လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် စစ်ဆေးမှုများတင်းကျပ်

အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ လှိုင်သာယာ ပင်လုံဈေးအနီးမှာ မှာ ရှိနေတုန်းမှာ ဦးခေါင်းကိုတေ့ပစ်ခံခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကလည်း သူ့နေအိမ် ကို လက်လုပ်ဗုံးအပစ်ခံခဲ့ရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကောင်စီတပ်တွေ အကြိမ်ကြိမ်၀င်နေတဲ့ တန့်ဆည်က ကပေါင်းကျမှာ ရွာလုံးကျွတ်တိမ်းရှောင်နေရ

    စစ်ကောင်စီတပ်တွေ ရွာထဲ အကြိမ်ကြိမ်ဝင်လို့ ထွက်ပြေးနေရတဲ့ဒေသခံတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်တွေ ရွာထဲ အကြိမ်ကြိမ်ဝင်လို့ ထွက်ပြေးနေရတဲ့ဒေသခံတွေ

    တန့်ဆည်မြို့နယ် ကပေါင်းကျရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေလ ၂၉ ရက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့အတွက် ဒေသခံပြည်သူတွေရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

    စစ်တပ်က ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှုအပြီး ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလိုဝင်ရောက်ပစ်ခတ်တာဟာ ဧပြီလလယ်လောက်ကတည်းကဆိုရင် ၆ ခါအထိရှိပြီလို့ ရွာသားတွေကဆိုပါတယ်။

    ကပေါင်းကျကျေးရွာမှာ အိမ်ခြေ(၇၀၀)ဝန်းကျင်ခန့်နဲ့လူဦးရေ (၃) ထောင်ကျော်ရှိနေပြီး စစ်ကောင်စီတပ်တွေ ဒီတကြိမ်ဝင်ရောက်ပစ်ခတ်မှုမှာ တောထဲအထိလိုက်လံပစ်ခတ်ခဲ့တာကြောင့် ပြေးစရာမြေမရှိတော့ဘူးလို့ ဒေသခံရွာသားတွေကပြောပါတယ်။

    ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ရွာသားတွေထဲကတချို့ဟာ တောထဲ ယာစောင့်တဲတွေမှာ ခိုလှုံနေကြရပြီး ယာစောင့်တဲမရှိသူတွေမှာ တောထဲဖြစ်သလိုနေနေကြရတယ်လို့လည်း သိရပါတယ်။

    စစ်ကောင်စီတပ်တွေ ကပေါင်းကျကျေးရွာကို ဝင်ရောက်တဲ့အခါတိုင်းမှာ ရွာသားတွေရဲ့အိမ်တွေကို ဖျက်ဆီးဝင်ရောက်ရှာဖွေမှုတွေ၊ ပစ္စည်းတွေကို ယူဆောင် ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာကြောင့် ရွာသားတွေအနေနဲ့အိုးသစ်အိမ်သစ် ပြန်လည် ထူထောင်ရမယ့်အခြေအနေမျိုးပါ ကြုံတွေ့နေရတယ်လို့ ရွာသားတွေက ပြောကြပါတယ်။

    စစ်ကောင်စီတပ်တွေ ကပေါင်းကျကျေးရွာကို ဝင်ရောက်နေတာဟာ အနီအစိမ်းပြဿနာကြောင့်ဖြစ်တယ်လို့ မီဒီယာတချို့မှာဖော်ပြနေတာဟာ သတင်းမှားတွေဖြစ်ပြီး ဆန္ဒပြပွဲတွေ၊ CDM ဝန်ထမ်းတွေကို ကပေါင်းကျကျေးရွာ ရွှေမျောလုပ်ငန်းရှင်တွေက ကူညီထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အခုလို ပြုလုပ်နေတာလို့ ရွာသားတဦးကပြောပါတယ်။

    ကပေါင်းကျကျေးရွာဟာ စစ်ဖြစ်နေတဲ့ဒေသလဲမဟုတ်၊ နိုင်ငံရေးလှုပ်ရှားသူတွေလဲမရှိပါဘဲ အခုလိုပြုမူခံနေရတာဟာ လူအခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခံနေရတာဖြစ်တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တပ်ဖွဲ့တွေရဲ့လုပ်ရပ်တွေကို အမြန်ဆုံးထိန်းချုပ်ပေးစေချင်တယ်လို့လည်း ရွာသားတွေက တောင်းဆိုနေကြပါတယ်။

  2. အခြေခံပညာကျောင်းတွေ စဖွင့်ပေမယ့် အပြည့်အ၀ မလည်ပတ်နိုင်

    ဒီနေ့ ဇွန် ၁ ရက်မှာ အခြေခံပညာကျောင်းတွေကိုရန်ကုန်နဲ့ နိုင်ငံတဝန်း စတင်ဖွင့်လှစ်ပေမယ့်အပြည့်အ၀ မလည်ပတ်နိုင်သလို ကျောင်းသားအများစုလည်း ကျောင်းလာမတက်ကြတာကိုတွေ့ရပါတယ်။

    ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေ ၂၄ ရက်ကနေ ၃၁ ရက်နေ့အထိ သတ်မှတ်ထားခဲ့ပြီး ဇွန် ၁ ရက်မှာ ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ကျောင်းတွေကို ဖွင့်လှစ်ခဲ့တာပါ။ ဒါဟာ ၂၀၂၀ ပညာသင်နှစ်ကတည်းက ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ကျောင်းတွေ တစ်နှစ်ကျော်အကြာမှာ ပြန်ဖွင့်တာလည်း ဖြစ်ပါတယ်။

    ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပေါက်ကွဲမှု၊ မီးလောင်မှု စတဲ့ အခြေအနေတွေကြောင့်ရန်ကုန်မြို့မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းကိုလာရောက်တက်ရောက်တဲ့ကျောင်းသားတွေနည်းပါးနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တွင်းက နာမည်ကြီးကျောင်းတချို့ပါအဝင် ကျောင်းအများစုမှာ လုံခြုံရေးတွေကို တင်းကျပ်စွာ ချထားတာတွေ့ရသလို တချို့ကျောင်းတွေမှာ လူနာတင်ယာဉ်ပါ အသင့်အနေအထား စောင့်ဆိုင်းနေတာကိုလည်း တွေ့ရပါတယ်။

    ကျောင်းလာတက်ရောက်သူနည်းပါးတာကြောင့် အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တထောင်မှာဆိုရင် မူလက နှစ်ချိန်ကျောင်းကို တစ်ချိန်ကျောင်းအဖြစ်ပြောင်းလဲပြီး တက်ရောက်ဖို့ စီစဉ်ခဲ့ပါတယ်။

    အလားတူဆိုသလို ရုံးမတက်ရေး အာဏာဖီဆန်တဲ့လှုပ်ရှားမှု CDM မှာပါဝင်တဲ့ ဆရာဆရာမတွေကြောင့် တချို့ကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာအချိုးမညီမျှတဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်ရနိုင်ကြောင်း CDM ပြုလုပ်နေတဲ့ပညာရေးဝန်ထမ်းတွေက ထောက်ပြထားပါတယ်။

    မိဘတွေအနေနဲ့ ကလေးတွေရဲ့ ပညာသင်ယူမှုကို အဆက်မပြတ်စေလိုပေမယ့် လက်ရှိမှာ မတည်ငြိမ်တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကျောင်းဘက်က အာမခံပေးနိုင်ခြင်းမရှိဘူးဆိုတာကြောင့် ကလေးကိုကျောင်းမပို့ရဲသလို ကိုဗစ် ရောဂါတွေ ကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်နေတာကြောင့် ကျန်းမာရေးအရရော လုံခြုံရေးရှုထောင့်အရပါ ကျောင်းမပို့ရဲဘူးလို့ ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် ဒီနေ့ ကျောင်းစဖွင့်တဲ့နေ့မှာပဲ ဧရာဝတီတိုင်းအပါဝင် ဒေသတချို့က အခြေခံပညာကျောင်းတချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

    ဒီနေ့ ကျောင်းစဖွင့်ရာမှာ တက်ရောက်ပျက်ကွက် စာရင်းနဲ့ပတ်သက်လို့ ဘီဘီစီက တိုင်းဒေသကြီးပညာရေးမှူးရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပြီး ရရှိတဲ့အချက်အလက်ကိုလည်း ဆက်လက်ဖော်ပြဖို့ရှိနေပါတယ်။

    ရန်ကုန်က အခြေခံပညာကျောင်းတွေ စဖွင့်ပေမယ့် အပြည့်အ၀ မလည်ပတ်နိုင်
    ဓာတ်ပုံ ပုံစာ, အခြေခံပညာကျောင်းတွေ စဖွင့်ပေမယ့် အပြည့်အ၀ မလည်ပတ်နိုင်
  3. စစ်ကောင်စီဖွင့်တဲ့ထီ အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်သာ ချီးမြှင့်နိုင်

    ၂၇ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးဆု အနေနဲ့ချီးမြှင့်တဲ့ ကျပ်သိန်း ၅၀၀၀ ဆု

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ၂၇ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးဆု အနေနဲ့ချီးမြှင့်တဲ့ ကျပ်သိန်း ၅,၀၀၀ ဆု
    ၂၇ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးဆု အနေနဲ့ချီးမြှင့်တဲ့ ကျပ်သိန်း ၁၀၀၀ ဆု

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ၂၇ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးဆု အနေနဲ့ချီးမြှင့်တဲ့ ကျပ်သိန်း ၁,၀၀၀ ဆု

    စစ်အာဏာသိမ်းပြီးတဲ့နောက် ဒုတိယအကြိမ် ဖွင့်တဲ့အောင်ဘာလေ သိန်းထီဆုဖွင့်ပွဲမှာ အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းငါးထောင်သာချီးမြှင့်နိုင်ပါတယ်။

    ဒီနေ့ဇွန် ၁ ရက်နေ့ဖွင့်တဲ့ ကျပ်တစ်ထောင်တန် ထီဖွင့်ပွဲမှာ ကျပ်သိန်း ငါးထောင်ဆုနဲ့ ကျပ်သိန်း တစ်ထောင်ဆု ပေါက်မဲဂဏန်းတွေကို တွေ့ရပါတယ်။

    ပြီးခဲ့တဲ့လက ဖွင့်တဲ့ ၂၆ ကြိမ်မြောက်မှာလည်း ထီဆုအမြင့်ဆုံး ကျပ်သိန်းငါးထောင်သာ ချီးမြှင့်နိုင်ခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေရဲ့ ထီမထိုးရေးလှုပ်ရှားမှုရှိလာတဲ့နောက် ထီဆုအမြင့်ဆုံး ကျပ် သိန်းတစ်သောင်းခွဲကနေ ခုလို ကျပ်သိန်း ငါးထောင်ထိ ကျဆင်းသွားတာဖြစ်ပါတယ်။

    ထီလက်မှတ်တွေရောင်းချတဲ့ ပြည်တွင်းအခွန်များဦးစီးဌာနအောက်က အောင်ဘာလေသိန်းဆုဌာနခွဲကတော့ မေလ တစ်လလုံးရောင်းချရတဲ့ ထီလက်မှတ်ရောင်းရငွေ ကျန်သန်း ၂,၆၂၃ ကျော်ထဲကမှ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်း ၁,၅၇၄ ကျော်ကို ဆုကြေးငွေအဖြစ် ချီးမြှင့်မယ်လို့ အစောပိုင်းက ထုတ်ပြန်ထားပါတယ်။

    ထီဆုဆိုတာ ထီးထိုးလို့ရရှိလာတဲ့ ငွေတွေထဲကနေ ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်ရတာဖြစ်ပြီးထီထိုးသူနည်းပါးတာကြောင့် ခုလို ထီဆုအမြင့်ဆုံး ကျပ်သိန်းငါးထောင်သာချီးမြှင့်နိုင်တာလည်းဖြစ်ပါတယ်။

    အာဏာသိမ်းမှုမဖြစ်ခင် ဇန်နဝါရီလ ၃၀ ရက်မှာ အောင်ဘာလေသိန်းဆုဌာနရဲ့ ၁၄ ကြိမ်မြောက် ထီဖွင့်ပွဲအတွက် ထုတ်ပြန်ချက်အရဆိုရင် ထီလက်မှတ်ရောင်းချရငွေဟာ ကျန်သန်းပေါင်း ၃၄,၃၆၃ ကျော်အထိရှိခဲ့တယ်လို့ဆိုတာကြောင့် စစ်ကောင်စီလက်ထက်မှာ လူထုရဲ့ အောင်ဘာလေထီကံစမ်းမှု အဆမတန် ထိုးကျသွားတာကို တွေ့ရပါတယ်။

  4. ဘဏ်ကနေ ငွေသားကိုရာခိုင်နှုန်းယူထုတ်ပေးသူတစ်ဦးကို ဖမ်း

    အွန်လိုင်းကနေတစ်ဆင့် အကောင့်ဖွင့်ပြီး ငွေသားရယူလိုသူတွေကို ရာခိုင်နှုန်းနဲ့ ထုတ်ပေးပြီး အိမ်ဆိုင်ရာရောက် ဝန်ဆောင်မှုပေးသူ မြောက်ဥက္ကလာမြို့နယ်က အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားက မေလ ၃၁ ရက်နေ့ညက ထုတ်ပြန်ခဲ့ပါတယ်။

    သူက အွန်လိုင်းကနေ အကောင့်တင်ပြီး အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးသူ ဖြစ်ပြီးတော့ ငွေသားရယူလိုသူတွေကို ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိဝန်ဆောင်မှု ယူပြီးလုပ်ကိုင်ခဲ့သူဖြစ်တယ်လို့လည်း သတင်းမှာထုတ်ပြန်သွားပါတယ်။

    ငွေလွဲငွေထုတ်ကို ရာခိုင်နှုန်းယူ လုပ်ဆောင်သူတွေကို ဆက်လက်ဖမ်းဆီးမယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

    ရန်ကုန်မှာ ဘဏ်တွေနဲ့ အေတီအမ် စက်တွေကနေ ငွေလွဲငွေထုတ်တဲ့နေရာမှာ အချိန်ကြာမြင့်စွာတန်းစီရပြီး တော့ လူတွေငွေထုတ်တဲ့ ပမာဏာကို မတ်လ ၁ ရက်နေ့က စပြီးဗဟိုဘဏ်က ကန့်သတ်ခဲ့တာဖြစ်ပါတယ်။

    ရန်ကုန်က အေတီအမ်စက်က ငွေထုတ်ဖို့တန်းစီနေကြသူ များကိုတွေ့ရစဥ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရန်ကုန်က အေတီအမ်စက်က ငွေထုတ်ဖို့တန်းစီနေကြသူ များကိုတွေ့ရစဥ်
  5. ဒီးမော့ဆို မြို့နယ်ထဲမှာ ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်

    ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မှာ မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဥ်နှစ်စီးနဲ့ အဆက်မပြတ် လာရောက်ပစ်ခတ်နေကြောင်း ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF က သတင်းထုတ်ပြန်ထားပါတယ်။

    ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒီကနေ့ နေ့လယ်ပိုင်းကစပြီးတော့ မြို့ခံPDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လွိုင်ကော်မြို့ရှိ အမြောက်တပ်ကနေ ဒီးမော့ဆိုမြို့ကို တားဝေးပစ်‌ အမြောက်‌တွေ နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

    ဒါ့အပြင်ညပိုင်း မှာ ဂျက်လေယာဥ်တွေပျံဝဲပြီး ပစ်ခတ်သံတွေကို ကြားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ဒီးမောဆိုးမြို့ အနီးတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် ကဒီကနေ့ ညနေပိုင်းအထိ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. မကွေးတိုင်းပေါက်မြို့နယ်မှာ တိုက်ပွဲဖြစ်

    တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံ‌တွေရှိရာ မကွေးတိုင်းပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေတိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေကနေတစ်ဆင့် သိရပါတယ်။

    ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို မိုင်းဆွဲပြီးတိုက်ခိုက်ခဲ့သလို၊ စစ်ကောင်စီဘက်ကလည်း အင်အားသုံး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

    မေလ ၃၀ ရက်နေ့ကစပြီး ပေါက်မြို့နယ်တောင်ပိုင်းအတွင်းမှာ တပ်လာစွဲတဲ့ စစ်ကောင်စီတပ်တွေက မေလ ၃၁ ရက် မနက်ပိုင်းမှာ ပေါက်မြို့နယ်ရွာအချို့ကို ဝင်ရောက်စီးနင်းရှာဖွေတာ၊ ဖျက်ဆီးတာမျိုးတွေကို ပြုလုပ်တဲ့အပြင် NLD ထောက်ခံတဲ့ အိမ်တွေကိုလည်း ဖျက်ဆီးတာတွရှိပြီး သူတို့ကို မိုင်းဆွဲတိုက်တာခံရသလို နှစ်ဖက်ပစ်ခတ်တာတွေ ဖြစ်ခဲ့တယ်လို့ ပေါက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    တိုက်ပွဲဖြစ်နေတဲ့နေရာကလည်း တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံတွေနဲ့ ၃မိုင်လောက် ဝေးတဲ့နေရာမှာလို့ ဒေသခံတွေထံကသိရပါတယ်။

    နေ့ခင်း ၃နာရီအထိ နှစ်ဖက်ပစ်ခတ်မှုတွေရှိနေသေးတယ်လို့လည်း ပြောပါတယ်။

    အဲဒီလို ပစ်ခတ်မှုတွေကြောင့်လည်း ပေါက်မြို့နယ်တောင်ပိုင်းက ဒေသခံရာချီပြီး နီးစပ်ရာနေရာတွေကို ရွှေ့ပြောင်းထားကြရတယ်လို့ ဘီဘီစီကို ဒေသခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. ဒေါက်တာဇော်မြင့်မောင် အာမခံ မရ

    မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ကျန်းမာရေး အာမခံလျှောက်ထားတာကို မေလ ၃၁ ရက်နေ့က ခရိုင်တရားရုံးကနေ ပယ်ချလိုက်တဲ့ အမိန့်ချခဲ့တယ်လို့ အမှု့ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကနေ သိရပါတယ်။

    ကင်ဆာရောဂါဝေဒနာခံစားရလို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အတွက် ကျန်းမာရေးအာမခံရဖို့ လျှောက်ထားရာမှာ ဒီကနေ့ ခရိုင်တရားရုံးက အာမခံလျှောက်ထားတာကို ပယ်ချတဲ့ အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

    ဇွန်လ ၈ရက်နေ့မှာတော့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်းက အဖမ်းခံရတဲ့ ဒေါက်တာ ရဲလွင်၊ ဒေါက်တာ စိုးသန်း၊ ဦးဇာနည်အောင်၊ ဦးမျိုးသစ်နဲ့ တိုင်း NLD အတွင်းရေးမှူး ဦးတင်ကိုကို၊ စည်ပင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးကျော်ဇေယျတို့ရဲ့ တရားလိုသက်သေတွေကို စတင်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

    ဒေါက်တာ ဇော်မြင့်မောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုတွေနဲ့ စွဲဆိုထားပြီး အခြားဝန်ကြီးနဲ့ ဖမ်းဆီးခံရသူတွေက ၅၀၅(ခ) ဒါမှမဟုတ် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တစ်ခုစီနဲ့ တရားစွဲဆိုခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။

    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ(၂) ဒေါက်တာ ဇော်မြင့်မောင်

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ(၂) ဒေါက်တာ ဇော်မြင့်မောင်
  8. မင်းတပ် ကန်ပလက်နယ်စပ်မှာ တိုက်ပွဲဖြစ်

    မင်းတပ်-ကန်ပက်လက်နယ်စပ် ကျေးရွာတွေမှာ မေလ ၃၀ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ မင်းတပ်ဒေသခံတွေက ပြောပါတယ်။

    ခွဲလုံသာ၊ မကြား စတဲ့ရွာတွေမှာ စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်လာလို့ မင်းတပ် CDF တပ်ဖွဲ့ဝင်တွေက အဓိကသွားရောက် စစ်ကူပို့ပေးခဲ့ရတယ်လို့လည်းသူတို့ကပြောပါတယ်၊

    စစ်ကောင်စီတပ်တွေဟာ မင်းတပ်မြို့နယ်၊ ဧစခန်းရွာကို ထိုးစစ်ဆင်လာခဲ့ပြီး ဧစခန်းရွာက အလံဖြူထောင်ထားတဲ့ စစ်ရှောင်စခန်းကိုလက်နက်ကြီးတွေနဲ့ ပစ်လို့ စစ်ဘေးရှောင်သူတွေဟာ နီးစပ်ရာ ကျေးရွှာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

    မေလ ၃၀ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေ​ ပြန်လည်စတင်ဖြစ်ပွားခဲ့ပြီးတော့ ညပိုင်း ၉ နာရီ ဝန်းကျင်အထိ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

    စစ်ကောင်စီတပ်တွေ ဧစခန်းရွာအထိ ဝင်ရောက်တပ်စွဲပြီး ရွာခံများနဲ့လည်း ပစ်ခတ်မှုများရှိခဲ့တယ်လို့ ပြောပါတယ်။

    မေလ ၃၁ ရက်နေ့ထိ စစ်တပ်ဘက်က ၆ ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူ များပြားမယ်လို့ ခန့်မှန်းရပြီးတော့ CDF ဘက်က ၁၀ ဦးခန့်ဒဏ်ရာရခဲ့ပြီး အဲ့ဒီထဲက ၃ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

    မင်းတပ်မြို့နယ်က စစ်ရှောင်စခန်းတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မင်းတပ်မြို့နယ်က စစ်ရှောင်စခန်းတစ်ခု
  9. မင်းကင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် မုံရွာမှာ အဖမ်းခံရ

    စစ်ကိုင်းတိုင်း မင်းကင်းမြို့ကနေ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်အဖြစ်ယှဥ်ပြိုင်အနိုင်ရခဲ့တဲ့ ဒေါ်ခင်မွှေးလွင်မုံရွာမှာ အဖမ်းခံခဲ့ရတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။

    မေလ၃၀ရက်နေ့ညပိုင်းက မုံရွာချင်းတွင်းတံ တားအနောက်ဘက်ရွှေတောင်ဦးမှာ အဖမ်း ခံခဲ့ရတာဖြစ်တယ်လို့ လည်းသူ့ရဲ့ မိတ်ဆွေ တွေက ပြောပါတယ်။

    ချင်းတွင်းတံတားအနီး ရွှေတောင်ဦးက အိမ်တစ်အိမ်မှာ တည်းခိုနေစဥ် အဖမ်းခံရတာဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

    USDPနဲ့ NLD အကြား ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ မင်းကင်းမြို့မှာ ၂၀၁၅ နဲ့၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဒေါ်ခင်မွှေးလွင်က လွတ်တော် ကိုယ်စားလှယ်အဖြစ်၀င်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ၂၀၁၅မှာ ရုံးနိမ့်ခဲ့ပြီး ၂၀၂၀မှာ အနိုင်ရခဲ့ပါတယ်။

    မင်းကင်းမှာ ၂၀၁၅ ရွှေးကောက်ပွဲတုန်းက ဒေါ်ခင်မွှေးလွင်က NLD ပါတီက ယှဥ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLD ပါတီက တိုင်းဒေသကြီးကိုယ်စားလှယ်နေရာက ဒေါ်ခင်မွှေးလွင်က ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

    ဒေါ်ခင်မွှေးလွင်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မင်းကင်း ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်
  10. ဗိုလ်ချုပ်အောင်ဆန်းတံတားကို စစ်ကောင်စီက နာမည်ပြန်ပြောင်း

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နဲ့မော်လမြိုင်ကို ဆက်သွယ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကို သံလွင်တံတား-ချောင်းဆုံ အဖြစ် မနက်ဖြန် ဇွန်လ ၁ ရက်မှာ အခမ်းအနားနဲ့ ပြောင်းဖို့ စစ်ကောင်စီဘက်ကစီစဥ်နေပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ပေးခဲ့တဲ့ တံတားအမည်ပြောင်းပွဲ အတွက် နိုင်ငံရေးပါတီတွေနဲ့ မြို့မိမြို့ဖတွေကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘက်က ဖိတ်ကြားမှုတွေပြုလုပ်နေပါတယ်။

    ဒီတံတားအမည်ပေးမှုနဲ့ ပတ်သက်လို့ ၂၀၁၇ ခုနှစ်က NLD နဲ့ ‌ဒေသခံတွေအကြားတင်းမာမှုတွေရှိခဲ့ပြီး ပြည်သူ့လွှတ်တော်မှာပါ မဲခွဲရတဲ့အခြေစိုက်ခဲ့တာပါ။

    လွှတ်တော်မှာ မဲနိုင်ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)လို့ အမည်ပေးနိုင်ခဲ့ပေမယ့် ဆန္ဒပြပွဲတွေနဲ့ တိုးခဲ့ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းအပြီးမှာတော့ လပိုင်းအတွင်းမှာပဲ စစ်ကောင်စီဘက်က ဗိုလ်ချုပ်အောင်ဆန်းတံတားအစား တံတားတည်ဆောက်စဥ်က ပေးဖို့စီစဥ်ခဲ့တဲ့ သံလွင်တံတား-ချောင်းဆုံ ဆိုတဲ့ မူလအမည်ကို ပြန်ပြောင်းလာတာပါ။

    ''တစ်ဦးတစ်ယောက်ချင်းအမြင်အရ ပြောရရင်တော့ မူလနာမည်ပြန်ပြောင်းတာက လက်ခံရမယ့်ကိစ္စပေါ့။ ဒါပေမဲ့ ပြောင်းတဲ့အခြေအနေနဲ့ အချိန်အခါ မှားနေတယ်။ ဒီအချိန်မှာ ဒီလိုပြောင်းတာ သူတို့က မွန်ပြည်သူလူထုရဲ့အင်အားကို ပြန်ရမလားပေါ့။ အဲဒီလိုလည်းပါလိမ့်မယ်။ အခု ပြောင်းတဲ့အလုပ်ကတော့ ကြောင်ရေချိုးတယ်လို့ ကျနော်တို့က မြင်တယ်။''လို့ မွန်လူငယ်တစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီအနေနဲ့ နိုင်ငံတော်သမ္မတရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးလို့ နာမည်ပြောင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံးအဖြစ် နာမည်ပြောင်းခဲ့ပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒတွေကို အဓိကဖော်ဆောင်ပေးနေတဲ့ အတိုင်ပင်ခံရုံးဝန်ကြီးဌာနကိုလည်း ဖျက်သိမ်းထားပါတယ်။

    ဒီကနေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကရင်ပြည်နယ်ကို ရောက်ရှိနေလို့ မနက်ဖြန် တံတားနာမည်ပြောင်းပွဲတက်မလားလို့ မွန်နိုင်ငံရေးအသိုင်းအဝိုင်းက စောင့်ကြည့်နေကြပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းတံတားကို စစ်ကောင်စီက နာမည်ပြန်ပြောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. ကလေးမြို့အနီး သာစည်ရွာမှာ တိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်း ကလေးမြို့အနီးက သာစည်ရွာမှာ မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်း က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေရှိတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ သာစည်ရွာ အတွင်းကို ကားတွေနဲ့ရောက်လာပြီး သေနတ်တွေပစ်ဖောက်ကာ လူအချို့ကိုဖမ်းဆီးသွားကြောင်းနဲ့ အဲ့ဒီနောက်ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

    လူသေဆုံးမှုတွေရှိပြီး ဒေသ PDF ဘက်က တစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးလို့ ကလေးမြို့ခံတွေက ပြောပေမဲ့ သေဆုံးသူတွေနဲ့ပတ်သက်လို့ အတည်ပြုလို့ မရသေးပါဘူး။

    သာစည်ရွာ မှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ကလေးမြို့ CB ဘဏ် ၊ဆေးရုံထိပ်နဲ့ အောင်သစ္စာ ရပ်ကွပ်တွေဘက်မှာ ပေါက်ကွဲမှုတွေရှိနေတယ်လို့ သိရပါတယ်။

    သာစည်ရွာ က ဒေသခံတွေဆီက သတင်းအရ သာစည်ရွာက ဒေသခံ ၉ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်းနဲ့ သတင်းပေးချက်အရ နာမည်နဲ့တကွ စစ်ကောင်စီဘက်က စာရင်းနဲ့ လိုက်ဖမ်းခဲ့တာလို့လည်းပြောပါတယ်။

    ကလေးမြို့ မေလ ၃၀ ရက်နေ့ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကလေးမြို့ မေလ ၃၀ ရက်နေ့ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲ
  12. တွန်းဇံမှာ ကိုယ်ဝန်ဆောင် ကိုယ်ဗစ်လူနာ သေဆုံး

    တွန်းဇံမှာ ကိုယ်ဝန်ဆောင် ကိုယ်ဗစ်လူနာ သေဆုံး

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်မှုတွေ တွေ့နေရတဲ့ ချင်းပြည်နယ်ထဲက တွန်းဇံမြို့မှာ ပိုးတွေ့အတည်ပြုလူနာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မနေ့ မေလ ၃၀ ရက်ညပိုင်းက ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားတယ်လို့ တွန်းဇံပြည်သူ့ဆေးရုံဘက်က ပြောပါတယ်။

    သေဆုံးသူအမျိုးသမီးဟာ မြို့နယ်ထဲက ကျီခါးတိုက်နယ်ဆေးရုံမှာ မေလ ၂၈ ရက်က ဆေးရုံလာတက်ပြီးနောက် ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

    ''သေဆုံးတာဟုတ်ပါတယ်။ လူနာက ရောက်လာတည်းက အောက်စီဂျင်ကျနေတာ။ ကိုယ်ဝန်က နောက်လဆိုမွေးတော့မှာ။ သွေးတိုး၊ ဆီးချိုလို ရောဂါအခံမရှိဘဲ ကိုဗစ်ကြောင့် ဆုံးတာပါ'' တွန်းဇံဆေးရုံဘက်က ပြောပါတယ်။

    ဒါဟာ ပိုးကူးလူနာတွေ ဆယ်နဲ့ချီတွေ့ထားတဲ့ တွန်းဇံမြို့နယ်ထဲမှာ ကိုဗစ်ကြောင့် ပထမဆုံး သေဆုံးမှု ဖြစ်လာပါတယ်။

    မနေ့ကလည်း တွန်းဇံမြို့နယ်ထဲမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ ၂၀ ကျော်အထိတွေ့ခဲ့လို့ အခုဆိုမြို့နယ်ထဲ ကိုဗစ်အတည်ပြုလူနာ ၆၀ နီးပါးအထိ ရှိလာပါတယ်။

    လက်ရှိမှာ ကိုဗစ်အတည်ပြုလူနာတွေကို တွန်းဇံပြည်သူ့ဆေးရုံနဲ့ ကျီခါးတိုက်နယ်ဆေးရုံတွေမှာ ကုသမှုပေးနေပါတယ်။

    အဲဒီမှာ လူနာနဲ့ဝန်ထမ်းအင်အားမမျှဖြစ်နေတယ်လို့ သိရပါတယ်။

    ဝန်ထမ်းအင်အားနည်းပါးနေလို့ လက်ရှိမှာ ကိုဗစ်ပိုးကူးစက်မှုနှုန်းမြင့်နေတဲ့အိန္ဒိယနိုင်ငံနဲ့ နယ်စပ်မှာလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အဝင်အထွက် စစ်ဆေးတာတွေကို အရင်လို ကျန်းမာရေးဝန်ထမ်းတွေနဲ့ မဆောင်ရွက်နိုင်ပဲ လူထုကျန်းမာရေးစေတနာ့ဝန်ထမ်းတွေနဲ့ပဲ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

    အိန္ဒိဘက်ကတော့ ကိုဗစ်ကူးစက်မှုကြောင့် သူ့နဲ့ နယ်စပ်ကို လော့ဒေါင်းချထားပေမဲ့ မြန်မာပြည်ဘက်ကို ပြန်လာကြသူတွေဟာ တောလမ်းကနေ ခိုးဝင်လာတာတွေရှိတာကြောင့် အခုလို ပိုးကူးစက်မှုတွေ ဖြစ်နေတာလို့ ဒေသခံတွေက ယူဆနေပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်နဲ့ စစ်ကိုင်းတိုင်းထဲက တမူးမြို့နယ်တို့မှာ ကိုဗစ်လူနာတွေ့ရှိမှုများ နေတာကြောင့် အိမ်အပြင်မထွက်ဘဲ အိမ်တွင်းနေထိုင်ရေး အစီအစဉ်(stay at home)ကို ကျန်းမာရေးဌာနက ချမှတ်ထားပါတယ်။

  13. တွန်းဇံမှာ တနေ့တည်း ကိုဗစ်ပိုးလူနာ ၂၆ ဦး တွေ့

    ချင်းပြည်နယ်ထဲက တွန်းဇံမြို့နယ်ထဲမှာ မနေ့ မေလ ၃၀ ရက် တနေ့တည်းတင် ကိုဗစ်နိုင်တင်းရောဂါပိုးရှိသူ လူနာ ၂၆ ဦး အထိတွေခဲ့ပါတယ်။

    စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မနေ့က တနိုင်ငံလုံးမှာ ပိုးတွေ့လူနာ ၄၅ ဦးရှိတယ်လို့ ဆိုတာကြောင့် တွန်းဇံမြို့ နယ်ဟာ တနေ့တည်း ပိုးတွေ့သူ အများဆုံးဖြစ်ခဲ့တာပါ။

    တွန်းဇံမြို့နယ်ဆေးရုံမှာ လူနာ ၁၆ ဦးနဲ့ ကျီခါးတိုက်နယ်ဆေးရုံမှာ ၁၀ ဦး ထပ်တိုးလူနာတွေအဖြစ်တွေ့ခဲ့တာလို့ တွန်းဇံဆေးရုံအုပ်ကြီးက ပြောပါတယ်။

    ကျန်းမာရေးဝန်ထမ်းနည်းတဲ့အခက်အခဲတွေရှိနေလို့ ကာကွယ်ကုသရေးအပိုင်းမှာ အဆင်မပြေမှုတွေလည်းရှိတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ထန်ရှင်းခိုင်က ပြောပါတယ်။

    တွန်းဇံဟာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတာလည်းဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်နဲ့ စစ်ကိုင်းတိုင်းထဲက တမူးမြို့နယ်တို့မှာ ကိုဗစ်လူနာတွေ့ရှိမှု များ နေတာကြောင့် အိမ်အပြင်မထွက်ဘဲ အိမ်တွင်းနေထိုင်ရေး အစီအစဉ်(stay at home)ကို ကျန်းမာရေးဌာနက ချမှတ်ထားပါတယ်။

    ကျီခါးတိုက်နယ်ဆေးရုံက ကိုဗစ်လူနာတွေ

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ဓာတ်ပုံ ပုံစာ, ကျီခါးတိုက်နယ်ဆေးရုံက ကိုဗစ်လူနာတွေ
  14. ကွတ်ခိုင် နမ့်ဖတ်ကာက စစ်ကောင်စီစခန်းကို ညီနောင်မဟာမိတ်အဖွဲ့ ဝင်တိုက်, စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးမှုရှိ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းနေရာအချို့ကို AA၊ TNLA၊ MNDAA ပူးပေါင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ဒီကနေ့ မေလ ‌၃၁ ရက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အကျအဆုံးနဲ့ပျောက်ဆုံးသူတွေရှိတယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်က ပြောပါတယ်။

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ ရခိုင့်တပ်(AA)၊ တအာင်းလွတ်မြောက်ရေးတပ် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်(MNDAA)တို့နဲ့ ဖွဲ့စည်းထားတာပါ။

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ပြောကြားချက်အရ မနက် ၁ နာရီဝန်းကျင်ကနေ ၄ နာရီကျော်အထိ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၁ယောက်ကျဆုံးပြီး ၁၅ယောက်နီးပါးပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။

    ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီက သီးခြားအတည်ပြုချက်တောင်းထားဆဲဖြစ်ပါတယ်။

    တိုက်ပွဲအတွင်း နေအိမ်တစ်လုံးထဲကို လက်နက်ကြီး ၂ လုံး ကျရောက်ခဲ့ပြီး ၁ လုံး ပေါက်ကွဲခဲ့လို့ နေအိမ် ထိခိုက်ခဲ့ပေမဲ့ ဒေသခံတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

    ကွတ်ခိုင်မြို့နယ်မှာ ညီနောင်မဟာမိတ်အပြင် KIA နဲ့ စစ်ကောင်စီတို့ကြား ဆက်တိုက်ဆိုသလို တိုက်ပွဲပြင်းထန်နေပြီး မနေ့ မနက်ပိုင်းကလည်း ကွတ်ခိုင်နဲ့ သိန္နီကြားမှာ TNLA၊ MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နာရီဝက်နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ကွတ်ခိုင် နမ့်ဖတ်ကာက စစ်ကောင်စီစခန်းကို ညီနောင်မဟာမိတ်အဖွဲ့ ဝင်တိုက်

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. နေအိမ်အတွင်း သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ ကိုမိုးမြင့်အောင်နာရေးပြုလုပ်

    ပုဂံမြို့သစ်၊ ရုံးတန်းရပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကျည်ထိမှန် သေဆုံးခဲ့တဲ့ အသက် ၂၇နှစ်အရွယ် ကိုမိုးမြင့်အောင် ရဲ့ နာရေးဈာပနကို ဒီနေ့ မေလ ၃၁ ရက် မနက်ပိုင်းက ပုဂံမြို့သစ်သုဿန်မှာပြုလုပ်ခဲ့ပါတယ်။

    ကိုမိုးမြင့်အောင်ရဲ့ နေအိမ်မှာ လက်နက်ခဲယမ်းတွေပြုလုပ်နေတဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မေလ ၃၀ ရက် မနက်ပိုင်း ၁၂ နာရီခွဲက ဝင်ရောက်ရှာဖွေ ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် သေနတ်ကျည် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

    ကိုမိုးမြင့်အောင် ညီ ၂ ယောက်နဲ့ ယောက်ဖတော်စပ်သူတို့ကိုလည် ဖမ်းဆီးသွားပြီး အဲဒီနောက်ရက်မှာတော့ စစ်ကောင်စီသတင်းပေးရဲ့ မှားယွင်းပြောဆိုမှုကြောင့် အိမ်မှားဝင်ရောက်တယ်ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

    "သူတို့ကတော့အိမ်မှားတယ်လို့ပြောလိုက်တာလွယ်တယ်ဗျာ၊ သေသွားရတာ လူ့အသက်တစ်ချောင်း၊ အခုလူ့လောကထဲမရောက်သေးတဲ့ကလေးကလည်း အဖမဲ့ပြီ" လို့ ကိုမိုးမြင့်အောင်ရဲ့ အိမ်နီးချင်းတစ်ဦးကပြောပါတယ်။

    ကိုမိုးမြင့်အောင်မှာ ကိုယ်ဝန်သုံးလ လွယ်ထားရတဲ့ ဇနီးသည်ကျန်ရစ်ခဲ့ပါတယ်။

    နေအိမ်အတွင်း သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ ကိုမိုးမြင့်အောင်နာရေးပြုလုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. အပစ်ရပ်ကာလ ဇွန်လတစ်လလုံးထပ်တိုးတယ်လို့ တပ်ကြေညာ

    နေပြည်တော်မှာကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံတက် တပ်မတော်သားတွေ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံတက် တပ်မတော်သားတွေ

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေ ဆက်ဆွေးနွေးနိုင်ဖို့၊ အဲဒီလုပ်ငန်းစဉ်တွေ ချောမွေ့အောင်ဆောင်ရွက်နိုင်ဖို့ အပစ်ရပ်ကာလကို ဇွန်လ တစ်လလုံး ထပ်တိုးလိုက်တယ်ဆိုပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်လာပါတယ်။

    အခုလို အပစ်ရပ်ကာလ ထပ်တိုးလိုက်တာဟာ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်မှာ ပြန်ဖွင့်မှာဖြစ်လို့ ကျောင်းသူကျောင်းသားတွေ အေးအေးချမ်းချမ်း ပညာသင်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

    ဒါ့ပြင် နိုင်ငံလုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တယားတွေကို နှောက်ယှက်တိုက်ခိုက်ချိန်မှအပ တပ်ရဲ့စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အချိန်တစ်လ ရပ်ဆိုင်းမယ်လို့ဆိုပါတယ်။

    ဒီအတောအတွင်း ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ကြဖို့ကိုလည်း တိုက်တွန်းထားတာတွေ့ရပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းစစ်ကောင်စီက ခန့်တဲ့ တပ်ငြိမ်းချမ်းရေးညှိနှိုင်းအဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ တွေ့ဆုံညှိနှိုင်းတာမျိုးတွေ ရှိထားပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး ကျင်းပနေတုန်း PPST က စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ဆီ ပေးပို့မယ်ဆိုတဲ့ မူကြမ်းစာတစ်စောင်လည်း ပျံ့နှံ့ခဲ့ပါတယ်။

    အဲဒီစာအရ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဆွေးနွေးပွဲတွေ ပြန်လုပ်တော့မလားဆိုတဲ့မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။

    ဒါပေမဲ့ ဒီစာဟာ စစ်အာဏာသိမ်းမှုအပြီး NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက နိုင်ငံတကာကို ပို့ခဲ့တဲ့စာတစ်စောင်ကြောင့် စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က စာပို့ခဲ့တာကို အကြောင်းပြန်ကြားဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တချို့က မူကြမ်းရေးထားတဲ့စာလို့ သိရပါတယ်။

    ဒါ့ပြင် လက်မှတ်ထိုးထားတဲ့အဖွဲ့တချို့က စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့ နှစ်ဦးနှစ်ဖက် သီးသန့်ဆွေးနွေးတာမျိုး လုပ်လိုတဲ့ဆန္ဒရှိကြပေမဲ့ PPST တစ်ဖွဲ့လုံးအနေနဲ့ သွားရောက်ဆွေးနွေးမယ်ဆိုတာမျိုးတော့မရှိသေးဘူးလို့ အပစ်ရပ်လက်မှတ်ထိုးထားပြီး PPST အစည်းအဝေးတက်ရောက်ခဲ့တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(ALP)ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက ပြောထားပါတယ်။

  17. ယူကေရောက် မြန်မာဆရာဝန်ကြီးတွေက မြန်မာ ဆေး ကျောင်းသားတွေကို အွန်လိုင်းက စာသင်

  18. ဖရူဆိုမှာ တံတားနှစ်စီး ဖြိုချခံရတယ်လို့ စစ်ကောင်စီထုတ်ပြန်

    ကယားပြည်နယ် ဖရူဆို မှာ မေလ ၃၀ ရက် နေ့က တံတားနှစ်စီး ဖြိုချဖျက်စီးခံရတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာရုပ်မြင်သံကြားက ထုတ်ပြန်သွားပါတယ်။

    မေလ ၃၀ ရက် မနက် ၁၀ နာရီခွဲခန့်က ဖရူဆိုနဲ့ ဒီမောဆိုကြား တံတားတွေကို ဘက်ဟိုးနဲ့ မြေကျင်းတွေတူးပြီး

    ကားတွေ ဖြတ်မရအောင်လုပ်ထားတာဖြစ်တယ်လို့လည်းဆိုပါတယ်။

    ကယားပြည်နယ်ထဲက မိုးဗြဲရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ပြည်နယ်အတွင်းမှာ တပ်စွဲထားပြီး တိုက်ပွဲ ဖြစ်ပွားတာတွေလည်းရှိခဲ့ပါတယ်။

    ဒီမောဆိုဘက်မှာ စစ်ကောင်စီတပ်တွေက ခြောက်လှန့်ပစ်ခတ်တာတွေရှိပေမဲ့ ဒေသ PDF နဲ့ စစ်ကောင်စီတပ်တွေ က်ပွဲ ထိတွေ့တာမျိုးမရှိကြောင်းလည်း ဒေသခံတွေက နေတစ်ဆင့် သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Screen Shot

  19. နိုင်ငံတကာ လေကြောင်းခရီးစဥ်တွေကို ဇွန်လ ၃၀ ရက် နေ့အထိ ပိတ်

    နိုင်ငံတကာ က လေယာဥ်တွေရဲ့ ခရီးစဥ်ပျံသန်းမှုတွေကို ကို မေလ ၃၁ ရက်နေ့ အထိ ပိတ်ထားရာကနေ လာမယ့် ဇွန်လ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားက ထုတ်ပြန်သွားပါတယ်။

    နိုင်ငံတကာ မှာကိုဗစ်ရောဂါဖြစ်ပွားမှုတွေ မြင့်တက်နေတဲ့ အတွက် အခုလို ရက်ကို ထမ်မံတိုးမြှင့် ရတာဖြစ်တယ်လို့လည်း သတင်းကဆိုပါတယ်။

    ကိုဗစ်ကူးစက်သူ တစ်နေ့တည်း တစ်ရက်တည်း တစ်ရာနီးပါးအထိ မေလ ၂၈ ရက်နေ့က တွေ့ရှိခဲ့ပြီးနောက် ကူးစက်မှု များပြားခဲ့တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်နဲ့ စစ်ကိုင်း တမူးမြို့နယ်တို့ကို မေ ၂၉ မနက် ၄ နာရီက စပြီး Stay at Home ဒေသတွေ အဖြစ် သတ်မှတ်လိုက်တယ်လို့ ကျန်းမာရေးရဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    မေလ ၃၀ ရက်နေ့မှာ မြန်မာနိုငံမှာ ကိုဗ် ၁၉ ရောဂါပိုးတွေ့ရသူ အတည်ပြုလူနာ ၄၅ ဦးတွေ့ရတယ်လို့ သတင်းထုတ်ပြန်သွားပါတယ်။

    ပြည်တွင်းလေကြောင်း ခရီးစဥ်အချို့လည်းရပ်နားမှုရှိခဲ့
    ဓာတ်ပုံ ပုံစာ, ပြည်တွင်းလေကြောင်း ခရီးစဥ်အချို့လည်းရပ်နားမှုရှိခဲ့
  20. ပုဂံမြို့သစ်က ဒေသခံတစ်ဦးနေအိမ် အတွင်းသေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

    မေလ ၃၀ ရက့် မနက်ပိုင်းက ပုဂံမြို့သစ်က ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်တွေဝင်ရောက် ဖမ်းဆီးရာမှာ ဒေသခံ ကိုမိုးမြင့်အောင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

    ကိုမိုးမြင့်အောင်ဟာ သတင်းမှားပေးခံရတာဖြစ်ပြီး ကိုယ်ဝန် ၃ လနဲ့ ဇနီးသည်ကျန်ခဲ့တဲ့အကြောင်း မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သတင်းရလို့ သူတို့လာရှာတော့ အိမ်ခန်းတံခါးပိတ်လိုက်တာကို တံခါးဖွင့်ပြီးပစ်လိုက်တာဖြစ်ပြီးတော့ ပစ်ပီးကားပေါ်ကို တင်သွားကြောင်းနဲ့ လူငယ် လေးဦးဖမ်းဆီးထိန်းသိမ်းခံရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

    ပုဂံမှာ မေလ ၃ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေး ဒေသခံပြည်သူ ၁၀၀ ကျော် စုပေါင်းပြီး ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ပုဂံမှာ မေလ ၃ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေး ဒေသခံပြည်သူ ၁၀၀ ကျော် စုပေါင်းပြီး ဆန္ဒပြ