စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နဲ့ မိသားစု အဆက်အသွယ်ပြတ်နေဆဲ

    ပင်းတယမီးအိမ်ရှင်လို့ လူသိများတဲ့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နဲ့ အဆက်အသွယ်ပြတ်နေတာ ၅ ရက်ထဲ ဝင်လာပြီးဖြစ်ပြီး သူဘယ်မှာရှိနေတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တွေက ဘီဘီစီကို မတ်လ ၁၆ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

    ဒေါက်တာသန်းမင်းထွဋ်ဟာ တိုင်းစစ်ကောင်စီက တွေ့ချင်တယ်ဆိုလို့ ဆေးရုံတာဝန်ရှိသူတွေနဲ့အတူ မတ်လ ၁၂ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီး မေးစရာတချို့ရှိတယ်ဆိုတာကြောင့် ချန်နေခဲ့ချိန် အဲဒီနေ့ကတည်းက မိသားစုက သူ့ကို ဆက်သွယ်မရတော့သလို လက်ကိုင်ဖုန်းလည်း စက်ပိတ်သွားခဲ့တာပါ။

    ဒေါက်တာသန်းမင်းထွဋ်ကို ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာသိနိုင်ဖို့ ပုသိမ်ဆေးရုံတာဝန်ရှိသူတွေနဲ့ အထူးကုဆရာဝန်ကြီးတွေက တိုင်းစစ်ကောင်စီတာဝန်ရှိသူနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သွားတွေ့ခဲ့ပေမဲ့ ငွေရေးကြေးရေးကိစ္စနဲ့ စုံစမ်းနေဆဲ ဖြစ်တယ်ဆိုတာမျိုးပဲ သိခဲ့ရတယ်လို့ ဆေးရုံဘက်က ပြောထားပါတယ်။

    လက်ရှိမှာ ဒေါက်တာသန်းမင်းထွဋ်ကို မအူပင်အကျဉ်းထောင်ကို လွှဲလိုက်ပြီဆိုတဲ့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမဲ့ မိသားစုဘက်က အတည်မပြုပါဘူး။

    ဒါ့ကြောင့် ဒေါက်တာသန်းမင်းထွဋ်ကို ဘာ့ကြောင့်ထိန်းသိမ်းတယ်၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာမျိုး တရားဝင်ထုတ်ပြန်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေပါတယ်။

    ဒေါက်တာသန်းမင်းထွဋ်ကို မအူပင်ထောင်ကို ပို့လိုက်ပြီဆိုတဲ့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ

    ဓာတ်ပုံ ရင်းမြစ်, Dr.Than Min Htut facebook

    ဓာတ်ပုံ ပုံစာ, ဒေါက်တာသန်းမင်းထွဋ်ကို မအူပင်ထောင်ကို ပို့လိုက်ပြီဆိုတဲ့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ
  2. R2P ၀င်သင့်တဲ့ နိုင်ငံတွေထဲ မြန်မာနိုင်ငံကို ဂလိုဘယ်အာတူးပီအဖွဲ့ ထည့်သွင်း

    R2P

    ဓာတ်ပုံ ရင်းမြစ်, globalr2p.org

    ဓာတ်ပုံ ပုံစာ, စစ်တပ်အာဏာသိမ်းပြီးကတည်းက အနည်းဆုံး လူ ၁၃၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်

    မြန်မာနိုင်ငံကို R2P လို့ ခေါ်တဲ့ နိုင်ငံတကာ အကာအကွယ် ပြုပေးသင့်တဲ့ နိုင်ငံတွေ စာရင်းထဲ၊ ဂလိုဘယ် R2P လို့ ခေါ်တဲ့ စောင့်ကြည့် လေ့လာရေး အဖွဲ့က ထည့်သွင်းထားတာ တွေ့ရပါတယ်။

    အဲဒီ အဖွဲ့ အခု ရက်ပိုင်းကပဲ ထုတ်ပြန်တဲ့ အတွဲအမှတ်- ၅၆ စောင့်ကြည့်စာရင်း အစီရင်ခံစာ ထဲ မြန်မာနိုင်ငံပါ၀င် နေတာ ဖြစ်ပါတယ်။

    ဖေဖေါ်၀ါရီ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီးကတည်းက သေနတ်ကျည်ဆံ အစစ်တွေ အပါအ၀င် လက်နက်တွေကို အဆင်ခြင်မဲ့ အသုံးပြုနေတာကြောင့် အနည်းဆုံး လူ ၁၃၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာထဲ ရေးသားထားပါတယ်။

    ဒါ့အပြင် လူပေါင်း ၂၀၀၀ ကျော်လည်း ဖမ်းခံထားရပြီ ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေဟာ အန္တရာယ်ကျရောက်နေပြီလို့ ဂလိုဘယ် R2P အဖွဲ့က ကမ္ဘာကို အသိပေးနေပါတယ်။

    မြန်မာစစ်တပ်ဟာ သူတို့ရဲ့ ရက်စက်ကျုးလွန်မှုတွေ အတွက် အရေးယူ မခံရပဲ လွတ်မြောက်နေဆဲ ဖြစ်နေတဲ့ အချက်ဟာ ၊ အရပ်သားတွေ အပေါ်လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်တာတွေ နောက်ထပ် ပိုပိုပြီး စံနစ်တစ်ကျ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ကို ကျုးလွန်လာစေတယ်လို့ ဂလိုဘယ် R2P အဖွဲ့က ထောက်ပြထားပါတယ်။

    ကုလသမဂ္ဂ အဖွဲ့၀င် နိုင်ငံတွေကြား ၂၀၀၅ ခုနှစ်မှာ ရရှိထားတဲ့ သဘောတူညီချက် ဖြစ်တဲ့ နိုင်ငံတကာ အကာအကွယ်ပြုပေးရေး R2P ကို လက်တွေ့ ကျင့်သုံးနိုင်ဖို့ရာ အထောက်အကူ ဖြစ်စေဖို့ အတွက် ဂလိုဘယ် R2P အဖွဲ့ကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တည်ထောင်ထားတာ ဖြစ်ပြီး၊ ရုံးချုပ်က အမေရိကန်၊ နယူးယောက်မြို့မှာ ထားရှိပါတယ်။

    အဲဒီ အဖွဲ့ဟာ R2P ၀င်သင့်တဲ့ နိုင်ငံတွေ အကြောင်း လေ့လာသုတေသနလုပ်ပြီး၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အကြံပြု ပေးနေတာ ဖြစ်ပါတယ်။

    R2P

    ဓာတ်ပုံ ရင်းမြစ်, globalr2p.org

    ဓာတ်ပုံ ပုံစာ, လူပေါင်း ၂၀၀၀ ကျော်လည်း ဖမ်းခံထားရပြီဖြစ်
  3. စစ်ဗိုလ်ချုပ်တွေသာ အနှစ်၇၀ နေ့စဥ်နဲ့အမျှ နိုင်ငံကို သစ္စာဖောက်နေတယ်လို့ ဒေါက်တာဆာဆာ တုံ့ပြန်

    မြန်မာနိုင်ငံကို ကုလသမဂ္ဂတပ်တွေ၀င်ပြီး ပြည်သူတွေကို အကာအကွယ်ပြု ပေးဖို့ အဓိက ဆော်ဩနေတဲ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ရဲ့ကုလသမဂ္ဂဆိုင်ရာ အထူး သံတမန် ဒေါက်တာဆာဆာကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အာဏာသိမ်း စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ပါတယ်။

    စစ်အာဏာရှင်က သူ့ကို သစ္စာဖောက်တယ်လို့ ပြောတာဟာ ပြည်သူတွေနဲ့ တသားတည်းရှိတဲ့သူဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်လို့ သူ့ အနေနဲ့ ဂုဏ်ယူတယ် ဆိုပြီး ဒေါက်တာဆာဆာက တုံ့ပြန်ပါတယ်။

    အဲဒီ စစ်အာဏာရှင်တွေပဲ နှစ်ပေါင်း ၇၀ အတွင်း ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန် နေခဲ့ကြတာ ဖြစ်တဲ့ အတွက်၊ အဲဒီ စစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင်တွေသာ နိုင်ငံတော်သစ္စာဖောက်မှုကို နေ့စဥ်ကျုးလွန်နေတာ ဖြစ်တယ်လို့လည်း ဒေါက်တာဆာဆာက တန်ပြန်ပြောဆိုပါတယ်။

    လမ်းမတွေပေါ်မှာ နေ့စဉ်နဲ့အမျှ အသက်တွေကို ရင်းပြီး ဆန္ဒပြနေကြတဲ့ ရဲရင့်လှတဲ့ မြန်မာပြည်သူတွေကို ဟန့်တား ပိတ်ပင်လို့မရသလိုဘဲ၊ သူ့ကိုလည်း ဟန့်တားပိတ်ပင်လို့ မရဘူးလို့လည်း ဒေါက်တာဆာဆာက ပြောပါတယ်။

    R2P

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်အာဏာရှင်တွေအတွက် သစ္စာဖောက်ဟာ ပြည်သူနဲ့တသားတည်းဖြစ်သူလို့ အဓိပ္ပာယ်ထွက်
  4. ဂျော့ချ်ဆိုးရော့စ်ရဲ့ ပွင့်လင်းလူ့ဘောင်ဖောင်ဒေးရှင်းက မြန်မာစစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကိုငြင်း

    ပွင့်လင်းလူ့ဘောင်မြန်မာ “Open Society Myanmar OSM” အဖွဲ့ရဲ့ ဘဏ္ဍာရေးမန်နေဂျာ ဒေါ်ဖြူပပသော်ကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ပွင့်လင်းလူ့ဘောင် ဖောင်ဒေးရှင်း “Open Society Foundations”အဖွဲ့က မြန်မာအာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

    ဘီလျံနာ သူဌေး ဂျော့ချ် ဆိုးရော့စ်က လူမှုအကူအညီတွေ၊ ပရဟိတ လုပ်ငန်းတွေလုပ်ဖို့ ဆိုပြီး တည်ထောင်ထားတဲ့ အဲဒီ ဖောင်ဒေးရှင်း အဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာလည်း အဖွဲ့ခွဲ ထားရှိတာ ဖြစ်ပါတယ်။

    အဲဒီ OSM အဖွဲ့ ငွေစာရင်းထဲကို နိုင်ငံခြားငွေတွေ တရားမ၀င် လဲလှယ် စီးဆင်းနေပြီး၊ CDM လှုပ်ရှားမှုကို ထောက်ပံ့နေတယ် ဆိုတဲ့ စွဲချက်နဲ့ စစ်ကောင်စီက က ဘဏ္ဍာရေးဆိုင်ရာ တာ၀န်ရှိသူကို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

    ဒါ့အပြင်၊ အမှုဆောင်ဒါရိုက်တာ အပါအ၀င် ၀န်ထမ်း၁၁ ယောက်ကိုလည်း ဖမ်း၀ရမ်း ထုတ်ထားတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

    စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေဖြစ်တဲ့ ဒေါ်လာ ၁.၄ သန်းဖိုးကို မြန်မာငွေ အဖြစ် လုပ်ထုံးလုပ်နည်းနဲ့ မညီပဲ လဲလှယ်ခဲ့တယ် ဆိုတဲ့ အချက်ကိုရော၊ ဘဏ္ဍာငွေတွေကို ဥပဒေနဲ့ မညီတဲ့ ကိစ္စတွေမှာ အသုံးချနေတယ် ဆိုတဲ့ အချက်ကိုရော အလိမ်အညာ အကြောင်းပြချက်တွေသာ ဖြစ်တယ်လို့Open Society Foundationsအဖွဲ့က တုံ့ပြန်ပါတယ်။

    ဂျော့ချ် ဆိုးရော့စ် သားအဖနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိမ်ကြိမ်တွေ့ဆုံပြီး မြန်မာနိုင်ငံထဲ ရုံးခန်းဖွင့်ခွင့်ရခဲ့တယ် ဆိုတဲ့ အချက်ကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရုပ်မြင်သံကြား သတင်းမှာ အသားပေး ပြသခဲ့ပါတယ်။

    CDM
    ဓာတ်ပုံ ပုံစာ, CDM ကို ငွေထောက်ပံ့တယ်လို့ ယူဆထားတဲ့ ပရဟိတဖောင်ဒေးရှင်းတွေကို စစ်ကောင်စီ ပစ်မှတ်ထားနေ
  5. ဂျပန်ခရီးစဥ်မှာလည်း ၀န်ကြီးဘလင်ကင် မြန်မာစစ်တပ်ကိုရှုတ်ချ

    ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီဘလင်ကင်က သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ အရေးကိုလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲရလာဒ်တွေကို ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြသူတွေ အပေါ်မှာလည်း ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်ဖြိုခွဲနေတယ်” လို့ ၀န်ကြီး ဘလင်ကင် ပြောသွားတာပါ။

    သူဟာ တဆက်တည်းမှာပဲ တရုတ်ပြည်မကြီး အစိုးရကိုလည်း ၀ေဖန်သွားပါတယ်။

    ဘေဂျင်းအစိုးရဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ထိုင်၀မ်ရဲ့ ဒီမိုကရေစီတို့ကို ဖျက်စီးနေတယ်၊ ရှင်ကျန်းနဲ့ တိဘက်မှာလည်း လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီးတော့လည်း တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်နက်ချဲ့ထွင်နေတယ်လို့ ၀န်ကြီးဘလင်ကင်က ၀ေဖန်ပါတယ်။

    အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဘလင်ကင်ဟာ ကာကွယ်ရေး၀န်ကြီး လွိုက် အော်စတင်နဲ့ အတူ အာရှ မဟာမိတ် နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေကို ခရီးထွက် နေတာ ဖြစ်ပါတယ်။

    အခုဆိုရင် အမေရိကန် အစိုးရ ထိပ်တန်း အဖွဲ့၀င် နှစ်ယောက်ဟာ တိုကျိုမြို့တော်မှာ ဂျပန် ၀န်ကြီးချုပ် ယိုရှီဟီးဒေး ဆူးဂနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

    အဲဒီတွေ့ဆုံပွဲ အပြီး ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘလင်ကင်က မြန်မာအရေးကိုပါ ထည့်သွင်း ပြောခဲ့တာ ဖြစ်ပါတယ်။

    တရုတ်ပြည်မကြီး အစိုးရကိုလည်း ၀ေဖန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တရုတ်ပြည်မကြီး အစိုးရကိုလည်း ၀ေဖန်
  6. Open Society Myanmar ကို အရေးယူမယ်လို့ စစ်ကောင်စီကကြေညာ

  7. သေနတ်နဲ့ အပစ်ခံရတဲ့ ဆေးကျောင်သားလေး ရဲ့စျာပန အခမ်းအနား

  8. ဒေါက်တာဆာဆာကိုဖမ်းဝရမ်းထုတ်

    ရန်ကုန်ည ဆန္ဒပြသူတွေက ဒေါက်တာဆာဆာပြောကြားချက်ကိုကြည့်နေစဥ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်ည ဆန္ဒပြသူတွေက ဒေါက်တာဆာဆာပြောကြားချက်ကိုကြည့်နေစဥ်

    ဒေါက်တာဆာဆာကို မြန်မာနိုင်ငံရဲအဖွဲ့က တရားစွဲထားကြောင်း မြန်မာ့ရုပ်မြင်သံကြားအစီအစဥ်က ည၈နာရီသတင်းမှာထုတ်ပြန် ကြေညာသွားပါတယ်။

    ဒေါက်တာဆာဆာဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ကျူးလွန်နေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကခန့်ထားတဲ့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရာထူးကိုလက်ခံဆောင်ရွက်ပြီ းအာဏာသိမ်းစစ်ကောင်စီကိုလည်း ဖြိုဖျက်ဖို့ကြိုးစားတဲ့အတွက် တရားစွဲဆိုတာလို့ဆိုပါတယ်။

    စွဲဆိုတဲ့ပုဒ်မက ရာဇသတ်ကြီး ပုဒ်မ၁၂၂ ပုဒ်မခွဲ၂ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြစ်ပါတယ်။

    ဒေါက်တာဆာဆာဟာ နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေကိုအကြမ်းမဖက် အာဏာဖီဆန်ရေးCDM လုပ်ဖို့တိုက်တွန်းတာ၊နိုင်ငံတကာကမြန်မာ့အရေးကိစ္စတွေမှာ လက်နက်နဲ့ဝင်ရောက်လာပြီးအများပြည်သူကို အကာအကွယ်ပေးဖို့R2P Responsibility to Protect ကိုတောင်းဆို တိုက်တွန်းတာ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သွားရောက်ဆွေးနွေးတာတွေ ပြုလုပ်ခဲ့လို့ အခုလိုရဲအဖွဲ့ကတရားစွဲဆိုတာလို့ဆိုပါတယ်။

    သူ့ကို ဖမ်းမမိသေးတဲ့အတွက် ဖမ်းဝရမ်းထုတ်ထားတယ်လို့ဆိုပါတယ်။

    ဒေါက်တာဆာဆာကိုပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီCRPH က ဖေဖော်ဝါရီလ၂၂ရက်နေ့မှာ ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ခန့်ထားခဲ့တာဖြစ်ပါတယ်။

    မြန်မာရဲတပ်ဖွဲ့က တရားစွဲထားကြောင်း သတင်းထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါက်တာဆာဆာက အခုလို ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။

    no tag
  9. ကမ္ဘာဇ ဘဏ်မှာ ငွေထုတ်သူ အချို့အဖမ်းခံရ

    no tag
    no tag

    မတ်လ ၁၆ ရက် အင်္ဂါနေ့က ပြည်လမ်း ပေါ်မှာ ရှိတဲ့ ကမ္ဘာဇ ဘဏ်ကို လာရောက် ငွေထုတ်ကြသူ တွေနဲ့ ဘဏ်ဝန်ထမ်းတွေ ကြား ငွေထုတ်မပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ စကားများကြပြီးနောက် ငွေစာရင်းဖွင့်ထားသူ လေးယောက်ကို စစ်သားနဲ့ ရဲတွေက လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ ဘဏ်ကိုသွားရောက်ခဲ့သူတွေက ပြောပါတယ်။

    ကိုယ်အပ်ထားတဲ့ငွေ ကိုယ်ပြန်ထုတ်တာကို ငွေလွှဲဝန်ဆောင်မှုပဲ လုပ်ပေးနိုင်မှာ ဖြစ်ပြီး ငွေထုတ်မပေးနိုင်ဘူးလို့ဘဏ်က ပြောတဲ့အတွက် မကျေမနပ်ဖြစ်ကြရာက မူလကတည်းက လုံခြုံရေးယူထားသူတွေ မဟုတ်တဲ့ လက်နက်ကိုင် လုံခြုံရေးတွေက ဘဏ်ထဲကို ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ အဖမ်းခံရသူတွေရဲ့ မိသားစုက ပြောပါတယ်။

    ဖမ်းခေါ်သွားတာ ခံရတဲ့လေးယောက်ကို ဘယ်ခေါ်သွားမှန်းမသိ၊ ဘယ်မှာ ဖမ်းဆီးထားမှန်း မသိဘူးလို့ စိုးရိမ်နေတယ်လို့ အဖမ်းခံရသူတွေထဲက နှစ်ယောက်ဖြစ်တဲ့ လှိုင်မြို့နယ်မှာ နေထိုင်သူ ဒေါ်ခင်ခင်စီနဲ့ ဒေါ်မြင့်မြင့်သူ တို့ရဲ့ တူမ ဖြစ်တဲ့ မဘေးဘေးက ဘီဘီစီကို ပြောပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်လို့ ကမ္ဘောဇဘဏ်ဘက် ကတုံပြန့်ပြောဆိုတာမျိုးမရှိသေးပါဘူး။

    ကမာရွတ်၊ ပြည်လမ်းက ပုဂ္ဂလိကဘဏ််််််််တစ်ခု ကို လူလေးဦးဝင်လာပြီး၊ စီဒီအမ် မလုပ်သဖြင့်၊ ဘဏ်ဖွင့်သဖြင့် ဆဲဆိုတာ‌တွေ လုပ်လို့ဆိုပြီး လေးဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ မြန်မာရုပ်မြင်သံကြားက ညပိုင်း သတင်းမှာ ထုတ်ပြန်သွားပါတယ်။

  10. နိုင်ငံတော်သံဃမဟာနယက အဖွဲ့ လုပ်ငန်းတွေရပ်တော့မယ်

    နိုင်ငံတော် သံဃမဟာနယက အဖွဲ့ဟာ သူရဲ့လုပ်ငန်းတာဝန်တွေဆောင်ရွှက်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းတော့မယ်လို့ နိုင်ငံတော် သံဃမဟာနယကအဖွဲ့ ၄၇ ပါးစုံညီ ဆုံးဖြတ်ခဲ့ကြောင်း အဖွဲ့ဝင်ဆရာတော် တွေထံကနေသိရပါတယ်။

    လက်ရှိအချိန်ကစပြီး နိုင်ငံရေးတင်းမာမှုတွေလျော့ပြီး ပြည်သူတွေလွတ်လပ်စွာ သွားလာလှုပ်ရှားဖောက်ကားရောင်းဝယ်နိုင်တဲ့ အချိန်အထိ နဲ့ ကိုဗစ် ကပ်ရောဂါ မြန်မာနိုင်ငံမှာ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က အသိအမှတ်ပြုထောက်ခံချက်ရတဲ့ အချိန်အထိ လုံးဝရပ်ဆိုင်းထားမယ်လို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ လည်း သူကပြောပါတယ်။

    မြန်မာနိုင်ငံ အတွင်းလက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်လူနည်းစုက လူများစုကို အကြမ်းဖက် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့ကို လည်းဆရာတော်ကြီးတွေက မေတ္တာရပ်ခံ ဖို့ သဘောတူခဲ့တယ်လို့လည်း အစည်းအဝေး တက်ရောက်ခဲ့သူဆရာတော်တွေက ပြောပါတယ်။

    no tag
  11. စစ်အုပ်ချုပ်ရေးကြေညာပေမဲ့ ဆက်ပြီး ဆန္ဒပြနေတဲ့ လှိုင်သာယာ

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ် ၁၆ ရက် နေ့မှာ ရပ်ကွက်ထဲအထိ စစ်သားတွေက လိုက်လံပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

    မတ် ၁၄ ရက်နေ့က ရဲနဲ့စစ်သားတွေရဲ့ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် လှိုင်သာယာမြို့နယ်က သပိတ်မှောက်ပြည်သူတွေ ရာဂဏန်းနီးပါးသေဆုံးဒဏ်ရာရတွေရခဲ့ပါတယ်။

    လှိုင်သာယာမှာ ကျည်ထိမှန် သေဆုံးခဲ့သူ ၃၁ ဦးကို ဒီနေ့ လှိုင်သာယာ ထိန်ပင်သုသာန် မှာစျာပန အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

    စစ်အုပ်ချုပ်ရေးစတင်ခဲ့ပြီးနောက် လှိုင်သာယာက ‌ရွှေ့ပြောင်းလုပ်သားတွေ အများအပြား နေရပ်ပြန်သွားခဲ့ကြပါတယ်။

    ၂၀၁၄ သန်းခေါင်စာရင်း အရ လှိုင်သာယာ မှာလူ ဦးရေ ၇ သိန်းခန့်နေထိုင် ပြီး ရန်ကုန်မြို့ရဲ့လူဦးရေ အများဆုံးနေထိုင်တဲ့ မြို့နယ်ဖြစ်ပါတယ်။

  12. လှိုင်သာယာ စက်မှုဇုန်ထဲမီးခိုးတွေထွက်လာပြီးနောက် စစ်ကောင်စီတပ်တွေတပ်စွဲ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    လှိုင်သာယာမှာ စက်မှုဇုန်မှာ မီးလောင်နေတယ်လို့ ယူဆရတဲ့ မီးခိုးတွေ ဒီနေ့ နေ့လယ်ပိုင်းက ထွက်လာခဲ့ပြီး နောက် ရဲနဲ့ စစ်ကားတွေ ရောက်ရှိနေရာယူထားတယ်လို့ လှိုင်သာယာ စက်မှုဇုန်၁ က ဒေသခံတစ်ဦးကပြောပါတယ်။

    မတ်လ ၁၆နေ့လယ်ပိုင်းက စက်မှုဇုန်ထဲက တစ်ပြိုင်နက်လေးနေရာက မီးခိုးတွေ ထွက်လာတာတွေ့ရတယ်လို့လည်း သူကပြောပါတယ်။

    စက်ရုံတွေမီးလောင်တယ်ဆိုတာနဲ့ ဆိုတာကို တော့ သေသေချာချာမသိရကြောင်း မီးသတ်ကားတွေ လာတာမတွေ့ရကြောင်းလည်းသူကပြောပါတယ်။

    သူနေထိုင်တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာတော့ လမ်းမပေါ်ချထားတဲ့ တာယာတွေကို မီးရှို့ထားတာတွေ့ရပြီး မီးခိုးတွေ ထွက်နေတာတွေ့ရတယ်လို့လည်းပြောပါတယ်။

    စက်မှုဇုန် ၁ ထဲကို စစ်ကားနဲ့ရဲကား အစီး ၁၀ ခန့်ဝင်ရောက်နေရာယူထားပြီး စက်မှုဇုန်နောက်က ညောင်ရွာနဲ့ ရေအုတ်ကန် အဝင်အထွက်တွေကိုစောင့်ကြည်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

  13. တစ်စောင်တည်းကျန်ခဲ့တဲ့ ပုဂ္ဂလိက သတင်းစာ ရပ်ပြီ

    မြန်မာနိုင်ငံ မှာစစ်ကောင်စီအာဏာသိမ်းပြီးရက်ပေါင်း ၄၀ ကျော်အတွင်းမှာ ပုဂ္ဂလိက သတင်းစာတွေအားလုံးရပ်နားသွားပြီဖြစ်ပါတယ်။

    တစ်စောင်တည်းကျန်ပြီးထုတ်ဝေနေတဲ့ စံတော်ချိန် ပုဂ္ဂလိက သတင်းစာဟာ လည်းမနက်ဖြန်မတ်လ ၁၇ရက်နေ့မှာ ရပ်နားတော့မှာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။

    သတင်းစာထုတ်ဝေရေးတင်ရပ်တာ မဟုတ်ဘဲ ဒီဂျစ်တယ် မီဒီယာပေါ်က သတင်းတင်ဆက်မှုတွေကိုလည်း ရပ်နားမှာဖြစ်တယ်လို့ စံတော်ချိန် သတင်းစာက ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေကို ၂၀၁၃ ခုနှစ် ဧပြီလက စတင်ခဲ့တာဖြစ်ပြီးတော့ အဲဒီတုန်းက ထွက်ခဲ့တဲ့ သတင်းစာတွေ အားလုံးဟာ မနက်ဖြန် ဆိုရင်ရပ်နားသွားကြပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီဟာ သတင်းစာတွေကို အာဏာသိမ်းစစ်အစိုးရ လို့ မသုံးဖို့ သတိပေးစာတွေပိုခဲ့သလို 7 day သတင်းစာ အပါအဝင် သတင်းဌာန ၅ ခုကို လှုံ့ဆော်မှုတွေလုပ်လို့ဆိုပြီး ပိတ်ခဲ့ပါတယ်။

    စံတော်ချိန် သတင်းစာ ရပ်လိုက်ရတာဟာ အခြေအနေ အကြောင်းကြောင်းကြောင့်ဖြစ်တယ်လို့လည်း အယ်ဒီတာ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    စစ်ကောင်စီ အာဏာသိမ်း ဆန့်ကျင်ရေး သတင်းတွေရယူနေတဲ့ သတင်းသမား ၆ ဦးခန့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ က နဲ့ အရေးယူထားသလို သတင်းဌာနတွေကို ဝင်ရောက်စီးနင်းပြီး အယ်ဒီတာတွေကို ဖမ်းဆီးခဲ့ပါတယ်။

    နောက်ဆုံးကျန်တဲ့ စံတော်ချိန် သတင်းစာ မနက်ဖြန်ရပ်မယ်

    ဓာတ်ပုံ ရင်းမြစ်, MK

    ဓာတ်ပုံ ပုံစာ, နောက်ဆုံးကျန်တဲ့ စံတော်ချိန် သတင်းစာ မနက်ဖြန်ရပ်မယ်
  14. သပိတ်ကျင်းမှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် ၅ ဦးသေဆုံး

    no tag

    ဓာတ်ပုံ ရင်းမြစ်, သပိတ်ကျင်း

    မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က ရပ်ကွက် ၄ခုမှာ မတ်လ ၁၅ ရက် မနေ့ညနေပိုင်းက ရဲနဲ့စစ်ဘက်က အကြမ်းဖက် ပစ်ခတ်လို့အနည်းဆုံး လူ၅ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

    အသက် ၁၅နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့သလို ပစ်ခတ်ခံရတဲ့ ကျေးရွာ လေးခုလုံးမှာ သေဆုံးသူတွေ ရှိတယ်လို့ ချောင်းကြီးကျေးရွာ ဒေသခံကပြောပါတယ်။

    မတ်လ ၁၅ရက် ညနေပိုင်း ၄နာရီနောက်ပိုင်းကနေ ည ၇နာရီကျော်ထိ စစ်နဲ့ရဲဘက်က ကျေးရွာတွေကို ပစ်ခတ်နေတာဖြစ်ပါတယ်။

    သပိတ်ကျင်းမြို့အစွန် စဉ့်ကူးမြို့နယ် အစ ချောင်းကြီး၊ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ကျောက်ဖြူ ကျေးရွာစတဲ့ ရပ်ကွက်အတွင်းကို စစ်နဲ့ရဲဘက်က ပစ်ခတ်တာကြောင့် အနည်းဆုံး လူ၅ဦးသေဆုံးခဲ့သလို ဒဏ်ရာရရှိသူ ၉ဦးရှိတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

  15. ရွှေပြည်သာ ပစ်ခတ်မှုသေဆုံးခဲ့သူတွေ နာရေးအခမ်းအနား ပြုလုပ်

  16. ကောလင်းမြို့မှာ လူထုနဲ့ရဲ ထိပ်တိုက်တွေ့မှု သေဆုံးသူရှိ

    ကောလင်းမြို့မှာ ဒီနေ့ မတ်လ ၁၆ ရက် နေ့လယ်နာရီ ၁ နာရီကျော်မှာ ဆန္ဒပြသူတချို့နဲ့ ရဲတပ်ဖွဲ့၀င်တွေကြား ထိပ်တိုက်တွေ့ခဲ့မှုမှာ ကျည်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

    သေဆုံးသူအမျိုးသားဟာ အသက် ၄၀ ဝန်းကျင်ရှိပြီး မင်းကုန်းရွာသားဖြစ်တယ်လို့ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေသူတွေကအတည်ပြုပါတယ်။

    မနက်ခင်းပိုင်း မြို့လူထုဆန္ဒပြပွဲ အေးအေးချမ်းချမ်းလူစုခွဲနိုင်ခဲ့ပေမဲ့ ပြင်ဦးလွင်ရပ်ကွက်မှာ ထိပ်တိုက် တွေ့ခဲ့တာပါ။

    ဒီဖြစ်စဉ်မှာ ဒဏ်ရာရသူ ၂ ဦးရှိပြီး ၁ ဦးက ကျောပေါက်တဲ့ကျည်ဒဏ်ရာကြောင့် ကောလင်းဆေးရုံမှာ ကုသမှုခံနေရပါတယ်။

    လက်ရှိမှာ မြို့ခံတွေတချို့က ကျော်ဇေယျာလမ်းမကြီးကို ပိတ်ဆို့ ဆန္ဒပြနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လက်ရှိမှာ မြို့ခံတွေတချို့က ကျော်ဇေယျာလမ်းမကြီးကို ပိတ်ဆို့ ဆန္ဒပြနေ
  17. မိုးကုတ်မှာ ရပ်ကွက်ထဲဝင်ဖမ်း

    မိုးကုတ်မြို့ မှာ မတ်လ ၁၆ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းရပ်ကွက်တွေ အထဲထိ အထိဝင်ရောက်ပြီး ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်နေတယ်လို့ မိုးကုတ်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်အချို့ကလည်း လေးဂွနဲ့ အိမ်ကြားတွေအထိ ဝင်ရောက်ကာ ပစ်ခတ်မှုတွေလုပ်နေတယ်လို့လည်း သူတို့ကပြောပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကတော့ ရပ်ကွက်အလိုက် ပြောက်ကျား စနစ်နဲ့ ဆန္ဒပြနေကြတယ်လို့ လည်းသိရပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. လှိုင်သာယာမြို့နယ်(၁)ထိပ်နဲ့ (၃)ထိပ်ဘက်မှာ သောက်သုံးရေပြတ်လပ်

    မတ်လ (၁၄)ရက်ကစပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ လှိုင်သာယာမြို့နယ်က (၁)ထိပ်နဲ့ (၃)ထိပ်ရပ်ကွက်တွေမှာ သောက်သုံးရေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီထိပ်မှာ စစ်တပ်ကနေရာယူထားပြီး ပစ်ခတ်မှုအချို့လည်း ရှိနေတာပါ။

    "ရေကားတွေမဝင်နိုင်အောင်လုပ်ထားတယ်။ ရေအိုးတွေ ခွဲတယ်ကြားတယ်ဗျ။ အဲ့ဒါကြောင့်မနက်အစောပိုင်းကြီး လမ်းကြိုလမ်းကြားတွေထဲကနေ သွားလှူရတယ်။ လူအင်အားနည်းတော့ တတ်နိုင်သလောက် လှူခဲ့တယ်။ ရေကတ်ရယ်၊ ကြံရယ်၊ ဖရဲသီးရယ်ပေါ့"လို့ လှူဒါန်းသူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    စစ်အုပ်ချုပ်ရေးကြေညာခံရပြီး ဒုတိယမြောက်နေ့ မတ်လ ၁၆ရက် မနက်အစောပိုင်းမှာလည်း လှိုင်သာယာမြို့နယ်ကနေ ဒေသပြန်သူတွေများပြားပြီး ဘီအိုစီနဲ့ သမကုန်းနားမှာ ၃နာရီကြာ လမ်းပိတ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

    စစ်အုပ်ချုပ်ရေးကြေညာခံရပြီး ဒုတိယမြောက်နေ့ မတ်လ ၁၆ ရက် မနက်အစောပိုင်းမှာ လှိုင်သာယာမြို့နယ်ကနေ ဒေသပြန်ကြသူတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်အုပ်ချုပ်ရေးကြေညာခံရပြီး ဒုတိယမြောက်နေ့ မတ်လ ၁၆ ရက် မနက်အစောပိုင်းမှာ လှိုင်သာယာမြို့နယ်ကနေ ဒေသပြန်ကြသူတွေ
    လှိုင်သာယာမြို့နယ်ကနေ ဒေသပြန်ကြသူတွေကြောင့် ဘီအိုစီအဝိုင်းနဲ့ သမကုန်းမှာ နာရီချီ လမ်းပိတ်ဆို့မှုဖြစ်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လှိုင်သာယာမြို့နယ်ကနေ ဒေသပြန်ကြသူတွေကြောင့် ဘီအိုစီအဝိုင်းနဲ့ သမကုန်းမှာ နာရီချီ လမ်းပိတ်ဆို့မှုဖြစ်ခဲ့
    လှိုင်သာယာမြို့နယ်က (၁)ထိပ်နဲ့ (၃)ထိပ်ရပ်ကွက်တွေမှာ သောက်သုံးရေ ပြတ်လပ်နေတာကြောင့် အလှူရှင်တချို့က ရေကဒ်တွေ၊ ကြံတွေ၊ ဖရဲသီးတွေ လှူခဲ့ရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လှိုင်သာယာမြို့နယ်က (၁)ထိပ်နဲ့ (၃)ထိပ်ရပ်ကွက်တွေမှာ သောက်သုံးရေ ပြတ်လပ်နေတာကြောင့် အလှူရှင်တချို့က ရေကတ်တွေ၊ ကြံတွေ၊ ဖရဲသီးတွေ လှူခဲ့ရ
  19. အကြမ်းဖက်မှုတွေဆက်ဖြစ်နေတာကို တုန်လှုပ်မိကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော

    မြန်မာစစ်တပ်ကြောင့် အကြမ်းဖက်မှုတွေ ဆက်မြင့်တက်နေတာကို တုန်လှုပ်ချောက်ချားမိရတဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပြောလာပါတယ်။

    ဆန္ဒပြသူတွေကို သတ်ဖြတ်တာ၊ တရားလက်လွတ်ဖမ်းဆီးတာနဲ့ အကျဉ်းသားတွေကို နှိပ်စက်တာတွေ လုပ်တယ်ဆိုတာမျိုးဟာ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်နေတာဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လှည့်ဖို့၊ ဆွေးနွေးပြောဆိုဖို့၊ အကြမ်းဖက်တာတွေ နောက်ဆုတ်ဖို့ပြောတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်တွေကို တိတိပပအာခံနေမှုမျိုးဖြစ်နေတယ်လို့ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကပြောလိုက်တာပါ။

    ဒါ့ကြောင့် မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုတွေ အဆုံးသတ်သွားအောင် အထောက်အကူဖြစ်လာစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စုစုစည်းစည်းလက်တွဲလုပ်ဆောင်ဖု့ိကိုလည်း သူကတိုက်တွန်းပါတယ်။

    ဒါ့ပြင် အခြေအနေတွေ တည်ငြိမ်အောင်လုပ်ဖို့၊ ဆွေးနွေးမှု လမ်းစပေါ်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အရေးပါတဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ကုလအထူးသံတမန်ကို မြန်မာနိုင်ငံထဲ လာခွင့်ပေးဖို့ အတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်ကို တောင်းဆိုထားပါတယ်။

    မတ်လ ၁၅ ရက် လှည်းတန်းညသပိတ်မှာ လူမစုနိုင်အောင် လုံခြုံရေး ကြိုယူနေခဲ့

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, မတ်လ ၁၅ ရက် လှည်းတန်းညသပိတ်မှာ လူမစုနိုင်အောင် လုံခြုံရေး ကြိုယူနေခဲ့
  20. တရုတ်ပိုင်လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ပြည်မကြီးအစိုးရတောင်းဆို

    တရုတ်ပြည်မကြီး အစိုးရကတော့ မြန်မာပြည်ထဲမှာ ရှိတဲ့ သူတို့ရဲ့ နိုင်ငံသားတွေ၊ စီးပွားရေးလုပ်ငန်းတွေ အတွက် အင်မတန် စိုးရိမ် နေတယ် ဆိုပြီး ပြောပါတယ်။

    လှိုင်သာယာ မီးလောင်မှုတွေဟာ တရုတ်ပိုင် စက်ရုံတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ် အနေနဲ့ ရန်ကုန် အခြေစိုက် တရုတ်သံရုံးက ထုတ်ပြန် ခဲ့ပြီးတဲ့နောက်၊ အခုဆို ဘေဂျင်းမြို့တော်မှာ ရှိတဲ့ တရုတ် အစိုးရရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနကပါ အလားတူ ပြောဆိုလာတာ ဖြစ်ပါတယ်။

    “အတော်ဆိုးတဲ့ ဖြစ်ရပ်တွေပါ။ ဖြစ်ပြီးချင်းချင်းပဲ၊ ရန်ကုန်မှာရှိတဲ ကျနော်တို့သံရုံးက သက်ဆိုင်ရာ ကုမ္ပဏီတွေ၊ ကုန်သည်အသင်းတွေနဲ့ ဆက်သွယ်ပါတယ်။ တရုတ်နိုင်ငံသားတွေ၊ စီးပွားရေး လုပ်ငန်းတွေကို အကာအကွယ်ပြုပေးဖို့ ဒေသခံရဲတပ်ဖွဲ့က ထိရောက်တဲ့ ဆောင်ရွက်မှုတွေ ပြုမူဖို့လိုပါတယ်” ဆိုပြီး တရုတ် နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ ကျောင်လီကျန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    တရုတ် နိုင်ငံသားတွေကို မြန်မာပြည်ထဲကနေ ကယ်ထုတ်တာမျိုး လုပ်ဆောင်မှာလား ဆိုတဲ့ သတင်းထောက်တစ်ယောက်ရဲ့ မေးခွန်းကိုလည်း ပြောခွင့်ရ ကျောင်လီကျန်းက ......

    “တရုတ် အစိုးရအနေနဲ့ မြန်မာပြည်ထဲက အခြေအနေတွေကို အနီးကပ်စောင့်ကြည့် နေပါတယ်။ တရုတ်နိုင်ငံသားတွေ၊ လုပ်ငန်းတွေအပေါ် ထိခိုက် မှုတွေ ရှိနေတာကိုလည်း အင်မတန် စိုးရိမ်ပါတယ်။ အလားတူ ဖြစ်ရပ်တွေ ထပ်ပြီး ပေါ်ပေါက်မလာဖို့ မြန်မာဘက်က လက်တွေ့ကျတဲ့ ကိုင်တွယ်မှုမျိုးတွေ ပြုလုပ်ဖို့ မျှော်လင့်ပါတယ်” ဆိုပြီး တုံ့ပြန် ဖြေဆိုပါတယ်။

    လှိုင်သာယာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တရုတ်ပိုင် စက်ရုံတွေ ပစ်မှတ်ထားခံနေရတယ်ဆိုပြီး တရုတ်စွပ်စွဲ