စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်အဝင် ခရီးသည်တွေကို စစ်ဆေးတာတွေရှိ

    မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဘက်က နေ ရန်ကုန်ကို ဝင်ရောက်လာတဲ့ ခရီးသည်တင်ကားတွေပေါ်မှာလိုက်ပါလာသူတွေကို စစ်ကောင်စီအာဏာသိမ်း တပ်တွေက စစ်ဆေးမှုတွေလုပ်နေတယ်လို့ အောင်မင်္ဂလာ အဝေးပြေးက ဂိတ်မှူးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မွန်ပြည်နယ် ဘီးလင်း တံတား နဲ့ အမြန်လမ်း ပေါ်အတက် ဘုရားကြီးဂိတ်တွေမှာ စစ်ဆေးမှုတွေရှိနေတယ်လို့လည်း သူကပြောပါတယ်။

    ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း စစ်ဆေးမှုတွေလုပ်နေ ကြောင်းနဲ့ ရန်ကုန်ကို ဝင်ရောက်လာမယ့်တိုင်းရင်းသား ခရီးသည်တွေကို အဓိက စစ်ဆေးနေကြောင်းလည်းသူကပြောပါတယ်။

    ရန်ကုန် အဝင်ကို စစ်တဲ့ ခရီးသည်တင်တွေဟာ မြိတ် ထားဝယ် ရေး ဘားအံ့ မော်လမြိုင် မြဝတီ မုဒုံ စတဲ့မြို့တွေက ဝင်လာတဲ့ ကားတွေ ဖြစ်တယ်လို့လည်း အောင်မင်္ဂလာ အဝေးပြေးက ဂိတ်မှူးတစ်ဦးကပြောပါတယ်။

    လတ်တ‌လော မှာ အောင်မင်္ဂလာ အဝေးပြေးကနေ မြောက်ဥက္ကလာ အဝင်ကို အာဏာသိမ်း စစ်ကောင်စီရဲ့တပ်တွေက ပိတ်ဆို့နေရာယူထားပါတယ်။

    အောင်မင်္ဂလာ အဝေးပြေးကနေ မြောက်ဥက္ကလာ အဝင်ကို အာဏာသိမ်း စစ်ကောင်စီရဲ့တပ်တွေက ပိတ်ထား

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, အောင်မင်္ဂလာ အဝေးပြေးကနေ မြောက်ဥက္ကလာ အဝင်ကို အာဏာသိမ်း စစ်ကောင်စီရဲ့တပ်တွေက ပိတ်ထား
  2. မြောက်ဥက္ကလာမှာ ပိတ်ဆို့ထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ဖယ်ရှားဖို့ အမေရိကန်သံရုံး ထုတ်ပြန်

    မြောက်ဥက္ကလာပမြို့နယ်မှာ အပြစ်မဲ့ကျောင်းသူ ကျောင်းသားတွေနဲ့ ပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းပိတ်ဆို့ထားပြီး ဖမ်းဆီးခံနေရတဲ့အပေါ် အမေရိကန်သံရုံးက ဒီညနေပိုင်းမှာ ပိတ်ဆို့မှုတွေ ဖယ်ရှားဖို့နဲ့ ဖမ်းဆီးထားသူတွေကိုပြန်လွှတ်ဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

    မြောက်ဥက္ကလာကန်သာယာသပိတ်ကို ဒီနေ့မတ်လ ၁၀ ရက် မွန်းလွဲပိုင်းမှာ ပစ်ခတ်ဖြိုခွင်းပြီးတဲ့နောက် ဖမ်းဆီးခံထားရသူ များစွာရှိနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

  3. ရန်ကုန်မြို့လယ်ခေါင်မှာ ရဲအရာရှိတစ်ဦး ချွန်ထက်လက်နက်နဲ့ တိုက်ခိုက်ခံရလို့သေဆုံး

    ရန်ကုန်၊ ကျောက်တံတားမြို့နယ်ရဲ့ ယာယီရဲမှူးချစ်စိန်ဟာ ဒီကနေ့မတ်လ ၁၀ ရက် နေ့လယ်ပိုင်းက တာဝန်ထမ်းဆောင်နေစဉ်သေဆုံးခဲ့တယ်လို့ သမီးဖြစ်သူက ဘီဘီစီကိုအတည်ပြုပါတယ်။

    ရဲမှူးချစ်စိန်ဟာ ဆူးလေ ဘုရားလမ်းရှိ Stock Exchange အနီးမှာတာဝန်ထမ်းဆောင်နေစဉ် ချွန်ထက်တဲ့အရာနဲ့ထိုးခံရတာလို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တွေကပြောပါတယ်။

    အခုသေဆုံးသူရဲမှူးဟာ ရန်ကုန်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်တာမကြာသေးဘဲ အရင်က ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးတာဝန်ထမ်းဆောင်ခဲ့တာလို့မူဆယ်ဒေသခံတွေကပြောပါတယ်။

    "ရဲမှူးက တအားသဘောကောင်းတယ်။ ကျွန်တော်တို့မူဆယ်မှာနေသွားတာအကြာကြီး။ လာဘ်မစားဘူး။ အခုရန်ကုန်မှာလည်း ဆူးလေကဆန္ဒပြပွဲတွေ အထိအခိုက်မရှိတာတွေ့ရတော့ ဒီကနေ ကျေးဇူးတင်နေတာ။ သူကိုင်တွယ်တာဟုတ်မဟုတ်တော့မသိပေမယ့် သူတာဝန်ကျတဲ့မြို့နယ်ဆိုတော့ လေ၊ အခုဆုံးသွားတယ်ကြားရတော့ စိတ်မကောင်းဘူး" လို့ မူဆယ် ဒေသခံတစ်ဦးကပြောပါတယ်။

    ရဲမှူးချစ်စိန်ကို ဆေးရုံကို ပို့ဆောင်ကုသဖို့ ကြိုးစားခဲ့ပေမယ့်လည်း ရရှိထားတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။ လက်ရှိအချိန်အထိ ကျူးလွန်သူတွေနဲ့ ဘာကြောင့်ခုလို တိုက်ခိုက်ခံရပြီးသေဆုံးရတယ်ဆိုတာကို ဘီဘီစီကအတည်ပြုဖို့ ကြိုးစားနေပါတယ်။

    Police Officer

    ဓာတ်ပုံ ရင်းမြစ်, Social Media

  4. CRPH ကခန့်တဲ့ ဒုသမ္မတ မန်းဝင်းခိုင်သန်းရဲ့ မြဝတီကနေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေ

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒုသမ္မတအဖြစ် ခန့်အပ်ခဲ့တဲ့ မန်းဝင်းခိုင်သန်းရဲ့ မြဝတီမြို့က နေအိမ်ကို ဒီနေ့ မတ်လ ၁၀ ရက်မှာ မွန်းလွဲပိုင်း ၂ နာရီခွဲခန့်မှာ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဒေသခံသတင်းထောက်တစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

    မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ဓိဌာန်အောင်ဘုရားဝင်းအနီး၊ မန်းဘခိုင်းလမ်းက နေအိမ်ကို ဝင်ရောက်ရှာဖွေစဉ်နေအိမ်မှာ ဦးမန်းဝင်းခိုင်သန်းအပါအဝင် မိသားစုဝင်တွေရှိမနေဘူးလို့ သိရပါတယ်။

    လာရောက်ရှာဖွေစဉ်မှာ ပစ္စည်းတွေသိမ်းဆည်းခြင်းရှိမရှိကိုလည်း အတိအကျ မသိနိုင်ဘူးလို့ ဆိုပါတယ်။

    ဦးမန်းဝင်းခိုင်သန်းဟာ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ့ကို ဒုသမ္မတ အဖြစ် CRPH က မနေ့မတ်လ ၉ ရက်မှာခန့်အပ်ခဲ့တာဖြစ်ပါတယ်။

    Myawaddy, Kayan State

    ဓာတ်ပုံ ရင်းမြစ်, Social Media

  5. ဖျာပုံသပိတ်ဖြိုခွဲစဉ်သေဆုံးခဲ့သူ ရုပ်အလောင်းကို နေအိမ်မှာ လာရောက်ရင်ခွဲစစ်ဆေး

    ဖျာပုံမြို့မှာ မတ်လ ၈ ရက်က ပြုလုပ်တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ပစ်ခတ်ဖြိုခွင်းစဉ်မှာ သေဆုံးခဲ့တဲ့ ကိုသီဟဦးရဲ့ ရုပ်အလောင်းကို ဒီနေ့ မတ်လ ၁၀ ရက် မွန်းလွဲပိုင်းမှာ ဂူမသွင်းခင် ဖျာပုံဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးနဲ့ အာဏာပိုင်တွေက နာရေးအိမ်မှာ လာရောက်ရင်ခွဲစစ်ဆေးသွားတယ်လို့ မျက်မြင်တွေက ဘီဘီစီကို အတည်ပြုပါတယ်။

    ဆန္ဒပြပွဲဖြိုခွင်းခံရချိန် ဝမ်းဗိုက်မှာဒဏ်ရာရထားတဲ့ ကိုသီဟဦးကို လူနာတင်ယာဉ်နဲ့ ပရဟိတဆေးခန်းကို ခေါ်ခဲ့ပေမယ့် အသက်မမီခဲ့ပါဘူး။

    စစ်ဆေးတွေ့ရှိချက်ကို သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်ဖို့ ရှိတယ်လို့ သိရပါတယ်။ ကိုသီဟဦးရဲ့ ရုပ်အလောင်းကို အာဏာပိုင်တွေကို လွှဲပေးဖို့ မိသားစုနဲ့ ရပ်ကွက်က ငြင်းဆိုခဲ့တာကြောင့် ဒီနေ့မနက် ၁၀ နာရီခွဲကျော်မှာ နေအိမ်မှာ ရင်ခွဲစစ်ဆေးမှု လာလုပ်သွားတာလို့ သတင်းတွေ ထွက်နေပေမယ့် ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    အခုလို လာရောက်ရင်ခွဲစစ်ဆေးသွားတဲ့ကိစ္စကို သိရဖို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    မန္တလေးမှာ မတ်လ ၃ ရက်က သေနတ်ကျည်ဆန် ဦးခေါင်းထိမှန်သေဆုံးခဲ့တဲ့မကြယ်စင်ရဲ့ အုတ်ဂူကို ဖခင်ဖြစ်သူထံ ခွင့်တောင်းပြီး ခွဲစိတ်စစ်ဆေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

    Arrwaddy

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, သပိတ်ရှေ့နား ဒဏ်ရာရလို့ လဲကျသွားတဲ့ ကိုသီဟဦးကို လူတွေ ဝိုင်းဝန်းဆွဲထုတ်ကယ်ဆယ်ဖို့ကြိုးစားတဲ့ ရုပ်သံက လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။
  6. စစ်ကိုင်းသပိတ်မှာ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ဖို့ ဘာသာရေးခေါင်းဆောင်တွေ တောင်းဆိုပေမယ့် လွှတ်မပေး

    စစ်ကိုင်းမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ထွက်ဖို့ပြင်ဆင်နေချိန်မှာ ရဲနှင့်စစ်တပ် ပစ်ခတ်ဖြိုခွင်းတာကြောင့် လူငါးဦးဖမ်းဆီးခံရပါတယ်။

    ဆန္ဒပြသူတွေ ခိုလှုံနေတဲ့ စစ်ကိုင်းတောင်ရိုး ရတနာထွဋ်ခေါင်ရွာအတွင်းက နေအိမ်တွေထဲအထိ လိုက်လံ ဖမ်းဆီးခဲ့တာတွေပြုလုပ်ကြတာပါ။

    ဖမ်းဆီးခံကျောင်းသားကျောင်းသူ လူငယ်တွေကို လွှတ်ပေးဖို့ သီတဂူဗုဓ္ဒတက္ကသိုလ်က ဆရာတော်‌တွေ မေတ္တာရပ်ခံတောင်းဆိုပေမယ့် ပြန်လည်လွှတ်ပေးတာမရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. တံတားဦးသပိတ် ပစ်ခတ်ဖြိုခွင်းမှု ၆ ဦးထက်မနည်းဒဏ်ရာရ၊ ဖမ်းခံရသူတွေလည်းရှိ

    မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲမှာ ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့လို့ ဒဏ်ရာရရှိသူ ၆ ဦးထက်မနည်းနဲ့ ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    သပိတ်စစ်ကြောင်းက မြို့ကို နှစ်ကြိမ်မြောက်ပတ်တဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေက အနောက်ကနေ ဝင်ပြီး ဖြိုခွဲခဲ့တာဖြစ်ပါတယ်။ သပိတ်ရဲ့ အနောက်ပိုင်းမှာ ဒိုင်းကာတွေမရှိတာကြောင့် လက်ရှိမှာ ရာဘာကျည် ထိမှန်ဒဏ်ရာရသူက ၃ ယောက်ရှိပါတယ်။

    သပိတ်စစ်ကြောင်းဟာ ဈေးနဲ့ဘုရားကုန်းကြား မင်္ဂလာစေတီရှေ့ကနေ စထွက်လာတာဖြစ်ပြီး သပိတ်လမ်းကြောင်းတစ်လျှောက် ရပ်ကွက်ဈေး‌တွေထိ မျက်ရည်ယိုဗုံးသုံးတာ ရာဘာကျည်နဲ့ ကျည်အစစ်တွေထိပါ ပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရာဘာကျည်ထိမှန်ဒဏ်ရာရသူတစ်ဦး
    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ကွတ်ခိုင်သပိတ်စစ်ကြောင်း ဖြိုခွဲမခံရခင် လူစုခွဲ, လက်နက်မဲ့ပြည်သူတွေ ထိခိုက်မခံနိုင်တာကြောင့် လူစုခွဲခဲ့တာဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ သပိတ်စစ်‌ကြောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မတ်လ ၁၀ နာရီဝန်းကျင်မှာ ဖြိုခွင်းဖို့ အသင့်အနေအထားနဲ့ စောင့်ဆိုင်း‌နေခဲ့တာကြောင့် သပိတ်စစ်ကြောင်းကို သတ်မှတ်ချိန်ထက် လူစုခွဲခဲ့တယ်လို့ သိရပါတယ်။

    လက်နက်မဲ့ဆန္ဒပြပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှာ စိုးရိမ်တာကြောင့် သပိတ်စစ်ကြောင်းကို မနက် ၁၀နာရီခွဲမှာ လူစုခွဲခဲ့တာလို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ လူငယ်တစ်ယောက်က ပြောပါတယ်။

    လက်ရှိ ကွတ်ခိုင်သပိတ်စစ်ကြောင်းရဲ့မူလစုဝေးရာ‌ ‌ပြည်သူ့ဆေးရုံအနီးနဲ့ ဆေးရုံအတွင်းမှာ စစ်တပ်က နေရာယူထားပြီး သပိတ်စစ်ကြောင်းရှိတဲ့နေ့တွေမှာ ရဲတပ်ဖွဲ့ကလာရောက် နေရာယူထားတာရှိပေမယ့် နေရာ‌ပြောင်းပြီး သပိတ်စစ်ကြောင်းကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

    Kutkhai

    ဓာတ်ပုံ ရင်းမြစ်, CJ

    Kutkhai

    ဓာတ်ပုံ ရင်းမြစ်, CJ

    Kutkhai

    ဓာတ်ပုံ ရင်းမြစ်, CJ

    Kutkhai

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. မြင်းခြံသပိတ် ပစ်ခတ်ဖြိုခွင်းမှု နှစ်ဦးဒဏ်ရာရ၊ ဒဏ်ရာပြင်းသူကို မန္တလေးဆေးရုံကို ပို့ဆောင်

    ဒီနေ့ မတ်လ ၁၀ရက် မနက်ပိုင်းက မြင်းခြံမြို့သပိတ်စစ်ကြောင်းကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အသံဗုံး၊ မျက်ရည်ယိုဗုံးတွေနဲ့သာမက ရာဘာကျည်တွေနဲ့ပါ ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။

    ဒီလို ပစ်ခတ်ခံရတာကြောင့် မျက်လုံးအောက် ရာဘာကျည်ထိသူနဲ့ ပေါင်ကို ရာဘာကျည်မှန်သူ လူငယ်အမျိုးသား နှစ်ဦးဒဏ်ရာအသီးသီး ရရှိခဲ့ကြပါတယ်။ မျက်လုံးအောက်ထိမှန်ဒဏ်ရာရသူကို မန္တလေးမြို့ဆေးရုံကို ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ဘီဘီစီကို ပြောပြပါတယ်။

    “မျက်လုံးအောက်ထိတဲ့ တယောက်က သတိရတချက်၊ မရတချက်မို့ အောက်ဆီဂျင်ပေးပြီးမန္တလေး ခေါ်သွားပြီ၊ မြင်းခြံကနေဆို ၁ နာရီခွဲကျော်လောက်တော့မောင်းရမယ်။ မြင်းခြံမှာ ပုံမှန်အားဖြင့် ဗိုလ်ချုပ်လမ်းမကြီးက ပန်းခြံ မှာသပိတ်စုရပ်လုပ်တာ၊ မနေ့က သူတို့က အဲ့ဒီမှာ လာဖမ်းမယ်လို့ပြောသွားတော့ ကျွန်တော်တို့က စုရပ်ပြောင်းပြီး လမ်းသွယ်တွေဘက်ပြကြတယ်။ အမှတ် ၆ရပ်ကွက် လမ်းမတော်နားမှာ ကျည်မှန်သွားတာပဲ။ လမ်းမကြီးပေါ်က ဆင်းလာပြီး လမ်းမတော်ထဲ ဝင်ပစ်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    မြင်းခြံတမြို့လုံးကို ရဲနဲ့စစ်တပ်အင်အား တစ်ရာနီးပါး စောင့်ကြည့်နေကြတာဖြစ်ပြီး ဆန္ဒပြသပိတ်စစ်ကြောင်း ကို လူစုခွဲဖို့ကြိုတင်အသိမပေးဘဲ အကြမ်းဖက်ဖြိုခွင်းခဲ့တာလို့ သိရပါတယ်။

    MyinGyan

    ဓာတ်ပုံ ရင်းမြစ်, CJ

    MyinGyan

    ဓာတ်ပုံ ရင်းမြစ်, CJ

  10. မြောက်ဥက္ကလာကန်သာယာသပိတ်က ဖမ်းဆီးခံရသူအများအပြားရှိနေ

    မြောက်ဥက္ကလာကန်သာယာသပိတ်ကို ဒီနေ့မတ်လ ၁၀ ရက် မွန်းလွဲပိုင်းမှာ ပစ်ခတ်ဖြိုခွင်းပြီးတဲ့နောက် ဖမ်းဆီးခံထားရသူ များစွာရှိနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဖမ်းဆီးခံထားရသူတွေကို ကန်သာယာပန်းခြံထဲမှာ ထိန်းသိမ်းထားတဲ့ ရုပ်သံတွေ၊ ဓာတ်ပုံမှတ်တမ်းတွေအရ ပန်းခြံအတွင်းထိန်းသိမ်းထားသူက ရာဂဏန်းဝန်းကျင်ရှိနေတာကိုတွေ့ရပါတယ်။

    ဖမ်းခံထားရသူတွေကို လူထုက ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုစုရုံးမှုတွေရှိနေသလို မြောက်ဥက္ကလာကို လက်နက်ကိုင်တပ်ဖွဲ့တွေ ထပ်မံအားဖြည့်ရောက်ရှိလာတယ်လို့လည်း ဒေသခံတွေက ပြောကြားနေပါတယ်။

    မြောက်ဥက္ကလာပမြို့နယ်ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့တုန်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲကို စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်ဖြိုခွင်းနှိမ်နင်းမှုကြောင့် တစ်ရက်တည်း လူ ဆယ်ဦးကျော်သေဆုံးခဲ့ရတဲ့ လူသေဆုံးမှုအများဆုံး ရန်ကုန်တိုင်းထဲက မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

    အဲဒီလိုပစ်ခတ်ဖြိုခွင်းလို့ သေဆုံးရမှုတွေရှိနေပေမယ့် မြောက်ဥက္ကလာပမြို့နယ်မှာ နေ့စဉ် စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်ရှိနေတာဖြစ်ပါတယ်။

    North Oakalapa, Yangon

    ဓာတ်ပုံ ရင်းမြစ်, Zeyar Htun

  11. မလွှကုန်းမီးရထားဘူတာဝင်းထဲ ရဲနဲ့ စစ်တပ် နေရာယူထား

    မလွှကုန်းဘူတာဝင်းထဲကို ရဲနဲ့စစ်တပ် အင်အားအများအပြား ဒီနေ့ မတ်လ ၁၀ ရက်မှာ ဝင်ရောက်နေရာယူထားပြီးဝန်ထမ်းတွေကိုလှူဒါန်းထားတဲ့ ဆန်နဲ့ အခြားရိက္ခာတွေကို ယူဆောင်ထားတယ်လို့ အဲဒီအထဲမှာ ပိတ်ခံထားရတဲ့ ဝန်ထမ်းတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

    လက်ရှိမှာ ရဲနဲ့စစ်တပ်ဟာ ဘူတာဝင်းထဲက ရန်ကုန်ကနေ အနယ်နယ်အရပ်ရပ်ကို ခရီးဝေးရထားစတင်ပြေးဆွဲပေးတဲ့စက်ရုံနဲ့ ရပ်ကွက်ဓမ္မာရုံမှာ တပ်စွဲထားတယ်လို့ မျက်မြင်တွေကပြောပါတယ်။

    နေ့လယ်ပိုင်းအထိနောက်ဆုံးရရှိထားတဲ့သတင်းအရ ဝန်ထမ်းခေါင်းဆောင်ပိုင်းတွေ ထွက်လာကြဖို့နဲ့ညှိနှိုင်းကြဖို့ဆိုပြီး ကြေညာနေတယ်လို့ ဆိုပါတယ်။ "သူတို့ကညှိမယ်ခေါ်နေတာ။ ကျွန်တော်တို့က မသွားဘူး။ သွားရင်သူတို့ကဖမ်းမှာလေ" လို့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

    မလွှကုန်းဘူတာဝင်းထဲမှာ CDM လုပ်နေတဲ့ဝန်ထမ်းအင်အားက ၁၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

    CDM

    ဓာတ်ပုံ ရင်းမြစ်, Burma Revolution

  12. ရှမ်းပြည်ဘက်မှာလည်း စစ်အာဏာသိမ်းဆန့်ကျင်သပိတ်တွေ ဆက်ရှိနေ, ပစ်ခတ်ဖြိုခွင်းမှုကြောင့် တောင်ကြီးမှာဒဏ်ရာရသူတစ်ဦးရှိ

    ဒီနေ့ မတ်လ ၁ဝ ရက် မနက်ပိုင်းက သီပေါမြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းရှေ့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြနေသူတွေဟာ သေနတ်ပစ်ဖောက်ပြီး ဖြိုခွဲခံခဲ့ရပါတယ်။

    ဆန္ဒမပြနိုင်အောင် ရဲတပ်ဖွဲ့ဘက်က အတားအဆီး လုပ်ခဲ့ပေမဲ့ ဆက်လက်ဆန္ဒပြနေတာကြောင့် သေနတ် ပစ်ဖောက်ပြီးတော့ လူစုခွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရပါတယ်။ သီပေါမြို့နယ်မှာ ဆန္ဒပြလူထုတွေကို ဖြိုခွဲတာဟာ ဒီနေ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ သပိတ်စဖို့ လူစုနေသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ အသံဗုံးနဲ့ ရာဘာကျည် အသုံးပြုပြီး ဖြိုခွဲခဲ့ရာ ရာဘာကျည် ထိမှန်ပြီး ဒဏ်ရာရခဲ့သူတစ်ဦး ရှိခဲ့ပါတယ်။

    Taunggyi

    ဓာတ်ပုံ ရင်းမြစ်, KBZ Tai

    Taunggyi

    ဓာတ်ပုံ ရင်းမြစ်, KBZ Tai

    Taunggyi

    ဓာတ်ပုံ ရင်းမြစ်, KBZ Tai

    Hsipaw

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. သာကေတ မြင်တော်သာလမ်းပေါ်က သပိတ်လည်း ပစ်ခတ်ဖြိုခွင်းခံရ

    သာကေတမြို့နယ်၊ ကျန်းမာရေးမှတ်တိုင်အနီး မြင်တော်သာလမ်းမကြီးပေါ်က စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့သပိတ်ကို ဒီနေ့မတ်လ ၁၀ ရက်မနက် ဆယ်နာရီကျော်မှာ တစ်ကြိမ်၊ ဆယ်တစ်နာရီကျော်မှာတစ်ကြိမ် ပစ်ခတ်ဖြိုခွင်းခံရပါတယ်။ ကျန်းမာရေးမှတ်တိုင်နဲ့ ရုပ်ရှင်ရုံမှတ်တိုင်ကြား မြင်တော်သာလမ်းမကြီးတစ်လျှောက် ပစ်ခတ်မှုတွေရှိနေပြီး သပိတ်အတွင်း ဖမ်းဆီးခံရသူရှိမရှိနဲ့ ထိခိုက်ဒဏ်ရာရမှုရှိမရှိ မသိရသေးပါဘူး။

  14. မြောက်ဥက္ကလာက စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲ ဖြိုခွင်းခံရ

    ရန်ကုန်မြို့တွင်းက မြို့နယ်တွေအတွင်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုကို ပစ်ခတ်ဖြိုခွင်းနှိမန်းနင်းရာမှာ တစ်နေ့တည်း လူ ဆယ်ဦးကျော်နဲ့ အများဆုံးသေဆုံးထားတဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ ဒီနေ့ မတ်လ ၁၀ ရက်နေ့မနက်တည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တာပါ။

    ပစ်ခတ်ဖြိုခွဲတာဖမ်းဆီးတာတွေရှိသလို ညပိုင်းအချိန်တွေမှာ သပိတ်ထဲ ပါဝင်သူတွေကို လိုက်လံဖမ်းဆီးမှုတွေ ရှိနေပေမယ့် မြောက်ဥက္ကလာမှာ ဆက်ပြီးဆန္ဒပြခဲ့တာဖြစ်ပါတယ်။

    ဒါပေမဲ့ မနက် ၁၁ နာရီဝန်းကျင်မှာတော့ မြောက်ဥက္ကလာသပိတ်ဆီ ရဲနဲ့ စစ်ကားတွေ ရောက်ရှိလာပြီး ဖြိုခွင်းခံခဲ့ရသလို ဖမ်းဆီးခံရသူတချို့လည်း ရှိနေပါတယ်။

    အဲဒီအနီးတဝိုက်က ဥဇ္ဇနာရပ်ကွက်ထဲကိုလည်း စစ်ကောင်စီလက်နက်ကိုင်တွေက ဝင်ရောက်ပစ်ခတ်မှုတွေရှိနေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုရှိမရှိ မသိရသေးပါဘူး။

    Update: ဘီဘီစီက ရရှိတဲ့မှတ်တမ်းတွေအရ သပိတ်ကနေ ဖမ်းဆီးခံရသူတွေကို ကန်သာယာပန်းခြံထဲမှာ ထိန်းသိမ်းထားပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. သင်္ဃန်းကျွန်းဘုရားလမ်းကနေ ဘီအိုစီမှတ်တိုင်အထိ လမ်းပေါ်အတားအဆီးတွေကို စစ်တပ်နဲ့ရဲ မီးရှို့

    သင်္ဃန်းကျွန်းဘုရားလမ်းကနေ ဘီအိုစီမှတ်တိုင်အထိ လမ်းပေါ် ကာရံထားတဲ့ အတားအဆီးတွေကို မနေ့ည တည်းက စစ်တပ်နဲ့ ရဲက လိုက်လံရှင်းလင်းနေတာဖြစ်ပြီး ဒီနေ့မတ်လ ၁၀ ရက်မနက် ၁၀နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးတာဖြစ်ပါတယ်။

    "ဇဝနဘက်တော့ တစ်ခါလုပ်လိုက်သေးတယ်ကြားတယ်။ ဖယ်ရုံလောက်ပဲ အဲဒီတုန်းက။ ဒီလို အသည်းအသန်ကြီးတော့မဟုတ်ဘူး။ ဘုရားလမ်းသပိတ်ကို ဒီလိုမီးရှို့ပြီးအတားအဆီးတွေဖယ်တာတော့ ပထမဆုံးပဲ" လို့ မျက်မြင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေဟာ မြို့နယ်တော်တော်များများမှာ လမ်းမကြီးတွေပေါ်က အတားအဆီးတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေကြပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. စစ်အာဏာသိမ်းဆန့်ကျင်တဲ့လှုပ်ရှားမှုမှာ သေဆုံးခဲ့ရသူတွေအတွက် နမ့်ခမ်းက ဆုတောင်းပွဲ

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ အာဇာနည်ကျောက်တိုင်မှာ မနေ့ မတ်လ ၉ ရက်ညနေပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

    စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ သေဆုံးသူဟာ အာဏာသိမ်းပြီး တစ်လကျော်အတွင်း ၅၀ ကျော်ရှိခဲ့ပြီး အများစုဟာ Generation Z ဂျန်ဇီလို့ ခေါ်တဲ့ လူငယ်တွေဖြစ်ကြပါတယ်။ သေဆုံးခဲ့ရသူတွေထဲမှာ အသက်အငယ်ဆုံး ၁၄ နှစ်ဝန်းကျင်ကနေ အသက် ၂၀ ကျော်လူငယ်တွေအများဆုံးလည်း ဖြစ်ပါတယ်။

    မြန်မာ့နွေဦးလို့ အမည်ပေးထားတဲ့ ဒီလှုပ်ရှားမှုကို ဂျန်ဇီတွေက အဓိက ဦးဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန္ဒပြမှုတွေကို ရဲနဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွင်းနှိမ်နင်းမှုကြောင့် သွေးထွက်သံယို သေဆုံးမှုတွေ ရှိခဲ့သလို ညပိုင်းတွေမှာလည်း CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို လိုက်လံဖမ်းဆီးတာ၊ NLD ပါတီဝင်တွေကိုဖမ်းဆီးစဉ်မှာ ရိုက်နှက်ဖမ်းဆီးပြီးတဲ့နောက် သေဆုံးတဲ့ဖြစ်စဉ်တချို့ရှိလာသလို ညပိုင်းမှာ လူနေရပ်ကွက်တွေထဲ ဝင်ရောက်ပစ်ခတ်ခြိမ်းခြောက်မှုတွေလည်း ကြုံနေရပါတယ်။

    Northern Shan state

    ဓာတ်ပုံ ရင်းမြစ်, TRA

    Northern Shan state

    ဓာတ်ပုံ ရင်းမြစ်, TRA

    Northern Shan state

    ဓာတ်ပုံ ရင်းမြစ်, TRA

  17. စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ မနက်ဖြန် ကျင်းပဖို့ရှိ

    စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲကို မနက်ဖြန် မတ်လ ၁၁ ရက်မှာ ကျင်းပမှာဖြစ်ပြီး ပြည်တွင်းပြည်ပက သတင်းမီဒီယာတွေကို ဖိတ်ကြားထားတယ်လို့ ဒီနေ့ထုတ် သတင်းစာတွေမှာဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မတ်လ ၈ ရက် ည သတင်းမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မယ်လို့ ပြောကြားထားပါတယ်။

    ဒီသတင်းစာရှင်းလင်းပွဲကို နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနမှာ မတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီမှာ ကျင်းပမှာဖြစ်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ဦးဆောင်ရှင်းလင်းဖွယ်ရှိပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဟာ သတင်းစာရှင်းလင်းပွဲတစ်ကြိမ် ပြုလုပ်ထားပြီး အဲဒီတုန်းက သတင်းစာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပ သတင်းမီဒီယာအများစုမတက်ရောက်ခဲ့တာရှိပါတယ်။

    • သတင်းဌာနတွေကို လိုင်စင်ရုပ်သိမ်းလိုက်ခြင်းနဲ့ မြန်မာ့မီဒီယာအလားအလာ

    ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ မတ်လ ၈ ရက်နေ့မှာ ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ Mizzima၊ DVB၊ Myanmar၊ 7Day နဲ့ ခေတ်သစ်မီဒီယာတို့ကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ပြန်လည်ရုပ်သိမ်းထားပါတယ်။

    Military

    ဓာတ်ပုံ ရင်းမြစ်, Social Media

  18. မအူပင်က လူမှုရေးအသင်း ဦးဆောင်သူ ၂ ဦး ဖမ်းဆီးခံရ

    မအူပင်မြို့မှာ မနေ့ မတ်လ ၉ ရက်နေ့ညပိုင်းက မြို့လူမှုရေးအသင်းတွေမှာ ဦးဆောင်လုပ်နေသူ ၅ ဦးထက်မနည်းရဲ့ အိမ်တွေကို ရဲနဲ့ စစ်တပ် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သူတို့နဲ့လက်တွဲလုပ်နေသူတွေက ပြောပါတယ်။

    ဖမ်းဆီးခံရသူ ၂ ဦးထဲက တစ်ဦးဟာ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဂရုဏာပရဟိတအသင်းမှာ ဦးဆောင်ပါဝင်နေသူလည်းဖြစ်ပါတယ်။

    လက်ရှိမှာတော့ အဖမ်းခံရသူနှစ်ဦးကို မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ မနေ့ညက မအူပင်မြို့နေရာတော်တော်များများမှာ ရဲနဲ့စစ်တပ်က ရာဘာကျည်တွေနဲ့ ခြောက်လှန့်ပစ်ခတ်တာမျိုး လုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူငယ်တွေအပေါ် အကြမ်းဖက်သတ်ဖြတ်တာ၊ လူနာတင်ယာဉ်မောင်းတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ ရဲနဲ့စစ်သားတွေ လုပ်ရပ်ကို ရှုံ့ချပြီး နိုင်ငံအတွက်နစ်နာစေတဲ့လုပ်ရပ်ကို ကျူးလွန်တဲ့ ရဲ၊ စစ်သားနဲ့ သူတို့မိသားစုဝင်တွေ၊ သတင်းပေးလုပ်နေသူတွေနဲ့ သူတို့မိသားစုဝင်တွေ၊ CDM မလုပ်တဲ့ ဝန်ထမ်းနဲ့မိသားစုဝင်တွေရဲ့ နာရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ မအူပင်လူမှုရေးအသင်းအဖွဲ့ ၁၄ ဖွဲ့က ကြေညာချက်ထုတ်အပြီး ရက်ပိုင်းအကြာမှာ အခုလို ဖမ်းဆီးမှုတွေဖြစ်လာတာပါ။

    Arrwaddy

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်တပ်နဲ့ ရဲမိသားစုတွေရဲ့ သာရေးနာရေးဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့ မြို့ခံလူမှုရေးအသင်းတွေ ကြေညာအပြီး ခုလို ဖြစ်လာတာဖြစ်
  19. ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ ဆက်လက်ဖြိုခွင်းနေ

  20. ဟဲဟိုးဆေးရုံမှာ တပ်စွဲတာကို ကန့်ကွက်ဆန္ဒပြသူတွေ အဖမ်းခံရ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးဆေးရုံကို စစ်တပ်ကတပ်စွဲဖို့ လုပ်တာကို ကန့်ကွက်ဆန္ဒပြသူတွေ မတ်လ ၉ ရက်နေ့က ဖြိုခွင်းခံခဲ့ရပါတယ်။

    ကန့်ကွက်မှုမှာပါဝင်တဲ့ ဟဲဟိုးမြို့ က အမျိုးသား၂၀ ဦးနဲ့အမျိုးသမီး စုစုပေါင်း ၃၆ဦး အဖမ်းခံရတယ်လို့ သိရပါတယ်။

    လူစုခွဲဖို့ သတိမပေးဘဲကားပေါ်က ဆင်းဆင်းခြင်း အချက်(၂၀)ကျော် တန်းပစ်ပြီးဆန္ဒပြတဲ့ သူတွေကို ဖမ်းသွားခဲ့တာလို့လည်း မြို့ခံတွေကပြောပါတယ်။

    အဖမ်းခံရတဲ့ ၃၆ဦး ကို တောင်‌လေးလုံးထောင်မှာ အခုထိ ဖမ်းဆီး ထိန်းသိ မ်းထားဆဲဖြစ်ပါတယ်။

    သူတို့အဖမ်းခံရတယ်ဆိုတာကို တောင်ကြီးမြို့ခံ တစ်ယောက်ကအတည်ပြုပေးခဲ့ပြီး နာမည်စာရင်းအတိအကျကိုတော့ စာရင်းကောက်နေဆဲလို့ ပြောပါတယ်။