လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် စစ်ဆေးမှုများတင်းကျပ်

အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ လှိုင်သာယာ ပင်လုံဈေးအနီးမှာ မှာ ရှိနေတုန်းမှာ ဦးခေါင်းကိုတေ့ပစ်ခံခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကလည်း သူ့နေအိမ် ကို လက်လုပ်ဗုံးအပစ်ခံခဲ့ရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကယားမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တိုက်ခိုက်၊ သေဆုံးဒဏ်ရာရသူတချို့ရှိတယ်လို့ ဒေသ PDF တွေပြော

    ကယားပြည်နယ်က တိုက်ခိုက်မှုတွမှာ မနက် ၈နာရီ လောက်က ဒီမော့ဆိုး၊ စံပြ (၆)ကျေးရွာအုပ်စုထဲမှာ ဒီးမော့ဆို PDF နဲ့ စစ်တပ်တို့အကြားပစ်ခတ်မှုဖြစ်ခဲ့ပြီး PDF ဘက်ကအနည်းဆုံး ၁ ဦးကျဆုံးနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

    အဲဒီလိုပစ်ခတ်မှုတွေအပြင် စံပြ (၆) ရွာက ကက်သလစ်ဘုရားကျောင်းမှာ စစ်ကောင်စီဘက်က တပ်စွဲထားတယ်လို့လည်း PDFဘက်က ထုတ်ပြန်ပြောဆိုပါတယ်။

    အလားတူ ရှမ်းနဲ့ကယားပြည်နယ် အစပ် မိုးဗြဲမှာ မြို့ပေါ်နေရာတွေအားလုံးနီးပါး စစ်ကောင်စီတပ်တွေက တပ်စွဲထားပြီး မိုးဗြဲ PDFနဲ့ ထိပ်တိုက်တွေ့နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ PDFဘက်ကမေးမြန်းသိရှိရပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့တွေက စနိုက်ပါနဲ့ပစ်ခတ်တာကြောင့် မနေ့က ညနေပိုင်းကစလို့ လူလေးဦး သေနတ်ထိ မှန်ခဲ့တယ်လို့လည်း သိရပြီး ဒါတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ပြောဆိုတာတွေတော့ မတွေ့ရသေးပါဘူး။

    အဲဒီထဲမှာမှ သေဆုံးသူလည်းရှိနေပေမယ့် အလောင်းကို လုံးဝထွက်မကောက်ရဲတဲ့ အခြေအနေရှိတယ်လို့ မိုးဗြဲ PDF ဘက်က ပြောပါတယ်။

    မိုးဗြဲ PDF ဘက်ကတော့ မြို့ကိုဖြတ်သွားတဲ့ ရထားလမ်းကိုမကျော်ဖို့ စစ်ကောင်စီ ဘက်ကို အသိပေးထားပြီး အဲဒီနေရာကိုကျော်ရင်တော့ ပြန်လည်တိုက်ခိုက်မယ်လို့ ပြောဆိုထားပါတယ်။

    ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ
  2. ဒေါပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့အပစ်ခံရ

    ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဗမာအေး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကားထဲမှာ ထိုင်နေရင်း သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

    အဲဒီမျက်မြင်သက်သေရဲ့ ပြောဆိုချက်အရ သူဟာ ပစ်ခတ်ခံရမှုကြောင့် သေဆုံးတယ်လို့ ယူဆနိုင်ဖွယ်ရှိပြီး သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။

    သူဟာ ရပ်ကွက်အုပ်ချုပ်ရေးရုံးကအပြန် မင်းနန္ဒာလမ်းနဲ့ ရွှေဖူးမျှော်လမ်းထောင့်မှာ အပစ်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

    အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လတုန်းက ခန့်အပ်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဦးထွန်းရီလို့ လတ်တလော သိရှိထားရပြီး သူဟာရပ်ကွက်တွင်းက လူတွေနဲ့လည်း ဆက်ဆံရေး အဆင်ပြေသူ ဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

    ဒီပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ ရဲနဲ့ စစ်တပ်က စစ်ဆေးနေပေမယ့် ဘယ်သူတွေ ပစ်ခတ်သွားလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

    မေလအတွင်း ရန်ကုန်မြို့ထဲမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မေလအတွင်း ရန်ကုန်မြို့ထဲမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ
  3. အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အရေးယူမှုတွေ မချမှတ်တဲ့အပေါ် သြစတြေးလျ ကာကွယ်ပြောဆို

    အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် နောက်ထပ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်မှာ မဟုတ်ဘူးလို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးက သြစတြေးလျမီဒီယာတွေမှာအတည်ပြုပြောဆိုပါတယ်။

    အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ဩစတြေးလျနိုင်ငံရဲ့ လွှမ်းမိုးမှုကို ကန့်သတ်ရာရောက်တယ်လို့လည်း ဆိုပါတယ်။

    အာဏာသိမ်းစစ်ကောင်စီကို ပစ်မှတ်ထား အရေးယူမှုတွေ ချမှတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားတွေနဲ့ တောက်လျှောက် ရင်ဆိုင်နေရပေမယ့် သြစတြေးလျနိုင်ငံဘက်ကတော့ ဒါကို ငြင်းဆန်နေဆဲဖြစ်ပါတယ်။

    အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့ဟာ စစ်ခေါင်းဆောင်တွေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားအရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။

    ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ဖြစ်လာနိုင်ခြေရှိတဲ့ တုံ့ပြန်မှုတစ်ခုသာဖြစ်ပြီး အရာအားလုံး မဟုတ်ဘူးလို့လည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

    ဒါပေမဲ့ မြန်မာနိုင်ငံတွင်း တင်းမာမှု အခြေအနေတွေ လျှော့ချနိုင်ဖို့အတွက် ဒေသတွင်း ကြိုးစားအားထုတ်မှုတွေကို ဩစတြေးလျ နိုင်ငံအနေနဲ့ ထောက်ခံအားပေးသွားမှာ ဖြစ်သလို ရလဒ်တစ်ခု ထွက်လာဖို့အတွက်လည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

    သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး မာရီးဇ်ပိန်း

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး မာရီးဇ်ပိန်း
  4. ICRC ဥက္ကဋ္ဌနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် နေပြည်တော်မှာ တွေ့ဆုံ

    ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ အိုင်စီအာစီ ဥက္ကဋ္ဌနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ ဇွန်လ ၃ ရက်နေ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တယ်လို့ ဂျပန်အခြေစိုက် နစ်ကေးအေးရှား သတင်းမှာ ရေးသားထားပါတယ်။

    အိုင်စီအာစီအဖွဲ့တွေကို အကျဉ်းထောင်တွေထဲ ပြန်လည်လေ့လာခွင့်ပြုဖို့နဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ရာနေရာတွေမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပိုမိုထောက်ပံ့ကူညီခွင့်ရဖို့ အိုင်စီအာစီ ဥက္ကဋ္ဌ မစ္စတာ ပီတာ မောင်ရာက တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒါနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ အိုင်စီအာစီ မြန်မာရုံးက လတ်တလော တုံ့ပြန်တာ မရှိသေးပါဘူး။ စစ်တပ်ဘက်ကိုလည်း ဆက်သွယ်လို့ မရသေးဘူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။

    အရပ်သားတွေအပေါ် အကြမ်းဖက် ဖြိုခွင်းမှုတွေ အဆုံးသတ်ဖို့၊ နိုင်ငံဥပဒေတွေကို လေးစားလိုက်နာပြီး စစ်ကောင်စီတပ်တွေအနေနဲ့ ဆေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်တာတွေ မလုပ်ဖို့ကိုလည်း မစ္စတာ မောင်ရာက တိုက်တွန်းခဲ့ပါတယ်။

    အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်မတိုင်ခင်မှာ အိုင်စီအာစီ ဥက္ကဋ္ဌက အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

    ICRC ဥက္ကဋ္ဌနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် နေပြည်တော်မှာ တွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, Peter Maurer's twitter

  5. ကွတ်ခိုင်၊ မိုင်းယုလေးရွာအနီး စစ်ရှောင်တွေအတွက် စားသောက်ကုန်အချို့ ထောက်ပံ့

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့က လူငယ်တွေ၊ Net Organization က တာဝန်ရှိသူတွေနဲ့ SKNN(ရှမ်းပြည်နယ် ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်) က တာဝန်ရှိသူတွေဟာ မိုင်းယုလေးရွာအနီးတစ်ဝိုက်က တိုက်ပွဲရှောင်စခန်း(၄)ခုမှာ အ‌ခြေခံစားသောက်ကုန်တချို့ကို သွားရောက်ထောက်ပံ့ ဝေငှခဲ့ကြပါတယ်။

    မိုင်းယုလေးအနီးတစ်ဝိုက်ကို ရောက်ရှိနေတဲ့ တိုက်ပွဲရှောင်တွေဟာ လူဦးရေတစ်ထောင်နီးပါးရှိပြီး လွန်ခဲ့တဲ့ ၂၀၁၃-၁၄ ခုနှစ်တွေက တအာန်းအဖွဲ့ TNLA နဲ့ စစ်တပ်တို့ကြား ဖြစ်တဲ့တိုက်ပွဲတွေကြောင့် ရွာပေါင်း(၇)ရွာဖြစ်တဲ့ ငေါ့ငါး၊ လွယ်စရမ်း၊ မန်ပူး၊ မန်ဆိန်၊ ပိန်းဘွန်၊ လွယ်ကန်၊ ပန်နေး၊ အထက်လီဆူရွာနဲ့ အောက်လီဆူရွာကနေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိ စစ်‌ကောင်စီရဲ့ အာဏာသိမ်းမှု မဖြစ်ခင် ကိုဗစ်ရောဂါ စဖြစ်ပွားချိန်ကတည်းက တိုက်ပွဲရှောင်စခန်းက ပြည်သူတွေအနေနဲ့ အလုပ်အကိုင် ရှားပါးမှု ၊ လူမှု‌ရေးအသင်းအဖွဲ့‌တွေဆီက ကူညီထောက်ပံ့မှုတွေ မရရှိ‌တော့တာ‌ကြောင့် မိသားစု စားဝတ်နေရေးအတွက် အင်မတန်အခက်အခဲဖြစ်‌နေတယ်လို့ စခန်းတာဝန်ခံတွေက ပြောကြပါတယ်။

    အရင်လို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံက ကူညီထောက်ပံ့မှုတွေလည်း မရ‌တော့တဲ့အတွက် မိသားစု စားဝတ်နေရေးခက်ခဲနေချိန်မှာ လာရောက်ကူညီထောက်ပံ့ပေးလို့ ဝမ်းသာတယ်လို့ ဟိုခိုတိုက်ပွဲရှောင်စခန်းက တိုက်ပွဲရှောင် ဒေါ်အမ်က ဆိုပါတယ်။အဲဒီ တိုက်ပွဲရှောင်ပြည်သူတွေအတွက် ကွတ်ခိုင်မြို့က ပြည်သူတွေအပြင်၊ ရန်ကုန်နဲ့ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေ ထောက်ပံ့လှူဒါန်းထားတဲ့ ဆီ၊ ကြက်သွန်နီ၊ ငါးခြောက်ထုတ်၊ ခေါက်ဆွဲခြောက်တွေ ‌ကူညီထောက်ပံ့ပေးတာလို့ သိရပါတယ်။

    ကွတ်ခိုင်၊ မိုင်းယုလေးရွာအနီး စစ်ရှောင်တွေအတွက် စားသောက်ကုန်အချို့ ထောက်ပံ့

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)

    ဓာတ်ပုံ ပုံစာ, ကွတ်ခိုင်၊ မိုင်းယုလေးရွာအနီး စစ်ရှောင်တွေအတွက် စားသောက်ကုန်အချို့ ထောက်ပံ့
    ကွတ်ခိုင်၊ မိုင်းယုလေးရွာအနီး စစ်ရှောင်တွေအတွက် စားသောက်ကုန်အချို့ ထောက်ပံ့

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)

    ဓာတ်ပုံ ပုံစာ, ကွတ်ခိုင်၊ မိုင်းယုလေးရွာအနီး စစ်ရှောင်တွေအတွက် စားသောက်ကုန်အချို့ ထောက်ပံ့
    ကွတ်ခိုင်၊ မိုင်းယုလေးရွာအနီး စစ်ရှောင်တွေအတွက် စားသောက်ကုန်အချို့ ထောက်ပံ့

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)

    ဓာတ်ပုံ ပုံစာ, ကွတ်ခိုင်၊ မိုင်းယုလေးရွာအနီး စစ်ရှောင်တွေအတွက် စားသောက်ကုန်အချို့ ထောက်ပံ့
  6. ကရင်ပြည်နယ်တွင်းက တိုက်ပွဲများ

  7. ချင်းနဲ့မကွေးအစပ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ မင်းတပ်CDF ထုတ်ပြန်

    ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ရွှေအောင်သာရွာတွင်းမှာ ဒီကနေ့ ဇွန် ၃ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်နဲ့ မင်းတပ်CDF တို့ အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေအတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တယ်လို့ မင်းတပ်CDF က ထုတ်ပြန်ထားပါတယ်။

    မနေ့က ဇွန် ၂ ရက် ည ၁၀ နာရီ ၀န်းကျင်ကတည်းက စစ်ကောင်စီတပ်အင်အား ၆၀ နီးပါးဟာ ရွှေအောင်သာကျေးရွာအတွင်းဝင်ရောက်လာပြီး ရွာဘုန်းကြီး ကျောင်းမှာ တပ်စွဲထားခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ အနည်းဆုံး ၃ ယောက်ကနေ ၇ယောက်ကျဆုံးပြီး ၄ ယောက်ဒဏ်ရာရခဲ့ပြီး မင်းတပ်ပြည်သူ့ကာကွယ်ရေးဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    CHIN

    ဓာတ်ပုံ ရင်းမြစ်, မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့

    ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ချင်းဒေသခံတွေ
  8. ဖလူးလေးကျေးရွာတိုက်ပွဲအတွင်း စာသင်ကျောင်းနဲ့ ဒေသခံနေအိမ်တွေကို လက်နက်ကြီးထိမှန်

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ဖလူးလေးနဲ့ ဖလူးကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒီကေဘီအေ (ခွဲထွက်) အဖွဲ့တို့ တိုက်ပွဲတွေ မေလ ၃၁ ရက်နေ့တည်းက စတင်ဖြစ်ပွားနေပြီး ဒေသခံရာနဲ့ချီဟာ ထိုင်းနိုင်ငံဘက်ခြမ်းနဲ့ ကရင်ပြည်နယ်တွင်းက လေးကေကော် ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    အဲဒီတိုက်ပွဲအတွင်း ဖလူးလေးကျေးရွာထဲက စာသင်ကျောင်းနဲ့ ဒေသခံတွေရဲ့နေအိမ်တွေကိုလက်နက်ကြီးထိမှန်ပြီးပျက်စီးနေတဲ့ ဓာတ်ပုံတွေလည်း ထွက်ပေါ်လာပါတယ်။ လက်ရှိမှာ အဲဒီကျေးရွာက နောက်ထပ်ကျန်ရှိတဲ့ဒေသခံတစ်ရာကျော်ဟာလေးကေကော်ဒေသကို ဒီနေ့ ဇွန် ၃ ရက်နေ့မှာ ထပ်မံထွက်ပြေးတိမ်းရှောင်လာရတယ်လို့ ဆိုပါတယ်။

    ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ပြောကြားတာမရှိသေးပေမယ့် ဒီကေဘီအေ ခွဲထွက် အဖွဲ့ဘက်ကတော့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကျအဆုံးများတယ်လို့ ပြောကြားထားပါတယ်။

    ဖလူးလေးကျေးရွာတိုက်ပွဲအတွင်း စာသင်ကျောင်းနဲ့ ဒေသခံနေအိမ်တွေကို လက်နက်ကြီးထိမှန်

    ဓာတ်ပုံ ရင်းမြစ်, CJ/KIC

    ဓာတ်ပုံ ပုံစာ, ဖလူးလေးကျေးရွာတိုက်ပွဲအတွင်း စာသင်ကျောင်းနဲ့ ဒေသခံနေအိမ်တွေကို လက်နက်ကြီးထိမှန်
    ဖလူးလေးကျေးရွာတိုက်ပွဲအတွင်း စာသင်ကျောင်းနဲ့ ဒေသခံနေအိမ်တွေကို လက်နက်ကြီးထိမှန်

    ဓာတ်ပုံ ရင်းမြစ်, CJ/KIC

    ဓာတ်ပုံ ပုံစာ, ဖလူးလေးကျေးရွာတိုက်ပွဲအတွင်း စာသင်ကျောင်းနဲ့ ဒေသခံနေအိမ်တွေကို လက်နက်ကြီးထိမှန်
  9. တောင်ကြီးမြို့ အထက်တန်းကျောင်းတချို့မှာ ပေါက်ကွဲမှုတွေရှိ, တောင်ကြီးမြို့ အထက်တန်းကျောင်းတချို့မှာ ပေါက်ကွဲမှုတွေရှိ

    တောင်ကြီးမြို့ရှိ အေးသာယာ အ.ထ.က ၂ ကျောင်းနဲ့ အ.ထ.က ၄ ကျောင်းတွေအနီးမှာ ဒီကနေ့ ဇွန် ၃ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲသံအချို့ကြားခဲ့ရတယ်လို့ အနီးတဝိုက်မှာ နေထိုင်သူအချို့က ဘီဘီစီကို ပြောပါတယ်။ ‘ ‘ မနေ့ကလည်း ပေါက်ကွဲသံတွေကြားရတာရှိတယ်။ ဒီမနက်ကလည်း ပေါက်ကွဲသံတစ်ချက်ကြားလိုက် ရတယ်။

    အရမ်းအကျယ်ကြီးတော့ မဟုတ်ဘူး။ ကျောင်းနဲ့ကတော့ အိမ်က သိပ်မဝေးဘူး။ လူထိခိုက် ဒဏ်ရာရတာဘာညာတော့မကြားရဘူး။’’ လို့ တောင်ကြီး အ.ထ.က ၄ ကျောင်းအနီးတဝိုက်မှာ နေထိုင် သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့က ဇွန် ၂ ရက်နေ့ကလည်း တောင်ကြီး၊ မန္တလေး၊ ယင်းမာပင်၊ တောင်တွင်းကြီး စတဲ့မြို့တွေက ကျောင်းတွေမှာလည်း ပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ပညာသင်နှစ်တစ်နှစ်ရပ်နားထားခဲ့ပြီးနောက် စစ်ကောင်စီလက်ထက်မှာ ဇွန် ၁ ရက်နေ့ကစပြီး အခြေခံအဆင့်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။

    ဇွန် ၁ ရက်နေ့ကစပြီး ကျောင်းတွေပြန်လည်ဖွင့်လှစ်ရာမှာ ကျောင်းတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူဖို့ရယူထားတာလည်းဖြစ်ပါတယ်။ အခုလို အခြေခံကျောင်းတွေအတွင်း ပေါက်ကွဲမှုတွေရှိလာတာနဲ့ပတ်သက်ပြီး ပြည်သူတွေထိခိုက်အောင် လုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန် ၃ ရက်နေ့မှာ စုပေါင်းထုတ်ပြန် ထားပါတယ်။

    Taungyi

    ဓာတ်ပုံ ရင်းမြစ်, Social Media

  10. ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့တရားစွဲဆိုခံရတဲ့အမှုအတွက် ဇွန် (၁၇) ရက်ကို ရုံးချိန်းပြန်ချိန်း

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃(၁)/ဂ နဲ့တရားစွဲဆိုထားတာအတွက် ဒီနေ့ရုံးချိန်းရှိပေမယ့် အမှုတွဲဟာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ မရှိတော့တာကြောင့် ဘာမှမစစ်ဆေးနိုင်ခဲ့ပါဘူး။ နောက်ရုံးချိန်းကို ဇွန်လ (၁၇)ရက်ကို ချိန်းဆိုခဲ့တာပါ။

    "ရန်ကုန်မှာ အမှုတွဲမရှိတော့ ဘာမှမရှိဘူး။ ရုံးချိန်းပဲပေးတာ။ နေပြည်တော်မှာ လူချင်းတွေ့ခွင့်ရတုန်းက နေပြည်တော်ကအမှုတွေအတွက်ပဲပြောဖြစ်တာ။ နာရီဝက်ပဲအချိန်ရခဲ့တာလေ။ ရန်ကုန် ဒီအမှုအတွက်လည်း သီးသန့်လူချင်းတွေ့ခွင့်ရဖို့လည်း တင်ထားတာလည်းရှိတယ်" လို့ ဒီအမှုအတွက် လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဘီဘီစီကိုပြောပါတယ်။

    အမှုတွဲကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေတောင်းခေါ်သွားတာကြောင့် ဘယ်တရားရုံးကို ပြန်လွှဲပေးမလဲဆိုတာလည်း မသိရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာ ရှောင်လ်တာနယ်ဆီက တွေ့ရှိရတဲ့ စာရွက်စာတမ်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပုဒ်မ နဲ့ စစ်ကောင်စီက တိုင်ကြားထားတာဖြစ်တယ်လို့ ရှေ့နေတွေကပြောကြားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ပုဒ်မ ၅ ခုနဲ့ စွဲဆိုထားတဲ့အမှုတွေအတွက် ပြီးခဲ့တဲ့ မေ ၂၄ ရက်မှာ ပထမဆုံးအကြိမ် လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီး ရှေ့နေအဖွဲ့နဲ့လည်း လူချင်းပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရခဲ့ပါတယ်။

    အမှုတွေက များပြီး ရှေ့နေတွေနဲ့ တွေ့ဆုံချိန်ဟာ နာရီဝက်သာရှိတာကြောင့် အချိန်မလုံလောက်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေကို ပြောကြားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့တရားစွဲဆိုခံရတဲ့အမှုအတွက် ဇွန် (၁၇) ရက်ကို ရုံးချိန်းပြန်ချိန်း

    ဓာတ်ပုံ ရင်းမြစ်, State Counselor office

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့တရားစွဲဆိုခံရတဲ့အမှုအတွက် ဇွန် (၁၇) ရက်ကို ရုံးချိန်းပြန်ချိန်း
  11. လူထုကိုထိခိုက်စေတဲ့အလုပ်တွေ လုံးဝမလုပ်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြော

    ရန်ကုန်မြို့ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကျောင်းသားပြည်သူတွေကို ထိခိုက်စေတဲ့လုပ်ရပ်တွေ လုံးဝလုပ်ဆောင်သွားမှာမဟုတ်ဘဲ ထိခိုက်မူတွေရှိအောင် လုပ်ဆောင်သူတွေရှိပါကလည်း စောင့်ကြည့်ပြီး အသိပေးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီအကြောင်းကိုလည်း ဇွန်လ ၃ ရက်နေ့က စုပေါင်းကြေညာချက်ထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်ထဲမှာရန်ကုန်မြိုမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကျောင်းသားပြည်သူတွေကိုထိခိုက်စေတဲ့ဖြစ်ရပ်တွေဟာလည်း ရန်ကုန်မြိုကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၉ခုရဲ့လူပ်ရှားမူတွေလုံးဝမဟုတ်ဘူးလို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

    " အဓိက ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အာဏာရှင်နဲ့ပတ်သက်တဲ့ အဆက်နွှယ်တွေ နေရာပဲပစ်မှတ်ထားပြီးတုန့်ပြန်တာပဲရှိတာပါ ။ အများပြည်သူနဲ့ ပတ်သက်တဲ့ ဈေးတွေကျောင်းတွေကို ပစ်မှတ်ထားတာမရှိဘူး။ အဲ့လိုလုပ်ရင်လည်းစစ်ကောင်စီလက်အောက်အဖွဲ့အစည်းတွေနဲ့စစ်ကောင်စီကလုပ်တာပဲဖြစ်တယ်လို့လည်း ယူဆပါတယ် ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့သူတို့ရဲ့လူပ်ရှားမူတွေကို မျက်ခြည် မပြတ်စောင့်ကြည့်တာလည်းရှိတယ် ။ မသင်္ကာတဲ့ဟာမျိုးဆိုရင် ပြည်သူလူထုကိုသတင်းပေးတာတွေလည်းလုပ်ဆောင်နေပါတယ်။ အဓိက ပြည်သူတွေကိုပြောချင်တာကတော့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကို ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေကလုံးဝ လုံးဝလုပ်မှာမဟုတ်ဘူးဆိုတာ ပြည်သူတွေကို ထပ်လောင်းပြောချင်ပါတယ် " လို့ကာကွယ်ရေးတပ်ဖွဲ့မှာပါဝင်တဲ့ လူငယ်တစ်ယောက်က ဘီဘီစီကိုပြောပါတယ်။

    လူထုကိုထိခိုက်စေတဲ့အလုပ်တွေ လုံးဝမလုပ်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လူထုကိုထိခိုက်စေတဲ့အလုပ်တွေ လုံးဝမလုပ်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြော
  12. မကွေး၊ ဂန့်ဂေါက ရွာအချို့မှာ စစ်ကောင်စီတပ်တွေရောက်လာလို့ ဒေသခံအချို့ တိမ်းရှောင်, မကွေး၊ ဂန့်ဂေါက ရွာအချို့မှာ စစ်ကောင်စီတပ်တွေရောက်လာလို့ ဒေသခံအချို့ တိမ်းရှောင်

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာ ဒီကနေ့ ( ဇွန် ၃ရက်) မနက်၈ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ရွာထဲဝင်လာတဲ့အတွက် ဒေသခံတွေဟာ ရွာကနေ ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ သိရပါတယ်။

    ‘ ‘ ရွာထဲဝင်တာ ဒါနဲ့ဆို ၃ ကြိမ်ရှိပြီ။ လောလောဆယ် အပစ်အခတ်မရှိသေးပေမယ့် ပြီးခဲ့တဲ့ ရက်တွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့လို့ အခုက ကြိုရှောင်ကြတဲ့သဘော ပါ။ ’’လို့ ဒေသခံအချို့ကဘီဘီစီကိုပြောပါတယ်။

    နှမ်းခါးရွာအနီးမှာပဲ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီသတင်းပေးလို့ ဆိုသူတစ်ဦးဟာ ကားနဲ့အတူ မီးရှို့ခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်လည်းရှိခဲ့တဲ့အတွက် ရွာခံတွေကို ဖမ်းဆီးစွပ်စွဲတာမျိုးတွေရှိလာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

    Magway

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရွာကနေ တိမ်းရှောင်နေကြတဲ့ ဒေသခံတွေ
    Magway

    ဓာတ်ပုံ ရင်းမြစ်, Cj

    ဓာတ်ပုံ ပုံစာ, ရွာကနေ တိမ်းရှောင်နေကြတဲ့ ဒေသခံတွေ
  13. ဆန္ဒပြစာသားတွေဖုံးအုပ်ပြီး ကတ္တရာလမ်းထပ်ခင်းမယ်လို့ စစ်ကောင်စီပြော

    ဆန္ဒပြသူတွေက လူအများသွားလာနေတဲ့ လမ်းမထက်မှာ စာသားတွေရေးသားဆန္ဒဖော်ထုတ်မှုဟာ လမ်းစည်းကမ်းဥပဒေနဲ့မကိုက်ညီလို့ စာသားတွေကိုလိုက်လံဖျက်နေတာ ဖြစ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

    လမ်းစာသားတွေကို အဲဒီလိုဖျက်ရာမှာ မပျက်တဲ့အတွက် အဲဒီစာသားတွေကို ဖုံးအုပ်အောင် ပြုလုပ်ပြီး ကတ္တရာလမ်းထပ်ခင်းသွားမယ်လို့လည်း ဆက်ပြောပါတယ်။

    မနေ့ ဇွန် ၂ ရက် ညပိုင်းမှာ ရန်ကုန်မြို့က မြို့နယ်တချို့ကလမ်းမတွေထက်မှာ ဆေးအဖြူတွေနဲ့ရေးခြယ်ခဲ့တာတွေရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အမှတ်သင်္ကေတတွေ၊ စာသားတွေဖြစ်တဲ့ နွေဦးတော်လှန်ရေး၊ We want Democracy, Free our leaders စတာတွေအပြင် ဆန္ဒပြပွဲအတွင်းပစ်ခတ်ခံရလို့ သေဆုံးခဲ့ရသူတွေရဲ့ အမည်တွေ၊ ရုပ်ပုံတွေရေးဆွဲတာ စတာတွေကို ဆန္ဒထုတ်ဖော်သူတွေက လမ်းမကြီးတွေထက်မှာ ရေးဆွဲပြီး အာဏာသိမ်းမှုကိုအလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပြီး နိုင်ငံတကာက လည်း အာရုံစိုက်မှုကိုရရှိခဲ့တာဖြစ်ပါတယ်။

    ဆန္ဒပြစာသားတွေဖုံးအုပ်ပြီး ကတ္တရာလမ်းထပ်ခင်းမယ်လို့ စစ်ကောင်စီပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဆန္ဒပြစာသားတွေဖုံးအုပ်ပြီး ကတ္တရာလမ်းထပ်ခင်းမယ်လို့ စစ်ကောင်စီပြော
  14. ကယားပြည်နယ် ဒီးမော့ဆိုမြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်

  15. အမျိုးသားညီညွတ်ရေးအစိုးရ အပေါ် နိုင်ငံတကာအသိအမှတ်ပြုမှု ဘယ်လောက်ရှိလဲ

  16. ကလေးမြို့နယ်ကို Stay at Home ကြေညာ၊ကူးစက်သူအသစ် ၇၂ ဦး ထပ်တွေ့

    စစ်ကိုင်းတိုင်း ကလေးမြို့နယ်ကို ကိုဗစ်ကူးစက်မှုတွေကြောင့်Stay at Home ကြေညာလိုက်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကဒီကနေ့ကြေညာပါတယ်။

    အဲဒီအမိန့် မနက်ဖြန် ဇွန်လ ၃ ရက် မနက် ၄ နာရီ က စပြီး အသက်ဝင်တယ်လို့ အဲဒီကြေညာချက်မှာပါရှိပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ တွန်းဇံနဲ့ တမူးမြို့နယ်တို့ကို Stay at Home ကြေညာခဲ့ပြီး ကိုဗစ်ကူးစက်မှု များပြားတဲ့ ဒေသတွေနဲ့ ပြည်တွင်းလေကြောင်း ခရီးသွားလာမှုတွေကို ကန့်သတ်ခဲ့ပါတယ်။

    ဒီကနေ့ ကိုဗစ်ကူးစက်သူ အသစ် ၇၂ ဦး ထပ်တွေ့တယ်လို့လည်း ကြေညာခဲ့ပါတယ်။ မနေ့ကတော့ အခု သီတင်းပတ်တွေအတွင်း အမြင့်ဆုံး ကူးစက်မှုအဖြစ် တစ်ရက်တည်း ကူးစက်သူ ၁၂၂ ဦး ထိ တွေ့ရှိခဲ့ပါတယ်။

    ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဦး ထပ်တိုးခဲ့တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

    အခုချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၁၄၃,၈၂၃ ဦး ရှိပြီး သေဆုံးသူ ၃၂၁၈ ဦး ရှိပြီ ဖြစ်ပါတယ်။

    ပိုးသတ်ဆေးဖြန်း

    ဓာတ်ပုံ ရင်းမြစ်, MPA

  17. ကနီက စစ်ကောင်စီတပ်တွေ ပြန်ထွက်ပြီလို့ ဒေသခံတပ်တွေပြော၊ နေရပ်ပြန်သူတချို့ရှိ

    တိုက်ပွဲဖြစ်ချိန်က တိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တိုက်ပွဲဖြစ်ချိန်က တိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံတွေ

    မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအပါအဝင် မတ်လလောက်ကတည်းက စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ချိန်က အင်အားအလုံး အရင်းချထားတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာတာမျိုးတွေလုပ်နေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။

    ကလေးနဲ့တမူးဘက်ကို တပ်တွေရွှေ့သွားတယ်လို့ ကနီဒေသခံတွေက ယူဆထားတယ်လို့ ဆိုပါတယ်။

    • ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ
    • "ပြောက်ကျားပဲသွားတော့မယ်"ဆိုတဲ့ကနီ နယ်သားတွေ

    တပ်တွေရွှေ့ပေမယ့်လည်း ကနီမြို့နယ်တစ်ခုလုံးကကျေးရွာတွေကတော့ စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး မိမိနေရာကို ပြန်လာကြသူတွေလည်းရှိနေပြီလို့ သိရပါတယ်။

    ဗီဒီယို ပုံစာ, ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကနီဒေသခံတွေရဲ့ မေလလယ်က အခြေအနေ
  18. ကလေးတွေ သင်ယူလေ့လာနိုင်ဖို့ လုံခြုံရေးဦးစားပေးဆောင်ရွက်ဖို့ ယူနီဆက်ဖ်တိုက်တွန်း

    မြန်မာနိုင်ငံက ကလေးတွေ သင်ယူလေ့လာနိုင်ဖို့ စိတ်ချလုံခြုံမှုရှိစေရေးကို ဦးစားပေးဆောင်ရွက်ဖို့ UNICEF အနေဖြင့် တိုက်တွန်းလိုက်တယ်လို့ ဒီကနေ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံက ကျောင်းတွေမှာ ပေါက်ကွဲမှုတွေ များပြားလာနေတယ်၊ ကျောင်းတွေနဲ့ ပညာရေးဝန်ထမ်းတွေ တိုက်ခိုက်ခံရမှုတွေ ရှိနေတာတွေကြောင့် ကျောင်းတွေထဲမှာ အကြမ်းဖက်မှုနဲ့ ကျောင်းအနီးအနား အကြမ်းဖက်မှုတွေကို လက်သင့်မခံဘူးလို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ် မြန်မာက ထုတ်ပြန်ပြောဆိုတာ ဖြစ်ပါတယ်။

  19. မြန်မာကိုသွားမယ့် ကိုယ်စားလှယ်ချက်ချင်းအတည်ပြုဖို့ အင်ဒိုနီးရှားပြော

    မြန်မာနိုင်ငံကို စေလွှတ်မယ့် အာဆီယံကိုယ်စားလှယ်အဖွဲ့ဝင် ချက်ချင်း အတည်ပြုပေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ အာဆီယံနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    ဧပြီလက ဂျာကာတာမှာ ပြုလုပ်ခဲ့တဲ့ ဘုံသဘောတူညီချက်တစ်ခုထွက်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးပြီးကတည်း အခြေအနေက တိုးတက်ပုံမရပါဘူး။

    "အထူးကိုယ်စားလှယ် ခန့်ထားမှုကို ချက်ချင်းလုပ်ရပါမယ်။ ပြီးတော့ ဘက်အားလုံးနဲ့ ဆက်သွယ်မှုတွေလည်း ဆက်လုပ်နေရပါမယ်" လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောပါတယ်။

    ဒါ့အပြင် ဘုံသဘောတူညီချက်အရ အာဆီယံ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့လည်း လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာဖို့ ရှိနေပါတယ်။

    ဘုံသဘောတူညီချက်ပါ အချက်ငါးချက်က အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့၊ အကူအညီတွေ ပေးဖို့၊ အာဆီယံအထူးသံခန့်ဖိုနဲ့ မြန်မာနိုင်ငံက ဘက်အားလုံးနဲ့ တွေ့မယ့် အာဆီယံ သံကိုယ်စားလှယ်စေလွှတ်ဖို့တို့ ဖြစ်ပါတယ်။

    တွေ့ဆုံဆွေးနွေးရေးကို ပြောဆိုနေပေမဲ့ ပြည်တွင်းမှာတော့ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့က အချင်းချင်း အပြန်အလှန် အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ထားကြပါတယ်။

    အာဆီယံရဲ့ ဘုံသဘောတူညီချက်ထဲမှာ ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတာ မပါသလို NUG ကတော့ ဖမ်းဆီးထားသူတွေ မလွှတ်ပေးဘဲ တွေ့ဆုံဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားခဲ့ပါတယ်။

    မြန်မာနိုင်ငံက အကျပ်အတည်းကို ဖြေရှင်းဖို့ နဲ့ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပါ် ပြန်တင်ပေးဖို့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုကို အားပေးသင့်တယ်လို့ ရက်တနိုက ပြောပါတယ်။

    ဒါပေမဲ့ သံတမန် အသိုင်းအဝိုင်းကို ကိုးကားပြီး မနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ကိုယ်စားလှယ် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနဲ့ မြန်မာ စစ်တပ်နဲ့ နီးစပ်တဲ့ ထိုင်းတို့အကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

    အင်ဒိုနီးရှားက တစ်ဦးတည်း စေလွှတ်ဖို့ ဆန္ဒရှိပြီး ထိုင်းဘက်ကတော့ တစ်ဦးထက် ပိုလွှတ်ဖို့ ပြောဆိုတာရှိတယ်လို့ အမည်မဖော်လိုတဲ့ သံတမန် သတင်းရင်းမြစ်တွေက ပြောခဲ့ကြပါတယ်။

    အဲဒါတွေနဲ့ ပတ်သက်ပြီး ထိုင်းနဲ့အင်ဒိုနီးရှား သံတမန်တွေကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြပါတယ်။

    အာဆီယံ ထပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ နဲ့ နိုင်ငံခြားရေး ဝန်ကြီး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဆီယံ ထပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ နဲ့ နိုင်ငံခြားရေး ဝန်ကြီး
  20. DVB သတင်းထောက်ကိုအောင်ကျော်နဲ့ Mizzima အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့ကို ထောင်ဒဏ် ၂နှစ်ချမှတ်

    စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ က နဲ့ တရားစွဲဆိုခံထားတဲ့ DVB သတင်းထောက်ကိုအောင်ကျော်နဲ့ Mizzima အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့ကို ဒီနေ့ ဇွန်လ (၂)ရက် ရုံးချိန်းမှာ ထောင်ဒဏ် (၂)နှစ်စီ ချမှတ်လိုက်ပါတယ်။

    မြိတ်အကျဉ်းထောင်တွင်း တရားရုံးကနေ အခုလို အမိန့်ချမှတ်လိုက်တာပါ။

    "သတင်းထောက်ကို သတင်းမီဒီယာဥပဒေနဲ့ အညီပဲ ဆောင်ရွက်သင့်တယ်။ အခုလို တရားဥပဒေ စိုးမိုးမှုမရှိချိန်မှာ သူကိုယ်တိုင်လည်း အယူခံမဝင်ဘူးပြောတယ်။ ကျွန်မလည်း သူနဲ့ သဘောထားအတူတူပဲ။ သူ့ဇနီးအနေနဲ့လည်း ကျွန်မဘက်ကနေလည်း အယူခံမတင်ဘူး" လို့ DVB သတင်းထောက် ကိုအောင်ကျော့် အမျိုးသမီးက ဘီဘီစီကို အခုလိုပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တွေကို ဖမ်းဆီးပြီး မီဒီယာဥပဒေမဟုတ်တဲ့ ပြစ်ဒဏ်တွေနဲ့ တရားစွဲဆိုအမိန့်ချမှတ်နေတာပါ။ သတင်းသမားတွေအတွက် သတင်းမီဒီယာဥပဒေရှိပြီး တာဝန်အရှိဆုံးဖြစ်တဲ့ သတင်းမီဒီယာကောင်စီဘက်ကနေ အခုလိုဖြစ်စဉ်တွေအပေါ် တစုံတရာ တုံ့ပြန်ချက်မရှိတာကြောင့် ဝေဖန်ခံနေရပါတယ်။

    လက်ရှိမှာ သတင်းသမား (၅၀)ခန့် ဖမ်းဆီးခံထားရပြီး ထုတ်ဝေခွင့်ပိတ်သိမ်းခံရတဲ့ သတင်းတိုက် (၇) ခုရှိပြီဖြစ်သလို ဒေသအခြေစိုက် မီဒီယာအချို့လည်းယာယီရပ်နားနေရပါတယ်။

    DVB သတင်းထောက်နဲ့ Mizzima အလွတ်တန်းသတင်းထောက်တို့ကို ထောင်ဒဏ် ၂နှစ်ချမှတ်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, DVB သတင်းထောက်နဲ့ Mizzima အလွတ်တန်းသတင်းထောက်တို့ကို ထောင်ဒဏ် ၂နှစ်ချမှတ်