စစ်ဘေးရှောင်တွေ အများအပြား သေဆုံးရမယ့် အခြေအနေကြောင့် နိုင်ငံတကာက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်းလိုက်
ကယားပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တွေ့ရာမရှောင် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုတွေအတွင်း ဒေသခံ သိန်းနဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အစားအစာ ငတ်မွတ်မှုဒဏ်၊ ရောဂါဘေးဒဏ်၊ တိုက်ပွဲဒဏ်တွေကြောင့် လူအစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးရမယ့်အန္တရာယ်မျိုး ရောက်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်က သတိပေးလိုက်ပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စတာ အန်ဒရူးစ်က အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ကယားပြည်နယ်မှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေ သိန်းနဲ့ချီ အသက်ဘေး ကြုံနေရတယ်လို့ သတိပေးထားပြီး နိုင်ငံတကာအနေနဲ့ အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
"အရှင်းဆုံး ပြောရရင် ဒီလို အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်တာမျိုး မလုပ်ဘူးဆိုရင်တော့ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မကြုံစဖူး ကြီးမားတဲ့ အတိုင်းအတာ ပမာဏမျိုးနဲ့ အစားအစာငတ်မွတ်မှု၊ ရောဂါဘေး၊ တိုက်ပွဲဒဏ်တွေကြောင့် လူအများအပြား သေဆုံးရမယ့် အခြေအနေမျိုး ရှိနေတယ်" လို့ ဆိုပါတယ်။
ကယားပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတစ်သိန်းလောက် နေအိမ် စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံးက ထုတ်ပြန်ခဲ့အပြီး တစ်ရက်အကြာမှာ မစ္စတာ အင်ဒရူးစ်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ အခုလို သတိပေးလိုက်တာပါ။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ အမြောက်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် တောတွေ တောင်တွေထဲ ထွက်ပြေးခဲ့ကြရတဲ့ ဒေသခံတွေဟာ အစားအစာ၊ သောက်သုံးရေ၊ နားခိုစရာ၊ ကျန်းမာရေး စောင့်ရှောက်ကုသမှုတွေ အကြီးအကျယ် လိုအပ်နေကြတယ်လို့ ကုလသမဂ္ဂရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီပဋိပက္ခကြီးကြောင့် နယ်စပ်တွေဆီ စစ်ဘေးရှောင် ပြည်သူတွေ ထွက်ပြေး ခိုလှုံကြရတဲ့ အခြေအနေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပြီး အရပ်သားတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံး လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ကြိုတင်ကာကွယ်မှုတွေ လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက စစ်တပ်အတားအဆီးတွေ ချထားတာမျိုး၊ အများသွားလာတဲ့ လမ်းတွေမှာ မြေမြုပ်ဗုံးတွေ ချထားတာမျိုးတွေ လုပ်ပြီး "စစ်ဘေးရှောင် ဒေသခံတွေဆီ ကယ်ဆယ်ရေး အထောက်အပံ့တွေ မရောက်နိုင်အောင်" တားဆီးနေတယ် ဆိုတဲ့ သတင်းတွေ သူရထားတယ်လို့ မစ္စတာ အန်ဒရူးစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ကရင်ပြည်နယ် မူတြော်ခရိုင်၊ ချင်းပြည်နယ် မင်းတပ်နဲ့ ပဲခူးမြို့အပါအဝင် နေရာအတော်များများမှာလည်း ဒေသခံတွေ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လူသားချင်းစာနာတဲ့ ထောက်ပံ့ကယ်ဆယ်ရေးတွေ လိုအပ်နေတာပါ။ “
"အခုအချိန်ဟာ မြန်မာပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေမှုတွေ ဆက်ကျူးလွန်နိုင်ဖို့ စစ်တပ်အားထားနေတဲ့ အရင်းအမြစ်တွေကို နိုင်ငံတကာအနေနဲ့ ဖြတ်တောက်ပစ်ဖို့ အချိန်ရောက်နေပါပြီ"လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်က တိုက်တွန်းလိုက်ပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post






















