စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာဒီမိုကရေစီ ပြန်တည်ဆောက်ဖို့ Quad လေးနိုင်ငံအဖွဲ့တိုက်တွန်း

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြန်ဆုံး ပြန်လည်တည်ဆောက်ဖို့ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန် တို့ပါဝင်တဲ့ Quad လေးနိုင်ငံအဖွဲ့ရဲ့ခေါင်းဆောင်တွေကတိုက်တွန်းလိုက်ပါတယ်။

    မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကာလတာရှည် အားပေးကူညီခဲ့တဲ့ နိုင်ငံတွေ ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမြန်ဆုံး ပြန်လည် တည်ဆောက်ဖို့နဲ့ ဒီမိုကရေစီစနစ် ခိုင်မြဲရေးကို ဦးစားပေးပြီး သူတို့အနေနဲ့ အလေးအနက်ထား ဆောင်ရွက်သွားမယ်လို့သောကြာနေ့မှာ ကျင်းပခဲ့တဲ့ Quad လေးနိုင်ငံအဖွဲ့ရဲ အစည်းအဝေးမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာဒီမိုကရေစီ ပြန်တည်ဆောက်ဖို့ Quad လေးနိုင်ငံအဖွဲ့တိုက်တွန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. “လူထုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေး အစီအမံတွေ အမြန်ဆုံးလုပ်မယ်”

    မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေမှာ ပစ်ခတ်ဖြိုခွင်းခံရမှုတွေကြောင့်လူသေဆုံးမှုတွေ ရှိနေချိန်မှာ ပြည်သူလူထုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေး အစီအမံတွေ အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ CRPH က ယာယီအစိုးရအဖွဲ့မှာ ခန့်အပ်ထားတဲ့ ယာယီ ဒုသမ္မတ မန်းဝင်းခိုင်သန်းက ဒီကနေ့ CRPH ဖေ့စ်ဘွတ်ခ် စာမျက်နှာကတစ်ဆင့်ပြောကြားတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

    အဲဒီအတွက် ပြည်သူတွေ မိမိကိုယ်ကိုယ် ခုခံနိုင်ဖို့ လိုအပ်တဲ့ ဥပဒေတွေ CRPH က ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် CRPH က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာတွေကိုလည်း တွေ့ရပါတယ်။

    စစ်ကောင်စီဘက်ကတော့ လူသေဆုံးမှု ဖြစ်ခဲ့တဲ့ ပစ်ခတ်ဖြိုခွင်းမှုတချို့မှာ ရဲစခန်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတချို့က မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်တာတွေရှိတယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။

    • စစ်အာဏာရှင်တိုက်ဖျက်ရင်းပြည်တွင်းစစ်ပြဿနာဖြေရှင်းမယ်လို့ CRPH ဆို

    အဲဒီ ၆ မိနစ်ခွဲခန့်ရှိတဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းဗီဒီယိုထဲမှာ စစ်အာဏာသိမ်း ဆန့်ကျင်သူတွေကို ချီးကျူးခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ အခြေခံဥပဒေ ပေါ်ပေါက်ရေး ဆောင်ရွက်ဖို့ ကတိပေးတယ်လို့လည်း ဆိုပါတယ်။

    အာဏာရယူထားတဲ့ စစ်ကောင်စီက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို တရားမဝင် အဖွဲ့အစည်းလို့ သတင်းထုတ်ပြန်ထားပါတယ်။ CRPH ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့လို့ ကြေညာထားပါတယ်။

    မန်းဝင်းခိုင်သန်း

    ဓာတ်ပုံ ရင်းမြစ်, CRPH

  3. ရှမ်းပြည်နယ်က CDM ကျန်းမာရေးဝန်ထမ်းတွေကို အိမ်ရာတွေက ဖယ်ရှား

    ရှမ်းပြည်နယ်မှာ မတ်လ ၁၀ ရက်က စတင်ပြီး နမ့်ဆန်၊ မန်တုံ၊ တန့်ယန်းနဲ့ ကွတ်ခိုင်မြို့နယ်ထဲက CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခိုင်းခဲ့ပါတယ်။

    ဒီနေ့မှာတော့ သိန်းနီမြို့နယ်က CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခိုင်းတာကြောင့် ဝန်ထမ်းတွေဟာ ပစ္စည်းတွေကို ရွှေ့လိုက်ကြပါတယ်။

    အဲဒီအိမ်ရာကနေ CDM လုပ်တဲ့ ဝန်ထမ်းတွေအနေနဲ့ မနက်ဖြန် မတ်လ ၁၄ ရက် နောက်ဆုံးထားပြီး ဖယ်ရှားခိုင်းတာပဲ ဖြစ်ပါတယ်။

    သိန္နီမှာ CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၃၅ ဦးရှိပြီး အဲဒီအထဲမှာမှ ၁၄ ဦးဟာ ဝန်ထမ်းအိမ်ရာမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

    ဒါ့အပြင် လားရှိုးမြို့က ကျန်းမာရေး ဝန်ထမ်းတွေလည်း ဒီကနေ့ ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ရှားပေးရတာတွေ ရှိပါတယ်။

    ရှမ်းပြည်နယ်က CDM ကျန်းမာရေးဝန်ထမ်းတွေကို အိမ်ရာတွေက ဖယ်ရှား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရှမ်းပြည်နယ်က CDM ကျန်းမာရေးဝန်ထမ်းတွေကို အိမ်ရာတွေက ဖယ်ရှား

    ဓာတ်ပုံ ရင်းမြစ်, CJ

  4. မြန်မာ့ ပထမဆုံး ဂြိုဟ်တု ဂျပန်ထိန်းသိမ်းထား

    ဂျပန် ဟော်ကိုင်းဒိုး တက္ကသိုလ်နဲ့ မြန်မာအစိုးရတို့ ပူးပေါင်း လုပ်ဆောင်တဲ့ မြန်မာ့ ပထမဆုံး ဂြိုဟ်တုကို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဂျပန်ဘက်က ထိန်းသိမ်းထားလိုက်ပြီး ဘယ်အချိန်မှာ ပြန်အသုံးပြုနိုင်မယ်ဆိုတာ မသိရသေးပါဘူး။

    အဲဒီ ဂြိုဟ်တုမှာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်း စောင့်ကြည့်ရေး ကင်မရာတွေ တပ်ဆင်ထားပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဂျပန် တာဝန်ရှိသူတချို့က ဒီကင်မရာတွေကို စစ်ရေးရည်ရွယ်ချက်တွေအတွက် သုံးမှာကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။

    ဒါပေမဲ့ အာဏာသိမ်းပြီးကတည်းက မြန်မာဘက်က တာဝန်ရှိသူ မြန်မာအာကာသအင်ဂျင်နီယာတက္ကသိုလ်က ပါမောက္ခချုပ်ကို ဆက်သွယ်မရဘဲ ဖြစ်နေတယ်လို့ ဂျပန်ဘက်က ပြောပါတယ်။

    ဂြိုဟ်တုအတွက် စာချုပ်ထဲမှာ အဲဒီဂြိုဟ်တုကို စစ်ရေးအတွက် အသုံးမပြုရဘူးလို့ သီးသန့်ဖော်ပြထားတာတော့ မရှိဘူးလို့ အဲဒီ တက္ကသိုလ်က တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

    အဲဒီဂြိုဟ်တုကို နာဆာက ဖေဖော်ဝါရီ ၂၀ ရက်မှာ လွှတ်တင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာမြေပြင်အထက် မိုင် ၂၅၀ အကွာက နိုင်ငံတကာ အာကာသစခန်းကို ပို့တဲ့ ပစ္စည်းတွေထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ဒီဂြိုဟ်တုကို ဂျပန် အာကာ စူးစမ်းလေ့လာရေး စခန်း ဂျက်ဆာက ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

    နိုင်ငံတကာအာကသစခန်း

    ဓာတ်ပုံ ရင်းမြစ်, NASA

  5. တွံတေးမှာသေနတ်ကျည်ထိမှန်ဒဏ်ရာရသူတွေထဲက နှစ်ဦး သေဆုံး

    ဒီနေ့မတ်လ ၁၃ ရက်မွန်းလွဲပိုင်းမှာ စစ်တပ်နဲ့ရဲက ပစ်ခတ်လို့ တွံတေးက ဒဏ်ရာရသူ ဆယ်ဦးကျော်အနက် စိုးရိမ်ရသူတချို့ရှိခဲ့ပြီး အဲဒီထဲက နှစ်ဦး သေဆုံးသွားတယ်လို့ တွံတေးမြို့က လူမှုကူညီရေးအသင်းအဖွဲ့တွေက ဘီဘီစီကိုအတည်ပြုပါတယ်။

    ဒဏ်ရာရသူ ၁၁ ဦးအနက် သေဆုံးသူနှစ်ဦးဟာအမျိုးသားတွေဖြစ်ပြီး ဦးခေါင်းနဲ့ ဝမ်းဗိုက်တွေကိုထိမှန်ခဲ့တာဖြစ်ပါတယ်။

    ဒါကြောင့် ဒီနေ့ မတ်လ ၁၃ ရက်တရက်တည်းမှာတင် မန္တလေး၊ ပြည်၊ ချောက်နဲ့ တွံတေးတို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ သေဆုံးသူ ၉ ဦးထိရှိလာနေတာကို ဘီဘီစီက မတ်လ ၁၃ ရက်ည ၇ နာရီအထိ အတည်ပြုထားနိုင်ပြီး သေဆုံးအရေအတွက်ဟာ ထပ်မံတိုးလာဖွယ်ရှိနေပါတယ်။

    twantay,Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. လှည်းတန်း ညသပိတ် စတင်

    လှည်းတန်းမှာ ဒီနေ့မတ်လ ၁၃ ရက်ညပိုင်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြတဲ့ညထိုင်သပိတ် စတင်နေတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

    နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အင်အားသုံးပစ်ခတ်ဖြိုခွဲနှိမ်နင်းမှုတွေ လုပ်နေသလို ညသပိတ်တွေကိုလည်း လိုက်လံတားဆီးတာတွေ ဖြိုခွဲတာတွေလည်း ရှိနေပါတယ်။

    လှည်းတန်း ညသပိတ် စတင်
  7. မန္တလေး စိန်ပန်း ထိုင်သပိတ် ဖြိုခွင်းမှု အနည်းဆုံး လေးဦးသေဆုံး

    မန္တလေးမြို့ စိန်ပန်းရပ်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ထိုင်သပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့သလို ရပ်ကွက်အတွင်း ပိတ်ဆို့ပစ်ခတ်လို့ ကျည်မှန်သေဆုံးသူ အနည်းဆုံး လေးဦးရှိတယ်လို့ ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးတဲ့ အဖွဲ့တစ်ခုထံက သိရပါတယ်။

    သေဆုံးသူတွေက ကိုစောပြည့်နိုင် အသက် ၂၁ နှစ်၊ ကိုမင်းမင်းထွန်း အသက် ၃၅ နှစ် ၊ ဦးဝင်းဌေး အသက် ၄၁ နှစ်နဲ့ ဒေါ်ကေကြည် အသက် ၅၃ နှစ်တို့ ဖြစ်ပါတယ်။

    ကျည်ထိမှန် ဒဏ်ရာရသူ တချို့ကို လုံခြုံရေးတပ်ဖွဲ့တွေက သယ်ယူသွားတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ၂၀ ဦးထက်မနည်း ဒဏ်ရာရထားပြီး ကျည်ထိမှန်ထားသူတွေလည်းရှိတယ်လို့ စုံစမ်းသိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူထဲမှာ ရဟန်းတစ်ပါးလည်းပါဝင်ပါတယ်။ ဖမ်းဆီးခံရသူလည်း ၅၀ ဦး ကျော် ရှိပါတယ်။

    ဒါ့အပြင် စိန်ပန်းရပ် ဆန္ဒပြရာအနီးက ဆိုင်ကယ်တွေကို ကုန်တင်ကားနဲ့လုံခြုံရေးတပ်ဖွဲ့တွေက သယ်ယူသွားတာတွေ ရှိသလို စိန်ပန်းအနီး ‌ဧသုခဓမ္မာရုံမှာရှိတဲ့ ဧသုခ လူမှုကူညီရေးကားကို တပ်နဲ့ ရဲတပ်ဖွဲ့က ယူပြီး ကျည်ထိမှန်ဒဏ်ရာရသူတွေကို တင်‌ပြီး ခေါ်ဆောင်သွားတာရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    မန္တလေး စိန်ပန်း ထိုင်သပိတ် ဖြိုခွင်းမှု အနည်းဆုံး လေးဦးသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ရခိုင်မှာ အကြမ်းဖက်မှုနဲ့ စွပ်စွဲဖမ်းဆီးခံရသူတွေ အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုတွေတောင်းဆို

    ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့နှစ်နှစ်ကျော်အကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဆီးခံနေရသူတွေဟာ မတရားစွပ်စွဲခံနေကြရသူတွေဖြစ်ပြီး အမြန်ဆုံးပြန်လည် လွှတ်ပေးစေချင်တယ်လို့ မိသားစုတွေကပြောဆိုကြပါတယ်။ အဲ့ဒီဖမ်းဆီးခံနေရသူတွေဟာ တိုက်ပွဲတွေအတွင်းဖမ်းဆီးခံလိုက်ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ ကျေးရွာတွေအနီး တိုက်ခိုက်မှု၊ မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေမှာ အနီးဝန်းကျင်မှာ သွားလာနေသူတွေနဲ့ မသင်္ကာသူတွေကို တပ်မတော်စစ်ကြောင်းတွေက ဖမ်းဆီးပြီး သက်ဆိုင်ရာမြို့နယ်နဲ့ ခရိုင်တရားရုံးတွေမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

    လက်ရှိမှာတော့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းကစလို့ နှစ်ဖက်တိုက်ပွဲတွေမရှိတော့သလို ထပ်မံဖမ်းဆီးခံရသူတွေလည်းမရှိတော့ဘဲ တည်ငြိမ်းနေတဲ့အခြေအနေရှိနေတာဖြစ် ပါတယ်။ လက်ရှိအာဏာရယူထားတဲ့ စစ်ကောင်စီကတော့ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော်အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားရာကနေ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြန်လည်ပယ်ဖျက်ပေးခဲ့ပြီဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်အပေါ် သတ်မှတ်ထားတဲ့အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပြန်လည်ပယ်ဖျက်ပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာ အကြမ်းဖက်ဥပဒေတွေနဲ့ ဖမ်းဆီးခံနေရသူတွေကိုလည်း ပြန်လည်လွှတ်ပေးစေချင်တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက ဖမ်းဆီးခံနေရတဲ့ ကိုမျိုးလင်းဦးရဲ့ဖခင် ဦးမောင်သိန်းဟန်က ပြောပါတယ်။

    အေအေကို အခုလို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပေးလိုက်တာဟာ ဒေသတွင်းငြိမ်းချမ်းရေးရချင်တဲ့အတွက် ပယ်ဖျက်ပေး တာ ဖြစ်ပြီး ဆွေးနွေးမှုတွေလည်းဆက်လက်ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အခြေအနေအပေါ်မူတည်ကာ ဖြေလျှော့မှုတွေ နောက် ထပ် ရရှိလာဦးမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

    Rakkhine
  9. တွံ့တေးမှာ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေထဲ စိုးရိမ်ရသူတချို့ ရှိ

    တွံတေးမြို့မှာ ဒီနေ့ မတ်လ ၁၃ ရက်မွန်းလွဲပိုင်းမှာ ရဲနဲ့စစ်သားတွေက ရွှေဆံတော်ဘုရားအရှေ့ဘက်မုခ်မှာ လမ်းပိတ်ဟန့်တားပြီး လုံခြုံရေးကင်းယူနေသူတွေကို ပစ်ခတ်ခဲ့လို့ ၇ ဦး ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မြို့ခံရာချီရဲ့သပိတ်ဟာ ဘုရားမြောက်ဘက်မုခ်မှာ ပြုလုပ်နေခဲ့တာဖြစ်ပြီး မြို့အဝင်ကို လူထုက ပိတ်ထားတဲ့ အဟန့်အတားတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဘုရားအရှေ့ဘက်မုခ်ကို ဦးတည်သွားပြီး အဲဒီမှာ ကင်းစောင့်နေသူတွေ အပစ်ခံခဲ့ရတာလို့ ပစ်ခတ်မှုဖြစ်ချိန် အနီးနားမှာရှိသူတွေက ပြောပါတယ်။

    လက်ရှိမှာတော့ ဒဏ်ရာရသူတွေကို တွံတေးဆေးရုံကြီးကို ပို့ထားတယ်လို့ သိရပါတယ်။ လောလောဆယ် ဆေးရုံကြီးရှေ့မှာ ရဲနဲ့ စစ်သားတွေရှိနေဆဲလို့ မြို့ခံ မျက်မြင်တွေက ပြောပါတယ်။ မြောက်ဘက်မုခ်ဘက်က ဆန္ဒပြသပိတ်ကတော့ အေးအေးချမ်းချမ်းလူစုခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  10. ချောက်တွင် ပစ်ခတ်ဖြိုခွင်း၊ အမျိုးသား တစ်ဦးသေဆုံး ၊ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံရ

    မကွေးတိုင်းဒေသကြီး ချောက် ရေနံမြေမြို့မှာ ဒီကနေ့ ဆန္ဒပြလူစုကို စစ်တပ်နဲ့ ရဲက အင်အားသုံးဖြိုခွဲလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်း အဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။လူစုကို မျက်ရည်ယိုဗုံးနဲ့စတင်ပစ်ခတ်ကာ ပတ်ဝန်းကျင်ရှိလူတွေကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

    နေလည် ပိုင်းမှာ မြို့လယ်လမ်းမတွေနဲ့ ရပ်ကွက်အတွင်းအထိ ရာဘာကျည်တွေ၊ ကျည်အစစ်တွေနဲ့အချက်များစွာပစ်ဖောက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    အဲဒီလိုပစ်ခတ်တာကြောင့်အမျိုးသားတစ်ဦး ကျည်အစစ် က လည်ပင်းထိမှန် သေဆုံးသွားခဲ့တယ်လို့မျက်မြင်ရှိသူကပြောပါတယ်။မျက်ရည်ယိုဗုံးတွေလည်းခွဲခဲ့ပြီး ရာဘာကျည် ကြောင့်ဒဏ်ရာရသူတွေရှိတယ်လို့သိရပါတယ်။

    Magway

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. မြင်းခြံသပိတ် ဖြိုခွဲခံရပေမယ့် အထိခိုက်မရှိဘဲ အောင်မြင်စွာပြီးဆုံး

  12. ပြည်ခရမ်းကုန်းသပိတ်ဖြိုခွင်းခံရမှု ၂ ဦးသေဆုံးထား၊ ဒဏ်ရာပြင်းထန်သူတွေလည်းရှိ

    ပြည်မြို့ခရမ်းကုန်းသပိတ်က စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒထုတ်ဖော်နေ တဲ့ ကျောင်းသားသပိတ်ကို ရဲနဲ့စစ်တပ်က အင်အားသုံးဖြိုခွဲလို့ ၂ ဦး သေဆုံးပြီး၊ ၄ ဦးပြင်းထန်ဒဏ်ရာရတယ်လို့ ဒေသခံတွေကအတည်ပြုပါတယ်။

    အင်အားသုံးဖြိုခွဲရာမှာ ရာဘာကျည်တွေအပြင် ကျည်အစစ်တွေကိုသုံးခဲ့တ ယ်လို့မျက်မြင်ကြုံရသူတွေကပြောပါတယ်။

    Pyay

    ဓာတ်ပုံ ရင်းမြစ်, အောင်ဖြိုးနိုင်

  13. မန္တလေးစိန်ပန်းရပ်ထိုင်သပိတ်ဖြိုခွဲခံရမှု ဦးခေါင်ကျည်ထိမှန်အမျိုးသမီးသေဆုံး

    မန္တလေးမြို့ ၄၁ လမ်း လမ်း၉၀ အနီး စိန်ပန်းရပ်မှာ ဒီနေ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး သပိတ်ပေါင်းစုံ အထိုင်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရပါတယ်။ ရဲနဲ့ စစ်တပ် ပစ်ခတ်တာကြောင့် ဦးခေါင်းကျည်မှန်တဲ့ အမျိုးသမီးတဦးသေဆုံးပြီး ခြေထောက်၊ ခေါင်းနဲ့ လက် တို့မှာ ဒဏ်ရာတွေ ရရှိသူ ကိုးဦးထက်မနည်းရှိနေပြီး စိုးရိမ်ရသူ နှစ်ဦးရှိပါတယ်။

    ဖမ်းဆီးခံရသူတွေရှိသလို ဒဏ်ရာရရှိသူ‌တွေကိုကူညီဖို့သွားတဲ့ ကယ်ဆယ်ရေးယာဉ်တွေပါ ပစ်ခတ်ခံရပါတယ်။ စိန်ပန်းရပ် ထိုင်သပိတ်ဖြိုခွဲရာနေရာဝန်းကျင်က ဓမ္မာရုံထဲ လက်ရှိမှာ တပ်စွဲထားလိုက်တာကိုတွေ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, Social Media

  14. မြောက်ဒဂုံပင်လုံသပိတ်မှာ ဦးခေါင်းကျည်ထိမှန်သေဆုံးသူ နာရေး ပြုလုပ်

    မြောက်ဒဂုံမြို့နယ်၊ ပင်လုံကွေ့မှတ်တိုင်အနီး ပင်လုံသပိတ်ကို မတ်လ ၁၁ ရက်နေ့က ပစ်ခတ်ဖြိုခွင်းရာမှာ ဦးခေါင်းကို ကျည်ဆန်ထိမှန်ပြီးသေဆုံးခဲ့တဲ့ ကိုချစ်မင်းသူရဲ့ နာရေးကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ကိုချစ်မင်းသူဟာ ကွယ်လွန်ချိန်မှာ အသက် ၂၅ နှစ်သာရှိသေးပြီး ဇနီး သည်မှာ ကိုယ်ဝန်သုံးလကျန်ခဲ့သလို အသက် ၃ နှစ်အရွယ်သားတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

    သူသေဆုံးမယ့် နေ့ ဆန္ဒပြပွဲကိုမသွားဖို့မိခင်နဲ့ ဇနီးဖြစ်သူတို့က တားမြစ်ခဲ့ပေမယ့် သူ့လို မထွက်တော့မယ့်သူတွေများရင် တိုင်းပြည်ဒီမိုကရေစီရရှိရေးတိုက်ပွဲ ရှုံးနိမ့်သွားလိမ့်မယ်လို့ပြောကြားခဲ့ကြောင်း ဇနီးဖြစ်သူက မီဒီယာတချို့ကိုဖြေကြားထားပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. သာကေတမှာမနေ့ညက သေဆုံးသူနှစ်ဦး ရုပ်အလောင်းလာအပ်ဖို့ ရဲစခန်းက အကြောင်းကြား

    သာကေတမှာ မနေ့မတ်လ ၁၂ ရက် သန်းခေါင်ကျော်အချိန်မှာ ပစ်ခတ်လို့သေဆုံးခဲ့တဲ့ ကိုစည်သူနဲ့ ကိုအောင်အောင်ဇော်တို့ရဲ့ ရုပ်အလောင်းတွေကို ရဲစခန်းကိုလာအပ်ဖို့ ဆက်သွယ်အကြောင်းကြားလာတယ်လို့ ကိုစည်သူရဲ့ အကိုဖြစ်သူက ဘီဘီစီကိုပြောပါတယ်။

    "သာကေတ အမှတ် ၁ မြို့မရဲစခန်းကနေ စခန်းမှူးနဲ့ မြို့နယ်မှူးက ဘာပြောလဲဆိုတော့ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးဖို့ မိသားစု လာခိုင်းတယ်။ ပြီးတော့ အလောင်းကို သူတို့သင်္ဂြိုဟ်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ကျွန်တော်တို့က လက်မခံနိုင်လို့ မသွားပါဘူး။ နေ့လယ် ၁၂ နာရီလောက်ကဆက်တာပါ။ ခုထိလည်း ခဏခဏ ဆက်နေပါတယ်။ စခန်းမှူးနဲ့ လာတွေ့ပါ။ မြို့နယ်မှူးလည်းရှိနေပါတယ်။ ရုပ်အလောင်းကိုလည်း သူတို့ကိုယ်တိုင် သေမှုသေခင်းဖွင့်မယ်။ အမှုဖွင့်ပြီးရင်ဘယ်လိုဖြစ်လို့သေရတာလည်းဆိုတာကို ဆေးစာတွေစစ်မယ်။ ပြီးတော့မှ သူတို့ ဆေးစာလက်မှတ်တွေထုတ်ပေးဖို့ ဒိအလောင်းကို သင်္ဂြိုဟ်လို့ရမယ်လို့ပြောပါတယ်" လို့ကိုစည်သူရဲ့အကိုက ပြောပါတယ်။

    ကိုစည်သူကို ဒီနေ့ပဲ မိသားစုက သင်္ဂြိုဟ်ဖို့ စီစဉ်နေပြီး အလောင်းကို ဟိုက ဒီက ဖြတ်လုမယ်ဆိုတဲ့မသေချာမရေရာတဲ့သတင်းတွေကြောင့်လည်း စိတ်ထဲမှာ လေးလံပြီး စိတ်မကောင်းလည်းဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

    Tharkayta

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ကိုစည်သူနာရေး
    Tharkayta

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ကိုအောင်အောင်ဇော်နာရေး
  16. အမေရိကန်ရောက်မြန်မာတွေကို ယာယီနေထိုင်ခွင့်သက်တမ်း ၁၈ လ ထပ်တိုးပေးမယ်လို့ အမေရိကန်အစိုးရ ထုတ်ပြန်

    အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ယာယီနေထိုင်ခွင့်နဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကို ၁၈ လကြာ ထပ်တိုးပေးမယ်လို့ အမေရိကန်နိုင်ငံအမိမြေလုံခြုံရေးဌာနက မတ်လ ၁၂ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

    အဲဒီလိုယာယီနေထိုင်ခွင့်သက်တမ်းတွေ တိုးပေးဖို့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း တောင်းဆိုထားပါတယ်။ CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်နဲ့ အမေရိကန်နိုင်ငံ နိုင်ငံခြားဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေးမှုအပြီးနောက်ပိုင်း CDM မှာ ပါဝင်နေတဲ့ သံရုံးဝန်ထမ်တွေအပါအဝင် မြန်မာနိုင်ငံသားများ အပေါ် လူသားချင်းစာနာထောက်ထားစွာ ကူညီပေးမှုအတွက် သမ္မတ ဂျိုးဘိုင်ဒင် နှင့် အမေရိကန်အစိုးရအား အထူးကျေးဇူးတင်ရှိပါကြောင်း ဦးထင်လင်းအောင်က သူ့ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

    ဒီလို ၁၈ လကြာ ယာယီနေထိုင်ခွင့်ထပ်မံသက်တမ်းတိုးလျှောက်ထားနိုင်သူတွေကတော့ ၂၀၂၁ ခုနှစ်၊ မတ် ၁၁ ရက်အထိနေထိုင်တဲ့သူတွေအကျုံးဝင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အရပ်သားများအပေါ် ရက်စက်စွာအကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံအနှံအပြားတွင်မှာ အခြေအနေတွေရှုပ်ထွေးနေပြီး ဆိုးရွားလှတဲ့ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းတွေကိုခံစားနေရတယ်လို့ အမိမြေလုံခြုံရေးဌာန ဝန်ကြီး မေရိုဂတ်က ပြောကြားထားပါတယ်။

    US

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  17. ဖမ်းခံရတဲ့ ပိုလန်နိုင်ငံသားနဲ့ပတ်သက်လို့ ဂျာမနီသံရုံးကြေညာချက်ထုတ်ပြန်

    တောင်ကြီးမြို့မှာ ဖမ်းဆီးခံထားရတဲ့ ပိုလန်နိုင်ငံသားကို ထားရှိထားတဲ့နေရာကို အသိပေးဖို့နဲ့ သူ့အတွက်ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ခွင့်ပေးဖို့ ဂျာမနီနိုင်ငံသံရုံးက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ မတ် ၁၃ ရက်နေ့စွဲနဲ့ အဲဒီထုတ်ပြန်ချက်မှာ ပိုလန်နိုင်ငံသားကိုဖမ်းဆီးရတဲ့အကြောင်းနဲ့ စွဲဆိုချက်တွေကို စာထုတ်ပြန်အကြောင်းကြားပေးဖို့လည်း တောင်းဆိုထားပါတယ်။

    ဒါ့အပြင် သူ့ကိုတခြားဖမ်းဆီးခံရသူတွေနည်းတူ ဥပဒေရေးရာကိုယ်စားပြုမှုလိုအပ်သလို နိုင်ငံခြားသားဖြစ်တာကြောင့် ကောင်စစ်ဆိုင်ရာအကာအကွယ်ရရှိဖို့လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါကြောင့် မြန်မာအာဏာပိုင်တွေဘက်က ကောင်စစ်ဆက်ဆံရေးကိုလိုက်နာပြီး အကြောင်းပြန်ကြားပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ပိုလန်နိုင်ငံသားကို တရားမျှတပြီးလူသားဆန်စွာဆက်ဆံဖို့လိုလားကြောင်းလည်း တောင်းဆိုထားပါတယ်။

    ပိုလန်နိုင်ငံသားဟာ တောင်ကြီးက ဆန္ဒပြပွဲတစ်ခုမှာ ဓာတ်ပုံရိုက်ကူးနေတုန်းဖမ်းဆီးခံရတယ်ဆိုတဲ့ သူ့ဓာတ်ပုံနဲ့သတင်းတွေလူမှုကွန်ရက်မှာပ့ျံနှံ့နေပြီး သူဟာ နိုင်ငံခြားသတင်းဌာနတချို့မှာ သတင်းရေးသားနေသူလည်းဖြစ်တယ်လို့ ဖော်ပြနေကြပေမယ့် ဘီဘီစီက ဒါနဲ့ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

  18. မန္တလေး - မြစ်ကြီးနား မီးရထားလမ်းပိုင်း သဲချောင်း တံတား မိုင်းခွဲခံရ

    မန္တလေး - မြစ်ကြီးနား မီးရထားလမ်း အင်းတော်မြို့နယ်အတွင်းရှိ သဲချောင်း တံတား မတ် ၁၂ ရက်၊ ည ၁၁ နာရီခန့်က မိုင်းခွဲခံခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ဘုံချောင်းဘူတာနဲ့ မဲဇာဘူတာကြား သဲချောင်းကျေးရွာအနီးရှိ တံတားအမှတ်(BR-405) ကို မိုင်းဖောက်ခွဲခဲ့လို့ တံတားအုတ်ခုံပျက်စီးတယ်လို့ ဒေသခံတွေကပြောကြားပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကတော့ မသိရသေးပါဘူး။

    Railway

    ဓာတ်ပုံ ရင်းမြစ်, ဝင်းနိုင်(ကချင်မြေ)

    ဓာတ်ပုံ ပုံစာ, သဲချောင်း တံတား မိုင်းခွဲခံရ
  19. မြောက်ဥက္ကလာ ဘုန်းကြီးလမ်းသပိတ်

  20. သီတဂူဗုဒ္ဓတက္ကသိုလ်က သံဃာတော်တွေ ဆန္ဒပြ