လာမယ့် သီတင်းပတ်မှာ
ကျင်းပမယ့် အာဆီယံ-တရုတ်ဆက်ဆံရေး နှစ် ၃၀ ပြည့် အခမ်းအနား
မတိုင်ခင် တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်းနဲ့
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီကနေ့ နေပြည်တော်မှာ
တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ စစ်အာဏာသိမ်းပြီးနောက်
စစ်ကောင်စီနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ သံတမန်တို့ ပထမဆုံးတွေ့ဆုံတာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့
တရုတ်နိုင်ငံဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ဒီကနေ့ တွေ့ဆုံမှုမှာ
အဲဒီနှစ် ၃၀ ပြည့်အခမ်းအနားဆိုင်ရာတွေ၊ တရုတ်-မြန်မာချစ်ကြည်ရေးနဲ့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်အေးချမ်းရေးတွေ ဆွေးနွေးခဲ့တယ်လို့
ဆိုပါတယ်။
ဒီတွေ့ဆုံမှုမှာ နိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံ နိုင်ငံခြားရေး
ဝန်ကြီးတွေဟာ လာမယ့်သီတင်းပတ်ထဲမှာ တရုတ်မှာပြုလုပ်မယ့် တရုတ်-အာဆီယံနှစ်ပတ်လည် တွေ့ဆုံပွဲ မှာတွေ့ဖို့ ရှိနေတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာ ဧပြီလထဲက ထွက်ပေါ်ခဲ့တဲ့ မြန်မာ့အရေး
အာဆီယံ ဘုံသဘောတူညီချက်အရ မြန်မာကို စေလွှတ်မယ့် သံတမန် ရွေးချယ်ရေး သဘောကွဲလွဲမှုကို
မဖြေရှင်းနိုင်ရင် ဒီတွေ့ဆုံပွဲမှာ သီးခြားအစည်းအဝေးပြုလုပ်ပြီး အဆုံးသတ် ဆုံးဖြတ်ဖွယ်ရှိတယ်လို့လည်း
အမည်မဖော်လိုတဲ့ သံတမန်ရင်းမြစ်တွေက ထုတ်ဖော်ပြောထားပါတယ်။
မနေ့ကလည်း စစ်ကောင်စီ
ခေါင်းဆောင်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အာဆီယံ သံတမန်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။
ဒီလိုတွေ့ဆုံမှုမတိုင်ခင်ကလည်း
မတ်လ တပ်မတော်နေ့အခမ်းအနားကို တခြား နိုင်ငံ ၇ နိုင်ငံက စစ်သံတွေနဲ့ အတူ တရုတ် စစ်သံတွေ
တက်ရောက်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနဲ့
ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂ အနောက်နိုင်ငံတွေက အရေးယူ ပိတ်ဆို့မှုတွေ
လုပ်နေပေမဲ့ တရုတ်နိုင်ငံကတော့ နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးကို
အထောက်အကူပြုသင့်ပြီး ပဋိပက္ခပြင်းထန်လာစေမှုကို ရှောင်ရှားသင့်တယ်လို့ ထုတ်ပြောထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့
ငြိမ်းချမ်းရေးနဲ့ စီးပွားရေး ကဏ္ဍတွေအပါအဝင် မြန်မာအရေးတွေမှာ သြဇာလွှမ်းမိုးမှုရှိတယ်လို့
ဆိုကြတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ တရုတ်ဘက်က ကြိုတင်သိထားခဲ့ခြင်းမရှိသလို
တရုတ်ဟာ တပ်မတော်နဲ့ရော NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ပါ
ချစ်ကြည်တဲ့ ဆက်ဆံရေးရှိတယ်၊ အခု ဖြစ်ပေါ်နေတဲ့ အခြေအနေကလည်း တရုတ်က မြင်လိုတဲ့ အခြေအနေတွေ
မဟုတ်ဘူးဆိုပြီး တရုတ်သံမတ်ကြီးက ဖေဖော်ဝါရီလထဲမှာ ပြည်တွင်း မီဒီယာတွေကို ဖြေကြားထားပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင်သူတွေကတော့
မြန်မာနိုင်ငံထဲက တရုတ်သံရုံးမှာသာမက တခြားနိုင်ငံတချို့က တရုတ်သံရုံးတွေ ရှေ့မှာပါ
သွားရောက်ပြီး တရုတ်ရဲ့ မြန်မာနဲ့ ဆက်ဆံ ဆောင်ရွက်မှုတွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chinese Embassy in Myanmar
ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ပြုလုပ်တဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ ကိုဗစ်ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေး အွန်လိုင်း ဆွေးနွေးပွဲတက်ရောက်တဲ့ တရုတ်သံအမတ်ကြီး