စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အင်းစိန်ဆန္ဒပြပွဲဖြိုခွဲဖမ်းဆီးစဉ် ရိုက်နှက်ခံရသူတွေထဲ အထက်တန်းကျောင်းသားအရွယ်ပါဝင်

    အင်းစိန်က မညက ဘတ်စ်ကားမှတ်တိုင်အနီး စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွက် လူစုဝေးနေကြစဉ် မွန်းတည့် ၁၂ နာရီလောက်မှာ ဖော့ကန်ဘက်ကနေ ရဲတွေ ရောက်လာပြီး အင်အားသုံးကာ လူစုခွဲခဲ့ပါတယ်။

    လူ ၁၀၀ လောက်စုဝေးနေကြတဲ့ ဆန္ဒပြလူစုဆီကို ရဲ အယောက် ၂၀ လောက်က အသံဗုံးတွေပစ်ခွဲ၊ ရာဘာကျည်တွေနဲ့ပစ်၊ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြပါတယ်။ လူစုကွဲပြီး အနီးအနားက တောင်သူကုန်း၊ ရွာမအရှေ့ ရပ်ကွက်တွေထဲပြေးဝင်ကြတာကိုလည်း နောက်ကလိုက်လာပြီး ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီး ရိုက်နှက်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    လူ ၇ ယောက်လောက်ကို ရဲတွေက ဖမ်းဆီးသွားပါတယ်။ ဒါပေမဲ့ အသက် ၁၅ နှစ်၊ ၁၆ နှစ်ဝန်းကျင်သာ ရှိဦးမယ့် ၁၀ တန်းကျောင်းသား လူငယ်တစ်ယောက်ကိုတော့ ရပ်ရွာက တောင်းပန်တဲ့အတွက် ပြန်လွှတ်ပေးခဲ့ပေမယ့်လည်း ရိုက်ထားတဲ့ ဒဏ်ရာတွေကြောင့် ဒီလူငယ်ဟာ လမ်းကောင်းကောင်းတောင်မလျှောက်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။

    နံ့သာကုန်းရပ်ကွက်ထဲက ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်တဲ့ ဗီဒီယို တစ်ခုကိုလည်း သူတွေ့လိုက်ရကြောင်း ဘီဘီစီကို ပြန်ပြောပြပါတယ်။

    ဘုရားကျောင်းထဲက အလှူခံသေတ္တာပုံးကို ရဲတွေ လုယူသွားတယ် ဆိုတဲ့ သတင်းထွက်တာတွေ ရှိပေမယ့် ဒါကိုတော့ ဘီဘီစီ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. မန္တလေးမှာ မြို့နယ်တိုင်းနီးပါး သပိတ်စစ်ကြောင်းထွက်

    မန္တလေးမြို့မှာ မနေ့ မတ် ၁၂ ရက်က စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲမှာ သေဆုံးသူရှိပေမယ့် ဒီနေ့မှာ မြို့နယ်တိုင်းမှာ သပိတ်စစ်ကြောင်းတွေ ထွက်ကြပါတယ်။ ဌာနပိုင်းက စစ်ကြောင်းတွေရှိသလို ပညာရေးပိုင်း အရပ်ဖက်အဖွဲ့စည်းပိုင်းက သပိတ်စစ်ကြောင်းတွေလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်တာပါ။

    စစ်တပ်နဲ့ရဲက သပိတ်စစ်ကြောင်းတွေကို ပိတ်ဆို့ပစ်ခတ်ပြီးနှိမ်နင်းဖမ်းဆီးတာ‌ကြောင့် မြတောင်စစ်ကြောင်းမှာ မနေ့က ကျဆုံးခဲ့တဲ့ မောင်လင်းထက် အတွက် ဝမ်းနည်းခြင်းနဲ့ အလေးပြုတဲ့ အခမ်းအနားပါ ပြုလုပ်ခဲ့တယ်လို့ စစ်ကြောင်းအတွင်းလိုက်ပါသူ ဒေသခံ တဦးကပြောပါတယ်။ ဒီနေ့ သပိတ်စစ်ကြောင်းတွေအနီးမှာ လုံခြုံရေးတပ်ဖွဲ့တွေဘက်က စစ်ကား ၊ ရဲကား၊ အဓိကရုဏ်းနှိမ်နင်းရေး ရေကား ၊ တင့်ကားတွေနဲ့ လမ်းမကြီး တချို့ပေါ်မှာ လှည့်လည်အင်အားပြတာတွေရှိသလို ယာဉ်ထိန်းရဲနဲ့ပါပူးပေါင်းပြီး လမ်းတချို့မှာ ကား၊ ဆိုင်ကယ်တွေစစ်တာ ဖုန်းတွေကအစ စစ်ဆေးတာပါ ပြုလုပ်နေတာကြုံရတယ်လို့ မန္တလေးဒေသခံတဦးကပြောပါတယ်။

    ဒါ့အပြင် ၁၀၆ လမ်း၊ ချမ်းမြသာစည်အရှေ့ပိုင်းက အောင်သာယာ ထိုင်သပိတ်စစ်ကြောင်းကို လူစုခွဲချိန်မှာ ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွင်းတာတွေ ရှိပါတယ်။

    မတ်လ ၁၁ရက် ညနက်ပိုင်းမှာ ၈၆ လမ်း ၃၆ လမ်း အနီးက ရှမ်းဝိုင်းရပ်ကွက်အတွင်းကို စစ်တပ်က အင်အားသုံးပြီး သေနတ်ပစ်ဖောက်တာတွေရှိခဲ့ပါတယ်။ "တစ်နာရီကျော်လောက်ကြာတယ်။ စစ်သားတွေက အိမ်တွေကို သေနတ်နဲ့ပစ် မှန်တွေခွဲကြတာ။ ရပ်ကွက်တွင်းက လမ်းဘေးမှာ ရှိတဲ့ဟာမှန်သမျှ ဖျက်ဆီးကြတာ။ ဖျက်မှာ သတ်မှာ လို့အော်ကြတာ"လို့ ရပ်ကွက်နေပြည်သူတဦးကပြောပါတယ်။ စစ်တပ်က အင်အား တရာကျော်လောက်နဲ့ သေနတ် အချက်ပေါင်း အနည်းဆုံး ၃၀ ချက်လောက်ပစ်ခတ်ပြီး ရပ်ကွက်တွင်းက အိမ်‌တချို့မျက်နှာစာ အိမ်ရှေ့ကပစ္စည်းတွေပါ ဖျက်ဆီးသွားတာရှိ‌ပေမယ့် ပြည်သူထိခိုက်ဒဏ်ရာ ရရှိတာ မကြားရသေးဘူးလို့ ပြောပါတယ်။

    Mandalay
    Mandalay
    Mandalay
    Mandalay
  3. ဖမ်းဆီးခံထားရတဲ့ကိုဝေယံဖြိုးမိုး အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ ဗကသအဖွဲ့ချုပ်ပြော

    မတ်လ (၃) ရက်က တာမွေ၊ ကျောက်မြောင်း သပိတ်စစ်ကြောင်းကနေ ကျောင်းသား၊ လူငယ် ၄၀၀ နီးပါးဖမ်းဆီးခံခဲ့ရတဲ့အထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးလည်းပါဝင်ပြီး အင်းစိန်ထောင်ရောက်ရှိနေတာပါ။ ထောင်တွင်း ရိုက်နှက်ခံရတဲ့အနေအထားရှိတယ်လို့ ဗကသအဖွဲ့ချုပ်က ပြောပါတယ်။

    "မနေ့က ပြန်လွတ်လာတဲ့သူတွေနဲ့ ပြောပြချက်အရ ကိုဝေယံဖြိုးမိုးကို ရိုက်နှက်ထားလို့ မျက်နှာယောင်ကိုင်းနေတာတွေ့ရတယ်၊ အခု ပြန်လွတ်တဲ့ရက်မတိုင်ခင် သုံးလေးရက် အလိုတည်းက သူ့ကို အတူဖမ်းဆီးတဲ့ကျောင်းသားတွေကြားမှာ မတွေ့ရတော့ဘူး။ သူပျောက်နေတယ်လို့ သိရပါတယ်" လို့ ဗကသအဖွဲ့ချုပ်က ကိုရဲရင့် ပြောပြပါတယ်။

    ဖမ်းဆီးခံရသူ အမျိုးသမီးတွေကိုတော့ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေမရှိပေမယ့် တညလုံးဒူးထောက်၊ လက်သုံးချောင်း ထောင်ထားစေတာ စတဲ့နည်းလမ်းတွေအသုံးပြုတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တာမွေသပိတ်စစ်ကြောင်း ဖမ်းဆီးခံကျောင်းသားလူငယ်တွေထဲက အသက်မပြည့်သေးသူ အယောက် ၅၀ လောက်ကို မတ်လ ၁၁ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

    ဒီလိုဖမ်းဆီးပြီးနှိပ်စက်ညင်းပန်းမှုတွေရှိခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အင်းစိန်အကျဉ်းထောင်နဲ့ သက်ဆိုင်ရာအကျဉ်းဦးစီးဌာနတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပြီးလက်ရှိအချိန်ထိတော့ ဆက်သွယ်လို့မရသေးပါဘူး။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, ABSU

  4. ဖားကန့်မှာ တပ်နဲ့ KIA တို့ တိုက်ပွဲ ဆက်ဖြစ်နေ

    ကချင်ပြည်နယ်၊ ဖားကန့်မှာ ဒီနေ့ မတ်လ ၁၂ ရက်မနက်ပိုင်းက ကာမိုင်းလမ်းကြောရှိ နမ့်ဟိုင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မနေ့ မတ်လ ၁၁ ရက်မနက်ကတည်းက ဖားကန့်၊ ဆယ်ဇင်းကျေးရွာအနီး မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ကာမိုင်းမှာ တပ်စွဲထားတဲ့ ဗျူဟာကုန်းကနေ လက်နက်ကြီး အချက်(၅၀)ထက်မနည်း ပစ်ကူပေးနေခဲ့ရသလို လေယာဉ်ပစ်ကူများပါ ပါဝင်နေရကြောင်း ကာမိုင်းဒေသခံတွေကပြောပါတယ်။

    လက်ရှိအချိန်မှာ ဖားကန့်မြို့နယ်ကို ဝင်ထွက်လမ်းတစ်ခုဖြစ်တဲ့ ကာမိုင်း‌လမ်းကြောနဲ့ နန့်ယားလမ်းကြောတစ်လျှောက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ နှစ်ဖက်တပ်များ၏ ထိခိုက်သေဆုံးမှုများအား မသိရှိရသေးပေမယ့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးကဒေသခံတွေကတော့ ဘာသာရေးကျောင်းတွေမှာ ရောက်ရှိခိုလှုံနေရပါတယ်။

    မနေ့မနက်က ဆယ်ဇင်းမှာ တိုက်ပွဲဖြစ်ပွားတာကို KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဟုတ်မှန်ကြောင်းအတည်ပြုထားပါတယ်။ ဒီနေ့မနက် တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ KIA တို့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

    Kachin, KIA

    ဓာတ်ပုံ ရင်းမြစ်, CJ

  5. နေ့စဉ်ပစ်ခတ်ဖြိုခွင်းလူစုခွဲနေတဲ့ကြားက သာကေတသပိတ် အားကောင်းဆဲ

    သာကေတမြို့နယ်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်ကို စစ်တပ်နဲ့ ရဲတွေ နေ့စဉ် ပစ်ခတ်ဖြိုခွင်းပြီး လူစုခွဲမှုတွေရှိနေပေမယ့် သပိတ်က အရှိန်အဟုန်နဲ့ အားဆက်ကောင်းနေဆဲဖြစ်ပါတယ်။ ဒီနေ့ မတ်လ ၁၂ ရက်မနက် ၁၁ နာရီကျော်က သာကေတသပိတ်စစ်ကြောင်းဟာ မြင်တော်သာလမ်းမကြီးပေါ်မှာ နေရာယူထားပြီး စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။ သာကေတမြို့နယ်က ရပ်ကွက်တချို့ကို မနေ့မတ် ၁၁ ရက်ညပိုင်းက ဝင်ရောက်ပစ်ခတ်ပြီး CDM လုပ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

    Tharkayta

    ဓာတ်ပုံ ရင်းမြစ်, TKT People

    Tharkayta

    ဓာတ်ပုံ ရင်းမြစ်, TKT People

  6. တွံတေးသပိတ်၊ သီပေါနဲ့ ကွတ်ခိုင်က သပိတ်တွေ ပစ်ခတ်ဖြိုခွဲခံရ

    ရန်ကုန်တိုင်းဒေသကြီး ၊ တွံတေးမြို့ပေါ်က ကျောက်တိုင်နားမှာ ဒီနေ့မနက်ပိုင်း မတ်လ ၁၂ ရက်မှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ရဲတွေနဲ့ စစ်သားတွေက ရာဘာကျည်တွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ် လူစုခွဲတာခံထားရပါတယ်။ဒီလို ပစ်ခတ်ဖြိုချိန် ဒဏ်ရာရသူ ၂ ယောက်ရှိပြီး ၅ ဦးထက်နည်းဖမ်းဆီးခံထားရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

    လက်ရှိမှာ ရဲနဲ့ စစ်သားအင်အား ၃၀ လောက် ကျောက်တိုင်နားမှာ နေရာယူထားဆဲဖြစ်ပြီး ဆန္ဒပြသူတွေ တစ်ဖက်တစ်ချက်စီ ကွဲနေတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်နေသူတစ်ဦးကပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါနဲ့ ကွတ်ခိုင်မြို့တို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ဒီနေ့ မတ် ၁၂ ရက်မနက်ပိုင်းက ကွတ်ခိုင်မြို့က ဈေးအနီးမှာဆန္ဒပြဖို့ လူစစုနေချိန် ရဲတပ်ဖွဲ့ရဲ့ မျက်ရည်ယိုဗုံး အသုံးပြုပြီး လူစုခွဲတာကို ခံခဲ့ရပါတယ်။

    မျက်ရည်ယိုဗုံး ၃ လုံးထက်မနည်း ပစ်ခတ်ဖြိုခွဲခဲ့ပြီး ကွတ်ခိုင်မှာ ဆန္ဒပြနေသူတွေကို ဒါဟာ ပထမဆုံးအကြိမ် ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။သီပေါမှာလည်း မနက် ၉ နာရီလောက်မှာ သပိတ်စဖို့ ဘူတာရုံနဲ့ ပန်းတိမ်မြောက် ၂ နေရာမှာ လူစုနေချိန် မျက်ရည်ယိုဗုံးသုံးပြီး လူစုဖြိုခွဲခံခဲ့ရပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တွံတေးသပိတ် ဖြိုခွဲခံထားရ
    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တွံတေးသပိတ် ဖြိုခွဲခံထားရ
    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တွံတေးသပိတ် ဖြိုခွဲခံထားရ
    Kutkhai

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)

    ဓာတ်ပုံ ပုံစာ, ကွတ်ခိုင်သပိတ် ဖြိုခွဲခံရတဲ့အခြေအနေ
    Hsipaw

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သီပေါသပိတ်ဖြိုခွဲခံရတဲ့မြင်ကွင်း
  7. မြန်မာစစ်တပ် စာင့်ကြည့်ကင်မရာစနစ်သုံးနေတာက လူ့အခွင့်အရေးကို ခြိမ်းခြောက်နေလို့ HRW ပြော

    အာဏာသိမ်းမြန်မာစစ်တပ်ဟာ လူပုဂ္ဂိုလ်တွေရဲ့မျက်နှာနဲ့ ကားနံပါတ်ပြားတွေကို သိမှတ်တဲ့နည်းပညာပါတဲ့ စောင့်ကြည့်ကင်မရာစနစ်ကို အသုံးပြုနေနိုင်တာဟာ မြန်မာနိုင်ငံထဲက အခြေခံလူ့အခွင့်အရေးတွေအတွက် ခြိမ်းခြောက်မှု ဖြစ်စေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ မတ်လ ၁၂ ရက်မှာ ပြောလာပါတယ်။

    မြန်မာနိုင်ငံမှာ Safe City ရှေ့ပြေးစီမံကိန်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှာ စောင့်ကြည့် ကင်မရာ ၃၃၅ လုံးနဲ့ နေပြည်တော်က မြို့နယ် ၈ ခုမှာ စတင်ခဲ့ပါတယ်။ ဒီကင်မရာတွေဟာ ဟွာဝေးကနေ လာတာခဲ့တာဖြစ်ပြီး အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ လူ့မျက်နှာတွေ၊ ကားနံပါတ်ပြားတွေကို အလိုအလျောက် ဖတ်မှတ်တဲ့ ဉာဏ်ရည်တု နည်းပညာပါပြီး သက်ဆိုင်ရာကအလိုရှိနေသူ တစ်ယောက်ယောက်ကို တွေ့တဲ့အခါ အာဏာပိုင်တွေကို အချက်ပေးတဲ့စနစ်ပါဝင်ပါတယ်။

    အရပ်သားအစိုးရလက်ထက်မှာ အလားတူ စီမံကိန်းတွေကို မန္တလေးမှာ ၂၀၂၁ ခုနှစ် နှစ်လယ်မှာ တပ်ဆင်သွားဖို့ ရည်မှန်းထားခဲ့တာဖြစ်ပြီး အဲဒီနောက် ရန်ကုန်မှာပါ တပ်ဆင်ဖို့ ရှိခဲ့တယ်လို့ HRW ဘက်က ဆိုပါတယ်။ ဒီလိုစောင့်ကြည့်စနစ်ဟာ မြန်မာစစ်တပ်အရာရှိတွေအတွက် ဆန္ဒပြပွဲတွေအပေါ် အင်အားသုံးဖြိုခွင်းလာစေဖို့ အထောက်အကူ ဖြစ်နေစေတယ်ဆိုပြီး အာရှသုတေသီ မန်နီမောင်က သုံးသပ်တယ်လို့ HRW ဘက်က ပြောပါတယ်။

    လမ်းပေါ်လူတွေ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားသိရှိနိုင်တာ၊ သူတို့ ဘာလုပ်တယ်၊ ဘယ်သူနဲ့ဆက်သွယ်တယ်ဆိုတာကို ခြေရာကောက်နိုင်တာနဲ့ ပုဂ္ဂလိက လွတ်လပ်မှုတွေအထိ စွက်ဖက်နိုင်တာတွေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့တက်ကြွလှုပ်ရှားသူတွေအတွက် အတော်လေးကို အန္တရာယ်ဖြစ်စေတယ်လို့ သုတေသီက သုံးသပ်တယ်လို့လည်း ဆိုပါတယ်။

    ဟွာဝေးဘက်က ကင်မရာတွေကို ထောက်ပံ့ခဲ့တယ်ဆိုတဲ့သဘောမျိုး ပြောခဲ့ပေမဲ့ ဒီကင်မရာတွေကို ထိန်းချုပ်မယ့် စင်တာကို နေပြည်တော်အခြေစိုက် လင်း IT Solutions က ဆောက်လုပ်ခွင့်လိုင်စင်ရခဲ့ပြီး ချိတ်ဆက်တပ်ဆင်မှုအပိုင်းကို Nang Yoe က လုပ်ခဲ့တယ်လို့ HRW က ပြောပါတယ်။

    နေပြည်တော်နဲ့ မန္တလေး စီမံကိန်းနှစ်ခုစလုံးမှာ လူ့မျက်နှာပုံတွေ၊ ကားနံပါတ်အချက်အလက်တွေနဲ့ တခြား ပုဂ္ဂိုလ်ရေး အချက် အလက်တွေကို ဘယ်လို စုဆောင်း၊ သိုလှောင်၊ အသုံးပြုမယ်ဆိုတာမျိုး ပွင့်လင်းမြင်သာမှုနည်းခဲ့သလို သက်ဆိုင်ရာ အာဏာပိုင်တွေက ဒီအချက်အလက်တွေကို ခြွင်းချက်မရှိ ရယူသိရှိပိုင်ခွင့်ရှိလားဆိုတာမျိုးလည်း ရှင်းရှင်းလင်းလင်းမရှိခဲ့ဘူးလို့ HRW က ပြောပါတယ်။ ဒါကြောင့် အရပ်သားအစိုးရ ဖြုတ်ချခံရပြီး စစ်တပ်တက်လာတဲ့အခါ ဒါတွေဟာ လူ့အခွင့်အရေးတွေအတွက် စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

    ရန်ကုန်မှာလည်း ဆန္ဒပြပွဲတွေကို CCTV Control center ကနေ အာဏာသိမ်းစစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့အာဏာပိုင်တွေက စောင့်ကြည့်ပြီး ပစ်ခတ်ဖြိုခွင်းနှိမ်နင်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်။

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, MPA

  8. အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာအတွက် ရံပုံငွေ ယာယီရပ်

    မြန်မာနိုင်ငံမှာ အာဏာသိမ်းယူမှု ဖြစ်ခဲ့တဲ့နောက် အာရှဖွံ့ဖြိုးရေးဘဏ်ကအစိုးရ စီမံကိန်းတွေအတွက် ရံပုံငွေတွေကို ယာယီ ရပ်နားလိုက်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

    စီမံကိန်းတွေအတွက် ငွေထုတ်ပေးတာနဲ့ စာချုပ်အသစ်တွေကို ချုပ်ဆိုဖို့ကို ဖေဖော်ဝါရီ ၁ ရက် ကတည်းက ရပ်နားထားတယ်လို့ ဆိုပါတယ်။

    အဲဒီလို ရပ်နားထားမှုကြောင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေး စီမံကိန်းတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ ဒေါ်လာ သန်းရာချီ ကုန်ကျမယ့် အခြေခံ အဆောက်အဦ စီမံကိန်းတွေရဲ့ အနာဂတ် ဘယ်လိုဖြစ်မလဲ ဆိုတာ မရေမရာ ဖြစ်လာပါတယ်။

    ADB က ချေးငွေနဲ့ ထောက်ပံ့ငွေ စုစုပေါင်း ဒေါ်လာ ၂.၄ ဘီလျံကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၉ ကြားမှာ မြန်မာနိုင်ငံကို ထုတ်ပေးဖို့ သဘောတူ ခဲ့ပါတယ်။ ADB က ထုတ်ပေးထားတဲ့ ချေးငွေနဲ့ ထောက်ပံ့ငွေက အနည်းဆုံး ဒေါ်လာ ၁.၅ ဘီလျံ ရှိနေပါပြီ။

    အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာအတွက် ရံပုံငွေ ယာယီရပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  9. ထားဝယ်ညပိုင်းပစ်ခတ်မှု အမျိုးသားတစ်ဦး သေဆုံး

    ထား၀ယ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ သေဆုံးသူတွေအတွက် ညပိုင်း ၈ နာရီလောက်က ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ ပြုလုပ်ပြီးတဲ့နောက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရာက အမျိုးသားတစ်ဦး ကျည်အစစ်ထိမှန်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူထံက သိရပါတယ်။

    ကျည်ထိမှန်ခဲ့တဲ့ သုံးဘီးယာဥ်မောင်းနှင်သူ အသက် လေးဆယ်ကျော် အရွယ် အမျိုးသား သေဆုံးသွားတဲ့အကြောင်းကို လူနာနဲ့အတူရှိနေတဲ့ ဆွေမျိုးနီးစပ်တော်စပ်သူတဦးက အတည်ပြုပါတယ်။

    ကျည်ထိမှန်သူ ကြက်စားပြင်ရပ်ကွက်က အမျိုးသားဟာ ရင်ဘတ်နဲ့ချိုင်းကြားနားမှာ သေနတ်ကျည်ဖောက်၀င် ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကနဦး သတင်းတွေအရ ကျည်အစစ်ထိမှန်သူ နှစ်ဦးရှိပြီး ရော်ဘာကျည် ဒဏ်ရာရသူ အတော်များများ ရှိနေတယ်လို့ သိရပါတယ်။

    ဗိုလ်ချုပ်လမ်းပေါ် ကြက်စားပြင်ရပ်ကွက်နဲ့ ဘုမ္မော်ရပ်ကွက်နားက တားထားတဲ့ အကာအရံတွေကို လာဖယ်ရှားရာကနေ ရပ်ကွက်နှစ်ခုလုံးက သံပုံးတီး အော်ဟစ်ကန့်ကွက်တာကို အခုလိုပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    လူနာသွားကယ်တဲ့ ဇဗ္ဗူသီရိ ပရဟိတ အသင်းကားကိုရဲက ဖမ်းသွားပြီး ည ၁၀ နာရီခွဲ ဝန်းကျင် အထိပစ်ခတ်နေတုန်းလို့ အဲဒီအသင်းက တာဝန်ခံ ကိုထိုက်က ပြောပါတယ်။

    အစပိုင်းမှာ စစ်တပ်ကအရေးပေါ်လူနာတင်ယာဥ်တွေကို တားဆီးထားလို့ သယ်မရတဲ့ လူနာကို နောက်ပိုင်း အရေးပေါ်ကားပေါ် တင်ဆောင်နိုင်ခဲ့တယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။

    လူနာဟာ ည ၉ နာရီခွဲ ဝန်းကျင်မှာ ကျည်ထိမှန်ခဲ့ပြီး ၁၁ နာရီခွဲခန့်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

    စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အနီးအနားက ဆိုင်ခန်း‌ သော့တွေကို ရိုက်ဖျက်ပြီး ဆိုင်အတွင်းက ပစ္စည်းတွေ ကားပေါ်သယ်ဆောင်သွားလို့လည်း ဆိုပါတယ်။

    ဒီကနေ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ပြီး မကွေး၊ ရန်ကုန်အပါအဝင် မြို့ကြီး ၅ခုမှာ ၁၁ ဦး ထက် မနည်း သေဆုံးခဲ့ရပါတယ်။

    ထားဝယ်ညပိုင်းပစ်ခတ်မှု အမျိုးသားတစ်ဦး စိုးရိမ်ဒဏ်ရာရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  10. မန္တလေးမှာ သေဆုံးသူတွေအတွက် ဖယောင်းတိုင်ထွန်းဆုတောင်း

    မန္တလေးမြို့က ရပ်ကွက်အများစုမှာ ညပိုင်း သံပုံးတီးတာနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့အတူ ပြုလုပ်ကြပါတယ်။ သေဆုံးသူတွေအတွက် ဖယောင်းတိုင်တွေ ကိုင်ဆောင်ပြီး ဆုတောင်းတာတွေပါ ပြုလုပ်ကြခဲ့ပါတယ်။

    မန္တလေးမှာ သေဆုံးသူတွေအတွက် ဖယောင်းတိုင်ထွန်းဆုတောင်း
  11. တာမွေ သပိတ်စစ်ကြောင်းက လူငယ်တွေ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လွတ်

    မတ်လ ၃ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့နေရာအနှံ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြိုခွင်းရာက ဖမ်းဆီးခံရပြီး အင်းစိန်အကျဉ်းထောင်မှာ ၁ ပတ်ကျော် ထိန်းသိမ်းခံခဲ့ရတဲ့ အသက် ၁၈ နှစ် အောက်လူငယ်တွေ ဒီနေ့မှာ ခံဝန်နဲ့ပြန်လွတ်လာပါတယ်။

    တာမွေသပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့လူငယ်ရာချီထဲက အသက်မပြည့်သေးသူ လူငယ် ၅၀ နီးပါး ဒီနေ့ မတ်လ ၁၁ ရက် ညနေ တာမွေရဲစခန်းကို ပြန်ရောက်နေပြီး ဆက်ဆိုင်ရာ ဆွေမျိုးမိဘတွေက လာခေါ်နေပါတယ်။

    ပါရမီမှာ ဆန္ဒပြရင်း အဖမ်းခံရတဲ့ လူငယ်တချို့လည်း ဒီညနေမှာလှိုင်ရဲစခန်းကနေတဆင့်ပြန်လွတ်လာပါတယ်။

    မြောက်ဥက္ကလာ သပိတ် ဖြိုခွင်းခံရချိန် အဖမ်းခံခဲ့ရတဲ့ အသက်မပြည့်သေးသူတချို့လည်း သက်ဆိုင်ရာ နယ်မြေရဲစခန်းဖြစ်တဲ့ မြောက်ဥက္ကလာရဲစခန်းကနေတဆင့် ပြန်လွတ်လာတယ်လို့လည်း သိရပါတယ်။

    ဒီကနေ့အထိ ဆန္ဒပြသူ ၁၁၀၀ ကျော်ကို ပြန်လွှတ်ခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

    တာမွေ သပိတ်စစ်ကြောင်းက လူငယ်တွေ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လွတ်
  12. ဆန္ဒပြသူတွေကို စစ်ပွဲသုံးလက်နက်တွေနဲ့သတ်ဖြတ်နေတယ်လို့ AI က ထုတ်ပြန်

    မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက စစ်ပွဲမှာ သုံးတဲ့လက်နက်တွေကို သုံးပြီး သတ်ဖြတ်နေတာ၊ ဖမ်းဆီးလာသူကို လမ်းပေါ်မှာပဲ ချက်ချင်း ပစ်သတ်စီရင်နေတာတွေကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International – AI) က ဗီဒီယိုအထောက်အထားတွေနဲ့တကွ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    အရပ်သားပြည်သူတွေနဲ့ သတင်းဌာနတွေက ရိုက်ကူးထားတဲ့ ဗီဒီယို ၅၅ ခုနဲ့ အတူ ထုတ်ပြန်တဲ့ သူတို့ရဲ့ ကြေညာချက်ထဲမှာ ဒီအထောက်အထား တွေဟာ စစ်ကောင်စီ တပ်မှူးတွေရဲ့ အမိန့်နဲ့ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ကျူးလွန်တဲ့ အထောက်အထားသက်သေတွေပါလို့လည်း ပါဝင်ပါတယ်။

    နိုင်ငံတဝန်းမှာ မြန်မာစစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ ဘေးမှာ ရပ်ကြည့်နေတဲ့ပြည်သူတွေကို ရဲတပ်ဖွဲ့နည်းနာအရ လူစုဖြိုခွဲတဲ့နည်းတွေမဟုတ်ဘဲ စစ်ပွဲတွေအတွင်း တိုက်ခိုက်သတ်ဖြတ်ရာမှာ အသုံးပြုတဲ့နည်းနာတွေ၊ လူသတ် လက်နက်တွေကို တိုးပြီးသုံးလာနေတယ်လို့လည်းAI က ပြောပါတယ်။

    “ဒီလိုစစ်တပ်ရဲ့နည်းနာတွေက အသစ်အဆန်း မဟုတ်ပေမယ့် အခုလို သူတို့ ထင်သလို သတ်ဖြတ်နေကြတာတဲ့အပေါ်(အရပ်သားတွေနဲ့ သတင်းဌာနတွေက)ကမ္ဘာက သိရအောင် တိုက်ရိုက်ထုတ်လွှင့်နေတာကို မြင်ရတာမျိုး အရင်က မကြုံခဲ့ရဖူးဘူး”လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ Crisis Response ဆိုင်ရာ ဒါရိုက်တာ Joanne Marinerက ပြောပါတယ်။

    ဒီလို မြန်မာစစ်တပ်က ထင်သလို ပစ်ခတ်သတ်ဖြတ်တာတွေ၊ ဖမ်းခေါ်လာပြီး အကျဉ်းရုံးစီရင် သတ်ဖြတ်တာတွေက ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်၊ ရှမ်း၊ ရိုဟင်ဂျာ၊ တအာင်း စတဲ့ လူနည်းစုတွေ နေထိုင်ရာအရပ်ဒေသတွေမှာ နှစ်ပေါင်းများစွာရှိနေတာလို့လည်း လူ့အခွင့်အရေးအဖွဲ့တွေကပြောနေတာပါ။ အခုတော့ မြို့ပေါ်က လမ်းမတွေထက်ကို ဒီလို စစ်တပ်ရဲ့ ထင်သလိုလူသတ်မှုတွေ ရောက်လာကြောင်းAIက သက်သေအထောက်အထားတွေနဲ့ အတူ ပြောလာတာပါ။

    သူတို့ပူးတွဲတင်ပြထားတဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နဲ့ မတ်လ ၈ ရက်ကြားအချိန်ကာလက ရိုက်ကူးထားတဲ့ဗီဒီယိုတွေထဲမှာ ထားဝယ်၊ မြိတ်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ၊ မြစ်ကြီးနား၊ရန်ကုန် စတဲ့ မြို့တွေမှာ ဆန္ဒပြသူတွေ၊ ပြည်သူတွေကို စစ်ပွဲသုံး သေနတ်တွေနဲ့ပစ်ခတ်နေတာတွေပါဝင်ပါတယ်။

    သူတို့ တင်ပြတဲ့ဗီဒီယို ဖိုင်တွေထဲမှာ တွေ့ရတာ တချို့

    ၁။ မတ်လ ၂ ရက် ရန်ကုန် စမ်းချောင်းအရပ်မှာ စနိုက်ပါ သေနတ်သမား တစ်ယောက်က ပလက်ဖောင်းတစ်ခုပေါ်မှာ မှောက်လျက်အနေအထားနဲ့ ပစ်မှတ်ကို ချိန်ရွယ်နေတာကို ဘေးက စစ်တပ် တပ်မှူးတစ်ယောက်ကအမိန့်ပေး ညွှန်ကြားနေတယ်။

    ၂။ မတ်လ ၃ ရက်နေ့ ရန်ကုန်၊မြောက်ဥက္ကလာ မှာ ရဲတပ်ဖွဲ့က လူတစ်ယောက်ကို အိမ်ထဲကနေဆွဲထုတ်ဖမ်းဆီးလာပြီးတဲ့နောက် အပြင်လမ်းဆုံမှာပဲ နောက်ရဲတစ်ယောက်က အဲဒီလူကိုပစ်ခတ်သတ်ဖြတ်လိုက်တာကိုတွေ့ရပါတယ်။

    ၃။ မတ်လ ၈ ရက်နေ့မြစ်ကြီးနားမှာ ဆန္ဒပြလူအုပ်ကို ပစ်ခတ်နေတဲ့ ဗီဒီယိုကို တွေ့ရသလို၊ သေနတ်ဒဏ်ရာရတဲ့လူတစ်ယောက်ကို လူတစုကဆွဲပြေးနေရတာကိုလည်း တွေ့ရပါတယ်။

    ၄။ ဖေဖော်ဝါရီ ၂၈ ရက်ကထားဝယ်မြို့မှာ ရဲကို ကျည်အစစ်နဲ့ ပစ်တဲ့ သေနတ်ကိုပေးပြီး ဒူးထောက်ချိန်ပစ်နေတာကို စစ်တပ်က တပ်မှူးတစ်ယောက်က ဘေးက ညွှန်ကြားပြနေတယ်။ ဒီလိုပစ်ချလိုက်ပြီး အဲဒီ ပစ်ခတ်တဲ့အဖွဲ့က ပစ်သူကို ချီးကျူးကာ အောင်ပွဲခံနေကြတယ်။

    စသဖြင့် အဲဒီလိုဗီဒီယို အထောက်အထားတွေနဲ့ တင်ပြလာတဲ့AI ရဲ့ ထုတ်ပြန်ချက်က ကမ္ဘာ့လူမှု အသိုင်းအဝိုင်းကြား ဘယ်အတိုင်းအတာအထိရောက်ရှိမယ်ဆိုတာတော့ မမှန်းဆနိုင်ပါဘူး။

    AIရဲ့ထုတ်ပြန်ချက်မှာတော့ အဲဒီ တပ်ဖွဲ့တွေက ဆန္ဒပြတဲ့လူတွေကို ပစ်ခတ်တဲ့ လက်နက်အမျိုးအစားတွေ၊ ထုတ်လုပ်တဲ့ နိုင်ငံတွေကိုလည်း တင်ပြထားပါတယ်။

    စစ်အာဏာသိမ်းပြီးချိန်ကစလို့အခု တစ်လကျော် အချိန်ကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေက ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်လို့ လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

    ဒီလို ပစ်ခတ် လူစုခွဲ ဖြိုခွင်းမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စိီက ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆန္ဒပြမှုတွေအပြင် မင်းမဲ့စရိုက် လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့လို့ လုပ်ထုံးလုပ်နည်းနဲ့အညီ အဆင့်ဆင့်ဖြိုခွဲရတာတွေ ရှိခဲ့တယ်ဆိုပြီး ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဲဒီလို ရှင်းလင်းရာမှာ ဖြိုခွဲခြင်း (ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၁၂၇၊ ၁၂၈) ကိုလည်း ကိုးကား ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

  13. ပြည်မြို့က CDM တက္ကသိုလ် ကထိက တစ်ယောက်ကို လာရောက်ဖမ်းဆီးသွား

    ပြည်မြို့က ပြည်တက္ကသိုလ် အင်္ဂလိပ်စာဌာန၊ ကထိက ဒေါ်မိုးမိုးဆိုင်ကို သူ့အိမ်ကနေ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက လာရောက် ဖမ်းဆီးသွားတယ်လို့ သူနဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်က ဘီဘီစီကို အတည်ပြုပြောပါတယ်။

    ဒေါ်မိုးမိုးဆိုင်ဟာ အလုပ်မဆင်းဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ တက္ကသိုလ်ဆရာမ တစ်ယောက်ဖြစ်ပြီး သူ့ကို ပုဒ်မ ၅၀၅ (ခ) နဲ့ အရေးယူဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

    သူ့ကို အိမ်မှာလာရောက်ဖမ်းဆီးစဉ်က ဘေးပတ်ဝန်းကျင်အိမ်က လူတွေက သံပုံးတီးတာ၊ ဆန့်ကျင်တာတွေ လုပ်ခဲ့ကြပေမယ့် ရဲနဲ့ စစ်တပ်က အင်အားများတဲ့အတွက် ကူညီမှုတွေ မအောင်မြင်ခဲ့ပါဘူး။

    စစ်တပ်ဝင်းထဲ သူ့ကိုဖမ်းဆီးဖို့ ခေါ်သွားပြီး သူ့လွတ်မြောက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်မြို့က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအဖွဲ့ဝင်တွေကလည်း ကြိုးစားနေကြတယ်လို့ သိရပါတယ်။

    ပြည်မြို့က CDM တက္ကသိုလ် ကထိက တစ်ယောက်ကို လာရောက်ဖမ်းဆီးသွား

    ဓာတ်ပုံ ရင်းမြစ်, Social Media

  14. စစ်ကောင်စီကို နိုင်ငံတကာဥပဒေကြောင်းအရ တရားစွဲဖို့ CRPH ပြင်ဆင်

    ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ပြည်သူတွေနဲ့ ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်တွေအပေါ် လက်နက်ကိုင် အကြမ်းဖက်ခဲ့မှုတွေမှာ တာဝန်ရှိတဲ့ ဖွဲ့စည်းပုံနဲ့မညီဘဲ တရားမဝင်အာဏာရယူခဲ့တဲ့စစ်အုပ်စုကို နိုင်ငံတကာဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ဖို့ နိုင်ငံတကာဥပဒေကုမ္ပဏီ Volterra Fietta နဲ့ တရားဝင်ဆွေးနွေးတာတွေလုပ်နေပြီလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီကိုတရားစွဲဖို့ မြန်မာ့တရားရေးအဖွဲ့ကို လေးစားခံ နိုင်ငံတကာဥပဒေကျွမ်းကျင်ပညာရှင်တွေထဲကတစ်ဦးဖြစ်တဲ့ Robert Volterra နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကျူးလွန်ခံရသူတွေ၊ နိုင်ငံတွေ အတော်များများကို ဥပဒေအကြံပေးခဲ့သူ Alvero Nistal တို့က ဦးဆောင်မှာဖြစ်ပါတယ်။

    တရားဥပဒေကြောင်းအရသွားရတဲ့ကိစ္စတွေဟာ အချိန်ယူရမှာ မှန်ပေမဲ့ စစ်သားတွေ၊ ရဲတွေနဲ့ ရာဇဝတ်သားတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတဲ့ ကျူးလွန်သူတွေ တာဝန်ခံမှုရှိလာအောင် မမှိတ်မသုန်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ အဲဒီအတွက်လည်း ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ဖို့ သက်သေတွေ အများကြီး စုဆောင်းနေပြီလို့ ဆိုပါတယ်။

    Volterra Fietta ဥပဒေလုပ်ငန်းဟာ မြန်မာရဲ့အခုလိုတရားရေးပိုင်းအားထုတ်မှုတွေကို နိုင်ငံတကာ ဥပဒေပညာရှင်တွေနဲ့ အားပေးသွားမှာလို့ ဆိုပါတယ်။ အဲဒီပညာရှင်တွေဟာ နိုင်ငံတကာတရားရုံး (ICJ) ၊ ရာဇဝတ်ခုံရုံး (ICC)နဲ့ တခြားနိုင်ငံတကာတရားရုံးတွေ၊ ခုံရုံးတွေမှာ အမှုကြား နာမှုတွေအတွက် ကမ္ဘာ့နေရာအနှံ့က နိုင်ငံတွေကို ကိုယ်စားပြု၊ ဥပဒေအကြံပေးနေကြသူတွေဖြစ်တယ်လို့လည်း CRPH က ပြောထားပါတယ်။

  15. အစ္စရေးလော်ဘီအဖွဲ့ကို ဒေါ်လာ ၂ သန်းပေးငှားတဲ့အကြောင်း စစ်ကောင်စီ ဝန်ခံ

    အစ္စရေးက လော်ဘီအဖွဲ့ကို စစ်ကောင်စီက ငှားရမ်းခဲ့တာမှန်ကန်ပြီး ဒါဟာ မြန်မာနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ အခြေခံယူဆချက်တွေ၊ အတွေးအခေါ်တွေဟာ မှန်ကန်မှုမရှိဘူးယူဆတာကြောင့် ခုလို ငှားရမ်းတာဖြစ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံအကြောင်းမှန်မှန်ကန်ကန်သိဖို့လိုအပ်တယ်လို့ယူဆလို့ ဆောင်ရွက်တာဖြစ်ပြီး ဒေါ်လာ ၂ သန်းပေးငှားရမ်းတာလည်းမှန်ကန်ကြောင်း၊ ဒီငွေကြေးဟာလည်း အစိုးရတစ်ရပ်ရဲ့ သုံးစွဲပိုင်ခွင့်ရှိတဲ့အထဲက သုံးတာဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

    ဒါပေမဲ့ တရုတ်နဲ့ပတ်သက်လို့ ဒီလော်ဘီရဲ့ပြောကြားချက်ဟာ အဲဒီကုမ္ပဏီရဲ့ သဘောထားသာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ဒီရက်ပိုင်းလူမှုကွန်ရက်မှာ အဲဒီ ဒေါ်လာနှစ်သန်းတန် လော်ဘီစာချုပ်က ပျံ့နှံံံ့ခဲ့တာဖြစ်ပြီးစာချုပ်မှာ အစ္စရေးလော်ဘီ Ari-Ben-Mehashe ကို ဒေါ်လာ ၂သန်းပေးဖို့ ဖော်ပြထားတာပါဝင်ပါတယ်။

    Israel lobby myanmar

    ဓာတ်ပုံ ရင်းမြစ်, Social Media

    Israel lobby myanmar

    ဓာတ်ပုံ ရင်းမြစ်, Social Media

  16. ဖမ်းဆီးခံရပြီး သေဆုံးခဲ့တဲ့ NLD ပါတီဝင် ဦးဇော်မြတ်လင်း နာရေး ပြုလုပ်

    မတ်လ ၈ ရက် ညပိုင်းက ရဲနဲ့စစ်တပ်ကနေ ရှာဖွေခဲ့တာကြောင့် ထွက်ပြေးဖို့ကြိုးစားရင်းဖမ်းဆီးခံခဲ့ရပြီး နောက်တစ်ရက်မနက် မှာ သေဆုံးခဲ့တဲ့ စုသက်မွေးသိပ္ပံကျောင်းရဲ့ တာဝန်ခံကိုဇော်မြတ်လင်းရဲ့ဈာပနကို ရွှေပြည်သာမြို့နယ်ကျူချောင်သုသာန်မှာဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ဒီကနေ့ဈာပနကို ​လိုက်ပါပို့ဆောင်သူအများအပြား ရှိခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေးကိုလည်းဆန္ဒထုတ်ဖော်ခဲ့ကြတာ တွေ့ရပါတယ်။

  17. မြန်မာ့အရေးကြားဝင်စေ့စပ်ပေးလိုသူတွေကို စစ်ကောင်စီဘာပြောလဲ

    လက်ရှိ မြန်မာ့အရေးပြေလည်စေဖို့ တရုတ်၊ အာဆီယံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတချို့က ကြားဝင်စေ့စပ်ညှိနှိုင်းပေးလိုတဲ့ သဘောထားတွေရှိတာသိပေမယ့် ချမှတ်ထားတဲ့ လုပ်ငန်းစဉ် ၅ ရပ်အတိုင်းသာ ဆက်သွားမှာ ဖြစ်မယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

    စစ်ကောင်စီအနေနဲ့ ဒီမတိုင်ခင်တည်းက ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ဆွေးနွေးညှိနှိုင်းဖို့ နိုဝင်ဘာလကတည်းက စတင်ခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါကြောင့် အခုအခြေအနေမှာတော့ စစ်ကောင်စီက ချမှတ်ထားတဲ့ လုပ်ငန်းလမ်းညွှန်ချက် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်အတိုင်းပဲ ဆက်သွားမယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

    "Road map ပေါ့။ လုပ်ငန်းစဉ် ၅ ရပ်အတိုင်း ကျွန်တော်တို့ မဲစာရင်းတွေဖော်ထုတ်မယ်။ ပြီးရင် ဘာပြီးရင်ဘာလုပ်မယ်ဆိုတာတွေရှိတယ်။ နောက်ဆုံးအဆင့်မှာရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို လွှဲအပ်ပေးမယ်ဆိုတဲ့လမ်းစဉ်အတိုင်းသာ သွားမယ်လို့ပြောလိုပါတယ်။ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာအပေါ်စေတနာထားမှု၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးလိုလားမှုစေတနာကိုလေးစားပါတယ်။ ကျွန်တော်တို့ကတော့ ချမှတ်ထားတဲ့လမ်းငန်းလမ်းညွှန် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်အတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖြေကြားလိုပါတယ်"လို့ ပြောကြားသွားပါတယ်။

    နိုင်ငံတော်ကိုအရေးပေါ်အခြေအနေ တစ်နှစ်ကြေညာပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာသုံးရပ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရယူထားတာဖြစ်ပါတယ်။

    Military

    ဓာတ်ပုံ ရင်းမြစ်, MRTV

  18. ဒေါ်အောင်ဆန်းစုကြည်ထံ ဦးဖြိုးမင်းသိန်းက ရွှေနဲ့ ငွေသားတွေပေးအပ်ခဲ့တယ် ဆိုပြီး စစ်ကောင်စီ ပြော

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီရွှေ ၇ ပိဿာ ပေးအပ်ခဲ့တယ်လို့ ထွက်ဆိုကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

    ဒီနေ့မတ် ၁၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလိုပြောကြားခဲ့တာပါ။

    ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ထံ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်မတ်လအထိ ဖော်ပြပါငွေသားနဲ့ ရွှေတွေပေးခဲ့တယ်လို့ အခိုင်အမာထွက်ဆိုတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဆက်လက်စစ်ဆေးသွားမယ်လို့ သူက ပြောကြားပါတယ်။

    Military

    ဓာတ်ပုံ ရင်းမြစ်, Social Media

  19. မြိုင်သပိတ် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၆ ဦးထက် မနည်းသေဆုံး

    မကွေးတိုင်း ၊ မြိုင်မြို့နယ်က စစ်အာဏာသိမ်းဆန့်ကျင့်တဲ့လူထုသပိတ်ကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၆ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ မျက်မြင်တွေ့ခဲ့ရသူမြိုင်မြို့ခံအချို့က ဘီဘီစီကိုပြောပါတယ်။

    "မနက်၁၀ နာရီခွဲလောက်က မြို့ပေါ်သပိတ်က လူငယ်၂ယောက်ကို ဖမ်းသွားလို့မြို့မိမြို့ဖတချို့ရော ခံဝန်နဲ့ပြန်လွှတ်ပေးဖို့သွားတောင်းဆိုကြတယ်။ အဲဒါကို ပြန်မလွှတ်တော့ လူငယ်တွေကပါလူစုပြီး တောင်းကြတော့ ပစ်ခတ်တော့တာပဲ။ မြိုင်မြို့ပေါ်က သေတာ ၄ယောက် ၊ အမှတ်၁၊၂ နဲ့ ထန်းငယ်တောက တစ်ယောက်စီပါတယ်။ ကျန်တဲ့သူတွေကတော့ သေချာမသိရသေးဘူး။"လို့ မျက်မြင်ကြုံခဲ့သူ တစ်ဦးကပြောပါတယ်။

    လက်ရှိမှာ မြိုက်မြို့ခံတွေက သပိတ်ကိုလူစုခွဲပြီးဖြစ်ပေမယ့် ပခုက္ကူဘက်ကနေ တပ်မတော်သားတွေ မြိုင်မြို့နယ်ဘက်ကို ထပ်ဆင်းလာတာကို တွေ့ရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

    Myine, near Mandalay

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, မြိုင်သပိတ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ၆ ဦးထက်မနည်း ရှိနေပါတယ်။
  20. မနေ့က မြင်းခြံသပိတ်မှာ မျက်လုံးအောက် ကျည်ဆန်မှန်သူ သေဆုံး

    မနေ့ မတ်လ ၁၀ရက် က မြင်းခြံမြို့သပိတ်ကို ဖြိုခွဲရာမှာ မျက်လုံးအောက် ကျည်ဆန်ထိမှန်ခဲ့သူ အသက် (၂၂) အရွယ် အမျိုးသားဟာ ဒီနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာ သေဆုံးသွားပါတယ်။ "ဘယ်ဘက်မျက်လုံး မျက်ဝတ်ထွက်တဲ့နားကို ရာဘာကျည်မှန်တာ။ အခု ကွယ်လွန်သွားပြီ။" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။ မနေ့က မြင်းခြံမြို့ သပိတ်စစ်ကြောင်းဖြိုခွဲမှူ ဖြစ်စဉ်မှာ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ပေါင်ကို ကျည်အစစ်ထိမှန်သူဟာ အရိုးကြေသွားတာကြောင့် ကုသနေရဆဲဖြစ်တယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

    MyinGyan

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, သေဆုံးသူ မနေ့က ကျည်ထိမှန်လဲကျသွားတာကို တွေ့ရတာဖြစ်ပါတယ်။