ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အမျိုးသမီးတွေ ဦးဆောင်တဲ့ ညောင်ရွှေ ညနေခင်း ဆိုင်ကယ်သပိတ်

  2. ဘယ်လ်ဂျီယံနိုင်ငံ အန်းထွပ်မြို့က ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး မြင်ကွင်း

    ဘယ်လ်ဂျီယံနိုင်ငံ အန်းထွပ်မြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး မြင်ကွင်း

  3. AAPP ကို စစ်ကောင်စီခြိမ်းခြောက်မှု HRW ကန့်ကွက်

    မြန်မာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကို ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီး မြန်မာ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်နေတာကို ချက်ချင်းရပ်ဆိုင်းဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ကန့်ကွက်လိုက်ပါတယ်။

    AAPP ဟာ တရားဝင် မှတ်ပုံမတင်တဲ့အတွက် တရားမဝင် လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ဟာ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ အထိတ်တလန့် ဖြစ်စေတယ်လို့ စစ်ကောင်စီ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာ စွပ်စွဲခဲ့တာဖြစ်ပါတယ်။

    ဒါ့အပြင် AAPP ဟာ ဆူပူမှုတွေ ဖြစ်အောင်လည်း လှုံ့ဆော်နေတဲ့အတွက် နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်နေတာဖြစ်လို့ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။

    စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့မှာ အာဆီယံ မြန်မာ့အရေး အစည်းအဝေး တက်ခဲ့တဲ့အချိန်က အစည်းအဝေးမှာ ပြောဆိုဖို့ ယူလာတဲ့ စာမျက်နှာ ၁၁၅ မျက်နှာရှိတဲ့ စာရွက်စာတမ်းထဲမှာ AAPP နဲ့ ပတ်သက်တဲ့ ပြောဆိုချက်တွေ ပါဝင်ခဲ့ပြီး ဒါကို HRW က ရရှိခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံအတွင်း စစ်ကောင်စီကြောင့် နေ့စဉ် သေဆုံးသူ၊ ဖမ်းဆီးခံရသူနဲ့ ပျောက်ဆုံးသွားသူတွေနဲ့ ပတ်သက်လို့ နေ့စဉ် နောက်ဆုံးရ အချက်အလက်တွေကို AAPP က ထုတ်ပြန်နေရာမှာ ဒါကို နိုင်ငံတကာ သတင်းဌာနတွေနဲ့ သံအမတ်တွေက ကိုးကားပြောဆိုမှုတွေ ရှိနေပေမယ့် AAPP ဟာ သတင်းမှားတွေကို အခြေခံပြီး ထုတ်ပြန်နေတာသာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သက်သေပြခြင်း မရှိဘဲ ပြောဆိုခဲ့တယ်လို့ HRW ကပြောပါတယ်။

    ဒီလို အချက်အလက်တွေနဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်းက အစိုးရသတင်းစာတွေမှာ သေဆုံးဒဏ်ရာရ စာရင်းတွေကို စစ်ကောင်စီက ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

    လောလောဆယ်မှာ AAPP စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ရန်ကုန်မြို့မှာရှိတဲ့ ရုံးကို ပိတ်ထားရပြီး အဖွဲ့ဝင်တွေအနေနဲ့လည်း ပုန်းရှောင်နေတဲ့ နေရာတွေကနေ အလုပ်လုပ်နေရတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီဟာ AAPP ကိုသာမက ပြည်တွင်း သတင်းဌာနတွေနဲ့တကွ သတင်းထောက်တွေကို ပိတ်ပင်တားဆီးမှုနဲ့ ဖမ်းဆီးမှုတွေလည်း ပြုလုပ်နေပြီး စစ်ကောင်စီက ဖမ်းဆီးထားတဲ့အထဲမှာ သတင်းသမား ၄၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

    AAPPနဲ့တကွ လွတ်လပ်တဲ့ ပြည်တွင်း သတင်းဌာနတွေလို အဖွဲ့အစည်းမျိုးတွေဟာ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေ ဖော်ထုတ် တာဝန်ခံစေရေးမှာ အရေးပါတဲ့အတွက် သူတို့ လုပ်နေတဲ့ အလုပ်တွေ ဆက်လုပ်နိုင်ဖို့ အရေးကြီးပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ယိုယွင်း ဆုံးရှုံးလာမှုတွေကို စိုးရိမ်တဲ့ နိုင်ငံတွေအနေနဲ့ ဒီအဖွဲ့အစည်းတွေနဲ့ အဖွဲ့ဝင်တွေကို လူသိထင်ရှား ကူညီထောက်ပံ့ ပေးသင့်တယ်လို့လည်း HRW ရဲ့ အာရှရေးရာ ဒုတိယ ဒါရိုက်တာ ဖီးလ် ရောဘတ်ဆင်က ပြောပါတယ်။

  4. သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး မြင်ကွင်း

  5. မြန်မာ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအတွက် ကုလတက္ကသိုလ်ရှေ့က ဆန္ဒပြပွဲ

    ဂျပန်ရောက် ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ဗမာစတဲ့တိုင်းရင်းသားတွေပါဝင်တဲ့ လူပေါင်း ၃၀၀ ကျော်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးဆန္ဒပြပွဲတစ်ခုကို ဂျပန်နိုင်ငံမြို့တော်တိုကျိုမြို့မှာ ဒီနေ့ မေလ ၁ ရက်မှာ ပြုလုပ်သွားပါတယ်။

    ဒီဆန္ဒပြပွဲကို တိုကျိုမြို့ ရှိဘုယအရပ်က ကုလသမဂ္ဂတက္ကသိုလ်(United Nations University) ရှေ့မှာ ပြုလုပ်ခဲ့တာပါ။

    ဆန္ဒပြပွဲမှာ မြန်မာပြည်ဖွားတွေအပြင် ဗီယက်နမ်စစ်ပွဲပြီးဆုံးရေး၊ နျူကလီးယားလက်နက်ချုပ်ငြိမ်းရေးတို့အတွက် ဆန္ဒပြခဲ့ဖူးသူ အသက် ၆၀ ကျော်အရွယ် ဂျပန်လူမျိုးတွေလည်း ပါဝင်ပါတယ်။

    စစ်တပ်ရဲ့အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ဆန္ဒပြခဲ့ကြသလို ဂျပန်အစိုးရအနေနဲ့ စစ်တပ်နဲ့စီးပွားရေးဆက်မလုပ်ဖို့ကိုလည်း တိုက်တွန်းတဲ့စာတန်းတွေကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

  6. ရန်ကင်းမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပြီးနောက် ရှာဖွေစစ်ဆေးမှုလုပ်နေ, ရန်ကင်းမြိုနယ် ၂ရပ်ကွက်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ထပ်မံပေါက်ကွဲမူဖြစ်

    ရန်ကင်းမြိုနယ်အတွင်းပေါက်ကွဲမူတွေဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် လမ်းမကြီးတွေနဲ့ရပ်ကွက်တွေအတွင်းမှာပါ လုံခြုံရေးတင်းကျပ်ပြီး ရှာဖွေစစ်ဆေးမူတွေလုပ်နေတယ်လို့ ရန်ကင်းမြို့နယ်နေပြည်သူတစ်ဦးက ပြောပါတယ်။

    "ကျွန်တော်အလုပ်လုပ်နေတုန်း အုံးကနဲ ကြားလိုက်တယ်။ ပုံမှန်ကားဘီးပေါက်သံထပ်ကျယ်သွားတော့အကုန်ထွက်ကြည့်တယ်။ အဲ့အချိန်မှာပဲ နှစ်ချက်ထပ်ဆင့်ပေါက်တယ်။ နောက်ထပ်မိနစ်ပိုင်းထပ်အကြာမှာ ထပ်ပေါက်တယ်။ အိမ်ကလူတွေနဲ့ဆက်သွယ်နေတုန်း ပြောနေတုန်းမှာပဲ နောက်ဆုံးတစ်လုံးထပ်ပေါက်တယ်။ စုစုပေါင်း ငါးလုံးပေါ့။ ဗုံးမပေါက်ခင်ကတည်း မနေ့ကတည်းက လုံထိန်းတွေနေရာယူထားတယ်။ ဆိုင်ကယ်တွေတွေ့တာနဲ့ဖမ်းတယ် ။ ဘောက်ထော်မှတ်တမ်းရုံးနားတောက်လျှောက် ယာဉ်ထိန်း ရဲရောလုံခြုံရေးအပြည့်ပဲနေရာယူထားတာ။ အခုတော့ ရန်ရှင်းလမ်းပေါ်မှာလုံခြုံရေးအပြည့်နေရာယူလိုက် ပြီလို့ သိရတယ်။ လုံခြုံရေးယူထားပြီလို့ပြောနေသံကြားတုန်းပဲထပ်ထပ်ပြီးပေါက်နေတာ" လို့ သူကပြောပါတယ်။

    အခုလိုစက်မူ ၁ လမ်းမပေါ် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေဆက်တိုက်ဖြစ်ပွားပြီးတဲ့ နောက်မှာပဲ ရန်ကင်းမြိုနယ် ၂ ရပ်ကွက်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ထပ်မံပေါက်ကွဲမူဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိတယ်လို့လည်း ကြားသိထားရပါတယ်။

    ပေါက်ကွဲမှုတွေဖြစ်ပွားအပြီးမှာ ရန်ကင်းမြိုနယ်က လမ်းမကြီးတွေပေါ်မှာ ကားတားပြီး လမ်းပိတ်စစ်ဆေးမှုတွေကို ဆက်တိုက်ဆိုသလိုပြုလုပ်နေတယ်လို့ ရန်ကင်းမြိုနေပြည်သူတစ်ဦးက ပြောပြပါတယ်။

    လူထုဆန္ဒပြမှုတွေခပ်စိပ်စိပ်ပြန်လည်ဖြစ်ပေါ်ခဲ့တဲ့ ယနေ့မေလ ၁ ရက်နေ့ မနက်ပိုင်း ကစလို့ အင်းစိန်၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း ၊ ဗဟန်းနဲ့ တောင်ဒဂုံမြို့နယ်တွေမှာလည်း ပေါက်ကွဲမူတွေဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။

  7. ယုဇနပလာဇာပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု

    ရန်ကုန်၊ တာမွေမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေး ကင်းလှည့်နေတဲ့ကြားကပဲ တာမွေနဲ့တဆက်တည်းရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်အပိုင်ထဲက ယုဇနပလာဇာပေါ်မှာ နယ်ခံတွေက အခုလို ဆန္ဒပြတာကို မတ်လ ၁ ရက် ဒီနေ့မှာ ပြုလုပ်သွားတာဖြစ်ပါတယ်။

    မတ်လ အစောပိုင်းတုန်းကတော့ ယုဇနပလာဇာရှိတဲ့ ဗညားဒလလမ်းမကြီးဟာ စစ်ကောင်စီတပ်တွေက ကျောင်းသားလူငယ်ထောင်ချီပါတဲ့ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ယူဇနပလာဇာနီးမှာရှိတဲ့ မအူကုန်း၊ သာယာကုန်းရပ်ကွက်ထဲတွေကို ညဘက်တွေအထိ ဝင်ရောက်ရှာဖွေတာတွေ ရှိခဲ့ပါတယ်။

    ဒါ့ပြင် အဲဒီလမ်းမကြီးပေါ်မှာပဲ တာမွေနယ်မြေရဲစခန်းလည်းရှိလို့ စစ်ကောင်စီတပ်တွေက အဲဒီမှာ အခြေချပြီး တာမွေလူငယ်တွေရဲ့ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွင်းမှုတွေလုပ်ခဲ့ပါတယ်။

  8. မေဒေးနေ့မှာလည်း စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်ရှိ, သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီက ဖြိုခွဲဖမ်းဆီး

    ဒီနေ့ မေ ၁ ရက်ဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဖြစ်ပါတယ်။

    အရင်က ဒီလိုနေ့မျိုးမှာ မြန်မာနိုင်ငံက အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားရေးဆောင်ရွက်သူတွေဦးဆောင်တဲ့ အလုပ်သမားအရေး တောင်းဆိုဆန္ဒပြမှုတွေရှိတတ်ပါတယ်။

    ဒီနှစ် အလုပ်သမားနေ့မှာတော့ အလုပ်သမားအရေးတောင်းဆိုမှုတွေထက် စစ်အာဏာသိမ်းမှုကိုသာ ဦးတည်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေက မြို့ရွာအနံှ့ အားကောင်းစွာဆက်ရှိနေပါတယ်။

    ရန်ကုန်မရမ်းကုန်းမှာဆိုရင်လည်း လူငယ်တချို့ဦးဆောင်တဲ့ "အရမ်းကြုံးမယ့် မရမ်းကုန်း လာပြီ" သပိတ်စစ်ကြောင်းကို မရမ်းကုန်းမြို့နယ် ပါရမီလမ်းပေါ်မှာ ပြုလုပ်ခဲ့ကြပါတယ်။

    စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေနဲ့အတူ လမ်းလျှောက် သပိတ်ပြုလုပ်နေစဉ် မိနစ်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီရဲ့ ရဲနဲ့တပ် အင်အား ၅၀ ခန့်က လာရောက် ဖြိုခွင်းခံခဲ့ရပါတယ်။

    သပိတ်စစ်ကြောင်းထဲမှာ ပါဝင်သူတွေ ရှောင်တိမ်းနိုင်ပေမယ့် အနီးဝန်းကျင်က လက်ဖက်ရည်ဆိုင်အတွင်းမှာရှိနေတဲ့ လူငယ် ၂ယောက်ကို တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ဆေးမှုတချို့ပြုလုပ်ပြီး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

    ထားဝယ်မှာလည်း ထားဝယ်ပင်မသပိတ်စစ်ကြောင်းနဲ့ လူငယ်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး မနက် ၆ နာရီမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ စထွက်ခဲ့ကြပါတယ်။

    သပိတ်တွေကို စစ်ကောင်စီက ဖြိုခွဲဖမ်းဆီးတာတွေ၊ နှိမ်နင်းတာတွေရှိနေပေမယ့်လည်း ပုံစံမျိုးစုံနဲ့ ပြောက်ကျားသပိတ်တွေကတော့ အားကောင်းစွာ ဆက်ရှိနေတာဖြစ်ပါတယ်။

  9. ရန်ကင်း စက်မှု ၁ အနီး ပေါက်ကွဲသံတွေကြားရ

    ရန်ကင်း၊ စက်မှု ၁ လမ်းမပေါ်က စက်မှု ၁ မှတ်တိုင်အနီးမှာ ဒီနေ့ မေ ၁ ရက် မွန်းလွဲ တစ်နာရီခွဲခန့်မှာ ပေါက်ကွဲသံအကျယ်ကြီး သုံးကြိမ်ခန့် ကြားရကြောင်း အဲဒီနားမှာ ရောက်ရှိနေသူတွေက ဘီဘီစီကိုပြောပါတယ်။ ပေါက်ကွဲသံအကျယ်ကြီးကို မြန်မာပလာဇာကနေ ကြားရကြောင်းနဲ့ မြန်မာပလာဇာတွင်းမှာတော့ ပေါက်ကွဲမှုဖြစ်တာမရှိကြောင်း အဲဒီကိုရောက်နေသူတွေက ဆိုပါတယ်။ မြန်မာပလာဇာမှာ အေတီအမ်စက်ကနေ ငွေထုတ်ဖို့ တန်းစီစောင့်ဆိုင်းနေသူတွေလည်း ရာနဲ့ချီရောက်ရှိနေချိန်မှာ ခုလိုပေါက်ကွဲသံကြားရလို့ စိတ်ပူစိုးရိမ်ပြီး ဆက်တန်းမစီတော့ဘဲ ပြန်သွားကြတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

  10. စစ်ကောင်စီက KNU တပ်မဟာ ၅ နယ်မြေထဲ တစ်ရက်တည်း လေးကြိမ် ဗုံးကြဲလို့ KNU ထုတ်ပြန်

    စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို ဧပြီ ၃၀ ရက်တစ်ရက်တည်းမှာ ဗုံးသုံးကြိမ် ကြဲချခဲ့တယ်လို့ ကေအဲန်ယူက ဒီနေ့ မေ ၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    မနေ့ ဧပြီ ၃၀ ရက် မနက် ၁ နာရီကျော်အချိန်မှာ တပ်မဟာ ၅ နယ်မြေထဲက ဒါးကွေ မယ်ခါးထာကို လေယာဉ်နဲ့ ဗုံး သုံးလုံး ကြဲချခဲ့ပြီး ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

    အဲဒီနောက် မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီက လေယာဉ်နှစ်စင်းနဲ့ ဒါးကွေ နေရာကို ဗုံး ၂ လုံးထပ်မံကြဲချခဲ့ပြီး လေယာဉ်စက်သေနတ်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီနောက် မွန်းလွဲ ၁ နာရီမှာ လေယာဉ် ၂ စင်းနဲ့ ဝေဘုထာနေရာကိုဗုံး ၂ လုံးထပ်ကြဲခဲ့ပြီး တစ်နာရီခွဲမှာ လေယာဉ် ၂ စင်းနဲ့ ဒါးကွေနေရာကိုပဲ ဗုံး ၂ လုံးထပ်ကြဲခဲ့တယ်လို့ ကြေညာချက်က ဖော်ပြထားပါတယ်။

    ဒါ့အပြင် စစ်ကောင်စီလေယာဉ်တွေဟာ ခေါပုနဲ့ လယ်တိုး တို့မှာလည်း ဆင်းသက်ခဲ့ပြီး လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု ထော့မူပလယ်မဲတပ်စခန်းက ခမရ ၂၀ တပ်ဟာ လူထု လုပ်ငန်းခွင်နေရာတွေကို လက်နက်ကြီး ၁၇ လုံးပစ်ချခဲ့တယ်လို့လည်း ကေအဲန်ယူထုတ်ပြန်ချက်က ဆိုပါတယ်။

    လက်ရှိမှာ စစ်ကောင်စီဘက်က အပစ်ရပ်ကြေညာချက်သက်တမ်းကို မေလ ၃၁ ရက်အထိ သက်တမ်းထပ်တိုးကြောင်း မနေ့ ဧပြီ ၃၀ က ကြေညာခဲ့ပေမယ့် အဲဒီနေ့မှာပဲခုလို ဗုံးကြဲတိုက်ခိုက်နေတယ်ဆိုပြီး KNU ကထုတ်ပြန်လာတာဖြစ်ပါတယ်။

    ကေအဲန်ယူတပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီနဲ့ ကေအဲန်ယူတို့ စစ်ရေးတင်းမာနေပြီး ကေအဲန်ယူဘက်က ဧပြီ ၂၇ ရက်မှာ စစ်ကောင်စီရဲ့ သောလည်ထ တပ်စခန်းကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။

    ဒါကြောင့် စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေပြီး ကရင်တိုင်းရင်းသားဒေသခံနှစ်ထောင်ကျော်ဟာလည်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ ဧပြီ ၂၄ ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ဧပြီ ၂၇ ရက်နေ့ စစ်ကောင်စီရဲ့ မယ်ရာထာစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီဘက်က တပ်ခွဲမှူးတစ်ဦးအပါအဝင် ၁၄ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

    ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောကြားတာတော့မရှိသေးပါဘူး။

  11. ရန်ကုန်မြို့နယ်တချို့မှာ မေ ၁ ရက်ကစလို့ ဆိုင်ကယ်မစီးဖို့ လိုက်ကြေညာနေ

    ရန်ကုန်တိုင်းထဲကမြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းတာကို ဒီနေ့ မေလ ၁ ရက်ကစလို့ ပိတ်ပင်တားမြစ်လိုက်တယ်လို့ စစ်ကောင်စီလက်အောက် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းက လိုက်လံကြေညာနေတယ်ဆိုပြီး မြို့နယ်ခံတွေက ဘီဘီစီကိုအတည်ပြုပါတယ်။

    ရန်ကုန်တိုင်းစစ်ကောင်စီရဲ့အမိန့်နဲ့ကြေညာတာဖြစ်ပြီး မလိုက်နာရင် ထိရောက်စွာအရေးယူမယ်လို့ လိုက်လံကြေညာနေတာဖြစ်ပါတယ်။

    ဒီလိုကြေညာတာတွေရှိတယ်ဆိုတာကို စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ မြို့နယ် ၆ ခုထဲကမှ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ တောင်ဒဂုံမြို့နယ်တွေမှာ နေထိုင်သူတွေက ဘီဘီစီကို အတည်ပြုပါတယ်။

    ''ဆိုင်ကယ်မစီးရဘူးဆိုတာကိုတာကို ရပ်ကျေးအဆင့် လူကြီးဆိုသူတွေက မနေ့(ဧပြီလ ၃၀)ရက်မှာ လိုက်ကြေညာကြတာ။ ကျမဆို သွားရမယ့်အလုပ်က စစ်သားတွေအများကြီးရှိတဲ့ မြို့တော်ခန်းမရှေ့ကို ဖြတ်ရမှာ။ ဒီမှာက ဟိုနားဒီနား ဆိုင်ကယ်နဲ့သွားလာနေကြတာဆိုတော့ အခုလို ကာလမှ ဘယ်လိုသွားရမလဲတောင်မသိတော့ဘူး'' လို့ လှိုင်သာယာဒေသခံတစ်ဦးကပြောပါတယ်။

    တောင်ဒဂုံမြို့နယ်မှာတော့ ဆိုင်ကယ်မစီးရဆိုတဲ့ကြေညာချက်ကို မနေ့ကမှ လိုက်လံကြေညာတာရှိပေမဲ့ ဆိုင်ကယ်မစီးရေးလုပ်ဖို့ ညွှန်ကြားစာကို ရပ်ကွက်ရုံးတချို့မှာ ကပ်ထားတာ ဧပြီလလည်ပိုင်းကတည်းကဖြစ်တယ်လို့ တောင်ဒဂုံနယ်ခံတစ်ဦးက ပြောပါတယ်။

    တောင်ဒဂုံရပ်ကွက်ရုံးတချို့မှာ ကပ်ထားတဲ့စာအရတော့ ဆိုင်ကယ်နဲ့ မီးပုလင်းပစ်တာတွေ၊ ရုံးဌာနဆိုင်ရာတွေကို ဗုံးဖောက်ခွဲတာတွေ လုပ်နေတာကြောင့် ဆိုင်ကယ်စီးနင်းခွင့်မပြုဖို့ ညွှန်ကြားထားတာကို တွေ့ရပါတယ်။

    ''အဓိကကတော့ ဆိုင်ကယ်နဲ့ ဗုံးတွေဘာတွေ လာပစ်တာကို သူတို့ စိုးရိမ်လို့ အခုလို တားမြစ်တာလို့ ထင်တယ်။ ဒီမှာ ရက်ကွက်ရုံးတချို့ လည်း မီးလောင်ထားတာဖြစ်ထားတယ်လေ''လို့ တောင်ဒဂုံနယ်ခံတစ်ဦး က ပြောပါတယ်။

    မြောက်ဥက္ကလာပမြို့နယ်မှာလည်း ဆိုင်ကယ်မစီးဖို့ မနေ့ညပိုင်းက လိုက်ကြေညာနေပါတယ်။

    ''ဆေးကျောင်းဘက်က ဥက္ကာလမ်းတွေဘက်မှာ လာအော်သွားတယ်။ အဲဒီကကျတော့ လမ်းမကြီးတွေနဲ့လည်းဆက်နေတယ်လေ။ ဆိုင်ကယ်ကယ်ရီဆွဲသူတွေကတော့ ဆိုင်ကယ်စီးနင်းခွင့် ပိတ်လို့ ဝင်ငွေအတွက် စိုးရိမ်နေကြတယ်'' လို့ မြောက်ဥက္ကလာမှာနေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒါ့ပြင် မြောက်ဥက္ကလာက တချို့ရပ်ကွက်တွေမှာ ဆိုင်ကယ်စီးနင်းတာကို ပိတ်ရုံတင်မက တခြားစက်တပ်ယာဉ်တွေဖြစ်တဲ့ ဆိုင်ကယ်ဘေးတွဲ၊ နောက်ပွဲယာဉ်တွေနဲ့ လျှပ်စစ်စက်ဘီးတွေကိုပါ မစီးဖို့ ကြေညာသွားတယ်လို့ သိရပါတယ်။

    တွံတေးမြို့မှာလည်း ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေလို့ အဲဒီဆိုင်ကယ်မျိုးနဲ့ခရီးသည်ပို့တဲ့ကာယ လုပ်သားတွေဟာ ဆိုက်ကားပြောင်းသုံးနေကြတယ်လို့ သိရပါတယ်။

    ရန်ကုန်တိုင်းထဲက မြို့နယ်အတော်များများမှာ ဆိုင်ကယ်မစီးဖို့ အခုလို လိုက်လံကြေညာတာဟာ စစ်အာဏာသိမ်းတာ ၃ လပြည့်လာတဲ့ကာလအတွင်း ပထမဆုံးအကြိမ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

    ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးမြို့နယ်အများစုမှာ နေထိုင်သူတွေဟာ ဆိုင်ကယ်ကို သွားလာရေးအတွက် အဓိက အားထားသုံးနေကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဆိုင်ကားတွေအစား ဘေးတွဲဆိုင်ကယ်တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာနေကြပါတယ်။

  12. မန္တလေးမှာ ညပိုင်းပစ်ခတ်မှုရှိပေမဲ့ မနက်ပိုင်းဆန္ဒပြပွဲတွေ ဆက်ရှိနေ

    မန္တလေးမြို့မှာ မနေ့ ဧပြီလ ၃၀ ရက်ညပိုင်းက လမ်းသွားပြည်သူ နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ကျည်မှန်ဒဏ်ရာရရှိခဲ့ပါတယ်။

    "အသက်စိုးရိမ်စရာ မရှိပါဘူး။ ယောက်ျားလေးတွေပါ။ အသက်နှစ်ဆယ်ကျော် အရွယ်တွေပါ "လို့ ကူညီကယ်ဆယ်ကုသပေးသူတစ်ဦးက ပြောပါတယ်။

    ၇၈လမ်း၊ ၃၈x၃၉ အနီးဝန်းကျင် ညပိုင်းမှာ ဆိုင်ကယ်မောင်းလာစဉ် ရဲကရပ်ခိုင်းပေမဲ့ မောင်းပြေးရာကနေ ဗိုက်နဲ့ ဒူးကို ထိမှန်တာဖြစ်ပါတယ်။

    ဒီလို စစ်ဆေးဖမ်းဆီး ပစ်ခတ်မှုတွေရှိပေမဲ့ ဒီနေ့ မေလ ၁ ရက်မှာလည်း မြို့ခံအဖွဲ့စည်းပေါင်းစုံက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြတာတွေကို ဆက်ပြီး ပြုလုပ်ကြပါတယ်။

    ဒီမနက်မှာ ပြုလုပ်တဲ့ အရုဏ်ဦးသပိတ်တချို့ အပါအ၀င် သပိတ်စစ်ကြောင်းတချို့ကို စစ်ကောင်စီတပ်တွေက ဖြိုခွင်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပေမဲ့ ဘေးကင်းကင်း လူစုခွဲနိုင်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။

  13. ဒလမြို့မှာရဲနဲ့စစ်ကားတွေလုံခြုံရေးတင်းကျပ်ထားတဲ့ကြားက လူငယ်အချို့ဆန္ဒပြ

    ဒလမြို့မှာ ရဲနဲ့စစ်တပ်ကား​​တွေဟာ ဒီကနေ့ မေလ ၁ ရက်နေ့ မနက်အစောပိုင်းထဲက တစ်မြို့လုံးနီးပါးလှည့်လည်နေရာယူထားတာကြောင့် သပိတ်စစ်ကြောင်းမလှည့်နိုင်ဘဲ ပြန်လည်လူစုခွဲခဲ့ရတယ်လို့ လူငယ်အချို့က ဘီဘီစီကိုပြောပါတယ်။

    "ဒလနာရီစင်မှာရော စက်မြေရပ်ကွက်သမဝါယမမှာရော နေရာတော်တော်များများမှာ စစ်ကားတွေရောရဲကားတွေရော ရှိနေတာ။ ဒါကြောင့် လူအများကြီးမစုနိုင်တော့ဘဲ သပိတ်ကို မြန်မြန်လူစုခွဲလိုက်ရတယ်"လို့ မြို့ခံလူငယ်တစ်ဦးကပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒလလူငယ်တွေရဲ့ဆန္ဒပြဆိုင်ကယ်သပိတ်ကို စစ်ကောင်စီတပ်တွေက လိုက်လံဖမ်းဆီးတာမျိုးရှိခဲ့ပါတယ်။

    အဲဒီမတိုင်ခင်တုန်းက ဆိုင်ကယ်သပိတ်ဖြိုခွင်းခံရချိန်တုန်းကတော့ ဆိုင်ကယ် အစင်းရေ ၂၀ လောက် အသိမ်းခံခဲ့ရတယ်လို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။

  14. အာဏာသိမ်း သုံးလပြည့်တဲ့နေ့ ဖွင့်တဲ့ထီ အမြင့်ဆုံး သိန်းငါးထောင်ဆုသာ ဖွင့်နိုင်

    အာဏာသိမ်းတာ သုံးလပြည့်တဲ့ ဒီနေ့ မေ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ ၂၆ ကြိမ်မြောက် ကျပ်တစ်ထောင်ဒဏ် အောင်ဘာလေထီသိန်းဆုဖွင့်ပွဲမှာ အမြင့်ဆုံး ထီဆုကို ကျပ် သိန်းငါးထောင်ဆုသာ ဖွင့်နိုင်ခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုမတိုင်ခင် အောင်ဘာလေထီဆုတွေကို ကျပ်သိန်းတစ်သောင်းခွဲ အမြင့်ဆုံးချီးမြှင့်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် ထီဖွင့်ပွဲတွေ ပုံမှန်လစဉ် လဆန်း ၁ ရက်နေ့တိုင်း မကျင်းပနိုင်ခဲ့ဘဲ ရက်တွေ ရွှေ့ဆိုင်းကျင်းပခဲ့ရတာရှိနေပါတယ်။အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးဖွင့်တဲ့ထီအဖြစ် ၂၅ ကြိမ်မြောက် ထီဖွင့်ပွဲကို မတ်လ ၁၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

    ဒါ့အပြင် အောင်ဘာလေထီမထိုးရေး လူထုတောင်းဆိုတိုက်တွန်းလှုပ်ရှားမှုတွေလည်း ရှိနေတာကြောင့် ထီအရောင်းသမားတွေမှာလည်းတခြားအသက်မွေးဝမ်းကျောင်းတွေ ပြောင်းလဲလုပ်ကိုင်သလို ထီအစားအခြား ကုန်ပစ္စည်းတွေကို အစားထိုးရောင်းချရတာမျိုးတွေလည်း ရှိနေပါတယ်။

    ထီလက်မှတ်ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ထီဆုအဖြစ် ပြန်လည် ချီးမြှင့်ရတာဖြစ်ပြီး ၂၆ ကြိမ်မြောက်အတွက် ထီလက်မှတ်ရောင်းရငွေက ကျပ်သန်း နှစ်ထောင်ကျော်ဖြစ်တာကြောင့် ကျပ်သန်း တစ်ထောင်ကျော်ကိုသာ ဆုငွေအဖြစ် ခွဲဝေချီးမြှင့်နိုင်တာဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ဧပြီ ၃၀ ရက်ကြေညာချက်က ဆိုပါတယ်။

  15. မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးခဲ့ပေမဲ့ ကြေညာချက်မထုတ်နိုင်သေး

    ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပေမဲ့ ပူးတွဲကြေညာချက် တစ်စောင်မထုတ်နိုင်ခဲ့တာဟာ စစ်အုပ်စုကို ကျောထောက်နောက်ခံပေးထားတဲ့ တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်မှုတွေလုပ်တာ၊ သူတို့ကြေညာစေချင်တဲ့စာသားထုတ်ပြန်ချက်ကိုပဲ ရှေ့တိုးဆောင်ရွက်ခဲ့တာတွေ ကြောင့်လို့ သံတမန်တွေကို ကိုးကားပြီး AFP သတင်းမှာဖော်ပြပါတယ်။

    အဲဒီဆွေးနွေးပွဲကို လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက ခေါ်ယူခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာပြုလုပ်ခဲ့တဲ့မြန်မာ့အရေး အာဆီယံဆွေးနွေးပွဲအပေါ် သဘောထားကို တင်ပြဖို့ ဖြစ်ပါတယ်။

    ဒီဆွေးနွေးပွဲကို လက်ရှိထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရောက်နေတဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးသံတမန်လည်း တက်ရောက်ပြီး သူက အာဆီယံထိပ်သီးဆွေးနွေးပွဲကို လာတက်တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အစည်းအဝေးပွဲအပြီးမှာ သီးခြားတွေ့ဆုံနိုင်ခဲ့တာကိုလည်း လုံခြုံရေးကောင်စီဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံချိန်မှာ အထူးသံတမန်က မြန်မာနိုင်ငံထဲကို ဝင်လိုတဲ့အကြောင်း မေတ္တာရပ်ခံခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရတယ်လို့ သံတမန်တွေက ပြန်ပြောပြတယ်ဆိုပြီး AFP သတင်းက ဆိုပါတယ်။

    တဖက်မှာလည်း ဗြိတိန်နိုင်ငံက ရေးထားတဲ့ လုံခြုံရေးကောင်စီ ကြေညာချက်မူကြမ်းဟာ ဧပြီလ ၂၉ ရက် မနေ့ ဆွေးနွေးပွဲမှာ မူကြမ်းအတိုင်းအပြည့်အစုံ အတည်ပြု ထုတ်ပြန်ဖို့ ထောက်ခံမှုမရခဲ့ပါဘူး။

    အဲဒီမူကြမ်းမှာ အာဆီယံရဲ့အရေးပါမှုကို အပြည့်အဝထောက်ခံတဲ့အပြင် ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ် တတ်နိုင်သမျှ မြန်မြန်ပေါ်ပေါက်အောက် အားပေးတဲ့စာသားတွေပါတယ်လို့ သတင်းက ဆိုပါတယ်။

    ဒါ့ပြင် လုံခြုံရေးကောင်စီအဖွဲဝင်တွေအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်တာကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့အကြောင်းနဲ့ စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေကို ဆက်တိုးမလုပ်ဖို့ တောင်းဆိုတဲ့ အချက်တွေလည်း ဗြိတိန်ရဲ့မူကြမ်းထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

    ဒါပေမဲ့ တရုတ်နဲ့ ရုရှားသံတမန်တွေက ဗြိတိန်ရဲ့မူကြမ်းကို ကန့်ကွက်ခဲ့ပြီး သူတို့ရေးထားပြီးသား မူကြမ်းခပ်တိုတိုကိုပဲ အဆိုပြုခဲ့လို့ လုံခြုံရေးကောင်စီကြေညာချက်တစ်ရပ်ထွက်ဖို့ ကောင်စီအတွင်းအများစု သဘောတူညီချက်မရခဲ့တာလို့ သံတမန်တွေက ပြောပါတယ်။

    အဲဒီကြေညာချက်မူကြမ်း နှစ်စောင်ကို တစ်စောင်တည်းပေါင်းပြီး ထုတ်မလားဆိုတာကိုတော့ ဆွေးနွေးနေဆဲလို့ သံတမန်တွေက ပြောပါတယ်။

  16. စစ်ကောင်စီ ဝါဒဖြန့် ဖြစ်သွားမှာစိုးလို့ အိုလံပစ်အိပ်မက်ကိုစွန့်လွှတ်သူ

  17. ဖမ်းဆီးတရားစွဲခံရသူတွေရမယ့် ဥပဒေအကူအညီတွေကို စစ်ကောင်စီ လျှော့ချဖြတ်တောက်

  18. မြန်မာထိပ်တန်းဘောလုံးကလပ်နှစ်သင်း အာရှအဆင့်ပွဲတွေကနေ နုတ်ထွက်

    အာရှဘောလုံးအဖွဲ့ချုပ် AFC ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကနေ မြန်မာဘောလုံးကလပ်အသင်း နှစ်သင်း နုတ်ထွက်သွားပါတယ်။

    ရှမ်းယူနိုက်တက်နဲ့ ဟံသာ၀တီယူနိုက်တက် အသင်းတွေ ပြိုင်ပွဲတွေကနေ နုတ်ထွက်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က အတည်ပြုထားတယ်ဆိုပြီး AFC က ထုတ်ပြန်ပါတယ်။

    ရှမ်းယူနိုက်တက်နဲ့ ဟံသာ၀တီယူနိုက်တက် အသင်းတွေဟာ ၂၀၂၀ ပြည်တွင်း အဆင့်မြင့်တန်း မြန်မာနေရှယ်နယ်လိဂ် MNL မှာ ချန်ပီယံနဲ့ ဒုတိယ အသီးသီးရထားတဲ့ အသင်းတွေ ဖြစ်ပါတယ်။

    သူတို့ ၀င်ကန်ခွင့်ရတဲ့ အာရှအဆင့် ကလပ်အသင်းတွေ ပြိုင်ပွဲကနေ နုတ်ထွက်ရတာဟာ မြန်မာပြည်ထဲ စစ်အာဏာသိမ်းခံရပြီး အဘက်ဘက်က ယိုယွင်းပျက်စီးလာနေတဲ့ အခြေအနေတွေနဲ့ တိုက်ရိုက်ဆက်စပ်နေလား၊ ငွေရေးကြေးရေး အခက်အခဲတွေကြောင့်လား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    မြန်မာ အသင်းတွေ နုတ်ထွက်သွားတဲ့ အတွက် AFC အနေနဲ့ ပွဲစဥ်ဇယား အပြောင်းအလဲတွေ ပြုလုပ်ကြောင်း သူတို့ရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာမှာ ကြေညာပါတယ်။

    အာရှချန်ပီယန်လိဂ် ခြေစစ်ပွဲ အနေနဲ့ ရှမ်းယူနိုက်တက်နဲ့ ကန်စရာ မလိုတော့တဲ့ ဩစတြေးလျ မဲလ်ဘန်းစီးတီး အသင်းဟာ အခုဆို ဂျပန်က ဆီရီဇိုအိုဆာကာ အသင်းနဲ့ ပလေးအော့ဖ် အဆင့် တိုက်ရိုက်ကန်ရတော့မှာ ဖြစ်ပါတယ်။

    တခါ၊ AFC ဖလားပြိုင်ပွဲမှာလည်း လာအို ချန်သာဘိုလီ အသင်းနဲ့ ဘရူနိုင်း ကာဆုကာ အသင်းတို့ ကန်ပြီး နိုင်တဲ့အသင်းနဲ့ ဟံသာ၀တီ ယူနိုက်တက် ပလေးအော့ဖ် ကန်ဖို့ စီစဥ်ထားပေမယ့်လည်း အဲဒီပွဲကို ဖျက်လိုက်ပါပြီ။ အခု လာအိုနဲ့ ဘရူနိုင်း နိုင်တဲ့ ကလပ်အသင်းက AFC ဖလား အုပ်စုဂျီ ကို တိုက်ရိုက် ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။

  19. မြန်မာ့အရေး မေလ ၂ ရက် စကော့တလန်မှာ ဆန္ဒထုတ်ဖော်မယ်

    စကော့တလန်က အက်ဒင်ဘာရာမြို့မှာ လာမယ့် မေလ၂ ရက်နေ့ နေ့လယ် ၁ နာရီကနေ ၃ နာရီခွဲ အထိ မြန်မာ့အရေးအတွက် ဆန္ဒဖော်ထုတ် ကြဖို့ရှိပါတယ်။

    အစက အက်ဒင်ဘာရာမှာ ရှိတဲ့ လူတွေစုပြီး မန်ချက်စတာ နဲ့ လန်ဒန်က ဆန္ဒပြပွဲတွေမှာ ပူးပေါင်းဖို့ စီစဥ်ထားပေမယ့် လမ်းခရီးအဆင်မပြေတာနဲ့ နောက်ရက် စာမေးပွဲ ဖြေရမယ့်သူတွေရှိနေတဲ့အတွက် အက်ဒင်ဘာရာမှာပဲ ဆန္ဒဖော်ထုတ်ကြဖို့ စီစဉ်ထားပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း စကော့တလန် ရောက်နေတဲ့ မြန်မာ ကျောင်းသားတွေ စုပေါင်းပြီး Scotland National Monument ရှေ့မှာ အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်လှုပ်ရှားခဲ့ပါတယ်။ အဲဒီတုန်းက ပထမဆုံး အကြိမ် ဆန္ဒပြကြတာ ဖြစ်သလို ကိုဗစ်-၁၉ ကြောင့် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ ရှိတဲ့အတွက် လူ ဆယ်ဂဏန်း လောက်သာ လာနိုင်ခဲ့ကြပါတယ်။

    အခုတော့ ဧပြီ ၂၆ ရက်မှာ လော့ခ်ဒေါင်းတွေ ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်တာကြောင့် အက်ဒင်ဘာရာ မြို့မှာ မေလ ၂ ရက် ကျင်းပကြမယ့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဆန္ဒဖော်ထုတ်ကြဖို့ စီစဥ်ထားကြတာ ဖြစ်ပါတယ်။

    စကော့တလန်က ဒေသခံတွေက မြန်မာ့အရေးကို စိတ်ဝင်စားကြပါသလား ဆိုရင်တော့ အခုတကြိမ် ဆန္ဒပြပွဲဟာ သူတို့ရဲ့ တွန်းအားကြောင့်လုပ်ဖြစ်ခဲ့တာလို့ အက်ဒင်ဘာရာ အခြေစိုက် မြန်မာ ကျောင်းသား တယောက်ဖြစ်တဲ့ ကိုသန်းဌေးအောင်က ဘီဘီစီကို ပြောပါတယ်။

    အစက စကော့တလန်မှာ မြန်မာနည်းတာကြောင့် တခြားမြို့တွေမှာ သွားပေါင်းတာမျိုး လုပ်ခဲ့ပေမယ့် အခုတော့နယ်ခံတွေက တက်တက်ကြွကြွ ပါဝင် အားပေးနေကြတယ်တဲ့အတွက် အခုလို အက်ဒင်ဘာရာမြို့မှာ ကျင်းပဖို့ စီစဥ်တာလို့ ဆိုပါတယ်။ ဒီလို နယ်ခံတွေ အဖက်ဖက်ကနေကူညီပေးနေတာကြည့်ရင် မြန်မာနိုင်ငံအရေးမှာသူတို့ဘယ်လောက်ထိစိတ်ဝင်စားလဲဆိုတာ သိနိုင်ပါတယ်လို့ ပြောပါတယ်။

    အခု အက်ဒင်ဘာရာမြို့မှာ ကျင်းပမယ့် ဆန္ဒပြပွဲကို ပထမဆုံးလုပ်တာဖြစ်တဲ့ အတွက် SNP ပါတီလို စကော့တလန် နိုင်ငံရေး လောက ကလူတွေ လာတာထက် လူထုရဲ့ အာရုံစိုက်မှုကို ရဖို့ကိုဦးတည်ထားကြပါတယ်။ ဒီဆန္ဒပြပွဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရNational Unity Government ကိုအသိအမှတ်ပြုပေးဖို့၊ စစ်ကောင်စီရဲ့ လူသတ်၊ လုယက်၊ ဖမ်းဆီး ညှင်းပန်းနှိပ်စက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ စစ်ကောင်စီကို ရာဇဝတ်ကောင်အဖြစ်ကြေညာပေးဖို့ စတဲ့တောင်းဆိုချက်သုံးချက်ကို တောင်းဆိုဆန္ဒဖော်ထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

  20. မိုဘိုင်းဘဏ်စနစ်ပြန်သုံးနိုင်တဲ့ ထပ်တိုးဘဏ်တွေစာရင်း

    လက်ကိုင်ဖုန်းတွေက တဆင့် ငွေအလွှဲအပြောင်း လုပ်တာ၊ ငွေချေတာတွေ လုပ်နိုင်တဲ့ မိုဘိုင်းဘဏ်စနစ်နဲ့ အင်တာနက် ဘဏ်စနစ်တွေ ပြန်ရလာပြီ ဖြစ်တဲ့ နောက်တိုး ဘဏ်တွေစာရင်း ဆိုပြီး ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

    ယူအေဘီ၊ မြန်မာ့ရှေ့ဆောင်၊ နေပြည်တော်ဖွံ့ဖြိုးရေး၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး၊ ရွှေကျေးလက်နဲ့မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တွေမှာလည်း အခုဆိုရင် မိုဘိုင်းဘဏ်စနစ်၊ အင်တာနက်ဘဏ်စနစ်တွေ အသုံးပြု ငွေကြေး စီမံခန့်ခွဲတာတွေ လုပ်နိုင်ပြီလို့ ဆိုပါတယ်။

    ဧရာ AYA ၊ ကမ္ဘာဇ KBZ ၊ အင်းဝ၊ တောင်သူလယ်သမား ဖွံ့ဖြိုးရေး ဘဏ်တွေမှာ မိုဘိုင်းဘဏ်စနစ်တွေ ပြန်သုံးနိုင်ပြီလို့ ကြေညာခဲ့ပြီး နောက်တစ်ရက်မှာ ထပ်တိုး ဘဏ်တွေစာရင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

    ဝေ့ဗ်မန်းနီး Wave Money မိုင်တဲပေး Mytel Pay၊ အမ်ပီတီမန်းနီး MPT Money အပါအ၀င် မိုဘိုင်း ငွေကြေး၀န်ဆောင်မှု လုပ်ငန်းတွေလည်း အရင်ကအတိုင်း ပြန်လည် လည်ပတ်နိုင်ပြီလို့ ဆိုပါတ​ယ်။