ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကိုင်းမှာ အင်တာနက်လိုင်းတွေ ဖြုတ်သိမ်းရှာဖွေနေ

    စစ်ကိုင်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက အင်တာနက်လိုင်းတပ်ဆင်ထားတဲ့ အိမ်တွေကို စစ်ကောင်စီရဲ့ အရပ်ဝတ် တပ်ဖွဲ့ဝင်တွေက လိုက်လံဖြုတ်သိမ်းတာ၊ ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ စစ်ကိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်ကော်မတီထံက သိရပါတယ်။

    မနက် ၉ နာရီ လောက်မှာ အင်တာနက် ဖြတ်တောက်မှုတွေ ပြုလုပ်တာတွေကြောင့် တချို့နေရာတွေမှာ အင်တာနက်ဆက်သွယ်ရေးရပြီး တချို့နေရာမှာ မရဘဲ ဖြစ်နေတယ်လို့ သပိတ်ကော်မတီဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မနေ့ညပိုင်းကလည်း စစ်ကိုင်းမြို့တွင်းမှာ CDM မှာပါဝင်သူတွေကိုလိုက်လံရှာဖွေဖမ်းဆီးတာမျိုးတွေ လုပ်ခဲ့ပေမဲ့ တစ်စုံတစ်ဦးမှ ဖမ်းမိတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

  2. မြန်မာ့အရေး အင်ဒိုနဲ့ထိုင်းခေါင်းဆောင်နှစ်ဦး ဆွေးနွေး

    အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာတို့ ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့ ကြာသပတေးနေ့မနက်ပိုင်းမှာ ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။

    မြန်မာပြည်တွင်းအခြေအနေဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်ချက်တရပ်ဖြစ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

    ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ဖေဖော်ဝါရီလ ၁ ရက် မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံခေါင်းဆောင်တွေကြား ပထမဆုံး ကျင်းပတဲ့ အစည်းအဝေးဖြစ်သလို ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း တနှစ်ကျော်အတွင်း ပထမဆုံး ကျင်းပတဲ့ လူကိုယ်တိုင်တက်ရောက်တဲ့ အစည်းအဝေးဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ထာနီဆန်ရတ်က ပြောပါတယ်။

    မြန်မာပြည်တွင်းအခြေအနေနဲ့ ပတ်သက်လို့ ဒီတွေ့ဆုံဆွေးနွေးပွဲကနေ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေကိုလည်း အာဆီယံနိုင်ငံတွေက သတိပြုမိတယ်လို့လည်း ဆိုပါတယ်။

    ဒီဆွေးနွေးပွဲမှာ ဦးစားပေးဆွေးနွေးမယ့်အရာတွေကတော့ မြန်မာပြည်တွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ တင်းမာမှုတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတခု ရှာဖွေဖို့နဲ့ မြန်မာပြည်ရဲ့ အခြေအနေတွေကို စိုးရိမ်နေတဲ့ နိုင်ငံအားလုံးအတွက်လည်း အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေကနေတဆင့် ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းတွေ ထွက်လာဖို့ အခွင့်အလမ်းတစ်ခုကို ရှာဖွေဖို့ ဖြစ်တယ်လို့ မစ္စတာ ထာနီ က ပြောပါတယ်။

    အာဆီယံရဲ့ စည်းလုံးညီညွတ်မှု၊ အများယုံကြည်လက်ခံမှုတွေကို ကာကွယ်ဖို့အတွက် မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ တာဝန်ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေး ပြောခွင့်ရ ပုဂ္ဂိုလ်က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

  3. လပိုင်းတွေအတွင်း မြန်မာပြည်က သန်းနဲ့ချီတဲ့သူတွေ ဆာလောင်မွတ်သိပ်မှုနဲ့ ကြုံရမယ်လို့ ကုလသမဂ္ဂက သတိပေး

    စစ်အာဏာသိမ်းပြီးတဲ့နောက် နောက်ဆက်တွဲဖြစ်လာတဲ့ စီးပွားရေး အကျပ် အတည်းတွေနဲ့ အတူ မြန်မာပြည်က သန်းနဲ့ချီတဲ့ပြည်သူတွေ အစားအစာ မလုံ လောက်မှုကြောင့် ဆာလောင်ငတ်မွတ်မှုတွေနဲ့ ကြုံရတော့မယ်လို့ ကုလသမဂ္ဂက ဧပြီ ၂၂ ရက်နေ့မှာ ထုတ်ဖော်ပြောပါတယ်။

    စစ်အာဏာမသိမ်းမီ အရင်အချိန်ကတည်းက နိုင်ငံအတွင်းမှာ အစားအစာမလုံလောက်တဲ့ မြန်မာပြည်သူ ၂.၈ သန်းရှိပြီး အခုနောက် ၃ လ က နေ ၆ လ အတွင်း နောက်ထပ် ပြည်သူ ၃.၄ သန်း အစားအစာ လုံလောက်ဖို့ ရုန်းကန်ကြိုးစားကြရလိမ့်မယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ World Food Program (WFP)ကသုံးသပ်ထားပါတယ်။

    ထုတ်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စတဲ့ အလုပ်တွေမှာ အလုပ်လက်မဲ့တွေ ထိုးတက်နေပြီး စားသောက်ကုန်စျေးနှုန်းတွေကလည်း မြင့်တက်လာ တာကြောင့် ဒီလို အစားအစာရရှိမှု ထိခိုက်လာတာက မြို့နေလူထု အသိုင်းအဝိုင်းမှာ ပိုပြီး ဆိုးမယ်လို့ သူတို့က ဆိုပါတယ်။

    မြန်မာပြည်ဆိုင်ရာ WFP ဒါရိုက်တာ စတက်ဖင် အန်ဒါဆင်က “ဆင်းရဲတဲ့သူတွေကြားထဲမှာ အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူ ပိုပိုများလာတယ်၊ သူတို့ဟာ အစားအစာဝယ်စားနိုင်ဖို့ရာ မတတ်နိုင်တော့ဘူးဖြစ်လာပြီ” လို့ ဆိုပါတယ်။

    ဖေဖော်ဝါရီလအကုန်ကနေ ဒီနေ့ ကုန်စျေးနှုန်းတွေကို ယှဉ်ကြည့်မယ်ဆိုရင် ဆန်စျေးက ၅% တက်လာသလို၊ ဆီစျေးကလည်း ၁၈% တက်လာပြီလို့ WFP ကဆိုပါတယ်။

    မစ္စတာ အန်ဒါဆင်က “လက်ရှိကြုံနေရတဲ့ ဒုက္ခတွေကို လျော့ပါးစေဖို့နဲ့ ရှေ့မှာဖြစ်လာမယ့် အစားအစာ မလုံလောက်မှု ပြဿနာကို မဖြစ်လာအောင် ကြိုတင်ကာကွယ်ဖို့အတွက် အားစိုက်တဲ့ တုန့်ပြန်ဆောင်ရွက်မှု လိုအပ်နေပြီ” လို့လည်း မြန်မာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို သူတို့ ထုတ်ပြန်ချက်ကနေ တဆင့် ဆော်သြသွားပါတယ်။

    လက်ရှိမှာ အစားအစာနဲ့ ပတ်သက်ပြီး သူတို့အကူအညီပေးနေတဲ့ အရေအတွက်ထက် ၃ ဆတိုးကာ လူဦးရေ ၃.၃ သန်းကို အကူအညီပေးနိုင်ဖို့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၆ သန်း ရရှိနိုင်ရေးကို သူတို့ပန်ကြားနေပါတယ်။

    ဒီအရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုန့်ပြန်ပြောကြားချက် ကို ဘီဘီစီအနေနဲ့ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

  4. သတင်းထောက်နှစ်ဦးအာမခံပယ်ချခံရပြန်

    နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံရတဲ့ သတင်းထောက်တွေဖြစ်တဲ့ မကေဇွန်နွေးနဲ့ ကိုစိုးရာဇာထွန်းတို့ရဲ့ အာမခံလျှောက်ထားမှု ဒီနေ့ဧပြီ ၂၂ ရက်ရုံးချိန်းမှာ ပယ်ချခံရပါတယ်။ နောက်တစ်ချိန်ရုံးချိန်းကိုတော့ မေ ၆ ရက်ကို ချိန်းဆိုထားပါတယ်။

    Myanmar Now သတင်းထောက် မကေဇွန်နွေးဟာ အင်းစိန်ထောင်တွင်း အချုပ်ကျနေချိန် ကျန်းမာရေးမကောင်းတာအပါအဝင် အမျိုးသမီးဖြစ်တာကြောင့် အာမခံပေးဖို့ လျှောက်ထားခဲ့တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်နွယ်နီခိုင်ကပြောပါတယ်။

    "ဒီနေ့ရုံးချိန်းမှာ အာမခံပယ်ချတယ်။ ဒီပုဒ်မက အခုအကုန်လုံးကို ဆွဲထားတာဖြစ်ပြီး အာမခံမပေးဘူးလို့ တိုတိုပဲ တရားသူကြီးကဖတ်ပြတယ်။ ဒီနေ့တော့ ကျန်းမာရေးရော စိတ်အခြေအနေလည်းကောင်းတယ်။ ထောင်တွင်း တင်းကျပ်မှုတွေ လျော့တယ်လို့ ပြောပြတယ်" မကေဇွန်နွေးရဲ့ ရှေ့နေဖြစ်သူကဆက်ပြောပါတယ်။

    အာမခံပယ်ချခံရတဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကတော့ တရားလိုနဲ့ လိုပြသက်သေတွေကို စစ်ဆေးပြီး သူတို့စွပ်စွဲသလို အမှုမခိုင်လုံကြောင်း ပေါ်လွင်ရင် အာမခံထပ်လျှာက်မယ်လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာ အင်းစိန်ထောင်တွင်းဖမ်းဆီးခံရတဲ့ သတင်းထောက်တွေထဲက အလွတ်တန်းသတင်းထောက်ကိုဗညားဦး၊ MPA က ဓာတ်ပုံသတင်းထောက်ကိုရဲမျိုးခန့်၊ ဇီးကွက်မီဒီယာက ကိုပြည့်ဖြိုးဇော်နဲ့ 7Day က ကိုအောင်ရဲကို တို့ကိုတော့ မေလ (၅)ရက်မှာ ရုံးချိန်းပြန်ချိန်းထားပြီး တရားလိုဘက်ကို စစစ်ဆေးတော့မှာပါ။ ဖမ်းဆီးခံသတင်းထောက်အများစုဟာ အာမခံလျှောက်ထားပေမယ့် ပယ်ချခံရတာဖြစ်ပြီး 7Day ကကိုအောင်ရဲကိုကတော့ အာမခံမလျှောက်ခဲ့ဘူးလို့ သိရပါတယ်။

    ဖေဖော်ဝါရီ (၁၄)ရက် စစ်ကောင်စီဘက်ကနေ ဥပဒေပြင်ဆင်ချက်အရ ဒီပုဒ်မ ၅၀၅ (က) ဟာ ထောင်ဒဏ် ၃နှစ်ကျခံရနိုင်တာကြောင့် အာမခံပေးလို့မရတဲ့ အမှုဖြစ်ပါတယ်။ ဒါပေမဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ အာမခံပေးခွင့်ရှိတယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေကထောက်ပြကြပါတယ်။

  5. ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေပါဝါကို တရားရုံးလက်ခံ၊ အင်တာနက်မရှိလို့ ဒေါ်အောင်ဆန်းစုကြည်ကိုရုံးမထုတ်ဖြစ်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုပုဒ်မ ၃ (ဂ) မှာ အမှုလိုက်ပါဆောင်ရွက်ခွင့်ရဖို့ ရှေ့နေပါဝါကို တရားရုံးက ဒီနေ့ ဧပြီ ၂၂ ရက်ရုံးချိန်းမှာလက်ခံလိုက်တယ်လို့ သူ့ရှေ့နေ ဒေါ်စန်းမာလာညွန့်ကပြောပါတယ်။

    အမှုသည်နဲ့ လူချင်းတွေ့ဆုံခွင့်ပြုဖို့လည်း တရားရုံးကိုတောင်းဆိုထားတယ်လို့ သူက ဆက်ပြောပါတယ်။

    ရှေ့နေပါဝါတင်ခွင့်ရပြီဖြစ်ပြီး အမှုတွဲကူးခွင့်လည်းရထားပြီဖြစ်ပေမယ့် အမှုတွဲကိုလောလောဆယ်မကူးရသေးတာကြောင့် ဒီပုဒ်မနဲ့ ဘာကြောင့်ဆွဲတယ်ဆိုတာ အမှုတွဲကူးပြီးမှ ပြောနိုင်မယ်လို့လည်း ဆိုပါတယ်။

    ဒီနေ့တရားရုံးမှာ ဝိုင်ဖိုင်အင်တာနက်မရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ မစစ်ဖြစ်ဘူးလို့လည်း ဒေါ်စန်းမာလာညွန့်ကပြောပါတယ်။ နောက်တစ်ကြိမ်ရုံးချိန်းကို မေ ၆ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။

  6. ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်ရုံးချိန်း ဒီနေ့ရှိ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃/၁ (ဂ) နဲ့ တရားစွဲထားတဲ့အမှုကို ဒီနေ့ ဧပြီ ၂၂ ရက်မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာချိန်းဆိုထားပါတယ်။

    ဒီအမှုအတွက် ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စန်းမာလာညွန့်နဲ့ ဦးကြည်ဝင်းတို့ လိုက်ပါဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ထိုးထားတဲ့ ရှေ့နေ ပါဝါလွှဲစာလည်း ရရှိထားပြီးဖြစ်ကြောင်း ရှေ့နေတွေက ပြောပါတယ်။

    ဒီနေ့ရုံးချိန်းနဲ့ ပတ်သက်လို့တော့ ရှေ့နေပါဝါတင်ခွင့်ရမရနဲ့ ဘာကြောင့် ဒီပုဒ်မနဲ့ စွဲရတယ်ဆိုတဲ့ အသေးစိတ်အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ ရုံးထုတ်ဖို့ရှိမရှိ ၎င်းရဲ့ ရှေ့နေများထံ ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

    လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၆ မှုနဲ့ တရားရင်ဆိုင်ရဖို့ရှိပြီး နေပြည်တော်မှာ ငါးမှုနဲ့ ရန်ကုန်မှာ တစ်မှုဖြစ်ပါတယ်။

    အဲဒီ ၆ မှုမှာ စစ်ကောင်စီက စွဲတာ ၅ မှုဖြစ်ပြီး တစ်မှုကတော့ နေပြည်တော်က ဦးညီညီဆိုသူက စွဲဆိုထားတာဖြစ်ပါတယ်။

    စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းတဲ့နေ့မှာ သူ့နေအိမ်မှာ ဝေါ်ကီတော်ကီစက်တွေ တွေ့ရှိရတယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေနဲ့ တရားစွဲထားသလို အဲဒီအမှုနဲ့ ဆက်စပ်လို့ ဆက်သွယ်ရေးဥပဒေ (Telecommunication Law) ပုဒ်မ ၆၇ နဲ့လည်း တရားစွဲထားတယ်လို့ သူ့ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။ ဒါ့အပြင် ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့နဲ့ တရားစွဲထားပါတယ်။

    ရန်ကုန်မှာတော့ စစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃/၁ (ဂ) နဲ့ တရားစွဲထားတာဖြစ်ပါတယ်။

    ဦးညီညီဆိုသူစွဲဆိုတဲ့အမှုဟာလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ ဖြစ်ပြီး နေပြည်တော် ရွှေကြာပင်ရပ်ကွက်အတွင်း ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံရေးခရီးစဉ်ကြောင့် လူစုလူဝေးဖြစ်ပေါ်စေပြီး ကိုဗစ်ဆိုင်ရာစည်းကမ်းချက်တွေကိုဖောက်ဖျက်ကျူးလွန်ရာရောက်တယ်ဆိုပြီး စွဲဆိုထားတာဖြစ်ပါတယ်။

  7. မူဆယ်နာရီစင်အနီး ဗုံးပေါက်ကွဲမှုဖြစ်

    ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင်း နာရီစင်အနီးမှာ ဒီနေ့ ဧပြီ ၂၂ ရက် မနက် ၁၁ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် လူထိခိုက်မှုမရှိဘဲ အနီးက အဆောက်အဦး အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။

  8. ဖယ်ဒရယ်ပညာရေးစနစ်ကို ရည်ရွယ်ပြီး ယာယီတက္ကသိုလ်ကောင်စီ ဖွဲ့စည်း

    ဖယ်ဒရယ်ပညာရေးစနစ်တည်ထောင်ဖို့ ရည်ရွယ်ပြီး ယာယီတက္ကသိုလ်ကောင်စီ ဖွဲ့စည်းနေကြပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်အပါအဝင် ရတနာပုံတက္ကသိုလ်တို့မှာ ယာယီတက္ကသိုလ်ကောင်စီဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ထားပါတယ်။

    "အရင်တခါ CRPH ဆီ သမဂ္ဂ(၁၀၀)ကျော် စာပို့ပြီးကတည်းက Network ရှိသွားကြတာပါ။ သူတို့ညွှန်ကြားချက်နဲ့ မဟုတ်ဘူးဗျ။ တက္ကသိုလ်တွေရဲ့ လိုအပ်ချက်နဲ့ လက်ရှိ ရှိနေတဲ့ လောက်ကောင်တွေရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တန်ပြန်နိုင်ဖို့ ပါပါတယ်။ ပြိုင်တူဖွဲ့ကြတာပါ။" လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။

    အဲ့ဒီယာယီတက္ကသိုလ်ကောင်စီတွေဟာ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနဲ့ပါ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

  9. စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ မြန်မာ့သစ်လုပ်ငန်းနဲ့ မြန်မာ့ပုလဲလုပ်ငန်းကို အမေရိကန် ဒဏ်ခတ်

    အာဏာသိမ်း စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေး လုပ်ငန်းနှစ်ခုကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထပ်မံချမှတ်လိုက်ပါတယ်။

    မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနဲ့ ရောင်းဝယ်ရေးလုပ်ငန်းတို့ကို နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်ကြောင်းနဲ့ အဲဒီလုပ်ငန်းနှစ်ခုဟာ အာဏာသိမ်းစစ်တပ်အတွက် ငွေကြေး ရှာဖွေပေးနေတဲ့အရင်းအမြစ်လုပ်ငန်းတွေ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    စစ်ခေါင်းဆောင်တွေအတွက် ငွေကြေးထောက်ပံ့နေတဲ့ လမ်းကြောင်းတွေကို အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ကလည်း သီးခြား ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

    အမေရိကန်အစိုးရအနေနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာ ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပြီး အကြမ်းဖက်မှုတွေ ရပ်တန်းက ရပ်ဖို့၊ မတရား ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ဖို့ စစ်ခေါင်းဆောင်တွေကို မစ္စတာ ဘလင်ကန်က တောင်းဆိုလိုက်ပါတယ်။

  10. ကလေးမြို့မှာ ဖမ်းဆီးမှုတွေရှိနေ

    အာဏာသိမ်း စစ်ကောင်စီတပ်တွေက သပိတ်စခန်းတွေကို ဖြိုခွင်းခြင်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင် းကလေးမြို့မှာ ဆန္ဒပြမှုတွေ ဧပြီလ ၂၁ ရက်နေ့က ဆက်ရှိနေသလို အာဏာသိမ်း စစ်ကောင်စီတပ်တွေကဆန့်ကျင်ဆန္ဒပြသူတွေကို ‌ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဧပြီလ ၂၀ ရက်နေ့က တာဟန်းရပ်ကွက် အနီးက စမ်းမြို့မှာ လူ ၄ ဦးခန့် အဖမ်းခံရသလို ဧပြီလ ၂၁ ရက်နေ့က လည်း ကလေးမြို့ညောင်ပင်သာရပ်ကွက်ထဲက လူတစ်ဦး အဖမ်းခံရတယ်လို့လည်း ပြောပါတယ်။

    ဖမ်းဆီးမှုတွေရှိနေပေမဲ့ ကလေးမြို့မှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြမှုတွေဆက်ရှိနေပါတယ်။

  11. ရခိုင်ဝန်ကြီးချုပ်အမှု တရားလိုသက်သေတွေကို တရားရုံးမှာ စစ်ဆေး

    အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအမှုမှာ တရားလိုသက်သေတွေကို စစ်တွေမြို့နယ် တရားရုံးမှာ ခေါ်ယူစစ်ဆေးခဲ့ပြီး ဦးညီပုကိုတော့ အွန်လိုင်းဗီဒီယိုနဲ့ပဲ ဆက်လက်ရုံးထုတ်နေတာဖြစ်ပါတယ်။

    တရားစွဲဆိုခံရတဲ့အချိန်ကနေ ဒီနေ့ထိ ရုံးချိန်း ၆ ကြိမ်ရှိခဲ့ပြီဖြစ်ပေမဲ့ဦးညီပုကိုတော့ တရားရုံးကိုခေါ်ယူတာမရှိသေးသလို အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေနဲ့လည်း သီးခြားလွတ်လပ်စွာတွေ့ဆုံခွင့် အမှုနဲ့ပတ်သက်လို့ ပြောဆိုခွင့်တွေမရရှိသေးဘူးလို့ ရှေ့နေဦးမျိုးမြတ်ဟိန်း (ခ) ဦးငြိမ်းချမ်းကပြောပါတယ်။

    ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာအမှုနဲ့ပတ်သက်လို့ တရားရုံးကစတင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။

    တရားလိုဖြစ်တဲ့ စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကို ဧပြီလ ၇ ရက်နေ့ရုံးချိန်းမှာ စစ်တင်စစ်ဆေးခဲ့ပြီး ဒီကနေ့ ၆ ကြိမ်မြောက်ရုံးချိန်းမှာတော့ တရားလိုပြသက်သေတွေထဲက တစ်ဦးဖြစ်တဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုဦးစီးတစ်ဦီးကို ဆက်လက်စစ်ဆေးမှုတွေ ပြလုပ်ခဲ့တယ်လို့ဆိုပါတယ်။

    ဦးညီပုဘက်က အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကတော့ အမှုသည်နဲ့ရှေ့နေတွေအကြား လွတ်လပ်စွာတွေ့ဆုံခွင့်မရရှိသေးတဲ့အတွက် စစ်ဆေးမေးမြန်းမှုတွေ မပြုပ်လုပ်သေးဘူးလို့ ဦးငြိမ်းချမ်းက ပြောပါတယ်။

    ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်နဲ့နေထိုင်နေရတဲ့ ဂွမြို့မှာရှိတဲ့သူ့ရဲ့နေအိမ်ကနေ ထပ်မံဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။

    ဒီကနေ့ရုံးချိန်းကိုတော့ ဇနီးဖြစ်သူနဲ့သားတို့ရောက်ရှိလာခဲ့ကြပေမယ့် တွေ့ဆုံခွင့်မရရှိကြဘဲ အွန်လိုင်းဗီဒီယိုနဲ့ရုံးချိန်းမှာတော့ စကားပြောခွင့်တွေရရှိခဲ့ကြတယ်လို့ သိရပါတယ်။

  12. မြင်းခြံမြို့ကျွန်းထဲရွာ တစ်ဒါဇင်ကျော်မှာ စစ်တပ်ကပစ်ခတ်

    ဒီနေ့ဧပြီလ၂၁ရက်မှာမြင်းခြံမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာတွေကို စစ်တပ်ကပစ်ခတ်နှောင့်ယှက်မှုတွေပြုလုပ်ခဲ့ပါတယ်။

    မနေ့ညက အမှတ်၁၅ဝေဠုဝတီရပ်ကွက်ထဲမှာ အိမ်၆လုံးမီးလောင်ပြီးနောက် ဒီနေ့မနက်ကစပြီး စစ်တပ်ကရွာတွေဘက်ကိုလိုက်လံနှိမ်နင်းတာဖြစ်ပါတယ်။

    မနေ့ညဧပြီလ၂၀ရက်က မြင်းခြံဘောလုံးကွင်းအနောက်ဘက် ဝေဠုဝတီရပ်ကွက်ထဲမှာအိမ်တအိမ်စတင်မီးလောင်ခဲ့ပါတယ်။မီးသတ်ကားတွေရောက်လာခဲ့ပေမဲ့ စစ်တပ်ကမီးငြှိမ်းသတ်ခွင့်မပေးဘဲ သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

    ဘီဘီစီက မီးလောင်နေစဥ် အချိန်အတောအတွင်း ဆက်သွယ်မေးမြန်းခဲ့ရာမှာအမှတ်၁၅ဝေဠုဝတီရပ်ကွက်သာမကမြို့ပေါ်နေရာအနှံ့အပြားမှာပါ လိုက်လံပစ်ခတ်ကြောင်းသိရှိခဲ့ရပါတယ်။မြို့ပေါ်ရပ်ကွက်တစ်ခုမှာ နေထိုင်သူတယောက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းတဲ့အတွက်ဖုန်းဖြေကြားသူကမီးလောင်တဲ့နေရာကိုလှမ်းကြည့်ဖို့ အိမ်ပြတင်းတံခါးဖွင့်လိုက်တဲ့အချိန်မှာ သေနတ်နဲ့လှမ်းပစ်တာကိုဘီဘီစီက ဖုန်းထဲမှာ ကြားခဲ့ရပါတယ်။

    စစ်တပ်နဲ့နီးစပ်တယောက်ကတော့ အမှတ်၁၅ရပ်ကွက်မှ ာမီးစလောင်တဲ့အိမ်ဟာ စစ်တပ်ကိုသတင်းပေးနေသူရဲ့အိမ်မို့ ရပ်ကွက်သားတွေဘက်က မီးရှို့လိုက်တာလို့ဆိုပါတယ်။

    ရပ်ကွက်သားတစ်ဦးကတော့ မီးလောင်တဲ့နေရာဟာအမှတ်၁အထက်တန်းကျောင်း အနောက်ဘက်မှာရှိတဲ့ထောက်လှမ်းရေးရုံးနဲ့ သိပ်မဝေးတာမို့ ပြည်သူဘက်က မီးရှို့ဖို့သိပ်မလွယ်ဘူးလို့ဆိုပါတယ်။

    အိမ်၆လုံးလောက် မီးလောင်ပြီးမှ မီးငြိမ်းသွားခဲ့ပါတယ်။

    ညဘက်မီးလောင်ပြီးနောက် ဒီနေ့မနက်မှာတော့ ရှားတောကျေးရွာ၊သဲဖြူဝအုပ်စုရွာ၅ရွာ၊အေးရွာ၊နန်းတော်ကုန်းကျေးရွာ၊ရဲကုန်း၊တဇောင်း၊ ပြည်တော်သာ၊ဓားကျွန်း၊နတ်ညွှန်း၊ညောင်ပင်ရွာ၊ကိုင်းရွာ၊ကျွဲခြံ၊ထနောင်းတိုင်ရွာတွေမှာစစ်တပ်ကဆင်းပြီးရှာဖွေဖမ်းဆီးမှု၊ဖျက်ဆီးမှု၊သေနတ်နဲ့ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ရှားတောရွာမှာ လူ၅ယောက်ဖမ်းဆီးသွားပြီး သဲဖြူဝအနောက်ပိုင်းရွာ(သဲနောက်ရွာ) မှာတော့ လူ၄ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။မြင်းခြံမြို့နဲ့ ကပ်လျက်ဖြစ်တဲ့ ရှားတောရွာမှာ နွားတွေကို သေနတ်နဲ့ပစ်သတ်သွားတာမျိုးရှိတယ်လို့လည်းသတင်းထွက်ပေါ်နေပါတယ်။

    သဲဖြူဝရွာတွေထဲမှာလည်း သေနတ်နဲ့ လိုက်လံပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့အတွက် ရွာသားအများအပြားဟာ မြစ်ကူးပြီးထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    ရွာလုံးကျွတ် ထွက်ပြေးကြတဲ့အခါ ရွာထဲမှာရှိတဲ့ မောင်တော်ဆိုင်ကယ်တွေကို ယူဆောင်သွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    သဲဖြူဝ အနောက်ပိုင်းရွာကနေ ဘဲတွေဖမ်းသွားတယ်လို့လည်းဆိုပါတယ်။

    ချက်ပြုတ်ပြီးသား အစားအစားတွေကို ခူးခပ်စားသောက်ပြီးအိမ်ထောင်ပရိဘောဂတွေကို ဖျက်ဆီးခဲ့ကြတယ်လို့လည်းဆိုပါတယ်။

    အခုဝင်ရောက်မွှေနောက်သွားတဲ့ ရွာတွေဟာ ဧရာဝတီမြစ်ကမ်းနဖူးပေါ်မှာရှိကြပြီး မြစ်ရေကြီးတဲ့ ဝါဆိုဝါခေါင်ကာလတွေမှ ာရွာတိုင်းလိုလို ဧရာဝတီမြစ်ရေဝင်ပြီးရေကြီးလေ့ရှိပါတယ်။

    ရေကြီးချိန်မှာ တချို့ရွာတွေဟာ လှေနဲ့သွားလာကြရတဲ့ ရွာတွေဖြစ်ပါတယ်။

    အဲဒီရွာတွေကို ဒေသအခေါ်အရ ကျွန်းထဲကရွာတွေ ကျွန်းရွာတွေလို့ခေါ်လေ့ရှိပါတယ်။

    အခုသေနတ်နဲ့ဝင်ပစ်တာ၊ လူဖမ်းဆီးတာခံခဲ့ရတဲ့ ရွာတွေထဲကတရွာဖြစ်တဲ့ သဲဖြူဝရွာဟာ ဗုဒ္ဓသာသနာမှာထင်ရှားကျော်ကြားတဲ့တိပိဋကဓရဆရာတော်ဦးဝိစိတ္တသာရာဘိဝံသရဲ့ ဇာတိကျေးရွာဖြစ်ပြီးဆရာတော်ကြီး တည်ဆောက်သီတင်းသုံးသွားတဲ့ ကျောင်းလည်းတည်ရှိတဲ့ရွာဖြစ်ပါတယ်။

  13. မြစ်ကြီးနား ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းမှာဦးဆောင်သူတွေကို အိမ်မှာဝင်ဖမ်း

    မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းမှာ ဦးဆောင်ပါဝင်သူ ကိုမျိုးထက်နိုင်လင်း ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကနေတစ်ဆင့် သိရပါတယ်။

    ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ အိမ်စီးကားရဲကားတွေနဲ့ နေအိမ် မှာ လာရောက် ခေါ်ဆောင်သွားတယ်လို့လည်းသူတို့ကပြောပါတယ်။

    ဒါအပြင် မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံတစ်ယောက်ရဲ့အိမ်ကိုလည်း ရှာဖွေ မှုတွေပြုလုပ်ခဲ့ပြီး သတင်းနဲ့ပြန်ကြားရေးကျောင်းသား မရှိလို့ သူရဲ့အမေကို ခေါ်သွားတယ်လို့သိရပါတယ်။

  14. စစ်ကောင်စီတပ်တွေ ရုံးကို ဝင်ရှာပြီးနောက် မုံရွာဂေဇက် နားပြီလို့ထုတ်ပြန်

    မုံရွာမြို့အခြေစိုက် ပြီးစစ်ကိုင်းတိုင်းဒေသကြီး သတင်းတွေကိုဦးစားပေးဖော်ပြနေတဲ့ မုံရွာ‌ဂေဇက် မီဒီယာဟာ အွန်လိုင်းသတင်းတင်ဆက်မှုတွေကို ရပ်နားလိုက်ပြီလို့ ထုတ်ပြန်ပါတယ်။

    ဧပြီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်း က မုံရွာမြို့ကျောက်က္ကာလမ်းနဲ့ ဗိုလ်တေဇလမ်းထောင့်မှာရှိတဲ့ ပိတ်ထားတဲ့ မုံရွာဂေဇက်ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေမှုတွေရှိခဲ့တဲ့နောက်မှာ အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    မုံရွာဂေဇက် အွန်လိုင်းသတင်းနောက်ဆုံးဖော်ပြခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က သတင်းကတော့ ယင်းမာပင်နယ် ပစ်ခတ်မှုမှာ ဒေသခံ ၆ ဦး‌သေဆုံးပြီး စစ်ကားနှစ်စီး မီးလောင်တာကို တွေ့ရကြောင်းဒေသခံတစ်ဦးပြောတာကို ကိုးကားဖော်ပြခဲ့ပါတယ်။

    စစ်ကောင်စီ အာဏာသိမ်းပြီး‌နောက် မုံရွာမြို့က မှာ မုံရွာဂေဇက် စီအီးအို ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပြီးနောက်ပြန်လွှတ်ပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နာရီပိုင်းကတော့ မုံရွာဂေဇက် ရုံးစီးနင်းရှာဖွေမှုနဲ့ပတ်သက်ပြီး ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဖူး။

  15. ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

    မြန်မာနိုင်ငံအရေး ဆွေးနွေးမယ့် အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲကြီးမတိုင်ခင် အာဆီယံ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတီး ဘာဂနာ မနက်ဖြန် ကြာသပတေးနေ့မှာ ဂျာကာတာမြို့ကို သွားရောက်မယ်လို့ သူ့နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက် ၃ ခုထံက သိရကြောင်း ရိုက်တာစ်သတင်းမှာ ဖော်ပြထားပါတယ်။

    မစ္စ ဘာဂနာဟာ စနေနေ့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကိုတော့ တက်ရောက်မှာ မဟုတ်ဘဲ သီးသန့်ဆွေးနွေးပွဲတွေ လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း လူ ၇ ရာကျော် သေဆုံးခဲ့ရအပြီးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံအရေးကို ကြားဝင်ဖြေရှင်းဖို့အတွက် လာမယ့် စနေနေ့ ဧပြီလ ၂၄ ရက်နေ့မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီထိပ်သီးဆွေးနွေးပွဲကိုသေချာပေါက် တက်ရောက်မယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြောင်း Nikkei Asia ဂျပန်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

  16. လူ၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် ကုလအထူးကိုယ်စားလှယ် ထိတ်လန့်တုန်လှုပ်

    မြန်မာစစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေအတွင်း လူ ၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ် ဆိုတဲ့ သတင်းကြောင့် အထူး ထိတ်လန့် တုန်လှုပ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က သူ့ရဲ့ တွစ်တာမှာ ဖော်ပြထားပါတယ်။

    စစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူ ၇၃၇ ဦးမက သတ်ဖြတ်ခံခဲ့ရပြီး လူပေါင်း ၃၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

    လူသားချင်းဆိုင်ရာ ဘေးဒုက္ခကြီးကို အမြန်ဆုံး တားဆီးဖြေရှင်းကြဖို့ ကမ္ဘာ့နိုင်ငံတွေကို သူက တိုက်တွန်းလိုက်ပါတယ်။

  17. စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေးတက်မယ်လို့ ဂျပန်သတင်းဌာန ဖော်ပြ

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စနေနေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့ ဂျပန်သတင်းဌာန Nikkei Asia review သတင်းဌာနက ဖော်ပြပါတယ်။

    စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေးကို သေချာပေါက် တက်ရောက်ပါလိမ့်မယ်လို့ ဖြေကြားကြောင်း အဆိုပါသတင်းကဖော်ပြပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ အာဆီယံအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံပြင်ပကို ထွက်ခွာတာနဲ့ ဖမ်းဆီးသင့်ကြောင်း Global R2P အဖွဲ့က ညွှန်ကြားရေးမှူး ဒေါက်တာ ဆိုင်မွန်အဒမ်က သူ့ရဲ့ တွစ်တာမှာရေးသားခဲ့ပါတယ်။

    အဲဒီနောက် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ တိုက်တွန်းပြောကြားမှုတွေ ရှိလာခဲ့ပြီး ဒါကြောင့် စစ်ကောင်စီဥက္ကဋ္ဌဟာ အာဆီယံထိပ်သီးအစည်းအဝေးကို အွန်လိုင်းကနေသာ တက်ရောက်မယ်လို့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။

    ခုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂျာကာတာမှာ ဧပြီ ၂၄ ရက်မှာကျင်းပမယ့် ဒီအစည်းအဝေးကို သေချာပေါက်တက်ရောက်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာ့အရေးဆွေးနွေးမယ့် ဒီထိပ်သီးအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ တက်ရောက်မှာမဟုတ်ဘဲ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးသာ စေလွှတ်သွားမှာဖြစ်ပါတယ်။

  18. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။