ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ
မကွေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့မိသားစုတွေက ပြောပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
မတ္တရာမြို့ ထော်လာဂျီ တစ်စီးပေါ်က လက်နက်အမြောက်အများနဲ့ ဗုံးသီးတွေမိ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပန်ယျကျေးရွာသင်္ချိုင်းအနီးက ထော်လာဂျီတစ်စီးကို ဒီကနေ့ သြဂုတ်လ ၈ ရက် မနက်ပိုင်းက တားဆီး စစ်ဆေးရာမှာ K 22 သေနတ်အလက် ၆၀ ၊ကျည် ၁၁၀၀၀ တောင့်၊ကျည်အိမ် ၁၁၀ ခု ၊ ဗုံးသီး ၈၅ လုံး တို့အပါအဝင် လက်နက်တွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီ့လက်နက်တွေ သယ်ဆောင်လာတဲ့ ထော်လာဂျီကားဟာ မတ္တရာမြို့နယ် ၊ တံငါတောင်ကျေးရွာက အောင်ကိုမင်း အသက် ၂၅ နှစ်ဆိုသူ မောင်းနှင်လာပြီး မောင်အာကာဖြိုး ဆိုသူ လိုက်ပါလာခဲ့တာဖြစ်တယ် လို့ လည်းစစ်ကောင်စီဘက်က ပြောပါတယ်။
ဒီလက်နက်တွေဟာ ရှမ်းပြည်နယ်နောင်ချိုဘက်က ဝင်ရောက်လာတာလို့ ပြောပြီးတော့ လက်နက်နဲ့ ဖမ်းဆီးရမိသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ လည်းပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ ကုန်တင်ကားတစ်စီးပေါ်ကနေ အခုလို လက်နက်ခဲယမ်းတွေ အမြောက်အများ စစ်ကောင်စီဘက်ဖမ်းမိခဲ့ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, SAC
မြောက်ဥက္ကလာပမြို့နယ်မှာ ဆန္ဒပြဖို့လူစုနေတဲ့အနီး လူငယ်အချို့ဖမ်းဆီးခံရ
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမအနီးမှာ သြဂုတ် ၈ရက် နေ့လယ်ပိုင်းက စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြဖို့ လူစုနေတဲ့ လူငယ်အချို့ ဖမ်းဆီးခံရလိုက်ရတယ်လို့ မျက်မြင်တွေကပြောပါတယ်။
" ဒီနေ့ ဆန္ဒပြပွဲလုပ်ဖို့ အနီးမှာ လုံထိန်းကားတွေ ရောက်ရောက်လာလို့ တစ်နေရာပြီး တစ်နေရာ ရွှေ့နေရင်း ဝဇီရာ မှတ်တိုင်နားမှာဖမ်းသွားတာ။ ဆန္ဒပြပွဲမှာပါတဲ့ လူငယ် ဟုတ်မဟုတ် မသေချာဘူး။ လူငယ်ဆိုတာနဲ့တင် ကားပေါ်တင်ပြီးဖမ်းသွားတဲ့ သဘောပဲလို့" တွေ့မြင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့မှာ ရန်ကုန်မြို့တွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကားတွေလှည့်နေပြီး မြေနီကုန်းအနီးတစ်ဝိုက်မှာလည်း အိမ်စီးကားတချို့ကို စစ်ဆေးတာတွေ လုပ်တယ်လို့ ကိုယ်တွေ့ကြုံရသူတချို့ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဆန္ဒပြဖို့လူစုနေတဲ့အနီး လူငယ်အချို့ဖမ်းဆီးခံရ နမ့်ခမ်းမြို့ အနီးတိုက်ပွဲကြောင့် ဒေသခံ သက်ကြီးရွယ်အိုတစ်ဦးဒဏ်ရာရ
ကြူကုတ်၊ပန်ဆိုင်းဘက်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံတွေ တရုတ်- မြန်မာနယ်စပ်အနီး တိမ်းရှောင်နေကြရ
ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်၊ပန်ဆိုင်းဘက်မှာဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ကြားပြီးခဲ့တဲ့ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲ ကြောင့် အဲဒီကြူကုတ်၊ပန်ဆိုင်း ဘက်ရွာတွေကဒေသခံတွေဟာ တရုတ်- မြန်မာနယ်စပ်အနီးမှာ တိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်ကနေ ၆ ရက်အထိ ၃ရက်လောက် နှစ်ဖက်ကြားတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ လက်ရှိ အချိန်အထိ သူတို့ရွာတွေထဲ နှစ်ဖက်တပ်တွေက ရှိနေကြသေးလို့တိုက်ပွဲထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ် ပြီး နေရပ်ကို မပြန်ရဲကြဘူးလို့ ဆိုပါတယ်။ ''ကပ်ရောဂါဘေးကြားမှာ နေနေကြရပါတယ်ဆိုမှ လက်နက်သံတွေနဲ့ဆိုတော့ ထိခိုက်မှာစိုးရိမ်ပြီးပြေးကြရတာပေါ့၊ အခုတိုက်ပွဲမဖြစ်ပေမယ့်သူတို့ရွာတွေမှာ နှစ်ဖက်လုံးကရှိနေတော့ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်လို့ မပြန်ရဲကြဘူး၊ အခုတော့ ရွာသားတွေက တရုတ်- မြန်မာ နယ်စပ် မြစ်ဘေးမှာ တဲထိုးနေကြရတယ်၊မိုးတွေကလည်းရွာတွေ အဆင်မပြေကြဘူး '' လို့ ဒေသခံဦးဂွန်အုံးက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ပန်ဆိုင်းမြို့အနီးက စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲမှာ စစ်ကောင်စီဖက်က အရာရှိတချို့ သေဆုံးခဲ့တယ်လို့ ကိုးကန့်ဖက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အဲဒီအချက်အလက်နဲ့ ပတ်သက်ပြီးဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ တိုက်ပွဲနဲ့ပတ်သက်တဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Shwe phee Myay
ဓာတ်ပုံ ပုံစာ, ဒေသခံတွေ တရုတ်- မြန်မာနယ်စပ်အနီး တိမ်းရှောင်နေကြရ မကွေးလေတပ်စခန်းမှာ ပေါက်ကွဲမှုဖြစ်
မကွေးတိုင်းဒေသကြီး မကွေးမြို့က စစ်ကောင်စီလေတပ်စခန်းမှာ ဒီနေ့ သြဂုတ်လ ၈ ရက်မနက်အစောပိုင်းတုန်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တယ်ဆိုပြီး မြို့ခံတွေက ဘီဘီစီကို ပြောလာပါတယ်။
''ပေါက်ကွဲသံက ၂ ကြိမ်ကြားရတယ်။ မိုးလင်းပိုင်းဆိုတော့ အတော်လေးကျယ်တယ်။ ဟို အရင်တစ်ခါ ရှော့တိုက်ဒုံးနဲ့အပစ်ခံရတုန်းကလို အသံနဲ့ ဆင်တယ်။ မနက်ပိုင်းတည်းကဖြစ်တာဆိုပေမဲ့ အခုအချိန်အထိ အထိအခိုက် ဘာသံမှ မကြားရသေးဘူး။''လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ဖို့ မကွေးမြို့ထဲ နေ့လယ်ခင်းပိုင်းအချိန် အပြင်ထွက်တာကို ကန့်သတ်ထားတဲ့အစီအစဉ်ကြောင့် စစ်ကောင်စီတပ်တွေရဲ့ မြို့တွင်းလှုပ်ရှားမှုကို သဲသဲကွဲကွဲမသိရဘူးလို့လည်း သူကပြောပါတယ်။
ဒါပေမဲ့ မနေ့ သြဂုတ်လ ၇ ရက်တုန်းကတော့ မြို့ပေါ်မှာ ခါတိုင်းနဲ့မတူဘဲ ရဟတ်ယာဉ်တွေ အကြိမ်ရေများများပျံနေတယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်(PDF) ကတော့ ၈ လေးလုံးနှစ်ပတ်လည်နေ့မှာ သွေးမအေးကြောင်းပြဖို့ မကွေးလေတပ်စခန်းက လက်နက်သိုလှောင်ရုံကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာရဖို့ ဘီဘီစီက စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဆီ ဆက်သွယ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
လောင်းလုံးမှာ အမျိုးသားတစ်ဦး ခေါင်းကို သေနတ်နဲ့ပစ်ခံရပြီး သေဆုံး
လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာမှာ ဩဂုတ်လ ၈ ရက်နေ့ မနက်က အသက် ၅၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦး ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားပြီး Dawei Watch ကရေးပါတယ်။
သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူက အင်းဇောက်ရွာသား ဦးသိန်းလွင်ဖြစ်ပြီး နေအိမ်မှာ စက်သုံးဆီဆိုင်ဖွင့်ထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ မနက် ၅ နာရီကျော်က သေနတ်ပစ်သံ ကြားရတဲ့အတွက် ထွက်ကြည့်ရာမှာ ဆီဆိုင်အတွင်းမှာ လဲနေတာကို တွေ့ရကြောင်း အိမ်နီးချင်းအချို့က ပြောပါတယ်။
ဘယ်အဖွဲ့အစည်းက သူ့ကို ပစ်ခတ်သွားတယ်ဆိုတာကို မသိရသေးပါဘူး။
ဦးသိန်းလွင်ဟာ ကျေးရွာ နာရေးကူညီမှုအသင်းကို ကနဦးတည်ထောင်ခဲ့စဉ်က ဦးဆောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ၎င်းရွာရှိ စေတနာ့ဝန်ထမ်းအဖွဲ့မှာ ကူညီဆောင်ရွက်ပေးနေသူလို့ဆိုပါတယ်။
ဦးသိန်းလွင်ရဲ့ ရုပ်အလောင်းကို ထားဝယ်ဆေးရုံကြီးကို သယ်ဆောင်သွားခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန် နဲ့ မန္တလေးမှာ ရှစ်လေးလုံး အထိမ်းအမှတ်နေ့ ဆန္ဒပြပွဲတွေ ပြုလုပ်
ရှစ်လေးလုံး ၈၈၈၈ လူထုအရေးတော်ပုံ ၃၃နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲတွေ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လူငယ်တွေကဦးဆောင်ပြီး ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်မြို့ စမ်းချောင်းမှာလည်း လူငယ်တွေ ဦးဆောင်ပြီးတော့ ၈၈ က သွေးအကြွေးဟောင်း ၂၁ မှာအပြီးတောင်း ဆိုပြီး ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမှာတော့ မန္တလေးသပိတ်အင်အားစု သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း နဲ့ ကျဆုံးသွားတဲ့ သူတွေကို အလေးပြုခြင်း ၊ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ပြီး သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီ၄ရက် ကစပြီး ဒီကနေ့ အထိ အာဏာသိမ်းစစ်ကောင်စီကို ရန်ကုန် နဲ့ မန္တလေးမြို့တို့မှာ ဆန္ဒပြဆန့်ကျင် ကန့်ကွက်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ရင်းမြစ်, MPA
အာဏာရှင်တော်လှန်ရေးသီချင်းတစ်ပုဒ် ဘယ်လိုပေါ်ပေါက်လာလဲ။
၈ လေးလုံးအရေးတော်ပုံနဲ့အတူ ပေါက်ဖွားလာသလို ဖေဖော်ဝါရီစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပင်တိုင်ကြွေးကြော်သီချင်းတစ်ပုဒ်လည်းဖြစ်လာပြန်တဲ့ ကမ္ဘာမကြေဘူး သီချင်း ဘယ်လိုပေါ်ပေါက်ခဲ့ပါသလဲ။ ရုပ်သံမှာ ရှူစားနိုင်ပါပြီ။
ဦးကျော်မိုးထွန်းကို တိုက်ခိုက်ရန်ကြံစည်မှုကို အမေရိကန် ရှုတ်ချ, ဒီလိုကြံစည်မှုဟာ အာဏာရှင်တွေ လုပ်နေကျပုံစံမျိုးလို့ ပြောဆို
နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြိုးပမ်းတဲ့လုပ်ဆောင်ချက်ဟာ ကမ္ဘာတဝန်းက အာဏာရှင်ခေါင်းဆောင်တွေနဲ့သူတို့နောက်လိုက်တွေက သူတို့ကို ဆန့်ကျင်သူတွေကို နှိမ်နင်းဖို့ လုပ်တတ်တဲ့ပုံစံမျိုးဆိုပြီး အမေရိကန်ဘက်က ရှုတ်ချပြောဆိုလာပါတယ်။
ထိုင်းမှာရှိတဲ့ လက်နက်ပွဲစားတစ်ယောက်နဲ့ မြန်မာနိုင်ငံသား ၂ ယောက်ဟာ ဦးကျော်မိုးထွန်းကို ထိခိုက်ဒဏ်ရာရအောင် ဒါမှမဟုတ် အသက်အန္တရာယ်ထိပါးအောင်လုပ်ဖို့ ကြံစည်လို့ အဲဒီမြန်မာ ၂ ယောက်ကို နယူးယောက်မှာ ဖမ်းလိုက်ပြီလို့ အမေရိကန်အာဏာပိုင်တွေက အစောပိုင်းမှာ ကြေညာထားပါတယ်။
အရပ်သားအစိုးရက ခန့်ထားခဲ့တဲ့ ဦးကျော်မိုးထွန်းကတော့ သူခြိမ်းခြောက်ခံရတာကို အတည်ပြုသလို အမေရိကန် အာဏာပိုင်တွေက သူ့အတွက် လုံခြုံရေးမြှင့်ပေးထားတယ်ဆိုတဲ့အကြောင်း ဘီဘီစီကို ပြောထားပါတယ်။
''ဒီခြိမ်းခြောက်မှုဟာ အာဏာရှင်တွေနဲ့သူတို့ကိုထောက်ခံသူတွေက မထောက်ခံသူတွေကို အသက်အန္တရာယ် ထိပါးအောင်၊ နောက်ပြီး သတင်းသမားတွေနဲ့တက်ကြွလှုပ်ရှားသူတွေ၊ သူတို့ကို ဆန့်ကျင်ကြောင်းထုတ်ပြောတဲ့ရဲတဲ့သူတွေကို ကမ္ဘာအနှံ့ရောက်အောင် လိုက်လံဖိနှိပ်တဲ့လုပ်နေကျပုံစံမျိုးပဲ'' ဆိုပြီး ကုသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် Linda Thomas-Greenfield က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီပြန်လည်ရရှိရေးတောင်းဆိုနေကြတဲ့ မြန်မာပြည်သူလူထုအတွက် သတ္တိရှိရှိ ကိုယ်စားပြု ရပ်တည်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ဆက်လက်ရပ်တည်တယ်လို့လည်း သူကပြောပါတယ်။
ဦးကျော်မိုးထွန်းဟာ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းမှုကို လက်မခံတဲ့အကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောထားသူဖြစ်သလို အရပ်သားအစိုးရကိုပဲ ကိုယ်စားပြုတယ်ဆိုပြီး ရပ်တည်နေလို့ သူ့ကို စစ်ကောင်စီက ရာထူးကနေ ဖယ်ရှားတယ်လို့ ကြေညာခံထားရသူဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆန်ဖရန်စ္စကို မှာ ပြည်ပရောက်မြန်မာတွေ NUG အစိုးရ ကို အသိမှတ်ပြုရေးဆန္ဒထုတ်ဖော်
အမျိုးသားညီညွတ်ရေးအစိုးရ ကို နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုရေး အတွက် ပြည်ပရောက် မြန်မာတွေက နိုင်ငံအလိုက် Save Myanmar March အမည်နဲ့ ဆန္ဒထုတ်ဖော်နေ ကြပါတယ်။အမေရိကန်ပြည်ထောင်စု အနောက်ဖက်ကမ်း ဆန်ဖရန်စ္စကို မြို့မှာလည်း ပြည်ပရောက်မြန်မာ အင်အား ရာချီက စုပေါင်းချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုရေး ၊ ကုလသမဂ္ဂ မြန်မာပြည်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက်ခန့်ထားရေး၊ အမေရိကန်လွှတ်တော်ကမြန်မာပြည်အက်ဥပဒေ ( Burma Bill) အမြန်ဆုံးပြဋ္ဌာန်းရေး၊ အမေရိကန်ပြည်ထောင်စုက ခေတ္တထိမ်းသိမ်းထားတဲ့ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ကို NUG အစိုးရ ကို ထုတ်ပေးရေး တို့ကို ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီဆန္ဒထုတ်ဖော်မှုနဲ့အတူ ၃၃ နှစ်မြောက် ၈ လေးလုံးအရေးတော်ပုံ အောက်မေ့ဘွယ် အခမ်းအနားကိုလည်း ကျင်းပခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zaw Zaw Oo
ဓာတ်ပုံ ပုံစာ, NUG အစိုးရ ကို အသိမှတ်ပြုရေးဆန္ဒထုတ်ဖော် 
ဓာတ်ပုံ ရင်းမြစ်, Zaw Zaw Oo
ဓာတ်ပုံ ပုံစာ, NUG အစိုးရ ကို အသိမှတ်ပြုရေးဆန္ဒထုတ်ဖော် 
ဓာတ်ပုံ ရင်းမြစ်, Zaw Zaw Oo
ဓာတ်ပုံ ပုံစာ, NUG အစိုးရ ကို အသိမှတ်ပြုရေးဆန္ဒထုတ်ဖော် ဖမ်းဆီးခံ ခွဲစိတ်ဆရာဝန်ကြီး ထောင်တွင်းမှာ ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် ကွယ်လွန်
မတရားအသင်းဆက်သွယ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရတဲ့ မန္တလေးက ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာမောင်မာင်ငြိမ်းထွန်းဟာ ထောင်တွင်း ကိုဗစ်ကူးစက်ခံရပြီးနောက် မန္တလေးဆေးရုံကြီးဆီ လွှဲပြောင်းကုသမှုခံယူနေချိန်မှာပဲ ကွန်လွယ်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေက ဘီဘီစီကိုအတည်ပြုပါတယ်။
ဒီနေ့ သြဂုတ်လ ၈ ရက်မနက်ပိုင်း ကွန်လွန်ချိန်မှာ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာမောင်မာင်ငြိမ်းထွန်းရဲ့ ရုပ်အလောင်းကို မန္တလေး အေးရိပ်ငြိမ်သုသာန်မှာ ဈာပနပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
''ဆရာမောင်မောင်ငြိမ်းထွန်းက အိုးဘိုအကျဉ်းထောင်ထဲမှာ ကိုဗစ်ကူးစက်ခံခဲ့ရတာ။ သင့်တင့်တဲ့ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အပြင် အချိန်လွန်မှ ဆေးရုံတက် ဆေးကုခွင့်ရတယ်လို့ပြောလို့ရတယ်။ သူ့ကို ခေါ်လာတော့ အောက်စီဂျင်လယ်ဗယ်က ၈၀ လောက်ပဲရှိတယ်။ အမှန်ဆို ၉၄ လောက်ကတည်းက ဆေးရုံတင်ရမှာ။ အခုတော့ ဆေးရုံတက်ခွင့်ရအပြီး တစ်ပတ်လောက်အကြာမှာ ဆုံးပါးတာပေါ့။ ဆေးရုံမှာ မိသားစု ပြုစုစောင့်ရှောက်ခွင့်ရပေမဲ့ လုံခြုံရေး တင်းကြပ်ထားတယ်။ လူနာကို ကုတင်နဲ့ လက်ထိပ်ခတ်ထားတယ် ပြောတယ်'' လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘီဘီစီက အကျဉ်းဦးစီးဌာနကို အတည်ပြုဖို့ကြိုးစားနေပါတယ်။
ဒေါက်တာမောင်မောင်ငြိမ်းထွန်းဟာ အထူးကုဆရာဝန်ဖြစ်တဲ့ ဇနီးသည်ဒေါက်တာဆွေဇင်ဦးနဲ့အတူ မန္တလေးမှာ ဇွန်လ ၁၃ ရက်တုန်းက အဖမ်းခံခဲ့ရတာဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ထောင်တွင်းတရား ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒေါက်တာမောင်မောင်ငြိမ်းထွန်းတို့ ဇနီးမောင်နှံဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က စာရင်းမှာ ကြေညာခံခဲ့ရသူတွေဖြစ်သလို CRPH/NUG မှာ ပါဝင်တာ၊ အစည်းအဝေးတွေတက်ရောက်တာ၊ ကူညီထောက်ပံ့တာတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲခံရပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ထောင်တွင်းတရားရင်ဆိုင်နေကြရသူတွေဖြစ်ပါတယ်။
ထောင်တွင်း ကျန်ရစ်တဲ့ဇနီးသည် ဒေါက်တာဆွေဇင်ဦးကတော့ ကျန်းမာရေး ကောင်းမွန်နေဆဲလို့ သိရပေမယ့် မိသားစုနဲ့တွေ့ဆုံခွင့်မရသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, social media
စစ်တွေမှာ ကိုဗစ်ကာကွယ်ဆေးထိုး လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေလည်းပါဝင်
ရခိုင်မှာ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို အသက် ၆၅ နှစ်အထက် အသက်ကြီးပိုင်းတွေကို ဇူလိုင်လ ၃၁ ရက် ကစတင်ပြီး ထိုးပေးနေတာဖြစ်ပါတယ်။ အခုဆေးထိုးပေးနေတာက အရပ်သားတွေကို ရပ်ကွက်အလိုက် ထိုးပေးနေတာဖြစ်ပြီး အခုရက်ပိုင်းအတွင်းမှာတော့ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေလည်းပါဝင်လာတာတွေ့ရပါတယ်။ အဲ့ဒီလူတွေဟာ လူမှုရေးအသင်းအဖွဲ့ကလူတွေနဲ့ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေမှာ လုပ်အားပေးနေကြသူတွေဖြစ်ကြတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြင့်လွင်
ဓာတ်ပုံ ပုံစာ, စစ်တွေမှာ ကိုဗစ်ကာကွယ်ဆေးထိုး 
ဓာတ်ပုံ ရင်းမြစ်, မြင့်လွင်
ဓာတ်ပုံ ပုံစာ, စစ်တွေမှာ ကိုဗစ်ကာကွယ်ဆေးထိုး ၈ လေးလုံး ၃၃ နှစ်ပြည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နိုင်ငံတကာမှာ လုပ်ဆောင်, NUG ကို အသိအမှတ်ပြုရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွေ ပေါ်ထွန်းလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, လန်ဒန်မှာ မြန်မာအရေးအတွက် လူတွေ ရာပေါင်းများစွာ စုဝေး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့ ၈ လေးလုံး အရေးတော်ပုံ ၃၃ နှစ်ပြည့် နှစ်ပတ်လည် အခါသမယ ဖြစ်ပါတယ်။
တကျော့ပြန် စစ်အာဏာ သိမ်းခံထားရတာ ၆ လတာ ရှိလာချိန် ဖြစ်သလို၊ အာဏာသိမ်း စစ်ခေါင်းဆောင်က ဝန်ကြီးချုပ်ရာထူးနဲ့ အိမ်စောင့် အစိုးရ ဆိုတဲ့ နာမည်အောက်မှာ အနည်းဆုံး နောက်ထပ် ၂ နှစ် ထိ အာဏာယူထားဦးမယ် ဆိုပြီး ပြောဆို ထားချိန်လည်း ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပမှာတော့ ပုံစံ အမျိုးစုံနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်နေကြပါတယ်။ နိုင်ငံတကာရောက် မြန်မာတွေဟာ ၈ လေးလုံး နှစ်ပတ်လည် အချိန် ဆန္ဒပြပွဲတွေ ကမ္ဘာတဝန်းမှာ အင်နဲ့ အားနဲ့ လုပ်ဆောင်နေကြပါတယ်။
ဗြိတိန်ရောက်မြန်မာတွေ၊ မြန်မာ့ဒီမိုကရေစီရေး အားပေးသူတွေလည်း ၈ လေးလုံး အကြိုနေ့ ၊ လန်ဒန်မြို့ မှာ အင်အားရာပေါင်းများစွာ စုဝေးခဲ့ကြပြီး အာဏာသိမ်း စစ်တပ်အပေါ် သစ္စာခံသူတွေ ထိန်းချုပ်ထားတဲ့ မြန်မာ သံရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။
သူတို့ဟာ ကြားကာလ အစိုးရ အဖြစ် ကြေညာထားတဲ့ NUG ကို ထောက်ခံကြောင်း ဖော်ပြနေတဲ့ ပိုစတာတွေ ကိုင်ဆောင်ထားကြပါတယ်။ တခါ၊ မြန်မာပြည်ထဲ ကိုဗစ် တတိယလှိုင်းဒဏ် ဆိုးရွားစွာ ခံနေရပြီး စစ်အာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုအောက် ပြည်သူတွေ အောက်ဆီဂျင် ပြတ်လပ်နေတဲ့အတွက် အသက်မရှူနိုင်ဖြစ်နေရပြီ ဆိုတဲ့ ရုပ်ပုံတွေ၊ စာသားတွေ ကိုလည်း လန်ဒန်မြို့ ဆန္ဒပြပွဲမှာ တွေ့မြင်ခဲ့ရပါတယ်။
“Save Myanmar” မြန်မာပြည်ကို ကယ်တင်ပါ ဆိုတဲ့ စာသားတွေကိုလည်း တချို့ ကိုင်ဆောင်ထားကြပါတယ်။ NUG ကို အသိအမှတ်ပြုရေး ကမ္ဘာလုံး ဆိုင်ရာ ဆော်ဩ လှုပ်ရှားမှုတွေကို နိုင်ငံတကာမှာလည်း ပြုလုပ်နေကြပါတယ်။
ဩဂုတ်လ ၈ ရက်၊ ဒီနေ့ဆိုရင် လန်ဒန်မြို့ ပါလီမန် ရင်ပြင်ရှိရာမှာ၊ မြန်မာအရေး လှုပ်ရှားသူတွေ ထပ်မံစုဝေး ကြဖို့ စီစဥ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, NUG ကို အသိအမှတ်ပြုရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွေ ပေါ်ထွန်းလာ 
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ပါလီမန်ရင်ပြင်မှာလည်း ထပ်ပြီး စုဝေးကြဦးမယ် ဒိန်းမတ်မှာပြုလုပ်တဲ့ ၈၈၈၈ နှစ်ပတ်လည်ချီတက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Burmese community in Denmark
ဒီနေ့ သြဂုတ်လ ၈ ရက်မှာ ကျရောက်တဲ့ ၈၈၈၈ လူထုအုံကြွမှု ၃၃ နှစ်ပြည့်အခမ်းအနားကို ဒိန်းမတ်နိုင်ငံရောက်မြန်မာတွေက သြဂုတ်လ ၇ ရက်မှာ ကြိုတင်ကျင်းပခဲ့ကြပါတယ်။
ဒိန်းမတ်ရောက်မြန်မာရာကျော်ပါဝင်တဲ့ဒီပွဲကို ဒိန်းမတ်နိုင်ငံသားတွေလည်းပါဝင်ခဲ့သလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကို ထောက်ခံတဲ့ကြွေးကြော်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။
ဒီပွဲဟာ ကမ္ဘာ့တခြားနိုင်ငံရောက်မြန်မာတွေနဲ့အတူ ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုရဲ့တစ်စိတ်တစ်ဒေသလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Burmese community in Denmark
တချိန်တည်းမှာပဲ မြန်မာပြည်တွင်းက ဒိန်းမတ်သံရုံးကလည်း ၈၈၈၈ လူထုအုံကြွမှု ၃၃ နှစ်ပြည့်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကိုဂုဏ်ပြုလာပါတယ်။
နှစ်ပေါင်း ၃၃ နှစ်ကြာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ သူတို့ရဲ့ဒီမိုကရေစီအခွင့်အရေးနဲ့ လွပ်လပ်ခွင့်တွေကို လေးစားဖို့ တဖန်ပြန်ပြီး တောင်းဆိုနေကြရတာကို အဓိကပြောထားပြီး ပြည်သူတွေရဲ့တောင်းဆိုသံကို ကြားကြပြီး ပြည်သူတွေနဲ့ထိုက်တန်တဲ့ ဒီမိုကရေစီစနစ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်အသက်သွင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်း၊သာယာရေးနဲ့ဒီမိုကရေစီအရေး ဆက်ကြိုးပမ်းနေကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့အတူ ဒိန်းမတ်သရုံးက အမြဲရပ်တည်နေတယ်လို့လည်း သံရုံးက ထုတ်ပြန်ထားပါတယ်။
စစ်တွေက မွတ်ဆလင်ရွှေ့ပြောင်းစခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ရှိ
ဟံသာဝတီအဝိုင်းနား ပစ်ခတ်မှု အရပ်သားတစ်ဦး ဒဏ်ရာရတယ်လို့ ကနဦး သိရ, ထိခိုက် ဒဏ်ရာရသူ အရပ်သား တယောက်ရှိပြီး စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ပရဟိတအသင်းကပြော
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားအ၀င် ဂိတ်နားမှာ ဒီကနေ့ ည ၈ နာရီကျော်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ အရပ်သား တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒဏ်ရာရသူကို ဆေးရုံပို့ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။
ထိခိုက် ဒဏ်ရာ ရသွားသူကို ခုတင် ၅၀၀ စစ်ဆေးရုံကို ပို့ပေးခဲ့ရပြီး မစိုးရိမ်ရကြောင်းနဲ့ ထိခိုက်သူတွေထဲ စစ်ဘက်၊ ရဲဘက်က မပါဘူးလို့ အကူအညီပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့က တာ၀န်ရှိသူက ပြောပါတယ်။
အခင်းဖြစ်တဲ့ နေရာကနေ လူနာတွေ ကယ်ထုတ်ပေးခဲ့ရတဲ့ အဲဒီ လူမှုကူညီရေး အသင်းထံ ကားတွေကို ဖုန်းဆက်ခေါ် အကူအညီတောင်းလို့ လေး၊ငါး စီး သွားရာမှာ လေး စီးကို ပြန်လွှတ်လိုက်တယ်လို့လည်း ဆိုပါတယ်။
အဲဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ည ၈ နာရီကျော် မှာ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့လည်း အနားမှာ ရှိနေတဲ့ လူမှုကူညီရေး လုပ်ကိုင်နေသူ တယောက်ကလည်း ပြောပါတယ်။
ပစ်ခတ်သံတွေက တဖက်နဲ့ တဖက် အပြန်အလှန် ပစ်ခတ်သံမျိုး ဖြစ်ပြီး ၁၀ မိနစ်လောက် ကြာတယ်လို့ သူက ဆိုပါတယ်။
အခင်းဖြစ်ရာ နေရာနားက ဆိုင်တခုမှာ ထမင်းစားနေတဲ့ သူတို့ အဖွဲ့သားတွေကို ဆိုင်ရှင်က ဝပ်နေခိုင်းလိုက်ပြီး ဆိုင်ကိုလည်း မီးမှောင် ချလိုက်တယ်လို့ သူက ပြောပါတယ်။
၈ နာရီ ၄၀ မိနစ်လောက်မှာ ပစ်ခတ်သံ စဲသွားပြီးနောက် လူနာတင်ယာဥ် လေး၊ငါး စီးလောက် ဖြတ်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ကျွန်းတောလမ်းဘက်ကို ပိတ်ချလိုက်ပြီး ပြည်လမ်းမကြီးကိုတော့ ဖွင့်ပေးထားလို့ သူက ပြောပြပါတယ်။
အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားချိန်မှာ အနားတဝိုက်က လူတွေကတော့ ကြောက်လန့်တကြား ဖြစ်နေဟန် မတွေ့ရဘဲ အေးဆေးစွာနဲ့ ဒီလို ပစ်ခတ်သံတွေ မကြားရတာ ရက်အတန်ကြာပြီလို့ အပြန်အလှန် ပြောနေတာမျိုး တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။
အဲဒီပစ်ခတ်မှု ဖြစ်ပွားရာ အနီးမှာ နေထိုင်သူ အခြားတစ်ဦးကတော့ သေနတ်သံက ပစ်ခတ်ပြီး ထွက်ပြေးသွားတာမျိုးထက် ပိုကြာမြင့်တဲ့ အသံတွေကို ကြားခဲ့ရပြီး ပစ်ခတ်သံကို အတော်နီးနီးကပ်ကပ် ကြားရတာကြောင့် အိမ်တံခါးတွေပိတ်၊ မီးတွေ ပိတ်ပြီး စိုးရိမ်နေခဲ့ရတယ်လို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဓာတ်ပုံ ပုံစာ, အပြန်အလှန် ပစ်ခတ်မှုကြောင့် အရပ်သား တယောက် ထိခိုက် ဒဏ်ရာရမှုရှိ နိုင်ငံရေးပါတီတွေ ပူးတွဲကြေညာချက်မှာ ဝအမျိုးသားပါတီပါဝင်မှု ဥက္ကဋ္ဌရဲ့သဘောထားသာဖြစ်တယ်လို့ပြော
စစ်ကောင်စီက ရွေးကောက်ပွဲပြန်လုပ်ဆောင်ပေးမယ့် အကြောင်းနဲ့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်မယ်ဆိုတဲ့ ကတိကို ကြိုဆိုကြောင်း ကြံ့ခိုင်ရေး ပါတီ အပါအဝင် ပါတီ ၂၈ ပါတီက ခေါင်းဆောင်တွေ လက်မှတ်ထိုးထားတဲ့ သြဂုတ် ၄ ရက် ကြေငြာချက်ထဲမှာ ဝ အမျိုသားပါတီ ဥက္ကဋ္ဌလည်း လက်မှတ်ထိုးထားပါတယ်။
ဒါပေမဲ့ ဒီထုတ်ပြန်ချက်မှာ ဝ အမျိုးသားပါတီ လက်မှတ်ရေးထိုးထားတာဟာ ဥက္ကဋ္ဌရဲ့ သဘောထားသာဖြစ်ပြီး ပါတီရဲ့သဘောထားနဲ့ မသက်ဆိုင်ဘူးလို့ ပါတီက ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
ကြံ့ခိုင်ရေးပါတီက ပါတီတွေရဲ့ ပူးတွဲကြေငြာချက်ထုတ်ပြီး နှစ်ရက် အကြာမှာ ဝ အမျိုးသားပါတီဥက္ကဋ္ဌ လက်မှတ်ရေးထိုးထားတာဟာ ပါတီနဲ သက်ဆိုင်ခြင်းမရှိကြောင်းနဲ့ ပြင်းထန်စွာရှုတ်ချကြောင်း ဝ အမျိုးသားပါတီရဲ့ ဗဟိုကော်မတီဝင်များဆိုပြီး ကြေငြာချက် ထွက်လာပါတယ်။
ဗဟိုကော်မတီဝင်တွေနဲ့မတိုင်ပင်ဘဲ တစ်ဦးတယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်တဲ့အပေါ် ဝအမျိုးသားပါတီ WNP ကို အထင်လွဲတာခံရတယ်လို့ ဝကျောင်းသားလူငယ်အဖွဲ့က ခေါင်းဆောင်တစ်ဦးက ဖြစ်တဲ့ ကိုမိုးစက်က ပြောပါတယ်။
ပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်ကတော့ ပါတီရဲ့မူဝါဒတွေထဲမှာပါတဲ့ ဖွံဖြိုးရေးတွေ လုပ်ဆောင်မယ်ဆိုတဲ့ အချက် ပါဝင်တဲ့အတွက် ပါတီဗဟိုကော်မတီဝင်အချို့ နဲ့ မဆွေးနွေးတော့ဘဲ လက်မှတ်ရေးထိုးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဝ အမျိုးသားပါတီမှာ ဗဟိုကော်မတီဝင် ၂၆ ဦး ရှိပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာတော့ ၂၁ ဦး ဝင်ပြိုင်ခဲ့ပြီး ၃ ဦး အနိုင်ရရှိခဲ့တာပါ။
ကြံ့ခိုင်ရေးပါတီက ဦးဆောင်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ လက်မှတ်ရေးထိုးတာနဲ့ ပတ်သက်လို့ ပါတီဗဟိုကော်မတီဝင်တွေကြား လက်မခံတဲ့သူရှိသလို့ ဝလူမျိုးနိုင်ငံရေးတက်ကြွလှုပ်ရားတဲ့ လူငယ်တွေကြားမှာလည်း ကန့်ကွက်ကြောင်း ပြောဆိုရေးသားတာတွေလုပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WNP
အင်ဒိုနီးရှားကထွက်လာတဲ့ သင်္ဘောပေါ်က မြန်မာ၀န်ထမ်း၂ ဦး ကိုဗစ်နဲ့ သေဆုံး
အင်ဒိုနီးရှားနိုင်ငံ Pelington ဆိပ်ကမ်းကနေ ဇူလိုင် ၃၁ ကထွက်ခွာလာတဲ့ စားအုန်းဆီတင် သင်္ဘော MLT Theresa Libera ပေါ်က မြန်မာ သင်္ဘောသား ၃ ယောက် ကိုဗစ်ကူးစက်ခံရပြီး ၂ ယောက် သေဆုံးကာ တယောက်ကို ကုသနေရဆဲ ဖြစ်ပါတယ်။
သင်္ဘောစထွက်စဥ်မှာပဲ တတိယအင်ဂျင်နီယာ ၊ ဒုတိယ အင်ဂျင်နီယာ နဲ့ ဒုတိယ ကုန်းပတ် အရာရှိတို့ဟာ အသက်ရှူမ၀ ဖြစ်လာကြပြီး အောက်ဆီဂျင် ကျလာရာ သြဂုတ်လ ၁ရက်နေ့မှာလည်း ဆက်လက် အခြေအနေ ဆိုးလာတာကြောင့် လမ်းကြောင်းပေါ်က မလေးရှား ဆိပ်ကမ်း Port Klang ရှိ OPL (Out of Port Limit) မှာ အရေးပေါ် ကျောက်ချပြီး လူနာတွေကို ဆေးရုံတင်ပို့ ကုသနိုင်ရေး ကြိုးပမ်း ခဲ့ရာ မအောင်မမြင် ဖြစ်ခဲ့တယ်လို့ သင်္ဘောသား အေးဂျင့်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီလို အသက်ဘေး ရင်ဆိုင်နေရတဲ့ အခြေအနေမှာ ဆိပ်ကမ်း အာဏာပိုင်နဲ့ ဆေးရုံတို့ကို အကူအညီ တောင်းခံခဲ့ရာ လက်မခံဘဲ ၊ အောက်ဆီဂျင် ဆလင်ဒါအိုး ၄လုံးနဲ့ အိမ်သုံးအောက်ဆီဂျင်ထုတ်စက် ၂လုံး တင်ပေးလိုက်ပြီး ရန်ကုန်ကိုသာ ဆက်မောင်းဖို့ သက်ဆိုင်ရာက အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။
နာမကျန်းဖြစ်နေသူတွေကို အောက်ဆီဂျင်ပေးပြီး ရန်ကုန်ကို ဆက်လက် ထွက်ခွာခဲ့ရမှာ သြဂုတ်လ ၂ရက်နေ့ နေ့လယ်မှာ တတိယအင်ဂျင် အရာရှိဟာ အခြေအနေ ဆိုးရွားလာပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
အလားတူ ဒုတိယအင်ဂျင် အရာရှိ ဟာလည်း သြဂုတ်လ ၄ရက်နေ့ မနက်မှာ ရုတ်တရက် အခြေအနေ ဆိုးလာပြီး သူ့ကို အသက်ကယ်နည်းတွေနဲ့ ပြုစုခဲ့ပေမယ့် မအောင်မြင်ဘဲ အဲဒီနေ့ မွန်းလွဲချိန်မှာ သူဟာ ကွယ်လွန် သွားခဲ့တယ်လို့ ရေယာဥ်မှူးက သတင်းပို့ခဲ့ကြောင်း သူတို့ အလုပ်လုပ်တဲ့ သင်္ဘောအေးဂျင့်ကနေ ရေကြောင်း ဦးစီးဌာန အာဏာပိုင်တွေထံ တင်ပြတဲ့စာမှာ ရေးသားထားပါတယ်။
အခုအခါ အဆိုပါ သင်္ဘောပေါ်က ကျန်တဲ့ သင်္ဘော၀န်ထမ်းတွေကို စစ်ဆေးကြည့်ရာမှာ အားလုံး ကိုဗစ် ပိုးကူးစက် ခံထားရကြောင်း တွေ့ရှိရပြီး ကွာရင်တင်း စင်တာမှာ လိုအပ်တဲ့ ပြုစု ကုသမှု ပေးထားတယ်လို့ သိရပါတယ်။
သင်္ဘောသားတွေ အနေနဲ့ အလုပ်ခွင် မ၀င်မီ သူတို့ရဲ့ ခရီးစဥ် အစ နဲ့ ရောက်ရာ ဆိပ်ကမ်းတွေမှာ ကိုဗစ် စစ်ဆေးမှုတွေ အထပ်ထပ် လုပ်ရပေမဲ့ အလုပ်သဘောအရ ဆိုက်ကပ်ရာ ဆိပ်ကမ်းတိုင်းမှာ ကမ်းပေါ်က ၀န်ထမ်းတချို့ သင်္ဘောပေါ်လာရလေ့ ရှိလို့ သူတို့ကတဆင့် ကူးစက်မှု ပါလာတာ ဖြစ်နိုင်တယ်လို့ အဲဒီ ကုမ္ပဏီမှာ အရင်က လုပ်ကိုင်ခဲ့ဖူးတဲ့ သင်္ဘောအရာရှိတယောက်က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် သင်္ဘောသားတွေ အနေနဲ့ သာမန် နာမကျန်းတာပဲ ဖြစ်ဖြစ် ၊ ကိုဗစ် ကူးစက်ခံရတာဘဲ ဖြစ်ဖြစ် ၊ အခုအခါ ဘယ်ဆိပ်ကမ်းကမှ သူတို့ကို ကမ်းပေါ် တက်ခွင့် မပေးတဲ့ အတွက် အခုလို ကြုံရတာလို့ သူက ပြောပါတယ်။
ဒါကြောင့် သင်္ဘောသားတွေ အနေနဲ့ လုပ်ငန်းခွင် ၀င်ဖို့ စာချုပ် စချုပ်ပြီ ဆိုတာနဲ့ ကျန်းမာရေးကို အထူး ဂရုစိုက်ဖို့ လိုတဲ့ အကြောင်း သူက ထောက်ပြထားပါတယ်။
အခု ကိုဗစ် တတိယလှိုင်းအတွင်း လုပ်ငန်းခွင်မှာ ဒီလို အခြေအနေတွေနဲ့ ကြုံပြီး အသက်ဆုံးရှုံးရတဲ့ သင်္ဘောသား ၇ယောက် ၀န်းကျင် ရှိလာပြီလို့လည်း သူက ပြောကြား ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကိုဗစ် တတိယလှိုင်းအတွင်း ရေထဲမှာ တာ၀န်ထမ်းဆောင်ရင်း သေဆုံးသူ ၇ယောက် ၀န်းကျင် ရှိလာ အလုပ်နဲ့ ကျောင်းတွေ တစ်ပတ် ထပ်ပိတ်
ကိုဗစ် ထိန်းချုပ်ဖို့ အတွက် အများပြည်သူ ပိတ်ရက်နဲ့ ကျောင်းတွေကို နောက်ထပ် တစ်ပတ်ထပ်ပိတ်လိုက်တယ်လို့ စစ်ကောင်စီ ရုပ်သံမီဒီယာက ကြေညာပါတယ်။
ကိုဗစ်ကွင်းဆက်ဖြတ် ထိန်းချုပ်ဖို့အတွက် ဘဏ်တွေမှအပ အလုပ်တွေနဲ့ အခြေခံပညာကျောင်းတွေကို သြဂုတ်လ ၉ ရက်ကနေ ၁၅ ရက်အထိ ထပ်ပြီး ပိတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုဗစ်တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှာ ပြန်ဖွင်ခဲ့တဲ့ ကျောင်းတွေကို ဇူလိုင်လ ဒုတိယပတ်ထဲမှာ စပြီး ယာယီ ပြန်ပိတ်ခဲ့ရာက အခုလို အကြိမ်ထပ်တိုး ပိတ်နေတာ ဖြစ်ပြီး အများပြည်သူ တစ်ဆက်တစ်စပ်တည်း ပိတ်ရက်တွေကိုလည်း ဇူလိုင်လကတည်းစပြီး ထပ်တိုးပိတ်နေခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းစတင်ချိန်က ကူးစက် သေဆုံးမှု မြင့်ခဲ့တဲ့ ကလေးမြို့မှာ ကူးစက်သေဆုံးသူ သိသိသာသာကျလာတယ်လို့ ဒေသတွင်း အချက်အလက်တွေအရ သိရပေမဲ့ တစ်နိုင်ငံလုံအတိုင်းအတာနဲ့ နေ့စဥ်ကူးစက်သူတွေက ထောင်ချီ ဆက်ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
