လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် စစ်ဆေးမှုများတင်းကျပ်

အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ လှိုင်သာယာ ပင်လုံဈေးအနီးမှာ မှာ ရှိနေတုန်းမှာ ဦးခေါင်းကိုတေ့ပစ်ခံခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကလည်း သူ့နေအိမ် ကို လက်လုပ်ဗုံးအပစ်ခံခဲ့ရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လားရှိုးမှာ တစ်ရက်တည်း သုံးနေရာ ပေါက်ကွဲမှု ဖြစ်

    လာရှိုးမြို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ရုံးရှေ့ အပါအဝင် သုံးနေရာမှာ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ တစ်ရက်တည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ လာရှိုးမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က လားရှိုးတက္ကသိုလ်ရှေ့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တော့ နေ့လယ်ပိုင်းမှာတော့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ဗုံးတွေခဲ့လို့ ဖောက်ခွဲခဲ့ပါတယ်။ုဒီ့နောက် ညနေ ၅ နာရီ ဝန်းကျင်မှာ လာရှိုး အထက ၆ အနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ လည်းသူကပြောပါတယ်။

    ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က ပါတီရုံးရှေ့မှာ ဗုံးတွေ့ခဲ့ပြီး လမ်းအသွားအလာတွေ ပိတ်လိုက်ပြီးတော့ စစ်ဆေးမှု ပြုလုပ်ခဲ့တာ ရှိတယ်လို့ အနီးပတ်ဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောပါတယ်။

    “ရုံးအတွင်းတော့ မဟုတ်ဘူး။ ရုံးရှေ့နားလေးမှာ ၁ နာရီလောက် သူတို့ဗုံးကိုစတွေ့ပြီး အသွားအလာတွေ ပိတ်ထားတယ်။ ၂ နာရီလောက်မှ ဖောက်ခွဲလိုက်တာ”လို့လည်းဒေသခံက ပြောပါတယ်။

    ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်တာတွေ မရှိကြောင်း၊နဲ့ အခုအခါမှာလမ်းတွေ ပုံမှန်ပြန်ပွင့်သွားပြီဖြစ်တယ်လို့လည်း လားရှိုးမြို့ခံက ဘီဘီစီကိုပြောပါတယ်။

    လားရှိုးမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံး

    ဓာတ်ပုံ ရင်းမြစ်, USDP လားရှိုး

    ဓာတ်ပုံ ပုံစာ, လားရှိုးမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံး
  2. စစ်ကောင်စီတပ်တွေနေရာယူထားတဲ့လွိုင်ကော်မှာ စက်သုံးဆီတွေစတင်ပြတ်တောက်

  3. ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်သတ်ခံရ

    ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်ခတ်ခံရပြီးသေဆုံးကြောင်း USDP ပါတီအတည်ပြု ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဆိပ်ကမ်းမြို့နယ်အမတ်ဟောင်း ဦးနေမျိုးအောင်ဟာ ဒီနေ့ ဇွန် ၁၀ ရက် ညနေပိုင်းမှာ ဗိုလ်တထောင်စေတီအနီးမှာ လဘက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

    "သူ ဒီညနေ လေးနာရီမှာ ဗိုလ်တထောင်ဘုရားနားက လဘက်ရည်ဆိုင်မှာထိုင်နေတုန်း ပစ်ခတ်ခံရပြီး သေဆုံးသွားတာပါ။ ပစ်ခတ်သူကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်" လို့အထက်ပါပုဂ္ဂိုလ်က ဘီဘီစီကိုပြောပါတယ်။

    ဦးနေမျိုးအောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် အငြင်းပွားမှုတွေရှိခဲ့တယ်လို့ NLD ပါတီက တိုင်ကြားခဲ့တဲ့နောက် ကော်မရှင်က အငြင်းပွားမှုကိုစစ်ဆေးခဲ့ပြီး NLD ကိုယ်စားလှယ်ကို အနိုင်ပေးခဲ့ပါတယ်။

    ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်သတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်သတ်ခံရ
  4. မန္တလေး‌စျေးချိုနဲ့လက်ကား‌စျေးကြီးက ဆိုင်တွေ အကုန်မဖွင့်နိုင်သေး

    မန္တလေးမြို့က ဈေးချိုတော်အပါဝင် လက်ကားဈေးကြီးတွေကို စစ်ကောင်စီက ပြန်လည်ဖွင့်ခိုင်းတာ ၉၀ ရာခိုင်နူန်း မဖွင့်ကြဘူးလို့ ‌ဆိုင်ရှင်တချို့ကပြောပါတယ်။

    " တချို့ကလည်း ဆိုင်ခန်းပိတ်ခံရမှာ စိုးလို့ ဖွင့်ကြတာ။ ကျွန်တော်တို့ဆို တစ်ရက်၊ နှစ်ရက်ပဲသွားတယ်။ ဒီရက်ပိုင်းမသွားဘူး။အလွန်ဆုံး ၁၀ရာခိုင်နူန်းလောက်ပဲရှိမယ်။ ပုံမှန်ဖောက်သည်တွေ လာမယ့်အချိန်ပဲ ဖွင့်ကြတယ်" လို့ အဆင့်မြင့်ဈေးချိုတော်က အထည်ဆိုင်ရှင် တစ်ဦးက ပြောပါတယ်။

    ဈေးချို‌တော်မှာ အလှကုန်ပစ္စည်း ရောင်းချတဲ့ ဈေးဆိုင်ရှင်က "မဖွင့်တဲ့ဆိုင်တွေ အများကြီးပဲ။ မြေညီထပ်ကလည်း ထက်ဝက်လောက်ပဲ ဖွင့်ကြတယ်။ ဒါကလည်း ကျွန်တော်တို့ ရုံ ပိုင်းလောက်ပါပဲ။ အပေါ်ထပ်တွေ မဖွင့်သလောက်ဘဲ။ ဈေးဝယ်လည်းရှားတယ်။ လက်လီလောက်ပဲလာတယ်"လို့ အရောင်းအဝယ် အခြေအနေကို ပြောပြပါတယ်။

    ဈေးချို၊ မန်းမြန်မာ ပလာဇာ၊ ရတနာပုံဈေး စတဲ့ မန္တလေးမြို့က လက်ကားဈေးကြီး ခုနှစ်ခုကို စစ်ကောင်စီခန့် စည်ပင်ကော်မတီက မေလ ၂၄ ရက်နေ့ကို နောက်ဆုံးထား ဈေးဆိုင်ဖွင့်ဖို့ ‌ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆိုင်ခန်းတချို့ ပြန်လည်ဖွင့်လှစ်တာတွေရှိပေမဲ့ လက်ရှိသုံးပတ်မြောက်အထိ ၁၀ရာခိုင်နူန်းကျော်သာ ဖွင့်လှစ်နိုင်တယ်လို့ ဈေးဆိုင်ရှင်တွေက ပြောပါတယ်။

    ပြန်လည် မဖွင့်လှစ်တဲ့ဆိုင်ခန်းတွေကို ‌စည်ပင်ကော်မတီကနေ ယာယီသိမ်းဆည်းထားတယ်လို့ စာကပ်ကြေညာပါတယ်။

    လက်ကားဈေးကြီးတွေဖွင့်ပြီး ရက်ပိုင်းလောက်မှာ ဈေးဆိုင်အခွန်တွေကို စစ်တပ်နဲ့ရဲ‌တွေက လုံခြုံရေးယူပြီး လိုက်ကောက်တယ်လို့ ဖွင့်လှစ်နေတဲ့ ဈေးဆိုင်ရှင်တွေက ပြောပြပါတယ်။

    ဈေးချိုတော်နဲ့ လက်ကားဈေးကြီး ခုနှစ်ခုကို ကိုဗစ် ဒုတိယလှိုင်းဖြစ်စဉ် မန်းမြန်မာ ပလာဇာမှာ ပိုးတွေ့ရှိလို့ ပိတ်ထားခဲ့ပါတယ်။ လက်ရှိ ဈေးကြီးတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါ ကိုဗစ်စည်းကမ်းနဲ့ ဈေးဝယ် ဈေးရောင်းဖို့ စည်းကမ်းချက် တင်းကြပ်ထားတာ မရှိသလို သတိပေးလှုံ့ဆော်တာလည်း မရှိဘူးလို့ ဈေးဆိုင်ရှင်တွေထံက သိရပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  5. လွိုင်ကော်မှာ မနေ့ညက တိုက်ပွဲဖြစ် အိမ်ပေါ်လက်နက်ကြီးကျပြီး တစ်ဦး သေဆုံး

    ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်ရပ်ကွက်အနီး ဇွန်လ ၉ ရက်နေ့ညက ဒေသခံတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် နမ့်‌ဘော်၀မ်ရပ်ကွက်နေလူတစ်ဦး သေဆုံးခဲ့တယ်လို့ လွိုင်ကော်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခြားတစ်ဦးလည်းဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးလည်း ပျက်စီးသွားတယ်လို့ သူကပြောပါတယ်။

    ဇွန်လ ၉ရက်နေ့ညက နာရီဝက်ခန့်အကြာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံ လက်နက်ကိုင်တပ်တွေမှာ လက်နက်ကြီးမရှိဘဲ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ လွိုင်ကော်ဒေသခံက ပြောပါတယ်။

    လက်နက်ကြီးကျည်ထိလို့ သေဆုံးသူဟာ အသက်၁၈ နှစ်ရွယ် အမျိုးသားတစ်ဦးဖြစ်ပြီးတော့ ဒဏ်ရာရသူကတော့ သူ့ရဲ့ အစ်ကိုဖြစ်ပါတယ်။ သူတို့ရဲ့နေအိမ် လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကဆီနေ သိရပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကို မေးမြန်းအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    ကယားပြည်နယ် ဒီးမော့ဆိုနဲ့ အခြားမြို့နယ်တွေဘက်မှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေမရှိပေမဲ့ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်မှုတွေ ရှိတယ်လို့လည်းဒေသခံ ကာကွယ်ရေးတပ်တွေဘက်က သိရပါတယ်။

    လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ လွိုင်ကော်  အိမ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ လွိုင်ကော် အိမ်
  6. CRPH, NUGနဲ့ PDF တို့မှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဝန်ခံလက်မှတ်ထိုးခိုင်းခြင်း လိုက်နာဆောင်ရွက်ဖို့မလိုကြောင်း NLD ပါတီက ထုတ်ပြန်

    စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင်ရပ်တည်ပိုင်ခွင့်မရှိသေးတဲ့ပုဂ္ဂိုလ်လို့ သတ်မှတ်ပြီး CRPH, NUG နဲ့ PDF တို့မှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဖိအားပေးခြိမ်းခြောက် အတင်းအဓမ္မ ခံဝန်ကတိလက်မှတ်ရေးထိုး ခိုင်းခြင်းတွေဟာ လုံးဝတရားမဝင်ပါကြောင်းနဲ့ လိုက်နာဆောင်ရွက်ရန်လုံးဝမလိုအပ်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ ဇွန် ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး လူထုက ပေးအပ်တဲ့တာဝန်တွေကိုမဆောင်ရွက်နိုင်အောင် ကြံစည်ဆောင်ရွက်လာတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တည်ဆဲဥပဒေပုဒ်မ ၁၀(ဆ)အရ လွှတ်တော်ကိုယ်စား လှယ်အဖြစ် အသိအမှတ်ပြုလွှာရရှိခဲ့ပြီးဖြစ်သလို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဝင်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ပိုင်ခွင့်ရှိသူတွေဖြစ်တယ်လို့ ပါရှိပါတယ်။

    တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အောင်မြင်စွာကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကိုဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကာ လွှတ်တော်ဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ပြည်တွင်းပြည်ပ ထောက်ခံမှုများနှင့်အတူ နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ပြီး နိုင်ငံတော်ကိုသစ္စာဖောက်ဖျက် ပုန်ကန်မှုကျူးလွန်ကာ ပြည်သူလူထုဆန္ဒကို အလေးမထားဘဲ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသော စစ်ကောင်စီကသာ တရားမဝင်သော အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ ပါတီထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒါကြောင့် စစ်ကောင်စီက ကိုယ်စားလှယ်များအပေါ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့်မရှိသေးသည့်ပုဂ္ဂိုလ် ဟုသတ်မှတ်ပြီး CRPH ၊ NUG ၊ PDF တို့တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဖိအားပေးခြိမ်းခြောက် အတင်းအဓမ္မ ခံဝန်ကတိလက်မှတ်ရေးထိုး ခိုင်းခြင်းများသည် လုံးဝတရားမဝင်ပါကြောင်း နှင့် လိုက်နာဆောင်ရွက်ရန်လုံးဝမလိုအပ်ကြောင်း ဖော်ပြထားပါတယ်။

    လက်ရှိမှာ စစ်ကောင်စီကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကိုမတရားအသင်း၊အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာထားသလို စစ်ကောင်စီကိုလည်း CRPH နဲ့NUG တို့က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာဖြစ်ပါတယ်။

    ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတစ်ခုကို တက်ရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတစ်ခုကို တက်ရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
  7. ဖမ်းဆီးခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူမအိမ့်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ တောင်းဆို

    ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မအိမ့်ကို ပြန်လွှတ်ပေးဖို့အတွက် နိုင်ငံတကာကရုပ်ရှင်သမားတွေကိုကာကွယ်ပေးတဲ့အဖွဲ့အစည်းတွေက ဇွန်လ ၉ရက်နေ့မှာ စုပေါင်းတောင်းဆိုလိုက်ပါတယ်။

    နိုင်ငံတကာကစွန့်စားနေတဲ့ရုပ်ရှင်သမားတွေ၊ အသက်အန္တရာယ်ကိုရင်ဆိုင်နေရတဲ့ ရုပ်ရှင်သမားတွေအတွက် အထောက်အကူပြုဖို့ဖွဲ့စည်းထားတဲ့ The International Coalition for Filmmakers at Risk ICFR ကိုစတင်တည်ထောင်ခဲ့တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်အဖွဲ့အစည်းတွေက မအိမ့်ကိုခြွင်းချက်မရှိလွှတ်ပေးဖို့၊ မအိမ့်ရဲ့ လုံခြုံရေးကိုအရင်အာမခံပြီးမှ ဘာကြောင့်ဖမ်းတယ်ဆိုတာ ထုတ်ပြန်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေထံထုတ်ပြန်တောင်းဆိုလိုက်တာပါ ။

    မအိမ့်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့မှာ နေအိမ်ကနေ ထွက်လာတုန်း ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးသွားတဲ့အကြောင်းရင်းနဲ့ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုလည်းမသိရသေးဘူးလို့ရုပ်ရှင်အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေကပြောပါတယ်။

    " ဘယ်နေရာမှာဖမ်းသွားတယ် ၊ ဘယ်ကိုဖမ်းသွားတယ်ဆိုတာရယ် မအိမ့်ရဲ့ကျန်းမာရေအခြေနေရယ်ကိုကျွန်တော်တို့ အခုထိမသိရသေးလို့ အရမ်းစိတ်ပူနေပါတယ်။ ဖမ်းသွားတယ်ဆိုတာကလည်း ကျွန်တော်တို့ သူပျောက်ပြီး မြိုနယ်ရဲစခန်းတွေကို လိုက်စုံစမ်းတာလည်းမသိခဲ့ရဘူး။ နောက်ဆုံး ဇွန်လ ၆ရက်နေ့ကမှ သန်လျင်မှာနေတဲ့ သူ့အဘိုးအဘွားအိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် လာအကြောင်းကြားမှ ဖမ်းထားတယ်။ စစ်ကြောရေးရောက်နေတယ်ဆိုတာကို သိရတာပါ " လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရုပ်ရှင်အသိုင်းဝိုင်းက မိတ်ဆွေတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မအိမ့်ဟာ ၂၀၂၀ ခုနစ် ကိုရီးယားနိုင်ငံ ၊ ဘူဆန်ရုပ်ရှင်ပွဲတော်မှာပြသခဲ့တဲ့ New Currents ပြိုင်ပွဲဝင်ဇာတ်ကားအဖြစ်ပြသခဲ့တဲ့ ခြေလေးချောင်းရုပ်ရှင်ဇာတ်ကားရဲ့ ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့အပြင် ပူးတွဲဇာတ်ညွှန်းရေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

    မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူမအိမ့်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ တောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူမအိမ့်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ တောင်းဆို
  8. ကလေးမြို့မှာ ကိုဗစ်ကြောင့် ၄ဦးထပ်မံသေဆုံး၊ မွန်ပြည်နယ်ချောင်းဆုံမှာလည်း တစ်ဦးသေဆုံး, ကလေးမြို့မှာ ကိုဗစ်ကြောင့် ၄ဦးထပ်မံသေဆုံး၊ မွန်ပြည်နယ်ချောင်းဆုံမှာလည်း တစ်ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ကိုဗစ်ကြောင့် ၄ ဦး ထပ်မံသေဆုံးပြီး မွန်ပြည်နယ်ချောင်းဆုံ မှာ လည်း တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသအသီးသီးကနေသိရပါတယ်။

    ‘ ‘ ဆုံးတဲ့ ၄ဦးစလုံးကတော့ စင်တာမှာပဲ ဆုံးတာပါ။ ညပိုင်းက ဆုံးတာ ၃ဦး။ ဒီမနက်ထပ်ဆုံးတာက တစ်ဦးပါ။ အမျိုးသမီး ၃ယောက်နဲ့ အမျိုးသား ၁ယောက်ပါ။ အခုဖွင့်ထားတဲ့ စင်တာမှာလည်း လူနာတွေက ပြည့်နေတဲ့အနေအထားပါ။ ရပ်ကွက်တွေထဲမှာပဲ ဖျားတဲ့နာတဲ့သူတွေရှိတယ်။ အောက်ဆီဂျင်လိုလို့ သွားပို့ ပေးရတာတွေလည်းရှိတယ်’’လို့ ကိုဗစ်စင်တာမှာ အောက်ဆီဂျင်ရရှိရေး ကူညီဆောင်ရွက်ပေးနေသူ ဦးချစ်ဇော်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့က ဇွန် ၉ ရက်နေ့ကြေညာချက်အရ ကိုဗစ်ကြောင့် သေဆုံးသူ ၅ဦးရှိခဲ့တဲ့အနက် စစ်ကိုင်းတိုင်း အတွင်းက ၃ဦး ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကလေးမြို့ကို ကိုဗစ်ကြောင့် stay at home အဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    ဒီကနေ့ ဇွန် ၁၀ ရက် နေ့ မနက်ပိုင်းမှာက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

    ကလေးမှာ ကိုဗစ်ကြောင့် လေးဦးထပ်မံသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, Kalay city' Page

    ဓာတ်ပုံ ပုံစာ, ကလေးမှာ ကိုဗစ်ကြောင့် လေးဦးထပ်မံသေဆုံး
  9. မိုးထဲလေထဲက မြိုင်သပိတ်စစ်ကြောင်း

    းမြိုင်မြို့နယ်၊ တောင်ပိုင်းဇုန်က ပြည်သူတွေဟာ ဒီနေ့ ဇွန် ၁၀ ရက်မနက်ပိုင်းမှာ မိုးထဲလေထဲမှာပဲ စစ်အာဏာရှင်ပြုတ်ကျရေးအတွက်ဆိုင်ကယ်သပိတ် ပြုလုပ်ပြီး ကျေးရွာတွေအတွင်း လှည့်လည်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

    မိုးထဲလေထဲက မြိုင်သပိတ်စစ်ကြောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မိုးထဲလေထဲက မြိုင်သပိတ်စစ်ကြောင်း
    မိုးထဲလေထဲက မြိုင်သပိတ်စစ်ကြောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မိုးထဲလေထဲက မြိုင်သပိတ်စစ်ကြောင်း
    မိုးထဲလေထဲက မြိုင်သပိတ်စစ်ကြောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မိုးထဲလေထဲက မြိုင်သပိတ်စစ်ကြောင်း
  10. တပ်လေယာဉ်ပျက်ကျမှု စစ်ကောင်စီထုတ်ပြန်, လေယာဉ်ပေါ်ပါ ၁၄ ဦးအနက် ၂ ဦးကို ကယ်ဆယ်နိုင်တယ်လို့ ဆို

    ရာသီဥတုဆိုးရွားမှုကြောင့် ဈေးကုန်းဆရာတော်ဘုရားကြီးနဲ့ အလှူရှင်တွေလိုက်ပါတလာတဲ့ တပ်မတော်လေယာဉ်ဟာ အနီးစခန်းလေဆိပ်ကိုဆင်းသက်ချိန်မှာ ပျက်ကျတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    ပြင်ဦးလွင်မြို့၊ သုံးတောင်ကျေးရွာအုပ်စု၊ ကျောက်ဖျားဒိုးကျေးရွာမှာ ဆောက်လုပ်မယ့် မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက်ကြီး ပနက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ဖို့အတွက် ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရအပါအဝင် သံဃာနဲ့ အလှူရှင် ၈ ဦးနဲ့အတူ လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါလာတဲ့ တပ်မတော်လေယာဉ်ဟာ ဒီနေ့ ဇွန် ၁၀ ရက်မနက် ၇ ခန့်မှာ နေပြည်တော်လေဆိပ်ကနေ အနီးစခန်းလေဆိပ် ပြင်ဦးလွင် ကို ထွက်ခွာလာချိန် မနက် ၈ နာရီမှာ အနီးစခန်းကို ဆင်းသက်ချိန်မှာ ဆက်သွယ်မှုပြတ်တောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ လေယာဉ်ပေါ်ကနေ မောင်ပိုင်ဘုန်းပြည့်နဲ့ တပ်ကြပ်ကြီးကောင်းစံဝင်း(ဦးခေါင်းထိခိုက်ဒဏ်ရာ) ရရှိတို့နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ပြင်ဦးလွင် တပ်မတော်ဆေးရုံကို ပို့ဆောင် ကုသပေးနေတယ်လို့ ဖော်ပြထားပါတယ်။

    အဲဒီလေယာဉ်ပျက်ကျမှုနဲ့ပတ်သက်လို့ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးပြီးထပ်မံသတင်းထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။ တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ လေယာဉ်ပေါ်ပါသူ ၁၄ ဦး လို့ သိရပြီး အဲဒီထဲက အလှူရှင်မိသားစုရဲ့ ကလေးငယ် တစ်ဦးနဲ့ စစ်တပ်ဘက်က တပ်ကြပ်ကြီးကောင်းစံဝင်းတို့ကို ကယ်ဆယ်ထားနိုင်တယ်ဆိုတာကြောင့် လေယာဉ်ပေါ်ပါသူတွေထဲက ၂ ဦးကို ကယ်ဆယ်ထားနိုင်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။

    ပျက်ကျတဲ့တပ်လေယာဉ်ကို တွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ပျက်ကျတဲ့တပ်လေယာဉ်ကို တွေ့ရစဉ်
  11. ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့ကို အဂတိလိုက်စားမှုပုဒ်မနဲ့ စစ်ကောင်စီအမှုဖွင့်

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန်ဒေါက်တာမျိုးအောင်၊ နေပြည်တော်ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်ကော်မတီဝင် ဦးမင်းသူတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ ဇွန် ၁၀ရက်ထုတ် သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဟောင်း ဦးဖြိုးမင်းသိန်းထံမှ တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိသာတို့ကို လက်ခံယူခဲ့တာဟာ အဂတိလိုက်စားမှုကို ကျူးလွန်တာလို့စစ်ကောင်စီက စွပ်စွဲပါတယ်။

    ဒါ့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်ဖွင့်ဖို့ တကသိုလ်ရိပ်သာလမ်းက မြေတစ်ဧကကျော်နဲ့ အဆောက်အဦးကို လုပ်ထုံးလုပ်နည်းနဲ့မညီ၊ ထိုက်သင့်တဲ့တန်ဖိုးမပေးဘဲ လျော့နည်းသက်သာတဲ့နှုန်းနဲ့ ငှားခဲ့တာကြောင့် နိုင်ငံတော်က ငွေကျပ် သန်း ၅၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ အဲဒီသတင်းစာက ဖော်ပြပါတယ်။

    ဒါ့အပြင် နေပြည်တော်က လရောင်တော စီမံကိန်းအတွက် မြေကွက်နှစ်ကွက်ကို နေပြည်တော်စည်ပင်မှာ လျှောက်ထားရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ခွင့်ပြုပေးခဲ့ပြီး ထိုက်သင့်တန်ဖိုးထက်များစွာလျော့နည်းပြီးပေးချေခဲ့တာကြောင့် နိုင်ငံတော်က ငွေကျပ် ၁၉ ဘီလျံကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အများပြည်သူလှူဒါန်းငွေတွေထဲက ကျပ် ၁ ဘီလီယံကျော်ကို မလျော်သြဇာသုံးပြီး ဒေါ်အောင်ဆန်းစုကြည်နေထိုင်ဖို့ အဆောက်အဦနေအိမ်ကိုလည်း တည်ဆောက်ခဲ့တာဟာ အဂတိလိုက်စားမှုကျူးလွန်ကြောင်းပေါ်ပေါက်တယ်လို့စစ်ကောင်စီက ဆိုပါတယ်။

    ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ပုဒ်မ ၅၅ အရအမှုဖွင့်ပြီးတရားစွဲဆိုထားတယ်လို့ဖော်ပြပါတယ်။နေပြည်တောမြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့a ဒုမြို့တော်ဝန်ဦးရဲမင်းဦး၊ စည်ပင်ကော်မတီဝင်ဦးမင်းသူတို့ကို လရောင်တော မြေကွက်‌တွေကို မြေနေရာချထားပေးခြင်းနဲ့ မြေဂရန်ထုတ်ပေးရာမှာ လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်ကျူးလွန်ပြီး ခွင့်ပြုပေးခဲ့တာကြောင့်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ တို့နဲ့ ဇွန် ၉ ရက်မှာ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့ကို အဂတိလိုက်စားမှုပုဒ်မနဲ့ စစ်ကောင်စီအမှုဖွင့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့ကို အဂတိလိုက်စားမှုပုဒ်မနဲ့ စစ်ကောင်စီအမှုဖွင့်
  12. ကနီနဲ့ ယင်းမာပင်ဘက်ကရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတယ်လို့ ဒေသခံတွေပြော

    မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ ကနီနဲ့ ယင်းမာပင်အပါအဝင် ဒေသတချို့မှာ ဒီကနေ့ စစ်ကောင်စီတပ်တွေက တစ်ရွာဝင်တစ်ရွာထွက်ဝင်ရောက်တဲ့ ပုံစံမျိုးတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    ဒီကနေ့ ကနီမြို့နယ် ယာကြီးကို မနက်စောစောပိုင်းကတည်းက စစ်တပ်ကရောက်လာလို့ ဒေသခံတွေနဲ့ ကာကွယ် ရေးအဖွဲ့တွေ တိမ်းရှောင်ကြတာမျိုးတွေ ပြုလုပ်ခဲ့ကြရတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီပဲယင်းမြို့နယ်ထဲက ရွာတွေထဲကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုတဲ့သတင်းနဲ့ ဝင်ရောက်ရှာဖွေတာတွေ လုပ်တဲ့အပြင် ခြောက်လှန့်ပစ်ခတ်တာတွေကို မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့တော့ ဒီပဲယင်းမြို့ပေါ်နဲ့ ရွာဘက် ပိုင်းတွေမှာပင် စစ်ကားတွေကို လှည့်လည်သွားကာ အင်အားပြတဲ့ပုံစံမျိုးတွေပြုလုပ်နေတယ်လို့ ဒီပဲယင်း ဒေသခံတွေထံက သိရပါတယ်။

  13. မိုးဗြဲမှာ စစ်ကောင်စီ ထိုးစစ်ဆင်မှု စစ်ရှောင်စခန်းဆီ ရောက်လာတော့မယ်လို့ဆို

    ကယားပြည်နယ် မိုးဗြဲဘက်မှာ စစ်တပ်ဘက်ကလက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ် ထိုးစစ်ဆင်တိုက်ခိုက်မှု ဒေသ PDF တပ်ဖွဲ့တွေနေရာအထိ နီးကပ်လာနေပြီး စစ်ရှောင်စခန်းတွေအထိ ရောက်ရှိလာတော့မယ့် အနေအထားဖြစ်နေတယ်လို့ PDF အဖွဲ့တွေထံက သိရပါတယ်။

    ထိခိုက်မှုအခြေအနေကိုတော့ လတ်တလော အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

    စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်နေကြတဲ့ ဒေသတွေကို စစ်တပ်ဘက်ကတော့ လက်နက်ကြီး၊ လေကြောင်း၊ လူအင်အားအလုံအလောက်ပုံစံမျိုးနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။

    ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ခံထားရလို့ စစ်ဘေးရှောင်တွေ မကြာခင် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်လာဖွယ်ရှိပြီး လတ်တလောမှာ ဆေးဝါးနဲ့ နေထိုင်ရေး လူမှုရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

    မကြာခင် စားနပ်ရိက္ခာခက်ခဲလာဖွယ်ရှိတယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မကြာခင် စားနပ်ရိက္ခာခက်ခဲလာဖွယ်ရှိတယ်လို့ဆို
  14. မြန်မာနိုင်ငံအပေါ် ပေါ်လစီမပြောင်းဘဲ ဆက်ထောက်ခံသွားမယ်လို့ တရုတ်ပြော

    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေး အခြေအနေကြောင့် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ တရုတ်အစိုးရရဲ့ ပေါ်လစီပြောင်းလဲသွားမှာ မဟုတ်ဘဲ အရင်အတိုင်း ဆက်ရှိနေမယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပြီး စစ်အာဏာသိမ်းခဲ့ပြီးကတည်းက အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်ကောင်စီအပေါ် ထောက်ခံအားပေးကြောင်း ပြသလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ နှစ်နိုင်ငံ ပူးတွဲစီမံကိန်းတွေကို တရုတ်အစိုးရက ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ချုန်ချင်းမြို့ အာဆီယံ တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာတဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အင်္ဂါနေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

    လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပ အခြေအနေတွေကြောင့် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ တရုတ်ရဲ့ ချစ်ကြည်ရင်းနှီးရေး ပေါ်လစီကို ထိခိုက်မှာ မဟုတ်ဘူးလို့ မစ္စတာဝမ်ယီက ပြောခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရကို ကိုယ့်နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လွတ်လပ်စွာ ရွေးချယ်နိုင်ဖို့ တရုတ်အစိုးရက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်မှာ အားပေး ထောက်ခံခဲ့၊ အားပေးထောက်ခံသွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံအရေး ဖြေရှင်းနေမှု အရမ်းကို နှေးကွးနေတယ်လို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ထုတ်ဖော် ပြောခဲ့ကြတဲ့ တရုတ် အာဆီယံ အစည်းအဝေးအပြီး တစ်ရက်အကြာမှာပဲ တရုတ် နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ကြတာပါ။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နောက် သီးခြား ကြေညာချက်တစ်ခုမှာလည်း အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံအကြား သဘောတူခဲ့တဲ့ အချက် ၅ ချက်ပါ သဘောတူချက် အကောင်အထည်ဖော်ရေးမှာ တရုတ်အစိုးရအနေနဲ့ အပြုသဘော အခန်းကဏ္ဍကနေ ပါဝင် အားပေးဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

    တရုတ်၊ မြန်မာ၊ ပေါ်လစီ၊ အာဆီယံ၊ စစ်အာဏာသိမ်း၊

    ဓာတ်ပုံ ရင်းမြစ်, FMPRC

  15. ကေအိုင်အေ နယ်မြေထဲ PDF လှုပ်ရှားမှု ရှိလာခဲ့ရင် KIA စဉ်းစားချက် ဘယ်လိုရှိမလဲ

  16. ထားဝယ်မှာ ဆေးကုသမှုတွေ ရပ်ထားဖို့ ညွှန်ကြားစာ MSF အဖွဲ့ လက်ခံရခဲ့

    ဆေးကုသမှု လုပ်ငန်းတွေ ဆိုင်းငံ့ထားဖို့ ဒေသန္တရ အာဏာပိုင်တွေဆီက ညွှန်ကြားစာတစ်စောင်ကို တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရှိတဲ့ MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့က မနေ့က လက်ခံရခဲ့တယ်လို့ သိရပါတယ်။

    ဒီလိုဆိုင်းငံ့လိုက်တဲ့အတွက် MSF က ဆေးကုသပေးနေတဲ့ထားဝယ်မြို့ မေတ္တာရိပ် ဆေးခန်းက HIV/AIDS လူနာ ၂၁၆၂ ဦး အပေါ် တိုက်ရိုက် ထိခိုက်လာနိုင်ပြီး ARV ဆေးကုသ ခံရဖို့ အခက်ကြုံလာမှာ ဖြစ်တယ်လို့ (MSF) နယ်စည်းမထား ဆရာဝန်များအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် စတီဖင် ကောနစ်ရှ်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့အပြီးနောက်ပိုင်း အစိုးရဆေးရုံတွေ မလည်ပတ်တော့တဲ့အတွက် အဲဒီဆေးခန်းမှာ MSF ရဲ့ ဆေးကုသမှု ခံယူနေတဲ့ တီဘီရောဂါသည် လူနာတွေလည်း ရှိနေပါတယ်။

    MSF ရဲ့ ဆေးကုသမှုလုပ်ငန်းတွေ ဆိုင်းငံ့လိုက်ရတဲ့အတွက် လူနာအတော်များများ အသက်အန္တရာယ်နဲ့ ကြုံလာရနိုင်ပြီး နောက်ထပ် ရောဂါကူးစက်မှုတွေ ဖြစ်လာနိုင်သလို လူနာအသစ်တွေ အထူးသဖြင့် HIV ရောဂါကျွမ်းနေသူတွေအနေနဲ့ အသက်ဘေးကနေ ကာကွယ်ပေးနိုင်မယ့် ကုသမှုတွေ ရနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လူနာအတော်များများဟာ ကုသမှုမှာ အရေးပါတဲ့စိတ်ပိုင်းဆိုင်ရာ အကြံပေးဆွေးနွေး ကုသမျိုးတွေကို ရနိုင်တော့မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

    MSF အဖွဲ့ဟာ ARV ဆေးတွေ ထပ်ပေးဖို့ လူနာ ၁၀၀ ကို လက်ခံထားပြီး ဖြစ်ပြီး ထားဝယ်မြို့ ပြင်ပမှာ နေထိုင်နေသူ လူနာတွေအတွက် ဆေးတွေ ပို့ပေးဖို့ကိုလည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

    MSF အဖွဲ့ဟာ နှစ်ပေါင်း ၂၀ နီးပါးကြာ ထား၀ယ်မြို့မှာ HIV လူနာတွေအတွက် အဓိက ကုသပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး မူးယစ်ဆေးစွဲနေသူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေလို ဖယ်ကျဉ်ခံထားရသူတွေအတွက် အားပေးကူညီမှုတွေ လုပ်လာခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်မငြိမ်မှုတွေ ရှိခဲ့တဲ့ကြားက MSF အဖွဲ့ဟာ ခုချိန်ထိ ဆေးကုသမှုတွေ မပြတ် ဆက်လုပ်လာနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

    ဆေးကုသမှုလုပ်ငန်းတွေကို ဘာ့ကြောင့် အခုလို ဆိုင်းငံ့ခိုင်းခဲ့တာလဲဆိုတာကို အသေအချာ သိရဖို့ MSF အဖွဲ့က ဒေသန္တရ ကျန်းမာရေးအာဏာပိုင်တွေကို ဆက်သွယ်မေးထားပြီး ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးဖို့ကိုလည်းပန်ကြားထားတယ်လို့ သိရပါတယ်။

    MSF၊ ထားဝယ်၊ မြန်မာ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, MSF

  17. ပြန်လွတ်လာတဲ့ အေအေ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဆွေမျိုးတွေ စစ်တွေကိုရောက်

    ရက္ခိုင့်တပ်တော် အေအေကိုထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးနေတယ်ဆိုပြီး တစ်နှစ်ကျော်အကြာ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ရက္ခိုင့်တပ်တော် အေအေဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ၊ ညီမ၊ ယောက်ဖတို့ပါဝင်တဲ့ ၁၀ ဦးဟာ ဇွန်လ ၉ ရက် ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

    အဲ့ဒီလွတ်မြောက်လာခဲ့သူတွေဟာ ရန်ကုန်မြို့ကနေ နေ့လယ်ပိုင်းမှာ လေကြောင်းကနေတစ်ဆင့် မိသားစုတွေရှိရာ စစ်တွေမြို့ကို ထွက်ခွာလာခဲ့ကြပြီး ညနေပိုင်း ၅ နာရီခွဲခန့်မှာ ရောက်ရှိလာခဲ့ကြပါတယ်။

    ကိုအောင်မြတ်ကျော်အပါအဝင် ၁၀ ဦးတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက စင်္ကာပူနိုင်ငံကနေ ပြည်နှင်ဒဏ်အပေးခံရပြီး မြန်မာနိုင်ငံသို့ပြန်လာစဉ် ရန်ကုန်မြို့မှာဖမ်းဆီးခံလိုက်ရကာ အကြမ်းဖက်မှုဥပဒေတွေနဲ့ တရားစွဲဆိုခံနေခဲ့ရပြီးတော့ အင်းစိန်အကျဉ်းထောင်မှာ အမှု ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

    အမှုနဲ့ပတ်သက်လို့ တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တရားလိုဘက်ကနေ အမှုကိုပြန်လည်ရုတ်သိမ်းပေးလိုက်တဲ့အတွက် သူတို့အားလုံးကို ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်တရားရုံးကနေ တရားသေလွှတ်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။

    စစ်တွေလေဆိပ်ကို အေအေဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ၊ ညီမ၊ ယောက်ဖတို့ပါဝင်တဲ့ ၁၀ ဦး ညနေပိုင်းကရောက်လာ

    ဓာတ်ပုံ ရင်းမြစ်, Myint Lwin

    ဓာတ်ပုံ ပုံစာ, စစ်တွေလေဆိပ်ကို အေအေဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ၊ ညီမ၊ ယောက်ဖတို့ပါဝင်တဲ့ ၁၀ ဦး ညနေပိုင်းကရောက်လာ
  18. NCA လမ်းကြောင်းအတိုင်း လိုက်နာမယ်လို့ KNLA စစ်ဦးစီးချုပ် စာထုတ်

    KNU ကရင့်အမျိုးသား အစည်းအရုံးက လက်မှတ်ရေးထိုးထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကို တိကျစွာ လိုက်နာကျင့်သုံးသွားမယ်လို့ ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ဇွန်လ ၉ ရက် ရက်စွဲ နဲ့ စာထုတ်ပြန်ပါတယ်။

    ဒါ့အပြင် ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ဖွဲ့တွေ အားလုံးလည်း စစ်စည်းကမ်း တွေနဲ့ အညီ တိကျစွာ လိုက်နာကြဖို့လည်း သူက တိုက်တွန်း ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး ရဲ့ သဘောထား အတိုင်း လိုက်နာ ကျင့်သုံးမယ်လို့ KNLA စစ်ဦးစီးချုပ်က စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုးက သက်ဆိုင်ရာ အပစ်ရပ် စာချုပ် NCA မူဘောင်တွေကို လိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြဖို့ သူ့ရဲ့ သဘောထားကို မေလတုန်းက ထုတ်ပြန် ထားခဲ့တာဖြစ်ပါတယ်။

    ဗိုလ်ချုပ်ကြီး စောဂျော်နီ ထုတ်ပြန်တဲ့ စာ

    ဓာတ်ပုံ ရင်းမြစ်, KIC

    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီး စောဂျော်နီ ထုတ်ပြန်တဲ့ စာ
    KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ
    ဓာတ်ပုံ ပုံစာ, KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ
  19. မင်းတပ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်

    ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ခိုက်မှုဖြစ်နေတဲ့ ချောင်းဆုံနဲ့၊ ယှက် စတဲ့နေရာ ၂ခုလုံးကို စစ်တပ်ဘက်က လက်နက်ကြီးလူအင်အားအများရာချီပြီးတိုက်ခိုက်တာကြောင့် အဲဒီနေရာ နှစ်ခုစလုံး ထိုးစစ်ဖောက်ထွက်သွားပြီလို့ မင်းတပ်ကာကွယ်ရေးတပ်အဖွဲ့ထံက သိရပါတယ်။

    စစ်တပ်ရဲ့ တပ်ဖွဲ့တွေ ထိုးဖောက်ရောက်လာတာကြောင့် စစ်ဘေးရှောင်သူတွေက အဲဒီနေရာကနေ တောတောင်ထဲတွေကို ပြန်ကျဲကာ အသီးသီး ထပ်မံတိမ်းရှောင်သွားကြရပြီး၊ ကျန်ရှိနေသေးတဲ့လူတွေအတွက် ကာကွယ်ရေးအဖွဲ့တွေက ခုခံမှုတွေဆက်လုပ် ပြုလုပ်ပေးနေတာမျိုးတော့ ရှိသေးတယ်လို့ မင်းတပ် CDF ထံကသိရပါတယ်။

    စစ်ကောင်စီဘက်က လူအင်အား ၃၀၀ လောက်ရှိပြီး လေတပ်ကပါ ပစ်ကူပေးပြီးတိုက်နေတယ်လို့လည်း မင်းတပ် CDF ကပြောပါတယ်။

    မင်းတပ်တိုက်ပွဲ သတင်းနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက် ကသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    စစ်ကောင်စီတပ်နဲ့ CDFတို့ ဇွန်လ ၈ ရက် တိုက်ပွဲ မှာ မင်းတပ် CDF တပ်ဖွဲ့ဘက်က အသက် ၁၈ နှစ်အရွယ် ဆလိုင်းလိန်းယောအွမ် သေဆုံးခဲ့ပြီး မေလက စလို့ အခုဇွန်လ ၈ ရက်နေ့အထိ မင်းတပ် CDFဘက်က သေဆုံးသူ ၂၂ ဦးရှိပြီလို့ ထုတ်ပြန်ထားပါတယ်။

    ဇွန်လ ၂ ရက်နေ့က တွေ့ရတဲ့ မင်းတပ်မြို့အနီးက စစ်ရှောင်များ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဇွန်လ ၂ ရက်နေ့က တွေ့ရတဲ့ မင်းတပ်မြို့အနီးက စစ်ရှောင်များ
  20. ကိုဗစ် ကူးစက်မှုတွေ များလာလို့ တနင်္သာရီတိုင်းအထွက်ကို ကန့်သတ်

    တနင်္သာရီတိုင်းအတွင်းကနေ တိုင်းပြင်ပကို ခရီးသွားမည်ဆိုပါက ကိုဗစ်ရောဂါပိုး ရှိ မရှိ ဆေးစစ်ချက်ပါမှသာ သွားခွင့်ပြုတော့မှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားတယ်လို့ တနင်္သာရီတိုင်းအခြေစိုက် DAWEI WATCH က ရေးပါတယ်။

    တနင်္သာရီတိုင်းပြင်ပကို သွားလာမယ်ံခရီးသည်တွေ အနေနဲ့ ၄၈ နာရီအတွင်း ကိုဗစ်ရောဂါမရှိကြောင်း ဆေးစစ်ထားတဲ့ အထောက်အထားရှိမှသာ သွားခွင့်ပြုမယ်လို့ လည်းဖော်ပြပါတယ်။

    တနင်္သာရီတိုင်းအတွင်းမှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေတဲ့အတွက် အခုလို သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်၊

    ခရီးသည်တွေကို ကလိန်အောင်တံတားမှာ စစ်ဆေးမှာ ဖြစ်ပြီးတော့ ကိုဗစ်စစ်ဆေးချက် အထောက်အထားရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    ကိုဗစ်ရောဂါစစ်ဆေးပြီးကြောင်း အထောက်အထားကို ခရီးသည်များအပြင် ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တို့လည်း ရှိရမှာဖြစ်သလို ကားဂိတ်များကလည်း ၄၈ နာရီအတွင်း ကိုဗစ် စစ်ဆေးထားတဲ့ အထောက်အထားရှိမှ ခရီးသည်တင်ရမယ်လို့ ညွှန်ကြားထားပါတယ်။

    ထားဝယ်ဒေသအတွင်း ကိုဗစ်ရောဂါပိုး ရှိမရှိစစ်ဆေးတာကို ထားဝယ်ခရိုင်ကျန်းမာရေးဦးစီးဌာနမှာ မနက်ပိုင်း စစ်ဆေးပေးနေပြီး ခြေလျင်တပ်ရင်း ၂၅ မှာ နေ့လယ်ပိုင်း စစ်ဆေးပေးမယ်လို့ ဖော်ပြထားပါတယ်။

    ထားဝယ်မြို့က ကိုဗစ်ကုသရေး ဆေးရုံ

    ဓာတ်ပုံ ရင်းမြစ်, DAWEI WATCH

    ဓာတ်ပုံ ပုံစာ, ထားဝယ်မြို့က ကိုဗစ်ကုသရေး ဆေးရုံ