ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သာကေတမှာ ညပိုင်းပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရ

    ရန်ကုန် သာကေတမြို့နယ်ထဲမှာ အခုညပိုင်းပေါက်ကွဲသံတွေဆက်တိုက်ဆိုသလို ကြားနေရကြောင်း သာကတေနေထိုင်သူတွေက ပြောပါတယ်။

    ည ခုနှစ်နာရီကျော်က သာကေတ အမှတ် ၃ ဈေး အနီးမှာပေါက်ကွဲသံကြားခဲ့ရသလိုနောက်နာရီဝက်ခန့် အကြာမှာ ဂိတ်ဟောင်းမီးပွိုင့်အနီးမှာ ပေါက်ကွဲသံကြားခဲ့ရတယ်လို့လည်း သူတို့ကပြောပါတယ်။

    အဲ့ဒီနောက် ဂိတ်‌ဟောင်းအနီးမှာ ည ၈နာရီကျော်က ထပ်မံပေါက်ကွဲသံကြားရကြောင်းသူတို့က ကပြောပါတယ်။

    ဒီနေ့မနက်ကလည်း မနက ၅ နာရီကျော်လောက်မှာ ပေါက်ကွဲသံကြားရပြီး နှစ်ကြိမ်ခန့်ပေါက်ကွဲမှုတွေရှိခဲ့ပါတယ်၊

    အဲ့ဒီနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ကပ်လျက် ၄တောင်ရပ်ကွက် အမှတ် ၄ အခြေခံပညာအလယ်တန်းကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ညနေပိုင်းမှာသာသနဝေပုလ္လဓမ္မာရုံထဲကို ပြောင်းရွှေ့တပ်စွဲတာတွေ့ရတယ် လို့ဆိုပါတယ်၊

    သာကေတမှာ ဒီနေ့နေ့လယ်ပိုင်းက အရပ်ဝတ်တွေနဲ့လူတွေက လိုက်လံဖမ်းဆီးမှုတွေလုပ်ခဲ့ပြီး လူ ၂၀ ခန့် အဖမ်းခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

  2. မေ ၂ ရက် နွေဦးတော်လှန်ရေးနေ့ ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ၆ ဦးသေဆုံး

  3. ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ် ကူးစက်မှုတွေများလို့ နယ်စပ်ကုန်သွယ်ရေးကို တင်းကြပ်

    ရခိုင်ပြည်နယ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးစက်မှု တတိယလှိုင်းအပြင်းအထန် ဖြစ်ပွားနေတဲ့အတွက် ဘင်္ဂလားဒေ့ရှိနိုင်ငံနဲ့ ကူးလူးဆက်ဆံနေတဲ့ ရခိုင်ပြည်နယ်က နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကို စည်းကမ်းချက်တွေချမှတ်ပြီးတော့ တင်းကြပ်ထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြောပါတယ်။

    လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ ကိုဗစ် ၁၉ ဖြစ်ပွားမှုတွေ မြင့်တက်နေသလို နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကိုလည်း လတ်တလောမှာ ဖွင့်ပေးထားပြီးတော့ ကုန်စည်ပို့ဆောင်ရေးရေယာဉ်လုပ်သားတွေကိုတော့ ကမ်းတက်ခွင့်မပေးဘဲ အခုလိုတင်းကြပ်တဲ့စည်းကမ်းချက်တွေနဲ့ စောင့်ကြပ်မှုတွေပြုလုပ်ထားတာဖြစ်ပါတယ်။

    နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ်က ကိုဗစ် ၁၉ ဒုတိယလှိုင်းဖြစ်ပွားနေချိန်မှာ ရပ်နားထားခဲ့တာဖြစ်ပြီး အခုနှစ် ဧပြီလ ၂ ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ဆောင်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုရှိပြီး မောင်တောကညင်ချောင်းစခန်းနဲ့ စစ်တွေရွှေမင်းဂံစခန်းတို့ဖြစ်ကာ အဲ့ဒီစခန်းတွေကနေဘင်္ဂလားဒေ့ရှိနိုင်ငံကို သွားလာနေတဲ့ ရေယာဉ်လုပ်သားတွေကို ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ကမ်းတက်ခွင့်တွေတင်းြပ်ထားတာဖြစ်ပြီးတော့ အကယ်၍ကမ်းပေါ်ကိုခိုးတက်တာတွေဖြစ်ပွားခဲ့ပါက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကနေ သင်္ဘောကိုတစ်လရပ်နားထားမှာဖြစ်ပြီး သင်္ဘောသားတွေကိုလည်း အလုပ်ကထုတ်ပယ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

  4. မြစ်ကြီးနားသတင်းဂျာနယ် ထုတ်ဝေခွင့် ပိတ်ခံရ

    စစ်ကောင်စီထိန်းချုပ်တဲ့ ပြန်ကြားရေး၀န်ကြီးဌာနက မြစ်ကြီးနား အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ တရား၀င်ထုတ်ဝေခွင့် လိုင်စင်ကို ၂၀၂၁၊ ဧပြီ (၂၉) ရက်နေ့မှာ ပိတ်သိမ်းလိုက်ကြောင်း အကြောင်းကြားတဲ့စာ ကို မေလ (၂)ရက် နေ့ စွဲနဲ့ လက်ခံရရှိခဲ့တယ်လို့ မြစ်ကြီးနား သတင်းဂျာနယ်က ထုတ်ပြန်ပါတယ်။

    ဒါကြောင့် မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ သတင်းတင်ဆက်မှုတွေကို မေလ ၂ ရက်နေ့ကစပြီးရပ်နားလိုက်ပြီလို့ အသိပေး အကြောင်းကြားလာကြောင်း ဂျာနယ်ကပြောပါတယ်။

    မြစ်ကြီးနားဂျာနယ်က သတင်;ထောက် ၃ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရပြီး စစ်တပ်ဘက်က စစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။

  5. နောင်ချိုမြို့မှာ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး

    ရှမ်းပြည်နယ် နောင်ချိုမြို့မှာ အာဏာသိမ်းစစ်ကောင်တပ်တွေပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    သေဆုံးခဲ့သူဟာနောင်ချိုမြို့ပေါ်စျေးရပ်ကွက် နယ်မြေ ၉ ကဖြစ်ပြီး အသက် ၄၀ နှစ်အရွယ် ဦးဝင်းနိုင်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    ဒါ့အပြင် ဒဏ်ရာပြင်းထန်သူတစ်ဦးလည်းရှိပြီး ကျည်ရှပ်မှန်တဲ့ သူတွေလည်းရှိတယ်လို့လည်းသူကပြောပါတယ်။

    ကျည်ထိမှန်သူ အချို့ဟာ ဆေးရုံသွားပြီး ကုသမှုတွေလုပ်ရင် အဖမ်းခံရမှာ စိုးတဲ့အတွက် ပုန်းရှောင်နေကြတာလည်းရှိတယ်လို့လည်း နောင်ချိုဒေသတွေက ပြောပါတယ်။

    ညနေပိုင်းမှာထပ်မံသိရတဲ့ သတင်းတွေအရ ဒဏ်ရာရရှိခဲ့သူတစ်ဦးထပ်မံသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

  6. မိုးကုတ်ကံကော်ရပ်သပိတ် ဖြိုခွဲခံရပြီး ၁၄ ဦးထက်မနည်းဖမ်းဆီးခံရ

    ဒီနေ့မေလ ၂ရက်နေ့မှာ မိုးကုတ်ကံကော်ရပ်သပိတ်စစ်ကြောင်းကို စစ်ကောင်စီဘက်ကအင်အားသုံးဖြိုခွင်းမူတွေရှိခဲ့ပြီး လူ၁၄ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့သူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    " ကျွန်တော်တို့မိုးကုတ်က ပုံမှန်ဆိုလည်း လူအင်အား ၅၀၀လောက်ထွက်နေကျ။ ဒီနေ့တော့ စထွက်ရုံပဲရှိသေးတယ်။ ၁၀မိနစ်လောက်အတွင်း ကားတွေအရှိန်ပြင်းပြင်း နဲ့ဝင်လာပြီးဖမ်းတာ။ ပုန်းနေတဲ့လူငယ်လေးတွေကိုလည်းအိမ်တွေထဲထိဝင်ဖမ်းတယ်။ ဒီအတိုင်းလမ်းသွားနေတဲ့ မိန်းကလေးတွေကိုလည်းဖမ်းတယ်။ အဖမ်းခံရတဲ့အထဲမှာတော့ အမျိုးသမီးဦးရေကပိုများတယ်။ အမျိုးသားတွေကတောထဲဝင်ပြေးတော့တော်တော် များများ လွတ်ကုန်တယ် " လို့သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့တဲ့ လူငယ်ကဆက်ပြောပြပါတယ်။

    ဒါ့ပြင် မိုးကုတ်မြို့ထဲမှာ မေလ ၁ရက်နေ့ညဦးပိုင်းကတည်းက ဆန္ဒပြရာမှာပါဝင်တဲ့ လူငယ်တွေရဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ၊ ရှာဖွေဖမ်းဆီးချင်တဲ့ လူငယ်တွေကိုမတွေ့ရင် မိသားစုဝင်တွေကိုဖမ်းဆီးသွားတာတွေ ပြုလုပ်ခဲ့တယ်လို့ လည်း သူက ဆက်ပြောပြပါတယ်။

  7. ထားဝယ် သပိတ်စစ်ကြောင်းအားလုံး ဆန္ဒပြတဲ့နေ့

    ထားဝယ်မြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းအားလုံးဟာ မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး အရင်ရက်တွေထက်လူအင်အား အများအပြားပါဝင်လာကြတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

    တပ်ပေါင်းစုသပိတ်စစ်ကြောင်း၊ လူငယ်သပိတ်စစ်ကြောင်း၊ ပင်မသပိတ်စစ်ကြောင်း၊ အင်ဂျင်နီယာ ပညာရေးဝန်ထမ်း နဲ့ မြို့ခံလူငယ်တွေ ပါတဲ့ သပိတ်စစ်ကြောင်းတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရာမှာ လူရာပေါင်းများစွာ ပါဝင်ခဲ့တယ်လို့ သူတို့ကပြောပါတယ်

    အဲဒီစစ်ကြောင်းတွေဟာ မတူညီတဲ့စုရပ်တွေက ထွက်လာကြတာဖြစ်ပြီးတော့ထားဝယ်မြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေပေါင်းကြတာလည်းဖြစ်ပါတယ်။

    သတင်းနှင့်ဓာတ်ပုံ Dawei Watch

  8. ဝက်လက်မြို့မှာ ပစ်ခတ်မှုကြောင့်နှစ်ဦးသေဆုံး

    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြပွဲမှာ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက နေတစ်ဆင့်သိရပါတယ်။

    သေဆုံးခဲ့သူတစ်ဦးဟာ မှတ်ထိရွာက ဖြစ်ပြီးနောက်တစ်ဦးက မြို့ပေါ်က အသက်၄၀ ကျော်အမျိုးသားတစ်ဦးဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

    ဒီကနေ့ မေလ ၂ ရက် ဝက်လက် မြို့က သပိတ်ဖြိုခွင်းမှုမှာ ကျည်ထိမှန်သူ ၇ ဦးခန့်ရှိတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

    ပစ်ခတ်မှုတွေအပြီးမှာ ဆန္ဒပြသူတွေဘက်ပြန်လည်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။

  9. မြစ်ကြီးနားမြို့မှာ အထွေထွေ သပိတ် ဆန္ဒပြ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အထွေထွေ သပိတ် ကျောင်းသားသမဂ္ဂအင်းအားစု ပင်မသပိတ်တို့ပူပေါင်းပြီး နွေဦးကို မေတူးနဲ့အတူ ဆက်လက်တော်လှန်တော်လှန်ကြမယ် ဆိုတဲ့ခေါင်:စဉ်နဲ့ မနက်၈နာရီကနေ မွန်းလွဲပိုင်းအချိန်ထိ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

    ဖြိုခွင်းမှုမပြုလုပ်ခင်မှာဘဲ လူစုခွဲကာ တစ်နေရာပြီးတစ်နေရာ ဆန္ဒပြခဲ့ကြတာပါ။

    ဒီကနေ့ မေလ ၂ ရက်နေ့မှာတော့ မြစ်ကြီးနားမှာ ဖမ်းဆီးခံရတာလည်းမရှိသလို ဒဏ်ရာရသေဆုံးမှုလည်း မရှိဘူးလို့ သိရပါတယ်။

  10. နယူးယောက်က မြန်မာ့နွေဦးတော်လှန်ရေးသပိတ်

  11. တိုကျိုနဲ့ထိုင်ဝမ်က မြန်မာ့နွေဦးတော်လှန်ရေးသပိတ် ‌‌

    တိုကျိုနဲ့ထိုင်ဝမ်မှာ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးသပိတ် ‌‌တွေဆင်နွှဲနေကြပြီး တော့ လူထောင်ချီပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။

  12. တရတ်က လှူတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ရန်ကုန်ရောက်

    တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လှူတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၅ သိန်း မေလ ၂ ရက်နေ့က ရန်ကုန်မြို့ ကို ရောက်ရှိလာပြီဖြစ်တယ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

    ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့်အချိန်ကစပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကပ်ရောဂါကာကွယ်ရေးပစ္စည်းတွေ ကူညီပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့တွေကို စေလွှတ်ခဲ့တာရှိပါတယ်။

    အခုကာကွယ်ဆေးလှူဒါန်းပေးအပ်မှုဟာ တရုတ်နိုင်ငံက အခုနှစ်ဆန်းပိုင်းမှာ ကတိပေးထားခဲ့တဲ့အတိုင်း ကူညီတာဖြစ်တယ်လို့လည်းပြောပါတယ်။

    တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပို့ပေးတဲ့ ကိုဗစ် -၁၉ ကာကွယ်ဆေးဟာ ဘာကာကွယ်ဆေးအမျိုးစားဖြစ်တယ်ဆိုတာကိုဖော်ပြထားတာမရှိပါဘူး။

    ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းက တရုတ် ဆိုင်နိုဗက် ဆေးဝါးလုပ်ငန်းထုတ် ကိုဗစ်ကာကွယ်ဆေးဟာ ဘရာဇီးလ်နိုင်ငံက စမ်းသပ်အသုံးပြုမှုတွေအရ ၅၀.၄ ရာခိုင်နှုန်း ထိရောက်မှု ရှိတာ တွေ့ရတယ်လို့ လေ့လာသူတွေ ထုတ်ပြန်ခဲ့ပါတယ်။

    ဒါပေမဲ့ ဆိုင်နိုဗက် ကုမ္ပဏီဘက်ကတော့ လက်တွေ့စမ်းသပ်စစ်ဆေးမှုတွေအရ ဗိုင်းရပ်စ်ပိုးကို ၇၉.၃၄ % ကာကွယ်ပေးနိုင်တယ်လို့ ‌ပြောခဲ့ပါတယ်။

  13. ပြည်လုံးကျွတ်သပိတ်ကြောင့် ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်၊ ရှာဖွေဖမ်းဆီးတာတွေရှိနေ

    ပြည်လုံးကျွတ်သပိတ် လုပ်ဖို့ ဆော်သြမှုတွေရှိထားတဲ့ ဒီနေ့ မေလ ၂ ရက်မှာ ရန်ကုန်မြို့က နေရာတချို့မှာ အင်္ကျီအနက်ဝတ်ဆင်ထားသူတွေနဲ့ လူငယ်တချို့ကို တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ မျက်မြင်ကြုံတွေ့ခဲ့ရသူတွေက ဘီဘီစီကိုပြောပါတယ်။

    “အကျီအနက်ဝတ်တာမဝတ်တာထက် လူငယ်ဆိုတာနဲ့စစ်တာပဲ။ ကျောပိုးအိတ်လွယ်ထားတဲ့သူတွေ၊ ဝေါကင်းရူးတွေဝတ်ထားတဲ့သူဆို စစ်တယ်" လို့ ဒီကနေ့သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့လူငယ်တစ်ဦးကပြောပြပါတယ်။

    ဒါ့ပြင် ဒီကနေ့မနက်ပိုင်းက လှည်းတန်းစံရိပ်ငြိမ်အနီးမှာ အကျီအနက်ဝတ်ဆင်ထားတဲ့ လူငယ် ငါးယောက်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓာတ်ပုံတွေ လူမူကွန်ရက်တွေမှာ ထွက်ပေါ်လာပါတယ်။

    " စစ်တာမဟုတ်ဘူး။ တွေ့တာနဲ့ဖမ်းတဲ့ပုံစံပဲ။ လမ်းထဲဆွဲခေါ်တာ။ ကျွန်မတောင် သူတို့ကိုမြင်တာနဲ့လမ်းထဲပြေးဝင်လိုက်ရတယ်။ အကျီအမည်းရောင်ဝတ်ထားတဲ့ကောင်လေးတစ်ယောက်ကို ၃၂ လမ်းထဲဆွဲခေါ်လာပြီး ဖမ်းသွားတယ်။ ဖမ်းတဲ့ရဲထဲက တစ်ယောက်က ဖိနပ်တောင်မပါဘူး "လို့ဗိုလ်ချူပ်လမ်း နဲ့အနော်ရထာလမ်းပေါ်က မြင်ကွင်းတစ်ခု မျက်မြင်တွေ့ခဲ့ရတဲ့လူငယ်အမျိုးသမီးတစ်ဦးကပြောပြပါတယ် ။

    ဒီကနေ့မေလ ၂ရက်နေ့မှာ ပြည်လုံးကျွတ် ဆန္ဒပြသပိတ်တွေပြန်လည်ထွက်ကြမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်ရန်ကုန်အပါဝင်မြို့ကြီးတော်တော်များများမှာ လုံခြုံရေးတင်းကျပ်ထားတာဖြစ်ပါတယ်။

    “လုံခြုံရေးကတော့ တမြို့လုံးအနေထားနဲ့ကြည့်ရင်တော်တော်ယူထားတယ်ဗျ ။ကျွန်တော်လည်းမနက်ကတည်းကတော်တော်ပတ်နေတာဆိုတော့လေ။ လုံခြုံရေးအင်အားကတော့ တော်တော်များတယ်။ အိမ်စီးကားတွေနဲ့အထဲမှာ ရဲတွေစစ်သားတွေရှိတာတွေလည်းတွေ့ခဲ့တယ်။ တချို့နေရာတွေမှာဆိုရင် လုံခြုံရေးအင်အားလိုတာထက်ပိုပြီးယူထားတာတွေ့ရတယ်။ ပြည်သူကတော့တော်တော်လေးညီတယ်။ အသံနဲ့အလံကြားတာနဲ့ထွက်လာတာပဲ" လို့ သပိတ်မှာပါဝင်တဲ့လူငယ်ကပြောပါတယ်။

    အခုလိုလုံခြုံရေးတင်းကျပ်စစ်ဆေးမူတွေလုပ်နေပေမယ့် ရန်ကုန်က သပိတ်စစ်ကြောင်းတွေအနေနဲ့ပျောက်ကြားစနစ်နဲ့ထွက်ခဲ့တာကြောင့် ထိခိုက်ဖမ်းဆီးမှုတွေမကြုံရသေးဘူးလို့ သပိတ်စစ်ကြောင်းတစ်ခုကို ဦးဆောင်ခဲ့တဲ့ လူငယ်ကပြောပါတယ် ။ ဒီကနေ့မှာတော့ ရန်ကုန်က မြို့နယ်တော်တော်များများနဲ့ တိုင်းဒေသကြီးတွေမှာပါ သပိတ်စစ်ကြောင်းတွေ အသီးသီးထွက်ရှိနေဆဲဖြစ်ပြီးတော့ သပိတ်စစ်ကြောင်းတွေကိုလည်း အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူတွေလည်းရှိထားပါတယ်။

  14. မန္တလေးမှာ ပစ်ခတ်ဖြိုခွင်းမှုတွေရှိ ပြီး ကိုးဦးအဖမ်းခံရ

    မန္တလေးမြို့ ဒီနေ့(မေ ၂ )ရက်နေ့မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရသလို ကိုးဦးအဖမ်းခံရပြီး ကျည်မှန်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

    " မနက်ပိုင်း ခုနှစ်နာရီခွဲမှာ စထွက်ဖို့လုပ်တာ။ ပညာရေးနဲ့ပေါင်းပြီးတော့။ ထွက်ခါနီး စစ်ကားတွေလာပြီဆိုလို့ လူစုခွဲလိုက်တာ။ သူတို့က ၁၄စီး၊၁၅စီး လောက်ရှိမယ်။ ရပ်ကွက်တွေကို ပတ်ပတ်လည်ပိတ်လိုက်တာ။ အဲ့မှာ ကျန်ခဲ့သူနဲ့ ပြေးတဲ့သူတွေနဲ့။ ထိခိုက်တဲ့သူတွေရှိတယ်။ ငါးယောက်က ဖမ်းခံရတယ်။နှစ်ယောက်က ကျည်ထိတယ်"လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ အမျိုးသမီး တစ်ဦးကပြောပါတယ်။

    မန္တလေးမြို့မှာ စိန်ပန်းရပ်မှာလည်း မနက် ၆နာရီခွဲ ကတည်းက တပ်ပေါင်းစုသပိတ်ပြုလုပ်ခဲ့ပါတယ်။ သပိတ်ပြီးဆုံးတဲ့အထိဆန္ဒပြကာလူစုခွဲနိုင်ခဲ့ပြီး လမ်း ၃၀ နဲ့ ၅၈ လမ်း ဗကသ ကျောင်းသားများ တပ်ပေါင်းစု၊ အခြေခံပညာရေးနဲ့ ပူးပေါင်းဖို့ပြုလုပ်ချိန်မှာ သပိတ်ဖြိုခွင်းခံရတာဖြစ်ပါတယ်။

    "ဒီဘက်သပိတ် လူစုချိန်မှာ စစ်တပ်ကပစ်လို့ လက်မောင်းမှန်တာနဲ့ ကားနဲ့လိုက်တိုက်တာ ခံရတာ၊ဆေးခန်းပို့လိုက်တယ်လို့ သိရတယ်။ မိန်းကလေးရော ယောက်ျားလေးတွေရော ပါသွားတာ"လို့ မျက်မြင်တွေ့သူ တစ်ဦးကပြောပါတယ်။

    နေ့ခင်းပိုင်းမှာလည်း အင်ဂျင်နီယာသပိတ်တွေ မြတောင်သပိတ်တွေ ထွက်ကြပြီး၊ မြတောင်စစ်ကြောင်းသပိတ်လည်း လူစုနေချိန်မှာ စစ်ကားနဲ့ တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်ခံရတာတွေရှိတယ်လို့ ပါဝင် ဆန္ဒပြသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

    မြတောင်သပိတ်မှာ ဖမ်းဆီးခံရသူ လေးဦးအနည်းဆုံးရှိပေမဲ့ သပိတ်စစ်ကြောင်းမှာ အဖမ်းမခံရဘဲ လွတ်မြောက်သူလူငယ်တချို့ကမြတောင်စစ်ကြောင်း ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ဆက်လက်ပြီး ဆန္ဒပြကြပါတယ်။

    မန္တလေးမြို့ နေရာ အများစုမှာ အရပ်ဝတ်တွေနဲ့ လိုက်ပြီးဖမ်းဆီးတာတွေရှိသလို သပိတ်စစ်ကြောင်းတွေကိုလည်း အိမ်စီးကား၊ စစ်ကားတွေနဲ့ပါ ပစ်တိုက်ဖမ်းဆီးတာ ပစ်ခတ်တာတွေရှိနေပါတယ်။

  15. ကိုတင်ထွဋ်ပိုင်ကို ဝင်ဖမ်းရာ မတွေ့တာကြောင့် အသက် ၆၀ ကျော် မိခင်ကိုရိုက်နှက်ဖမ်းဆီးသွား

    ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်အတွင်းက တက်ကြွလူပ်ရှားသူတစ်ဦးဖြစ်တဲ့ကိုတင်ထွဋ်ပိုင်ကို ဒီနေ့ မေ ၂ ရက်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေခဲ့ပြီး သားဖြစ်သူတွေကိုမတွေ့တာကြောင့် အသက် ၆၄ နှစ်အရွယ် မိခင်ကိုရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

    နေအိမ်မှာရှိတဲ့ နိုင်ငံရေးတက်ကြွလူပ်ရှားဆန္ဒပြသူတွေဖြစ်တဲ့ ကိုတင်ထွဋ်ပိုင်တို့ညီအစ်ကိုတွေကို စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပြီး ရှာဖွေချိန်မှာ နေအိမ်ထဲမှာ သက်ကြီးရွယ်အိုတွေဖြစ်တဲ့ အသက် ၆၄ နှစ်အရွယ်မိခင်နဲ့ အသက်၈၀လူကြီးပိုင်း တွေပဲရှိနေချိန်ဖြစ်ပါတယ်။

    " အမေ့ကို မနက်ပိုင်းက ၈နာရီခွဲလောက်က ရဲနဲ့စစ်အင်အားတော်တော်များများဝင်လာပြီး ဝင်ရောက်မွှေနှောက်ပြီး ဘာရှာတာလဲတော့မသိဘူး ။ အမေ့ဆီကဖုန်းတောင်းတယ်။ ဖုန်းမရှိဘူးပြောပြီးမှ ရှာရင်းဖုန်းတွေ့သွားတော့ အမေ့ကိုရိုက်တယ်။ နာနေပြီပြောမှရပ်တယ်။ လက်တွေကိုရိုက်တယ် ။ ညီမအစ်ကိုတွေ ဆန္ဒပြတုန်းကဦးထုပ်တွေ ဗီနိုင်းတွေလည်းအကုန်သိမ်းသွားတယ်။ ညီမအကိုတွေနဲ့ကအဆက်သွယ်မရတာ နှစ်လကျော်နေပြီ။ အိမ်မှာကသက်ကြီးရွယ်အိုတွေပဲရှိတာ ။ ညီမကပြည်ပမှာနေပေမယ့် အမေနဲ့အမြဲအဆက်သွယ်ရှိတယ် ။ အမေပြောပြချက်က စစ်ကောင်စီက ခန့်ထားတဲ့အုပ်ချူပ်ရေးမှူးက သူတို့ပေးတဲ့ အထောက်ပံ့ယူမလားလာမေးတာ။ အမေက စစ်ကောင်စီကထောက်ပံ့တာကိုဘယ်တော့မှမယူဘူး။ သေသွားတဲ့ကလေးတွေကိုပဲပေးလိုက်လို့ပြောလိုက်လို့ မကျေနပ်လို့လာဖမ်းတယ်လို့ထင်တယ်။ သက်ကြီးရွယ်အိုမိခင်ကြီးကိုဖမ်းဆီးသွားတာတောင်မှရိုးရိုးဖမ်းဆီးသွားတာမဟုတ်ဘူး။ ရိုက်နှက်ပြီးတော့ဖမ်းဆီးသွားတာလူ့အခွင့်အရေးချိုးဖောက်တာတော်တော်လွန်နေပြီ " လို့ ကိုတင်ထွဋ်ပိုင်ရဲ့ ညီမက ဘီဘီစီကို ပြောကြားပါတယ်။

  16. ဖားကန့်သပိတ် ပစ်ခတ်ဖြိုခွင်းမှုကြောင့် တစ်ဦးသေဆုံး

    မေ ၂ ရက်ဒီနေ့မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြဖို့ စုရပ်ပြင်ဆင်နေတဲ့ မော်ဝမ်းနဲ့ လုံးခင်း ကျေးရွာအုပ်စု ပူးပေါင်းသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာကြောင့် လုံးခင်းက အသက် ၃၃ နှစ်အရွယ် ကိုဝေဖြိုး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ပါတယ်။ လုံးခင်းနဲ့ မော်ဝမ်းသပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီတပ်တွေက အင်အားသုံးပစ်ခတ်ဖြိုခွင်းအပြီးမှာ မရှီကထောင်က လူငယ်ဆန္ဒပြသပိတ်ကိုလည်း ဆက်လက်ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ ပစ်ခတ်မှုတွေကြောင့် လုံးခင်း၊ မော်ဝမ်းနှင့် မရှီကထောင် သပိတ်စစ်ကြောင်းတို့က ထိခိုက်ဒဏ်ရာရသူ ပြည်သူ(၅)ဦးထက်မနည်း ရှိသလို လုံးခင်းမှ(၇)ဦး၊ မော်ဝမ်းမှ(၃)ဦးတို့ကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဖားကန့်မှာ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရသူ ပြည်သူ(၃)ဦးထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီနေ့ သေဆုံးသူရဲ့ ရုပ်အလောင်းအား စစ်ကောင်စီတပ်ဘက်မှ ရယူမှာကိုစိုးရိမ်ပြီး မိသားစု၏ ဆန္ဒအရ ချက်ချင်း မီးသင်္ဂြိုဟ်လိုက်ပါတယ်။

  17. မင်းတပ်မှာ ဆွေးနွေးမှုတွေ မနက်ဖြန် ဆက်လုပ်မယ်

    စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပစ်ခတ်မှုတွေရှိခဲ့တဲ့ မင်းတပ်မြို့မှာ ဒီကနေ့စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ မေလ ၂ ရက်နေ့ မနက်ဖြန်မှာ ဆက်လက် ဆွေးနွေးရဦးမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က သွားရောက်ညှိနှိုင်းခဲ့တဲ့ ကိုယ်စားလှယ် ရွှေဂျိုးဖြူက ဘီဘီစီကို ပြောပါတယ်။

    ဒီကနေ့ ဆွေးနွေးမှုတွေမှာ မင်းတပ်မြို့တဝိုက် စစ်တပ်ဘက်က အင်အားထပ် မချဖို့ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း မြို့တွင်း အစိုးရ ရုံးတဝိုက် အပါအဝင် မြို့တွင်း လုံခြုံရေးအတွက် နေရာယူထားရာက ဖယ်ပေးပြီး အဲဒီမှာ နေရာယူမယ့် ဒေသခံရဲတွေကို ရန်မမူဖို့ အာမခံချက် ပေးရေး သဘောတူခဲ့တယ်လို့ ရွှေဂျိုးဖြူက ပြောပါတယ်။

    မင်းတပ်မြို့တွင်း စစ်တပ်နေရာယူမှုမှာတော့ ရဲ၊ ဘဏ်၊ ပညာရေးမှူးရုံး အစရှိတဲ့ နေရာတွေမှာ စစ်တပ်က ရုပ်သိမ်းသွားပြီး မြို့တွင်း ကျန်ရှိတဲ့ စစ်တပ်ဖွဲ့ဝင် အရေအတွက် ဆယ်ဂဏန်းလောက်သာ ရှိတော့တယ်လို့လည်း သူက ပြောပါတယ်။

    ဒီလို ရုပ်သိမ်းသွားပေမယ့်လည်း မင်းတပ်မြို့ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချ မနိုင်သေးဘဲ သူတို့လိုလားတဲ့ အစိုးရတက်လာမှသာလျှင် အမှန်တကယ် စိတ်ချရမယ်လို့လည်း ရွှေဂျိုးဖြူက ဘီဘီစီကို ပြောပါတယ်။

  18. မှတ်ပုံတင် ၄ သန်းနီးပါး ထုတ်ပေးမယ်လို့ စစ်ကောင်စီကြေညာ