ဇွန်လ ကျောင်းပြန်ဖွင့်နိုင်ရေး စစ်ကောင်စီ မက်လုံးပေး
အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကို လာမယ့် ဇွန်လ ၁ ရက်နေ့ ပြန်ဖွင့်မယ် ဆိုပြီး အာဏာသိမ်း စစ်ကောင်စီက ပြောနေပါတယ်။
မေ ၂၄ ကစပြီး ကျောင်းအပ်နိုင်ပြီ၊ ကျောင်းလခလုံး၀မယူ၊ ပြဌာန်းစာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ ဘောပင် ခဲတံ စတာတွေ အပြင် ကိုဗစ်ကာကွယ်ရေး နှာခေါင်းစည်းတွေ၊ မျက်နှာကာတွေပါ အလကားပေးမယ်ဆိုပြီး သိမ်းသွင်းတဲ့ ကြေညာချက် ထုတ်ပြန်တာကို တွေ့ရပါတယ်။
စစ်ကောင်စီက အစိုးရသဖွယ် ယန္တရား လည်ပတ်နိုင်ဖို့ အဓိက အခက်အခဲ ဖြစ်နေစေတဲ့ CDM ၀န်ထမ်းသပိတ် အကြမ်းမဖက် အာဏာဖီဆန်ရေးကို ပစ်မှတ်ထား ဖြိုခွဲနေတာမှာ ပညာရေး ကဏ္ဍမှာလည်း ပုံမှန် လည်ပတ်နိုင်ဖို့ ကြိုးစား စည်းရုံးနေတာ ဖြစ်ပါတယ်။
CDM ၀င်နေတဲ့ ကျောင်းဆရာ/ဆရာမတွေ အပေါ်မှာလည်း ဖိအားတွေ ပေးနေသလို ၊ စွမ်းရည်မြှင့်သင်တန်းတွေ ဆိုပြီး တချို့မြို့နယ်တွေမှာ ဖွင့်ပြီး ဘယ်သူတွေ CDM လည်း ဆိုတာ ခွဲခြားသိနိုင်ဖို့ လုပ်နေကြတယ်လို့ ပညာရေး အသိုင်းအ၀ိုင်းက ဘီဘီစီကို ပြောပါတယ်။
CDM ၀င်နေကြတဲ့ ပညာရေး၀န်ထမ်းတွေထံကလည်း ဘဏ်လိုမျိုး တခြားနယ်ပယ်က သူတွေလိုပဲ ချေးငွေတွေ မဆိုင်းပဲ ပြန်တောင်း ခံနေရတာ အပါအ၀င် နည်းအမျိုးမျိုးနဲ့ ဖိအားတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ကြားကာလ အစိုးအရအဖြစ် ကြေညာထားတဲ့ NUG ကလည်း CDM ၀န်ထမ်းတွေကို လခပေးဖို့ စီစဥ်နေတယ် ဆိုပြီး ကျန်းမာရေးနဲ့ ပညာရေး ဌာနတွေကို ၀န်ကြီးအဖြစ် တာ၀န်ယူထားတဲ့ ပရော်ဖက်ဆာ ဒေါက်တာဇော်၀ေစိုးက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောထားပါတယ်။
ကျောင်းသားမိဘတွေ အနေနဲ့ကလည်း တချို့နေရာတွေမှာ ပညာရေး ဆိုင်ရာ အဆောက်အဦးတွေ၊ ကျောင်း၀င်းတွေ၊ ပရိ၀ုဏ်တွေထဲ စစ်ကောင်စီတပ်တွေ နေရာချထားတာကအစ လုံခြုံရေး အရ စိုးရိမ်ရဖွယ် အခြေအနေမျိုးမှာ ကလေးတွေကို ကျောင်းမလွှတ်နိုင်ဘူးလို့ ဘီဘီစီကို ဖြေဆို ထားသူတွေလည်း ရှိပါတယ်။