ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သံလွင်မြစ်ကမ်းက စစ်ကောင်စီစခန်းတခုကို KNU ဝင်တိုက်

    ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNU) က ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မူတော်ခရိုင်ထဲက သံလွင်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း တစ်ခုကို ဒီနေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

    KNUက အဲဒီစခန်းကို ဒီနေ့မနက် ၅ နာရီကျော်လောက်မှာ ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

    ဒီလိုဝင်တိုက်လို့ တပ်စခန်းထဲကနေ မီးတွေလောင်နေတာကို သံလွင်မြစ်တစ်ဖက်ကမ်း ထိုင်းဘက်ကနေတောင် မြင်တွေ့ရတယ်လို့ ထိုင်းအခြေစိုက် ဘီဘီစီ သတင်းထောက်ကပြောပါတယ်။

    လက်ရှိအချိန်အထိတော့ အထိအခိုက် အကျအဆုံးမသိရသေးပါဘူး။

    အဲဒီစခန်းမှာရှိတဲ့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းငယ်ဟာ အလှမ်းဝေးလို့ တပ်နဲ့ဝေးနေသူတွေဖြစ်ပြီး ထိုင်းစစ်သားတွေ သောင်ပြင်မှာ ချထားပေးတဲ့ အစားအသောက်တွေကိုပဲ အားထားနေရသူတွေဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လအတွင်း KNU နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့ပြီး စစ်ကောင်စီဘက်က ကရင်ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေလုပ်ခဲ့လို့ ဒေသခံကရင်လူမျိုးတွေ ထောင်နဲ့ချီ ဘေးကင်း ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    KNU ဘက်ကတော့ လွန်ခဲ့တဲ့ ၉ နှစ်ကျော်က မြန်မာအစိုးရနဲ့ သဘောတူထားတဲ့ အပစ်ရပ်ရေး ပြီးသွားပြီ မို့လို့ သူတို့အပြောအရဆိုရင် ဒေသခံတွေကို နှိက်စက်နေတဲ့ စစ်သားတွေကို မောင်းထုတ်ဖို့ သူတို့ရဲ့နယ်မြေတွေကို ပြန်ယူနေပြီလို့ ပြောထားပါတယ်။

    KNU ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကဖွဲ့စည်းပေးတဲ့ အမျိုးသားညီညွတ်ရေ အစိုးရ(NUG) ကို အပြည့်အဝထောက်ခံကြောင်းပြောထားပြီး စစ်အာဏာသိမ်းကာလ တိမ်းရှောင်လာသူ တချို့ကိုလည်း ခိုလှုံခွင့်ပေးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

  2. မြန်မာ့အရေး အာရုံစိုက်ဖို့ ကမ္ဘာကို သမ္မတဟောင်း အိုဘားမားပြော

    မြန်မာနိုင်ငံထဲက အရပ်သားတွေအကြမ်းဖက်ခံနေရတာတာကို တုန်လှုပ်ခြောက်ခြားရသလို လူထုအသံကို ထင်ဟပ်တဲ့ အားကျစရာ နိုင်ငံတဝန်းလှုပ်ရှားမှုရှိတဲ့ မြန်မာ့အရေးကို ကမ္ဘာအနေနဲ့ အာရုံစိုက်ထားရမယ်ဆိုပြီး အမေရိကန်သမ္မတဟောင်း အိုဘားမားက ပြောလိုက်ပါတယ်။

    လွတ်လပ်မှုတွေပိုရခဲ့တာ ဆယ်စုနှစ်တစ်ခုကြာရှိခဲ့တဲ့ မြန်မာနိုင်ငံထဲ စစ်တပ်က တရားမဝင်အာဏာသိမ်းတာကို လူထုက ဘယ်တော့မှ လက်ခံမှာမဟုတ်သလို ကမ္ဘာကလည်း ကျယ်ကျယ်ပြန့်ပြန့်လက်မခံသင့်ဘူးလို့ သမ္မတဟောင်း အိုဘားမားက သူ့ရဲ့လူမှုကွန်ယက်မှာရေးပါတယ်။

    စစ်တပ်ရဲ့လုပ်ရပ်အတွက် အရေးယူပိတ်ဆို့မှုတွေလုပ်နေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်အောင် ထောက်ခံနေတဲ့ လက်ရှိတာဝန်ယူယူထားတဲ့သမ္မတဂျိုးဘိုင်ဒန် အစိုးရနဲ့ တခြားနိုင်ငံတွေရဲ့အားထုတ်မှုကို သူထောက်ခံတယ်လို့လည်း အိုဘားမားက ပြောပါတယ်။

    အရပ်သားတွေကို သတ်ဖြတ်နေတဲ့ လူထုအငြင်းပယ်ခံ စစ်အုပ်စုဟာ ပိုပြီးမတည်ငြိမ်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းနဲ့ နိုင်ငံကို ကျဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာအောင်ပဲ ဦးတည်သွားစေမယ်ဆိုတာကို မြန်မာအိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သိထားသင့်ပြီလို့လည်း သူကသတိပေးပါတယ်။

    အနာဂတ်မှာ ဒီမိုကရေစီစံနှုန်းတွေ အမြစ်တွယ်နိုင်ရေး အားထုတ်ကြတဲ့ မြန်မာပြည်သူလူထုအအနေနဲ့ တိုင်းရင်းသားတွေနဲ့ရော၊ ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ပါ တသားတည်းဖြစ်အောင် ဆက်လုပ်သွားဖို့ သူက တိုက်တွန်းပါတယ်။

    သမ္မတဟောင်း အိုဘားမားဟာ သူသမ္မတတာဝန်ထမ်းဆောင်ချိန်လည်းဖြစ်၊ စစ်အာဏာမသိမ်းခင် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ မြန်မာနိုင်ငံကို ကိုယ်တိုင် လာရောက်ခဲ့သူလည်းဖြစ်ပါတယ်။

  3. မင်းတပ်ကို စစ်ကူလာတဲစစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်

    မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ မင်းတပ်မြို့ကို ဒီနေ့ ဧပြီ ၂၇ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က တပ်ကူတွေ လာရောက်စဉ်မှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    "ဒီမနက် ၉ နာရီကျော်ကျော်လောက်မှာ ဖြစ်တာပါ။ တပ်ဘက်က စစ်ကူက ထပ်တက်လာတာ ကားက ၇ စီးနဲ့လို့ကြားတယ်။ ဒီဘက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စောင့်ကြည့်တော့ အဲဒီလိုစစ်ကူတွေက ရောက်လာတော့ စောင့်ကြည့်တဲ့အဖွဲ့နဲ့ တွေ့ပြီး ပစ်ခတ်မှုဖြစ်ကြတယ်။ အပြန်အလှန်ပစ်ကြတာပေါ့။ လောလောဆယ် နှစ်ဖက်ဒဏ်ရာရဘာညာတော့မကြားရသေးဘူး" လို့ ဒေသခံတစ်ဦးကို ဘီဘီစီကို ပြောပါတယ်။

    မင်းတပ်မြို့မှာ ဧပြီလ ၂၆ ရက်နေ့က ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) CHRO က ထုတ်ပြန်ပါတယ်။

    မင်းတပ်မှာ စစ်ကားတစ်စီး မီးလောင်ခဲ့ပြီး မင်းတပ်ကို စစ်ကူလာတဲ့ကားတွေကို ဒေသခံတွေက လမ်းမှာဖြတ်တိုက်ခဲ့တာကြောင့် ၁၀ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးကို ကိုးကားပြီး အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တခြားစစ်သား ၅ ဦးကတော့ မြို့တွင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။ ဧပြီလ ၂၄ ရက်နေ့က မင်းတပ်မြို့က ဆန္ဒပြလူငယ် ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံတွေနဲ့ ပစ်ခတ်မှုတွေ စဖြစ်ခဲ့ပါတယ်။

    "ဆန္ဒပြတဲ့လူတွေကို ဖမ်းထားတယ်။ ဖမ်းတော့ လူငယ်တွေဘက်က ကောင်းကောင်းပြန်တောင်းတယ်။ ညှိနေတုန်းအချိန်မှာပဲ လူငယ်တစ်ယောက်ဆိုင်ကယ်နဲ့ သွားနေတာကို သူတို့(စစ်ကောင်စီဘက်) က စပစ်လိုက်တာ။ သူတို့ဘက်က စပစ်လိုက်တော့ ဒီဘက်က ပြန်ပစ်တာပေါ့။ ဖြစ်တဲ့နေရာကတော့ မင်းတပ်နဲ့ မကွေးတိုင်းနယ်စပ်၊ မင်းတပ်ဘက် နယ်နိမိတ်ထဲမှာပေ့ါ။ လူထုကလည်း မင်းတပ်နယ်နိမိတ်ထဲကို သူတို့ရောက်လာတော့ စိုးရိမ်ပြီးဖြတ်တိုက်တာ" လို့ ဒေသခံတစ်ဦးက ပစ်ခတ်မှုတွေစဖြစ်ခဲ့တဲ့အခြေအနေကို ပြောပြပါတယ်။

    မင်းတပ်မြို့မှာ ပစ်ခတ်မှုတွေအတွင်း တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရကာ ယာဉ်တစ်စီး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြန်မာ့ ရုပ်မြင်သံကြားသတင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

  4. မင်းတပ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့တယ်လို့ CHRO ထုတ်ပြန်

    ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့က ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) CHRO က ထုတ်ပြန်ပါတယ်။

    မင်းတပ်မှာ စစ်ကားတစ်စီး မီးလောင်နေခဲ့ပြီး မင်းတပ်ကို စစ်ကူလာတဲ့ကားတွေကို ဒေသခံတွေက လမ်းမှာဖြတ်တိုက်ခဲ့တာကြောင့် ၁၀ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးကို ကိုးကားပြီး အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တခြားစစ်သား ၅ ဦးကတော့ မြို့တွင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။

    ဒီထုတ်ပြန်ချက် မတိုင်မီ နာရီပိုင်းက မင်းတပ် ဒေသခံတစ်ဦးကို ဘီဘီစီက မေးမြန်းကြည့်ရာမှာ မင်းတပ်ဂေါက်ကွင်းအနီး ပစ်ခတ်မှုမှာ ၅ ဦးခန့် ကျဆုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အခြားနေရာမှာလည်း တိုက်ခိုက်မှုတွေ ရှိနေပြီး သေဆုံးမှုတွေ ရှိနိုင်တယ် လို့ ဆိုပါတယ်။

    ဧပြီလ ၂၄ ရက်နေ့က မင်းတပ်မြို့က ဆန္ဒပြလူငယ် ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံတွေနဲ့ ပစ်ခတ်မှုတွေ စဖြစ်ခဲ့ပါတယ်။

    ဧပြီလ ၂၆ ရက်နေ့မှာ မင်းတပ်မြို့မှာ ပစ်ခတ်မှုတွေအတွင်း တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရကာ ယာဉ်တစ်စီး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြန်မာ့ ရုပ်မြင်သံကြားသတင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

  5. အာဆီယံကလာရောက်လိုတဲ့ခရီးစဥ်တွေ ပြည်တွင်းတည်ငြိမ်မှုရှိမှသာခွင့်ပြုမယ်လို့ စစ်ကောင်စီပြော

    တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းတည်ငြိမ်မှုကို ဦးစားပေးပြီးဆောင်ရွက်နေရတာကြောင့် ပြည်တွင်းတည်ငြိမ်မှုပေါ်မူတည်ပြီးမှသာ အာဆီယံက အဆိုပြုတဲ့ မြန်မာနိုင်ငံကို လာရောက်လိုတဲ့ ခရီးစဥ်တွေကို စဥ်းစားသွားမှာဖြစ်တယ်လို့ ‌ပြန်လည်ဆွေးနွေးခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

    ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အခုလိုပြောသွားခဲ့တာဖြစ်ပါတယ်။

    ဒါ့အပြင် အာဆီယံ နိုင်ငံခေါင်းဆောင်များအစည်းဝေးက မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေ ပါရှိပြီး ပြည်တွင်းအခြေအနေနဲ့ ဆက်စပ်ပြီးစဥ်းစားသွားမှာဖြစ်တယ်လို့ ပြန်လည်ဆွေးနွေး ခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

    ဒီလို အကြံပြုချက်တွေကို စဥ်းစားရာမှာ အာဆီယံ ချာတာ အာဆီယံနည်းလမ်းကို အခြေခံမယ်ဆိုပါက နိုင်ငံကောင်းကျိုးအတွက် လက်ခံ စဥ်းစားပေးမှာဖြစ်တယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။

    အာဆီယံ အဖွဲ့ကြီးဟာ တစ်နိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးနဲ့ အဖွဲ့ဝင်အားလုံးသဘောတူမှ ဆုံးဖြတ်ချက်ချရမယ်လို့ သတ်မှတ်ထားပါတယ်။

    အာဆီယံ နိုင်ငံခေါင်းဆောင်များအစည်းဝေးမှာ မြန်မာနိုင်ငံက ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုတွေကိုလည်း အစည်းအဝေးမှာ ရှင်းလင်းပြောကြားခဲ့တယ်လို့လည်းပြောသွားခဲ့ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမှာကိုလည်း ထည့်သွင်းပြောသွားခဲကြောင်းလည်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားကကြေညာသွားခဲ့ပါတယ်။

  6. ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ တရားစွဲဆိုခံထားရ အချို့ပြန်လွတ်လာ

    ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျကျော်အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ တရားစွဲခံထားရသူ (၄) ယောက် ဒီကနေ့ ဧပြီ ၂၆ ရက် ညနေ (၃) နာရီ ခွဲလောက်က အမှုကနေ တရားသေလွတ်မြောက်လာတယ်လို့ သူတို့ရဲ့ မိသားစုဝင်က ပြောပါတယ်။

    အေအေနဲ့ ဆက်သွယ်ကူညီမှုတွေကြောင့် တောင်ကုတ် စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်အပါအဝင် ၄ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

    လက်ရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ တရားစွဲဆိုခံရပြီး အမှုက ကွင်းလုံးကျွတ်လွှတ်လာသူတွေကတော့ တောင်ကုတ်မြို့နယ်စည်ပင် ဥက္ကဋ္ဌ ဦးဇေယျကျော်၊ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဒုတိယ ဥက္ကဋ္ဌ ဦးဝေသောင်း၊ တောင်ကုတ်မြို့နယ် စည်ပင်ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနဲ့ ဦးဇေယျကျော်ရဲ့ ညီဖြစ်သူ ကိုမိုင်ကယ် ခေါ် ကိုစည်သူကျော်ဇံ တို့ဖြစ်ပါတယ်။

    ဦးဇေယျကျော်အပါအဝင် ၄ ဦးဟာ ပြီးခဲ့တဲ့ မေလအတွင်း ဖမ်းဆီးခံခဲ့ရကာ တောင်ကုတ်မြို့နယ်တရားရုံးမှာတစ်နှစ်နီးပါးအတွင်း အမှုရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

    တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နှစ်ဖက်တိုက်ပွဲတွေအတွင်း သံသယနဲ့ဖမ်းဆီးခံခဲ့ကြရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံနေကြရသူတွေကို အမှုပြန်လည်ရုပ်သိမ်းပေးဖို့ ပြည်နယ်တရားလွှတ်တော်ကို တင်ပြထားတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက မီဒီယာတွေကို ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    အခုလို သံသယနဲ့ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥဒေတွေနဲ့ တရားစွဲဆိုခံခဲ့ရကာ နှစ်နဲ့ချီပြီး အမှုရင်ဆိုင်နေကြရတဲ့ ရခိုင်ဒေသခံ သုံးရာနီးပါးရှိနေပြီး အမှုအများစုကတော့ အမိန့်မချနိုင်သေးဘဲ ကြန့်ကြာနေတာဖြစ်ပါတယ်။

  7. မင်းတပ်မှာစစ်ကောင်စီတပ်နဲ့ ဒေသခံတွေ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်

    ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့၊ ဂေါက်ကွင်းအနီး မှာ ဧပြီလ ၂၆ ရက် မွန်းလွဲ သုံးနာရီခွဲခန့်က ဒေသခံပြည်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    မင်းတပ်မြို့အရှေ့ဘက်ဂေါက်ကွင်းနားမှာဖြစ်နေသလို မင်းတပ်မြို့အနောက်ဘက်မှာလည်း ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ဧပြီလ ၂၄ ရက်က ပြောက်ကျားသပိတ်ပြုလုပ်တဲ့ မင်းတပ်မြို့ခံ လူငယ် ၆ဦး ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ညပိုင်းမှာ ပစ်ခတ်မှုတွေစတင် ဖြစ်ပွားခဲ့တာလို့လည်း‌သိရပါတယ်။

    အခုလို ပစ်ခတ်မှုကြောင့် မင်းတပ်-မတူပီ ကားလမ်း အနီးတစ်ဝိုက်မှာ နေထိုင်ကြသူတွေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်၊

    မတူပီဘက်က ဆင်းလာတဲ့စစ်ကူတွေကို မင်းတပ်ဒေသခံတွေက ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ကျဆုံးတယ်လို့ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုလို့မရသေးပါဘူး။

    ဒေသခံတွေဘက်ကတော့ ထိခိုက်ကျဆုံးသူ မရှိသေးဘူးလို့လည်း သူတို့ကပြောပါတယ်။

  8. "ရန်ကိုကုန်အောင် ရှင်းမယ်" ဆိုတဲ့ ရန်ကုန်ကသပိတ်

    ရန်ကုန်မြို့မှာ စမ်းချောင်း၊ ရန်ကင်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင် အစရှိတဲ့မြို့နယ်တချို့က လူငယ်ရာကျော်ဟာ "ရန်ကိုကုန်အောင် ရှင်းမယ့် ရန်ကုန်သပိတ်စစ်ကြောင်း" နာမည်နဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဒီနေ့ ဧပြီလ ၂၆ ရက်မှာ ပြုလုပ်သွားပါတယ်။

    ဆန္ဒပြသူတွေဟာ စစ်ကောင်စီတပ်တွေရဲ့ နေ့ရောညပါ ဖြိုခွင်းမှုတွေရှိခဲ့တဲ့ ယူဇနပလာဇာရှေ့လမ်းကြောင်းအပါအဝင် ရန်ကုန်မြို့လမ်းမတချို့မှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

    စစ်ကောင်စီတပ်တွေရဲ့ ကင်းလှည့်တင်းကျပ်မှုတွေရှိနေပေမဲ့ အခုရက်ပိုင်းတွေအတွင်း ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုရဲ့ပြောက်ကျားသပိတ်တွေ ခပ်စိပ်စိပ်ပြန်ထွက်လာနေတာကို မြင်တွေ့ရပါတယ်။

  9. နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတဦးဝင်းမြင့်နဲ့ သူတို့ရှေ့နေတွေ လူချင်းမတွေ့နိုင်သေး

    နိုင်ငံတော်အပိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ သူတို့အမှုတွေကို လိုက်ပါဆောင်ရွက်ဖို့ ပါဝါရထားတဲ့ရှေ့နေတွေ လူကိုယ်တိုင်တွေ့ပြီး အမှုအကြောင်းဆွေးနွေးတဲ့ (instruction)ယူဖို့ ကိစ္စကို နောက်ရုံးချိန်းကို ရွှေ့လိုက်တဲ့အကြောင်း အမှုလိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ အမှုတွေရဲ့ ရုံးချိန်းကို ဗီဒီယိုကွန်ဖရန့်ဇင်းနဲ့ ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ရှေ့နေကအခုလိုပြောလာတာပါ။

    အမှုသည်တွေနဲ့ရှေ့နေတို့ကြား လူချင်းတွေ့ဖို့ ရှေ့နေတွေက ပြီးခဲ့တဲ့ရုံးချိန်းကတည်းက တရားရုံးကို လျှောက်ထားခဲ့တာပါ။ အခုလိုကိစ္စမှာ ထိန်းသိမ်းထားတဲ့ရဲတပ်ဖွဲ့နဲ့ရှေ့နေတွေ ညှိနှိုင်းပြီး ရဲတပ်ဖွဲ့က ပြန်လည်တင်ပြဖို့ဆိုပြီး ဒီကနေ့ရုံးချိန်းကို ခေါ်ခဲ့တာပါ။

    ဒါပေမဲ့ ဒီနေ့ရုံးချိန်းမှာတော့ ရဲတပ်ဖွဲ့က ဒီလိုတွေ့ဆုံခွင့်ရဖို့ အထက်အဆင့်ဆင့် တင်ပြပြီးဆောင်ရွက်နေတယ်လို့ပဲပြောတဲ့အကြောင်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ‘ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်းမှာလည်း အမှုသည်နဲ့ရှေ့နေ တွေ့ဆုံနိုင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အလားတူပဲ ပြန်ဖြေတယ်။ ဒီတော့ တရားသူကြီးက ဘယ်အဆင့်အထိရောက်နေပြီလို့ပြောလို့ရသလဲလို့ ထပ်မေးတာရှိတယ်။ အဲလိုတော့ပြောလို့မရသေးပါဘူး။ ဒါပေမဲ့ ဆက်လက်ဆောင်ရွက်ပေးနေပါတယ်လို့ပဲ ပြောတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်။ ရှေ့နေနဲ့တွေ့ခွင့်ရဖို့ ဟိုယခင် ထိန်းသိမ်းခံရချိန်ကတည်းက တောင်းဆိုနေတာ ကြာလှပြီဆိုတော့ ရှေ့နေတွေဘက်က ဘာပြောချင်လဲလို့ မေးလာတယ်’ လို့ တရားခွင်ရုံးချိန်း အခြေအနေကို ဒေါ်မင်းမင်းစိုးက ပြန်ပြောပြပါတယ်။

    ဒီနေ့ရုံးချိန်းမှာ ပါဝါရထားတဲ့ရှေ့နေတွေ အားလုံး တရားခွင်ထဲ ဝင်ခွင့်ရလို့ ရှေ့နေဦးခင်မောင်ဇော်က ရှေ့နေနဲ့အမှုသည်တွေ့ဆုံရေးအကြီးတယ်ဆိုတာကိုထောက်ပြပြီး မြန်မြန်လေးတွေ့ဆုံခွင့်ရဖို့ တရားရုံးကို ညွှန်ကြားပေးဖို့ လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

    အမှုသည်တွေနဲ့ရှေ့နေတွေ တွေ့ဆုံနိုင်ရေး ရဲတပ်ဖွဲ့အနေနဲ့ ဆောင်ရွက်ထားတဲ့အခြေအနေကို ပြန်လည်တင်ပြဖို့ဆိုပြီး နောက်ထပ်ရုံးချိန်းကို မေလ ၁၀ ရက်နေ့ကို တရားရုံးက သတ်မှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ရုံးချိန်းမှာ အသစ်စွဲဆိုတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ဒေါ်မင်းမင်းစိုးအပါအဝင် ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်၊ ဦးသဲမောင်မောင် စတဲ့ရှေ့နေ ၅ ယောက် ပါဝင်ဆောင်ရွက်ပေးဖို့ ဒီနေ့ရုံးချိန်းမှာ ရှေ့နေပါဝါတင်ခဲ့ တယ်လို့လည်း သိရပါတယ်။

  10. CRPH က ကိုယ်စားလှယ် ၃ ဦးထပ်တိုး ခန့်

    ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ CRPH ဟာ ၂၀၂၀ ‌ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ကော်မတီ ဝင်အဖြစ် ထပ်မံ တိုးချဲ့ ဖွဲ့စည်းလိုက်တယ်လို့ ဧပြီလ ၂၆ ရက် ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်ထုတ်ပြန်ပါတယ်။

    ထပ်မံ တိုးချဲ့ခန့်ထားလိုက်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးအောင်ကြည်ညွှန့် ၊ဦးစည်သူမောင်နဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီက ဦးလမာနော်အောင်တို့ဖြစ်ကြပါတယ်။

    ဦးအောင်ကြည်ညွှန့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့သလို ဦးစည်သူမောင်က ရန်ကုန်တိုင်း ပန်းဘဲတန်း မြို့နယ်ပြည်သူလွှတ်‌တော်နေရာက အနိုင်ရခဲ့သူဖြစ်ပါတယ်။

    ဦးလမာနော်အောင်က တော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ကိုယ်စားပြုပြီးအင်ဂျင်ယန်းမြို့နယ်ပြည်သူလွှတ်‌တော်နေရာက အနိုင်ရခဲ့သူဖြစ်ပါတယ်။

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖေဖော်ဝါရီ လ ၅ ရက်နေ့က အဖွဲ့ဝင် ၅ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ နောက်ထပ် ၂ ဦးတိုးချဲ့ခန့်ထားခဲ့ပါတယ်။

    အခုအခါ ၃ ဦး ထပ်မံတိုးချဲ့ခန့် အပ်လိုက်တဲ့ အတွက် CRPH အဖွဲ့ဝင် ၂၀ ဦး ရှိလာပြီဖြစ်ပါတယ်။

  11. ဘုံသဘောတူညီချက်တွေကို အမြန်အကောင်အထည်ဖော်ဖို့ အာဆီယံကို PPST တိုက်တွန်း

    မြန်မ့ာအရေးဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေတွေ့ဆုံပြီး ရရှိခဲ့တဲ့ဘုံသဘောတူညီချက်တွေကို ကြိုဆိုပြီး အဲဒီသဘောတူညီချက်တွေကို အချိန်အပိုင်းအခြားတိတိကျကျနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အာဆီယံကို တိုက်တွန်းတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်တွင်းကိုလာပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့တွေ့ဆုံရေး အပါအဝင် ဘုံသဘာတူညီချက်တွေကို အကောင်အထည်ဖော်လုပ်ဆောင်တဲ့အခါ တိုင်းရင်းသားနက်လက်ကိုင်အဖွဲ့ (EAO) တွေနဲ့ အာဆီယံနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့လည်း သူက ပြောပါတယ်။

    ဒီကနေ့ ဧပြိလ ၂၆ ရက်ကနေ ၂ ရက်တာ ကျင်းပမယ့် ၁၅ ကြိမ်မြောက် PPST အစည်းအမိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးယွက်စစ်က အခုလို ပြောလိုက်တာဖြစ်ပြီး လက်တလော နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးနဲ့ ရှေ့လုပ်ငန်းစဥ်တွေကို ဆွေးနွေးဖို့ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

    ဒါ့ပြင် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နှိမ်နင်းမှုတွေကြားက နွေဦးတော်လှန်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ငြိမ်းချမ်းစွာ ၃ လနီးပါး အဆက်မပြတ် ဆင်နွှဲနေတဲ့ အလွှာအသီးသီးက လူထုကို ဂုဏ်ပြုသလို ထောက်ခံအားပေးကူညီပံ့ပိုးဝန်းရံတာတွေ ဆက်လုပ်သွားမယ်လို့ သူကပြောပါတယ်။

    တဆက်တည်းမှာပဲ ဒီကာလအတွင်း အပြစ်မဲ့ပြည်သူ ၇၀၀ ကျော် သေဆုံးခဲ့ရတာတွေအတွက် စစ်ကောင်စီခေါင်းဆောင်တွေဟာ တဝန်ယူ တာဝန်ခံရမှာဖြစ်တယ်လို့လည်း သူကပြောထားပါတယ်။

  12. မရမ်းကုန်းလူငယ်တွေရဲ့ပြောက်ကျားသပိတ်

    ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအနီးက အင်းစိန်လမ်းမပေါ်မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ချီတက်ဆန္ဒပြပွဲကို လူငယ်တွေက ဒီနေ့ ဧပြီလ ၂၆ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

    လှည့်ပတ်စောင့်ကြည့်နေတဲ့ ရဲတွေအလစ်မှာ ပြုလုပ်ရတဲ့ ဒီဆန္ဒထုတ်ဖော်ပွဲကို အင်းစိန်လမ်းမပေါ်က ချီတက်ပြီး ရပ်ကွက်တွေအတွင်း လှည့်လည် ကြွေးကြော်ကာ ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြပါတယ်။

    ရန်ကုန်မြို့မှာ လူငယ်တွေရဲ့ဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွင်းမှုတွေကြောင့် ပြောက်ကျားသပိတ်တွေ လျော့သွားသယောင်ရှိခဲ့ပေမဲ့ အခုရက်ပိုင်းအတွင်း လမ်းပေါ်ဆန္ဒပြပွဲတွေ ခပ်စိပ်စိပ်ပြန်လည်မြင်တွေ့လာရပါတယ်။

    စစ်ကောင်စီအပေါ် လူထုရဲ့သဘောထားကို ကြားနိုင်ဖို့ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးပွဲမတိုင်ခင်မှာ လူငယ်တွေ ရန်ကုန်မြို့လယ်အထိ တက်ပြီး ဆန္ဒပြခဲ့ကြသလို အစည်းအဝေးအပြီး ဘုံသဘောတူညီချက်တွေကိုလည်း လူငယ်တွေက လက်မခံကြောင်းပြဖို့ ဆန္ဒဖော်ထုတ်တာတွေ ဆက်လုပ်နေပါတယ်။

  13. တွံတေးမှာ မနေ့ညက လူ ၃ ဦးထက်မနည်း အဖမ်းခံရ

    ရန်ကုန်တိုင်းထဲက တွံတေးမြို့မှာ စစ်ကောင်စီတပ်တွေက မနေ့ ဧပြီလ ၂၅ ရက်ညပိုင်းက ဝင်ရောက်ဖမ်းဆီးတာတွေကြောင့် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးအပါအဝင် လူ ၃ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ ကာယကံရှင်တွေနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။

    အဖမ်းခံရသူတွေထဲက ၂ ဦးဟာ တွံတေးမြို့အဆက် ခလုတ်ရွာက ဖြစ်ပြီး သူတို့ထဲက အမျိုးသားဖြစ်သူဟာ အိမ်ရှင်အမျိုးသမီးကို လာဖမ်းချိန် ဧည့်စာရင်းနဲ့ငြိပြီး အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။

    ဒီနေ့မနက်မှာ သူတို့ကို ရန်ကုန်ကို ပို့မယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ လောလောဆယ်မှာ တွံတေးရဲစခန်းမှာပဲ ရှိနေသေးတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    ဆန္ဒပြပွဲမှာ ထဲထဲဝင်ဝင်ပါဝင်ကြသူတွေ မဟုတ်ပေမဲ့ လူမှုကွန်ယက်မှာ ထုတ်ဖော်ပြောဆိုတာတွေ၊ အဖမ်းခံရလို့ ဖုန်းသိမ်းခံရချိန်မှာ ဖုန်းထဲက အချက်အလက်တွေကြောင့် လက်ရှိမှာ သူတို့ ၂ ဦးကို ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲနိုင်ချေရှိနေတယ်လို့လည်း အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    တွံတေးမှာ မနေ့ညက အုန်းပင်စုရပ်ကွက်ထဲ နောက်ထပ် အရပ်သားတစ်ဦးလည်း ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေကြားပြောဆိုပေမဲ့ ဘီဘီစီက တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    တွံတေးမြို့မှာ စစ်အာဏာသိမ်းကာလအတွင်း အဖမ်းခံရသူ အခုဆို ၇ ဦးထက်မနည်းရှိလာပြီး သူတို့ထဲက ၃ ဦးဟာ အင်းစိန်ထောင်ထဲကို ရောက်နေပါတယ်။

    ဒ့ါပြင် တွံတေးမြို့မှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြချိန် စစ်ကောင်စီတပ်တွေက ဖြိုခွင်းလို့ သေဆုံးသူလည်း ၄ ဦးအထိရှိနေပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ တွံတေးမြို့ထဲက အမှတ် ၂ အထက်တန်းကျောင်းမှာ တပ်စွဲနေပြီး ရေတပ်ဝတ်စုံနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုရက်ပိုင်း အင်အားတိုးထားတာကို မြင်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

  14. နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး ညှိနှိုင်းမှုတွေ ဖြစ်လာဖွယ်မရှိလို့ HRW ပြော

    မြန်မာ့အရေးအာဆီယံထိပ်သီးအစည်းဝေးပွဲမှာ မြန်မာနိုင်ငံထဲ စစ်တပ်ရဲ့အကြမ်းဖက်မှု အဆုံးသတ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေက ပန်ကြားခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ မပါသလို ညှိနှိုင်းမှုတွေလည်း ဖြစ်လာဖွယ်မရှိဘူးလို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်တဲ့(HRW)အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးက ပြောလာပါတယ်။

    ''အဓိက ပြဿနာက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD အဖွဲ့ဝင်တချို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ကိစ္စကို ချန်ထားခဲ့တာပါပဲ။ ဒီလိုလူတွေကို ဆက်ပြီး အကျဉ်းချထားရင် လူထု ကိုယ်စားပြု ကိုယ်စားလှယ် ဘယ်လိုလုပ်သွားဆွေးနွေးကြမှာလဲ''လို့ မစ္စတာရော်ဘင်ဆန်က မေးခွန်းထုတ်လိုက်တာပါ။

    ဧပြီလ ၂၄ ရက်နေ့တုန်းကလုပ်ခဲ့တဲ့အာဆီယံအစည်းအဝေးပွဲအပြီးတုန်းကတော့ မြန်မာ့အရေးတွေ့ဆုံဆွေးနွေးကြတဲ့ လုပ်ငန်းစဉ်ပေါ်လာအောင် ကြားဝင်ညှိနှိုင်းပေးမယ့် အထူးသံတမန်ကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရဲ့အကူအညီနဲ့ အလှည့်ကျအာဆီယံဥက္ကဋ္ဌက အထူးသံတမန်ခန့်အပ်ဖို့ ကိစ္စလည်းပါဝင်ပါတယ်။

    မစ္စတာရော်ဘင်ဆင်ကတော့ ''တကယ်လို့ အာဆီယံအထူးသံတမန်က မနက်ဖြန်မှာ မြန်မာပြည်သွားတယ်ဆိုပါစို့။ ဘယ်သူနဲ့သွားတွေ့မှာလဲ။ လူထုကိုယ်စားပြုဆွေးနွေးမယ့်သူက ဘယ်သူလဲ။ ဒါမှမဟုတ် နေပြည်တော်က ဗိုလ်ချုပ်တွေနဲ့ပဲ ဆက်ဆွေးနွေးသွားမှာလား''လို့ ထောက်ပြပြောဆိုပါတယ်။

    စစ်အာဏာရှင်က နိုင်ငံတကာဖိအားတွေကနေ ရှောင်ရအောင် သူတို့အနေနဲ့ အာဆီယံနဲ့တခုခုလုပ်နေပါတယ်ဆိုတာ အကြောင်းပြမယ့်အခြေအနေကို သူက စိုးရိမ်ကြောင်းနဲ့ စစ်ကောင်စီက အဲဒီလို အချိန်ယူပြီး ဆန္ဒပြသူတွေကို ထပ်မံ ဖြိုခွင်းမှာ စိုးရိမ်ပူပန်မိတယ်လို့လည်း သူက ပြောပါတယ်။

    သူတို့အနေနဲ့ စိုးရိမ်တာက ဒီအစည်းအဝေးက ထွက်လာတဲ့ဘုံသဘောတူညီချက်တွေကို လက်တွေ့အကောင်အထည်ဖော်လာမှု ရှိလာပါ့မလား၊ အချိန်နဲ့တပြေးညီလုပ်ဆောင်ပါ့မလားဆိုတာကို ပူပန်မိတယ် လို့ HRW က ပြောပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်တဲ့ အဲဒီအစည်းအဝေးပွဲကနေ ဘုံသဘောတူညီချက် ၅ ချက် ထုတ်ပြန်ခဲ့ကြပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ လုပ်ဖို့၊ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ပေါ်ထွက်လာအောင်ညှိနှိုင်းပေးဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံကို သွားရောက်ဖို့ကိစ္စတွေ ပါဝင်ပါတယ်။

  15. အာဏာသိမ်း ၈၄ ရက်မှာ သေဆုံးသူ ၇၅၀ ကျော်အထိရှိလာ

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ ရက်ကစလို့ ရက်ပေါင်း ၈၄ ရက်ထဲဝင်လာချိန်မှာပဲ သေဆုံးခဲ့ရတဲ့အရပ်သားအရေအတွက် ၇၅၁ ဦးအထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။

    နောက်ဆုံးသေဆုံးခဲ့သူတွေထဲမှာ စစ်ကောင်စီတပ်တွေကြောင့်သေဆုံးသွားပြီလို့ ယူဆခံထားရတဲ့မန္တလေးမြို့က အသက် ၂၂ နှစ်အရွယ် မောင်ကောင်းထက်နိုင်လည်းပါဝင်ပါတယ်။

    ဧပြီလ ၂၄ ရက်မှာ မောင်ကောင်းထက်နိုင်တစ်ယောက် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် သေဆုံးသွားပြီလို့ ယူဆခံရလို့ မိသားစုက အလောင်းမရှိဘဲ နောက်နေ့ ဧပြီလ ၂၅ ရက်မှာ သက်ပျောက်ဆွမ်းကပ်ခဲ့ရပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်တက်ရောက်နေတဲ့အပြင် အကြမ်းဖက်မှုတွေရပ်ဖိုပါ့တောင်းဆိုတဲ့ မြန်မာ့အရေးအကျပ်အတည်း အာဆီယံအထူးအစည်းအဝေးပွဲကျင်းပတဲ့တနေ့တည်းမှာ ဒီဖြစ်ရပ်ဖြစ်ခဲ့တာပါ။

    စစ်ကောင်စီဘက်ကတော့ ဒီကာလအတွင်းသေဆုံးသူ ၂၄၀ သာရှိတယ်လို့ သတင်းထုတ်ပြန်ထားသလို ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ သေဆုံးခဲ့သူတွေကို စနစ်တကျရဲမှတ်တမ်းထားရှိ မှတ်တမ်းတင်ထားတယ်လို့လည်းပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။

  16. ရန်ကုန် လမ်းမပေါ်က ပြောက်ကျားသပိတ်

    မြန်မာနိုင်ငံတ၀န်းက မြို့တွေရဲ့ လမ်းပေါ်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ လမ်းလျှောက်သပိတ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစလို့ အရှိန်ပြန်လည်မြင့်လာပြီး စစ်ကောင်စီတပ်တွေဘက်ကလည်း ဖြိုခွဲဖမ်းဆီးတာတွေကလည်း ဆက်ရှိခဲ့ပါတယ်။

    ဧပြီ ၂၅ ရက်နေ့ကလည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ ၊ နတ်မောက်၊ ပုဂံ၊ မုံရွာအစရှိတဲ့ နိုင်ငံတဝန်း မြို့တွေမှာ ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    ဒါ့ပြင် မနေ့တနေ့တည်းမှာပဲ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အစည်းအဝေးရလာဒ်ကို ကန့်ကွက်ကြတဲ့လူငယ်တွေရဲ့ တစ်ကိုယ်တော်သပိတ်တွေလည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။

    စစ်ကောင်စီဥကက္ကဋ္ဌကိုယ်တိုင်တက်ရောက်တဲ့ ဂျာကာတာမြို့က ဒီအထူးအစည်းဝေးပွဲဟာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေက ခေါင်းဆောင်တွေက စစ်ကောင်စီကို အချိန်ဆွဲပေးနေတာဆိုပြီး ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

  17. ကနီ ယင်းမာပင်နယ် ရွာပေါင်း ၄၀ ကျော်ခန့် က ရွာသားတွေ ထွက်ပြေးနေကြ

    စစ်ကောင်စီတပ်တွေ ဖမ်းဆီးမှာကို ကြောက်တာကြောင့် ကနီ ယင်းမာပင်နယ် ရွာပေါင်း ၄၀ ကျော်က ရွာသားတွေဟာ နီးစပ်ရာတောတွေမှာ တိမ်းရှောင်နေရတယ်လို့ ကနီဒေသခံတစ်ဦးက ပြောပါတယ်။

    တိမ်းရှောင်နေကြသူတွေထဲမှာ သက်ကြီးရွှယ်အိုတွေ ကိုယ်ဝန်သည်တွေပါပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တော့ ရွာကတိမ်းရှောင်လာသူတစ်ဦး ဝမ်းရောဂါကြောင့် သေဆုံးခဲ့ရတယ်လို့လည်း ဘီဘီစီကိုပြောပါတယ်။

    တိမ်းရှောင်နေသူ စုစုပေါင်း ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ သူတို့ကပြောပြနိုင်ခြင်းမရှိပါဘူး။

    ရွာတွေမှာ အချို့စစ်ကောင်စီတပ်တွေက တပ်ဆွဲထားလို့ရွာတွေဘက်ကို မပြန်ရဲကြောင်းနဲ့ နေအပူချိန် ပြင်းသလို သောက်သုံးရေနဲ့ စားသောက်စရာတွေပြတ်ပြီး ဒုက္ခရောက်နေကြတယ်လို့လည်းသူတိုကပြောပါတယ်။

    စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ထဲကို ဒီကနေ့ ဧပြီလ၂၅ ရက်နေ့ မနက်ပိုင်းက စစ်ကား ၁၇ စီး‌ရောက်ရှိလာခဲ့ပြီး ညနေပိုင်းမှာ ရွာတွေကိုဝင်ရောက်ရှာဖွေမှုတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ကနီက ရပ်ကွက် အ.မ.က (၃)စာသင်ကျောင်းမှာ တပ်စွဲထားပြီး အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေမှုတွေလုပ်နေတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

    မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း မုံရွာကနေ ကနီမြို့ကိုလာရင် မုံရွာမြစ်ကူး တံတားထိပ်ကနေ ကနီမြို့အရောက် ၂၈ မိုင်ဝေးပြီး၊ ဧပြီ ၁၅ ရက်က တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့ နေရာကတော့ အဲဒီမြစ်ကူးတံတားထိပ်ကနေ ၁၃ မိုင်လောက်ဝေးတဲ့ ယင်းမာပင်နဲ့ ကနီ နယ်အစပ်က ဒေသထဲမှာဖြစ်ပါတယ်။

  18. နေပြည်တော်မှာ လက်လုပ်မိုင်းတွေ့ပြီး မန္တလေး နဲ့ ပဲခူးတို့မှာ လက်လုပ်မိုင်းနဲ့ပစ်တာခံရကြောင်းစစ်ကောင်စီထုတ်ပြန်

    ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းက နေပြည်တော် ဥတ္တရသီရီ နယ်မြေက တံတားတစ်စင်းအောက်မှာလက်လုပ်မိုင်းတွေ့ ခဲ့ပြီးမန္တလေး အောင်မြေသာဇံမြို့နယ်က ဘဏ် ၁ နဲ့ နန်းရှေ့ အနှိပ်တော်ရပ်ကွက်မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေသူတွေ လက်လုပ်မိုင်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ လည်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားက ထုတ်ပြန်သွားခဲ့ပါတယ်၊

    နေပြည်တော်မှာတွေ့ရှိခဲ့တဲ့ လက်လုပ်မိုင်းကို အသက်မဲ့အောင်ထိန်းချုပ်နိုင်ခဲ့ကြောင်းနဲ့ မန္တလေးအနှိပ်တော်ရပ်ကွက်မှာ ဆိုင်ကယ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်လုပ်မိုင်းနဲ့ပစ် ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေရှိခဲ့ကြောင်းလည်းထုတ်ပြန်ခဲ့ပါတယ်။

    ဒါ့အပြင် ပဲခူးတိုင်းတွင်းက ဝေါမြို့မှာ မီးသတ်တပ်ဖွဲ့ရုံးကို လက်လုပ်မိုင်း ပစ်ခံရပြီး မန္တလေးချမ်းအေးသာဇံမြို့နယ် ချမ်းသာယာရပ်ကွက်မှာ လူနေအိမ်တစ်လုံးအတွင်း လက်လုပ်မိုင်းတွေ့ခဲ့ရကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

    ရန်ကုန် တောင်ဥက္ကလာမြို့နယ်မှာ ဧပြီ ၂၄ ရက်နေ့က လက်လုပ်ဗုံး ၅ လုံးခန့်ပေါက်ခဲ့ပြီး ဝေဇယန္တာလမ်းလယ်ကျွန်းပေါ်မှာ ပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

  19. ပုဂ္ဂလိက ဘဏ်ဝန်ထမ်း အချို့ ရုံးပြန်တက်ဖို့ ဖိအားပေးခံရ

    ပုဂ္ဂလိက ဘဏ်ဝန်ထမ်း အချို့ဟာ အခုရက်ပိုင်း ရုံးပြန်တက်ဖို့ဖိအားပေးခံ‌နေရပြီး လစာမဲ့ခွင့်ကာလကို ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးသတ်မှတ်ပြီး ထုတ်ပြန်ထားတယ်လို့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦးကပြောပါတယ်။

    လာမယ့် ဧပြီလ ၂၆ ရက်နေ့ ရုံးဖွင့်ရက်မှာတော့ ရုံးမတက်တဲ့သူတွေကို ဘယ်လို အရေးယူမယ်ဆိုတာကို သိရမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    ပုဂ္ဂလိက ဘဏ်အချို့ ရဲ့ ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်း အသိပေး ထုတ်ပြန်ချက်မှာ လစာမဲ့ခွင့်ကာလကို ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးရက် သတ်မှတ်ထားပြီး သတ်မှတ်ရက်ကျော်သူတွေကို မြန်မာနိုင်ငံ အလုပ်သမားဥပဒေအရ ဆက်လက်ဆောင်ရွှက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ပုဂ္္ဂလိကဘဏ်တွေဘဏ်ခွဲတွေအားလုံး ပြန်ဖွင့်ဖို့ ကို ဗဟိုဘဏ်က တွန်းအားပေးနေတာလည်းဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်က ‌လည်းပုဂ္ဂလိကဘဏ်ကြီးတစ်ခုက ဘဏ်ဘက်ကနေ CDM လှုပ်ရှားမှု ပါဝင်သူတွေ ရုံးပြန်တက်ဖို့ရှိ မရှိကို အစည်းအဝေးခေါ်ယူခဲ့ပြီး ဖိအားပေးခဲ့တာတွေလည်းရှိခဲ့ပါတယ်။

  20. နိုင်ငံအနှံ့ ဆန္ဒပြသပိတ်တွေ ပြန်အားကောင်းလာ