ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပြင်သစ်ရောက်မြန်မာများ NUG ထောက်ခံပွဲနဲ့ စစ်အာရှင်ကျရှုံးရေး ဆန္ဒပြမယ်

    ပြင်သစ်ရောက်မြန်မာများအသင်း CBF မှ NUG အစိုးရသစ်ထောက်ခံကြိုဆိုပွဲ၊ မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေး၊ မတရားဖမ်းဆီးခံထားရသူများအားလုံးလွတ်ပေးရေးနှင့် စစ်အာဏာရှင်ကျရှုံး ရေး တွက် မနက်ဖြန် ဧပြီလ ၂၄ ရက်နေ့မှာ ပါရီမြို့က Place de la République တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြဖို့ ရှိပါတယ်။

    အဲဒီ ဆန္ဒပြပွဲမှာ ပြင်သစ်ရောက် မြန်မာတွေအပြင် EELV ပါတီကိုယ်စားလှယ်၊ Le Comité international de Générations Paris 10 ပါတီကိုယ်စားလှယ်၊ ပြင်သစ်အဆိုတော်နှင့်မင်းသမီး Jane Birkin၊ ကမ္ဘာဒီယားနိုင်ငံရေးလှုပ်ရှားသူများ၊ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကိုယ်စားလှယ်၊ CCP တရုတ် ကွန်မြူနစ်အစိုးရကို ဆန့်ကျင်သော AfricaHongKongFrance (AHKF) အဖွဲ့၊ ရိုဟင်ဂျာအရေးကိုယ်စားလှယ်၊ INALCO ပါရီနိုင်ငံခြားဘာသာတက္ကသိုလ် မြန်မာစာဌာနက ဆရာနဲ့ ကျောင်းသားတချို့ အပြင် ပြည်တွင်းမီဒီယာတချို့ ပါ တက်ရောက်ကြမှာဖြစ်ပါတယ်။

    CBF အဖွဲ့က ဖေဖော်ဝါရီ လဆန်းက စပြီး petition တွေနဲ့ CRPH မှ တောင်းဆိုချက်တွေကို ပြင်သစ် သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော် အမတ်များထံ စာများ တောက်လျောက်ပို့ခဲ့ပါတယ်။ စာလက်ခံရပါတယ်ဆိုတာက လွဲလို့ တိတိကျကျ အကြောင်းပြန်တာ မရှိခဲ့ပါဘူး။ ဧပြီ ၁၆ ရက်နေ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖွဲ့စည်းပြီး နောက်လဲ အကြောင်းကြားစာများပေးပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ပြင်သစ် သမ္မတ Emmanuel Macron က ပြင်သစ်ရောက် မြန်မာများ အဖွဲ့ဆီကို ပြန်စာတစောင်ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစာထဲမှာ ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာရဲ့ လုပ်ဆောင်မှုများကို ပြောပြထားပြီး ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးမှ CBF ကို တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပါဦးမယ်လို့ ဆိုပါတယ်။

    စာထဲမှာ မြန်မာ့အရေးကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်၊ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ရှုတ်ချတယ်။ ဒါတွေကို ရပ်တန့်ဖို့ တောင်းဆိုကြောင်းနဲ့ မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို ပိုမို ပြင်းထန်ထိရောက်စွာ ပိတ်ဆို့ အရေးယူသွားမှာဖြစ်ကြောင်းတွေ ရေးသားထားပါတယ်။

    ပြင်သစ်ရောက် မြန်မာ တဦးဖြစ်တဲ့ မဆုမွန်ဖူးဖူးကတော့ NUG အစိုးရသစ်ကြေငြာအပြီး အာဆီယံအစည်းဝေးမတိုင်ခင်မှာပဲ ပြင်သစ်သမ္မတကြီးထံမှပြန်စာလာတာဟာ အတော် အခွင့်လမ်းကြီးတယ်၊ NUG ကို အသိမှတ်ပြုမယ့်လမ်းစလို့ မြင်မိတယ်လို့ ပြောပါတယ်။ ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဆန္ဒထုတ်ဖော်တာတွေကို ခွင့်ပြုဖို့ ခက်ခဲပေမယ့် အခု အရေးပေါ်ဆိုပြီး ခွင့်တောင်းလို့ ခွင့်ပြုတာ ဖြစ်တယ်လို့ ဆိုပါတယ်။

  2. မြန်မာကိုကူညီမှု ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကိုရီးယားရောက် မြန်မာတွေသွေးလှူမယ်

    တောင်ကိုရီးယားရောက် မြန်မာကျောင်းသားများအဖွဲ့ကဦးဆောင်ပြီး ဂယောင်းဂီ ပြည်နယ်လွှတ်တော်ရဲ့ ပူးပေါင်းမှုနဲ့ စုပေါင်းသွေးလှူဒါန်းပွဲကို ဧပြီလ ၂၅ ရက်နေ့မှာ နေရာ ၆ နေရာခွဲပြီး လှူဒါန်းသွားကြမှာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း တောင်ကိုရီးယား အစိုးရနဲ့ ပြည်သူတွေက မြန်မာပြည်သူ လူထုအတွက် အားတက်သရောကူညီပေးနေကြတာကို ကျေးဇူးတုံ့ပြန်လိုတဲ့ အတွက် အခုလို သွေးလှူဒါန်းကြမှာ ဖြစ်ပါတယ်။

    နောက်ပြီး ဧပြီလ ၇ရက်နေ့က ဂယောင်းဂီဒိုပြည်နယ် လွှတ်တော်နဲ့ ဆွေးနွေးတောင်းဆိုချက် အမှတ်စဥ် ၆- နဲ့ ကိုရီးယားမြေမှာ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် အကူအညီပေးမှုများအားလုံးကို ကျေးဇူးတင်တဲ့ အထိမ်းအမှတ် အနေနဲ့ အမွန်မြတ်ဆုံး ဖြစ်တဲ့ သွေးလှူခြင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

    ဒီကနေတဆင့် တောင်ကိုရီးယား နိုင်ငံက မြန်မာနိင်ငံအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာ အဓွန့်ရှည်ပြီး နွေဦးတော်လှန်ရေး အတွက် ဆက်လက် ကူညီပေးကြဖို့လည်း မျှော်လင့်ထားတယ်လို့ တောင်ကိုရီးယားရောက် မြန်မာတွေက ဆိုပါတယ်။

    သွေးလှူဖို့ စာရင်းပေးထားတာ လူ ၂၀၀ ကျော်ရှိပြီလို့ တောင်ကိုရီးယားက မြန်မာ့အရေး လှုပ်ရှားသူ ကိုဇင်မင်းပိုင်က ပြောပါတယ်

  3. အာဏာသိမ်းစစ်ခေါင်းဆောင်ကို စုံစမ်းစစ်ဆေးဖို့ အေအိုင်အဖွဲ့တိုက်တွန်း

    ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ အရေးပေါ် အစည်းအဝေးကို တက်ရောက်မယ့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူအမြောက်အများအပေါ် ရက်စက်စွာကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) နဲ့ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) လူ့အခွင့်အရေးအဖွဲ့က အင်ဒိုနီးရှား အာဏာပိုင်တွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

    မြန်မာ့အရေးဆွေးနွေးမယ့် ဒီထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင် လူကိုယ်တိုင်တက်ရောက်မယ်ဆိုပြီးလည်း သတင်းတွေ ထွက်နေချိန်မှာ အေအိုင်အဖွဲ့ဘက်က အခုလို တိုက်တွန်းလိုက်တာပါ။

    နှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် (UN Convention Against Torture) မှာ လက်မှတ်ရေးထိုးထားတဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ သူ့နိုင်ငံနယ်နိမိတ်အတွင်းမှာ ပြစ်မှုကျူးလွန်သူ သံသယတရားခံကို တရားစွဲဆိုတာ ဒါမှမဟုတ် တရားခံလွှဲပြောင်းပေးတာမျိုး လုပ်ပိုင်ခွင့်ရှိတယ်လို့လည်း အေအိုင်အဖွဲ့ က ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းဟာ အာဆီယံအတွက် သမိုင်းတလျှောက်အကြီးဆုံး ဆန်းစစ်မှုတခုဖြစ်တယ်၊ ဒီကိစ္စဟာ မြန်မာပြည့်တွင်းရေးသာမက ဒေသတခုလုံးနဲ့ အဲဒီပြင်ပကိုပါ သက်ရောက်နေတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ပဋိပက္ခကြီးဖြစ်တယ်၊ ဒါကြောင့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့ မူကို တလျှောက်လုံးကျင့်သုံးလာတဲ့ အာဆီယံရဲ့ သဘောထားဟာ အောင်မြင်နိုင်ခြေမရှိဘူးလို့ အေအိုင်အဖွဲ့ရဲ့ သုတေသနလုပ်ငန်းပိုင်ဆိုင်ရာ ဒေသတွင်း လက်ထောက် ညွှန်ကြားရေးမှူး အီမာလင်နီ ဂစ်လ် က ပြောပါတယ်။

    ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့၊ အေအိုင်နဲ့ တခြားအဖွဲ့အစည်းတွေရဲ့ အင်မတန်များပြားတဲ့ သက်သေအထောက်အထားတွေကို သုံးပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကို စစ်ဆေးရမယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ န်ိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကို စိုးရိမ်စေတဲ့ အပြင်းထန်ဆုံး ရာဇဝတ်မှုတွေကို ကျုးလွန်နေတဲ့ သံသယရှိသူတစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်ကို အင်ဒိုနီးရှား အာဏာပိုင်တွေကော၊ တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လျစ်လျူရှုထားလို့ မရနိုင်ဘူးလို့လည်း ဆိုပါတယ်။

    မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ဆောင်ဖို့နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အတူလက်တွဲ လုပ်ဆောင်ကြဖို့ အေအိုင် လူ့အခွင့်အရေးအဖွဲ့က အိတ်ဖွင့်ပေးစာတစောင်ပေးပို့ တိုက်တွန်းထားပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၇၃၉ ဦး သေဆုံးခဲ့ကာ လူပေါင်း ၃၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

  4. မန္တလေး မြရည်နန္ဒာအိမ်ရာထဲက လူ ၆ ဦး ဖမ်းဆီးခံရ

    မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာအိမ်ရာမှာ စစ်ကောင်စီတပ်တွေက လူ ၆ ဦးကို ဒီနေ့ ဧပြီလ ၂၃ ရက် နေ့ခင်းပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ အိမ်ရာဝင်းထဲ နေထိုင်သူတွေက ပြောပါတယ်။

    ဘာကြောင့် ဖမ်းဆီးသွားတာကို မသိရပေမဲ့ အခန်းနံပါတ် အတိအကျနဲ့ သတင်းပေးချက်အရ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

    မနေ့ကလည်း မြရည်နန္ဒာအိမ်ရာမှာ လူငယ်ကျောင်းသား ၄ ဦးကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေဖမ်းဆီးသွားသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီလိုအဖမ်းအဆီးတွေရှိနေပေမဲ့ မန္တလေးမြို့တွင်းမှာတော့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး မန်းလွဲ လက်ဖက်ရည်သောက်ချိန်သပိတ်ကို ပြုလုပ်သွားပြန်ပါတယ်။

    ကျန်းမာရေးမိသားစု သပိတ်တွေပါဝင်သလို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)သပိတ်စစ်‌ကြောင်း‌တွေလည်း ထွက်ကြပါတယ်။

    "အကြမ်းဖက်စစ်အာဏာရှင်အုပ်စုကို ရတဲ့အချိန်၊ ရတဲ့နေရာမှာ ရတဲ့နည်းလမ်းနဲ့ ဆန့်ကျင်တော်လှန်ဖြုတ်ချပစ်ဖို့ ဘယ်တော့မှ သွေးအေးသွားမှာ မဟုတ်ဘူး၊ တွေဝေသွားမှာ မဟုတ်ဘူး၊ ကြောက်ရွံ့သွားမှာ မဟုတ်ဘူး၊ နောက်တွန့်သွားမှာ မဟုတ်ဘူး"လို့ ကျန်းမာရေးမိသားစု ဆန္ဒပြသူက ကြေညာစာထုတ်ပြီး ပြောပါတယ်။

    မန္တလေးမှာ ညသပိတ်၊နေ့သပိတ်တွေကို လိုက်လံဖမ်းဆီးဖြိုခွင်းတာတွေ ရှိပေမဲ့ မြို့ခံတွေကတော့ ပျောက်ကျားပုံစံနဲ့ သပိတ်တွေဆက်ပြုလုပ်နေတုန်းဖြစ်ပါတယ်။

  5. စစ်အာဏာရှင်ကို မကာကွယ်ဖို့ အာဆီယံခေါင်းဆောင်တွေကို လူငယ်တွေတောင်းဆို

    မြန်မာ့အရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အစည်းအဝေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို အကာအကွယ်မပေးဖို့ အာဆီယံခေါင်းဆောင်တွေကို လူငယ်တွေက ဒီနေ့ ဧပြီလ ၂၃ ရက်မှာ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြတောင်းဆိုသွားပါတယ်။

    အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ မနက်ဖြန် ဧပြီလ ၂၄ ရက်မှာ ကျင်းပဖို့ရှိတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖို့ရှိနေချိန်မှာ လူငယ်တွေက အခုလိုလမ်းပေါ်တက် ဆန္ဒပြခဲ့ကြတာပါ။

    ရန်ကုန် မြို့နယ်အသီးသီးက လူငယ်တွေပါဝင်တဲ့ ဒီဆန္ဒပြပွဲကို လသာမြို့နယ်ရဲစခန်းအနီး မဟာဗန္ဓုလလမ်းမပေါ်တွင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ရဲန့ဲစစ်သားတွေရဲ့ ဖိနှိပ်မှုတွေကြားက လူငယ်တွေက မြို့လယ်ကောင်အထိထွက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

    လူစုခွဲပြီးတဲ့နောက် ရဲတွေ ဆိုင်ကယ်တွေနဲ့ ရောက်လာခဲ့ပေမဲ့ ဆနဒပြသူတွေ ဖမ်းဆီးခံရတာမျိုးတော့ မရှိခဲ့ပါဘူး။

  6. စစ်ကောင်စီကျဆုံးရေး ပုဂံလူထုရဲ့ဆန္ဒပြပွဲ

    ရှေးဟောင်းမြို့တော် ပုဂံမှာတော့ အာဏာသိမ်းစစ်ကောင်စီကျဆုံးရေးကို ဒေသခံပြည်သူ ၁၀၀ ကျော်စုပေါင်းပြီး ဒီကနေ့ ဧပြီလ ၂၃ ရက် မနက်ပိုင်းမှာ ပြုလုပ်သွားပါတယ်။

    ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေးနဲ့ အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေး စတဲ့ ကြွေးကြော်သံတွေနဲ့အတူ မြို့တွင်းလှည့်လည်ပြီး ဆန္ဒပြခဲ့ကြတာလို့ ပါဝင်သူတွေက ပြောပါတယ်။

    ဒီဆန္ဒပြပွဲမှာပဲ CRPH က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ထောက်ခံ ကြိုဆိုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

  7. စစ်ဆေးမှုတွေကြားကပြုလုပ်ခဲ့တဲ့စစ်ကိုင်းသပိတ်

    စစ်ကိုင်းမြို့မှာတော့ အစစ်အဆေးတွေကြားကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းကို လူထုက ဒီနေ့ ဧပြီလ ၂၃ ရက်မှာ ဆိုင်ကယ်သပိတ် အနေနဲ့ ဆန္ဒထွက်ပြခဲ့ကြပါတယ်။

    မြို့တွင်းက ငါးထပ်ကြီး၊ ကောင်းမှုတော် တဝိုက်နဲ့ မြို့အဝင် အဝိုင်းပတ်မှာ စစ်ကောင်စီဘက်က စောင့်ကြည့်တာတွေရှိသလို စစ်ကိုင်းတံတားအဝင်မှာလည်း ယာဉ်တွေရပ်ခိုင်းပြီး စစ်ဆေးတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဧပြီလ ၂၁ ရက်တုန်းကတော့ စစ်ကိုင်းပင်မ သပိတ်စစ်ကြောင်းထွက်ခွါဖို့ လူစုချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်ဝတ်၊အိမ်စီးကား‌တွေနဲ့ ဖြိုခွဲခဲ့ပါတယ်။

    အဲ့ဒီသပိတ်ကနေ လူငယ် ၂ ဦးဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက နည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း မိုးဟိန်းကျော်ဟာ ထောင်ဒဏ် ၃ လချမှတ်ခံခဲ့ရတယ်လို့ ပင်မသပိတ်မှာပါဝင်သူတစ်ဦးထံက‌နေ သိရပါတယ်။

  8. ရန်ကင်းထွေအုပ်ရုံး ဗုံးပေါက်ကွဲမှုအပြီး အဖမ်းခံရသူကို မိသားစုအဆက်အသွယ်မရ

    ရန်ကုန်၊ ရန်ကင်းမြို့နယ်ထဲက နေအိမ်မှာ စစ်ကောင်စီတပ်တွေက သတင်းအရဆိုပြီး ဧပြီလ ၁၈ ရက်တုန်းက ဖမ်းဆီးခံခဲ့ရသူတွေထဲမှာပါဝင်သူ မခင်ငြိမ်းသူဟာ လက်ရှိအချိန်အထိ မိသားစုနဲ့အဆက်အသွယ် မရသေးဘူးလို့ သူ့ရဲ့မိခင်က ဘီဘီစီကို ပြောပါတယ်။

    မခင်ငြိမ်းသူကို ဧပြီလ ၁၈ ရက်ည ၉ နာရီကျော်လောက်မှာ ဖမ်းသွားတယ်လို့ သတင်းရတော့ နောက်နေ့မနက်မှာ ရန်ကင်းရဲစခန်းကို သွားစုံစမ်းချိန် ခပ်လှမ်းလှမ်းကနေ တချက်မြင်တွေ့ခဲ့ရပြီးတဲ့နောက်ပိုင်း အခုအထိ ဘယ်ရောက်နေတယ်ဆိုတာ သတင်းအစအန မရဘူးလို့ မိခင်ဖြစ်သူကပြောပါတယ်။

    အဲဒီတုန်းက ခပ်လှမ်းလှမ်းက မြင်ရတဲ့ မခင်ငြိမ်းသူရဲ့မျက်နှာဟာ ပုံမှန် ထက်ကြီးနေတာကို မြင်ခဲ့ရတယ်လို့လည်း မိခင်က ပြောပါတယ်။

    ဖမ်းဆီးခံရပြီးတဲ့နောက် အရင်မျက်နှာကို မမှတ်မိနိုင်လောက်အောင် ဖူးယောင်ဒဏ်ရာတွေရထားတဲ့ ခင်ငြိမ်းသူဓာတ်ပုံကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံကနေ ပြသခဲ့လို့ ဒီဓာတ်ပုံတွေ လူမှုကွန်ယက်ပေါ် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့ခဲ့သလို ဖမ်းဆီးခံရသူတွေ နှိပ်စက်ခံရတဲ့အခြေအနေကို ပြသနေလို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

    "အန်တီ စိတ်ဆင်းရဲပါတယ်။ ကလေးကို စိတ်လည်းတော်တော်ပူပါတယ်။ ကလေးကို ဆေးကုသခွင့်ပေးဖို့ မျှော်လင့်ပါတယ်" လို့ မိခင်ဖြစ်သူ ဒေါ်လှလှစိုးက ပြောပါတယ်။

    ရန်ကင်းမြို့နယ်ထဲ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီနေ့ တနေ့တည်းမှာ မခင်ငြိမ်းသူပါအဝင် မြို့နယ်အတွင်း ဖမ်းဆီးခံရသူ လူငယ် ၆ ဦးအထိရှိခဲ့ပါတယ်။

    အဲဒီလူငယ်တွေရဲ့ဓာတ်ပုံတွေကို စစ်ကောင်စီက ထုတ်ပြန်တဲ့အခါမှာလည်း မခင်ငြိမ်းသူနည်းတူ မျက်နှာတွေမှာ အညိုအမည်းစွဲနေတာကို မြင်တွေ့ရပါတယ်။

  9. ရန်ကုန်မြို့လယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ပြန်ရှိလာ

    ရန်ကုန်မြို့လယ်ခေါင်ဆူးလေစေတီတဝိုက်မှာ ဒီနေ့ ဧပြီ ၂၃ ရက်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။

    လူစုခွဲ ပစ်ခတ်နှိမ်နင်းခဲ့ပြီး လူစုလို့မရအောင် လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ မရှိတော့တာ ရက်အတော်ကြာခဲ့ပါပြီ။

    မြန်မာ့အရေးဆွေးနွေးကြမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် တစ်ရက်အလို ဒီနေ့မှာ ခုလို လူငယ်တွေဦးဆောင်တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ပြန်လည် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

  10. စစ်အာဏာသိမ်းပြီး ၈၁ ရက်မှာ သေဆုံးသူ ၇၃၉ ဦးရှိပြီလို့ AAPP ထုတ်ပြန်

    စစ်အာဏာသိမ်းပြီး ၈၁ ရက်အတွင်း သေဆုံးသူ ၇၃၉ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့ ဧပြီ ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ပစ်ခတ်မှုကြောင့်သေဆုံးသူ ၂၄၀ ဦးရှိတယ်လို့ ဧပြီ ၁၉ ရက် ည ၈ နာရီသတင်းမှာကြေညာခဲ့ပါတယ်။

    အဲဒီလူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်သာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည် ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။

    ဆန္ဒပြနေစဉ် ရောဂါနဲ့ သေဆုံးခဲ့သူတွေ ရှိခဲ့ပြီး အဲဒီထဲမှာ နှလုံးရောဂါနဲ့ ၄ ဦး၊ ကိုဗစ်ရောဂါနဲ့ သေဆုံးသူ တစ်ဦး ပါဝင်တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

    • စစ်ကောင်စီရဲ့ ဖြိုခွင်းမှုအတွင်း သေဆုံးခဲ့ရသူများ
    • မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နေ့စွဲမှတ်တမ်း

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြကြတဲ့သူတွေဟာ အကြမ်းဖက် နှိမ်နင်းခံခဲ့ကြရပါတယ်။သေဆုံးသူတွေထဲမှာ လူငယ်တွေအများအပြားပါဝင်သလို တချို့က အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေပါ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းက မြို့တွေမှာ ပြည်သူတချို့က လမ်းပေါ်မှာ၊ တချို့က အိမ်ထဲမှာတောင် ပစ်သတ်ခံရတာတွေ ရှိပါတယ်။

  11. ရိုဟင်ဂျာမိန်းကလေးငယ် ၁၀၀ ကို ကူဝိတ်ဘဏ်က ပညာသင်ဆုပေး

    ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းထဲက အမျိုးသမီးငယ် အယောက် ၁၀၀ ကို ကူဝိတ်ဘဏ် (KFH) က ၄ နှစ်ကြာတက္ကသိုလ် ပညာသင်ဆု ပေးအပ်မယ့်အကြောင်း ကူဝိတ်လခြမ်းနီအဖွဲ့(KRCS)က ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာပါတယ်။

    ကူဝိတ်လခြမ်းနီအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်အာရှတက္ကသိုလ်တို့ကြား သဘောတူညီချက်တစ်ရပ် လက်မှတ်ထိုးအပြီးမှာ အခုအစီအစဉ်ထွက်ပေါ်လာတာပါ။

    လူတိုင်းပညာသင်ခွင့်ရှိရေးအရေးကြီးသလို အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခဒဏ်ခံစားနေရသူတွေဟာ ပညာသင် အခွင့်အလမ်းပိုရသင့်တယ်ဆိုပြီး ပညာသင်ဆုပေးမယ့်အစီအစဉ်နဲ့ပတ်သက်လို့ ကူဝိတ်လခြမ်းနီအဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

    ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်ရှိပြီး အများစုဟာ ကော့ဘဇားခရိုင်ထဲမှာရှိတဲ့ အဖြစ်သာသာဆောက်ထားတဲ့ တဲတွေမှာ နေထိုင်နေကြရပါတယ်။

    ဒုက္ခသည်စခန်းတွေထဲက ပညာသင်ခွင့်မရတဲ့ရိုဟင်ဂျာလူငယ်တွေ ၅ သိန်းလောက်ဟာ ပျောက်ဆုံးမျိုးဆက်ဖြစ်လာနိုင်တယ်ဆိုပြီး ဒီလူငယ်တွေ ပညာသင်ကြားခွင့်ရဖို့ တက်ကြွလှုပ်ရှားသူတွေက တစိုက်မတ်မတ် စည်းရုံးလှုံ့ဆော်ခဲ့တာပါ။

    အရင်တုန်းကလည်း ပညာရေးကိုခုံမင်တဲ့ ရိုဟင်ဂျာ လူငယ်တချို့ဟာ ဘင်္ဂလားဒေ့ရှ် မှတ်ပုံတင်တွေလုပ်ပြီး ကျောင်းတွေမှာ ပညာသင်ခွင့်ရအောင် ကြိုးပမ်းတာတွေရှိခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ်မှာတော့ ဘင်္ဂလားဒေ့ရှ် ဘက်က ဒေသန္တရစာသင်ကျောင်းတွေမှာ ရိုဟင်ဂျာကလေးတွေ အားလုံးကို စာမသင်ပေးဖို့ အမိန့်တွေ ထုတ်ခဲ့ပါတယ်။

    ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ ဒုက္ခသည်စခန်းတွေမှာ အသက် ၁၁ နှစ်ကနေ ၁၃ နှစ်ကြား ရိုဟင်ဂျာလူငယ်တွေ ကျောင်းနေခွင့်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဖြေလျှော့ပေးခဲ့လို့ အဲဒီနှစ် ဧပြီလကစလို့ စခန်းတွေက ၆ တန်းကနေ ၉ တန်းအထိရှိမယ့် ရိုဟင်ဂျာကလေးငယ် ၁၀,၀၀၀ ကို မြန်မာသင်ရိုးနဲ့သင်ပေးမယ့် ရှေ့ဆောင်ပညာရေးအစီအစဉ် စမယ်လို့ ကုလကလေးသူငယ်အကူအညီပေးရေးအဖွဲ့ (UNICEF) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

  12. ပြည်တွင်းရေးကြောင့် ဒုက္ခရောက်သူ ၂ သန်းကို အစားအစာကူညီဖို့ WFP ပြင်ဆင်နေ

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမှု စကတည်းက အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြို့ကြီးတွေထဲက ချို့တဲ့တဲ့မြို့နယ်တွေနဲ့ နေရပ်စွန့်ခွါနေရသူတွေများတဲ့နေရာတွေကို အစားအစာအကူအညီပေးသွားမယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်(WFP)က ဧပြီလ ၂၂ ရက်မှာ ပြောပါတယ်။

    ဆာလောင်မှုနဲ့ ကြံရာမရဖြစ်နေကြရတဲ့ အခြေအနေတွေကြားမှာ မြန်မာပြည်တွင်းနိုင်ငံရေးအကျပ်အတည်းကြောင့် အစားအစာမလုံလောက်မှုကြုံနေရသူ လူ ၂ သန်းကို အာဟာရအကူအညီပေးသွားမှာလို့ WFP ဘက်က ပြောပါတယ်။

    ရန်ကုန်မြို့ထဲနဲ့ မြို့ဝန်းကျင်က မိသားစုတွေဆိုရင် ထမင်းနပ်မမှန်တာ၊ အာဟာရပြည့်ဝစွာမစားနိုင်တာနဲ့ အစားအသောက်အတွက် အကြွေးပိတာတွေဖြစ်နေပြီး အလုပ်လက်မဲ့ဖြစ်တာ၊ ဝင်ငွေမရှိတာတွေက အဓိက အကြောင်းရင်းခံတွေလို့ WFP က ပြောပါတယ်။

    ဒါ့ကြောင့် WFP က ကျူးကျော်ရပ်ကွက်တွေရှိရာ ရန်ကုန်မြို့နယ် ၁၀ မြို့နယ်ကို အစားအသောက်အကူအညီတွေပေးသွားမှာဖြစ်ပြီး အခြေအနေကိုလည်း စောင့်ကြည့်နေသလို လိုအပ်ရင် တိုက်ပွဲရှောင်တွေဆီပါ အကူအညီပေးဖို့ရှိနေတယ်လို့ ဆိုပါတယ်။

    WFP ရဲ့ဈေးကွက်စောင့်ကြည့်မှုအရဆိုရင် ဆန်ဈေးဟာ နိုင်ငံတဝန်းမှာ ဇန်နဝါရီလကတည်းက ဆိုရင် ၅ ရာခိုင်နှုန်း၊ ဟင်းချက်ဆီဈေးဟာ ဖေဖော်ဝါရီလကနေဆိုရင် ၁၈ ရာခိုင်နှုန်း ဈေးတက်လာသလို လောင်စာဆီဈေးနှုန်းကလည်း နိုင်ငံတဝန်းမှာ ၃၀ ရာခိုင်နှုန်းအထိ တက်လာတယ်လို့ သိရပါတယ်။

    ဒါ့ကြောင့် လာမယ့်လတွေမှာ WFP က အကူအညီပေးရမယ့်လူဦးရေ ၁ သန်းကျော်ကနေ ၃ သန်းကျော်အထိ တိုးလာနိုင်လို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၆ သန်း ကူညီလှူဒါန်းကြဖို့ WFP က မေတ္တာရပ်ခံထားပါတယ်။

  13. မန္တလေးမှာ ညသပိတ်တွေဖြိုခွင်းခံရပေမဲ့ လူငယ်တွေ မနက်ခင်းဆက်ဆန္ဒပြ

    မန္တလေးမြို့မှာ ပညာရေးမိသားစုအပါဝင် လူငယ်တွေက စစ်ဆေးဖမ်းဆီးတာတွေကြားကပဲ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲကို ဒီနေ့ ဧပြီလ ၂၃ ရက်မှာ ပြုလုပ်ကြသွားကြပါတယ်။

    နန်းရှေ့ ၁၉လမ်း၊ ၈၉လမ်း မင်းတဲအီကင်းဘက်၊ လမ်း ၉၀x၂၂လမ်းတွေမှာ မော်တော်ယာဥ်တွေ ရပ်ခိုင်းပြီး ဖုန်းစစ်ဆေးတာ တုတ်၊ဓား ပါ မပါ ရှာဖွေတာတွေပါ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီက ရဲအဖွဲ့၊ ယာဉ်ထိန်းရဲတွေ့နဲ့ ပူးပေါင်းပြီး မန္တလေးမြို့ လမ်းနေရာအချို့မှာ ယာဉ်တွေကို စစ်ဆေးတာဟာ နေ့စဉ်ဆိုသလိုဖြစ်နေပါတယ်။

    "လမ်းသွားလမ်းလာကို တားပြီးစစ်တာ။ ဖုန်းတောင်းပြီး ဓာတ်ပုံ၊ ဖေ့စ်ဘွတ်၊ မက်ဆင်ဂျာတွေကို စစ်တာ။ ဆိုင်ကယ်ဆိုလည်း ဖင်ထိုင်ခုံလှန်စစ်တာပဲ" လို့ ဒီနေ့ စစ်ဆေးခံရသူတဦးကပြောပါတယ်။

    ဒီမနက် မြရည်နန္ဒာ မမ-၁၉ကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

    မန္တလေးမြို့မှာ ရပ်ကွက်တချို့က ညသပိတ်တွေကို ဖြိုခွင်းတာရှိသလို ဧပြီ ၂၁ရက် ညပိုင်းကလည်း ဦးပွါးကုန်းကျော်နား သံလမ်းဘေးက ရပ်ကွက်တွေထဲ ဝင်ရောက်ပစ်ခတ်တာတွေရှိခဲ့လို့ ကျည်မှန်ဒဏ်ရာရသူ ၂ ဦးရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

  14. အင်းစိန်ထောင်မှာ အဖမ်းခံထားရတဲ့ ထင်ရှားသူတွေ

    ဖေဖော်ဝါရီ ၁ ရက် နေ့က စစ်အာဏာသိမ်းပြီးနောက် အဖမ်းခံရသူတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့အစိုးရ ဝန်ကြီးတွေ အပြင် ထင်ရှားတဲ့နိုင်ငံရေးသမားတွေ ၊ စာရေးဆရာတွေ၊ သတင်းမီဒီယာသမားတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ပါဝင်ပါတယ်။

    အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရသူအများ အပြားရှိပြီး ဦးမြအေး၊ မင်းသားလူမင်း၊ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တို့လည်း ရှိနေပါတယ်။

    ထောင်ထဲမှာ သူတို့နဲ့ စကားပြောခွင့်ရသူတစ်ယောက်ကတော့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ တည်ထောင်သူ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်ဟောင်း ကိုဇေယျာလွင်ပါ။

    ၂၀၁၉ခုနှစ်က တပ်မတော်အကြည်ညိုပျက်စေမှု နဲ့ တရားစွဲဆို ခံရပြီး ထောင်ကျခဲ့တဲ့ ကိုဇေယျာလွင်ဟာ ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့က မှ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

    ထောင်ထဲမှာ အဖမ်းခံထားရတဲ့ အဲဒီလူတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဘာတွေ ပြောဖြစ်ခဲ့ကြသလဲ ဆိုတာ မညိုလဲ့ရည်က ကိုဇေယျာလွင်ကိုမေးကြည့်ထားပါတယ်။

  15. ကိုဗစ်ကာကွယ်ဆေး တစ်သန်းကျော်ကျန်နေသေးလို့ ဆေးလာထိုးကြဖို့ ကြေညာ

  16. စစ်ကောင်စီခေါင်းဆောင် အာဆီယံအစည်းအဝေး လာတက်ရင် ဖမ်းပေးဖို့ အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့(INTERPOL)ကို NUGတိုက်တွန်း

    မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာမယ့် ရက်ပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာပြုလုပ်မယ့် မြန်မာနိုင်ငံအရေး အာဆီယံထိပ်သီး အစည်းအဝေးကို လာရောက်ဖို့အတွက် နိုင်ငံကနေထွက်ခွာလာတဲ့အခါမှာ ဖမ်းဆီးပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL)ကို အကြောင်းကြားတိုက်တွန်းထားတယ်လို့ NUG ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

    NUGရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ကြီး ဦးလွင်ကိုလတ်က INTERPOL ရဲတပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးထံကို ပေးပို့တဲ့စာထဲမှာ စစ်ကောင်စီခေါင်းဆောင်ကို နိုင်ငံတကာ တရားရုံး ICJ နှင့် နိုင်ငံတကာ ရာဇဝတ်မှုများ တရားရုံး ICC ဆီကို တရားစွဲတင်ပို့နိုင်ရေးအတွက် အခုလို အကူအညီတောင်းခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

    ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ အတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအရေး ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အပြည်ပြည်ဆိုင်ရာဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူတစ်ယောက်အဖြစ် စွပ်စွဲခံထားရသူဖြစ်တဲ့အပြင်၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက်ပိုင်း သူဦးဆောင်တဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ ကြောင့် ဧပြီလ ၂၁ ရက်နေ့အထိ ပြည်သူ ၇၃၉ ဦး သေဆုံးခဲ့ရပြီး၊ ပြည်သူ ၃၃၃၁ ယောက် ဖမ်းဆီးခံရတာတွေကိုလည်း အကြောင်း ကြားစာမှာ ထည့်သွင်းထားပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူဖြစ်တဲ့အပြင် လောလောလတ်လတ်ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားတဲ့ ပြစ်မှု အတွက် ICJ နှင့် ICC တရားရုံးတွေမှာ ရုံးတင်စစ်ဆေးဖို့လိုအပ်တယ် လို့လည်း NUG ဝန်ကြီးရဲ့ အကြောင်းကြားစာထဲမှာ ထည့်သွင်းရေးသားထားတယ်လို့ ဆိုပါတယ်။

    အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL)ဘက်က ဒီတိုက်တွန်းစာအပေါ် ဘယ်လိုတုန့်ပြန်သလဲဆိုတာကိုတော့ ဘီဘီစီအနေနဲ့ မသိရှိရသေးပါဘူး။

  17. သရုပ်ဆောင်ဇဏ်ခီမိသားစုကို နေအိမ်မှာဆက်လက်ထားရှိတယ်လို့ဆို

    ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ သရုပ်ဆောင် ဇဏ်ခီမိသားစုကို ဆက်လက်စစ်ဆေးစရာရှိတာကြောင့် နေအိမ်မှာ ဆက်လက်ထားရှိထားတယ်လို့ မြန်မာအသံက ကြေညာပါတယ်။

    သရုပ်ဆောင် ဇဏ်ခီ၊ ဇနီးခရစ်စတီးနားခီ အပါအဝင် အသက်မပြည့်သေးတဲ့ သားဖြစ်သူနဲ့ အိမ်အကူအမျိုးသမီးတို့ရဲ့ ရုပ်ပုံတွေကို ရုပ်မြင်သံကြားကနေတဆင့် ပြသခဲ့ပြီး လိုအပ်သလို ဆက်လက်စိစစ်နိုင်ဖို့အတွက် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင်းက နေအိမ်မှာပဲ ဆက်လက်ထားရှိထားတယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ ဇဏ်ခီတို့မိသားစုကို ဘာကြောင့် ခေါ်ယူစစ်ဆေးတယ်ဆိုတာကိုတော့ အတိအကျ ထုတ်ဖော်ကြေညာသွားတာ မရှိပါဘူး။

    သူတို့မိသားစုဟာ ဧပြီလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထွက်ခွာဖို့ ပြင်ဆင်နေစဉ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရပ်ဝတ် လူတစုက လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

  18. NUG အစိုးရအဖွဲ့ဝင်တွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်ကောင်စီ တရားစွဲ

    ဧပြီလ ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်တချို့ကို နိုင်ငံတော် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂၊ မတရားအသင်းနဲ့ ဆက်နွှယ်မှု ပုဒ်မ ၁၇ (၁) နဲ့ သက်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲထားတယ်လို့ မြန်မာ့အသံ ည ၈ နာရီသတင်းမှာ ကြေညာသွားပါတယ်။

    NUG အစိုးရကို ဦးဆောင်သူ ဒုသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေနဲ့ အစိုးရသစ်ဖွဲ့စည်းကြောင်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်၊ CRPH အဖွဲ့ဝင် ဒေါက်တာဝေဖြိုးအောင်တို့ကို အမှုဖွင့် တရားစွဲထားတယ်လို့လည်း ဆိုပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆိုပြီး စင်ပြိုင်အစိုးရ တည်ထောင်တာဟာ တရားမဝင်ကြောင်းနဲ့ မတရားအသင်းကြေညာထားတဲ့ CRPH နဲ့ ဆက်သွယ်ပြီး ကျိမ်းသစ္စာကျိန်ဆိုခဲ့တဲ့အတွက် အခုလို တရားစွဲဆိုရတာဖြစ်တယ်ဆိုပြီး ကြေညာသွားပါတယ်။

  19. ဗြိတိန်တလွှားက လွှတ်တော်အမတ် ၁၀၀ က မြန်မာစစ်ကောင်စီကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အဆိုတင်

    မြန်မာပြည်ကို နိုင်ငံတကာကနေ လက်နက်တင်သွင်းမှုကို ပိတ်ပင်ဖို့၊ နိုင်ငံတကာတရားရုံး (ICJ)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) စတဲ့ တရားရုံးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် တခြားနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စတာတွေအပါအဝင် မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိုပြီး ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်တာတွေလုပ်ဖို့ ယူကေ နိုင်ငံ တဝန်းက နိုင်ငံရေးပါတီ ၉ ပါတီက လွှတ်တော်အမတ် အယောက် ၁၀၀ က ဗြိတိန်အစိုးရကို စုပေါင်းတောင်းဆိုလိုက်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကိုဗြိတိန်အနေနဲ့ ရှုတ်ချဖို့နဲ့ ရွေးချယ် တင်မြှောက်ခံ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပိုပြီး သွေးစည်း ညီညွှတ်ဖို့ ကိုလည်း သူတို့က ပန်ကြားထားတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UKအဖွဲ့က ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

    Early Day Motion 1545 လို့ အမည်ရတဲ့ အဆိုပြုချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ သာမန်ပြည်သူတွေ မထိခိုက်စေတဲ့ ပစ်မှတ်ထား စီးပွားရေးဆန်ရှင် အရေးယူဆောင်ရွက်မှုတွေ လုပ်ကြဖို့လည်း လွှတ်တော်အမတ်တွေက ထည့်သွင်းထားပါတယ်။

    ဗြိတိန်အစိုးရဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေကို ပစ်ခတ်ဖြိုခွဲနေတာတွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်တချို့ကို ပစ်မှတ်ထား အရေးယူထားသလို၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC) နဲ့ မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက် (MEHL)တို့ကိုလည်း ပိတ်ဆို့အရေးယူထားပါတယ်။

    ဒီလို အရေးယူဆောင်ရွက်မှုတွေကို ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ထောက်ခံကြိုဆိုကြပေမယ့် ဒီလိုအရေးယူမှုတွေလောက်နဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို ပြောင်းလဲစေမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပစ်ခတ်သတ်ဖြတ်မှုတွေ အတွင်း လူပေါင်း ၇၃၀ ကျော်သေဆုံးခဲ့ကြောင်းနဲ့ ဖမ်းဆီးခံရသူ ၃၃၀၀ ကျော်ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က စာရင်းပြုစုထုတ်ပြန်ထားပါတယ်။

  20. အာဆီယံထိပ်သီးဆွေးနွေးပွဲ ဘယ်သူတွေ တက်မလဲ

    မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေတွေကို အဖြေရှာဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ စနေနေ့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဖိလစ်ပိုင်သမ္မတ ရိုဒရီကို ဒူတာတေးတက်ရောက်မှာ မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးကိုသာ စေလွှတ်မယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပါတယ်။

    မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးရမယ့် အရေးပေါ် အစည်းအဝေးဖြစ်တာကြောင့် သမ္မတ ဒူတာတေး မတက်ရောက်တာ ဖြစ်တယ်လို့ ဆိုပေမယ့် ဒါနဲ့ပတ်သက်လို့ အသေးစိတ်တော့ ပြောမသွားခဲ့ပါဘူး။ ကိုဗစ်အရေး အာရုံစိုက်လုပ်ဆောင်ဖို့ ရှိတယ်လို့တော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောပါတယ်။

    ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကလည်း ဒီအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပြီး ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူလည်း ဖြစ်တဲ့ ဒွန် ပရာမာဝီနိမ်းပဲ တက်ရောက်မှာ ဖြစ်ပါတယ်။

    အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံကတော့ သမ္မတ ဂျိုကို ဝီဒိုဒို ကိုယ်တိုင်တက်ရောက်ဖို့ ရှိမရှိကိုတော့ လက်ရှိအချိန်အထိ အတိအကျ ပြောမထားပါဘူး။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲခေါ်ယူဖို့ အင်ဒိုနီးရှားနိုင်ငံနဲ့အတူ အဓိက တိုက်တွန်းခဲ့တဲ့ မလေးရှားန်ိုင်ငံကတော့ ဝန်ကြီးချုပ် တန် ဆီရီ မိုဟာရက်ဒင် ရာ ဆင်ကိုယ်တိုင်တက်ရောက်မှာ ဖြစ်တယ်လို့ မလေးရှားသတင်းတွေမှာ ရေးပါတယ်။

    ဒီအရေးပေါ်အစည်းအဝေးကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဘရူးနိုင်းနိုင်ငံရဲ့ ဘုရင် ဟာဆင်နယ် ဘိုကီးရားက ကမကထလုပ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

    ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်းချင်လည်း ကိုယ်တိုင်တက်ရောက်မယ်လို့ ပြောဆိုထားပေမယ့် စင်္ကာပူ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံတွေကတော့ နိုင်ငံ့ခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်ဖို့ ရှိမရှိဆိုတာ ထုတ်ဖော်ပြောဆိုထားတာ မတွေ့ရသေးပါဘူး။

    မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ဒီထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်မယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ဂျပန်အခြေစိုက် ကျိုတိုသတင်းမှာ ရေးထားပါတယ်။

    စစ်ကောင်စီအကြီးအကဲကို အာဆီယံဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားတာဟာ အာဏာသိမ်းစစ်တပ်ကို တရားဝင်မှုပေးတဲ့သဘော သက်ရောက်နိုင်တာကြောင့် ဒီဖိတ်ကြားမှုကို ချက်ချင်းရုပ်သိမ်းဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း တိုက်တွန်းထားပါတယ်။