတွက် ရှောင်ဖို့နယ်မြေ ကျဉ်းမြောင်းလာနေ

    ကယားက တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေအတွက် ရှောင်ဖို့နယ်မြေ ကျဉ်းမြောင်းလာနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်နဲ့ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ရက်ပိုင်းအတွင်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး သြဂုတ်လ ၁၂ ရက်နေ့မနက်ပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့အပြန်လှန်ပစ်ခတ်မှုတွေ ရှိနေတာကြောင့် စစ်ရှောင်တွေအတွက် စစ်ရှောင်ဖို့နယ်မြေ ပိုကျဉ်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစလို့ ကယားပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေ ရက်ခြားဆိုသလို ပြန်ဖြစ်လာတာကြောင့် နေရပ်ကို ပြန်နေဖို့ကြိုးစားတဲ့ရွာသားတွေလည်း ထပ်ပြီးတိမ်းရှောင်ရတဲ့အခြေအနေတွေ ဖြစ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

    ဒီကနေ့သြဂုတ်လ ၁၂ ရက်နေ့မှာဖြစ်ခဲ့တဲ့ တိုက်ပွဲကတော့ စစ်ကောင်စီတစ်ဖက်၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တို့အကြား အပြန်လှန်ပစ်ခတ်ကြတာဖြစ်ပြီး တိုက်ပွဲဟာ ၁၅ မိနစ်ခန့် ကြာမြင့်တယ်လို့ ဒေသခံတစ်ဦးပြောပါတယ်။

    ဒီတိုက်ပွဲကြောင့် ဒေသခံရွာသားတစ်ဦး ထိခိုက်မှုရှိတယ်လို့ ဒေသခံစစ်ရှောင်တွေဘက်က ပြောကြားပြီး စစ်ကောင်စီနဲ့ KNDF ဘက်ကတော့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

    ကယားပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ အထိခိုက်အကျဆုံးစာရင်းတွေကို ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ဘက်က တိုက်ပွဲဖြစ်စဉ်တလျှောက် ထုတ်ပြန်လာပြီး ထိုးစစ်ဆင်မှုတွေကို ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ထုတ်ပြန်လာတာတွေ့ရပါတယ်။

    ဒါကြောင့် ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေကိုလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ဘက်က ဆေးဝါးနဲ့ရိက္ခာတွေ စုဆောင်းဖို့ ထုတ်ပြန်ကြေညာထားပါတယ်။

    လက်ရှိမှာဆိုရင် ကယားပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်ဖြစ်နေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ တစ်နေ့ထက်တစ်နေ့ပိုပြီးလိုအပ်လာတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေ ဆိုပါတယ်။

    ကယားပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့စပြီး စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ဒီးမောဆိုမြို့နယ်အနီးမှာ ရှိတဲ့ကျေးရွာတွေကလူဦးရေ တစ်သိန်းနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေဘက်ကပြောပါတယ်။

    စစ်ရှောင်အရေတွက်တွေ များလာပြီး အခက်ခဲတွေ ရှိလာတာကြောင့်ဒေသခံတွေ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ညှိနိူင်းမှုတွေနဲ့ အပစ်ရပ်ခဲ့ရာကနေ အခုတော့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဖြစ်ပါတယ်။

  5. နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် လမ်းဖွင့်ထားသလို နေရပ်ကိုလည်း ကာကွယ်မယ်လို့ ကေအန်ယူခေါင်းဆောင်ပြော

    ကရင်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် လမ်းဖွင့်ထားပေမဲ့ တဖက်မှာလည်း လူထုရဲ့အသက် အိုးအိမ် စည်းစိမ်အပြင် နေရပ်ဒေသကို ကာကွယ်သွားမှာဖြစ်တယ်ဆိုပြီး ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ပြောလာပါတယ်။

    ဒီနေ့ သြဂုတ်လ ၁၂ ရက်မှာကျရောက်တဲ့ ၇၁ ကြိမ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ သူက အခုလို ပြောလာတာဖြစ်ပါတယ်။

    နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ခေတ်အဆက်ဆက်လုပ်ဆောင်နေတာ ယနေ့အထိဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးနောက်ကြောင်းပြန်လှည့်ခဲ့ရသလို ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်မှုတွေဟာ မြို့ကြီးပြကြီးအထိ ပြန့်နှံ့ဖြစ်ပေါ်နေတယ်လို့ သူကထောက်ပြပြောဆိုပါတယ်။

    ကရင်ခေါင်းဆောင်တွေဟာ အမျိုးသားလှုပ်ရှားမှုတစ်လျှောက်မှာ အဖွဲ့အစည်းထဲကအပြင် ပြင်ပက အခက်အခဲတွေကိုပါ ရင်ဆိုင်ခဲ့ကြရသလို အဖွဲ့အစည်းအားနည်းစေဖို့၊ စည်လုံးညီညွတ်မှုအားနည်းစေဖို့ ထိုးနှက်မှုတွေရှိနေကိုလည်း ဒီနေ့တိုင်ရင်ဆိုင်နေရဆဲလို့ သူကပြောပါတယ်။

    ဒီလိုအခက်အခဲပြဿနာတွေရှိနေပေမဲ့ ယုံကြည်ချက်နဲ့ အမျိုးသားရေးရည်မှန်းချက်အတွက် သစ္စာရှိရှိ ရပ်တည်ကြတဲ့ ပြည်တွင်းပြည်ပက ကရင့်မျိုးချစ်ခေါင်းဆောင်တွေ၊ စစ်သည်တွေနဲ့ လူထုဟာ စစ်မှန်တဲ့ အင်အားတွေဖြစ်လို့ ကရင့်အမျိုးသား ရည်မှန်းချက်၊ ကရင့်အာဇာနည်တွေရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့ စည်းစည်းလုံးလုံးနဲ့ အတူတကွ ကြိုးပမ်းကြဖို့ကိုလည်း သူက တိုက်တွန်းသွားပါတယ်။

    ကရင့်အာဏာနည်နေ့ဟာ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ အသက်ပေးခဲ့တဲ့ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၊ ကရင်အမျိုးသားခေါင်းဆောင်တွေ၊ စစ်သည်တွေနဲ့ ကရင်လူထုတစ်ရပ်လုံးကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ကျင်းပတာဖြစ်ပါတယ်။

  6. အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးအံ့မောင် ကွယ်လွန်

    မုံရွာမြို့ခံ စာရေးဆရာ ကဗျာဆရာ ဦးအံ့မောင် အသက် ၉၁ နှစ် ဟာ ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်း မုံရွာမြို့က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

    ပြီးခဲ့တဲ့ ရက်၂၀ လောက်ကစပြီး ဆရာဦးအံ့မောင်ဟာ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပြီး ဒီကနေ့ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

    မိသားစုဝင်တွေ ကိုဗစ်ကူးစက်ခံရအပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က ဦးအံ့မောင်ကို ရောဂါ ကူးစက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    ဆရာဦးအံ့မောင်ဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာနတို့မှာ နည်းပြဆရာ၊ မော်ကွန်းသတင်းမဂ္ဂဇင်း အယ်ဒီတာချုပ်၊ ဆင်ဟွာသတင်းဌာန ဘာသာပြန်တွေ လုပ်ခဲ့ပါတယ်။

    ၁၉၇၃ မှာ ရေသူမကလေး-အန်းဒါးဆင်းပုံဝတ္ထုနဲ့ အမျိုးသားစာပေဆု ၊၂၀၀၉ မှာစိန်ပွင့် မြပွင့် ပတ္တမြားပွင့်ကဗျာစာအုပ်နဲ့ တော်ဘုရားကလေးစာပေဆု ရခဲ့ပါတယ်။၂၀၂၀မှာ အမျိုးသားစာပေ တစ်သက်တာစာပေဆု ရရှိခဲ့ပါတယ်။

    ရန်ကုန် တက္ကသိုလ်သမိုင်းအသင်း ဒုဥက္ကဋ္ဌ၊ ချင်းတွင်းကျောင်းသားအသင်း အတွင်းရေးမှုး ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ အမှုဆောင် ၊စစ်ကိုင်း ကျောင်းဆောင်သဟာယနှင့် စာဖတ်အသင်းအတွင်းရေးမှူး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ရက် (မြန်မာနိုင်ငံ)၊ အမြဲတမ်းကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် ၊ ရန်ကုန်ခရိုင်ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ အမှုဆောင် အဖြစ်လည်းဆောင်ရွက်ခဲ့ပါတယ်။

    ဒါ့အပြင်သူဟာ မုံရွာတစ်ဖက်ကမ်း လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး မုံရွာမှာ လက်ပံတောင်းတောင် ကာကွယ်ရေးကော်မတီ ဖွဲ့ပြီး ဆောင်ရွက်ခဲ့သလို လက်ပံတောင်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ ကဗျာတွေရေးကာ ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။

    ဦးအံ့မောင်က မကွယ်လွန်မီအချိန်ထိ ကဗျာ၊ ဆောင်းပါး၊ ဘာသာပြန် လုံးချင်းစာအုပ် ၄၆ အုပ်ထွက်ရှိခဲ့ပါတယ်။

    ဦးအံ့မောင်ဟာ မုံရွာမြို့အနီး လယ်ဇင်ကျေးရွာ ဇာတိဖြစ်ပြီး သူ့ရဲ့ ကျန်ရစ်တဲ့ အရိုးပြာကို မုံရွာမြို့လယ်ဇင်ကျေးရွာနားမှာ ကွယ်လွန်သူ ဆန္ဒအတိုင်း ဂူသွင်းဖို့ရှိတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. ၄၄လမ်းဖြစ်စဉ်မှာသေဆုံးသူတွေကို စစ်ကောင်စီဘက်ကအစီအစဉ်နဲ့သာ သင်္ဂြိုဟ်ခွင့်ရ

    ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၊ ၄၄ လမ်းဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေကို မနေ့ သြဂုတ် ၁၁ရက်ညနေပိုင်းက ရွှေပြည်သာမြို့နယ်ထဲမှာရှိတဲ့ ကျူချောင်သုသာန်မှာ စစ်ကောင်စီဘက်က အစီအစဉ်နဲ့သာ သင်္ဂြိုဟ်ခဲ့ရတယ်လို့ မိသားစုဝင်တချို့ကပြောပါတယ်။

    စစ်ကောင်စီဘက်ကသင်္ဂြိုဟ်တာဖြစ်လို့ ရုပ်အလောင်းကို ခေတ္တသာမြင်ခွင့်ရခဲ့သလို လူ့အခွင့်အရေးဆုံးရှုံးတယ်လို့ သေဆုံးသူတစ်ဦးဖြစ်သူ မဝေဝေမြင့်ရဲ့ ကျန်ရစ်သူမိသားစုဝင်တစ်ဦးက ပြောပါတယ်။

    "ကျွန်တော့်အမျိုးသမီးရဲ့ ဆန္ဒအရဆို ဂူသွင်းသင်္ဂြိုဟ်ချင်တာပါ။ ဒါပေမယ့် ခွင့်ပြုမလိုလိုနဲ့နောက်ဆုံးတော့မရခဲ့ဘူး။ အရိုးပြာလည်းမရခဲ့ပါဘူး။ လူ့အခွင့်အရေးဆုံးရှုံးသလိုခံစားရတယ်။ သူ့ဆန္ဒအတိုင်း သင်္ဂြိုဟ်လို့မရရင်တောင် အရိုးပြာလေးတော့ရချင်တယ်။ နောက်ဆုံး ကျွန်တော်တို့ စောင့်ယူမယ်လို့ ပြောတာတောင် သူတို့မလုပ်ပေးခဲ့ပါဘူး။ သမီးလေးကိုတော့ သူ့အမေသေတာ မပြောထားဘူး။ သူက သူ့အမေကို ပုံပြင်ထဲကနတ်သမီး (fairy)လေးဖြစ်စေချင်တာလေ။ နတ်သမီးလေးဖြစ်ပြီးမိုးပေါ်ပျံသွားတယ်။ နောက်မှလိုက်သွားလို့ရမယ်လို့ပြောထားတယ်"လို့ မဝေဝေမြင့်ရဲ့ခင်ပွန်းဖြစ်သူက ဘီဘီစီကိုပြောပါတယ်။

    ၄၄ လမ်းထဲက နေအိမ်တစ်လုံးမှာ လူငယ်တချို့ကို ဝင်ရောက်ဖမ်းဆီးချိန် အဲဒီကလူငယ်တွေဟာ ၄လွှာတိုက်ခန်းပေါ်က ခုန်ချခဲ့လို့ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဘက်က သြဂုတ်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    မဝေဝေမြင့်ရဲ့အမျိုးသားကတော့ သုသာန်မှာ မဝေဝေမြင့်ရုပ်အလောင်းနဲ့အတူ သွေးစအနည်းငယ်ထွက်နေတဲ့ရုပ်အလောင်းတချို့ကိုတွေ့ခဲ့ရပေမဲ့ ပိတ်စအဖြူနဲ့တင်းတင်းကျပ်ကျပ်စည်းထားတာကြောင့် မျက်နှာတွေကို မတွေ့မြင်ခဲ့ရဘူးလို့ပြောပါတယ်။

    ၄၄လမ်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကထုတ်ပြန်ချက်မှာတော့ ၄၄လမ်းထဲက နေအိမ်မှာ ဖောက်ခွဲရေးပစ္စည်းတွေကို သိမ်းဆည်းထားတယ်ဆိုတဲ့ သတင်းပေးချက်အရ သွားရောက်ရှာဖွေခဲ့တာဖြစ်ပြီး လူငယ်တွေဟာ ဖမ်းဆီးချိန်မှာ ခုန်ချခဲ့တာလို့ပါရှိပါတယ်။

    လက်ရှိဒဏ်ရာရရှိသူ သုံးဦးကိုတော့ တပ်မတော်စစ်ဆေးရုံကိုပို့ဆောင်ထားပြီး ဖမ်းဆီးရမိသူတွေဖြစ်တဲ့ ကိုသီဟကောင်းဆက်၊ ကိုဝေဖြိုးအောင်နဲ့ မမိုးကျော့ကျော့ခန့်(တချို့လူမှုကွန်ရက်မှာတော့ မပိုးကျော့ကျော့ခန့်လို့ဖော်ပြထား)တို့ သုံးဦးကိုတော့ လက်နက်တွေနဲ့တကွဖမ်းမိတဲ့ ဓါတ်ပုံကို စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။

    ဖမ်းဆီးခံခဲ့ရသူတွေက အဖမ်းခံရတဲ့နေ့က ဖြစ်စဉ်တွေနဲ့နေ့ရက်အလိုက်ဖောက်ခွဲမှုတွေကိုပြောထားတဲ့ ရုပ်သံကို စစ်ကောင်စီ အာဘော် မြဝတီရုပ်သံကနေ သြဂုတ်လ ၁၁ ရက် ညနေပိုင်းမှာထုတ်လွှင့်ခဲ့ပြီး အဲဒီထဲမှာ ခုန်ချခဲ့သူတချို့ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုရှိတယ်လို့ အဖမ်းခံရသူတွေက ပြောကြားချက်လည်း ပါရှိပါတယ်။

    ၄၄ လမ်းဖြစ်စဉ်မှာပါဝင်တဲ့လူငယ်တွေဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း သပိတ်စစ်ကြောင်းတွေမှာ တစိုက်မတ်မတ်ပါဝင်ခဲ့ကြတဲ့လူငယ်တွေဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုလည်းမရှိတဲ့အကြောင်း အဲဒီရဲ့မိသားစုဝင်တွေနဲ့နီးစပ်သူတချို့ကပြောဆိုထားပါတယ်။

    ၄၄လမ်းဖြစ်စဉ်မှာသေဆုံးသူတွေကို စစ်ကောင်စီဘက်ကအစီအစဉ်နဲ့သာ သင်္ဂြိုဟ်ခွင့်ရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ဝိုင်းမော်မြို့နယ်ထဲက ဝါရှောင်ဆည်မှာ ရေတိုးနေ

    ဝိုင်းမော်မြို့နယ်ထဲက ဝါရှောင်ဆည်မှာ ရေတိုးနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက ဝါရှောင်ဘုန်းကြီးကျောင်းနဲ့ ကပ်နေတဲ့ နန့်မြင်ချောင်းမှာ ချောင်းရေတက်လာတဲ့အတွက် ဝါရှောင်ဆည်ထဲမှာလည်း ဒီနေ့ သြဂုတ်လ ၁၂ ရက်မနက်ပိုင်းက ဆည်ရေတိုးလာနေတယ်လို့ သိရပါတယ်။

    နန့်မြင်ချောင်းဟာ ဝါရှောင်ဆည်အထက်ပိုင်းမှာရှိတဲ့ချောင်းဖြစ်ပါတယ်။

    ''ဒါ(ချောင်း)က ဝါရှောင်ဆည်ရဲ့အထက်ဘက်ကနေ စီးဆင်းလာတာပေါ့။ (ရေ)ကြီးလာတာကတော့ နှစ်ရက်၊သုံးရက်တော့ရှိမယ်။ မိုးရွာတဲ့ရက်ပိုင်းအတွင်းပဲ ရေတော်တော်ကြီးကို ကြီးလာတာပေါ့လေ။ ဒါပေမဲ့ဒီနှစ်ကတော့အများဆုံးဖြစ်လာတာ။ ကျောင်းက ရေချိန်းတိုင်းကိရိယာလို ဖြစ်နေတာပေါ့။ (ရေမျက်နှာပြင်က)ကျောင်းကနံရံနဲ့ တတန်းတည်း ကပ်လာသလိုဆိုတော့ ဒီနှစ်ကတော့ အများဆုံးဖြစ်ပြီးတော့မှ အနီးဆုံးလည်း ဖြစ်တာပေါ့လေ။ လူတွေနဲ့အနီးဆုံးဖြစ်တာ။ ဒါက နန့်မြင်ချောင်းကနေ စီးဆင်းသွားပြီးတော့မှ မြစ်ကြီးနား၊ ဧရာဝတီကို စီးသွားတော့ မြို့ထဲတွေမှာကြီးနိုင်တာပေါ့'' လို့ ဝါရှောင်ကျေးရွာက ဆရာတော်က မိန့်ပါတယ်။

    မိုးရာသီဆိုရင် ချောင်းရေ ကြီးလေ့ကြီးထရှိတယ်လို့ အဲဒီမှာ သီတင်းသုံးနေတာ နှစ်ပေါင်း ၂၀ လောက်ရှိပြီဖြစ်တဲ့ ဆရာတော်က မိန့်ပါတယ်။

    လက်ရှိမှာ ချောင်းဘေးနားက ဝါရှောင်ရွာထဲ ရေဝင်တဲ့အထိရေကြီးတာ မရှိသေးပေမဲ့ ချောင်းတစ်ဖက်တစ်ချက်က စိုက်ပျိုးမြေတွေတော့ ရေမြုပ်နေတယ်လို့ သိရပါတယ်။

    အခုလက်ရှိ မြစ်ကြီးနားမြို့ အနေအထားကတော့ မိုးကောင်းနေပြီး မြို့ဘေးက ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ရောက်ဖို့ လိုသေးတယ်လို့ ပြည်နယ်မိုးလေဝသနဲ့ဇလဗေဒဌာနကပြောပါတယ်။

  9. ဆေးနဲ့ဆက်စပ်ပစ္စည်းတွေကို သိုလှောင်၊ ဈေးကစားခြင်းမလုပ်ဖို့ ကုန်သည်စက်မှုအသင်းပြော

    ဆေးနဲ့ဆက်စပ်ပစ္စည်းတွေကို သိုလှောင်၊ ဈေးကစားခြင်းမလုပ်ဖို့ ကုန်သည်စက်မှုအသင်းပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကိုဗစ်တတိယလှိုင်းအစောဆုံးသီတင်းပတ်တွေမှာ ဆေးဝါးပြတ်လပ်မှုတချို့ဖြစ်ခဲ့လို့ လိုအပ်သူတွေဟာ ရန်ကုန်က ဆေးဆိုင်တွေရှေ့မှာ လူတန်းရှည်ဖြစ်တဲ့အထိ စောင့်ဆိုင်းဝယ်ယူခဲ့ရပါတယ်။

    ဈေးကွက်အတွင်း ကိုဗစ်နဲ့ပတ်သက်တဲ့ဆက်စပ်ပစ္စည်းတွေနဲ့အခြေခံဆေးဝါးတွေ ဈေးနူန်းမြင့်တက်မှု မဖြစ်အောင် သိုလှောင်တာ၊ ဈေးကစားတာ၊ဈေးတင်ရောင်းတာတွေမလုပ်ဖို့ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI)ဘက်ကပြောလာပါတယ်။

    အသင်းချုပ်ရဲ့လုပ်ငန်းအဖွဲ့က ဆေးဝါးတင်သွင်းဖြန့်ဖြူးနေတဲ့ကုမ္ပဏီတွေနဲ့တွေ့ဆုံချိန် အခုလိုပြောခဲ့ဖြစ်ပါတယ်။

    "ဆေးဝါးတွေကို တင်သွင်းတဲ့အခါ ပြည်ပမှာတန်းစီပြီးတော့ မှာယူရပါတယ်။ မှာယူတဲ့အခါ အချိန်မီရဖို့ တင်သွင်းမယ့်သူတွေကမှာယူရပါတယ်။ ဆေးတွေကလည်း သက်တမ်းကုန်ဆုံးရက်ရှိတယ်။ ဒါကြောင့်ဖြန့်တဲ့သူတွေကလည်းအချိန်မီဖြန့်ကြတယ်။ ဒါကြောင့်အချိန်မီ တင်သွင်းနိုင်ဖို့လည်း လိုအပ်တဲ့နေရာကပံ့ပိုးပါမယ်။ ဒါမှ ဈေးကစားတာတို့ပစ္စည်းပြတ်တာ မဖြစ်မှာဖြစ်ပါတယ်။ လက်ဝယ်လှောင်ထားတာတွေ ၊ဈေးကစားတာတွေ၊တဆင့်တဆင့်ပြန်ရောင်းတာတွေ ဈေးတင်တာတွေ ဒါတွေမဖြစ်အောင်ကြိုတင်မှာကြားထားပါတယ်"လို့ UMFCCI ရဲ့လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာမောင်မောင်လေးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိပြည်တွင်းမှာ လိုအပ်ချက်အတွက် ဆေးဝါးတွေရဲ့ ၈ဝ ရာခိုင်နူန်းလောက်ဟာ ပြည်ပကနေမှာ ယူတင်သွင်းရတာဖြစ်ပြီး ကိုဗစ်တတိယလှိုင်းကာလမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းခက်ခဲတာတွေကြောင့် တင်သွင်းဖို့နောက်ကျတာတွေရှိခဲ့ပြီး ဈေးကွက်အတွင်းဆေးဝါးပြတ်လပ်မှုတချို့ဖြစ်ခဲ့တာလို့ဆေးလုပ်ငန်းရှင်တွေကဆိုပါတယ်။

    ပြည်တွင်း ကိုဗစ်ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း မြင့်တက်ခဲ့တဲ့ ဇူလိုင်လအစောပိုင်းကာလတွေမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ဆက်စပ်ပစ္စည်းတွေတင်မကဘဲ အခြေခံအိမ်သုံးဆေးဝါးတွေကအစ ဈေးကွက်ထဲမှာ ပြတ်လပ်တာတွေ၊ ဈေးနူန်း ၂ ဆကနေ ၃ ဆအထိမြင့်တက်တာတွေခဲ့ပါတယ်။

    ဆေးဝယ်ယူဖို့ တန်းစီစနစ်နဲ့ဝယ်ယူရတဲ့အခြေနေတွေလည်းရှိခဲ့လို့ ဒီလိုအခြေအနေတွေအတွက် UMFCCI နဲ့ဆေးလုပ်ငန်းရှင်တွေက သြဂုတ်လ ၆ ရက်မှာ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြပါသေးတယ်။

    သြဂုတ်လ ၁၁ ရက်မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ ဆေးဂိုထောင်တချို့ကို ဆေးဝါးတင်သွင်းဖို့ မှတ်ပုံတင်စာရင်းသွင်းထားတာမရှိဘူးဆိုပြီး ချိတ်ပိတ်သိမ်းခဲ့ရတာမျိုးရှိခဲ့တယ်လို့ ရန်ကုန်မှာနိုင်ငံခြားဆေးဝါးတွေကို အများဆုံးဖြန့်ဖြူးရောင်းချနေတဲ့ ဗိုလ်ချုပ်ဈေးနဲ့ မင်္ဂလာဈေးမှာရှိတဲ့ဆေးဂိုထောင်တာဝန်ရှိသူတွေက ပြောပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်ကတာဝန်ရှိသူတွေကတော့ ဖြစ်စဉ်ကိုစုံစမ်းနေဆဲလို့ တုံ့ပြန်ထားပါတယ်။

  10. မိုးကုတ်မြေပြိုမှု - သေဆုံးသူ ၃ ဦး၊ ပျောက်ဆုံးသူတွေလည်းရှိနေ

    မိုးကုတ်မြေပြိုမှု - သေဆုံးသူ ၃ ဦးရှိပြီး ပျောက်ဆုံးသူတွေလည်းရှိနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မိုးသည်းကြားမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲ

    မိုးကုတ်မြို့ မှာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းနေလို့ မြို့ အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်ဘက် ဘီအိုစီနားမှာ ဒီကနေ့ သြဂုတ် ၁၂ရက် မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    မြေပြိုမှုမှာ ဒေသခံ ၃ ဦးသေဆုံးတယ်လို့ ဘီဘီစီက ကနဦးသိရှိရပါတယ်။

    ဒေသခံအချို့နဲ့ ပရဟိတအဖွဲ့အချို့က ဝိုင်းဝန်းကူညီပေးဖို့ကြိုးစားပေမယ့် အသက်မမီခဲ့တာလို့သိရပါတယ်။

    ပျောက်ဆုံးနေသူတွေလည်းရှိနေသေးတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပေမဲ့ သေဆုံးသူမြင့်တက်လာလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

    အလားတူ မိုးကုတ်မြို့ အရှေ့ဘက်ပိုင်း မင်းတံတားရပ်ကွက်မှာလည်း ရေကြီးရေလျှံတာတွေဖြစ်နေတယ် လို့သိရပါတယ်။

  11. KIA ထိန်းချုပ်နယ်မြေထဲ မိုးသည်းမြေပြိုမှုကြောင့် စစ်ရှောင်တစ်ဦး သေဆုံး

    KIA ထိန်းချုပ်နယ်မြေထဲ မိုးသည်းမြေပြိုမှုကြောင့် စစ်ရှောင်တစ်ဦး သေဆုံး

    ဓာတ်ပုံ ရင်းမြစ်, Simsa Kasa

    ဓာတ်ပုံ ပုံစာ, မဂါးယာန်စစ်ရှောင်စခန်းမှာ မြေပြိုမှုဖြစ်ပွားခဲ့တဲ့အခြေအနေ

    တရုတ်-မြန်မာနယ်စပ်က ကချင်လွတ်လပ်ရေးတပ်(KIO/KIA) ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ မဂါးယာန် စစ်ရှောင်စခန်းမှာ မနေ့က ညပိုင်းနဲ့ ဒီကနေ့ သြဂုတ် ၁၂ရက် မနက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ မဂါးယာန်စစ်ရှောင်စခန်းမှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ''မိုးအရမ်းသည်းပြီးမြေပြိုကျတာပေါ့၊အိမ်တွေလည်း ၁၅ အိမ်လောက် ပျက်စီးသွားတယ်၊ ဝက်တွေလည်းပါသွားတယ်၊ လမ်းတွေလည်းမြေပြိုပြီး ပိတ်ကုန်တယ်၊ လမ်းတွေက နောက် ၁၀ရက် ၁၅ရက်လောက်မှတောင်ပြန်သွားလို့ရနိုင်မယ်၊ ဒီမှာအရမ်းအခက်အခဲဖြစ်ကုန်တယ် ''လို့ မဂါးယာန်စစ်ရှောင်စခန်းမှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပြပါတယ်။

    လက်ရှိ ရေကြီးမြေပြိုဘေးကြုံနေရတဲ့အတွက် အရေးပေါ်သုံးပစ္စည်းတွေ မိုးကာစတွေ၊ အစားအသောက်တွေ လိုအပ်နေပြီး နေအိမ်ပျက်စီသွားတဲ့ မိသာစုတွေကို နီးစပ်ရာဘုရားကျောင်းတွေမှာပြောင်းရွှေ့ပေးထားရတယ်လို့ဆိုပါတယ်။

    လိုင်ဇာမြို့အနီးရှိ ဖွန်လွန်ယာန် စစ်ရှောင်စခန်း နဲ့ ဂျေယာန် စစ်ရှောင်စခန်းတွေမှာလည်း ချောင်းရေကြီးတာတွေဖြစ်လို့ ရေကြီးရေလျှံတာတွေကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

  12. သီတင်း ၂ ပတ်အတွင်း လာအိုကနေပြန်တဲ့ ရွှေတြိဂံရောက်မြန်မာ ၁,၀၀၀ နီးပါးအထိရှိလာ

    သီတင်း ၂ ပတ်အတွင်း လာအိုကနေပြန်တဲ့ ရွှေတြိဂံရောက်မြန်မာ ၁,၀၀၀ နီးပါးအထိရှိလာ

    ဓာတ်ပုံ ရင်းမြစ်, တာချီလိတ်ထွေအုပ်

    ဓာတ်ပုံ ပုံစာ, နေရပ်ပြန်နိုင်ရေးဦးစားပေးတောင်းဆိုတဲ့ ရွှေတြိဂံရောက်မြန်မာတွေရဲ့ ဆန္ဒဖော်ထုတ်မှုအပြီး မြန်မာတွေ အကြိမ်ရေ ခပ်စိပ်စပ်နဲ့ပြန်လာရတာဖြစ်ပါတယ်။

    မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံ နယ်စပ် ရွှေတြိဂံဒေသကနေ မြန်မာပြည်ဘက်ကို ပြန်လာသူ စုစုပေါင်းဟာ အခုသြဂုတ်လအစောပိုင်းကတည်းက ဆိုရင် လူပေါင်း ၁၀၀၀ နီးပါးအထိရှိလာပြီလို့ သိရပါတယ်။

    ပြန်လာတဲ့သူအများစုဟာ ရွှေတြိဂံနယ်မြေထဲက လာအိုအပိုင် ဘိုကျောက်ခရိုင်မှာ သွားအလုပ်လုပ်နေသူတွေဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး ၆ လကျော်အတွင်း တရားဝင်ပြန်လာခွင့်ကြရသူတွေဖြစ်ပါတယ်။

    လာအိုဘက်ခြမ်း မိုင်းမော့ဆိပ်ကမ်းကနေ မြစ်ကိုကူးပြီး မြန်မာဘက်ခြမ်းမှာရှိတဲ့ တာချီလိတ်မြို့၊ ဝမ်ပုံဆိပ်ကမ်းကို ပြန်လာကြတာပါ။

    ဒီဘက်အခြမ်းကို ရောက်လာတဲ့သူတွေကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က ကိုဗစ် ပိုးရှိ၊ မရှိ စစ်ဆေးပြီး ပိုးတွေ့သူတွေကို ဝမ်ပုံမှာဖွင့်ထားတဲ့ ကိုဗစ်စင်တာမှာ ကုသ ပေးနေသလို ပိုးမတွေ့သူတွေကိုတော့ တာချီလိတ်ကနေ တဆင့် သက်ဆိုင်ရာနေရပ်တွေကို ကားနဲ့ပို့ပေးနေတာလို့ သိရပါတယ်။

    လာအိုနိုင်ငံ၊ ဘိုကျောက်ခရိုင်ထဲက ရွှေတြိဂံအထူးစီးပွားရေးဇုန်မှာ အလုပ်လုပ်နေတဲ့ ထောင်နဲ့ချီတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အဲဒီမှာ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီရဲ့အဆောက်အအုံတွေမှာ ချို့ချို့တဲ့တဲ့နဲ့ လနဲ့ချီအောင်ကွာရန်တင်း ဝင်ရတဲ့အခက်အခဲတွေ ရှိခဲ့ပါတယ်။

    နောက်ပြီး မြန်မာလုပ်သားတွေအများစုနေထိုင်တဲ့ ရခိုင်ရွာကြီးကိုလည်း ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး အသွားအလာကန့်သတ်(လော့ဒေါင်းချ)တာ ၃ လကျော်အထိ ပြုလုပ်ခဲ့တာကြောင့် ရွာထဲက လုပ်သားထောင်ချီဟာ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

    ဒီ့နောက်ဆက်တွဲအနေနဲ့ ဝင်ငွေမရှိတာကြုံရတဲ့အပြင် အကူအညီရရှိမှု အကန့်အသတ်လည်းရှိတာကြောင့် အဲဒီက မြန်မာလုပ်သား ထောင်ချီဟာ နေရပ်ကို ပြန်ချင်နေကြတာဖြစ်ပါတယ်။

    အဲဒီနောက် ကုမ္ပဏီပိုင် ၆ ထပ်အဆောက်အအုံတွေမှာ ကွာရန်တင်း ဝင်နေရတဲ့ မြန်မာတွေကဦးဆောင်ပြီး သြဂုတ်လ ၆ ရက်နေ့လည်မှာ လမ်းပေါ်တက်ဆန္ဒပြခဲ့ကြလို့ လော့ဒေါင်းချထားတဲ့ မြန်မာ(ရခိုင်)ရွာကြီးထဲမှာနေထိုင်သူတွေလည်း သွားရောက်ပူးပေါင်းပြီး နေရပ်ပြန်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။

    ဆန္ဒပြမြန်မာတွေက နေရပ်ပြန်ရေး၊ မြန်မာ(ရခိုင်)ရွာအုပ်ချုပ်ရေးအဖွဲ့ ပြောင်းလဲရေး၊ ကျူဝင်နေချိန်အလုပ်လက်မဲ့ဖြစ်လို့ မပြည့်စုံတာတွေကို ကူညီပေးပေးရေးစတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

    ဒီလိုတောင်းဆိုအပြီးမှာ လာအိုဘက်က မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တစ်ကြိမ်ကို လူ ၂၀၀ နဲ့ ၃၀၀ ကြား ပမာဏနဲ့ မြန်မာဘက်ခြမ်းကို ပြန်ပို့နေတာဖြစ်ပြီး မနေ့ သြဂုတ်လ ၁၁ ရက်၊ ၅ ကြိမ်မြောက်ပို့အပြီးမှာတော့ လူပေါင်း ၁,၀၀၀ နီးပါးအထိရှိလာပါတယ်။

    ဆန္ဒပြမှုမတိုင်ခင် ဇူလိုင်လ ၃၀ ရက်တုန်းကတော့ ပထမဆုံးအကြိမ်အနေနဲ့ မြန်မာပြည်ဘက်ကို ပြန်နိုင်ဖို့ ရွှေ့ပြောင်းလုပ်သား ၄၀၀ နီးပါး စာရင်းပေးခဲ့ကြပေမဲ့ ပြန်ခါနီး ကိုဗစ်ပိုးရှိ မရှိစစ်ဆေးချိန်မှာ ပိုးတွေ့တယ်ဆိုတာကြောင့် မြန်မာအယောက် ၃၀ ကျော်ပဲ ပြန်ခွင့်ရခဲ့ပါတယ်။

  13. အင်းစိန်အကျဉ်းဦးစီးဌာနရုံးအရှေ့ ကားလမ်းမပေါ် ပေါက်ကွဲမှုဖြစ်

    ရန်ကုန်၊ အင်းစိန်မြို့နယ်ထဲကအကျဉ်းဦးစီးဌာနအရှေ့ အောက်မင်္ဂလာဒုံလမ်းမပေါ်မှာ ဒီကနေ့ သြဂုတ် ၁၂ရက် မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဲဒီအနီးနေထိုင်သူတွေက ဘီဘီစီကိုအတည်ပြုပါတယ်။

    ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေရောက်လာပြီး စစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့ဆိုပါတယ်။

    ပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရတာတော့မကြားရဘူးလို့ အဲဒီအနီးနေထိုင်သူတွေကပြောပါတယ်။

    အောက်မင်္ဂလာဒုံလမ်းမပေါ်မှာရှိတဲ့ အကျဉ်းဦးစီးဌာနဘက်အခြမ်းဟာ သီးသန့်ဆောင်နဲ့ နီးတဲ့ဘက်မှာရှိတယ်လို့ ထောင်အတွင်းနေထိုင်သူအချို့ကပြောပြပါတယ်။

    ''ထောင်အတွင်းဘက်မှာပေါက်တာတော့မဟုတ်ဘူး။ အပြင်လမ်းဘက်ကပေါက်တဲ့အသံကြားရတယ်။ ပထမပိုင်းက ဆောင်းဘောက်နဲ့ အားပေးတဲ့အသံတွေပေါ့ကြားရတယ်။နောက်မှ ပေါက်ကွဲသံကြားရတာ''လို့ ထောင်အတွင်းနေထိုင်သူအချို့ကပြောပါတယ်။

    ပေါက်ကွဲမှုက ကားလမ်းပေါ်မှာဖြစ်လို့ ထောင်နဲ့ဆက်စပ်မှုမရှိဘူးလို့ အကျဉ်းဦးစီးဌာနဘက်ကပြောပါတယ်။

    ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ရန်ကုန်နဲ့မန္တလေးအကျဉ်းထောင်တွေမှာ ထောင်တွင်းဆန္ဒထုတ်ဖော်မှုတွေဖြစ်ခဲ့သလို အဲဒီနောက် ပါဝင်သူတွေကိုစုံစမ်းစစ်ဆေးတာတွေလုပ်နေတယ်လို့ အကျဉ်းဦးစီးဌာနဘက်ကပြောထားတာပါ။

    အင်းစိန်အကျဉ်းဦးစီးဌာနရုံးအရှေ့ ကားလမ်းမပေါ် ပေါက်ကွဲမှုဖြစ်၊ ပေါက်ကွဲမှုဖြစ်တဲ့ အောက်မင်္ဂလာဒုံကားလမ်းမပေါ်ကနေ အကျဉ်းဦးစီးဌာနဘက်ကိုမြင်တွေ့ရပုံ
    ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှုဖြစ်တဲ့ အောက်မင်္ဂလာဒုံကားလမ်းမပေါ်ကနေ အကျဉ်းဦးစီးဌာနဘက်ကိုမြင်တွေ့ရပုံ
  14. မြန်မာလူငယ် ၅ သန်းနီးပါးကို ဒိန်းမတ်သံရုံးက ဂုဏ်ပြုကြောင်းပြောလာ

    မြန်မာလူငယ် ၅ သန်းနီးပါးကို ဒိန်းမတ်သံရုံးက ဂုဏ်ပြုကြောင်းပြောလာ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ၂၀၂၁ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ လူငယ်တွေ အများဆုံးပါဝင်

    ဒီနေ့ သြဂုတ်လ ၁၂ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာလူငယ်များနေ့မှာ မြန်မာနိုင်ငံထဲက လူငယ် ၅ သန်းနီးပါးကို ဂုဏ်ပြုတဲ့အကြောင်း ပြည်တွင်းမှာရှိတဲ့ ဒိန်းမတ်နိုင်ငံသံရုံးက ထုတ်ပြောလာပါတယ်။

    ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလမှာ ဒီမြန်မာလူငယ်တွေဟာ သူ့တို့ရဲ့အခွင့်အရေးကို အသုံးချပြီး ပထမဆုံးအကြိမ်မဲပေးခဲ့ကြသူတွေဖြစ်ပေမဲ့ သူတို့မဲတွေ လျစ်လျူရှုခံခဲ့ရလို့ သူတို့ရဲ့အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ပြန်ရဖို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်း လမ်းပေါ်တက်ခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါ့ပြင် မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ရိုက်ခတ်မှုဒဏ်ခံရချိန်မှာလည်း လူငယ်တွေပဲ ဦးဆောင်မှုယူခဲ့ကြတာကိုလည်း သံရုံးကပြောပါတယ်။

    ဒါ့ကြောင့် အခုလိုအကျပ်အတည်းကာလမှာ ကိုယ်ကျိုးမဖက်ဘဲ ရပ်ရွာလူထုကို ကူညီကာကွယ်ဖို့ အားထုတ်နေကြတဲ့ မြန်မာလူငယ်တွေကို ဒီလိုနေ့မှာ ဂုဏ်ပြုကြောင်း ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

  15. ရန်ကုန်မှာ ကိုဗစ်လူနာလိုတဲ့သွေးကျဲဆေးကို ဟိန္ဒူပရဟိတအဖွဲ့တွေရဲ့အစီအစဉ်နဲ့ရောင်းချပေးမယ်

    ဟိန္ဒူပရဟိတအဖွဲ့တွေရဲ့ အစီအစဉ်နဲ့ ကိုဗစ်လူနာတွေလိုအပ်တဲ့ သွေးကျဲဆေးထိုးဆေးတွေကို ငွေကြေး အဆင်မပြေသူတွေ အနေနဲ့ Video call နဲ့ပြပြီး အခမဲ့ ရယူနိုင်တယ်လို့ ဟိန္ဒူအောက်ဆီဂျင်ကူညီရေးအဖွဲ့ HORN ကနေသိရပါတယ်။

    ဟိန္ဒူအောက်ဆီဂျင်ကူညီရေးအဖွဲ့ HORN အနေနဲ့ သွေးကျဲဆေးထိုးဆေးတွေကို ပြင်ပပေါက်ဈေးထက် သက်သာတဲ့နှုန်းထားတဲ့ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

    ''သွေးကျဲဆေး Enoxaprin 0.4 တစ်ချောင်းကို ဈေးနှုန်း (၇၀၀၀)ကျပ်နဲ့ Enoxaprin 0.6 တစ်ချောင်းကို ဈေးနှုန်း (၈၅၀၀)ကျပ် နဲ့ ရန်ကုန် ၅၁ လမ်း ဟိန္ဒူဘုရားကျောင်းရှေ့ခန်းမဆောင်မှာရောင်းပေးမှာပါ။ တစ်ဦးအတွက် ၃ ချောင်းနှုန်းနဲ့ ရောင်းချပေးမှာပါ။ ငွေကြေးအဆင်မပြေသူတွေဆိုရင် လူနာကို Video call နဲ့ပြပြီး အခမဲ့ ရယူနိုင်ပါတယ်''လို့ HORN ကအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    လက်ရှိကိုဗစ်တတိယလှိုင်းအတွင်းမှာ ပြည်တွင်းမှာ ဆေးဈေးနှုန်းတွေ အဆမတန်ဈေးမြင့်တက်တာနဲ့ အောက်ဆီဂျင်လိုအပ်ချက်ကြီးတာတွေကို လျှော့ချနိုင်ဖို့ မြန်မာမွတ်စ်လင်မ်အသင်းတွေ၊ မြန်မာနိုင်ငံကလျာဏယုဝခရစ်ယာန်အသင်း YMCA နဲ့ ဟိန္ဒူပရဟိတအသင်းတွေက ပြင်ပပေါက်ဈေးထက် သက်သာတဲ့နှုန်းထားတွေနဲ့ ဝင်ရောက်ရောင်းချတာ၊ အောက်ဆီဂျင် အပါအဝင်လိုအပ်တဲ့ ဆက်စပ်ပစ္စည်းငှားရမ်းတာတွေကိုလုပ်ဆောင်ပေးနေတာတွေ့ရပါတယ်။

    ရန်ကုန်မှာ ကိုဗစ်လူနာလိုတဲ့သွေးကျဲဆေးကို ဟိန္ဒူပရဟိတအဖွဲ့တွေရဲ့အစီအစဉ်နဲ့ ပြင်ပပေါက်ဈေးထက် သက်သာတဲ့နှုန်းနဲ့ ရောင်းချၽပေးမယ်

    ဓာတ်ပုံ ရင်းမြစ်, HORN

  16. NUG နဲ့ စစ်ကောင်စီ အတွက် အရေးအကြီးဆုံး သံတမန်စစ်ပွဲ

  17. မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းကို အရပ်ဝတ်တွေနဲ့ ဝင်ဖမ်း၊ သံဃာတစ်ပါး အဖမ်းခံရ

    မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေကို ဖမ်းဆီးမှုတွေရှိနေတဲ့ကြားက နေ့စဉ်သပိတ်စစ်ကြောင်းထွက်နေတဲ့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို သြဂုတ်လ ၁၁ ရက်နေ့ညနေပိုင်းမှာ အိမ်စီးကားတွေနဲ့အရပ်ဝတ်လူအင်အားသုံးပြီး လိုက်လံဖြိုခွဲခံခဲ့ရတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့သံဃာတော်တွေက ဘီဘီစီကိုမိန့်ပါတယ်။

    " ဒီကနေ့ ၈၆ လမ်း၊ ၃၂ လမ်းနဲ့ ၃၃ လမ်းမှာ ဦးပဉ္ဇင်းတို့ ကြွေးကြော်သံစတုန်းပဲရှိသေးတယ်။ မာ့ခ်တူးကားတွေနဲ့အနောက်ကလိုက်တာ။ ဦးပဉ္ဇင်းတို့လည်းပြေးရတယ်။ ပုန်းရင်းနဲ့ ကိုယ်တော်တပါးမိသွားတယ်။ မာ့ခ်တူးနှစ်စီးနဲ့အနောက်ကနေလိုက်တိုက်တဲ့ပုံစံနဲ့ဖမ်းတာ။ ဦးပဉ္ဇင်းတပါးဖမ်းဆီးခံရတာလည်း အနီးနားက ဒကာ ၊ ဒါယိကာမတွေပြောလို့ပြန်သိရတာ။ ဦးပဉ္ဇင်းတို့ကိုယ်တိုင်လည်းပုန်းနေရတာပါ" လို့သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ သံဃာတော်တပါးက ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘီဘီစီကိုမိန့်ကြားပါတယ်။

    မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းအနေနဲ့ စစ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း နေ့စဉ်မပျက် သပိတ်စစ်ကြောင်းထွက်လာတာ သြဂုတ်လ ၁၁ ရက်နေ့မှာ ၁၈၄ ရက်ရှိခဲ့ပြီဖြစ်တယ်လို့ လည်း သံဃာတွေက မိန့်ပါတယ်။

    ဒါ့အပြင် သပိတ်စစ်ကြောင်းထွက်တဲ့ကာလတလျှောက်ဖမ်းဆီးခံရတဲ့ သံဃာတော်လေးပါးရှိနေပြီဖြစ်ပြီး အခုလို ဖမ်းဆီးဖြိုခွင်းမှုတွေရှိနေပေမယ့်စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်တွေ ဆက်လက် ပြုလုပ်သွားမယ်လို့လည်း မိန့်ကြားခဲ့ပါတယ်။

    သပိတ်ဖြိုခွင်းဖမ်းဆီးခံရလို့ သံဃာတော်တချို့ ထွက်ပြေးတိမ်းရှောင်ရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သပိတ်ဖြိုခွင်းဖမ်းဆီးခံရလို့ သံဃာတော်တချို့ ထွက်ပြေးတိမ်းရှောင်ရ
  18. ဗိုလ်တထောင် ၄၄ လမ်း ဖမ်းဆီးမှု နောက်ဆက်တွဲ

  19. ဖေဖေါ်ဝါရီ ၁ ရက်နဲ့ အဲဒီရက် မတိုင်ခင် ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်းခြင်း

    ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုတွေကို ပိတ်သိမ်းတယ် ဆိုပြီး အာဏာသိမ်း စစ်ကောင်စီက ထပ်ကြေညာ လာပါတယ်။

    ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ကောင်စီ အတွင်းရေးမှူး အနေနဲ့ လက်မှတ်ထိုးပြီး ဩဂုတ်လ ၁၁ ရက် နေ့ ထုတ်ပြန်ချက်ထဲ ကိုဗစ်နိုင်တင်း ထိန်းချုပ် ကာကွယ်နိုင်ရေး အတွက် ချုပ်ရက်ရှည်ကြာ နေပြီဖြစ်တဲ့ သူတွေကို အမှုပိတ် သိမ်းပေးနိုင်ဖို့ အခုလို ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့တုန်းကတည်းက အမှုကနေလွှတ်ရမယ် ဆိုတဲ့ အမိန့် ထုတ်ပြန်ခဲ့ထားတာမှာ အခု အခါမှာ အမှုပိတ်သိမ်းကြောင်း နောက်ဆက်တွဲ ထုတ်ပြန်တာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဘယ် အမှုမျိုးတွေတော့ မပါဘူး ဆိုတဲ့ ခြွင်းချက်ရှိပါတယ်။ အကြမ်းဖက် တိုက်ဖျက်ရေး၊ လူကုန်ကူးမှု၊ မူးယစ်မှု၊ မတရားသင်းပုဒ်မ၊ နိုင်ငံတော် သစ္စာဖောက်မှု ပုဒ်မ ၁၂၂ ၊ အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ တွေနဲ့ ဖမ်းဆီး ခံထားရတဲ့ သူတွေ၊ ထွက်ပြေးသူ အကြုံးမဝင်ဘူးလို့ ဆိုပါတယ်။

    ဒါမှ မဟုတ်ရင်တော့ စစ်အာဏာသိမ်းတဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ မတိုင်ခင်က တရားစွဲခံရပြီး အခုထိ ရင်ဆိုင်နေရတဲ့ အမှုတွေ အားလုံး ပိတ်သိမ်းတယ် ဆိုပြီး စစ်ကောင်စီက ကြေညာတာ ဖြစ်ပါတယ်။

    လူသတ်မှု၊ မုဒိန်းမှု၊ ငွေကြေး လိမ်လည်မှုလို ကိစ္စတွေမှာ ထိခိုက် နစ်နာသူတွေ၊ ကျန်ရစ်သူ မိသားစု အရင်းအခြာတွေက အမှု မပိတ်သင့်ကြောင်း လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်နိုင်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင်၊ ဘယ်အမှုမျိုးမှာမဆို တရားစွဲ အဖွဲ့အစည်း တစ်ခုခုက အမှု မပိတ်သင့်ကြောင်း လုံလောက်တဲ့ အကြောင်းပြပြီး စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား လျှောက်နိုင်တယ်လို့ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ နစက ရဲ့ အမိန့်အမှတ် ၁၇၂/၂၀၂၁ အနေနဲ့ ထုတ်ပြန်ပါတယ်။

    အမှု မပိတ်သင့်ကြောင်း လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်နိုင်တယ်
    ဓာတ်ပုံ ပုံစာ, အမှု မပိတ်သင့်ကြောင်း လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်နိုင်တယ်
    နစက ရဲ့ အမိန့်အမှတ် ၁၇၂/၂၀၂၁
    ဓာတ်ပုံ ပုံစာ, နစက ရဲ့ အမိန့်အမှတ် ၁၇၂/၂၀၂၁
  20. ရခိုင်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက်ခံရသူ သုံးထောင်ကျော်နဲ့ သေဆုံးသူ သုံးရာကျော်ရှိလာ

    ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလှိုင်းမှာ ရောဂါကူးစက်ခံထားရကြောင်း ဩဂုတ်လ ၁၀ ရက်နေ့ညနေ ငါးနာရီအထိ စစ်ဆေးတွေ့ရှိခဲ့သူပေါင်း ၃,၃၄၃ ဦးနဲ့ သေဆုံးသူ‌ပေါင်း ၃၀၉ ဦးအထိရှိလာနေပြီဖြစ်တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဌာနက ထုတ်ပြန်ထားပါတယ်။

    ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကစတင်ပြီး နယ်စပ်ကုန်သွယ်‌ရေးစခန်းတွေက သင်္ဘောသားတွေမှာ တွေ့ရှိခဲ့ပြီး ဇွန်လဆန်းမှာတော့ ဒေသတွင်းကူးစက်မှုတွေရှိလာခဲ့သလို သေဆုံးမှုကလည်း စရှိလာခဲ့ပါတယ်။

    အခု ဩဂုတ် ၁၀ ရက်နေ့အထိ သုံးလတာအတွင်း ကူးစက်မှု မြင့်တက်လာခဲ့ပြီး လူသေဆုံးမှုဟာလည်း နေ့စဉ် ၁၀ ဦးခန့်ရှိနေတာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ တတိယလှိုင်းအစပိုင်းမှာတော့ တစ်နေ့ကို ကူးစက်ခံရသူ ဆယ်ဂဏန်းဝန်းကျင်လောက် သာစစ်ဆေးတွေ့ရှိခဲ့ပေမယ့် ဇူလိုင်လအတွင်းကစတင်ပြီး တစ်ရာကျော်အထိ တွေ့ရှိလာခဲ့ပြီး ဆေးရုံဆေးခန်းတွေကိုမရောက်ရှိဘဲ နေအိမ်တွေမှာကုသမှုခံယူနေကြသူတွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်။ အခုလိုကူးစက်ခံရမှုမြင့်တက်လာခဲ့တာဟာ လူစုလူဝေးတွေဆက်ရှိနေသလို အသွားအလာတွေကိုလည်း သက်ဆိုင်ရာ‌ဒေသအာဏာပိုင်တွေဘက်က တင်းတင်းကျပ်ကျပ်ကန့်သတ်တာမျိုးမလုပ်ခဲ့တဲ့အတွက် ရောဂါကူးစက်မှုတွေ တစ်ဟုန်ထိုးမြင့်တက်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေဘက်က ထောက်ပြဝေဖန်နေပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင် ရခိုင်ပြည်နယ်ကစတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ၁၉ ဒုတိယလှိုင်းဟာလည်း ကူးစက်မှုမြင့်မားခဲ့ပြီး သေဆုံးသူတွေ ရှိခဲ့ပေမယ့် အခုတတိယလှိုင်းမှာတော့ ကူးစက်ခံရမှုလည်းပိုမိုမြင့်တက်ခဲ့သလို သေဆုံးမှုကလည်း ဒုတိယလှိုင်းထက် ၈ ဆကျော်တက်လာတယ်လို့ ကျန်းမာရေးဌာန ကိန်းဂဏန်းတွေကဖော်ပြနေပါတယ်။

    ဒေသတွင်း ရောဂါပိုးကူးစက်ခံရမှုတွေမြင့်တက်လာခဲ့တာကြောင့် ဆေးရုံတွေမှာဆေးကုသမှုခံယူနေရသူတွေထဲ အောက်စီဂျင် ပေးပြီးတော့ကုပေးရတဲ့သူတွေများပြားလာနေတာကြောင့် အောက်စီဂျင်မလုံလောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၁၇ ခုမှာ ဩဂုတ်လ ၁၀ ရက်နေ့စာရင်းတွေအရ အောက်စီဂျင်အသုံးပြုနေရတဲ့ လူနာပေါင်း ၁၉၁ ဦးရှိခဲ့ပြီး အောက်စီဂျင်လိုအပ်ချက်က တစ်ရက်ကို အိုးပေါင်း ၃၁၀ ကျော်ထိအသုံးပြုနေရကာ ပြည်နယ်အတွင်းက ထွက်ရှိတဲ့အောက်ဆီဂျင်ပမာဏက ၂၀၀ ကျော်သာရှိတယ်လို့ ပြည်နယ်ကောင်စီရဲ့ စာရင်းတွေအရ အသိရပါတယ်။

    ပြည်နယ်အတွင်းကထွက်ရှိတဲ့အောက်ဆီဂျင်နဲ့မလုံလောက်တဲ့အတွက် မြောင်းတကာစက်မှုဇုန်နဲ့ ကပစ (၆)တို့ကနေ နေ့စဉ် အောက်ဆီဂျင်အိုး ၁၅၀ လောက် မှာယူအသုံးပြုနေရတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

    လက်ရှိမှာတော့ လူတွေကို အပြင်မထွက်ကြဖို့နဲ့ နေအိမ်တွေမှာသာနေထိုင်ကြဖို့ ရက္ခိုင့်တပ်တော် အေအေက ကြေညာချက်တွေထုတ်ပြန်ထားတာကြောင့် လူစုလူဝေးဖြစ်ပွားမှုတွေ လျော့နည်းနေတဲ့အတွက် ကူးစက်ခံရမှုမှာလည်း တစ်နေ့ကို ၅၀ ဦးဝန်းကျင်လာက်ထိ လျော့နည်းသွားပေမယ့် သေဆုံးမှုတွေကတော့ ဆက်လက်မြင့်တက်နေဆဲဖြစ်ကာ ကိုဗစ် ၁၉ ကူးစက်မှုအခြေအနေကို ထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာမရှိသေးဘူးလို့ အေအေဘက်က ကြေညာချက်မှာဖော်ပြထားပါတယ်။

    Sittwe, Rakkhine