လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် စစ်ဆေးမှုများတင်းကျပ်

အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ လှိုင်သာယာ ပင်လုံဈေးအနီးမှာ မှာ ရှိနေတုန်းမှာ ဦးခေါင်းကိုတေ့ပစ်ခံခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကလည်း သူ့နေအိမ် ကို လက်လုပ်ဗုံးအပစ်ခံခဲ့ရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မအူပင် နယ်ခံ သတင်းထောက်တစ်ဦးကို စစ်တပ် ဖမ်းသွား

    ဧရာ၀တီတိုင်းမ်စ် သတင်းထောက် ကိုအောင်မြသန်းကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မေလ ၂၅ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီး သွား ခဲ့ပါတယ်။

    ဖမ်းဆီးသွားတဲ့ ၂၅ရက်နေ့ တစ်ညလုံး စစ်တပ် စစ်ကြောရေးမှာ စစ်ဆေး မေးမြန်းပြီးမှ မေ၂၆ ရက်နေ့မှာ မအူပင် မြို့နယ် ရဲစခန်းကို လာရောက် ပို့ဆောင်ခဲ့တယ်လို့ မိခင် သတင်းဌာနက ပြောပါတယ်။

    မအူပင်နယ်မြေ သတင်းတွေကို ရေးသားပေးပို့နေတဲ့ အတွက် ဖမ်းဆီး ခံရတာလို့ ယူဆကြောင်းနဲ့ အခုလောလောဆယ်မှာ ဘာပုဒ်မနဲ့ အရေးယူ ထားသလဲ ဆိုတာကိုလည်း သက်ဆိုင်ရာက မပြောဘူးလို့ ဆိုပါတယ်။

    ကိုအောင်မြသန်းကို ရိုက်နှက်မေးမြန်းမှုတွေ လုပ်ထားပြီး မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ ဧရာဝတီတိုင်းမ်စ် သတင်းဌာန အယ်ဒီတာ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဧရာဝတီတိုင်းမ်စ် သတင်းဌာနက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းထောက်တွေကို စေလွှတ်သတင်းရယူမှုကို ရပ်နားထားပြီး သက်ဆိုင်ရာ နယ်ခံဒေသခံတွေ ပေးပို့လာတဲ့ သတင်းတွေကိုသာ လူမှုကွန်ရက်မှာ ပြန်လည် ဖော်ပြနေတာဖြစ်ပါတယ်။

    ဧရာ၀တီတိုင်းမ်စ် သတင်းထောက် ကိုအောင်မြသန်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မအူပင်က ဧရာ၀တီတိုင်းမ်စ် သတင်းထောက် ကိုအောင်မြသန်း
  2. WHO ညီလာခံမှာ မြန်မာကိုယ်စားလှယ် တစ်ယောက်မှ တက်ရောက်ခွင့် မရ

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရအဖြစ် ဘယ်သူ့ကို အသိအမှတ်ပြုရမလဲ ဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သူတို့ရဲ့ နှစ်ပတ်လည် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်ကို မတက်ရောက်ခိုင်းဖို့ ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

    NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကရော၊ အာဏာသိမ်း စစ်ကောင်စီကပါ သူတို့ရဲ့ ကိုယ်စားလှယ်တွေကို ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကို တက်ရောက်ခွင့်ပေးဖို့ ပန်ကြားခဲ့ကြတာပါ။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ မူဝါဒဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အရေးပါတဲ့ ဒီညီလာခံကြီးကို ပြီးခဲ့တဲ့ တနင်္လာနေ့ကနေ စတင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့အထိ ကျင်းပသွားမှာပါ။

    ကိုဗစ် ၁၉ ကပ်ရောဂါဆိုးကြီး ကူးစက်ဖြစ်ပွားနေချိန်မှာ ဒီညီလာခံဟာ အရေးပါဆုံး အစည်းအဝေးကြီးတစ်ခုအဖြစ် ယူဆထားကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ပြင်ဆင်ဖွဲ့စည်းဖို့ကိုရော၊ အနာဂါတ်မှာ နောက်ထပ် ဘေးဆိုးအန္တရာယ်ကြီးတွေ ထပ် မကြုံအောင် ကမ္ဘာတဝန်းရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်နည်းတွေကို ပြောင်းလဲကြဖို့ကိုပါ တောင်းဆိုမှုတွေ ရှိနေပါတယ်။

    ဒီအရေးပါတဲ့ ညီလာခံမှာ မြန်မာနိုင်ငံ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကို ရွေးမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားဖို့ WHO ရဲ့ နိုင်ငံကိုယ်စားလှယ် ရွေးချယ်ရေးဆိုင်ရာကော်မတီက အဆိုပြု တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကုလသမဂ္ဂအဖွဲ့ကြီး တစ်ခုလုံးအနေနဲ့ ဘယ်လို ဆုံးဖြတ်သတ်မှတ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ လမ်းညွှန်ချက်ကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

    ခုလောလောဆယ်မှာတော့ ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံကြီးမှာ ဘယ်ကိုယ်စားလှယ်ကိုမှ တက်ခွင့် ပြုမှာ မဟုတ်ဘူးလို့ ဒီကနေ့မနက်က WHO အဖွဲ့ဝင်နိုင်ငံတွေက အတည်ပြုခဲ့တဲ့ အဲဒီအဆိုပြုလွှာမှာ ဖော်ပြထားပါတယ်။

    WHO၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ NUG၊ အာဏာသိမ်း စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံဖွင့်ပွဲကို ဆွဇ်ဇာလန် ပြည်ထဲရေးနဲ့ ကျန်းမာရေးဝန်ကြီး တက်ရောက်လာ
  3. ခိုးရာပါဖမ်းမိထားတဲ့ သစ်တွေ ထုတ်ရောင်းဖို့ စစ်ကောင်စီပြင်ဆင်နေ

    တရားမဝင် ဖမ်းထားတဲ့ သစ်တန်ချိန် ၂ သိန်း ဝန်းကျင်ထိရှိ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တရားမဝင် ဖမ်းထားတဲ့ သစ်တန်ချိန် ၂ သိန်း ဝန်းကျင်ထိရှိ

    အာဏာသိမ်း စစ်ကောင်စီဟာ တရားမဝင်သစ်တွေ တန်ချိန် ထောင်ပေါင်းများစွာကို နိုင်ငံတကာ စျေးကွက်ထဲ ရောင်းပြီး ငွေရအောင်လုပ်ဖို့ ကြိုးစားနေတယ်ဆိုပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နိုင်ငံတကာ စုံစမ်း ဖော်ထုတ်တဲ့ အဖွဲ့ တစ်ခု ဖြစ်တဲ့ EIA က သတိပေး နေပါတယ်။

    စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိတ်နိုင်ဖို့ စီးပွားရေး ဆိုင်ရာ ပြစ်ဒဏ်ခတ် အရေးယူမှုတွေကို အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့ အပါအဝင် အနောက်အုပ်စု နိုင်ငံတွေက လုပ်ဆောင် နေချိန်မှာ စစ်ကောင်စီက သစ်တွေရောင်းဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ခံ NLD အစိုးရလက်ထက် ပစ်မှတ်ထား ကိုင်တွယ်ခဲ့တဲ့ အထဲ တရားမဝင် သစ်ခိုးထုတ်မှု ပပျောက်ရေးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် တရားမဝင် ခုတ်လှဲထားတဲ့ သစ်တွေ၊ ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ သစ်တွေကို NLD အစိုးရလက်ထက် နိုင်ငံတော် အနေနဲ့ ဖမ်းဆီးရရှိထားတာ တန်ချိန် ၂ သိန်း ဝန်းကျင် အထိ ရှိနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်း ထားကြပါတယ်။

    အခု အဲဒီ သစ်တွေကို ထုတ်ရောင်းဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ EIA က ပြောနေတာ ဖြစ်ပါတယ်။ နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်းလည်း အခုဆို စစ်ကောင်စီ ထိန်းချုပ်မှုအောက် ရောက်နေပြီ ဖြစ်ပါတယ်။

    အာဏာသိမ်း စစ်တပ်အနေနဲ့ နိုင်ငံပိုင် လုပ်ငန်းတွေကနေ ငွေမရှာနိုင်အောင် ကျောက်မျက်၊ ပုလဲနဲ့ငါး စသဖြင့် လုပ်ငန်းတွေ အပေါ် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ် ခံထားရပါတယ်။

    စစ်ကောင်စီက တရားမဝင် သစ်တွေကို စျေးနှုန်း မဖော်ပြ မသတ်မှတ်ပဲ လေလံတင် ရောင်းချမှာ ဖြစ်ပြီး၊ ဝင်ပြီး လေလံဆွဲ ဝယ်ချင်တဲ့ သူတွေဟာ အရင်ဆုံး အမေရိကန် ဒေါ်လာ တစ်သောင်းကို ကြိုတင်ငွေ အဖြစ် စစ်ကောင်စီထံ ပေးသွင်းရမှာ ဖြစ်တယ်လို့ စုံစမ်း လေ့လာ ဖော်ထုတ်တဲ့ EIA အဖွဲ့က ဆိုပါတယ်။

    မြန်မာပြည်သူတွေကို ဆက်လက် ဖိနှိပ်နိုင်ရေး အတွက် စစ်ကောင်စီမှာ ငွေ အသည်းအသန်လိုနေပြီလို့ အကဲခတ်တွေက ပြောကြပါတယ်။

    ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး အေဂျင်စီ EIA အဖွဲ့ဟာ ၁၉၈၀ ပြည့်ကျော် နှစ်တွေ ကတည်းက ပတ်ဝန်းကျင် အရေး လှုပ်ရှား တက်ကြွသူ ၃ ယောက်နဲ့ ယူကေမှာ စတင် တည်ထောင် လာခဲ့တာ ဖြစ်ပါတယ်။ အခု လန်ဒန်နဲ့ ဝါရှင်တန် ဒီစီ မြို့တော်တွေမှာ ရုံးခန်းတွေ ထားရှိပါတယ်။

    စစ်ကောင်စီမှာ အသည်းအသံ ငွေလိုနေပြီလား မေးခွန်းထွက်ပေါ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီမှာ အသည်းအသန် ငွေလိုနေပြီလား မေးခွန်းထွက်ပေါ်
  4. , ရုရှားနိုင်ငံသားတွေ ကိုဗစ်ဆေးလာထိုးဖို့ ရန်ကုန်ရုရှားသံရုံးက အသိပေး

    ကိုဗစ်ဆေးအဖြစ် ကမ္ဘာပေါ် စကြေညာခဲ့တဲ့ ရုရှားဆေး

    ဓာတ်ပုံ ရင်းမြစ်, g

    ဓာတ်ပုံ ပုံစာ, ကိုဗစ်ဆေးအဖြစ် ကမ္ဘာပေါ် စကြေညာခဲ့တဲ့ ရုရှားဆေး

    ရုရှားထုတ် ကိုဗစ်ကာကွယ်ရေး ဆေးတွေကို သံရုံးမှာ ထိုးပေးနေတယ်လို့ မြန်မာပြည်ထဲ ရောက်နေတဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံသားတွေကို ရန်ကုန် ရုရှားသံရုံးက အသိပေးနေပါတယ်။

    သံရုံးမှာ ဆေးအရေအတွက် အကန့်အသတ်သာ ရှိနေတာကြောင့် ကာကွယ်ဆေး ထိုးလိုတဲ့ သူတွေ အနေနဲ့ သံရုံးကို မေလ ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီထက် နောက်မကျစေပဲ အီးမေးနဲ့ စာရေး အကြောင်းကြားရမယ်လို့ ဆိုထားပါတယ်။

    အီးမေးမှာ လူနာမည်၊ အသက် တို့အပြင် မြန်မာပြည်ထဲ ဘယ်မှာနေသလဲ ဆိုတဲ့ လိပ်စာ၊ ရုရှားက လိပ်စာ နှစ်ခုစလုံး အပြည့်အစုံ ထည့်ရမယ်လို့ ဖော်ပြထားပါတယ်။

    မြန်မာပြည်ထဲ ရုရှားနိုင်ငံသား အရေအတွက် ဘယ်လောက်ရှိလဲ၊ ဘယ်လို ကဏ္ဍတွေမှာ အလုပ်လုပ်ကိုင် နေထိုင်ကြသလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကို အတိတကျ မသိရသေးပါဘူး။

    မြန်မာ စစ်တပ်နဲ့ကြား ဆက်ဆံရေး အခိုင်အမာ တည်ဆောက်ထားတာ မှန်ပေမယ့်၊ အရပ်ဘက် ဆက်ဆံရေး အပါအဝင် ပြည်တွင်း စီးပွားရေးထဲမှာ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထင်ထင်ရှားရှား မတွေ့ရဘူးလို့ အကဲခတ်တွေက ဆိုပါတယ်။

    ဒါပေမယ့် ရုရှားအနေနဲ့ အခု နောက်ပိုင်းနှစ်တွေမှာတော့ အိန္ဒိယ သမုဒ္ဒရာထဲ ခြေကုပ်ရလိုတဲ့ အတွက် မြန်မာ အပါအဝင် အာရှ-ပစိဖိတ် နိုင်ငံတွေနဲ့ကြား ဆက်ဆံရေး ပိုပြီး တိုးမြှင့်လာခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

    ရုရှားထုတ် ဆေးကို ဂမ် ကိုဗစ်ဆေး ( Gam COVID- Vac) ဆိုပြီး တီထွင်တဲ့ ဂမ်မာလေယာ Gamaleya သုတေသန အဖွဲ့ကို ရည်ညွှန်းပြီး ခေါ်သလို၊ Sputnik V လို့လည်း ခေါ်ပါတယ်။

    (ဆိုဗီယက်ခေတ် အာကာသထဲကို စပြီး လွှတ်နိုင်ခဲ့တဲ့ ကမ္ဘာ့ ပထမဆုံး ဂြိုဟ်တု စပါတ့်နစ်ခ် Sputnik အတိုင်းပဲ သူတို့ထွင်တဲ့ဆေးကိုလည်း နာမည်ပေးတာပါ။ အဲဒီဆေးကို လူတွေနဲ့ စမ်းသပ်ပြီး ဖြစ်တဲ့ အတွက် ကိုဗစ်ဆေး တီထွင်တာ အောင်မြင်ခဲ့ပြီလို့ ကမ္ဘာပေါ် စကြေညာခဲ့တာလည်း ရုရှားဖြစ်ပါတယ်)

    စစ်အာဏာသိမ်းခံရပြီး ရုရှားသံရုံးရှေ့လည်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ (ဖေဖေါ်ဝါရီ လလယ်)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းခံရပြီး ရုရှားသံရုံးရှေ့လည်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ (ဖေဖေါ်ဝါရီ လလယ်)
  5. မြောင်မြို့နယ် ချောင်းဇင်းမှာ တိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်း မြောင်မြို့နယ် ချောင်းဇင်းရွာမှာ မေလ ၂၆ ရက်နေ့ နေ့ လယ်ပိုင်းက ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြောင်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ချောင်းဇင်းဟာ ဧရာဝတီမြစ်ဘေးက ကျေးရွာတစ်ရွာ ဖြစ်ပြီး မြောင်မြို့နဲ့ ၁၂ မိုင်ခန့် အကွာအဝေးမှာ တည်ရှိပြီးတော့ စစ်ကိုင်းတိုင်း မန္တလေးတိုင်း မ‌ကွေးတိုင်း အစပ်မှာရှိတဲ့ရွာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကချောင်းဇင်းရွာအနီးက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ စခန်းချရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လက်နက်အချို့ရရှိသွားခဲ့တာရှိပြီး မေလ ၂၅ ရက်နေ့ညက စစ်တပ်ကို ချောင်းဇင်းရွာက သတင်းပေးသူလို့ ယူဆရသူတစ်ဦး အသတ်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်တွေ ချောင်းဇင်းကို မေလ ၂၆ ရက်နေ့ မနက်ပိုင်း ရောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ရွာထဲကို ဝင်‌လာပြီးခြောက်လှန့်ပစ်ခတ်တာတွေလုပ်ပြီးနောက် ချောင်းဇင်းရွာ မူလတန်းကျောင်းမှာ တပ်စွဲချိန် ဒေသကာကွယ်ရေးတပ်တွေက ဝင်တိုက်ကြတာဖြစ်ပြီး ညနေပိုင်းမှာ မိုးရွာလာလို့တိုက်ပွဲ ရပ်သွားတယ်လို့သိရပါတယ်။

    ဒေသ ကာကွယ်ရေးတပ်ဖက်က ဒဏ်ရာရသူအချို့ ရှိပြီးနှစ်ဖက် စလုံး သေဆုံးမှုရှိမရှိဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

    ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ချောင်းဇင်းရွာကို စစ်ကောင်စီတပ်တွေရောက်လာခဲ့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ချောင်းဇင်းရွာကို စစ်ကောင်စီတပ်တွေရောက်လာခဲ့
  6. ဝှိုက်လစ်စာရင်းနဲ့ အင်တာနက်ကန့်သတ်ဖို့ ခြေလှမ်းလာတဲ့ စစ်ကောင်စီ

    Whitelist လို့ ခေါ်တဲ့ ကင်းလွတ် စာရင်းတွေနဲ့ ကန့်သတ်ခြင်းဟာလည်း အင်တာနက် ပိတ်ပင်တားဆီးတဲ့ လုပ်ပုံလုပ်နည်း တစ်ခုပဲလို့ ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

    မြန်မာပြည်ထဲ အာဏာသိမ်းစစ်ကောင်စီက အများသူငါတွေ ကြည့်ရှုရန်သင့်တဲ့ အွန်လိုင်း စာမျက်နှာတွေ၊ ဒိုမိန်းအမည်တွေ ဆိုပြီး သတ်မှတ်လာတဲ့ အပေါ် ရန်ကုန် အမေရိကန် သံရုံးက တုံ့ပြန်လာတာ ဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ ကင်းလွတ်ခွင့် စာရင်းထဲ ဖေ့စ်ဘုတ်နဲ့ တွစ်တာတို့လို တကမ္ဘာလုံးက သူတွေနဲ့ ထိတွေ့ဆက်ဆံ နိုင်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေ မပါဝင်တာ သိသိသာသာကြီး တွေ့မြင် နေရတယ်လို့ ပြည်တွင်း ပြည်ပ အကဲခတ်တွေက ထောက်ပြ နေကြပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သဘောထားအမြင်တွေ၊ သတင်းအချက်အလက်တွေကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေး အတွက် အင်တာနက် ဖြတ်တောက်တာတွေ လုပ်ခဲ့အပြီး၊ အခုအခါ သူတို့ ကြည့်စေချင်တဲ့ ခွင့်ပြုတဲ့ အွန်လိုင်း စာမျက်နှာတွေကိုပဲ မြန်မာပြည်သူတွေ ကြည့်ရှုနိုင်မယ့် အခြေအနေမျိုးရောက်အောင် ခြေလှမ်းလာတာလို့ ဝေဖန်သူတွေက ဆိုပါတယ်။

    သတင်းတွေကို ရရှိပိုင်ခွင့်ဆိုတာ အခြေခံလူ့အခွင့်အရေး အဖြစ် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းထဲမှာ ထည့်သွင်းကာကွယ်ထားတဲ့ အရာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောထားပါတယ်။

    ဒါ့အပြင်၊ အင်တာနက် ပိတ်ပင်မှုကြောင့် မြန်မာပြည်ထဲ ရိုက်ခတ်ခံစားရတဲ့ ဆိုးကျိုးတွေ အကြောင်းလဲ အမေရိကန် အစိုးရ နိုင်ငံခြားရေး ဌာနရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာ တစ်ခုဖြစ်တဲ့ ShareAmerica မှာ ရေးသားထားပါတယ်။

    အင်တာနက် ပိတ်ပင် ကန့်သတ်တာဟာ နိုင်ငံရေး သက်သက် အပေါ်မှာသာမက ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကာလ၊ လူတွေ သိသင့်သိထိုက်တဲ့ သတင်း အချက်အလက်တွေ မရနိုင်တော့တဲ့ အန္တရာယ်မျိုးလည်း ဖြစ်လာစေခဲ့တယ်လို့ ထောက်ပြကြသူတွေ ရှိပါတယ်။

    ဒါ့အပြင်၊ မိုဘိုင်း အင်တာနက်တွေကို စစ်ကောင်စီက ဖြတ်တောက်ခဲ့ချိန်မှာ ဒစ်ဂျစ်တယ် စီးပွားရေး တစ်ခုလုံး ပြိုလဲသွားကြောင်း ရန်ကုန် အခြေစိုက် စီးပွားရေး အသိုင်းအဝိုင်းက ပြောကြပါတယ်။

    အဓိပ္ပာယ်ကတော့ မြန်မာပြည် စီးပွားရေးမှာ တစ်နေ့ကို အမေရိကန် ဒေါ်လာ ၂၄ သန်းကျော် ထိခိုက် နစ်နာသွားစေခဲ့တာ ဖြစ်တယ်လို့ အင်တာနက် သုံးစွဲမှုနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ NetBlocks က ဆိုထားပါတယ်။

    စစ်ကောင်စီ ကင်းလွတ်စာရင်းထဲ ဖေ့စ်ဘုတ်၊ တွစ်တာမပါဝင်

    ဓာတ်ပုံ ရင်းမြစ်, STR/AFP via Getty Images

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ကင်းလွတ်စာရင်းထဲ ဖေ့စ်ဘုတ်၊ တွစ်တာမပါဝင်
  7. စစ်ပွဲတွေရပ်ဖို့ မြန်မာပြည် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ပန်ကြား

    လက်နက်ကျည်ကျပြီး အရပ်သား အနည်းဆုံး ၄ ဦး သေဆုံး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လက်နက်ကျည်ကျပြီး အရပ်သား အနည်းဆုံး ၄ ဦး သေဆုံး

    မြန်မာနိုင်ငံ ကက်သလစ်ဘုရားကျောင်းရဲ့ အကြီးအမှူးဖြစ်တဲ့ ကာဒီနယ် ချားလ်စ်မောင်ဘိုက ဝတ်ပြုဆုတောင်း ကိုးကွယ်ရာ ဘာသာရေး အဆောက်အအုံတွေကို တိုက်ခိုတ်တာ မလုပ်ကြဖို့ ပန်ကြားလိုက်ပါတယ်။

    လွိုင်ကော်မြို့အနီး ကယန်းသာယာရွာမှာ ရှိတဲ့ ချာ့ချ်ကျောင်းပေါ် ပြီးခဲ့တဲ့ မေလ ၂၃ ရက်ည သန်းခေါင်အချိန်မှာ လက်နက်ကြီးကျည်ကျပြီး အရပ်သား အနည်းဆုံး ၄ ဦး သေဆုံးခဲ့သလို၊ ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့နောက် ကာဒီနယ် ချားလ်စ်မောင်ဘိုက အခုလို ထုတ်ပြန် လာတာ ဖြစ်ပါတယ်။

    ကလေးတွေ၊ အမျိုးသမီးတွေ အများစု ပါဝင်တဲ့ လက်နက်မကိုင်ထားတဲ့ ပြည်သူတွေ ခိုလှုံနေတဲ့ ဘုရားကျောင်းကို ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

    နိုင်ငံတကာ သတ်မှတ်ချက်တွေအရ ဝတ်ပြု ကိုးကွယ်ရာ နေရာတွေ ဆိုတာ အကာအကွယ်ပြု ပေးရမယ့် နေရာတွေ ဖြစ်တယ်လို့ စစ်ပွဲဆိုင်ရာ ကျင့်ဝတ်ပိုင်း နိုင်ငံတကာ သဘောတူမှုတွေ ဖြစ်တဲ့ သဟေ့ဂ် ပဋိညာဥ်တွေကို ရည်ညွှန်းပြီးတော့ မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်က ပြောထားပါတယ်။

    လွိုင်ကော်တဝိုက် အဖြစ်အပျက်တွေကြောင့် အိုးအိမ်တွေစွန့်ခွာ ထွက်ပြေးကြရသူတွေ သောင်းနဲ့ချီ ရှိနေပြီး အဲဒီသူတွေဟာ အစားအသောက်၊ ဆေးဝါးကအစ ထောက်ပံ့ ကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

    စစ်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကို မေတ္တာရပ်ခံကြောင်းလည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

    စစ်ပွဲတွေအမြန်ဆုံးရပ်ဖို့ မေတ္တာရပ်ခံ

    ဓာတ်ပုံ ရင်းမြစ်, Cardinal Bo Twitter

    ဓာတ်ပုံ ပုံစာ, စစ်ပွဲတွေအမြန်ဆုံးရပ်ဖို့ မေတ္တာရပ်ခံ
  8. ဖလမ်း က အထက်တန်းကျောင်းနဲ့ မူလတန်းကျောင်းတွေမှာ ပေါက်ကွဲမှုဖြစ်

    ချင်းပြည်နယ် ဖလမ်းမြို့က အထက ၂ မှာ ဒီကနေ့ မေလ ၂၆ ရက်နေ့ မနက် ၂ နာရီခန့်က ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ချင်းပြည်နယ် ဖလမ်းမြို့ခံတွေက တစ်ဆင့်သိရပါတယ်။

    ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာတွေကတော့ အထက ၂ ဇုံလွယ်ခန်းမဆောင်နဲ့လို့ပြောပြီးဖလမ်း အမက (၅) နဲ့ မူလွန် (၁) တို့လည်းပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။

    ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူး လို့လည်းသိရပါတယ်။

    ပေါက်ကွဲမှုတွေမဖြစ်မီ မနေ့က မေလ ၂၅ ရက်နေ့နေ့လယ်ပိုင်းက ဖလမ်း လုံဘန်ရွာကို စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီးကျေးရွာဒေသခံတွေ ပိုင်ဆိုင်တဲ့ လိုင်စင်စာရင်းရှိပြီးသား တူမီးသေနတ်တွေကို အိမ်တွေမှာ ည၀င်ရောက်စစ်ဆေးပြီး သိမ်းယူသွားကြောင်းဒေသခံတွေကပြောကြပါတယ်။

    ချင်းပြည်နယ် ဖလမ်းမြို့အ ခြေခံပညာကျောင်းတွေက ဆရာ ဆရာမ စုစုပေါင်း ၇၀၀ ကျော် နဲ့ ပညာရေးဝန်ထမ်း ၁၀၀ ကျော်ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်နေတာကြောင့် ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ ရာထူးက ရပ်ဆိုင်းခံခဲ့ရပါတယ်။

    ‌ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အထက ၂ ဖလမ်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ‌ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အထက ၂ ဖလမ်း
  9. မုန်တိုင်းကြောင့် ရခိုင်စစ်ဘေးရှောင် အိမ် ၄၀၀ ကျော် ပျက်စီး

    ရခိုင်မှာ ယာစ်မုန်တိုင်း အဖျားခတ် တိုက်ခတ်မှုကြောင့် စစ်ဘေးရှောင် စခန်းတွေက အိမ် ၄၀၀ ပြိုလဲပျက်စီးခဲ့တယ်လို့ ရခိုင်မျိုးနွယ်စုများအစည်းအရုံး (REC) က ပြောပါတယ်။

    အဓိက မြောက်ဦးမြို့နယ် စင်းဘောကိုင်း ၊ ဘုရားလှ၊ ဝက်လှ၊ ပီပင်ရင်းစခန်းတို့ ပါဝင်ပြီး ကျောက်တော်မြို့နယ်မှ တောင်မင်းကုလား၊ ဝါးတောင်စခန်းတို့ပါဝင်ပါတယ်လို့လည် းသိရပါတယ်။

    ပြိုလဲပျက်စီးစာရင်းက ဒီနေ့ထိ ရတဲ့ စာရင်းဖြစ်ပြီး နောက်ထပ် မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်က စစ်ရှောင်စခန်းတွေ အခြေအနေ မသိရသေးဘူးလို့လည်း‌ပြောပါတယ်။

    စစ်ဘေးရှောင် အချို့ဟာ မိုးရေထဲမှာ လုံခြုံတဲ့ အမိုးအကာ မရှိဘဲနေထိုင်‌နေရပြီး ‌‌အရေးပေါ်တာလပတ် မိုးကာ‌တွေ ပို့ပေးဖို့လိုအပ်နေတယ်လို့ လည်း ရခိုင်မျိုးနွယ်စုများအစည်းအရုံး (REC) က ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  10. ကနီ တိုက်ပွဲ ဒေသ PDF တစ်ဦး သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ကနီနယ် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းလက်ပံစုရွာ အနီး မေလ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့တယ်လို့ ကနီဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သေဆုံးခဲ့သူဟာ လက်ပံစုရွာသားဖြစ်ပြီး အခြားထိခိုက်ဒဏ်ရာ ရသူတွေလည်းရှိတယ်လို့ သူကပြောပါတယ်။

    မေလ ၂၅ ရက်က တိုက်ပွဲ ဖြစ်ပွားတာ အနည်းဆုံး ၃ ကြိမ်ခန့်ရှိပြီး တော့ စစ်ကောင်စီတပ်တွေဘက်ကလည်းသေဆုံးသူတွေရှိတယ်လို့ ပြောပါတယ်။

    စစ်ကောင်စီ ဘက်ကတော့ ဒီရက်ပိုင်း ကနီနယ်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

    မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မြွေပိုင်းတောင်အနီးဖြစ်ပြီးတော့ ချင်းတွင်းမြစ်အတွင်းဆန်တက်လာတဲ့ စစ်ကောင်စီရေယာဥ်တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ချင်းတွင်းမြစ်ဘေးက ကင်းရွာ ဘုန်းကြီးကျောင်းမှာလည်းစစ်ကောင်စီတပ်တွေ ရောက်ရှိတပ်စွဲနေပြီးတော့ ရွာခံတွေက တော့ ရွာလုံးကျွတ်တိမ်းရှောင်နေကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေခဲ့လို့ ကနီနယ် အရှေ့ဘက်ခြမ်း ကျေးရွာ ၂၀ ကျော်က ရွာခံတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး တောထဲကို သွားရောက်တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

    ကျေးရွာ ၂၀ ကျော်က ရွာခံတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး တောထဲကို သွားရောက်တိမ်းရှောင်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကျေးရွာ ၂၀ ကျော်က ရွာခံတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး တောထဲကို သွားရောက်တိမ်းရှောင်
  11. ဂန့်ဂေါ၊ ဟံသာဝတီ အထကကျောင်းဝင်းထဲမနေ့ညက ဗုံးပေါက်ပေမယ့် ကျောင်းအပ်ဆက်လက်ခံ

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာထဲက အထကကျောင်းဝင်းထဲ မနေ့ မေ ၂၅ ရက်ည ၁၀ နာရီလောက်က ဗုံးနှစ်လုံးဆင့်ပေါက်ကွဲခဲ့ပေမယ့် ဒီနေ့ မေ ၂၆ ရက်မှာ ပုံမှန်ထက်လုံခြုံရေးတိုးမြှင့်ချထားပြီးကျောင်းအပ်လက်ခံနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    မနေ့ညက ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် ကျေးရွာအတွင်းက ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့နေအိမ်တွေကို အဓိက ရှာဖွေစစ်ဆေးတာတွေပြုလုပ်ခဲ့ပေမယ့် ဖမ်းဆီးခံရသူတော့ ဒီမနက်ပိုင်းထိ မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

    ကျေးရွာအတွင်းမှာတော့ စစ်ကောင်စီတပ်တွေကင်းလှည့်နေတာရှိပြီး ရဲစခန်းအတွင်းမှာလည်း လုံခြုံရေးအင်အားဖြည့်တင်းထားတာတွေ့ရတယ်လု့ိ ဆိုပါတယ်။

    အဲဒီကျေးရွာအတွင်းမှာ မူလက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူလာပြီးတဲ့နောက်ပိုင်းနဲ့ ရွာအတွင်းသတင်းပေးတွေကြောင့် ဆန္ဒပြပွဲမပြုလုပ်နိုင်တော့ပေမယ့် ညပိုင်းမှာ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ စာရွက်တွေ နံရံကပ်ဆန္ဒပြတာတွေတော့ ဆက်ရှိနေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။

    Magway

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. ဟိုပင်တံတားမိုင်းခွဲခံရပြီးနောက် မန္တလေး-မြစ်ကြီးနားသွားလာစရိတ်တွေမြင့်တက်

    မေလ ၂၄ ရက်နေ့ ညက ဟိုပင်တံတား မိုင်းခွဲခံရတာကြောင့် တံတားပျက်စီးသွားခဲ့ပြီး ခရီးသည်တွေဟာ မန္တလေးကနေ မြစ်ကြီးနားကို ကားနှစ်ဆင့် စီးပြီး လာနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ခရီးဆုံးမြစ်ကြီးနားအထိ ကားခ ပေးထားပေမယ့်လည်း တံတား ပျက်စီးသွားတာကြောင့် မြစ်ကြီးနားထိ ခရီးသည်တင်ကားတွေ ဆက်သွားလို့မရတာဖြစ်ပြီး ကားဆရာတွေက ငွေပြန်မအမ်းတာကြောင့် ခရီးသည်တွေက မိမိအစီအစဉ်နဲ့နောက်ထပ်ကားပြောင်းစီးရတယ်လို့ပြောပါတယ်။

    ဒါ့အပြင် အရင်က မန္တလေး မြစ်ကြီးနား လမ်းမှာ မှတ်ပုံတင်စစ်တာ တွေ၊ နန့်စီးအောင်ဂိတ်မှာ ညအိပ် စောင့်ရတာတွေမရှိပေမယ့် အခုကတော့ လမ်းမှာလည်း ညအိပ်ရသလို ခရီးကြန့်ကြာမှုတွေရှိလာတယ်လို့ ခရီးသည်တွေကပြောပါတယ်။

    Hopin Bridge

    ဓာတ်ပုံ ရင်းမြစ်, MPA

  13. ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ အပါအဝင် ၈ ဦးအမှု ဒီနေ့မစစ်ဖြစ်၊ ဇွန် ၂ ရက်ကို ပြန်ချိန်းထား

    အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးကို ဒီနေ့ မေ ၂၆ ရက်မှာ ပြန်လွတ်မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမယ့် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။

    ဒီနေ့ အနာက်ပိုင်းခရိုင်တရားရုံးမှာ ရုံးချိန်းရှိပေမယ့် တရားလိုပြသက်သေနဲ့ အမှုလိုက်ရဲအရာရှိတွေ တရားရုံးကို ရောက်မလာတဲ့အတွက် အမှုမစစ်ဖြစ်ဘူးလို့ ကိုအောင်မြတ်ကျော်တို့ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောပါတယ်။

    နောက်တစ်ကြိမ် ရုံးချိန်းကိုတော့ ဇွန် ၂ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။ ဦးအောင်မြတ်ကျော်အပါအဝင် ၈ ဦးဟာ စင်ကာပူနိုင်ငံကနေ ပြန်ပို့ခံခဲ့ရပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

    ဖမ်းဆီးတရားစွဲခံထားရတဲ့သူတွေကတော့ ကိုအောင်မြတ်ကျော်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုထွန်းအေး(ခ) မောင်ပန်နဲ့ ကိုရွှေလှိုင်သန်းတို့ ဖြစ်ကြပါတယ်။

    သူတို့ဟာ ၂၀၁၉ ခုနှစ် ဇူလှိုင်လ ပထမအပတ်မှာ စင်္ကာပူကနေ ပြည်နှင်ဒဏ်ပေးခံရပြီး မြန်မာပြည်ကို ပြန်ရောက်လာစဉ် ဇူလိုင် ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေဖမ်းဆီးခံရပြီး အင်းစိန်ထောင်ကနေ အမှုကို ရင်ဆိုင်နေကြသူတွေ ဖြစ်ပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် အေအေတို့ကြား တိုက်ပွဲတွေရပ်ဆိုင်းသွားတာ ၂၀၂၀ နိုဝင်ဘာ လကတည်းကဖြစ်ပြီး အာဏာမသိမ်းခင်မှာ နှစ်ဖက် ထိပ်တန်းအဆင့် အရာရှိကြီးတွေ အွန်လိုင်းကတစ်ဆင့် ဆွေးနွေးခဲ့တာရှိသလို လူချင်းလည်း တွေ့ဆုံဆွေးနွေးမှုတစ်ကြိမ် ပြုလုပ်ထားပါတယ်။

    အဲဒီနောက်ပိုင်းတိုက်ပွဲတွေမရှိတော့တဲ့ ရခိုင်မှာ အေအေနဲ့ ဆက်စပ်ပြီး အကြမ်းဖက်ဥပေဒနဲ့ တရားစွဲခံထားရသူတွေထဲကတချို့ ပြန်လည်လွတ်မြောက်လာတာရှိခဲ့ပါတယ်။

    AA General Tun Mrat Naing

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  14. ပြည်ထဲရေးဒုဝန်ကြီးရဲ့ ညီဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိုးမိုးလှိုင်ရုပ်အလောင်း မိသားစုကို ပြန်မပေးဘဲ စစ်တပ်က သင်္ဂြိုဟ်

    ပဲခူးတိုင်း ဇောင်းတူမြို့နယ်ထဲမှာ မေလ ၂၂ရက်က စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးခံရပြီးတဲ့နောက် မေလ ၂၄ရက်မှာသေဆုံးတယ်လို့ သိခဲ့ရတဲ့ ABSDF အဖွဲ့ဝင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိုးမိုးလှိုင်ရဲ့ ရက်လည်ကို မေလ ၂၈ ရက်မှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းကနေအိမ် မှာပြုလုပ်မယ်လို့ ဇနီးဖြစ်သူ မမြတ်မူယာဝင်း ကပြောပါတယ်။

    ဦးစိုးမိုးလှိုင်ဟာ လက်ရှိ စစ်ကောင်စီရဲ့ ပြည်ထဲရေးဒုတိယဝန်ကြီးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ ညီအရင်းဖြစ်ပါတယ်။ ဦးစိုးမိုးလှိုင်ရဲ့ရုပ်အလောင်းကို မိသားစုက ပြန်မရခဲ့ဘဲ မင်္ဂလာဒုံစစ်သင်္ချိုင်းမှာ သဂြိုဟ်ခဲ့တယ်လို့လည်း ဇနီးဖြစ်သူက ပြောပါတယ်။

    ညီဖြစ်သူရဲ့ ရုပ်အလောင်းကိုတော့ ပြည်ထဲရေးဒုဝန်ကြီးက မသင်္ဂြိုဟ်မီ စစ်သချုၤိင်းမှာ လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရကြောင်းလည်း မမြတ်မူယာဝင်းကပြောပါတယ်။ ဦးစိုးမိုးလှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်တို့ဟာ ညီအစ်ကိုရင်းပေမယ့်သဘောထားချင်းမတိုက်ဆိုင်တဲ့အတွက် အပြောအဆိုအဆက်အဆံမရှိဘဲ ပြဒါးတလမ်းသံတလမ်းနေတယ်လို့ မမြတ်မူယာဝင်းက ညီအစ်ကိုနှစ်ဦးရဲ့ ဆက်ဆံရေးကိုပြောပြပါတယ်။

    ဦးစိုးမိုးလှိုင်ကို လူတစ်စုက ပုဂ္ဂိုလ်ရေးမကျေနပ်ချက်နဲ့ ငြှိုးထားပြီး ဖောက်ခွဲရေးသမားဆိုပြီး တပ်ကို သတင်းပေးခဲ့တာကြောင့် ခုလိုဖမ်းဆီးခံရတာဖြစ်ပြီး အလောင်းကို ကြည့်ရချိန်မှာလည်း ရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကိုတွေ့ခဲ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။ ဒါ့အပြင် ဦးစိုးမိုးလှိုင်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတယ်လို့ မိသားစုကိုပြောကြားပေမယ့် နေ့တိုင်း စစ်ကောင်စီက ကြေညာတဲ့ ပုဒ်မ ၅၀၅ စာရင်းထဲမှာခင်ပွန်းဖြစ်သူ လုံးဝမပါဝင်ကြောင်းမမြတ်မူယာဝင်းက ဆက်ပြောပါတယ်။

    စစ်ကြောရေးမှာအသက်ပျောက်ခဲ့သူ ဦးစိုးမိုးလှိုင်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, စစ်ကြောရေးမှာအသက်ပျောက်ခဲ့သူ ဦးစိုးမိုးလှိုင်
    ဦးစိုးမိုးလှိုင်ဟာ ပြည်ထဲရေးဒုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ ညီအရင်းဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ဦးစိုးမိုးလှိုင်ဟာ ပြည်ထဲရေးဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ ညီအရင်းဖြစ်ပါတယ်။
  15. ရွှေပြည်သာမှာလဘက်ရည်ဆိုင်ထိုင်နေသူတွေကို စစ်ကောင်စီတပ်တွေဝင်စစ်ရာကနေ လူငယ်တစ်ဦးပစ်ခတ်ခံရလို့သေဆုံး

    ရွှေပြည်သာ၊ မြင်းလှည်းဂိတ်အနီး လဘက်ရည်ဆိုင်ထိုင်နေသူတွေကို ဝင်စစ်ဆေးရာကနေ ဆိုင်းအတွင်းထိုင်နေတဲ့ အမျိုးသားတစ်ဦး ဆိုင်ကယ်နဲ့ ပြန်အထွက်မှာ စစ်ကောင်စီတပ်တွေ လှမ်းပစ်လိုက်တာကြောင့် နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ရွှေပြည်သာမြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

    "မနက်က မြင်းလှည်းဂိတ်မှာ လဘက်ရည်ဆိုင်ထဲကို သူတို့ ဝင်စစ်တာ။ အဲဒီမှာကြောက်လန့်ပြီး ကောင်လေးတစ်ယောက်က ဆိုင်ကယ်နဲ့ ထွက်ပြေးတာ။ အဲဒါကို လှမ်းပစ်လိုက်လို့သေသွားတာပါ။ အသက်က ၂၄ ဝန်းကျင်ပဲရှိသေးတယ်။ လူငယ်လေးပါပဲ။ မြင်းလှည်းဂိတ်အနီးမှာပဲနေတဲ့သူပါ" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    ရွှေပြည်သာဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားတဲ့ မြင်းလှည်းဂိတ်မှတ်တိုင်ဟာ တပ်မ ၇၇ တပ်စွဲထားတဲ့ တပ်ရင်းနဲ့ နီးတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။အဲဒီအနီးတဝိုက်ကို စစ်ကောင်စီတပ်တွေက မကြာခဏ စစ်ဆေးတာတွေပြုလုပ်လေ့ရှိပြီး ဒီမနက်မှာလည်းလဘက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်တွေကို ဝင်စစ်ဆေးရာကနေ ခုလို လူငယ်တစ်ဦးကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    Shwe Pyi Thar

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. လုံခြုံရေးတွေ တင်းကျပ်ပေမယ့် ပုံစံမျိုးစုံနဲ့ တွန်းလှန်နေကြ

  17. ထားဝယ်ဆန္ဒပြမှု ဖမ်းဆီးခံရသူတွေ မနက်ဖြန်ရုံးထုတ်ဖို့ရှိ

    ထားဝယ်မြို့မှာမေလ၁၁ရက်နေ့ကဆန္ဒပြဖို့လူစုနေတုန်းဖမ်းဆီးခံခဲ့ရတဲ့၁၅ယောက်ထဲကပြန်မလွတ်ဘဲကျန်နေသူ၁၂ယောက်ကိုမနက်ဖြန်မေလ၂၆ရက်နေ့မှာဒုတိယအကြိမ်ရုံးထုတ်ဖို့ရှိပါတယ်။

    စတင်ဖမ်းဆီးပြီးနောက်တနေ့သူတို့ကိုရုံးထုတ်အပြီးအမျိုးသားတစ်ယောက်မှာကိုဗစ်-၁၉ဗိုင်းရပ်စ်ကူးစက်နေတာစမ်းသပ်စစ်ဆေးမှုအရသိခဲ့ရပြီးနောက်အားလုံးကိုထောင်မှာမထားဘဲဆေးရုံမှာသီးခြားခွဲထားခဲ့တာဖြစ်ပါတယ်။

    မနက်ဖြန်၂၆ရက်နေ့ရုံးထုတ်ရက်မတိုင်ခင်သူတို့ကိုထောင်ထဲပြန်ပို့ဖို့မေလ၂၃ရက်နေ့ကကိုဗစ်ပိုးရှိမရှိထပ်မံစစ်ဆေးရာမှာမူလကဗိုင်းရပ်စ်ကူးထားသူနဲ့တခန်းတည်းအတူနေရတဲ့ဖမ်းဆီးခံရသူနောက်တစ်ယောက်မှာဗိုင်းရပ်စ်ကူးစက်နေတာတွေ့ရလို့ဆေးရုံမှာနောက်ထပ်ဆက်နေရဦးမယ်လို့သိရကြောင်းမိသားစုဘက်ကပြောပါတယ်။

    ထားဝယ်ဆန္ဒပြမှု တစ်ခု

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ထားဝယ်မြို့ကဆန္ဒပြမှု တစ်ခု
  18. ကလေးမြို့က အဖမ်းခံရသူတစ်ဦး နောက်တစ်နေ့ အလောင်းပဲပြန်ရ

    စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့သာရပ်ကွက်၊ စိတ်ထားမဏ္ဍိုင် ဆိုင်ကယ်ပြင်ဆိုင်က ကိုမင်းမင်းကို မေလ ၂၄ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီး ဒီကနေ့ မေလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတော့ အလောင်းလာထုတ်ဖို့ မိသားစုဝင်တွေကို အကြောင်းကြားခဲ့တယ်လို့ ကလေးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကိုမင်းမင်းရဲ့ အလောင်း ကိုပြန်ရတဲ့ အခါမှာတော့ ကျောမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ အများအပြားတွေ့ရသလို လက်မှာလည်း ဓါးနဲ့ မွှန်းထားတဲ့ ဒဏ်ရာတွေကိုတွေ့ရတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

    ကိုမင်းမင်းဟာ ဒေသ ကာကွယ်ရေးတပ်တွေနဲ့ ဆက်စပ်မှုမရှိသလို ခံတပ် တည်ဆောက်တာတွေနဲ့ လည်းပတ်သက်မှုမရှိကြောင်း သတင်းမှားပေးသူတွေ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရတယ်လို့ ယူဆကြောင်း ကလေး PDF အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    မြို့သာရပ်ကွက်ဟာ ကလေး ဂန့်ဂေါ်လမ်းမမှာတည်ရှိပြီးတော့ ပြီးခဲ့တဲ့လပိုင်းတွေကတော့ ကလေး ဂန့်ဂေါ် လမ်းမှာဒေသခံတွေနဲ့ စစ်ကောင်စီ တပ်တွေ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

    ကလေးမြို့မေလ ၂၅ ရက်နေ့ သပိတ်စစ်ကြောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကလေးမြို့မေလ ၂၅ ရက်နေ့ သပိတ်စစ်ကြောင်း
  19. ချက်နိုင်ငံ က NUG မြန်မာကိုယ်စားလှယ်ကို အသိအမှတ်ပြု

    အမျိုးသား ညီညွတ်ရေး NUG အစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်ကို ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံ အသိအမှတ်ပြု ဂုဏ်ယူကြောင်း မေလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒီလို အသိမှတ်ပြုတာဟာ အမျိုးသားညီညွှတ်ရေး အစိုးရ ရဲ့ ကိုယ်စားလှယ်ကို နိုင်ငံတကာက ပထမဆုံး အသိအမှတ်ပြုတာဖြစ်တယ်လို့ ဦးလင်းသန့်က ပြောပါတယ်။

    ချက်သမ္မတနိုင်ငံ ဒု-နိုင်ငံခြားရေး ဝန်ကြီးက မိမိတို့ မိတ်ဆွေရင်းချာ ဆက်ဆံရေးက တစ်ဆင့် မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ အလွန်ခက်ခဲတဲ့ အခြေအနေတွေကို ကျော်လွှားဖို့ အထောက်အပံ့ဖြစ်မယ်လို့ အခိုင်အမာယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်၊

    ချက်သမ္မတနိုင်ငံက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကတည်းက စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ရှုံ့ချကြောင်းနဲ့ တရားဝင် ရွေးကောက်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်များကို ထောက်ခံကြောင်း၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သော ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရေး တောင်းဆိုကြောင်း၊ မတရားသဖြင့် ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့တကွ ကျန် ဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ကိုလည်း တောင်းဆိုကြောင်း၊ ချက်သမ္မတ နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးရဲ့ စာမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဖွဲ့စည်းတဲ့ အစိုးရသစ်ကို အသိအမှတ်မပြုကြောင်း၊ တရားဝင် ရွေးကောက်ခံ အရပ်သားအစိုးရကို ချက်ချင်း အာဏာပြန်လွှဲဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားတွေ ပါဝင် တက်ရောက်တဲ့ ပါလီမန်လွှတ်တော်အစည်းအဝေးတွေ ပြန်လည် ကျင်းပနိုင်ဖို့ကိုလည်း တိုက်တွန်း ပြောဆိုထားပါတယ်။

    ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့ မေလ ၂၂ ရက်က မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

    ဓာတ်ပုံ ရင်းမြစ်, Lin Thant

    ဓာတ်ပုံ ပုံစာ, ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့ မေလ ၂၂ ရက်က မြန်မာ့အရေး တွေ့ဆုံဆွေးနွေး
  20. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။