မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့
ပဋိပက္ခ အကြပ်အတည်းကြောင့် အိမ်နီးချင်းနိုင်ငံတွေထဲ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်
ဝင်လာတာမျိုး၊ ဒါမှမဟုတ် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်မယ့် အန္တရာယ်မျိုးတွေ ရှိနေတာတောင်မှ
အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနေနဲ့ မြန်မာ့အရေး အထူးဆွေးနွေးပွဲတစ်ခု ကျင်းပသင့် မသင့်ဆိုတာနဲ့
ပတ်သက်လို့ သဘောမတူနိုင် ဖြစ်နေခဲ့ကြတာပါ။
မြန်မာစစ်ခေါင်းဆောင်တွေအပေါ်
အရေးယူချင်တဲ့ နိုင်ငံတွေနဲ့ အရေးမယူချင်တဲ့ နိုင်ငံတွေဆိုပြီး နှစ်ပိုင်း ကွဲနေကြတာ
သိသာပေါ်လွင်နေပါတယ်။
အထူးသဖြင့် နိုင်ငံ
၄ နိုင်ငံကတော့ မြန်မာ့အရေးမှာ ကြားဝင်ဆောင်ရွက်ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေကြပါတယ်။
မတ်လ ၃၁ ရက်နေ့မှာ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ
တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြပြီး အဲဒီမှာ တရုတ်အစိုးရနဲ့ မြန်မာနိုင်ငံအရေးကို ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့
ယူဆရပါတယ်။
မြန်မာနိုင်ငံအရေးနဲ့
ပတ်သက်လို့ စိုးရိမ်မိကြောင်း ဖော်ပြထားတဲ့ ပူးတွဲကြေညာချက်ကို ရေးဆွဲရာမှာ အာဆီယံရဲ့
လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။
မလေးရှားနိုင်ငံကလည်း
အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘူး ဆိုပြီး အထင်အရှား ငြင်းဆန်ထားပါတယ်။
မလေးရှားအစိုးရ ထုတ်ပြန်တဲ့
ကြေညာချက်တွေထဲမှာ အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ စစ်အာဏာပိုင်တွေလို့ ခေါ်ဝေါ်သုံးနှုန်းထားပြီး
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရာမှာတော့ စစ်အာဏာ မသိမ်းခင်က ရာထူးအတိုင်း
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လို့ ဖော်ညွှန်းထားတာ တွေ့ရပါတယ်။
စင်္ကာပူဝန်ကြီးချုပ်
လီရှန်လွန်းကလည်း အာဏာသိမ်း စစ်ကောင်စီက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ဖြိုခွဲနေတာဟာ
လက်ခံနိုင်စရာ လုံးဝမရှိဘူးလို့ ပြောခဲ့တယ်။
ဒါပေမဲ့ တချို့နိုင်ငံတွေကတော့
သိသိသာသာကို ရေငုံနှုတ်ပိတ် နေနေခဲ့ကြပါတယ်။ အာဆီယံရဲ့ ဘယ်လို ကြားဝင်ဆောင်ရွက်မှုမျိုးကိုမဆို
မြန်မာစစ်ခေါင်းဆောင်တွေဘက်က လက်မခံဘူးဆိုတာ ထင်ရှားနေပေမဲ့ အဲဒီ ကမ္ဘောဒီးယား၊ လာအို၊
ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေရဲ့ ရပ်တည်ချက် သဘောထားပေါ်မှာတော့ မေးခွန်းထုတ်စရာတွေ
ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
အထူးသဖြင့် ထိုင်းနဲ့
ဗီယက်နမ်နိုင်ငံတွေအပေါ် အဓိက အာရုံထား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အာဆီယံတွင်း တူညီတဲ့
ဘုံရပ်တည်ချက်တစ်ခုရရေး နှောင့်နှေးနေရတာဟာ ဒီနှစ်နိုင်ငံကြောင့်ဆိုပြီး သံတမန်တွေက
ပြစ်တင် ပြောဆိုနေကြတယ်လို့ အရှေ့တောင်အာရှရေးရာ လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။