ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်က စျေးဝယ်စင်တာ ငွေအချို့ လက်ငင်းသာလက်ခံ

    ရန်ကုန်က စျေးဝယ်စင်တာအ‌ရောင်းဆိုင် အချို့မှာ အရင်က ဘဏ်ကတ်နဲ့ စျေးဝယ်လို့ရပေမဲ့ အခုရက်ပိုင်း ဆက်သွယ်ရေးလိုင်းတွေချို့ယွင်းနေမှုကြောင့်ဆိုပြီး ငွေလက်ငင်းဖြင့်သာဝယ်ယူဖို့ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

    စျေးဝယ်စင်တာတွေတင်မဟုတ်ဘဲ ကွန်ပျုတာနဲ့ ဖုန်းအရောင်းဆိုင်တွေ အပြင် ကတ်စနစ် အွန်လိုင်းစနစ်နဲ့ လက်ခံတဲ့နေရာတွေမှာလည်း လက်ငင်းငွေချေစနစ်နဲ့ သာအ‌ရောင်းအဝယ်လုပ်နေကြတယ်လို့ ရန်ကုန်ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က စပြီး စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်မှာ ဗဟိုဘဏ်က ဘဏ်တွေကနေငွေထုတ်ယူတာကို ကန့်သတ်လိုက်ပြီးနောက်မှာ ငွေတွေကိုထုတ်ပြီးသုံးဖို့ အတွက်ဘဏ်တွေ ရှေ့မှာနာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေရပါတယ်။

    ငွေအပို ယူပြီးဘဏ်အကောင့်ချင်းလွှဲကာ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေလည်းပေါ်ပေါက်နေပြီး ဧပြီလ ၂၈ ရက်နေ့က ကျပ် ၁၀ သိန်းကို ၄ သောင်းခန့် အပိုပေးပြီးထုတ်ယူခဲ့ရတယ်လို့လည်း ရန်ကုန် မြို့ခံတစ်ဦးကပြောပါတယ်။

  2. ထားဝယ်မှာ နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီး

    ဒီကနေ့ ဧပြီလ ၂၉ ရက်မနက် စောစော ၆ နာရီမထိုးခင် အချိန်မှာ ထားဝယ်မြို့မြောင်းပုလဲ ရပ်ကွက်ထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး ရပ်ကွက်နေပြည်သူ ၅ ယောက်ကို နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

    အဲဒီဖမ်းဆီးခဲ့သူတွေထဲက ၃ ယောက်ကို နေ့လယ် ၁၂ နာရီလောက်က ပြန်လွှတ်ပေးခဲ့ပေမဲ့ ၂၁ နှစ်အရွယ် ကိုအောင်ထက်ပိုင်နဲ့ အသက် ၂၇ နှစ် အရွယ် ကိုဇာနည်မောင် ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ကိုတော့ အခုချိန်ထိ လွှတ်မပေးသေးလို့ မိဘတွေ စိတ်ပူနေပါတယ်။လာဖမ်းချိန်မှာ စစ်သားတွေက အိမ်တံခါးကို ကျော်ဝင်လာပြီး အိမ်ပေါ်မှာ အိမ်သားတွေကို သေနတ်နဲ့ချိန် ဝမ်းလျားမှောက်ခိုင်းထားခဲ့တယ်လို့ သူတို့ ဖခင်က ပြောပါတယ်။

    ဘာကြောင့်လာဖမ်းတာလဲ လို့ မေးမြန်းတဲ့ အခါမှာ သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်တာခံခဲ့ရတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

    ထားဝယ်မှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ဆန္ဒပြလူထုလှုပ်ရှားမှုတွေ အားကောင်းနေဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    သပိတ်စစ်ကြောင်းတွေဟာ ဧပြီလ ၂၉ ရက်‌နေ့မှာလည်းစစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတာတွေကို မနက်ပိုင်း ကနေ နေ့လယ်ပိုင်းအထိ အချိန်အပိုင်းအခြားအလိုက် လုပ်နေကြတာ‌တွေ့ရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

    တပ်ပေါင်းစုပါဝင်တဲ့ သပိတ်စစ်ကြောင်း၊ ထားဝယ်လူငယ်တွေရဲ့ တော်လှန်ရေးသပိတ်စစ်ကြောင်း၊ ထားဝယ်ပင်မ သပိတ်စစ်ကြောင်းနဲ့ အင်ဂျင်နီယာ၊ ပညာရေးဝန်ထမ်းနဲ့၊ တက္ကသိုလ်ကျောင်းသား‌တွေ၊ကျောင်းသားသမဂ္ဂ‌တွေ ပါဝင်တဲ့ စစ်ကြောင်းတွေ ချီတက်ဆန္ဒပြနေကြပါတယ်။

  3. ပိုင်တံခွန်ကို ဒီနေ့ ရုံးထုတ်၊ ကျန်းမာရေးကောင်းမွန်၊ ဘုရားတရားပိုလုပ်ဖြစ်တယ်လို့ ဆို

    နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံရပြီး ဧပြီလ ၇ ရက်နေ့က နေအိမ်မှာဖမ်းဆီးခံခဲ့ရတဲ့ မော်ဒယ် ပိုင်တံခွန်ကို ဒီနေ့ ဧပြီ ၂၉ ရက်မှာ အင်းစိန်ထောင်တွင်း မြောက်ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သူ့ရဲ့ရှေ့နေအဖွဲ့ထံက သိရပါတယ်။

    ဧပြီ ၁၂ ရက်နေ့က ပထမဆုံးရုံးထုတ်ခဲ့ပြီး မြောက်ဒဂုံတရားရုံးမှာ တရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပြီး အမှုနဲ့ပတ်သက်တဲ့ပထမဆုံးရုံးချိန်းကိုတော့ အင်းစိန်ထောင်တွင်းမှာ ဒီနေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ပိုင်တံခွန်ကို မြောက်ဒဂုံမြို့နယ်မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူး ဇော်မင်းအောင်က တရားလိုပြုလုပ်တရားစွဲထားတာဖြစ်ပါတယ်။

    "ကိုယ်ရောစိတ်ပါ ကျန်းမာပါတယ်။ ကျန်းမာရေးကလည်း တော်တော်လေးကောင်းမွန်ပါတယ်။ ရွှင်ရွှင်လန်းလန်းနဲ့တွေ့ရပါတယ်။ သူ့အမေကို ကျန်းမာရေးဂရုစိုက်ဖို့ လို့ မှာပါတယ်။ အပြင်မှာမလုပ်ဖြစ်ခဲ့တဲ့ ဘုရားတရားအလုပ်တွေ ပိုလုပ်ဖြစ်တယ်။ အချင်းချင်းတွေ ဖေးမကူညီစောင့်ရှောက်ကြတယ်။ အပြင်မှာထက် အတွင်းမှာ ပိုစည်းလုံးကြတယ်။ ရှေ့မှာ ပိုကောင်းအောင် ဘာလုပ်မလဲ ကျကျနနတွေးမိတယ်။ ဒါဟာ ဒီကာလမှာ သူရတဲ့အမြတ်တွေပဲလို့လည်း ပြောပါတယ်" လို့ သူ့ရှေ့နေအဖွဲ့ထဲက ဥပဒေအကြံပေးဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်။

    ဒီနေ့ရုံးချိန်းမှာ ပိုင်တံခွန်ဘက်က လိုက်ပါဆောင်ရွက်ဖို့ရှေ့နေ ကိုယ်စားလှယ်လွှဲစာကို တရားရုံးမှာ တင်ခဲ့ပြီး တရားရုံးကလည်း လက်ခံလိုက်တယ်လို့ သိရပါတယ်။

    အမှုသည်နဲ့ လည်း ရှေ့နေတွေ စကားပြောဆိုခွင့်ရခဲ့ပြီး အမှုသည်ထံက ညွှန်ကြားချက် ရယူခဲ့တယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။ ပိုင်တံခွန်အတွက် တရားလွှတ်တော် ရှေ့နေ ဒေါ်ဇင်မာဦးက လိုက်ပါဆောင်ရွက်မှာဖြစ်ပြီး မေ ၁၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

    အဲဒီရုံးချိန်းမှာတော့ မှုခင်းစစ်ဆေးမှုအစီအစဉ် CMP ပြုလုပ်ပြီး အမှုကို ရက်ပေါင်း ၁၇၀ အတွင်းအပြီးစစ်မယ်လို့ တရားသူကြီးက သတ်မှတ်ကြောင်းလည်း ဦးခင်မောင်မြင့်ကပြောပါတယ်။

    ပိုင်တံခွန်ဟာ လက်ရှိအင်းစိန်ထောင်တွင်း သရုပ်ဆောင်ရဲတိုက်၊ မီးရထားဌာနနဲ့ လေကြောင်းဦးစီးဌာနက CDM လုပ်လို့ဖမ်းဆီးခံထားရတဲ့အရာရှိတွေအပါအဝင်ဝန်ထမ်းတွေနဲ့ ကျောင်းသားခေါင်းဆောင် လေးဦးတို့နဲ့အတူ တစ်ဆောင်တည်း နေထိုင်ရတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

  4. သထုံမှာ ကိုဗစ်လူနာ ၄ ဦး တွေ့

    သထုံမှာ ဧပြီလ ၂၉ ရက်နေ့က ကိုဗစ်လူနာ တစ်ဦးနဲ့ ဧပြီလ ၂၇ ရက်နေ့ ကလူ နာ ၃ ဦးပေါင်း ၄ ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရလို့ဆေးရုံကိုပို့ဆောင်ပြီး လိုအပ်တဲ့ ကုသမှုတွေလုပ်ပေးခဲ့ရတယ်လို့ သထုံမြို့ အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။

    မွန်ပြည်နယ် သထုံမြို့ ညောင်လေးပင်ဘုန်းကြီးကျောင်းက သံတော်နှစ်ပါးနဲ့ ဝေယျာဝစ္စ လုပ်ကိုင်ပေးသူ အမျိုးသမီးတစ်ဦးမှာ ဧပြီလ ၂၇ ရက်နေ့က ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိပြီးနောက် ဧပြီလ ၂၉ ရက်နေ့မှာ သူတို့နဲ့ အဆက်အသွယ်ရှိသူ သထုံမှ ရွှေချောင်း ၂ လမ်းက အမျိုးသမီးတစ်ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့လည်း အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။

    မုံရွာမှာလည်းပြီးခဲ့တဲ့ရက်ပိုင်းတွေက ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ ၄ ဦး ရှိခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေး အသင်းကနေ သိရပါတယ်။

  5. မကွေး မိထ္ထီလာ လေတပ်စခန်း ဌာနချုပ်တွေပစ်ခတ်ခံရမှုကို စစ်ကောင်စီအတည်ပြု

    မကွေးနဲ့မိထ္ထီလာ လေတပ်စခန်း ဌာနချုပ်တွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခံရ မှုကို စစ်ကောင်စီဘက်ကအတည်ပြုပြီး မကွေးမှာ အဆောက်အအုံတစ်ခု ထိခိုက်မှုရှိကြောင်းဒီကနေ့ အွန်လိုင်းကတစ်ဆင့်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီဘက်ကပြောသွားခဲ့ပါတယ်။

    ဧပြီ ၂၉ ရက် ဒီကနေ့ မနက် ၃ နာရီမှာ မကွေးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခံရပြီး၊ ယာခင်းထဲ ၃ လုံးကျ လမ်းပေါ်ကို တစ်လုံး ကျရောက်ပြီး၊ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနဲ့ လေတပ် အဆောက်အအုံတစ်ခု အနည်းငယ် ပျက်စီသွားခဲ့တယ်လို့လည်း သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

    မိထ္ထီလာမှာတော့ လေဆိပ်အနီး သပြေစန်းတောင်ရွာနဲ့ စမ်းကန်ရွာအကြား ယာတောထဲက ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး မနက် ၅ နာရီနဲ့ ၉ နာရီ ကြားမှာ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ လေယာဉ်ပြေးလမ်း မြောက်ဘက်ထိပ် ယာခင်းထဲသို့ ကျရောက်ပြီးလူနဲ့အဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သူများကို လိုက်ရှာနေကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

    ဧပြီလ ၂၉ ရက်နေ့လယ်ပိုင်းကစပြီး မိထ္ထီလာမြို့ အဝင်အထွက်လမ်းတွေကို ပိတ်ထားတယ်လို့ မိထ္ထီလာဒေသခံတစ်ဦးကပြောပါတယ်။

  6. မော်လမြိုင်မှာ‌ ဘဏ်ကငွေထုတ်မဲ့ လူတန်းကို ရဲကသေနတ်ဖောက် ခြိမ်းခြောက်

    မော်လမြိုင်မြို့ Ocean စျေးဝယ်စင်တာမှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘောဇဘဏ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတစ်ဦးက ဧပြီလ မနက် ၁၁ နာရီဝန်းကျင်မှာ ငွေထုတ်ဖို့ တန်းစီနေတဲ့ လူတွေကို ထိန်းဖို့ အတွက်သေနတ်ပစ်ဖောက်ခဲ့တယ်လို့ မော်လမြိုင်အခြေစိုက် သံလွင်တိုမ်းသတင်းဌာန ကဖော်ပြပါတယ်။

    ငွေထုတ်ဖို့ တန်းစီနေသူတွေနဲ့ ဘဏ်ရှေ့မှာ လူတန်းရှည်ကြီးဖြစ်နေပြီး တော့ ပြောလို့မရရင် ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း မြို့တွေက ရိုက်ကူးထားတဲ့ရုပ်သံတွေမှာလည်း တွေ့ရပါတယ်။

    အခလို တန်းနေတဲ့ လူတွေကိုသေနတ်ပစ်ဖောက်ပြီးခြောက်လှန့်ပေမဲ့ ငွေထုတ်ဖို့စောင့်နေတဲ့လူအုပ်က လူဦးရေ လျော့မသွားဘဲ ပိုပြီးများလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ရန်ကုန်မှာလည်း ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်းက မြန်မာစီးပွားရေးဘဏ်အချို့မှာ ပင်စင်လာထုတ်တဲ့ ပင်စင်စားတွေကို ပင်စင်လစာမပေးနိုင်ဘဲ မေလလယ်ပိုင်းကိုပြန်လည်ချိန်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။

    အခုရက်ပိုင်း ဘဏ်တွေမှာ ငွေထုတ်ယူရာမှာ စာအုပ်တစ်အုပ်ကို တစ်ပတ် ငွေ ငါးသိန်းခန့်သာ ထုတ်ယူနိုင်သလို အေတီအမ်စက်တွေကလည်း တစ်ဦးကို ကျပ်နှစ်သိန်းခန့်သာ ထုတ်နိုင်တဲ့ အခြေအနေ ရောက်နေတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

    ဘဏ်တွေမှာ ငွေထုတ်ယူလို့ရဖို့အတွက် လူတွေဟာ မနက် ၄ နာရီကတည်းက လာရောက်တန်းစီနေကြရတာလည်းဖြစ်ပါတယ်။

  7. ရန်ကုန်လမ်းမပေါ်က အေတီအမ်တိုက်ပွဲများ

    စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေကို မြို့လယ်ခေါင်အပါအဝင်ရန်ကုန်တမြို့လုံးနီးပါးမှာလူစုလို့မရအောင် စစ်ကောင်စီက အင်အားသုံးပစ်ခတ်နှိမ်နင်းထားတာပါ။ဒါပေမဲ့ ရန်ကုန်မြို့လယ်ခေါင်အပါအဝင် မြို့ရဲ့နေရာတချို့မှာတော့ လူစုလူဝေးနဲ့ တန်းစီစောင့်ဆိုင်းနေတဲ့လူအုပ်ကြီးတွေက သင်္ကြန်မတိုင်ခင်ကစလို့ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်မှာ နေရာယူလာပါတယ်။

    ဒီလူတွေဟာ မိမိတို့ပိုင်ဆိုင်တဲ့ငွေကို အေတီအမ်စက်ထဲကနေ ပြန်ထုတ်ဖို့အတွက် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေကြသူတွေဖြစ်ပါတယ်။

    လူပုဂ္ဂိုလ်တွေ ကိုယ့်ဘဏ်ထဲမှာ အပ်ထားတဲ့ ငွေထုတ်ယူတဲ့အခါ အေတီအမ်ကနေ ငွေသားထုတ်ယူမှုကို တစ်ရက်ကို အများဆုံးကျပ် ၅ သိန်းနဲ့ ၊ ဘဏ်ကိုသွားပြီး ကိုယ့်ရဲ့ ဘဏ်စာရင်းတွေက ငွေထုတ်မယ်ဆိုရင်တော့ လူတစ်ဦးကို တစ်ပတ် အများဆုံး ကျပ် သိန်း ၂၀ အထိသာ ထုတ်ခွင့်ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ကနေ မတ်လ ၁ ရက်နေ့က စတင်ပြီး ကန့်သတ်ခဲ့ပါတယ်။

    စီးပွားရေး ကုမ္ပဏီတွေ၊ စီးပွားရေးဆိုင်ရာ အဖွဲ့ အစည်းတွေကိုတော့ သီတင်းပတ် တစ်ပတ်မှာ အများဆုံးကျပ် သိန်း ၂၀၀ အထိ ထုတ်ယူနိုင်ကြောင်း ကန့်သတ်ခဲ့ပါတယ်။

    ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေဖို့အတွက် ဘဏ်တွေအနေနဲ့ မတ်လ ၁ ရက်နေ့က စတင်ပြီး လိုက်နာဆောင်ရွက်သွားဖို့ ဗဟိုဘဏ်ကနေ ညွှန်ကြားချက်ထုတ်တဲ့အထဲမှာ ပါပါတယ်။

    ဘဏ်မှာစာအုပ်နဲ့ငွေထုတ်ဖို့ ဘဏ်တွေက ထုတ်ပေးတဲ့ တိုကင်တွေရအောင် မာရှယ်လောအချိန် ဖြစ်တဲ့ မနက် လေးနာရီမတိုင်ခင် သက်စွန့်ဆံဖျား စွန့်စားပြီး ထွက်လာတန်းစီသူတွေလည်း ရှိနေသလို ငွေလာဖြည့်တယ်လို့ သတင်းကြားတဲ့အေတီအမ်စက်တွေရှေ့ မနက်မိုးမလင်းခင်တည်းက ရာနဲ့ချီစောင့်ဆိုင်းနေသူတွေလည်း ရှိနေပါတယ်။

    "နေ့တိုင်း ကိုယ့်ပိုက်ဆံကို ကိုယ် ဒီလို ဒုက္ခခံပြီးထုတ်နေရတာ။ နေကပူ၊ လူတွေကလည်းအရမ်းများတော့ တစ်နေကုန်တန်းစီရတာ နေပူမိ၊ ခေါင်းတွေကိုက် ၊ ခြေတွေတောင့်နေတာပဲ။ ခု ကိုဗစ်တွေကလည်း ပြန်ဖြစ်နေတော့ လူစုလူဝေးတွေနဲ့ ခုလိုတန်းစီနေရင်းနဲ့ ကိုဗစ်တွေ ပြန်ဖြစ်နေတော့ ကိုဗစ်များကူးလာမလား။ သောကတွေနဲ့ တကယ့်ကိုစိတ်ဒုက္ခရောက်ရတယ်။ ဒီကိစ္စကလည်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကြုံရတဲ့အထဲက တိုက်ပွဲတစ်ခုပဲ" လို့ ရန်ကုန်မြို့က အေတီအမ်စက်တွေမှာ တန်းစီငွေထုတ်သူတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က မေလ ၃ ရက်က စလို့ အကောင့်သစ်ဖွင့်တဲ့သူတွေအနေနဲ့ အကန့်အသတ်မရှိ ငွေထုတ်ယူခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါက လက်ရှိကြုံနေရတဲ့ ငွေကြေးထုတ်ယူတဲ့အခက်အခဲကို ဘယ်လောက်ထိ လက်တွေ့ကျကျ ဖြေရှင်းနိုင်မလဲဆိုတာလည်း မေးခွန်းတွေက ရှိနေဆဲဖြစ်ပါတယ်။

  8. မြန်မာ့စီးပွားရေးဘဏ် ဧပြီလ ပင်စင်မထုတ်ပေးနိုင်ဘဲ နှစ်ပတ်ခွာချိန်း

    ပင်စင်စားအများစုနေထိုင်တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက မြန်မာစီးပွားရေးဘဏ်ဟာ ဧပြီလ ၂၉ ရက်နေ့ ပင်စင်လစာ လာထုတ်တဲ့ဝန်ထမ်းတွေကို ပင်စင်လစာ ထုတ်မပေးနိုင်ဘဲ နှစ်ပတ်ခွာပြီး မေလ ၁၇ ရက်မှ ငွေလာထုတ်ဖို့ ပြန်ပြီးချိန်းဆိုခဲ့တယ်လို့ ကိုယ်တွေ့သွားထုတ်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် ဘဏ်ငွေစုစာအုပ်က ငွေထုတ်မယ့် သူအတွက်လည်း တိုကင်ယူရပြီး ဒီနေ့တိုကင်ရသူတွေကို မေလ ၁၀ရက်မှ လာထုတ်ခိုင်းကြောင်းလည်း သူကပြောပါတယ်။

    တိုကင်ပေးပြီးနောက်မှာ ဘဏ်စာအုပ်တွေကိုပါ သိမ်းထားတယ်လို့ လည်းသူတို့က ပြောပါတယ်။

    အခုလို မြန်မာ့စီးပွားရေးဘဏ်က ပင်စင်စားတွေကို ငွေထုတ်မပေးနိုင်တာမျိုးအရင်အစိုးရတွေ လက်ထက် ခေတ်အဆက်ဆက် မကြုံဖူးဘူးလို့လည်းပင်စင်စားတစ်ဦးကပြောပါတယ်။

  9. ကွတ်ခိုင်က စစ်အာဏာသိမ်းဆန့်ကျင်တဲ့ လူမျိုးပေါင်းစုံတော်လှန်သပိတ်

  10. CDM ဝန်ထမ်းတွေကို ပုံမှန်လစာပေးဖို့ NUG စီစဉ်နေ

    ရုံးမတက်ရေးအာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတွေကို မူရင်းလစာအတိုင်း ပုံမှန်ပေးဖို့ ဘတ်ဂျတ်ရေးဆွဲနေတယ်လို့ NUG အစိုးရရဲ့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ဝန်ကြီးဌာနအသီးသီးကို ဖွဲ့စည်းပြီးနောက်ဘတ်ဂျတ်လျာထားချက်တွေကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ဦးဆောင်ရေးဆွဲနေပြီး အဲဒီဘတ်ဂျတ်လျာထားချက်ထဲမှာ CDM ဝန်ထမ်းတွေကို လစာပုံမှန်ပေးဖို့အစီအစဉ်လည်းပါဝင်တယ်လို့ ဆိုပါတယ်။

  11. မကွေးနဲ့မိထ္ထီလာလေတပ်စခန်းတွေ ပစ်ခတ်ခံရ

    မကွေးနဲ့ မိထ္ထီလာအခြေစိုက် လေတပ်စခန်းတွေကို ဒီနေ့ ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ ပစ်ခတ်ခံရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြနေပါတယ်။

    ဒီနေ့မနက်အစောပိုင်းမှာ အဲဒီလေတပ်စခန်းနှစ်ခု ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုမသိရသေးသလို ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းဖို့လည်း ဘီဘီစီက ကြိုးပမ်းနေပါတယ်။

    လက်ရှိမှာ ပစ်ခတ်ခံရတဲ့ မကွေးလေတပ်စခန်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

    မိထ္ထီလာမှာလည်း လေတပ်စခန်းကို ပစ်ခတ်ခံရတာအပြင် ဌာနဆိုင်ရာရုံးတချိုကမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

    လူမှုကွန်ရက်မှာတော့ လေတပ်စခန်းတွေကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်နေပြီး ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက်တော့မရရှိသေးပါဘူး။

  12. KNU သိမ်းလိုက်တဲ့ စစ်ကောင်စီ စခန်းက စစ်သား တချို့ ထွက်ပြေးနေ

    ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA) ရဲ့ တပ်မဟာ (၅) က ပြီးခဲ့တဲ့ ဧပြီ ၂၇ မနက်ပိုင်းက သိမ်းပိုက်ခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ် မူတြော်ခရိုင် ထဲက တပ်စခန်း တစ်ခုက စစ်ကောင်စီ တပ်သားတချို့ဟာ ထွက်ပြေးနေပြီး ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင် ခရိုင် ဘက်ကို ရောက်လာတဲ့ စစ်သား ၃ ဦး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဧပြီ ၂၈ ညက အဲဒီ ၃ ဦးကို ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ နယ်စပ် မြစ်တလျှောက် စစ်ကောင်စီ တပ်စခန်းက ပြေးလာတဲ့ အခြား စစ်ကောင်စီ တပ်သား တချို့လည်း ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းမှာတော့ KNU တပ်သား တချို့ မြစ်ထဲမှာ လှုပ်ရှားနေတာကို မြင်တွေ့ရပါတယ်။

  13. လှိုင်သာယာ အမှတ် ၁၆ ရပ်ကွက်ရုံးမှာ ဗုံးပေါက်

    ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ထဲက အမှတ် ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ဧပြီလ ၂၉ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တာကြောင့် လူတစ်ဦး ဒဏ်ရာရသွားတယ်လို့ ရပ်ကွက်မှာနေသူတွေက ဘီဘီစီကို ပြောပါတယ်။

    ဗုံးပေါက်တာဟာ မနက် ၅ နာရီဝန်းကျင်မှာဖြစ်ခဲ့တာဖြစ်ပြီး ဗုံးပေါက်ချိန် ရုံးမှာရှိနေတဲ့ ဆယ်အိမ်မှူးတစ်ဦး လက်တစ်ဖက် ထိသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

    'အုန်းကနဲ့ အသံကြားလိုက်ရတယ်။ ဆိုင်ကယ်နဲ့လာပစ်ပြီး ပြေးသွားကြတယ်လို့တော့ ပြောသံကြားတယ်။ ခုမနက်ပိုင်း ၇ နာရီလောက် ရောက်သွားကြည့်တော့ ရပ်ကွက်ရုံးကို ထိထားတာလည်းတွေ့ရတယ်။ အခုတော့ စစ်သားတွေ၊ ရဲတွေ ရှိနေတာမြင်ရတယ်။ ဒီကိစ္စကြောင့် ကိုယ်တွေရပ်ကွက်ထဲ ဝင်မွှေကြဦးမလား စိုးရိမ်မိတယ်' လို့ ရပ်ကွက်ထဲနေထိုင်သူတစ်ဦးက ပြောပါတယ်။

    အမှတ် ၁၆ ရပ်ကွက်မှာ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ် ရေးမှူး တာဝန်ယူနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း လမ်းမှူးတချို့က လျှပ်စစ်မီတာခတွေ ဆောင်ဖို့ ဆော်သြတာတွေရှိခဲ့ပါတယ်။

  14. ဘဏ်တွေ တိုကင်တွေနဲ့ အေတီအမ် အနီးက လူတန်းရှည်ကြီးများ

  15. ထိုင်း-မြန်မာ နယ်စပ်မှာ တပ်မတော်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်

    ထိုင်း-မြန်မာ နယ်စပ် မူတြော်ခရိုင်ထဲမှာ တပ်မတော်က လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက် လုပ်နေပြီး ဒေသခံတွေလည်း ထိုင်းဘက်ခြမ်းကို ထွက်ပြေးနေရသလို ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင် ခရိုင် နယ်စပ်ကလူတွေလည်း အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေရပါတယ်။

    ထိုင်း-မြန်မာ နယ်စပ်က နောက်ဆုံး အခြေအနေတွေကို ကိုငြိမ်းချမ်းအေး က ပြောပြမှာပါ။

  16. မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မတရားအသင်းဆက်နွှယ်မှုအပါအဝင် ပုဒ်မများစွာနဲ့ အရေးယူမယ်လို့ ကြေညာ

    မုံရွာမြို့မှာ ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြနေစဥ် ဧပြီ ၁၅ သင်္ကြန်အကြတ်နေ့မှာ ကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို သူ့ရဲ့ ထွက်ဆိုချက်တွေအရ မတရားအသင်း ဆက်နွှယ်မှု အပါအဝင် ရာဇဝတ်မှု ပုဒ်မတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီမီဒီယာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ကြေညာပါတယ်။

    ဖမ်းဆီးခံထားရတဲ့ ကိုဝေမိုးနိုင်ရဲ့ ထွက်ဆိုချက်တွေအရ ရာဇသတ်ကြီးပုဒ်မ၁၇-၁၊ ၁၂၄ ၊၅၁၁ တို့နဲ့ ထိရောက်စွာ ဆက်လက်အရေးယူနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပြီး သူနဲ့အတူ “ဆူပူအကြမ်းဖက်မှုများမှာ ပါဝင်တဲ့ဆက်စပ်တရားခံ ၂၃ဦး ” ကိုလည်း အရေးယူနိုင်ဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

    စစ်အာဏာသိမ်း ဆန့်ကျင်မှုကို နေ့စဥ် တက်တက်ကြွကြွ ဦးဆောင် ဆန္ဒပြခဲ့တဲ့ ကိုဝေမိုးနိုင်ကို ဖေဖော်ဝါရီနဲ့ မတ်လ တို့မှာ မုံရွာမြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၅ အပါအဝင် ရာဇသတ်ကြီးပုဒ်မ ၁၁၄၊ ၃၀၂၊ ၃၂၅၊ ၃၄၂၊ ၃၉၅၊ ၅၀၅-က တို့နဲ့ အမှုဖွင့်ထားတယ်လို့လည်း အဲဒီသတင်းက ဆိုပါတယ်။

    အဲဒီ သတင်းအရ သူ့ကို စုစုပေါင်း ပုဒ်မ ၁၀ ခုနဲ့ အရေးယူထားတာကို သိရပါတယ်။

    သူဟာ မတရားအသင်းကြေညာထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ဆက်သွယ်တာ၊ မုံရွာမြို့မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်တာ၊ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်မှုနဲ့ ဆက်နွှယ်နေတာတွေကိုလည်း လုပ်ခဲ့တယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

    သူဟာ ဖမ်းဝရမ်းထုတ်ထားတဲ့ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်တို့ရဲ့ညွှန်ကြားချက်အရ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းပေးခဲ့တယ်၊ လုံခြုံရေးတပ်ဖွဲ့ကိုတိုက်ဖို့ မတ်လ၄ရက်မှာ Defense team ကို အဖွဲ့ဝင် ၁၅၀ နဲ့ ဖွဲ့စည်းတာတွေကို လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင်ဆူပူ ဆန္ဒပြတာ၊ စီဒီအမ်လုပ်ဖို့ အကြပ်ကိုင်တာ၊ social punishment အကြိမ်ကြိမ်လုပ်တာ၊ မုံရွာလူထုသပိတ်တိုက်ပွဲဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ အလှူငွေကောက်ခံပြီး အလှူငွေကျပ်သိန်း ၃၁၀ ကို ရခဲ့ရာက အဲဒီငွေတွေနဲ့ အသံမိုင်း၊ လက်လုပ်ဗုံး၊ ဂက်စ်သေနတ်လို လက်နက် ကိရိယာတွေ ဝယ်တာ၊ တိုက်ခိုက်ရေးသင်ကြားမှု၊ လူ ၄၅ ဦးကို KIA ၊ KNU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကို စေလွှတ်ခဲ့တာ၊ မုံရွာမြို့ထဲမှာ လက်လုပ်ဗုံးနဲ့ ပစ်ခတ်မှုတွေနဲ့ ဆက်နွှယ်နေတာ စတဲ့ “တည်ဆဲအစိုးရအပေါ်ပုန်ကန်ထကြွနိုင်စေရေး ပါဝင်ဆောင်ရွက်ခဲ့တယ်” လို့ အဲဒီသတင်းမှာ စွပ်စွဲဖော်ပြထားတာ တွေ့ရပါတယ်။

    အမှုပေါင်းများစွာနဲ့ အရေးယူမယ်လို့ ကြေညာခံရတဲ့ ကိုဝေမိုးနိုင် စတင် ဖမ်းဆီးခံရချိန်က ပြင်းပြင်းထန်ထန်ရိုက်နှက်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြားပြီး အဖမ်းခံရပြီးနောက်တစ်ရက်မှာ ဖူးယောင်ဒဏ်ရာတွေနဲ့ကိုဝေမိုးနိုင်ရဲ့ဓာတ်ပုံတစ်ပုံလူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

  17. မန္တလေးဆန္ဒပြစစ်ကြောင်းကို ကားနဲ့ဝင်တိုက်ဖြိုခွဲပြီး ဖမ်းဆီး

    မန္တလေးမြို့ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ‌ သပိတ်စစ်ကြောင်းတခုကို စစ်ကောင်စီတပ်က စစ်ကားနဲ့ဝင်တိုက်ပြီး ဖြိုခွဲရာ ၇ ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    "စစ်ကားတွေလာတော့ ခွဲ၊ ခွဲဆိုပြီး ကြုံရာပြေးကြတာ။ မျက်စိရှေ့ထိပ်တိုက် ဖြစ်တော့ ကိုယ်တိုင်လှည့်ပြေးရတာ။ ခုနစ်ယောက်က ပြေးနေရင်း အဖမ်းခံရတာ။ ကောင်လေးတွေကို ဒူးထောက်ခိုင်းပြီး သေနတ်ဒင်တွေနဲ့ ထုတာ။ သူတို့ကို ဆူဇူကီးကား အနီရောင်ပေါ် တင်သွားတာ။ တိုက်တာက စစ်ကားနဲ့" လို့ မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။

    ရတနာပုံ တက္ကသိုလ် နဲ့ မန္တလာ တက္ကသိုလ် ကျောင်းသား သပိတ် စစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီနေ့ နေ့လယ်ပိုင်း အောင်ပင်လယ်ရပ်ကွက် ၁၀၄လမ်း မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြတာဖြစ်ပါတယ်။ သပိတ်ကို စစ်ကားနဲ့တိုက်ဖြိုခွင်းခံရပေမယ့် ထိခိုက်ဒဏ်ရာရသူ အရေတွက်တော့ မသိရပါဘူး။ ဖမ်းဆီးသွားသူတွေကို အောင်ပင်လယ်ရဲစခန်းမှာ ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  18. တီးတိန်မှာ မနေ့ညက လူငယ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

    ချင်းပြည်နယ် တီးတိန်မြို့မှာ မနေ့ညက အသံဗုံးလို့ ယူဆရတဲ့ ပေါက်ကွဲသံ တချို့ ကြားရအပြီး ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မနေ့ည ၈ နာရီ ကနေ ၁၀ ဝန်းကျင်လောက်မှာ ပေါက်ကွဲသံသုံးခုကို မြို့ခံတွေ ကြားခဲ့ရပါတယ်။

    မြို့မရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ် နာရီစင်အနီးမှာ ပေါက်ကွဲသံကို စကြားရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့တွေ မြို့ထဲမှာ လှည်လည် စစ်ဆေးနေရင်း ဆိုင်ကယ်မရပ်ပေးသူတစ်ဦးနောက်ကို လိုက်ရာက အခု သေဆုံးသွားသူ အသက် ၂၂ နှစ် အမျိုးသား ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ပေါက်ကွဲသံ သုံးခုမှာ ည ၁၀ နာရီ ဝန်းကျင်မှာ ကြားရတဲ့ တတိယ ပေါက်ကွဲသံက သူ့ကို ပစ်ခတ်ခဲ့တဲ့ အသံဖြစ်တယ်လို့ ယူဆရကြောင်း မြို့ခံက ပြောပါတယ်။

    သူက ဓာတ်ဆီဆိုင်မှာ ညအိပ်ဖို့ ဆိုင်ကယ်နဲ့ သွားရောက်စဥ် အခုလို ပစ်ခတ်ခံရတယ်လို့ ဆိုပါတယ်။ သူရဲ့ အလောင်းကို ထုတ်ယူလို့မရသေးကြောင်းနဲ့ တီးတန် ပြည်သူ့ဆေးရုံမှာ ထားရှိထားကြောင်း အဲဒီမြို့ခံက ပြောပါတယ်။

  19. မန္တလေးဈေးတချို့မှာ စည်ပင်နဲ့တပ်ပေါင်းပြီး ဈေးခွန်ကောက်နေ

    မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်ထဲက ဈေးတချို့မှာ စည်ပင်နဲ့ စစ်တပ်ကလူတွေ ပူးပေါင်းပြီး ဈေးခွန်ကောက်နေလို့ ဈေးသည်တွေက ဘီဘီစီကို ပြောလာပါတယ်။

    "သားငါးတန်းဘက် သေနတ်တွေနဲ့ချိန်ပြီး ကောက်တာ။ သုံးလစာတောင်းတာ။ အရောင်းဝယ်မကောင်းလို့ ဆောင်စရာ ပိုက်ဆံမရှိဘူးလေ။ သေနတ်တွေချိန်ထားတော့ တလစာ နှစ်သောင်းပေးလိုက်ရတယ်။ ဆိုင်တိုင်းပါသွားတာ"လို့ ချမ်းမြသာစည်မြို့နယ်ထဲက ဈေးသည်တစ်ဦးက ပြောပါတယ်။

    ပျံကျ‌ဈေးဆိုင်တစ်ဆိုင်ကို ကျပ် ၃၀၀၊ ၅၀၀ ပေးဆောင်ခိုင်းပြီး ဆိုင်ခန်း အတည်ပြုဈေးတစ်ဆိုင်ကို တစ်လစာ ကျပ်ငွေ နှစ်သောင်း ဈေးကောက်အခွန်အနေနဲ့ ကောက်နေတာလို့ ဈေးသည်တွေက ပြောပါတယ်။

    ဈေးတာဝန်ကျ စည်ပင်ဝန်ထမ်းနဲ့ စစ်ကောင်စီတပ်ကအနည်းဆုံးလူ လေးယောက်ပါတယ်လို့လည်း ဈေးသည်တွေကပြောပါတယ်။

    "ဈေးသည်တွေက ကျမတို့အစိုးရမှ အခွန်ရော ဒဏ်ကြေးပါဆောင်မယ်လို့ပြောထားတာ။ ဒါကို တာဝန်ခံကမကျေနပ်ဘူး နေမှာ။ သူတို့အဖော်တွေနဲ့ လာကောက်ကြတာလေ။ မပေးရင် ပစ္စည်းတွေ ယူမလား။ ဆိုင်ကိုဖျက်ဆီးမလားဆိုပြီး လန့်နေရတာ"လို့ ဘုရားကြီးဈေးသည် တဦးကပြောပါတယ်။

    မေလ ၁ရက်ကစလို့ ဈေးကောက်တွေနဲ့ အခွန်တွေကောက်ယူဖို့မန္တလေးတိုင်းရုံးမှာ တိုင်းစစ်ကောင်စီနဲ့စည်ပင်သာယာအဖွဲ့တို့ ဧပြီ ၂၆ရက်က အစည်းဝေးလုပ်ခဲ့ပါတယ်။

    အခွန်တွေလိုက်ကောက်ရာမှာ လုံခြုံရေးတွေပါ ထည့်ပေးမှာဖြစ်လို့ မဖြစ်မနေ အခွန်လိုက်ကောက်ရမယ်လို့ သိထားကြောင်း မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက စည်ပင်ဝန်ထမ်းတဦးက ပြောတာကို ကိုးကားပြီး ဈေးသည်တချို့ကပြောပါတယ်။

    လုံခြုံရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘယ်လိုပုံစံမျိုးနဲ့ လိုက်ပါမယ်ဆိုတာ အတည်ပြုချက် မရရှိပါဘူး။