စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သာကေတမှာ ညက ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူနှစ်ဦးသေဆုံး

    မနေ့ည သန်းခေါင်ကျော်အချိန်အင်တာနက်တွေပြတ်တောက်ခါနီးမှာ သာကေတမြို့နယ်၊ အမှတ် ၁ ရဲစခန်းရှေ့မှာ ညသပိတ်က ဖမ်းဆီးသွားသူတွေကို ပြန်လွှတ်ပေးဖို့ သာကေတမြို့နယ် လူထုက ဝိုင်းဝန်းတောင်းဆိုတာကို စစ်တပ်နဲ့ရဲက လူစုခွဲပစ်ခတ်နှိမ်နင်းခဲ့ရာကနေ အမျိုးသားနှစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့ရပါတယ်။

    သေဆုံးသူနှစ်ဦးမှာ သာကေတ မာန်ပြေ ၃ လမ်းက လူငယ်အမျိုးသားနှစ်ဦးဖြစ်ပြီး တစ်ဦးမှာ ရုပ်အလောင်းရရှိပေမယ့် နောက်တစ်ဦးကိုတော့ အလောင်းပြန်မရသေးကြောင်း သိရပါတယ်။

    သာကေတမြို့နယ်မှာ ညသပိတ်ပြုလုပ်နေစဉ် လူငယ် ၃ ဦးကို ရိုက်နှက်ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ပေးဖို့ သာကေတ အမှတ် ၁ ရဲစခန်းရှေ့ သွားရောက်စုရုံးတောင်းဆိုခဲ့ကြတာပါဖြစ်ပါတယ်။

    ညအင်တာနက်တွေပြတ်တောက်ခါနီးမှာ သေနတ်သံ အနည်းဆုံး အချက် ၂၀ ထက်မနည်းပစ်ခတ်သံတွေကိုလည်း ကြားခဲ့ရသလို ရဲစခန်းရှေ့လူအုပ်ကို ဖြိုခွဲဖို့ စစ်ကားတွေ မဟာဗန္ဓုလတံတားဘက်ကနေ မနေ့ မနက် ၁ နာရီထိုးခါနီးမှာ ဆင်းလာပြီမို့ အမြန်လူစုခွဲကြဖို့ သာကတေမြို့နယ်လူထု တွေစုပေါင်းဖွဲ့စည်းထားတဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ဂရုကနေ အချင်းချင်းသတိပေးပြောကြားတာတွေလည်းရှိခဲ့ပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. စစ်ကောင်စီကို ဆန့်ကျင်ကြဖို့ နိုင်ငံတကာကို ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းနေတဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တညီတညွတ်တည်း ဆန့်ကျင်ကန့်ကွက်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး တွမ် အန်ဒရူးစ်က တောင်းဆိုလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းယူထားသူတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ၊ အကြမ်းဖက်ဖြိုခွင်းမှုတွေဟာ အင်မတန်စိတ်ထိခိုက်ဖို့ကောင်းတယ်၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ပြစ်ဒဏ်ကနေ ကင်းလွတ်နေတာတွေကို ဖယ်ရှားရမယ်လို့ မစ္စတာ တွမ်အန်ဒရူးက ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောဆိုခဲ့ပါတယ်။

    ဆန္ဒပြသမားတွေအပေါ် အာဏာပိုင်တွေဘက်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဆောင်ရွက်နေပါတယ်လို့ ကြာသပတေးနေ့က လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးရဲ့ ပြောဆိုချက်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးဆိုပြီး မစ္စတာ အန်ဒရူးက ပယ်ချခဲ့ပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

  3. မြင်းခြံ အမှတ် ၁၆ ရပ်ကွက် ညသပိတ်

    မြင်းခြံ အမှတ် ၁၆ ရပ်ကွက် ညသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  4. မြန်မာက ကုန်ပစ္စည်းတွေ မှာယူဖို့ အီတလီဖက်ရှင်ကုမ္ပဏီကြီး ဆိုင်းငံ့

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်နှိမ်နင်းမှုတွေ တိုးမြင့်လုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံကနေ ကုန်ပစ္စည်းအသစ်တွေ မှာယူမှုကို ချက်ချင်း ဆိုင်းငံ့လိုက်ပြီလို့ အီတလီ နာမည်ကျော် ဖက်ရှင် ကုမ္ပဏီကြီးဖြစ်တဲ့ ဘန်းနတန် (Benetton) အုပ်စုက သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

    မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။

    အခုလိုမျိုး အခြေအနေဟာ လုံခြုံရေး၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတို့ကို ချိုးဖောက်မှုတွေကြောင့် ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ ဖြစ်တယ်။ ဒါကြောင့် သူတို့အနေနဲ့ ကုန်ပစ္စည်းအသစ်တွေ မှာယူမှုကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ပြောပါတယ်။

    မြန်မာက ကုန်ပစ္စည်းတွေ မှာယူဖို့ အီတလီဖက်ရှင်ကုမ္ပဏီကြီး ဆိုင်းငံ့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  5. မတ်လ ၁၁ ရက် မြိုင်မြို့ပစ်ခတ်မှု

  6. လန်ဒန်စစ်သံရုံးရှေ့ ဆန္ဒပြ

    လန်ဒန်မြို့ ဝင်ဘယ်လ်တန်မှာရှိတဲ့ မြန်မာစစ်သံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင်နဲ့ တာဝန်ရှိသူတွေကို စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ ယူကေကမြန်မာတွေ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    စစ်သံရုံးက တာဝန်ရှိသူ ထွက်လာပြီး စာပေးစရာရှိရင် ပေးခဲ့နိုင်တယ်လို့ ပြောဆိုခဲ့ကြောင်းနဲ့ ဆန္ဒပြသူတွေက ဆန္ဒပြဖို့နဲ့ ပန်းစည်းချဖို့အတွက် သွားရောက်ခဲ့ကြတာဖြစ်လို့ စာပေးခဲ့တာ မရှိခဲ့ဘူးလို့ သွားရောက်ခဲ့သူတချို့ဆီက သိရပါတယ်။

    ဒီကနေ့ သွားရောက် ဆန္ဒပြတာဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြမှုတွေက သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းတဲ့ ပန်းစည်းချ၊ အလေးပြု၊ ဆုတောင်းတဲ့ အစီအစဥ် ဖြစ်တယ်လို့ သိရပါတယ်။

    လန်ဒန်စစ်သံရုံးရှေ့ ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    လန်ဒန်စစ်သံရုံးရှေ့ ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. ဗြိတိန်နိုင်ငံသားတွေ မြန်မာပြည်တွင်းကနေ ထွက်ခွာဖို့ ဗြိတိန်အစိုးရ တိုက်တွန်း

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ အကြမ်းဖက် ဖြိုခွင်းမှုတွေ ဆက်လက်ပေါ်ပေါက်နေတာကြောင့် ဗြိတိန်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဗြိတိန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

    လက်ရှိအချိန်မှာ မြန်မာပြည်တွင်းကနေ မထွက်ခွာနိုင်သေးဘူးဆိုရင်လည်း အိမ်မှာပဲနေကြဖို့၊ ဘေးအန္တရာယ်ကင်းအောင် နေကြဖို့ကိုလည်း ဗြိတိန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

    လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် မတ်လ ၁၁ ရက်နေ့က ဆန္ဒပြသမား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်တရက်မှာ ဗြိတိန်အစိုးရဘက်က အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး အရပ်သား ၇၀ ကျော် သေဆုံးခဲ့ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၇၂၆ ဦး ရှိတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

    လှိုင်မြို့နယ်က We Need R2P၊ Save Myanmar ပုံဖော်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု

    ဓာတ်ပုံ ရင်းမြစ်, MPA

  8. သတင်းထောက် ၆ ဦးကို ရုံးထုတ်

  9. ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ပြော

    မြန်မာ နိုင်ငံမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်တာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ထပ်မံပြစ်တင် ရှုတ်ချခဲ့ပါတယ်။

    မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိင်ငံစလုံးက တစ်လအတွင်း ဒုတိယအကြိမ်မြောက် ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်

    လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကို စစ်တပ်က အလေးအနက်အထားလိုက်နာပြီး၊ ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့နဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က လေးစားဖို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က မနေ့က အခုလို ပြောပါတယ်။

    "ကုလသမဂ္ဂရဲ့ ကြေညာချက်ကြောင့် မြန်မာစစ်တပ်အနေနဲ့ အမှားအမှန် ခွဲခြားနိုင်တဲ့ အသိစိတ် ပိုရလာမယ်လို့ မျှော်လင့်ပါတယ်။

    မြန်မာနိုင်ငံမှာ ထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးရေးက မလုပ်မဖြစ် လုပ်ရမှာပါ။ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားလိုက်နာဖို့၊ ဒီမိုကရေစီ အသွင်ပြောင်းကာလက အခြေအနေကို ပြန်ရောက်အောင် ပြန်လုပ်ပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို မကျင့်သုံးနိုင်သေးပါဘူး။ ကဏ္ဍ အတော်များများကို စစ်တပ်က ထိန်းချုပ်ထားနိုင်ခဲ့တဲ့ အခြေအနေမျိုးမှာ ဘာ့ကြောင့် အာဏာသိမ်းခဲ့တာလဲဆိုတာက နားလည်ရ သိပ်ကို ခက်ပါတယ်။ အထူးသဖြင့် တိုင်းပြည်ကို အများစု ထိန်းချုပ်ထားတဲ့သူတွေက ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်လို့ ပြောလာတာဟာ နားမလည်နိုင်စရာပါ။ ဒီလို ချို့ယွင်းလစ်ဟာမှုတွေ ရှိနေပေမဲ့လည်း စစ်အာဏာမသိမ်းမီက အခြေအနေကို မြန်မာနိုင်ငံ ပြန်ရောက်ဖို့က သိပ်ကို အရေးကြီးပါတယ်။"

    ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ပြော

    ဓာတ်ပုံ ရင်းမြစ်, AFP

  10. စစ်ကိုင်း သီတဂူဗုဒ္ဓတက္ကသိုလ်ရှေ့မှာ ဖယောင်းတိုင်ထွန်း ဆုတောင်းမေတ္တာပို့၊ ဆန္ဒထုတ်ဖော်

    စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှေ့မှာ ဒီနေ့ ညပိုင်း ဖယောင်းတိုင်ထွန်း ဆုတောင်းမေတ္တာပို့ကြပါတယ်။

    သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ဆရာတော်တချို့က လက်ရှိမြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ‌တွေပပျောက်ဖို့ ဆုတောင်းမေတ္တာပို့တာ၊ မေတ္တာသုတ်၊ ရတနသုတ် ရွတ်ဖက်တာတွေ ပြုလုပ်ခဲ့ပြီး စစ်အာဏာသိမ်း မလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

    စစ်ကိုင်း သီတဂူဗုဒ္ဓတက္ကသိုလ်ရှေ့မှာ ဖယောင်းတိုင်ထွန်း ဆုတောင်းမေတ္တာပို့၊ ဆန္ဒထုတ်ဖော်

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်း သီတဂူဗုဒ္ဓတက္ကသိုလ်ရှေ့မှာ ဖယောင်းတိုင်ထွန်း ဆုတောင်းမေတ္တာပို့၊ ဆန္ဒထုတ်ဖော်

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. မြိတ်မြို့ ညသပိတ် ပြီးမြောက်

    မြိတ်မြို့မှာ ဆန္ဒပြမှုတွေကို ဖြိုခွဲမှုတွေ ရှိနေပေမဲ့ ဒီကနေ့မှာ ညပိုင်းသပိတ်ပြုလုပ်ခဲ့ပြီး သပိတ်ပြီးဆုံးတဲ့အထိ ပြုလုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    မြိတ်မြို့ ညသပိတ် ပြီးမြောက်

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. ကမာရွတ်မြို့နယ် ဗဟိုလမ်း ညပိုင်း ထိုင်သပိတ်

    ကမာရွတ်မြို့နယ် ဗဟိုလမ်း ညပိုင်း ထိုင်သပိတ်
    ကမာရွတ်မြို့နယ် ဗဟိုလမ်း ညပိုင်း ထိုင်သပိတ်
  13. မန္တလေး ပစ်ခတ်ဖြိုခွင်းမှု နှစ်ဦးကျည်ထိ

    ချမ်းမြသာစည်မြို့နယ် အရှေ့ဘက်ပိုင်းမှာ ထိုင်သပိတ်ရှိလို့ ရဲနဲ့စစ်တပ်အင်အားနဲ့ ရပ်ကွက်အတွင်းကို သေနတ်နဲ့ပစ်တာတွေ ရှိခဲ့ပါတယ်။

    ၅၈ လမ်းနဲ့ ၁၂၀ လမ်းအနီးမှာ စစ်တပ်က သေနတ်နဲ့ ပစ်လို့ အမျိုးသားနှစ်ဦး ကျည်ထိမှန်ခဲ့ပါတယ်။ သူတို့ဟာ လမ်းဘေးဆိုင်ကယ်စီးသွားသူဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    တစ်ဦးမှာ ခါးထိပြီး တစ်ဦးမှာ လက်တံတောင်ဆစ်အနီး ထုတ်ချင်းပေါက် ထိသွားသွားတယ်လို့ ရပ်ကွက်ဒေသခံ မျက်မြင်တွေ့သူက ပြောပါတယ်။

    နေ့လယ်ပိုင်းကစပြီး ရပ်ကွက်အတွင်း အိမ်တချို့ကို ပစ်ခတ်တာ စစ်နဲ့ရဲ အင်အားပြပြီးနေတာ ညနေပိုင်း ၅နာရီခွဲ အချိန်လောက်ထိ ဖြစ်ပါတယ်။

    လက်ရှိ တန်ဖိုးနည်းအိမ်ရာဘက်မှာ ၃ ယောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    မန္တလေး ပစ်ခတ်ဖြိုခွင်းမှု နှစ်ဦးကျည်ထိ

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. မတ်လ ၁၀ရက်နေ့ မြောက်ဥက္ကလာ ကန်သာယာသပိတ်မှာ ဖမ်းဆီးခံရသူ လူငယ်တွေ ပြန်လည်လွတ်မြောက်လာ

    ဖမ်းဆီးခံလူငယ်အယောက် ၁၅၀ ခန့်ကို နံပါတ် ၄၃ YBS ကားတွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးမြောက်ဥက္ကလာအဝိုင်းမှာ ချပေးခဲ့တယ်လို့ မျက်မြင်တွေနဲ့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။

    မတ်လ ၁၀ရက် မြောက်ဥက္ကလာ ကန်သာယာသိပိတ်စုရပ်ကို ရဲနဲ့စစ်တပ်က အင်အားသုံးဖြိုခွဲပြီးနောက် ဆန္ဒပြသူ အယောက် ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    မနေ့ကလည်း မတ်လ ၃ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့နေရာအနှံ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြိုခွင်းရာက ဖမ်းဆီးခံရပြီး အင်းစိန်အကျဉ်းထောင်မှာ ၁ ပတ်ကျော် ထိန်းသိမ်းခံခဲ့ရတဲ့ အသက် ၁၈ နှစ် အောက်လူငယ် ပြန်လွတ်လာကြပြီး တာမွေသပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံခဲ့ရသူတွေထဲက အသက်မပြည့်သေးသူ လူငယ် ၅၀ နီးပါး ခံဝန်နဲ့ ပြန်လွတ်လာပါတယ်။

    မနေ့ကအထိ ဆန္ဒပြသူ ၁၁၀၀ ကျော်ကို ပြန်လွှတ်ခဲ့ပြီးဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

    မြောက်ဥက္ကလာ ကန်သာယာသပိတ်မှာ ဖမ်းဆီးခံရသူ လူငယ်တွေ ပြန်လည်လွတ်မြောက်လာ

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. ဗီဇာသက်တမ်းကုန်မြန်မာတွေအတွက် ယာယီနေထိုင်ခွင့်ပေးဖို့ တောင်ကိုရီးယားအစိုးရ ကြေညာ

    တောင်ကိုရီးယားရောက် မြန်မာတွေအတွက် မြန်မာပြည်တွင်း တည်ငြိမ်တဲ့အထိ နေထိုင်နိုင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီနေထိုင်ခွင့် အထူးအစီအစဉ်တွေ လုပ်သွားမယ်ဆိုပြီး တောင်ကိုရီးယားအစိုးရက ဒီနေ့ မတ်လ ၁၂ ရက်မှာ ကြေညာပါတယ်။

    နေထိုင်ခွင့်ကာလကို သက်တမ်းတိုးဖို့ ခက်တာကြောင့် သတ်မှတ်ကာလမှာ ကိုရီးယားကနေ ထွက်ရမယ့် မြန်မာနိုင်ငံသားတွေ ဆက်နေချင်သေးတယ်ဆိုရင် နေနိုင်အောင် ယာယီနေထိုင်ခွင့် ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီအတောအတွင်းမှာ မြန်မာကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေ တင်ပို့တာ ခွင့်ပြုချက်ပိတ်ထားမှာဖြစ်ပြီး၊ ပို့ကုန်လိုင်စင်ကို တင်းကျပ်မယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင်းလုပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းစီမံကိန်းတွေကို ပြန်လည် သုံးသပ်မှာဖြစ်ပေမဲ့ မြန်မာနိုင်ငံသားတွေရဲ့အသက်မွေးမှုနဲ့တိုက်ရိုက်ဆက်နွှယ်နေတဲ့စီမံကိန်းတွေ၊ လူသားချင်းစာနာထောက် ထားမှုအကူအညီတွေကိုတေ့ာ ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။

    ဒါ့ပြင် အမေရိကန်လို့ အဓိကမဟာမိတ်တွေ၊ အာဆီယံလို ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မပြတ်ဘဲ မြန်မာ့အခြေအနေကို နီးနီးကပ်ကပ်စောင့်ကြည့်နေသလို မြန်မာ့ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေး အားထုတ်သွားမယ်လို့ ဆိုပါတယ်။

    South Korea

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ကိုရီးယားက ဘုန်းတော်ကြီးတွေဟာ မတ် ၁၂ ရက်က မြန်မာသံရုံးဆီ ချီတက်ဆန္ဒပြခဲ့ကြပါသေးတယ်။
  16. မနေ့ည အင်တာနက်တွေပြတ်တောက်ချိန်နောက်ပိုင်း မင်္ဂလာဒုံမြို့နယ်အတွင်း ပစ်ခတ်မှုကြောင့် (၂)ဦးသေဆုံး

    မနေ့ မတ်လ ၁၁ရက် ညသန်းခေါင်ကျော် အင်တာနက်ပြတ်တောက်နေချိန်မှာ မင်္ဂလာဒုံမြို့နယ်၊ ဘိုခြံရပ်ကွက်၊ မြသီတာဈေးနားက ရပ်ကွက်သံတံခါးကို ရဲနဲ့စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ အဲ့ဒီလို တံခါးဖျက်ဝင်ရောက်ကာ ရပ်ကွက်အတွင်း ကျည်အစစ်နဲ့ ပစ်ခတ်တာကြောင့် အမျိုးသားတဦး ညာဘက်ရင်အုံကိုထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ နောက်ထပ် အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းခေါ်သွားခဲ့ပြီး ဒီနေ့နေ့လယ်မှာ သေဆုံးသွားကြောင်း မိသားစုဝင်တွေကို မင်္ဂလာဒုံ ကုတင် ၁၀၀၀ ဆေးရုံကနေဆက်သွယ်အကြောင်းကြားလာခဲ့တယ်လို့ သိရပါတယ်။

    "ကိုကျော်ဇင်လတ်က မနေ့ညက ပစ်ခတ်ရင်းနဲ့ ပွဲချင်းပြီးဆုံးသွားတယ်။ ကျည်ရှိနေသေးတော့ ကျည်ထုတ်မယ်ဆိုပြီး အခုညနေကမှ မင်္ဂလာဒုံဆေးရုံကို အလောင်းယူသွားတယ်။ ကိုဇော်မင်းထွန်းကကျတော့ ညကတည်းက ဖမ်းသွားတာ၊ ပျောက်နေလို့ ထောက်ကြံ့ရဲစခန်းလည်း သွားစုံစမ်းပေမယ့်နေ့လယ်ကမှ ဆေးရုံကနေ အလောင်းရောက်နေတယ် လာထုတ်ဆိုလို့ သွားယူတယ်။ ဦးခေါင်းခွံရော ရင်ဘတ်တွေကိုရော ခွဲထားတယ်၊ ဆီးခုံကို ကျည်ထိဆုံးသွားတာ" လို့ ပြည်သူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    မနေ့ညက သေနတ်ပစ်ဖောက်သွားတဲ့အပြင် လူသေဆုံးမှုတွေပါ ရှိထားတာကြောင့် နောက်ရက်တွေထပ်မံလာနှောင့်ယှက်မှာကို ရပ်ကွက်နေပြည်သူတွေစိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မင်္ဂလာဒုံပစ်ခတ်မှုမှာသေဆုံးသွားသူတစ်ဦး။
  17. မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို တောင်ကိုရီးယား ဆိုင်းငံ့

    ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို တောင်ကိုရီးယား အစိုးရက ဆိုင်းငံ့လိုက်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

    မျက်ရည်ယိုဗုံး အပါအဝင် စစ်လက်နက် တင်ပို့ရောင်းချတာတွေကိုလည်း ရပ်ဆိုင်းတော့မယ်လို့ မတ်လ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    စက်မှုလုပ်ငန်းအတွက် အသုံးပြုမယ့် နည်းဗျူဟာပိုင်းဆိုင်ရာ ပစ္စည်းတွေ တင်ပို့မှုကိုလည်း တင်းတင်းကျပ်ကျပ် ပြန်လည်သုံးသပ်သွားမယ်လို့ ပြောပါတယ်။

    ဖွံ့ဖြိုးရေး အကူအညီတွေ ကူညီထောက်ပံ့နေမှုကိုလည်း ပြန်လည် သုံးသပ်သွားမှာ ဖြစ်ပေမယ့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ မြန်မာပြည်သူလူထုနဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ အစီအစဉ်တွေကိုတော့ ဆက်လက် ကူညီသွားမယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို လေးစားလိုက်နာဖို့ကိုလည်း တောင်ကိုရီးယား အစိုးရက ထပ်လောင်းပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိမ်းသိမ်းခံထားရသူတွေ ချက်ချင်းပြန်လွတ်ပေးဖို့၊ အရပ်သားတွေအပေါ် အကြမ်းဖက်နှိမ်နှင်းတာတွေ ရပ်တန့်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

    လူသားချင်း စာနာတဲ့အနေနဲ့ တောင်ကိုရီးယားမှာ ရှိနေတဲ့ မြန်မာလူမျိုးတွေကို မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြန်လည် ကောင်းမွန်လာတဲ့အချိန်အထိ တောင်ကိုရီးယားမှာ နေထိုင်ခွင့် ပြုသွားမယ်လို့လည်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

    မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို တောင်ကိုရီးယား ဆိုင်းငံ့

    ဓာတ်ပုံ ရင်းမြစ်, MPA

  18. မြန်မာ့အရေး စိုးရိမ်စွာ စောင့်ကြည့်နေတယ်လို့ ထိုင်းပြော

    မြန်မာရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက မြန်မာ့ပြည်တွင်းရေးအခြေအနေကို စိုးရိမ်ပူပန်စွာနဲ့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ မြန်မာ့အရေးအခင်းနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေကနေ ငြိမ်းငြိမ်းချမ်းချမ်း အဖြေထုတ်နိုင်ဖို့ မျှော်လင့်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ် တနီး ဆန်ဂရက်က“နယ်စပ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နီးစပ်တဲ့ ထိတွေ့ဆက်ဆံမှုတွေ အများအပြား ရှိပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက် နေတာ တွေကို စိုးရိမ်စိတ်နဲ့ မပြတ် စောင့်ကြည့်နေပါတယ်။

    အကြမ်းဖက် ဖြိုခွဲမှုတွေ တိုးလာနေတာကြောင့် မြန်မာပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ တခြား တိုင်းပြည်တွေလိုပဲ ထိုင်းနိုင်ငံက အကြီးအကျယ် စိတ်မကောင်း ဖြစ်ရပါတယ်။

    ပါဝင်ပတ်သက်နေသူတွေအားလုံး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ အလျှော့အတင်း လုပ်ကြဖို့ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မတ်လ ၂ ရက်နေ့တွေမှာ ကြေညာချက်ထုတ် တိုက်တွန်းခဲ့သလိုပဲ ထိုင်းနိုင်ငံကလည်း အလားတူ ထပ်တိုက်တွန်းလိုက်ပါတယ်။

    တင်းမာမှု အခြေအနေတွေ လျော့ကျသွားအောင် လုပ်ဖို့နဲ့ ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ ကိုလည်း ထိုင်းနိုင်ငံက တောင်းဆိုလိုက်ပါတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့နဲ့ အပြုသဘောနည်းတွေနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ကိုလည်း တိုက်တွန်းပါတယ်” လို့ ဆိုပါတယ်။

  19. သီရိလင်္ကာမှာ မြန်မာစစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ဆန္ဒပြ

    သီရိလင်္ကာနိုင်ငံသားရဟန်းတော်တွေနဲ့ ပြည်သူတချို့၊ သီရိလင်္ကာရောက် ငြိမ်းချမ်းရေး အဖွဲ့ဝင် မြန်မာ ရဟန်းတော်များ စုပေါင်းပြီး အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ကြောင်း ဒီနေ့မတ်လ ၁၂ ရက်မှာ ဆန္ဒပြခဲ့ပြီး၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်များ အမြန်ဆုံး လွှတ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို သတ်ဖြတ်ခြင်းကို ချက်ချင်းရပ်ဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။ စစ်ကောင်စီထံ အစည်းဝေးတက်ရောက်ဖို့ ဖိတ်ကြားစာပေးပို့ထားတဲ့သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးထံကိုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်စာ ပေးအပ်ခဲ့ပါတယ်။

    SriLinka

    ဓာတ်ပုံ ရင်းမြစ်, Social Media

    SriLinka

    ဓာတ်ပုံ ရင်းမြစ်, Social Media

  20. ဒီနေ့မွန်းလွဲပိုင်း စမ်းချောင်းအခြေအနေ

    စမ်းချောင်းမြို့နယ်မြောက်ပိုင်းက လမ်းတွေဖြစ်တဲ့ ပုသိမ်လမ်း၊ ညောင်တုန်းလမ်း၊ မြောင်းမြလမ်းကနေ မုန့်လက်ဆောင်းကုန်းလမ်း၊ သံတံတားလမ်းတွေအထိ ရဲတွေ အင်အားအလုံးအရင်းနဲ့ ဝိုင်းထားပြီး ဗဟိုလမ်းပေါ်မှာလည်း ရောက်ရှိနေတယ်လို့ စမ်းချောင်းဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မတ်လ ၁၂ ရက်မှာ ဗဟိုလမ်းနဲ့ မြောင်းမြလမ်းထောင့်မှာ ဆန္ဒပြလူငယ်တော်တော်များပြီး ကျွန်းတောလမ်းပေါ်မှာလည်းရှိကြတယ်။ စမ်းချောင်းထဲ ဒီနေ့ဆန္ဒပြနေသူအများစုဟာ စမ်းချောင်းလူငယ်တွေဖြစ်လို့ လက်ရှိ အထိတော့ ဘေးကင်းလုံခြုံတယ် လို့လည်း ဆိုပါတယ်။ သံတံတားလမ်အပါဝင် လမ်းတချို့ထဲ မျက်ရည်ယိုဗုံး ပစ်သွားတာမျိုးရှိတယ်လို့လည်း သိရပါ တယ်။

    Sanchaung

    ဓာတ်ပုံ ရင်းမြစ်, CJ

    Sanchaung

    ဓာတ်ပုံ ရင်းမြစ်, CJ