လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် စစ်ဆေးမှုများတင်းကျပ်

အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ လှိုင်သာယာ ပင်လုံဈေးအနီးမှာ မှာ ရှိနေတုန်းမှာ ဦးခေါင်းကိုတေ့ပစ်ခံခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကလည်း သူ့နေအိမ် ကို လက်လုပ်ဗုံးအပစ်ခံခဲ့ရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကောင်စီပြန်တောင်းနေတဲ့ကိုဗစ်ချေးငွေနဲ့လုပ်သက်စာချုပ်လျော်ကြေး ပေးစရာမလိုလို့ NUG ပြော

    CDM ကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအင်အားတစ်ခုအဖြစ် လူထုကကလည်းတောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, CDM ကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအင်အားတစ်ခုအဖြစ် လူထုကကလည်းတောင်းဆို

    အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM) မှာပါဝင်လို့ စစ်ကောင်စီလက်အောက်ဌာနတာဝန်ရှိသူတွေရဲ့ ရာထူးထုတ်ပယ်ခံရတဲ့ CDM ဝန်ထမ်းတွေအနေနဲ့ အရင်အစိုးရလက်ထက်မှာ ပေးခဲ့တဲ့ ကိုဗစ်ချေးငွေ ၂ လစာနဲ့ လုပ်သက်စာချုပ်လျော်ကြေးတွေကို ပေးစရာမလိုဘူးဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီဘက်ဟာ တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရတဲ့ CDM ဝန်ထမ်းတွေကို ရာထူးကနေထုတ်ပယ်တဲ့ အမိန့်ကြော်ငြာစာတွေ မေလမှာ ထုတ်ပြန်ခဲ့ပြီး အရင်အစိုးရထုတ်ချေးထားတဲ့ ကိုဗစ်ကာလချေးငွေ ၂ လစာနဲ့ ဝန်ထမ်းတချို့ကို အလုပ်ခန့်ထားချိန်က ၀န်ထမ်းခန့်ထားရေးမူအရချုပ်တဲ့ ကတိဝန်ခံချက်စာချုပ်သက်တမ်းမပြည့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လျော်ကြေးငွေတွေကို ပေးဖို့၊ ပျက်ကွက်ရင် တရားစွဲဆိုမယ်ဆိုတဲ့အကြောင်း စာနဲ့ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

    လုပ်သက်စာချုပ်လျော်ကြေးဆိုတာဟာ ဝန်ထမ်းဖြစ်သူက သတ်မှတ်လုပ်သက်မပြည့်ခင် ဆန္ဒအလျောက်အလုပ်က နုတ်ထွက်မှ ပေးလျော်ရမှာဖြစ်ပြီး လက်ရှိမှာ CDM ဝန်ထမ်းတွေဟာ အလုပ်ကနေနုတ်ထွက်တာမဟုတ်ဘဲ စစ်ကောင်စီရဲ့ အုပ်ချုပ်စီမံခန့်ခွဲမှုကို ဆန့်ကျင်ပြီး လုပ်ငန်းခွင်ဝင်ဖို့ ယာယီရပ်နားထားတာဖြစ်လို့ စာချုပ်လျော်ကြေးကို ပေးလျော်ဖို့ မလို ဘူးလို့ ဆိုပါတယ်။

    ဒါ့ပြင် NUG ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ကိုဗစ်ချေးငွေကို ပြန်ပေးဆပ်ဖို့ မလိုတဲ့ ချေးငွေတွေအဖြစ် ၂ ကြိမ် တိုင်တိုင်ကြေညာခဲ့ပြီးဖြစ်လို့ အဲဒီချေးငွေကို ပြန်ဆပ်စရာမလိုဘူးလို့လည်း ကြေညာပါတယ်။

    ဒါ့ပြင် ထန်ထမ်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ကိုက်ညီမှု မရှိတဲ့ ဒီလုပ်ဆောင်ချက်တွေကို ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

  2. မီးရှို့မှုနဲ့အဖျက်အမှောင့်လုပ်ငန်းတွေကို မလုပ်ကြောင်း ကနီဒေသကာကွယ်ရေးတပ်ပြော

    စစ်ကိုင်းတိုင်း၊ ကနီမြို့အတွင်း မကြာခဏဖြစ်ပေါ်နေတဲ့ စာသင်ကျောင်းတွေ မီးရှို့ခံရတာအပါအဝင် အဖျက်အမှောင့်လုပ်ငန်းတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်နေတာမဟုတ်ဘူးလို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

    ပြီးခဲ့တဲ့မေလဆန်းပိုင်းကစတင်ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက နေရာဒေသတော်တော်များများမှာ စာသင်ကျောင်းတွေမီးရှို့ခံရ တာ၊ ဗုံးပေါက်ကွဲတာတွေ အပါအဝင် ပြည်သူတွေကြား အထိတ်တလန့် ဖြစ်စရာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    ဒါနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာနဲ့ဖေ့ဘွတ်ခ်စာမျက်နှာတချို့မှာ ဒီအဖျက်အမှောင့်လုပ်ငန်းတွေကို (PDF) အဖွဲ့တွေကလုပ်ဆောင်နေတယ် ဆိုတဲ့ ရေးသားဖော်ပြမှုတွေရှိနေတာ ကြောင့် အခုလို ထုတ်ပြန်ပြောဆိုတာလို့ဆိုပါတယ်။

    ဒါဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ (PDF) နဲ့ ပြည်သူတွေကြားမှာ အထင်အမြင်လွဲမှားစေဖို့အတွက် လုပ်နေတာဖြစ်တယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကတုန့်ပြန်ပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်တွေရဲ့ ရွာတွေအတွင်း ဝင်ရောက်ရှာဖွေမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံပြည်သူတွေအများအပြားရှိနေ လို့ ပြည်သူကိုကာကွယ်ဖို့ ရရာလက်နက်စွဲကိုင်ပြီး စစ်ကောင်တပ်တွေကို ခုခံနေတာဖြစ်တယ်လို့ ပြောပါတယ်။

    လက်ရှိကနီမြို့နယ်အတွင်းမှာ စစ်ကောင်တပ်တွေနဲ့ (PDF) အဖွဲ့တွေအကြား နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပေါ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    မီးရှို့မှုနဲ့အဖျက်အမှောင့်လုပ်ငန်းတွေကို လုပ်ဆောင်မှုမရှိကြောင်း ကနီဒေသကာကွယ်ရေးတပ်ပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. စစ်ကောင်စီလက်ချက်နဲ့မသန်စွမ်းဖြစ်ရသူ အချုပ်နဲ့အမှုဆက်ရင်ဆိုင်နေရ

    စစ်ကောင်စီလက်ချက်နဲ့မသန်စွမ်းဖြစ်ရသူ အချုပ်နဲ့အမှုဆက်ရင်ဆိုင်နေရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    မကွေးက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို စစ်ကောင်စီတပ်တွေ ဖြိုခွဲချိန် ဒဏ်ရာရပြီးမျက်လုံးတစ်လုံးကွယ်ကာ လက်တစ်ဖက်ပါ ဖြတ်တောက်ခံခဲ့ရတဲ့ ကိုလျှံဖြိုးအောင်ဟာ မကွေးစစ်ဆေးရုံကနေ ဒေါင်းနေအကျဉ်းထောင်ကို ပို့ဆောင်ခံသွားရတယ်လို့ အကိုဖြစ်သူကပြောပါတယ်။

    မတ်လ ၂၇ ရက်တုန်းက ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူ ၂၀ ကျော်ထဲကမှ တကိုယ်လုံးသွေးတွေနဲ့ ဒဏ်ရာရခဲ့တဲ့ ကိုလျှံဖြိုးအောင်ကို သေဆုံးပြီအမှတ်နဲ့ ကားပေါ်က ထမ်းချပြီး စစ်ဆေးရုံမှာ ထားခဲ့လို့ ဆေးရုံက ဆေးဆက်ကုပေးခဲ့တာပါ။

    ဆေးရုံတက်နေရတဲ့ ကိုလျှံဖြိုးအောင်ဆီကို တရားသူကြီးရယ်၊ ရှေ့နေတစ်ယောက်နဲ့ ရဲတစ်ယောက်တို့ ဧပြီလ ၁၂ ရက်မှာ ရောက်လာပြီး ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့်လိုက်တာ၊ ဧပြီလ ၂၆ ရက်မှာ ပထမဆုံးရုံးချိန်းရှိတယ်ဆိုတဲ့အကြောင်း လာအသိပေးခဲ့တာပါ။

    အဲဒီနောက်ပိုင်း ကိုလျှံဖြိုးအောင်ဟာ စစ်ဆေးရုံကနေပဲ အမှုရုံးချိန်းတွေကို တက်နေတဲ့သူဖြစ်ပါတယ်။

    အခုတော့ ဆေးရုံတက်နေရတဲ့ကိုလျှံဖြိုးအောင်ကို အကျဉ်းထောင်ကို လွှဲပြောင်း လိုက်တာလို့ အကိုဖြစ်သူက လူမှုကွန်ယက်က ထုတ်ပြောလာတာပါ။

    လက်ရှိမှာ ကိုလျှံဖြိုးအောင်ဟာ ကိုယ်လက်အင်္ဂါမပြည့်စုံဖြစ်နေပြီး နစ္စဓူဝကိစ္စတွေမှာ မိသားစုရဲ့အကူအညီကို ယူနေရသူဖြစ်နေတာကြောင့် အခုလို အချုပ်ထဲကနေ တရားရင်ဆိုင်နေရတာကနေလွတ်အောင် ဝိုင်းကူညီကြဖို့ကိုလည်း မိသားစုက တိုက်တွန်းပါတယ်။

    ကိုလျှံဖြိုးအောင်ဟာ ဆန္ဒပြပွဲမှာ ရတဲ့ဒဏ်ရာကြောင့် မျက်ကြည်လွှာ အစားထိုးကုသဖို့ အရေးပေါ်လိုနေသလို ရာဘာကျည်ဆန်တွေထိမှန်ထားလို့ ဒဏ်ရာရထားတဲ့အတွက်လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ ဘယ်ခြေထောက်ကို ကုသဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ လိုနေသူလည်းဖြစ်တယ်လို့ သိရပါတယ်။

  4. ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အကူညီပေးမူတွေကို လက်ခံဖို့မရှိကြောင်း ရှေ့နေပြော

    ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အကူညီပေးမူတွေကို လက်ခံဖို့မရှိကြောင်း ရှေ့နေပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရှေ့နေဦးခင်မောင်ဇော်

    ထိန်းသိမ်းခံနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတူနေ မိသားစုဝင်တွေအတွက် ရိက္ခာ ၊ဆေးဝါးနဲ့ငွေကြေးလိုအပ်ချက်တွေရှိတယ်လို့ ပြောကြားချက်နဲ့ပတ်သက်ပြီး အလှူငွေ ပေးပို့လိုတဲ့ ကမ်းလှမ်းချက်တွေရှိလာပေမယ့် လက်ခံမှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကို ဦးဆောင်သူ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၇ ရက် ရုံးချိန်းအပြီး ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကိုပြန်လည်ပြောပြပေးခဲ့တဲ့အပေါ် လူထုက အလှူငွေတွေပေးပို့ဖို့ကြိုးစားနေတာပါ။

    ''ဒေါ်မင်းမင်းစိုးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ပြောပြတဲ့ သူ အခုထိ သူ့စရိတ်နဲ့သူပဲနေနေတယ်ဆိုတာကိုမျှဝေလိုခြင်းပါ။ သူ့ငွေရေးကြေးရေးအခြေအနေကသူနဲ့ရင်းနှီးတဲ့ရှေ့နေတွေကိုတိုင်ပင်တဲ့ အခြေအနေပါ ’’ လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

    လက်ရှိမှာ ဦးခင်မောင်ဇော်နဲ့ရှေ့နေအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ရဲ့ အမှုကို အခမဲ့လိုက်ပေးနေတာဖြစ်ပြီး ရှေ့နေအကျိူဆောင်သာမက ဘယ်စရိတ်စကကိုမှ လက်မခံဘူးလို့ဆိုပါတယ်။

    လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အတွက်ဆိုပြီး မည်သည့် ငွေကြေးပစ္စည်းကိုမှ မပေးပို့ကြဖို့ ဦးခင်မောင်ဇော်က မေတ္တာရပ်ခံတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။

  5. တာမွေ၊ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး အပစ်ခံရ

    ရန်ကုန် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် ဒီနေ့ ဇွန်လ ၈ ရက် မနက်ခင်းမှာ သေနတ်နဲ့ပစ်ခံရပြီးတဲ့နောက် အဲဒီအနီးအနားတဝိုက်ကလူတချို့ကို စစ်ဆေးဖို့ခေါ်ဆောင်တာတွေရှိနေတယ်လို့ အဲဒီအနီးနေထိုင်သူတွေကပြောပါတယ်။

    ''သူ့ကို ဆိုင်ရှေ့မှာ ကားတံခါးဖွင့်ပြီး ပစ်သွားတာ၊ အခုတော့အဲဒီ အခင်းဖြစ်တဲ့နားက ကွမ်းယာဆိုင်က လူကိုခေါ်သွားတယ်၊ စစ်ဆေးဖို့လို့ပြောတယ်၊ တချို့လည်း ထပ်ပါတယ်ကြားတယ်''လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ အပစ်ခံရတဲ့ အနီးအနားရှိ ကျောက်မြောင်း၊ သတိပဋ္ဌာန်နဲ့အာသောကလမ်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထား ပြီး မိုင်းရှင်းခွေးတွေ နဲ့ပါ ရှာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။

    တာမွေ၊ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး အပစ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. ရန်ကုန်လူငယ်တွေရဲ့မြို့နယ်ပေါင်းစုံ ပြောက်ကျားသပိတ် အဖမ်းအဆီးတချို့ရှိ

    ရန်ကုန်လူငယ်တွေရဲ့မြို့နယ်ပေါင်းစုံ ပြောက်ကျားသပိတ် အဖမ်းအဆီးတချို့ရှိ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရန်ကုန်က မြို့နယ်တချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို နေ့စဉ်နေ့တိုင်းနီးပါး ဆန္ဒပြနေကြတဲ့ ရန်ကုန်မြို့နယ်တချို့က လူငယ်တွေရဲ့ ဒီနေ့ ဇွန်လ ၈ ရက် စုပေါင်းပြောက် ကျားသပိတ်မှာ အဖမ်းအဆီးရှိခဲ့တယ်လို့ သပိတ်မှာပါတဲ့လူငယ်တစ်ဦးကပြောပါတယ်။

    ဒီနေ့ မြို့နယ်ပေါင်းစုံ စုပေါင်းပြောက်ကျားသပိတ်ကို လှိုင်မြို့နယ်၊ ဘုရင့်လမ်းပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    သပိတ်အပြီး လူစုခွဲနေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး လူငယ်တွေကို ဖမ်းဆီးတာတွေလုပ်ခဲ့လို့ လူငယ် ၂ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ရန်ကုန်မြို့လယ်မှာလုပ်တဲ့ လူငယ်တွေရဲ့တိုင်းရင်းသားပေါင်းစုံပြောက်ကျားသပိတ်မှာ လူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

  7. အာဆီယံနဲ့ စစ်ကောင်စီ သဘောတူချက် အကောင်အထည်ဖော်ရေးမှာ တရုတ်ဝင်ကူဖို့ အင်ဒိုပြော

    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံက ထုတ်ပြန်ထားတဲ့ အချက် ၅ ချက်ပါ သဘောတူချက်ကို အကောင်အထည်ဖော်နိုင်ရေးမှာ တရုတ်အစိုးရက ကူညီဆောင်ရွက်ပေးမယ်ဆိုရင် အာဆီယံအဖွဲ့ကြီးအနေနဲ့ ကျေးဇူး အထူးတင်မှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောပါတယ်။

    တရုတ်နိုင်ငံ ချုန်ချင်းမြို့မှာ ကျင်းပတဲ့ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး အပြီးမှာ သတင်းထောက်တွေကို အွန်လိုင်းကနေ မစ္စစ် မာဆူဒီက ပြောကြားသွားခဲ့တာပါ။

    အဲဒီအစည်းအဝေးဟာ တစ်နှစ်ကျော်ကာလအတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပထမဆုံးအကြိမ် အစည်းအဝေး ဖြစ်ပြီး မြန်မာနိုင်ငံအရေးကို ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း ဒီအစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

    "အာဆီယံ အထူးအစည်းအဝေး တစ်ခုကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပနိုင်အောင် အာဆီယံအဖွဲ့က အားကြိုးမာန်တက် ကြိုးပမ်းခဲ့ပြီး အဲဒီအစည်းအဝေးမှာ အချက် ၅ ချက်ပါ သဘောတူချက် ရနိုင်ခဲ့ပါတယ်"

    "အာဆီယံရဲ့ လက်ရှိတာဝန်က ဒီသဘောတူချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ ဒီအချက် ၅ ချက်ပါ သဘောတူချက်ကို အကောင်အထည်ဖော် ရှေ့ဆက်ဆောင်ရွက်သွားဖို့ အာဆီယံကို တရုတ်က အားပေးကူညီမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးမှာ အထောက်အကူ ပြုနိုင်ပါလိမ့်မယ်" လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောပါတယ်။

    အဲဒီ အာဆီယံ အထူးအစည်းအဝေးအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံအကြား သဘောတူခဲ့တဲ့ အချက် ၅ ချက်ထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့နဲ့ မြန်မာပြည်သူတွေအကျိုးအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်ဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီတွေ့ဆုံဆွေးနွေးမှုတွေကို ကြားဝင် ဆောင်ရွက်ပေးဖို့ အာဆီယံ အထူးကိုယ်စားလှယ် ခန့်ထားရေး ဆိုတဲ့ အချက်လည်း ပါပါတယ်။

    "အာဆီယံရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေသူ အားလုံးနဲ့ တွေ့ခွင့် ရှိရမှာ ဖြစ်ပါတယ်။ ဒါကို မြန်မာစစ်တပ်ဘက်က လုပ်ဆောင်ပေးဖို့ လိုပါတယ်" လို့ သူက ပြောသွားပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အာဆီယံ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ဒါပေမဲ့လည်း အာဆီယံ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ရော၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ CDM လှုပ်ရှားမှု အဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးတာမျိုး မလုပ်ခဲ့တဲ့အတွက် FORUM-ASIA၊ Progressive Voice နဲ့ ALTSEAN-Burma အဖွဲ့တွေနဲ့ အရပ်ဘက် အဖွဲ့အစည်း ၄၀၇ ဖွဲ့က ဒီကနေ့မှာပဲ အာဆီယံကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

    အာဆီယံ တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် ဒီကနေ့မနက်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အာဆီယံ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အကြောင်း အကျဉ်းချုံး ပြောဆိုခဲ့ကြတယ်လို့ မစ္စစ် မာဆူဒီက ပြောပါတယ်။

    မနေ့တုန်းကတော့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး အာဆီယံနဲ့ စစ်ကောင်စီအကြား သဘောတူထားချက်တွေကို အကောင်အထည်ဖော်နိုင်ရေးမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင် ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

    အာဆီယံ၊ အင်ဒိုနီးရှား၊ တရုတ်၊ မြန်မာ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီ
  8. မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂နှစ်ချမှတ်၊နောက်တစ်မှု ထပ်တိုးစွဲ

    မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဒီကနေ့ မကွေးအကျဥ်းထောင်က အထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ်၂နှစ်ချမှတ်လိုက်ပါတယ်။

    ပုဒ်မ ၅၀၅ (ခ) နဲ့စွဲဆိုခံထားရတဲ့အမှုအတွက် အမိန့်ချခဲ့တာဖြစ်ပါတယ်။

    စီရင်ချက်ချအပြီးမှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ်ထိကျခံရနိုင်တဲ့ သဘာဝဘေး ဥပ​ဒေပုဒ်မ (၂၅)နဲ့ ပွင့်ဖြူရဲစခန်းမှူးက ထပ်မံစွဲဆိုလိုက်တယ်လို့လည်း သိရပါတယ်။

    "ဆရာကတော့ အမှုကို အယူခံထပ်မတက်တော့ဘူး ပြောတယ်။ တက်လည်း ထူးမှာမဟုတ်ဘူးလို့ပြောတယ်။ အမိန့်ချပြီးလို့ ထောင်ကိုပြန်ပို့ဖို့အလုပ်မှာ နောက်တစ်မှုထပ်စွဲဖို့ရောက်လာတာ။ ဆရာကတော့ ဦးမြင့်အောင်တို့ပဲ လိုက်ပေးပါလို့ပြောပါတယ်။ ကျန်းမာရေးကတော့ နဲနဲပိန်သွားတာကလွဲလို့ ကောင်းပါတယ်။ ထောင်ထဲမှာလည်းနေရတာ အဆင်ပြေတယ်ပဲ ပြောပါတယ်။ "

    လို့ ​‌‌ဒေါက်တာအောင်မိုးညိုရဲ့ ရှေ့နေဦးမြင့်အောင်က ဘီဘီစီကိုပြောပါတယ်။

    tag

    ဓာတ်ပုံ ရင်းမြစ်, MOI

  9. ကလေးမြို့မှာ ကိုဗစ်ကြောင့်သေဆုံးသူ ၁၀ ဦးအထိရှိလာ

    စစ်ကိုင်းတိုင်းကလေးမြို့မှာ ကိုဗစ်ကြောင့်သေဆုံးသွားသူ လူနာဟာ ၁၀ ဦးအထိ ရှိလာနေပြီလို့ ဒေသခံတွေကနေတစ်ဆင့်သိရပါတယ်။

    လက်ရှိ အခြေအနေမှာလည်း ကိုဗစ် ရောဂါကူးစက်ခံထားရပြီး ကလေးမြို့က ကိုဗစ်စင်တာကို ရောက်ရှိနေတဲ့ လူနာကလည်း လေးဆယ်နီးပါးရှိနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

    ကလေးမြို့ ကိုဗစ်စင်တာမှာတော့ ဆေးဝန်ထမ်းအခက်အခဲတွေ ရှိနေပြီး ရှိတဲ့ ဆေးဝန်ထမ်းတွေနဲ့ ကိုဗစ်လူနာတွေကိုကြည့်ရှုနေရတယ်လို့သိရပါတယ်။

    ကလေးမြို့ ကိုဗစ်စင်တာမှာ ရောက်ရှိနေသူ အိန္ဒိယနယ်စပ်နဲ့ ကားပြေးဆွဲတဲ့ ဒရိုင်ဘာတစ်ဦးကို ဆရာဝန်လာမကြည့်တာနှစ်ရက်ရှိပြီလို့လည်းပြောပါတယ်။

    ပြီးခဲ့ဇွန်လ ၆ ရက်နေ့က ကလေးမြို့မှာ ကိုဗစ်ကူးစက်ခံရသူ ၁၉ ဦးရှိပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

    ကလေးမြိုဟာ စစ်ကိုင်းတိုင်း နယ်နမိတ်ထဲပါဝင်ပေမဲ့ အိန္ဒိယနဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်မြောက်ပိုင်းရဲ့ အစပ်လည်းဖြစ်ပြီး နယ်စပ်မှာ ကူးစက်မှုတွေ ဖြစ်လာအပြီးမှာ ကလေးမြို့မှာ အခုလို ကိုဗစ်တစ်ကျော့ပြန်မှာ ထိတွေ့သူတွေကနေ တစ်ဆင့် ပြန်လည်လူနာ များလာတာဖြစ်ပါတယ်။

    ချင်းပြည်နယ်မြောက်ပိုင်းတွန်းဇံမှာလည်း ဒီကနေ့ ကိုဗစ် စစ်ဆေးမှုအရ ကျီခါးမှာ ၄၅ ယောက် စစ်ဆေးတဲ့အခါ ပိုးတွေ့တာ ၈ ဦး။ တွန်းဇံမှာ ၁၆ ဦးစစ်ဆေးတာမှာ ပိုးတွေ့တာ ၇ ဦး နဲ့ လက်ရှီ ဆေးရုံဆင်းလူနာကတော့ ၂၈ ဦးရှိတယ်လို့သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  10. တိုင်း‌ဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးများနိုင်

    တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ မိုးကြီးနိူင်တဲ့အတွက် ပြည်သူတွေနဲ့စစ်ဘေးရှောင်တွေအနေနဲ့သဘာဝဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်ထားကြဖို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ် ။

    ဒီထုတ်ပြန်ချက်ထဲမှာ ကရင်ပြည်နယ် ဘားအံ့ ၊ ကမမောင်း ၊ လိူင်းဘွဲ့ ၊ ကော့ကရိတ် ၊ဖာပွန် ၊ကြာအင်းဆိပ်ကြီး၊ ၊ မွန်ပြည်နယ်ထဲက မြိုနယ်တွေဖြစ်တဲ့ သထုံ ၊ ကျိုက်ထို ၊ ပေါင် ၊ မုဒုံ ၊ မော်လမြိုင် ၊ ကျိူက္ခမီ ၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း ၊ ရခိုင်ပြည်နယ် နေရာအနှံအပြားနဲ့ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ် မြောက်ပိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန်လက်မ ၃လက်မထိ မြင့်တက်ပြီးမိုးရွာသွန်းနိူင်တယ်လို့ခန့်မှန်းပြောဆိုထားပါတယ် ။

    ဒါကြောင့်လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မူကြောင့်

    စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို မြစ်ချောင်းအင်းအိုင်တွေကနေ ဘေးလွတ်ရာကို

    တိမ်းရှောင်ဖို့ကိုလည်း သတိပေးထုတ်ပြန်ထားပါတယ် ။

    “မိုးက ဒီလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ဒီတိုင်းနယ်ဒေသကြီးတွေမှာ မုတ်သုံလေအားကောင်းမယ့်အခြေနေရှိတယ်မိုးများမယ်။ မိုးရွာသွန်းမူကနှစ်ရက်သုံးရက်ဆက်တိုက်ဖြစ်လာရင် လျှပ်တစ်ြက်ရေကြီးတာတွေ မြေပြိုတာတွေဖြစ်နိုင်တယ်။ မိုးဆက်တိုက်ရွာလာရင်တော့ မြေပြိုမူဖြစ်နိူင်တဲ့ရာခိူင်နူန်းများလို့သတိထားဖို့လိုမယ်။၃ရက်ဆက်တိုက်ရွာလာရင်တော့ သတိထားဖို့လိုမယ် ။ တောင်ကုန်းတွေများတဲ့နေရာ သစ်ပင်တွေနည်းတဲ့နေရာအဲ့လိုနေရာတွေကိုရှောင်ပြီးနေကြဖို့လိုတယ် ။မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းကဘီဘီစီကိုပြောပါတယ် ။

    လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကြားဖြစ်ပွားတဲ့ပစ်ခတ်မူတွေကြောင့် ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူတွေ ထောင်နဲ့ချီရှိနေပါတယ် ။ ဒါ့ပြင်ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ဇရစ်ရိုးအုပ်စု လှည်းဆွဲကျေးရွာမှာဇွန်လ ၅ရက်နေ့ကဖြစ်ခဲ့တဲ့ပစ်ခတ်နှိမ်နှင်းမူတွေကြောင့်လှည်းဆွဲကျေးရွာအပြင် အနီးနားကကျေးရွာတွေမှာလည်း စစ်ဘေးတိမ်းရှောင်သူတွေ၂၀၀၀ လောက်ရှိနေပါတယ်။

    ရန်ကုန်က ရပ်ကွက်အချို့မှာ ဇွန်လ ၇ ရက်နေ့က မိုးများပြီးရေကြီးမှုဖြစ်
    ဓာတ်ပုံ ပုံစာ, ရန်ကုန်က ရပ်ကွက်အချို့မှာ ဇွန်လ ၇ ရက်နေ့က မိုးများပြီးရေကြီးမှုဖြစ်
  11. မြန်မာ့အရေး ဖြေရှင်းရာမှာ တိုးတက်မှု နှေးနေလို့ စိတ်ပျက်မိတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

    မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ တိုးတက်ဖြစ်ထွန်းမှု အရမ်းကို နှေးနေတဲ့အတွက် စိတ်ပျက်မိတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန် က ဒီကနေ့ ဇွန်လ ၇ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    သူ တက်ရောက်နေတဲ့ တရုတ်နိုင်ငံ ချုန်ချင်းမြို့အာဆီယံ တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    "အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်သွားစေရေး၊ မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေ ပြန်လွတ်လာရေး၊ သက်ဆိုင်သူတွေ အားလုံးအကြား အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ရေးတွေအတွက် ကျွန်တော်တို့အားလုံး ပူးပေါင်း ကြိုးပမ်းနေကြပါတယ်"လို့ ဒေါက်တာ ဘလာခရစ်ရှ်နန်က ချုန်ချင်းမြို့ကနေ စင်္ကာပူသတင်းထောက်တွေကို ဖုန်းနဲ့ ပြောကြားစဉ်မှာ အခုလိုပြောသွားခဲ့တာပါ။

    "မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်တဲ့ကိစ္စဟာလည်း မြန်မာနိုင်ငံတွင်းမှာ စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ စစ်မှန်တဲ့ စိတ်ဆန္ဒရှိမှသာ အဓိပ္ပာယ်ရှိမှာ ဖြစ်ပါတယ်။ ဒါက ကြိုးစားလုပ်ဆောင်နေဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်"လို့ သူက ပြောပါတယ်။

    "အမှန်အတိုင်း ဝန်ခံရရင် တိုးတက်ဖြစ်ထွန်းမှု အရမ်း၊ အရမ်းကို နှေးကွေးနေပြီး အရပ်သားတွေ ဆက်သေကြေ၊ ဒဏ်ရာရနေကြဆဲပဲ ဆိုတာကို သိနေရတဲ့အတွက်လည်း ကျွန်တော်တို့ အကြီးအကျယ် စိတ်ပျက်မိရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း တစ်ယောက်မှ မလွတ်လာသေးပါဘူး။ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးပြောဆိုမှု၊ ပူးပေါင်းဆောင်ရွက်မှု လက္ခဏာမျိုးလည်း မတွေ့ရသေးပါဘူး။ ဒါကို ကျွန်တော်တို့ ဆက်စောင့်ကြည့်ရမှာပါ"

    ဒါပေမဲ့လည်း အာဆီယံရဲ့ အဓိက အခန်းကဏ္ဍဟာ ပြည်တွင်းရေးကို ဝင်စွက်ဖို့ မဟုတ်ကြောင်းနဲ့ တကယ့်တကယ်မှာ မြန်မာပြည်တွင်းက မြန်မာပြည်သူတွေကိုယ်တိုင်ကသာ ကိုယ့်အနာဂါတ်ကို ကိုယ်ဖန်တီးကြရမှာ ဖြစ်ကြောင်းကိုလည်း သူက ထပ်လောင်းပြောသွားခဲ့ပါတယ်။

    "စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်လာမယ်ဆိုရင် အားပေးကူညီ ဆောင်ရွက်သွားဖို့ အာဆီယံအနေနဲ့ အသင့် ရှိနေပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။ စိတ်ပျက်စရာ အခြေအနေ ဖြစ်နေပေမဲ့ မျှော်လင့်ချက်ကို မစွန့်လိုက်ကြပါစို့နဲ့" လို့ ဒေါက်တာ ဘလာခရစ်ရှ်နန် က ပြောသွားခဲ့ပါတယ်။

    စင်္ကာပူ၊ အာဆီယံ၊ မြန်မာ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်
  12. ရန်ကုန်မိုးသည်းသည်းနဲ့ ဆန္ဒပြပွဲ

    ရန်ကုန်မြို့မှာ ဒီနေ့ ဇွန်လ ၇ ရက်နေ့က မိုးကြီးပြီး နေရာအတော်များများမှာ မီးတွေပျက်နေတယ်လို့လည်း ရန်ကုန်ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီစစ်တပ်က ဖမ်းဆီးမှုများရှိပေမဲ့လည်း ဇွန်လ၇ရက်နေ့က ရန်ကုန်မိုးသည်းထဲမှာ စမ်းချောင်းမြို့နယ်က လူငယ်တွေ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက် ဆန္ဒပြခဲ့ကြပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

  13. ရွှေညောင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်လို့ သေဆုံးခဲ့သူ ၂ ဦးရဲ့ဈာပနပြုလုပ်

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ချိန် သေဆုံးခဲ့တဲ့ရွှေညောင်နယ်ခံ ၂ ဦးရဲ့ဈာပနပြုလုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ရွှေညောင်မြိုနယ်က ကိုသိန်းနိုင်နဲ့ မောင်သန့်စင်အောင်တို့ရဲ့ နာရေးကို ဒီနေ့ ဇွန်လ ၇ရက်မှာ ရွှေညောင်မြို့မသုသာန်မှာပြုလုပ်ခဲ့ပါတယ်။

    ဇွန်လ ၅ ရက်ညပိုင်းက ရွှေညောင်မြို့ ရွှေညောင်လမ်းခွဲ မီးပွိုင့်အနီးမှာ ကိုသိန်းနိူင်၊မောင်သန့်စင်အောင်နဲ့ မောင်ခိုင်ဇော်ဝင်းတို့ သုံးယောက် ဆိုင်ကယ်စီးချိန် တပ်စွဲထားတဲ့ စစ်တပ်ရှေ့မှာ ဆဲရေးတယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနောက်ကနေလိုက်ပစ်ခတ်ခဲ့တာပါ။

    "ညပိုင်းမှောင်နေပြီဆိုတော့ ဘယ်သူမှထွက်မကြည့်ရဲကြဘူး ဆဲလို့ပစ်တယ်လို့ပဲပြောတယ်။ ဆဲတယ်ဆိုတာလည်း ဘယ်သူမှမကြားဘူး။ မျက်မြင်လည်းမရှိဘူးဆိုင်ကယ်မရပ်တော့ အနောက်ကနေလိုက်ပစ်တာလို့ အနားကအိမ်တွေဆီက ပြောတာပဲကြားရတယ် " လို့မိသားစုနဲ့နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

    ဒီဖြစ်စဉ်ကြောင့် အသက် ၂၅ နှစ်အရွယ် ကိုသိန်းနိုင်နဲ့အသက် ၁၉ နှစ်အရွယ် မောင်သန်းဇော်အောင်တို့ သေဆုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ကိုခိုင်ဇော်ဝင်းကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားခဲ့တာပါ။

    သူတို့ဟာ ဆဲဆိုပြီး ထွက်ပြေးစဉ် လမ်းမှာ လက်ပစ်ဗုံးပြ၊ ထပ်ပြီးစိန်ခေါ်လို့ ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ လည်း စစ်ကောင်စီထိန်းချုပ်တဲ့ မြန်မာ့ရုပ်သံက ထုတ်လွှင့်သွားခဲ့ပါတယ်။

    ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မောင်ခိုင်ဇော်ဝင်းကိုတော့ လက်နက်ခဲယမ်းတွေနဲ့တကွဖမ်းဆီးမိတယ်လို့ဆိုပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံတွေမှာ ကြေညာခဲ့ပါတယ်။

  14. မြင်းမူက ဘဏ်ဝန်ထမ်း ၅ ဦးမှာ ကိုဗစ်ပိုးတွေ့

    စစ်ကိုင်းခရိုင် မြင်းမူမြို့က ဘဏ်တစ်ခုက ဝန်ထမ်း ငါးဦးမှာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့တယ်လို့ မြို့နယ်ကျန်းမာရေးဌာနဆီက သိရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်း မြင်းမူမြို့နယ်မှာ တွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ အသက် ၇၈ နှစ်အရွယ် အဘိုးတစ်ဦးနဲ့ ထိတွေ့ခဲ့သူတွေကို စစ်ဆေးရာကနေ အခုလို တွေ့ခဲ့တာလည်းဖြစ်ပါတယ်။

    " မြင်းမူမြို့နယ်ထဲက ၇၈ နှစ်ရှိပြီဖြစ်တဲ့ အဘိုးတစ်ယောက်က မန္တလေးကို ဆေးသွားပြတာ။ ဟိုမှာစစ်လိုက်လို့ positive ထွက်တော့ family contact စစ်လိုက်တာ။ တစ်ယောက်က positive ထပ်ထွက်တယ်။ အဲ့လူက ဘဏ်ဝန်ထမ်းဖြစ်‌နေတာ။ ဒါကြောင့် ဘဏ်က ထိတွေ့သူ အကုန်စစ်လိုက်တော့ ဘဏ်က လေးယောက် ထပ်ထွက်တာ"လို့ မြင်းမူမြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

    ကိုဗစ်ရောဂါပိုး positive တွေ့ရှိခဲ့သူတွေဟာ ခရီးသွားရာဇဝင် မရှိသူတွေ ဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက ကိုဗစ်ကူးစက်မှုတွေ ဖြစ်နေတဲ့ ကလေးမြို့၊ တမူးမြို့တို့နဲ့လည်း အဆက်အစပ် မရှိကြောင်းလည်း သူက ပြောပါတယ်။

    ကိုဗစ်ပိုးတွေ့လူနာကို မြင်းမူ ပြည်သူ့ဆေးရုံကြီး သီးသန့်အဆောင်မှာ ထားရှိထားကြောင်းနဲ့ လူနာတွေဟာ အသက် ၂၀ကျော် ၃၀ကျော်တွေ ဖြစ်ပြီးကျန်းမာရေးကောင်းမွန်ကာ လက်ရှိအချိန်မှာ ဘာရောဂါလက္ခဏာမှ မပြ‌သေးဘူးလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, မြင်းမူပရဟိတ လူမှုကူညီရေးအသင်း

    no tag

    ဓာတ်ပုံ ရင်းမြစ်, မြင်းမူပရဟိတ လူမှုကူညီရေးအသင်း

  15. သာကေတမှာ ရဲ ၂ ဦး ပစ်ခတ်ခံရ

    ရန်ကုန်၊ သာကေတမြို့နယ်ထဲက မာန်ပြေ ၁၁ လမ်းအနီးမှာ ဒီကနေ့ ဇွန်လ ၇ ရက် မနက် ၇ နာရီဝန်းကျင်လောက်က ရဲ ၂ ဦး အပစ်ခံရပြီး တစ်ဦးက ခါးကို ထိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒဏ်ရာရသွားသူထဲက ရဲတစ်ဦး သေဆုံးသွားပြီလို့ ဒေသခံတွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

    "မုန့်စားနေတုန်း ဖောက်ကနဲ ဆိုတဲ့အသံ ကြားလိုက်ပေမဲ့ ထရန်စဖော်မာ ပေါက်တာလားဆိုပြီး အစကတော့ ငြိမ်နေကြတာပဲ။ နောက်ပိုင်းကျမှ ပစ်သွားတယ်ဆိုတာ သိရတော့ အကုန်လုံး ထပြေးကြ၊ လွှားကြ ဖြစ်ကုန်တယ်။ ရဲနှစ်ယောက် အပစ်ခံရတယ်။ သူတို့ဆိုင်ကယ်လည်း အနားမှာ လဲကျနေတာကို မြင်ခဲ့ရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အဲဒီပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး လမ်းတချို့ ပိတ်ကာ လမ်းသွား လမ်းလာတွေကို စစ်ဆေးတာတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. ‌ရေဖြူမြို့နယ် သစ်တိုထောင့်ရွာက ရွာသား၂ ဦး အသတ်ခံရ

    ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် သစ်တိုထောင့်ရွာနေ ဒေသခံအမျိုးသားနှစ်ဦး ငါးဝယ်ဖို့ ဆိုင်ကယ်နဲ့သွားစဉ် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။

    ဒေသခံတွေအပြောအရ အဲဒီ့အမျိုးသားနှစ်ဦးဟာ ထားဝယ် ရေနက်ဆိပ်ကမ်းနယ်မြေဖြစ်တဲ့ ဘဝါကျေးရွာမှာ ငါးသွားဝယ်ရာကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

    ပျောက်ဆုံးနေသူတွေကတော့ သစ်တိုထောင့်ရွာက အသက် ၄၀ နှစ်အရွယ် ကိုဝင်းဇော်ထွေးနဲ့ ၂၃ နှစ်အရွယ် ကိုဟိန်းမင်းကိုတို့ ဖြစ်ကြပါတယ်။

    ဇွန်လ ၆ ရက်နေ့မနက် လေးနာရီလောက်မှာ ငါးဝယ်ဖို့ အိမ်ကနေ ထွက်သွားခဲ့ရာမှာ ဘဝါရွာငါးဒိုင်ကို ရောက်မလာသေးဘူးဆိုတာကို ငါးအရောင်းဒိုင်က ဖုန်းဆက်လာချိန်မှ ခင်ပွန်းဖြစ်သူ ပျောက်ဆုံးနေတာ သိရကြောင်း ကိုဟိန်းမင်းကိုရဲ့ ဇနီးဖြစ်သူက ပြောတယ်လို့ သိရပါတယ်။

    အဲ့ဒီနောက် ဖုန်းအဆက်အသွယ်မရလို့ ရေဖြူဆေးရုံနဲ့ ရဲစခန်းတို့ကို အကြောင်းကြားခဲ့ကြောင်းနဲ့ ညဘက်ရောက်ချိန်မှာ လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ခင်ပွန်းဖြစ်သူရဲ့ အလောင်းဓာတ်ပုံကို မြင်တွေ့ခဲ့ရကြောင်း ကိုဟိန်းမင်းကိုရဲ့ ဇနီးက ပြောပါတယ်။

    လက်ရှိအချိန်အထိ သူဘယ်နေရာမှာ သေဆုံးခဲ့ပြီး အလောင်း ဘယ်မှာ ရှိသလဲဆိုတာကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

    သတင်းနှင့် ဓာတ်ပုံ DAWEI WATCH

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. မစိုးရိမ်တိုက်သစ်ဖြစ်စဉ်မှာ စစ်ကောင်စီထုတ်ပြန်ချက် ဖြစ်ရပ်မှန်နဲ့လွဲချော်နေတယ်လို့ တိုက်နာယကအဖွဲ့စာထုတ်

    မစိုးရိမ်တိုက်သစ်ကသံဃာတစ်ချို့ဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက   ပြည်သူပြည်သားတွေ၊ ထိန်းသိမ်းခံထားရသူတွေအတွက် ညပရိတ်ရွတ် မေတ္တာပို့ လေ့ရှိပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မစိုးရိမ်တိုက်သစ်ကသံဃာတစ်ချို့ဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ပြည်သူပြည်သားတွေ၊ ထိန်းသိမ်းခံထားရသူတွေအတွက် ညပရိတ်ရွတ် မေတ္တာပို့ လေ့ရှိပါတယ်။

    မန္တလေးမြို့က မစိုးရိမ်တိုက်သစ်မှာ ညပရိတ်ရွတ်သံဃာတော်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆဲဆို၊ဖြိုခွင်း၊ပစ်ခတ်တာတွေ မလုပ်ခဲ့ဘူးဆိုတဲ့ စစ်ကောင်စီထုတ်သတင်းစာတွေမှာဖော်ပြချက်ဟာ ဖြစ်ရပ်အမှန်နဲ့ လွဲချော်နေတယ်ဆိုပြီး တိုက်နာယကအဖွဲ့က ဒီနေ့ ဇွန်လ ၇ ရက်မှာ စာထုတ်ကန့်ကွက်လာပါတယ်။

    ဒီလိုသတင်းဖော်ပြခဲ့တာဟာ သတင်းမှန်ဖော်ပြသူတွေရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်နစ်နာစေတဲ့အတွက် ကန့်ကွက်တယ်လို့ ဆိုပါတယ်။

    တကယ်အဖြစ်မှန်ဟာ ဇွန်လ ၁ ရက်ညပိုင်းက ညပရိတ်ရွတ်နေတဲ့ တိုက်သံဃာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကား ၄ စီးနဲ့ လာရောက်ဖြိုခွင်းခဲ့တာဖြစ်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့အပြင် ပရိတ်ရွတ်သံဃာတွေကိုရော၊ တိုက်တွင်းသံဃာတွေကိုပါ ဝင်ရောက် ဆဲဆိုကြိမ်းမောင်းတာ၊ ခြိမ်းခြောက်ပစ်ခတ်တွေလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    အဲဒီဖြစ်စဉ်မှာ သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒါပေမဲ့ ဇွန်လ ၄ ရက်ထုတ် စစ်ကောင်စီသတင်းစာမှာတော့ ပစ်ခတ်တာတွေ မပြုလုပ်ခဲ့သလို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မစိုးရိမ်တိုက်သစ် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်ကို အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူက သွားရောက်လျှောက်ထားရာမှာ ဇွန်လ ၁ရက် ညဖြစ်စဉ်ဟာ မှန်ကန်မှုမရှိတာကို စိစစ်တွေ့ရှိရတယ်လို့ ဖော်ပြခဲ့ပါတယ်။

    နာယကအဖွဲ့ကတော့ ပရိယတ္တိစာသင်တိုက်ထဲ လက်နက်ကိုင်ဆောင် ဝင်ရောက်ပြီး ဆဲဆို၊ ခြိမ်းခြောက်၊ပစ်ခတ်တာတွေဟာ အဂါရ၀ ဖြစ်စေတဲ့လုပ်ရပ်ဖြစ်လို့ ကန့်ကွက်ရှုတ်ချတယ်လို့ ပြောထားပါတယ်။

  18. အတိုင်ပင်ခံအပေါ် စွဲဆိုထားတဲ့အမှုတွေကို ရက်ပေါင်း ၁၈၀အတွင်း အပြီးပြတ်စစ်ဖို့ သဘောတူ, ထိန်းသိမ်းခံထားရစဉ် အသုံးစရိတ်စီစဉ်ပေးဖို့ ရှေ့နေအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်အကူညီတောင်း

    အတိုင်ပင်ခံအပေါ် စွဲဆိုထားတဲ့အမှုတွေကို ရက်ပေါင်း ၁၈၀အတွင်း အပြီးပြတ်စစ်ဖို့ သဘောတူ

    ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက်လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးမှုကို ဒီကနေ့ ဇွန် ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

    ရုံးချိန်းမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ဟာ အမှုကိစ္စပြောဆိုဖို့ နာရီဝက် တွေ့ဆုံ ပြောခွင့် ရခဲ့တယ်လို့ ရှေ့နေအဖွဲ့ကပြောပါတယ်။

    ‘‘ဒီကနေ့ ရုံးချိန်းမှာ အမှုတွေဟာ ရိုးရှင်းတဲ့အမှုတွေဖြစ်လို့ ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဖို့ တရားရုံးကို တင်ပြရာမှာ တရားသူကြီးဘက်ကလည်း လက်ခံတယ်။ ဒါကြောင့် ဖေဖော်ဝါရီမှာ အမှုရုံးစတင်စွဲတာဖြစ်လို့ ၂၆.၇.၂၁ မှာအမှုတွေကို အပြီးစစ်မယ်။ ဒါကြောင့် တပတ်ခြားမဟုတ်တော့ဘဲ ရှေ့အပတ်ကစပြီး အပတ်စဉ် တနင်္လာနဲ့ အင်္ဂါတိုင်း ရုံးချိန်းရှိမယ်။ တနင်္လာနေ့မှာ ၃မှု ၊ အင်္ဂါနေ့မှာ ၂ မှုရှိမယ်။ တရားလိုဘက်က သက်သေတွေကို ၂၈.၆.၂၀၂၁ မှာ နောက်ဆုံးထားစစ်ဖို့ပြီးမှ စွဲဆိုခံရသူဘက် သေစစ်မယ်။’’လို့ ဒီကနေ့ ရုံးချိန်းမှာ ပြုလုပ်ခဲ့တဲ့အမှုအခြေအနေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ရှေ့နေဦးခင်မောင်ဇော်ပြောပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၆ခုအနက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ ရန်ကုန်ကနေ လွှဲယူခဲ့တဲ့ စွဲဆိုထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင် ၁၄နှစ်အထိ ကျခံရနိုင်တဲ့ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုအက်ဥပဒေနဲ့ စွဲဆိုခံထားရတဲ့အမှုကို ဇွန် ၂၃ ရက်ရုံးချိန်းခေါ်ယူထားပြီး စွပ်စွဲခံရသူကိုယ်တိုင်လျှောက်ထားဖို့ ပြည်ထောင်စုတရားလွှတ်တော်ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံရာမှာ မေးမြန်းခဲ့တယ်လို့လည်း ဦးခင်မောင်ဇော်ကပြောပါတယ်။

    ‘‘ရောက်ရောက်ချင်းမေးတော့ သူမသိဘူးလို့ ပြန်ပြောတယ်။ သူကတော့ သူ့ကိစ္စအားလုံးကို သူ့ရှေ့နေ တွေနဲ့ လုပ်ဖို့ပြောထားပြီးသား။ သူ့ဆီကို ဒီဆင့်စာလည်းမေရာက်ဘူးလို့ပြောပါတယ်။ ဒါကြောင့် တရားရုံးမှာ ရှေ့နေနဲ့လျှောက်လဲဖို့ စာပြန်တင်ပေးဖို့ ပြောခဲ့တယ်။’’လို့ သူကပြောပါတယ်။

    ဒါ့အပြင် ဒီကနေ့ ရုံးချိန်းမတိုင်ခင် ရှေ့နေအဖွဲ့နဲ့တွေ့ဆုံရာမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူနဲ့အတူထိန်းသိမ်းခံထားရသူတွေရဲ့ စားသောက်စရိတ်အတွက် စီစဉ်ပေးဖို့ရှေ့နေအဖွဲ့ကို အကူညီတောင်းခဲ့တယ်လို့လည်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ‘‘ပြည်သူတွေကျန်းမာဖို့ အဓိက မှာတယ်။ ပြီးတော့ သူနဲ့အတူနေတဲ့ သူတွေအတွက် ပိုက်ဆံနည်းနေပြီဖြစ်လို့ရှေ့နေတွေကို ကူညီပေးဖို့ ။၂ပတ်တခါ ရိက္ခာနဲ့ ဆေးဝါးလိုတာတွေကို စီစဉ်လို့ရရင်စီစဉ်ပေးဖို့ပြောတယ်။ လက်ထဲမှာလည်း ငွေသားမကျန်တော့ဘူး။ ထိန်းသိမ်းထားတဲ့သူတွေက စီစဉ်ပေးမယ်ပြောပေမယ့် အန်တီကမလိုချင်ဘူး ရှေ့နေတွေကတဆင့်ပဲ လုပ်ဆောင်ပေးဖို့ပြောခဲ့တယ်’’လို့ သူကပြောပါတယ်။

    ဒီကနေ့ ရုံးချိန်းတရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်အပါအဝင် သူတို့ ၃ဦးကို တွေ့ဆုံစကားပြောခွင့်ပေးဖို့ တရားသူကြီးကိုတောင်းဆိုခဲ့တယ်လို့လည်း သူကပြောပြပါတယ်။

  19. ဂျပန်မှာ PDF ဖလားဘောလုံးပွဲလုပ်ပြီး မြန်မာ့အရေး ရန်ပုံငွေရှာ

    ဂျပန်မှာ PDF ဖလားဘောလုံးပွဲလုပ်ပြီး မြန်မာ့အရေး ရန်ပုံငွေရှာ

    ဓာတ်ပုံ ရင်းမြစ်, Ochiai Kiyoshi

    ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဖလား ဘောလုံးပြိုင်ပွဲကို မနေ့ ဇွန်လ ၆ ရက်က ကျင်းပခဲ့ပြီး ဂျပန်ရောက်မြန်မာတွေက ရန်ပုံငွေ ရှာဖွေခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့မေလ ၅ ရက်တုန်းက အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ကာကွယ်ရေးဆိုင်ရာမူဝါဒနဲ့အညီ ဖက်ဒရယ်တပ်မတော် ထူထောင်ဖို့ သူ့ရဲ့ရှေ့ပြေးဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကို ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။

    အခုတော့ PDF အတွက် လှူဒါန်းနိုင်ဖို့ အခုလို ရန်ပုံငွေရှာဖွေပွဲ ကျင်းပတာလို့ သိရပါတယ်။

    မနေ့က ဘောလုံးပွဲတွေကိုတော့ ဂျပန်စံတော်ချိန် နေ့လည် ၂ နာရီကနေ ည ၈ နာရီအထိ ကစားခဲ့ကြတာပါ။

    ဝင်ပြိုင်တဲ့အသင်းပေါင်း ၂၀ ကျော် ရှိပြီး တစ်သင်းစီဟာ ယန်းငွေ တစ်သောင်းရှစ်ထောင် ထည့်ဝင်ရကာ ဒီပွဲကရလာတဲ့ငွေတွေကို မြန်မာ့အရေးမှာ ကူညီလှူဒါန်းသွားမယ်လို့ သိရပါတယ်။

    ဂျပန်နိုင်ငံ ဆန်ဂျူဟာရှီအရပ်က မီဇူနိုဖူဆယ်ကွင်းမှာပြုလုပ်တဲ့ဒီဘောလုံးပြိုင်ပွဲကို ဂျပန်ရောက်မြန်မာတွေ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံတဲ့ဂျပန်နိုင်ငံသားတွေ အများအပြားတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

    နောက်တစ်ပတ် စနေ၊ တနင်္ဂနွေမှာ ဗိုလ်လုပွဲနဲ့ အမျိုးသမီး ကစားပွဲတွေလည်းရှိတယ်လို့လည်းသိရပါတယ်။