လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် စစ်ဆေးမှုများတင်းကျပ်
အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ လှိုင်သာယာ ပင်လုံဈေးအနီးမှာ မှာ ရှိနေတုန်းမှာ ဦးခေါင်းကိုတေ့ပစ်ခံခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကလည်း သူ့နေအိမ် ကို လက်လုပ်ဗုံးအပစ်ခံခဲ့ရပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
အထိန်းသိမ်းခံထားရတဲ့ အမေရိကန်သတင်းထောက်ကို ကောင်စစ်ဝန်အရာရှိတွေ တွေ့ခွင့်မရ
မြန်မာနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီ ဖန်စတာ အတွက် အထူးစိုးရိမ်နေတယ်လို့ အမေရိကန်အစိုးရက ထုတ်ဖော်ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ အခြေစိုက် Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်း အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီ ဖန်စတာ ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ကွာလာလမ်ပူမြို့ကို ထွက်ခွာမယ့် လေယာဉ်ပေါ် မတက်ခင် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
Frontier Myanmar ရဲ့ ထုတ်ပြန်ချက်မှာတော့ မစ္စတာ ဒန်နီ ဖန်စတာကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး ဘာ့ကြောင့် အခုလို ဖမ်းဆီး ထိန်းသိမ်းခဲ့တာလဲ ဆိုတာ မသိရကြောင်း ဖော်ပြထားပါတယ်။
မစ္စတာ ဒန်နီ ဖန်စတာဟာ မိသားစုနဲ့တွေ့ဖို့ နဲ့ ကိုဗစ်ဆေး ထိုးဖို့အတွက် အမေရိကန်နိုင်ငံကို အားလပ်ရက် ခေတ္တ ပြန်ဖို့ လုပ်စဉ်မှာ အခုလို ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာလို့ သိရပါတယ်။
မစ္စတာ ဒန်နီ ဖန်စတာကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လွန်လွန်ကျူးကျူး တိုက်ခိုက်လိုက်တာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ရန်ကုန်မြို့ အမေရိကန်သံရုံးက ကောင်စစ်ဝန်အရာရှိတွေကိုလည်း မစ္စတာ ဒန်နီ ဖန်စတာနဲ့ တွေ့ခွင့် မပြုဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
ကောင်စစ်ဝန်အချင်းချင်း ဆက်ဆံရေး ဆိုင်ရာ ဗီယန်နာ သဘောတူချက်အရ သူ့ကို အမေရိကန် ကောင်စစ်ဝန်အရာရှိနဲ့ တွေ့ခွင့်ပြုဖို့နဲ့ သူ့ကို ထိန်းသိမ်းထားစဉ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံထားရှိဖို့ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်တယ်လို့လည်း ဆိုပါတယ်။
"မစ္စတာ ဒန်နီ ဖန်စတာကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာ စစ်ကောင်စီကို အမေရိကန်အစိုးရက ဖိအားပေး တိုက်တွန်းပြောထားပြီး သူ့မိသားစုဆီ ဘေးကင်းလုံခြုံစွာ ပြန်သွားခွင့် မပြုမချင်း ဆက်လက် ဖိအားပေး ပြောသွားမှာပါ"
ဒီအတောအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက်အတွင်းဝန် ဝဲန်ဒီ ရှာမန်ဟာ လာမယ့် သီတင်းပတ်ကျရင် အရှေ့တောင်အာရှဒေသဆီ သွားရောက်ဖို့ စီစဉ်ထားပြီး အဲဒီကို ရောက်ရင် မစ္စတာ ဒန်နီ ဖန်စတာ ထိန်းသိမ်းခံထားရတဲ့ ကိစ္စကိုရော၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအကြောင်းကိုပါ ဆွေးနွေးပြောဆိုဖို့ ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Frontier Myanmar
ဓာတ်ပုံ ပုံစာ, Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်း အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီ ဖန်စတာ မင်းတပ်မှာကိုယ့်အိမ်ကိုယ်ပြန်နေရင်စာရင်းပေးရမယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေဖြစ်အပြီး မြို့ခံတွေ နီးစပ်ရာရွာတွေကို ပြေးခဲ့ကြလို့ ပိတ်ထားခဲ့ရတဲ့ မင်းတပ်မြို့မဈေး 
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ရှင်းလင်းနေတဲ့ မင်းတပ်မြို့ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအခြေအနေ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့မှာ စစ်ရှောင်စခန်းတွေဖွင့်ထားပြီး စစ်ရှောင်စခန်းတွေမှာ ဝင်ရောက်နေထိုင်နိုင်ကြောင်းနဲ့ မိမိအိမ်ပြန်ပြီးနေထိုင်မယ့်သူတွေ စာရင်းပေးရမယ်လို့ စစ်တပ်က မေလ ၂၉ ရက်နေ့က စပြီး အသိပေးထားတယ်လို့ မင်းတပ်ဒေသခံတစ်ဦးကပြောပါတယ်။
မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ဘေးရှောင်စခန်း ၈ ခုခန့် ဖွင့်ထားပြီးတော့ စစ်ဘေးရှောင်သူတွေဟာစခန်းတွေမှာ စာရင်းပေးပြီးနေကြဖို့ စစ်တပ်ကထုတ်ပြန်ထားပါတယ်။
မင်းတပ်မှာတော့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ရွာတွေဘက်ကို စစ်ဘေးရှောင်နေသူတွေများပြီး မြို့ထဲမှာလည်းအသွားအလာမရှိသလောက်ဖြစ်နေပါတယ်။
ဒါ့ပြင် မင်းတပ်နဲ့ကန်ပလက်ကြားမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေရှိခဲ့ပါတယ်။
မင်းတပ်မြို့ဟာ လူဦးရေ ၅ သောင်းနီးပါးရှိပြီးတော့ တိုက်ပွဲတွေဖြစ်ပွါးပြီးမှာ မြို့ထဲကနေ လူအများအပြားထွက်ခွါသွားခဲ့ကြပါတယ်။
ကိုယ်ပိုင် ဖက်ဒရယ်အခြေခံမူရှိဖို့ EAO တွေ ခြေလှမ်းလာ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)တွေအနေနဲ့ ကိုယ်ပိုင် ဖက်ဒရယ်အခြေခံမှုတစ်ခုရလာဖို့ ဒီမူရေးဆွဲရေးအလုပ်အဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းမယ့်အကြောင်း ခြေလှမ်းလာပါတယ်။
ဒီလိုပြင်ဆင်ဖွဲ့စည်းပြီး ရလာတဲ့အခြေခံမူကို လာမယ့်အစည်းအဝေးမှာ အတည်ပြုချက်ယူဖို့ တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ရဲ့ မေလ ၂၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
''CRPH က ဆွေးထားတဲ့ အခြေခံမူတွေဟာ ကျမတို့ တော်လှန်ရေးပြင်ပမှာ ဆွဲထားတဲ့ အခြေခံမူတွေနဲ့ အများကြီး ကွာတာတော့ မရှိပါဘူး။ အများကြီး တူတဲ့အချက်တွေရှိပါတယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျမတို့ EAO အတွက်ကတော့ လက်ဆုပ်လက်ကိုင်အနေနဲ့ အသေအချာရှိထားနှင့်ဖို့ လိုတယ်။ ဒါဟာ ငါတို့ဟာပဲ ဆိုတာမျိုး ကျမတို့မှာရှိနေဖို့ လိုတယ်။ ဒါကတော့ အတည်ပဲ ဆိုတဲ့အနေအထားတစ်ခုခုကို ရောက်အောင် ကျမတို့ ကြိုးပမ်းဖို့လိုတဲ့စဉ်းစားချက်မျိုး ကျမတို့မှာရှိပါတယ်''လို့ အပစ်ရပ်လက်မှတ်ထိုးထားပြီး PPST အစည်းအဝေးတက်ရောက်ခဲ့တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(ALP)ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
တဖက်မှာလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ဖက်ဒရယ်ပဋိညာဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာ ထားပြီးဖြစ်လို့ ဒီပဋိဉာဉ်ထဲက မူတွေဟာ PPST ရဲ့မူနဲ့ ဘယ်လောက်အထိ ထပ်တူကျနိုင်မလဲဆိုတဲ့ ဘီဘီစီရဲ့မေးမြန်းမှုကို ဒေါ်စောမြရာဇာလင်းက ဖြေခဲ့တာဖြစ်ပါတယ်။
CRPH ရဲ့ ပဋိဉာဉ်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေစဉ်းစားထားတဲ့ ပဋိဉာဉ်နဲ့လည်း အများကြီးမကွာပေမဲ့ တိုင်းပြည်တည်ဆောက်မယ့်အချိန် ကျလာတဲ့အခါမှာ အားလုံး စကားပြော၊ ရေးဆွဲ တိုင်ပင်ကြမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
PPST အစည်းအဝေးကို မေလ (၂၇) ရက်နဲ့ (၂၈) ရက်မှာ Video Conferencing နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းနိုင်ဖို့ NCA မှာ အသိသက်သေအဖြစ် လက်မှတ်ထိုးထားတဲ့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ကြားဝင်ဖျန်ဖြေစေ့စပ်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NCA-S EAO
ဓာတ်ပုံ ပုံစာ, မေလ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ PPST အစည်းအဝေး ရွှေပြည်သာ ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ဗုံးပေါက်၊ နှစ်ဦးဒဏ်ရာရ
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်က ဗုံးပေါက်ခဲ့ပြီး အနီးရှိအမှိုက်ကောက်နေသူ သားအဖနှစ်ဦးဒဏ်ရာရသွားတယ်လို့ ရွှေပြည်သာဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒဏ်ရာရရှိသူ နှစ်ဦးကို လူနာတင်ယာဥ်နဲ့ တင်ပြီးခေါ်သွားတာတွေ့ရကြောင်းလည်း သူ က ပြောပါတယ်။
ဒီကနေ့ မေလ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း အဆိုပါအုပ်ချုပ်ရေးမှူးရုံးအနီး မဲခေါင်လမ်း၊ ပညာရေးမှုးရုံးမှာလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ရွှေပြည်သာမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာထားတဲ့ မြို့နယ်ဖြစ်ပြီး ဆိုင်ကယ် စီးနင်းသွားလာတာတွေကို လည်း ကန့်သတ်ထားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
၂ နှစ်ကြာစစ်ဘေးသင့်ခဲ့တဲ့ ပလက်ဝမြို့မှာ စစ်ကောင်စီက သွားလာမှုကန့်သတ်

ဓာတ်ပုံ ရင်းမြစ်, ခူမီးမီဒီယာ
ဓာတ်ပုံ ပုံစာ, ပလက်ဝမှာ ဗုံးပေါက်မှုအပြီး အသွားအလာကန့်သတ်မှုတွေရှိလာသလို ဒေသခံ တချို့လည်း ဖမ်းဆီးခံထားရ ရခိုင့်တပ်မတော်(အေအေ)နဲ့ တပ်မတော်တို့ကြားက ပြီးခဲ့တဲ့ ၂ နှစ်တိုက်ပွဲတွေကြောင့် စစ်ဘေးသင့်ခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့နယ်စပ် ချင်းပြည်နယ်ထဲက ပလက်ဝမြို့မှာ စစ်ကောင်စီက သွားလာကန့်သတ်မှုတွေကို မေလ ၂၉ ရက်စလို့ ပြုလုပ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့မေလ ၂၈ ရက်မှာ ပလက်ဝမြို့က အစိုးရရုံးနဲ့ ဘဏ်တွေနား နေရာ ၂ ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့အပြီး အခုလို ကန့်သတ်ပိတ်ပင်မှုဖြစ်လာတာပါ။
''ရေကြောင်းဆိုရင် ပလက်ဝရဲ့အပေါ်ဘက်။ နောက်ပြီးတော့ အောက်ဘက်။ ကျောက်တော်ဘက်ကို သွားတဲ့ဘက်ပေါ့။ အရင်တုန်းက တစ်ပတ်ကို ၂ ရက်ဖွင့်ပေးထားတာ။ အဲဒါကိုလည်း ပိတ်ထားတယ်။ နောက်ပြီးတော့ ပလက်၀ တဖက်ကမ်းမှာလည်း ရွာတွေက ရှိတဲ့အခါကျတော့ အဲဒီရွာတွေကို ကူးတဲ့ ကူးတို့လိုင်းတွေကိုလည်း ပိတ်ထားတယ်'' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပလက်ဝမှာ တိုက်ပွဲတွေ မဖြစ်ခင်က ပလက်ဝ-ကျောက်တော်ရေလမ်းခရီးကို ရေကြောင်း ပုံမှန်သွားလာခွင့်ရှိခဲ့ပေမဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းနဲ့ ပေါက်ကွဲမှုမဖြစ်ခင် မေလ ၂၈ ရက်အထိ တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ တပတ် ၂ ရက် သွားလာခွင့်ပြုပြုထားခဲ့တာဖြစ်ပါတယ်။
အခုတော့ ဗုံးပေါက်ကွဲမှုကို စုံစမ်းဖို့ ကူးတို့လိုင်းတွေအပြင် ပလက်ဝမြို့ကိုဖြတ်ပြီး အပေါ် အောက်သွားတဲ့ရေယာဉ်လိုင်းတွေကို ပိတ်လိုက်တာဖြစ်ပါတယ်။
ဒါ့ပြင် ပလက်ဝမြို့ထဲ ဗုံးပေါက်ကွဲမှု ၂ ခုဖြစ်ပြီးတဲ့နောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာပါဝင်တယ်ဆိုတဲ့မသင်္ကာမှုနဲ့ ဒေသခံ ၁၀ ဦး ဖမ်းဆီးခံခဲ့ရပြီး အခုတော့ သူတို့ထဲက ၂ ဦး ပြန်လွတ်လာလို့ ၈ ဦး ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ မသင်္ကာမှုနဲ့ဖမ်းထားသူတွေထဲက ၄ ဦးကို ပလက်ဝမြို့မရဲစခန်းမှာ ဖမ်းထားပြီး ကျန် ၄ ဦးကိုတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။
ဒီပဲယင်းအရေးအခင်း ၁၈ နှစ်ပြည့် ပန်းစည်းချရုံပဲ ပြုလုပ်နိုင်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဒီပဲယင်း အရေးခင်းဖြစ်ခဲ့တဲ့ ကြည်ကျေးရွာအုပ်စု၊ဘုရားထွက်ရွာ ထိပ်မှာပြုလုပ်တဲ့ အရေးအခင်းမှာ ကျဆုံးခဲ့သူတွေအတွက် ၁၈နှစ်ပြည့် အောက်မေ့ဖွယ် 
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်းပြုလုပ်တဲ့ ဒီပဲယင်းအရေးအခင်း ၁၈ နှစ်ပြည့်အောက်မေ့ဖွယ် ဒီနေ့ မေလ ၃၀ ရက်မှာ ၁၈ နှစ်ပြည့်တဲ့ ဒီပဲယင်းအရေးအခင်း အောက်မေ့ဖွယ်ကို အခမ်းအနားအနေနဲ့ မကျင်းပနိုင်ဘဲ ပန်းစည်းချတာပဲပြုလုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ခါတိုင်းဆို ဆွမ်းကပ်တွေနဲ့ သေချာလေးလုပ်ဖြစ်တယ်။ ဒီနှစ်မှာ စစ်သားတွေရှိနေတယ်။ ကူးသန်းနေကြလို့ ပွဲမလုပ်ဖြစ်တော့ဘူး။ ဒီပဲယင်းအရေးခင်းမှာ ပေးဆပ်လိုက်ရတဲ့သူတွေလဲ အများကြီးရှိတယ်။ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီ။ မေ့ပစ်ရမယ့် အကြောင်းရာမဟုတ်ဖူး။ အညိုးအာဃာတတွေ ချေဖျက်ချင်တာ။ ဒါပေမယ့် အရေးတော်ပုံကို အခုချိန်ထိ တိုက်ပွဲဝင်နေရတုန်းဖြစ်နေတယ်"လို့ ဒီပဲယင်းဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေရဲ့ စည်းရုံးရေးခရီးစဉ်ဟာ ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်မှာ ဒီပဲယင်းမြို့ကို ထွက်လာချိန် ကြည်ရွာအနီးမှာ NLD ပါတီကို မလိုမုန်းထားသူတွေရဲ့တိုက်ခိုက်တာခံခဲ့ရပြီး ပါတီဝင်တွေ သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေ ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ NLD ရဲ့နာယကလည်းဖြစ်၊ ဒီပဲယင်းအရေးအခင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူလည်းဖြစ်တဲ့ ဦးတင်ဦးကတော့ ဒီပဲယင်းအရေးအခင်းမှာ ရိုက်နှက်ခဲ့သူတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်တွေဖြစ်တဲ့အကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ဆက်စပ်သက်သေအထောက်အထားတွေရှိတယ်လို့ဆိုပြီး ဒီဖြစ်ရပ် ၇ နှစ်ပြည့် အခမ်းအနားကျင်းပချိန် ၂၀၁၀ ပြည့်နှစ်တုန်းက ပြောထားဖူးပါတယ်။
ထားဝယ်မှာ တနေ့တည်း လူ ၁၅ဦး ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, MPA/CJ
ဓာတ်ပုံ ပုံစာ, ထားဝယ်လူငယ်တွေ မေလ ၂၉ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုင်ကယ်သပိတ် တနင်္သာရီတိုင်းထဲက ထားဝယ်မြို့မှာ မနေ့ မေလ ၂၉ ရက် တနေ့တည်းမှာတင် လူ ၁၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အဖမ်းမခံရအောင် ကိုယ်တိုင်ထွက်ပြေးခဲ့ရသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့ညနေပိုင်းမှာ ထားဝယ်မြို့၊ ကျောက်မှော်ရပ်ကွက်မှာ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၄ ယောက် အဖမ်းခံခဲ့ရပြီး လက်ဝဲကျွန်းရပ်ကွက်၊ ဆင်ဆိပ်မှာလည်း လူ ၁၀ ယောက်လောက်အဖမ်းခံခဲ့ရတယ်လို့ ကိုယ်တိုင်ထွက်ပြေးခဲ့ရသူက ပြောပါတယ်။
'အခုဖမ်းမိတဲ့သူ ၄ ယောက်ပေါ့နော်၊ ကျနော်ပါ အပါအဝင်ဆို စုစုပေါင်း ၅ ယောက်ပေါ့။ မုန့်ထိုင်စားနေကြတုန်း ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဆေးယူလာခဲ့ပါလို့ ဖုန်းဆက်တယ်။ ကျွန်တော်လည်း အဲဒါ အိမ်မှာ ဆေးပြန်ယူမယ်ဆိုပြီး အိမ်ကို ပြန်သွားတာ။ စစ်ကောင်စီက လူတွေက ကျွန်တော်တို့ အိမ်ရှေ့ကို တစိုက်မတ်မတ် ရောက်လာတာ။ သပိတ်စစ်ကြောင်းမှာ လိုက်နေတဲ့လူတွေရဲ့အိမ်ကို အတိအကျသိတဲ့ပုံစံနဲ့ဝင်လာခဲ့တာ။ ကျွန်တော်က သူတို့လာတာမြင်တဲ့သူဆိုတော့ ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးနိုင်ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းတွေကတော့ ကျွန်တော်နဲ့ခပ်လှမ်းလှမ်းရောက်နေလို့ သတိမပေးနိုင်ခဲ့ဘူး'' လို့ အဖမ်းမခံရအောင်ထွက်ပြေးခဲ့ရတဲ့ကိုမျိုးက ပြောပါတယ်။
လာဖမ်းတဲ့သူတွေဟာ အရပ်ဝတ်တွေဖြစ်ပြီး သေနတ်အကြီး အသေးတွေ ကိုင်လာကြတယ်လို့လည်း သူက ပြောပါတယ်။
သပိတ်စစ်ကြောင်းကို ဦးဆောင်နေတဲ့သူလို့ နာမည်ထွက်သူကို လိုက်ဖမ်းနေတယ်လို့ကြားရပေမဲ့ ပါသွားတဲ့သူငယ်ချင်းတွေဟာ သပိတ်မှာ ဦးဆောင်နေသူမဟုတ်ဘဲ လိုက်ပါ အားဖြည့်နေသူတွေလို့ သူက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီး ဘယ်အဖွဲ့အစည်းမှာမှ မပါဝင်သလို လက်ရှိမှာ ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိရသေးပါဘူး။
ထားဝယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေကို မြို့ခံသပိတ်ကော်မတီနဲ့ လူငယ်တွေက မိုးထဲရေထဲမှာပါ နေ့စဉ် နေ့တိုင်းနီးပါး လမ်းပေါ်တက် ဆန္ဒပြနေတာတွေဖြစ်အပြီးမှာ အခုလို ဖမ်းဆီးမှုတွေ ထွက်ပေါ်လာတာပါ။
ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ် ဘူတာရုံလမ်းအနီး ဗုံးပေါက်
ရန်ကုန်၊ လှိုင်မြို့နယ်ထဲမှာပါတဲ့ ရန်ကုန်-အင်းစိန်လမ်းမကြီးနဲ့ပေါ်က ဘူတာရုံလမ်းနားမှာ ဒီနေ့ မေလ ၃၀ ရက် မနက် ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ဘူတာရုံလမ်းမှတ်တိုင်နဲ့လည်း နီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အင်းစိန်လမ်းမပေါ်က အားကစားခန်းမတစ်ခုရဲ့ မှန်တံခါးချပ်တွေ ပျက်စီးသွားခဲ့ပေမဲ့ လူထိခိုက်မှုရှိ မရှိတော့ မသိရသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး အင်းစိန်လမ်းမကြီးပေါ်ကိုရော၊ ဘူတာရုံလမ်းကိုရော ပိတ်ဆို့တာမျိုးရှိပေမဲ့ အခုတော့ ဘူတာရုံလမ်းကို ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hlaing Information
စစ်ကောင်စီတပ်တွေနဲ့ KIA တိုက်ခိုက်မှုတွေ ဆက်ရှိနေ
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နဲ့ မြန်မာစစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဟာ တိုက်ပွဲကြီးတွေ ရှိမနေပေမဲ့ ကချင်ပြည်နယ်အတွင်းက မြို့နယ်အတော်များများနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။
အထူးသဖြင့် ပူတာအို၊ မိုးမောက်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် KIA ရဲ့ တပ်မဟာ (၄)နဲ့ (၆)က ထိန်းချုပ်တဲ့ နယ်မြေအတွင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး ပြင်းပြင်းထန်ထန် ဖြစ်တာတော့ မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။
အခုလို တိုက်ပွဲတွေ ဖြစ်နေရာမှာ KIA ဘက်က ကြားဖြတ်တိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးနဲ့ ဝင်ပစ်တာတွေလည်း ရှိခဲ့ပြီး ကျဆုံး ဒဏ်ရာရမှု အခြေအနေကတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဖားကန့်မြို့နယ် ရှဒူဇွပ်ရွာနဲ့ နောင်းမီရွာမှာ စစ်ကောင်စီ သြဇာခံ ပြည်သူ့စစ် တပ်ဖွဲ့တွေနဲ့ KIA တို့ တိုက်ပွဲ အခြေအနေကိုတော့ သူက အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
KIA အနေနဲ့ စစ်ကောင်စီရဲ့ စစ်တပ်ဖွဲ့တွေအပြင် သူတို့ကို သြဇာခံတဲ့ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကိုလည်း ပြည်သူလူထုဘက်က ရပ်တည်ပြီး ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းက တိုက်ခိုက်မှုတွေအနက် ဟိုပင်မြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်း အမှတ် ၄၀ ဟာ မေလ ၂၈ ရက် ညပိုင်းက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် လူအထိအခိုက်တော့ မရှိဘူးလို့ ဟိုပင်မြို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။
ကေအိုင်အေနဲ့ ပြည်သူ့စစ် တိုက်ခိုက်မှုတွေကို ဗိုလ်မှူးကြီးနော်ဘူက အတည်မပြုခဲ့ပေမယ့် နှောင်းမီရွာက ပြည်သူ့စစ်ခေါင်းဆောင်ကို ကေအိုင်အေက မေလ ၂၇ ရက်နေ့ညမှာ သတ်ဖြတ်ခဲ့တယ်လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။
ရှဒူစွပ်ရွာက ပြည်သူ့စစ်ခေါင်းဆောင်ကို ကေအိုင်အေက မေလ ၂၆ ရက်နေ့ည တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က ခြုံခိုပြီး ပြန်လည် တိုက်ခိုက်ခဲ့တဲ့အတွက် ကေအိုင်အေဘက်က ကျဆုံးမှု ရှိခဲ့တယ်လို့လည်း အဲဒီ ဒေသခံက ပြောပါတယ်။ ဒါကို ကေအိုင်အေဘက်က အတည်ပြုပြောကြားတာတော့ မရှိသေးပါဘူး။
ကချင်ပြည်နယ်က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဆီသယ်ယာဥ်တွေ၊ ရေယာဥ်တွေ၊ ပုဂ္ဂလိကပိုင် စက်ရုံတစ်ရုံနဲ့ အိမ်ရာတွေကို ကေအိုင်အေရဲ့ တိုက်ခိုက်မှုတွေ ရှိတယ်ဆိုပြီး အခု သီတင်းပတ်တွေအတွင်း နေ့စဥ်နီးပါး စစ်တပ်ဘက်က သတင်းထုတ်ပြန်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဓာတ်ပုံ ပုံစာ, ရွှေကူမြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ ဆီသယ်ယာဥ် စစ်ကောင်စီနဲ့ မပတ်သက်တဲ့နေရာတွေပါ ပစ်မှတ်ထားခံနေရပြီလို့ အမေရိကန်နိုင်ငံသားတွေကို သံရုံးက လုံခြုံရေးသတိပေး
ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေဟာ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ ဖြစ်ခဲ့ရာကနေ အခုအခါ တခြားနေရာတွေပါ ပစ်မှတ်ထားခံရပြီဖြစ်တယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံသားတွေကို လုံခြုံရေးသတိပေးတဲ့စာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံနေရပြီး အဲဒီတပ်တွေကလည်း ပြန်လည်တိုက်ခိုက်မှုတွေ ရှိနေတာတွေကို သတိပေးထားတာ ဖြစ်ပါတယ်။
အဲဒီသတိပေးမှုမှာ ရန်ကုန်အမေရိကန်သံရုံးက ရန်ကုန်မြို့နယ် ၆ မြို့နယ်ကို အန္တရာယ်အရှိဆုံး နေရာများအဖြစ် သတ်မှတ်ထားပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက သံရုံးဝန်ထမ်းတွေနဲ့တကွ အမေရိကန်နိုင်ငံသားတွေအနေနဲ့ လှိုင်သာယာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပ မြို့နယ်တို့ကို သံရုံးခွင့်ပြုချက်မရပဲ မသွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အဲဒီမြို့နယ်တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး မြို့နယ်တွေ အဖြစ်သတ်မှတ်ထားပါတယ်။
မြောက်ဘက်ကိုသွားတဲ့ ပါရမီလမ်း၊ အနောက်ဘက်ကိုသွားတဲ့ ပြည်လမ်း၊ အရှေ့ကိုသွားတဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ တောင်ဘက်ကိုသွားတဲ့ ဗဟိုလမ်း၊ ဟယ်လ်ပင်လမ်း၊ ကန်ရိပ်သာလမ်းနဲ့ နတ်မောက်လမ်း တဝိုက်ကိုတော့ အန္တရာယ်အနည်းဆုံး နေရာတွေအတွက် သံရုံးက သတ်မှတ်ခဲ့ပြီး စမ်းချောင်း၊ အလုံနဲ့ လမ်းမတော် မြို့နယ်တွေကိုတော့ အလယ်အလတ် အန္တရာယ်ရှိတဲ့ နေရာတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တွင်း သွားလာရာမှာ နိုင်ငံခြားသားတွေရဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကိုလည်း အစိုးရဆန့်ကျင်ရေး သက်သေအထောက်အထား ရှိမရှိ အစစ်အဆေးရှိနေတဲ့အတွက် ယူသွားတဲ့ ဖုန်းနဲ့ ကွန်ပျူတာမှာ ပါဝင်တဲ့ အချက်အလက်တွေကို ကြိုတင်သတိထားဖို့လည်း အမေရိကန်သံရုံးက အကြံပြုခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သွားလာရေး အကြံပြုရာမှာ လုံခြုံရေး အဆင့်အမြင့်ဆုံး အဆင့်လေး သတ်မှတ်ထားပြီး အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို မဝင်ဖို့နဲ့ ရောက်ရှိနေတဲ့ နိုင်ငံသားတွေ အနေနဲ့လည်း ထွက်လာဖို့ လုံခြုံတဲ့အခြေအနေပေးရင် ပြန်ထွက်လာကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U.S Embassy in Myanmar
ပြည်ခိုင်ဖြိုးပါတီထုတ်ပြန်ချက်က လက်နက်ကိုင်မယ့်သဘော မဆိုလိုဘူးလို့ ပြော
ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သေနတ်ပစ်ခံရလို့ သေဆုံးပြီးနောက်ပိုင်းမှာ ပါတီဝင်တွေ လုံခြုံရေးအတွက် စုစည်းတုန့်ပြန်ဖို့ လမ်းညွှန်ချက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဒါဟာ လက်နက်ကိုင်မယ့်သဘောကို ဆိုလိုတာ မဟုတ်ဘဲ ဥပဒေအရ အကာအကွယ်ယူပြီး ဥပဒေမဲ့တဲ့ လုပ်ရပ်တွေရှိတဲ့အပေါ် ပါတီဝင်တွေအချင်းချင်း ဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့ တိုက်တွန်းတာသာ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒလှမြင့်က ဘီဘီစီကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီအာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီဝင် သေဆုံးသူလည်း ၃၀ ကျော် ရှိခဲ့ပြီး လုံခြုံရေး စိုးရိမ်တဲ့ ပါတီဝင်တွေနဲ့ မိသားစုတွေကို နေပြည်တော်က ရုံးချုပ်အပါအဝင် မြို့နယ်ရုံးတွေမှာ လက်ခံပေးထားတယ်လို့လည်း ဒေါက်တာနန္ဒလှမြင့်က ပြောပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင်မှုမှာ လူ ၈၀၀ ကျော်သေဆုံးမှုအပေါ်ပြည်တွင်းပြည်ပက ပြင်းပြင်းထန်ထန်ရှုတ်ချမှုတွေ ရှိခဲ့ပေမဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ တရားဝင်ထုတ်ဖော်ကန့်ကွက်တာမျိုးမလုပ်ခဲ့ဘဲ ပါတီဝင်တွေသေဆုံးမှ အခုလိုထုတ်ပြန် လာတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
တန့်ဆည် ကာပေါင်းကျရွာကို စစ်ကောင်စီတပ် “ဝင်မွှေသောင်းကျန်း”တယ်လို့ ဒေသခံတွေပြော
တန့်ဆည်မြို့နယ်ထဲက ကာပေါင်းကျရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အား ၁၀၀ ကျော်နဲ့ ရောက်လာပြီး ပစ်ခတ်ခဲ့တဲ့အတွက် ရွာသူရွာသားတွေ ရွာကထွက်ပြေးကာ တိမ်းရှောင် နေကြရပါတယ်။
ဒီနေ့ မေလ ၂၉ ရက် မနက် ၉ နာရီကျော်လောက်မှာ “စစ်ကားကြီး ၆ စီးနဲ့ စစ်ကောင်စီရဲ့ စစ်တပ်ရောက်လာပြီး သေနတ်တွေနဲ့ ပစ်ခတ်၊ လူတွေဖမ်း၊ အိမ်တွေဖျက်ဆီး၊ နွားတွေ သတ်စား စတာတွေလုပ်ပြီး ဝင်မွှေသောင်းကျန်းသွားတယ်”လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဒီကနေ့ တန့်ဆည်မြို့နယ်ထဲက အဲဒီအခြေအနေတွေကို စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
လေဖြတ်နေတဲ့ လူတစ်ယောက် အပါအဝင် လူ ၃ ယောက်ကို ဖမ်းဆီးသွားကြောင်းလည်း ဒေသခံရွာသားက ပြောပါတယ်။
သူတို့ရွာထဲဝင်လာလို့ ရွာထဲက ထွက်ပြေးသူတွေကိုလည်း သေနတ်နဲ့ တောထဲအထိ လိုက်လံ ပစ်ခတ်တယ်လို့ ပြောပါတယ်။
ဖျက်သွားတဲ့အိမ်တွေက အိမ်ကြီးအိမ်ကောင်းတွေကို ဖျက်သွားတာလို့လည်း ဆိုပါတယ်။
တန့်ဆည်မြို့ကအထွက် အင်ဂုတ်ဘက် သွားတဲ့ လမ်းကြောမှာ တည်ရှိတဲ့ ဒီရွာဟာ အိမ်ခြေ ၁၀၀ နီးပါးရှိပြီး အရင် မေလ ဆန်းပိုင်းက ဒလန်ကိစ္စပြသနာကြောင့် တခါ စစ်သားတွေ ရောက်လာခဲ့တဲ့ ရွာဖြစ် ပါတယ်။
ကာပေါင်းကျရွာမှာ မေလ ၆ ရက်နေ့က ဒလန်လို့ဆိုကြသူ တစ်ယောက်အသတ်ခံရပြီးတဲ့နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီပြီး ရောက်လာခဲ့ကာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးကတည်းက ရွာက လူတွေထွက်ပြေးရတဲ့အတွက် ရွာပျက်လိုဖြစ်နေခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ရွာကို လူတချို့ပြန်လာပြီးနေကြတဲ့နောက်အခု ဒီနေ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ ရောက်လာတာဖြစ်ပါတယ်။
အခု စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာကနေ ထွက်ခွာသွားပြီဆိုပေမယ့် ရွာသူရွာသားတွေဟာ မိုးရွာထဲမှာ ရွာကနေ တောထဲကို ကြောက်လန့်တကြားထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရ စစ်ကိုင်း ခင်ဦးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီး စစ်ကောင်စီဖမ်းဆီးမှု ရွာသားတွေရှောင်တိမ်းနေရ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် နှောကုန်းကျေးရွာမှာတော့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး တဦးနဲ့ ရွာသားတဦး ဒီကနေ့အသတ်ခံခဲ့ရတယ်လို့ နှောကုန်းရွာသားတဦးက ဘီဘီစီကို ပြောပါတယ်။
အခုလို သေဆုံးခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ ရွာခံမဟုတ်ဘူးလို့လည်း ရွာမြောက်ပိုင်းမှာ အခုလို အသတ်ခံရသူ နှစ်ဦးလဲကျနေတာကို တွေ့ခဲ့ရတဲ့ အဲဒီရွာသားက ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယူဆောင်သွားခဲ့ပြီး ရွာသားတွေကတော့ စစ်ကောင်စီတပ်တွေရဲ့ ရှာဖွေဖမ်းဆီးမှုတွေကို စိုးရိမ်တဲ့အတွက် ရွာမှာ မနေရဲဘဲ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ရန်ကုန် လှိုင်သာယာနဲ့ ကြည့်မြင်တိုင်မှာ ဗုံးနဲ့တိုက်ခိုက်မှုဖြစ်
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ကင်းလှည့်နေတဲ့ စစ်ကားတစီးထဲကို ဗုံးနဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ပစ်ခတ်လိုက်တဲ့ဗုံးက အပြင်ကို ပြန်လည်လွင့်စင်လာပြီးမှ ပေါက်ကွဲခဲ့တဲ့အတွက် အဲဒီစစ်ကားအနီးက အရပ်သားတချို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်အတွင်းက ယာဉ်ထိန်းရဲရုံးကိုလည်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲသံ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပေမယ့် သေဆုံး ဒဏ်ရာရမှုအခြေအနေကတော့ မသိရသေးပါဘူး။
တိုက်ပွဲပြင်းထန်နေတဲ့ ကယားမှာ လွိုင်ကော်မြို့အဝင် ကားလမ်းတွေ စစ်ကောင်စီပိတ်
ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေ ၉ ရက်ဆက်တိုက် ပြင်းထန်နေရာမှာ ဒီကနေ့ မေလ ၂၉ရက်နေ့မှာတော့ ကယားပြည်နယ်မြို့တော် လွိုင်ကော် အဝင် ကားလမ်းတွေကို စစ်ကောင်စီက ပိတ်ထားလိုက်တယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။
အခုလို ပိတ်ရာမှာ ပင်လောင်းမြို့လောက်ကတည်းက ရန်ကုန်အစရှိတဲ့ဘက်က လာမယ့် ကားလမ်းကို ပိတ်လိုက်တာ ဖြစ်ပြီး ဒေသတွင်း မြို့အချင်းချင်း အသွားအလာတော့ ရှိသေးတယ်လို့ ဆိုပါတယ်။
အခုလို ပိတ်လိုက်တဲ့အတွက် ဒေသတွင်း လူထုအတွက် ဆေးဝါး၊ မိုးကာနဲ့ ခြင်ထောင် အစရှိတဲ့ အရေးပေါ် လိုအပ်နေတဲ့ ပစ္စည်းတွေ အခက်အခဲရှိနိုင်တယ်လို့လည်း အဲဒီ မြို့ခံက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့နေ့ မေလ ၂၈ ရက်မှာလည်း ကယားပြည်နယ်အတွင်းက မြို့နယ်အချို့ကို ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးလိုင်း ဖြတ်တောက်တာတွေ လုပ်ခဲ့ပါတယ်။
ကယားပြည်နယ်အတွင်းမှာ အခုလို တိုက်ပွဲဖြစ်ပွားနေတဲ့ အဓိက နေရာတွေကတော့ လွိုင်ကော်တဝိုက်နဲ့တကွ၊ ဒီးမော့ဆိုနဲ့ မိုးဗြဲမြို့နယ်တို့ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်အရေအတွက်ကလည်း သောင်းချီနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KANTARAWADDY TIMES
ဓာတ်ပုံ ပုံစာ, ဒီးမော့ဆိုမြို့ပေါ်က အမြောက်ဆန်သင့် လူနေအိမ်တလုံး အမေရိကန်က အိန္ဒိယ၊ ဗီယက်နမ်တို့နဲ့ သီးခြားစီဆွေးနွေးစဥ် မြန်မာ့အရေးဆွေးနွေး
အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဂျိုင်ရှန်ကာနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်တို့ မေလ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းခံရမှု အခြေအနေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန်အစိုးရဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ တွေ့ဆုံမှုမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအပြင် ကိုဗစ် နှိမ်နင်းရေး၊ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု တိုက်ဖျက်ရေးနဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ထောက်ပံ့ရေး ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ မေလ ၂၇ ရက်နေ့က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဘွေသန်းဆန်နဲ့ ဖုန်းဆက် စကားပြောခဲ့တဲ့ အချိန်မှာလည်း မြန်မာ့အရေးကိစ္စ စိုးရိမ်စရာအခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ပြီး အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ အာဆီယံရဲ့ အဓိကကျမှုကို အလေးထားကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ခြံနံပါတ် (၁) တရားခွင် သို့မဟုတ် ကမ္ဘာကျော်ခဲ့တဲ့ ရုံးချိန်း
ကျန်းမာရေးစောင့်ရှောက်ခံယူခွင့် ပိတ်ပင်မှုမရှိစေရေး MSF တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, MSF
ဓာတ်ပုံ ပုံစာ, ရန်ကုန်က ဆေးခန်းတစ်ခုမှာ လူနာတွေကို ကျန်းမာရေးတိုင်ပင်ဆွေးနွေးပေးနေတဲ့ MSF ဝန်ထမ်းတွေ မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးကတည်းကဆိုရင် ၄ လထဲ ဝင်လာချိန်မှာပဲ လူထုဟာ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့် ရုန်းကန်နေရပြီလို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)က ပြောလာပါတယ်။
ဒါ့ကြောင့် ပြည်သူတွေဟာ အပိတ်အပင်အတားအဆီးမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်ရရေး လုပ်ဖို့ အာဏာသိမ်း စစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးကို MSF က တောင်းဆိုလာပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံထဲ ကိုဗစ်နိုင်တင်းကပ်ရောဂါ အခြေအနေဟာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေချိန်မှာပဲ ဆေးရုံတွေ ပိတ်ထားတာ ဒါမှမဟုတ် စစ်တပ်က တပ်စွဲထားတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနေရာတွေမှာ ဝန်ထမ်းတွေ အဆမတန်နည်းပါး နေတာကိုလည်း MSF က ထောက်ပြပါတယ်။
စစ်တပ်က အာဏာသိမ်းအပြီး စီးပွားရေး ကျဆင်းမှုဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သန့်ရှင်းတဲ့ရေ ရရှိမှုအပါအဝင် ရသင့်တဲ့ဝန်ဆောင်မှုတွေ လျော့ကျသွားတာ ဒါမှမဟုတ် ရဖို့ မရေရာတဲ့အခြေအနေဆိုက်တာမျိုးလည်းရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီအနေနဲ့ လူထုကျန်းမာရေးစောင့်ရှောက်မှုရရှိပိုင်ခွင့် အဟန့်အတားမဖြစ်စေရဘူးဆိုတာ သေချာအောင်လုပ်ဖို့နဲ့ ကျန်းမာရေးလုပ်သားတွေ ကြောက်ရွံမှု၊ ခြိမ်းခြောက်ခံရမှုမရှိဘဲ စောင့်ရှောက်မှုပေးနိုင်ရေး MSF ကတောင်းဆိုတယ်လို့လည်း ဆိုပါတယ်။
MSF အဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာ ၁၉၉၂ ခုနှစ်ကတည်းကစလို့ ကျန်းမာရေးနဲ့လူသားချင်းစာနာမှုအစီအစဉ်တွေကို တိုးလုပ်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ အခုဆို ဝန်ထမ်းပေါင်း ၁,၁၀၀ ကျော်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုနေရာတွေ၊ ရွေ့လျားဆေးခန်းတွေကနေတဆင့် စောင့်ရှောက်မှုပေးနေပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် NUGနဲ့ CNF တို့ သဘောတူညီချက်ရ
အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ကြား သဘောတူညီချက်ရပြီလို့ NUG ဘက်က ဒီနေ့ မေလ ၂၉ ရက်မှာ ကြေညာလာပါတယ်။
တန်းတူရေးအခြေခံပြီး အပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားမှုတွေနဲ့ လက်တွဲဆောင်ရွက်သွားဖို့အပြင် တခြားအရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေအတွက်လည်း ပါဝင်တယ်လို့လည်း ဆိုပါတယ်။
နှစ်ဖက်သဘောတူညီချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်မှ နိုင်ငံတော် ဒုတိယ သမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ကာကွယ်ရေးဝန်ကြီးတို့၊ ချင်းအမျိုးသားတပ်ဦး (CNF)ဘက်က ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒု-ဥက္ကဌတွေနဲ့ အထွေထွေအတွင်းရေးမှူးတို့ ပါဝင်လက်မှတ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။
NUG အစိုးရလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ် သင်တန်းဆင်းပြီးနောက်တစ်နေ့မှာ အခုလိုသတင်းထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
CNF ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လျန်မှုန်းဆာခေါင်းဟာ NUG အစိုးရရဲ့ ဖက်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီးတာဝန်ယူထားသူဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG
