မန္တလေးမြို့က စိန်ပန်းရပ်မှာ ထမင်းဆိုင်က အကြော်ဆရာတစ်ယောက် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် မနေ့ ဧပြီလ ၂၆ ရက်ညပိုင်းက သေဆုံးသွားပါတယ်။
စိန်ပန်းလမ်းနဲ့ ၄၁လမ်းထောင့်မှာ ပစ်ခတ်ခံရလို့ အသက် ၃၇နှစ်အရွယ် ကိုဇော်ရှိန်း(ခ)အီကွေးဟာ ကျောဘက်ကနေ ကျည်မှန်သေဆုံးတာ ဖြစ်ပါတယ်။
ကျည်မှန်ကိုယ်ကို ကယ်ဆယ်ပြီးချိန်မှာ အသက်မရှိတာတွေ့ရလို့ ဆေးကုသဖို့ အချိန်တောင်မရခဲ့ပါဘူး။
ကိုဇော်ရှိန်းဟာ အမှတ် ၂၄ အထက်တန်းကျောင်း အနီးမှာ ညစဉ် ထမင်းကြော်ရောင်းတဲ့သူဖြစ်ပါတယ်။
မဟာအောင်မြေမြို့နယ် အထက ၂၄ ကျောင်းကို စစ်ကောင်စီက တပ်စွဲထားတာ တလဝန်းကျင်ရှိပြီဖြစ်ပါတယ်။
တပ်စွဲထားတဲ့ စစ်တပ်ဟာ ညစဉ် အနီးရပ်ကွက်တွေကို ခြိမ်းခြောက်ပစ်ခတ်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေပါ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဧပြီ ၂၆ရက်ညမှာ စစ်တပ်ဘက်က ပစ်ခတ်သံကြောင့် ကိုဇော်ရှိန်းဟာ ကြည့်မိသလိုဖြစ်သွားတာပါ။
"ပထမတခါ ပစ်တာ ခတ်တာတွေရပ်သွားပြီး လူတွေရှင်းပြီးဆိုလို့သွားတာ။ လမ်းထောင့်မှာ ဘယ်ကပစ်မှန်းမသိ သုံးချက်ဆင့်ပစ်ရင်း မှန်တာ။ လူလဲသွားတာပဲ မြင်လိုက်ရတာ "လို့ ကိုဇော်ရှိန်းရဲ့ ဇနီးကပြောပါတယ်။
သေဆုံးသူကို အေးရိပ်ငြိမ်သုဿာန်မှာ ဒီနေ့ နေ့လည်မှာ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။
ဒါ့ပြင် မနေ့ညပိုင်းကလည်း ချမ်းမြသာစည်၊ ဦးပွါးဂုံးကျော်အနီးမှာ ဆိုင်ကယ်မောင်းခဲ့တဲ့ လူငယ်နှစ်ဦး စစ်ကောင်စီဘက်က ပစ်ခတ်တာကို ခံခဲ့ရပါတယ်။
ဆိုင်ကယ်မောင်းလာသူ လူငယ်နှစ်ဦးဟာ တပ်စွဲထားတဲ့ ရပ်ကွက်ရုံးရှေ့ ဟွန်းရှည်တီးသလို ဖြစ်သွားလို့ စစ်ကောင်စီက ပစ်ရာကနေ ကျည်မှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ခြေထောက်မှန်သူက အဖမ်းခံလိုက်ရပြီး အခြားတဦးက လက်ကောက်ဝတ်နား အရိုးကို ထိမှန်ခဲ့တာဖြစ်တယ်လို့ တွေ့ရှိသူတဦးက ပြောပါတယ်။
ဒီလို ပစ်ခတ်သေဆုံးဖမ်းဆီးတာတွေရှိပေမယ့် ဧပြီ ၂၇ရက်နေ့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြတာတွေကိုလဲ ပြုလုပ်ကြပါတယ်။