တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ အသစ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်နေတဲ့ စာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော
တိုက်ရိုက် ထုတ်လွှင့်ချက်
ကလေးမြို့အနီးကျေးရွာတွေမှာ စစ်ကောင်စီ တပ်တွေပစ်ခတ်မှုကြောင့်နှစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ကလေးမြို့တောင်ပိုင်း နတ်ချောင်းနဲ့စည်သားကြားက လမ်းကိုတားထားစဥ် မကွေးတိုင်း ဂန့်ဂေါ်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ကြား ဒေသ တစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေက ဒေသခံ ကျေးရွာတွေကို ရှာဖွေမှုတွေ ပြုလုပ်နေပြီး ဒီ ဖြစ်စဉ်တွေအတွင်း ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေကြောင့် အဲဒီ ဒေသကျေးရွာတွေမှာ မတ် ၃၀ ရက်နေ့ ညက လူတစ်ဦး သေဆုံးပြီး မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာလည်း တစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကလေးမြို့ဘက်ကို ထပ်ဝင်လာမှာကို ဂန့်ဂေါ်နဲ့ ကလေးမြို့ ကြားရွာတွေက တားဆီးနေကြတာဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။
အခြားကျေးရွှာတွေမှာလည်း တားဆီးမှုတွေ ထိပ်တိုက်တွေ့ဆုံမှုတွေရှိပြီး ပစ်ခတ်မှုတွေရှိတယ်သိရပေမဲ့ သေဆုံးဒဏ်ရာရသူတွေနဲ့ပတ်သက်လို့အတည်မပြုနိုင်သေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်
ပုဒ်မ (၅)ခုနဲ့ တရားစွဲဆို ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မတ်လ ၃၁ ရက်မှာ သူ့အတွက် အမှုလိုက်ဖို့ ရှေ့နေပါဝါ တင်ထားသူတွေနဲ့ ဗွီဒီယို ကွန်ဖရင့်စ်ကတဆင့် တွေ့ဆုံ စကားပြောခွင့် ရခဲ့ပါတယ်။
ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို အမှုပါဝါ တင်ထားတဲ့ကိစ္စပြောဖို့ ခေါ်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှ ရဲတပ်ဖွဲ့မှူးရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကတဆင့် ၁၅ မိနစ်ခန့် ကြာ စကားပြောခွင့် ရခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ဆိုပါတယ်။
ဒီကနေ့ မတ်လ ၃၁ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရ သက်တမ်း ကုန်ဆုံးတဲ့နေ့ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ဟာ အစိုးရသစ် တက်ရမယ့်အချိန် ဖြစ်ပါတယ်။
တခါ အမေရိကန် အခြေစိုက် CNN ရုပ်သံသတင်းထောက်တစ်ဦးဟာလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမေးမြန်းဖို့ မြန်မာပြည်ကို မနေ့ကပဲ ရောက်ရှိလာပါတယ်။
ဒီလို အခြေအနေမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးချိန်းရက်မတိုင်မီ တရက်စောပြီး ရုတ်တရက် သူ့ရဲ့ရှေ့နေတွေနဲ့ တွေ့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ ဗီဒီယိုကွန်ဖရင့်စ်ကတဆင့် စကားပြောခွင့်ရ ကရင်ဒုက္ခသည်တွေအရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ထိုင်းတင်ပြမယ်
ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေး ခိုလှုံလာတဲ့ ကရင်ဒုက္ခသည်တွေကိစ္စကို ဧပြီလမှာ ကျင်းပမယ့် ဘရူနိုင်းနိုင်ငံ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ တင်ပြ ဆွေးနွေးမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက ပြောပါတယ်။ ထိုင်းအစိုးရအနေနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
တနင်္လာနေ့တုန်းက မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်ဒုက္ခသည် ၂၀၀၀ လောက် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ဘက်ခြမ်းကို ထွက်ပြေး ခိုလှုံလာခဲ့ကြပါတယ်။
ဒုက္ခသည်တွေကို ထိုင်းနိုင်ငံက ယာယီ လက်ခံထားမှာ ဖြစ်ပေမဲ့ သူတို့အတွက် ဒုက္ခသည်စခန်း တည်ဆောက်ပေးတာမျိုးတော့ လုပ်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ဒုက္ခသည်ပြဿနာနဲ့ ပတ်သက်လို့ မြန်မာ စစ်အာဏာပိုင်တွေနဲ့ သူစကားပြောခဲ့ပြီး ပုံမှန်အခြေအနေ အမြန်ဆုံး ပြန်ရောက်စေဖို့အတွက် အကြမ်းဖက်မှုတွေကို လျှော့ချဖို့ သူတို့ကို တိုက်တွန်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း ထိုင်းနိုင်ငံထုတ် နေရှင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
သူ့ရဲ့ တိုက်တွန်းချက်ကို မြန်မာ စစ်အာဏာပိုင်တွေက အသိအမှတ်ပြုခဲ့ပေမဲ့ အခြေအနေပေါ် မူတည်ပြီးတော့ လုပ်ဆောင်သွားမယ်ဆိုပြီး တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်ဒုက္ခသည် ထောင်နဲ့ချီ ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးလာကြ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရင်းသေဆုံးခဲ့တဲ့ ကိုမျိုးမင်းသူနောက်ဆုံးခရီး
မနေ့ မတ်လ ၃၀ ရက်မှာ မြစ်ကြီးနားက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်ဖြိုခွင်းခံရမှုမှာ သေဆုံးခဲ့တဲ့ ကိုမျိုးမင်းသူရဲ့ နာရေးကို ဒီနေ့ မွန်းလွဲ ၂ နာရီမှာပြုလုပ်မှာဖြစ်ပါတယ်။ကွယ်လွန်ချိန်မှာ အသက် ၂၃ နှစ်သာရှိသေးပြီး သူ့ရဲ့ နာရေးကို ရာဒါကောင်းရပ်ကွက်မှာရှိတဲ့ အစ္စလာမ်သုသာန်မှာ အစ္စလာမ်ဘာသာဓလေ့ထုံးတမ်းနဲ့အညီ ပြုလုပ်မှာဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ, ကိုမျိုးမင်းသူဈာပနပြင်ဆင်နေစဉ် 
ဓာတ်ပုံ ပုံစာ, ကိုမျိုးမင်းသူဈာပနပြင်ဆင်နေစဉ် စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဓာတ်ပုံ ရင်းမြစ်, MPA
မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာစသိမ်းကတည်းကနေ မတ်လ ၃၀ အထိ ၂ လနီးပါးအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖြိုခွင်းခံရမှုတွေကြောင့် သေဆုံးရသူ ၅၂၁ ဦးအထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။
မနေ့ မတ်လ ၃၀ရက် တစ်ရက်တည်းတင် သေဆုံးသူ ၈ ဦးအထိ ရှိခဲ့တယ်လို့ ဖေဖော်ဝါရီကတည်းက ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေကို စောင့်ကြည့်စာရင်းပြုစုနေတဲ့ AAPP က ပြောပါတယ်။
ဒါက ကောက်ယူရရှိတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး တွက်ချက်ထားတဲ့ ကိန်းဂဏန်းသာဖြစ်ပြီး အမှန်တကယ်သေဆုံးတဲ့ အရေအတွက် ဒီထက် ပိုနိုင်တယ်လို့လည်း ဆိုပြောတယ်။
ဒါ့ပြင် ဖမ်းဆီးခံရသူ အရေအတွက်ကလည်း နှစ်ထောင့်ခြောက်ရာ ကျော်ရှိတယ်လို့ ဆိုပါတယ်။
နယူးယောက် UN ရုံးချုပ်ရှေ့က မြန်မာ့အရေးဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt(NY)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ UN ရုံးချုပ်ရှေ့မှာ ဝါရှင်တန်ဒီစီက ထွက်ခွာလာတဲ့ ဆန္ဒပြယာဉ်တန်းနဲ့ နယူးယောက်ဒေသခံတွေ စုပေါင်းပြီး မြန်မာနိုင်ငံအတွက် မတ်လ ၃၀ရက်နေ့က ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt(NY)

ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt(NY)
မြန်မာပြည်ကို ခရီးမသွားဖို့ နိုင်ငံသားတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတိပေး
ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှုအပြင် ပြည်တွင်းမတည်ငြိမ်မှုဖြစ်နေတဲ့နေရာတွေ၊လက်နက်ကိုင်အကြမ်းဖက်မှုတွေရှိနေတာကြောင့် မြန်မာကို ခရီးမသွားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံသားတွေကို သတိပေးချက်ထုတ်လိုက်ပါတယ်။
ကိုဗစ်ရောဂါကြောင့် မြန်မာကို ခရီးမသွားသင့်တဲ့အဆင့်အဖြစ် အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ(CDC)ကအမြင့်ဆုံး သတ်မှတ်လိုက်ပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်ဖြစ်နိုင်တဲ့အပြင် ပြည်တွင်းလက်နက်ကိုင်အကြမ်းဖက်မှုတွေဖြစ်နိုင်တဲ့နေရာဖြစ်တဲ့ ချင်းပြည်နယ်က မတူပီနဲ့ ပလက်ဝမြို့နယ်၊ ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မိုးကောင်း၊ ဖားကန့်၊ မန်ဆီ၊ မိုးမောက်၊ ဆွမ်ပရာဘမ်တို့အပါဝင် ၈မြို့နယ်၊ ရှမ်းပြည်နယ်ထဲက ဟိုပန်၊ သီပေါ၊ နမ္မတူ၊ မူဆယ်၊ ပန်ဆန်း အပါအဝင် ၁၇ မြို့နယ်၊ ကယားပြည်နယ်ထဲက ရှားတောမြို့နယ်၊ ကရင်ပြည်နယ်ထဲက ဖာပွန်မြို့နယ်တွေကိုလည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါထားပါတယ်။
ဒါ့ပြင် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့် ပြည်တွင်းမငြိမ်သက်မှုနဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေ အဓိက ဖြစ်နိုင်တဲ့နေရာတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်၊ရခိုင်နဲ့ချင်းပြည်နယ်က နေရာတချို့နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်ကအမေရိကန်သံရုံးကတော့ သံရုံးဝန်ထမ်းတွေရဲ့မိသားစုဝင်တွေကို ပြည်တွင်းကနေ ထွက်ခွါဖို့ နှိုးဆော်နေပြီး သံရုံးကတော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ ဝန်ဆောင်မှုကို ကန့်သတ်ပြီး ဆက်ပေးသွားမယ်လို့ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဂျပန်ခရီးစဉ်မှာတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်းဘက်ထွက်ပြေးတဲ့ ကရင် ဒုက္ခသည်တွေကို ထိုင်းက လက်မခံဘဲ ပြန်လွှတ်

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့ရက်ပိုင်း မြန်မာစစ်တပ်ရဲ့ ကေအန်ယူနယ်မြေအတွင်းလေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေလို့ထိုင်းဘက်ကို ထွက်ပြေးရတဲ့ကရင်စစ်ရှောင် ဒုက္ခသည်တွေ အရေအတွက်ကလည်းတိုးလာနေပါတယ်။
ထိုင်းဘက်ကို ထွက်ပြေးတဲ့ ကရင်ဒုက္ခသည်ဦးရေ က ၃၀၀၀နီးပါးရှိနေပါတယ်လို့ အကူညီပေးနေသူတွေက ပြောပါတယ်။
မြန်မာဘက်ခြမ်းကနေ ထိုင်းဘက်ကိုတိမ်းရှောင်ထွက်ပြေးတဲ့ ကရင် ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေဘက်က လက်မခံဘဲ မတ်လ ၃၀ ရက်နေ့အထိပြန်လွှတ်နေပါတယ်။
လူဦးရေ ၂၀၀၀ကျော်လောက်ကမြန်မာဘက်လည်းမပြန်ရဲ ထိုင်းဘက်ကလည်း လက်မခံလို့ နယ်စပ်ကြားနေရာမှာ အဆင်ပြေသလိုခိုလှုံနေကြရတယ်လို့ စစ်ရှောင် ကရင်ဒုက္ခသည်အရေးဆောင်ရွက်ပေးနေတဲ့ စောသူဘီးက ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ထိုင်းဘက်မှာဆေးကုသခွင့်ပေးထားတယ်လို့ စောသူဘီးကပြောပါတယ်။
အခုကရင်စစ်ရှောင်ပြည်သူတွေ ဟာ ကရင်ပြည်သူ ဖာပွန်ခရိုင် ကေအန်ယူ တပ်မဟာ ၅ နယ်မြေထဲကနေ ထွက်ပြေးကြသူတွေဖြစ်ပါတယ်။
မြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်ရင် အဲဒီလူဦးရေ အားလုံးနီးပါးထိုင်းဘက်ကို ခိုလှုံရနိုင်တယ်လို့ ကရင်ဒုက္ခသည်အရေးဆောင်ရွက်သူတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ATM ကနေ ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း ဗဟိုဘဏ်ပြော
ATM စက်တွေကနေ အကောင့်တစ်ခုကို ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း နစကကောင်စီရဲ့ ဗဟိုဘဏ်အဖွဲ့ဝင်သစ် ဦးအောင်ကျော်သန်းက ဘီဘီစီကိုပြောပါတယ်။
ကန့်သတ်ထုတ်ယူခွင့်ကြေငြာခဲ့တဲ့ဘဏ်ကို တောင်းပန်စာထုတ်ခိုင်းထားတယ်လို့ သူကပြောပါတယ်။
ဒီနေ့မနက်ပိုင်း က ကမ္ဘောဇဘဏ်က ATM ကဒ်တွေကို ဗဟိုဘဏ် ညွှန်ကြားချက်အရ တစ်ရက် နှစ်သိန်းပဲထုတ်ခွင့်ပြုတယ်လို့ ထုတ်ပြန်ခဲ့ပြီးတော့ အဲဒီလို မှားယွင်းထုတ်ပြန်ခဲ့မှုအပေါ် ဘဏ်ဘက်ကပြင်ဆင်ဖို့ရှိကြောင်းလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်များကြီးကြပ်ရေးဌာန ခေတ္တညွှန်ချုပ် ဦးရဲအောင် ကပြောပါတယ်။
ကမ္ဘောဇဘဏ် ဘက်ကတော့ ဒီကြေညာချက်ကို ညနေပိုင်းမှာ သူတို့ရဲ့အင်တာနက်စာမျက်နှာက နေ ဖြုတ်ချခဲ့ပါတယ်။
ဒါပေမဲ့ ကိုယ့်ငွေကို ဘဏ်မှာအပ်ထားပြီး ချေးငှားတာမဟုတ်ဘဲ ကန့်သတ်ခံနေရတာ အခုလို ပမာဏနဲ့ထုတ်နေ ရတာနဲ့ပတ်သက်လို့ လုပ်ငန်းရှင်တွေက ဝေဖန်မှုတွေရှိနေပါတယ်။

ရွေးကောက်ခံအစိုးရမတက်သရွေ့ မြန်မာနဲ့ကုန်သွယ်ရေးဆိုင်ရာတွေကို အမေရိကန် ဆိုင်းငံ့မယ်
မြန်မာနိုင်ငံမှာ ရွေးကောက်ခံအရပ်သားအစိုးရ မတက်သေးသရွေ့ ၂၀၁၃ ခုနှစ် ကုန်သွယ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်အောက်မှာ လုပ်နေတဲ့ ကုန်သွယ်ရေးဆိုင်ရာအားလုံးကို ချက်ချင်း ဆိုင်းငံ့မယ့်အကြောင်း အမေရိကန် ကုန်သွယ်ရေး၀န်ကြီး ကတ်သရင်းတိုင်က ပြောလာပါတယ်။ မြန်မာ့လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ၊ ကျောင်းသားတွေ၊ လုပ်သားတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ ကလေးတွေကို သတ်ဖြတ်နေတာဟာ နိုင်ငံတကာအသိုက်အ၀န်းအတွက် အတုန်လှုပ်ကြီး တုန်လှုပ်စေတယ်လို့ တိုင်က သူ့ကြေညာချက်ထဲ ထည့်ပြောထားပါတယ်။
၂၀၁၃ မူဘောင် သဘောတူညီချက်ကို ဆိုင်းငံ့လိုက်တာအပြင် သူ့အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတချို့ကိုပေးတဲ့အမေရိကန်ကုန်သွယ်ခွန်လျှော့ပေါ့ပေးတဲ့ကိစ္စနဲ့ အကူးကုန်သွယ်ခွင့်တွေပေးထားတာတွေကို ကာလဒေသနဲ့အညီ အပြောင်းအလဲလုပ်ဖို့ ကွန်ဂရက်စ်လွှတ်တော်နဲ့အတူ လုပ်ဆောင်သွားဖို့ရှိပြီး ၀န်ကြီးဌာနအနေနဲ့လည်း မြန်မာ့အခြေအနေကို ပြန်သုံးသပ်နေမယ်လို့လည်း ဆိုပါတယ်။
ဒီအခွင့်အရေးတွေမှာ ပါဝင်နိုင်ဖို့ ဆိုရင် သက်ဆိုင်ရာနိုင်ငံတွေဟာ လုပ်သားအခွင့်အရေးအာမခံနိုင်မှုရှိရမှာဖြစ်ပါတယ်။
တိုင်ကတော့ မြန်မာ့စစ်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ ကုန်သွယ်သမဂ္ဂတွေ၊ အလုပ်သမားတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့သတင်းတွေဟာ စိုးရိမ်စရာအခြေအနေလို့လည်း ပြောထားပါတယ်။
မြန်မာ ကုမ္ပဏီတွေရဲ့ ဒေါ်လာ ငွေစာရင်းတွေကို စစ်ကောင်စီ ပိတ်ထား

ဓာတ်ပုံ ရင်းမြစ်, MPA
မြန်မာနိုင်ငံက နိုင်ငံတကာနဲ့ ရောင်းဝယ်မှုတွေလုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ ဒေါ်လာ ငွေစာရင်းတွေကို ဘဏ်တွေကနေထုတ်ယူလို့မရအောင်ပိတ်ထားကြောင်း ပြည်တွင်းကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အခုလို ပိတ်ထားတဲ့ အတွက် ပို့ကုန် သွင်းကုန်လုပ်ငန်း ခရီးသွားလုပ်ငန်းအပါအဝင် နိုင်ငံတကာနဲ့ ဆက်သွယ်ရောင်းဝယ်နေတဲ့ လုပ်ငန်းတွေ အတော်များများ အလုပ်လုပ်လို့ မရအောင်ဖြစ်နေတယ်လို့လည်းပြောပါတယ်။
စစ်အာဏာမသိမ်းခင်က ကုမ္ပဏီတွေရဲ့ဒေါ်လာစာရင်းတွေက တစ်ရက်ဒေါ်လာ ၅၀၀၀ နဲ့ တစ်ပတ်ကို ဒေါ်လာတစ်သောင်းအထိ ထုတ်နိုင်ခဲ့ပြီး အခုရက်ပိုင်း ဘဏ်တွေပြန်ဖွင့်တဲ့ အချိန်မှာ စစ်ကောင်စီ ဗဟိုဘဏ်ညွှန်ကြားချက်နဲ့ ဆိုပြီး ထုတ်မရဘဲ အကောင့်ပိတ်ထားတယ်လို့ပြောကြောင်း သူကပြောပါတယ်။
ဘဏ်တွေထဲကို ကိုယ်တိုင်သွားမေးသူတွေ အချို့က အခုလို ပြောပေမဲ့ ဘဏ်တွေဘက်ကိုတော့ ဆက်သွယ်အတည်ပြုလို့ မရသေးပါဘူး။
အခုလိုဒေါ်လာငွေစာရင်းတွေကို ပိတ်ထားတဲ့ အပြင် ဘဏ်စာရင်းကနေ ဒေါ်လာကနေ မြန်မာငွေပြောင်းတာကိုလည်းပိတ်ထားသလို အွန်လိုင်း ငွေလွှဲတာကိုလည်းပိတ်ထားအတွက် အခက်အခဲဖြစ်နေရတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၅ သောင်းကျော်ခန့်ရှိပြီး ကုမ္ပဏီတွေဟာ နိုင်ငံခြားငွေရလမ်းဖော်ပြ ပြီးတရားဝင်အခွန်ဆောင်ပြီး ဒေါ်လာငွေစာရင်းတွေဖွင့်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ပုဂ္ဂလိကဘဏ်တွေနဲ့ ဗဟိုဘဏ်ဘက်က တုံ့ပြန်မှုတွေကိုတော့ မေးလို့မရသေးပါဘူး။
မြန်မာဒုက္ခသည်တွေကို ပြန်နှင်လွှတ်မယ့်အမိန့် မဏိပူရပြည်နယ်အစိုးရ ပြန်ရုပ်သိမ်း

ဓာတ်ပုံ ရင်းမြစ်, KMA
ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့မှာ CDMအတွက် အလှူခံနေကြစဥ် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲ မြန်မာနိုင်ငံကနေ ထွက်ပြေးလာမယ့် ဒုက္ခသည်တွေကို ယဉ်ယဉ်ကျေးကျေး ပြန်နှင်လွှတ်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတဲ့ အမိန့်တစ်ရပ်ကို ပြည်နယ်အစိုးရက ပြန်ရုပ်သိမ်းလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းကပ်နေတဲ့ မဏိပူရပြည်နယ်မှာ ဒေသန္တရ အာဏာပိုင်တွေ ဒါမှမဟုတ် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ယာယီနေထိုင်စရာ တွေ ထောက်ပံ့ဖို့ စခန်းတွေ မဖွင့်ရဘူး ဆိုတဲ့ နို့တစ်စာ တစ်စောင်ကို ပြည်နယ်အစိုးရက ထုတ်ပြန်ထားတာပါ။ ဒါပေမဲ့ ဒီအမိန့်အပေါ် အဓိပ္ပာယ် ကောက်လွဲခဲ့တာ ဆိုပြီး အခုအခါ ပြန်ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ထောင်ပေါင်းများစွာကို အိန္ဒိယနိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်ဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်လို့ မဏိပူရပြည်နယ်နဲ့ ဘေးချင်းကပ် မီဇိုရမ်ပြည်နယ်က ဒေသခံတွေက အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။
မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာဒုက္ခသည် တစ်ထောင်ကျော်လောက် ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။
အခုအခါ မဏိပူရ ပြည်နယ်အာဏာပိုင်တွေက မြန်မာနိုင်ငံက ထွက်ပြေးလာမယ့် ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်တဲ့ ကူညီဆောင်ရွက်မှုတွေ အားလုံး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
မိုင် ၇၀ နီးပါး ချီတက်ခဲ့တဲ့ကန့်ဘလူပညာရေးဦးဆောင်သပိတ်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, သပိတ်ကို CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းအများစုက ဦးဆောင် စစ်ကိုင်းတိုင်ဒေသကြီး ကန့်ဘလူခရိုင်ထဲက မြိုနယ်တွေရဲ နယ်ခံလူထုပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေဦးဆောင် သပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၃၀ ရက်မှာ ပြုလုပ်သွားပါတယ်။
ခရိုင်ထဲမှာပါဝင်တဲ့ ဇီးကုန်း၊ ကန့်ဘလူ၊ ကျွန်းလှမြို့တွေကို ဖြတ်ပြီး ကိုးထောင်တိုက်နယ်အထိ မိုင်ပေါင်း ၇၀ ဝန်းကျင်ကို ဆိုင်ကယ်တွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာပါ။
သပိတ်ကို ဇီးကုန်းမြို့ကနေ မနက် ၇ နာရီမှာ စထွက်ပြီး ကန့်ဘလူမြို့ ပညာရေးသပိတ်စစ်ကြောင်းနဲ့ပူးပေါင်းကာ ကန့်ဘလူ ကျောင်းတွေမှာ မွမ်းမံသင်တန်းတက်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မွမ်းမံသင်တန်းတက်နေသူတွေကို သပိတ်ဆရာဆရာမတွေက CDM ပြန်ပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ အဲဒီနောက် သပိတ်စစ်ကြောင်းဟာ ကျွန်းလှမြို့ကို ရောက်ချိန် ကျွန်းလှပညာရေးသပိတ်စစ်ကြောင်းနဲ့ ပေါင်းပြီး ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ် အမက ၁ ရပ်မှာ မွမ်းမံသင်တန်းတက်နေတဲ့ အခြေခံပညာ ဆရာဆရာမတွေကို CDM မှာ ပါဝင်ဖို့ ဆက်ဆန္ဒပြခဲ့ကြပါတယ်။
ပြီးတဲ့နောက် သပိတ်စစ်ကြောင်းဟာ ကိုးထောင်တိုက်နယ်အထိ ဆက်ပြီး ချီတက်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ကန့်ဘလူ တစ်ခရိုင်လုံးရဲ့သပိတ် မူဆယ်မြို့ပေါ်က သပိတ်စခန်းဖြိုခွင်းခံရမှု အမျိုးသား ၁ ဦးသေဆုံး
မူဆယ်မြို့ပေါ်က သပိတ်စခန်းတွေကို စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့က ဒီနေ့ မတ်လ ၃၀ ရက် မနက် ၁၀ နာရီခွဲလောက်မှာ လာရောက်ဖြိုခွင်းချိန် အသက် ၃၄ နှစ်အရွယ် အိမ်ထောင်သည်အမျိုးသားတစ်ဦး ဦးခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မူဆယ်မြို့ထဲမှာ သပိတ်စခန်း ၃ ခုလောက်ဖွင့်ထားပြီး အဲဒီထဲကမှ အထက ၂ ကျောင်းရှေ့က သပိတ်စခန်းဖြိုခွင်းခံရချိန်ကိုကျော်မင်းသူ ဦးခေါင်းကို ကျည်မှန်ခဲ့တာဖြစ်ပါတယ်။
'ခေါင်းကို ထိသွားတော့ ကုသပေးဖို့ စီစဉ်ကြပါသေးတယ်။ ဒါပေမဲ့ မမီတော့ဘူး။ အခုတော့ သူ့နာရေးကို ချက်ချင်းပြင်ဆင်နေကြပြီ' မြို့ခံတစ်ဦးက အတည်ပြုပါတယ်။
သေဆုံးသွားသူ ကိုကျော်မင်းသူမှာ ဇနီး၊ သားနဲ့ သမီးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
ဒီနေ့ ဆန္ဒပြပွဲဖြိုခွင်းခံရမှုမှာ နောက်ထပ်တစ်ဦး ဒဏ်ရာရခဲ့ပေမဲ့ စိုးရိမ်စရာအခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။
မူဆယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွင်းခံရချိန် သေဆုံးသူ ၂ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ညသန်းခေါင်ကတည်းကစတဲ့ သင်္ဃန်းကျွန်းအမှိုက်သပိတ်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မနေ့ညသန်းခေါင်ကတည်းကစတဲ့ မှိုက်သပိတ် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရပ်ကွက်အသီးသီးမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးအနေနဲ့ ဒီနေ့ပြုလုပ်နေကြတဲ့ အမှိုက်သပိတ်ကို မနေ့ မတ်လ၂၉ ရက်ညသန်းခေါင်ကတည်းက ပြုလုပ်ခဲ့ကြပါတယ်။
တောင်ဒဂုံမြို့နယ် ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်တွေက ဝိုင်းထားတဲ့အခြေအနေကြောင့် တဖက်ကနေ အာရုံလွှဲတဲ့အနေနဲ့ သင်္ဃန်းကျွန်းကလူငယ်တွေ လမ်းပေါ်တက်ပြီး မနေ့ညနက်ပိုင်းကတည်းက အမှိုက်သပိတ်ကို ပြုလုပ်ခဲ့ကြတာပါ။
အဲဒီအတိုင်ခင်တုန်းကတော့ လမ်းပေါ်တက်အမှိုက်မပစ်ဖို့ စစ်ကောင်စီဘက်က အသံချဲ့စက်နဲ့လိုက်အော်တာမျိုးရှိခဲ့ပါတယ်။
ဒီလိုအော်ပြီး နာရီပိုင်းအကြာမှာ အမှိုက်သပိတ်ကို ပြုလုပ်ခဲ့တာလို့ သပိတ်မှာပါတဲ့ လူငယ်တချို့က ပြောပါတယ်။
လှည့်လာတဲ့စစ်ကားတစ်ချို့က သူတို့ ဆက်မောင်းနိုင်အောင် အမှိုက်တချို့ကို ရှင်းသွားသလို လမ်းပေါ်က ကျန်တဲ့အမှိုက်တွေကိုတော့ စည်ပင်က ဒီနေ့မနက်ပိုင်းမှာ လာပြန်ရှင်းသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက မြို့ရွာလမ်းတွေပေါ်မှာ မြင်သမျှပစ်ခတ်နေလို့ လူတွေအစား အမှိုက်ထုပ်တွေကို လမ်းဆုံလမ်းခွတွေမှာ ချပြီး ဆန္ဒပြရတယ်ဆိုတာပြဖို့ အမှိုက်သပိတ်ကို ဒီနေ့ ပြုလုပ်နေကြတာပါ။
ATM ဘဏ်ကတ်တွေ တစ်ရက် ၂ သိန်းပဲ ထုတ်ခွင့်ပြု
ဗဟိုဘဏ်သတ်မှတ်ချက်အရ ATM ဘဏ်ကတ်တွေဟာ တစ်ရက်၂ သိန်းသာ ထုတ်ယူခွင့်ပြုရန် ကန့်သတ်လိုက်တယ်လို့ ကမ္ဘောဇဘဏ်ရဲ့ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစပြီးတော့ စစ်ကောင်စီ ဗဟိုဘဏ်က အမိန့်အရ ATM ဘဏ်ကတ်တွေကို တစ်ရက် ငွေကျပ် ၅ သိန်း ထုတ်ယူနိုင်ခဲ့ရာကနေ ထပ်မံလျှော့ချပြီး ကန့်သတ်လိုက်တာလည်းဖြစ်ပါတယ်။
အခြားပုဂ္ဂလိက ဘဏ်တွေလည်းလျှော့ချဖို့ရှိတယ်လို့လည်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းကပြောပါတယ်။
စစ်ကောင်စီအာဏာမသိမ်းခင်က ATM ဘဏ်ကတ်တွေက နေ တစ်ရက်ကို ကျပ်၁၀ သိန်း ထုတ်ယူခွင့်ပြုခဲ့ပါတယ်။
လူတစ်ဦးကိုတစ်ပတ်ကို အများဆုံး သိန်း၂၀ နဲ့ စီးပွားရေး ကုမ္ပဏီတွေ၊ စီးပွားရေးဆိုင်ရာ အဖွဲ့ အစည်းတွေကို တော့ သီတင်းပတ် တစ်ပတ်မှာ အများဆုံးကျပ် သိန်း ၂၀၀အထိ ထုတ်ပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။
ထပ်မံအတည်ပြုလို့ရတဲ့ သတင်းအရ ATM စက်တွေကနေ အကောင့်တစ်ခုကို ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း နစကကောင်စီရဲ့ ဗဟိုဘဏ်အဖွဲ့ဝင်သစ် ဦးအောင်ကျော်သန်းက ဘီဘီစီကိုပြောပါတယ်။
ကန့်သတ်ထုတ်ယူခွင့်ကြေငြာခဲ့တဲ့ဘဏ်ကို တောင်းပန်စာထုတ်ခိုင်းထားတယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နေ့စဉ်ချီတက်နေတဲ့ တန့်ဆည်မြို့နယ်က ဆန္ဒပြသပိတ်စစ်ကြောင်း
ဖိအားတွေကြားက မြန်မာ့ ပုဂ္ဂလိကဘဏ်တွေရဲ့ အလားအလာ
စစ်ကောင်စီတပ်တွေက အလောင်း ၃ လောင်းထက်မနည်းကို အောင်ပန်းမှာ ညဘက်လာသင်္ဂြိုဟ်

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီတပ်တွေဟာ အောင်ပန်းမြို့သုဿန်ကို မနေ့ မတ်လ ၂၉ ရက်ညမှာ ကားတွေနဲ့ရောက်လာပြီး အလောင်း ၃ လောင်းထက်မနည်းကို လာရောက်သင်္ဂြိုဟ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနက် ၉ နာရီခန့်မှာ မြို့ခံတွေ သုဿန်ကိုသွားကြည့်ချိန် သင်္ဂြိုဟ်စက်မှာ အပူရှိန်ကျန်နေသေးတာကြောင့် အလောင်း ၃ လောင်းထက် မနည်းကို မီးရှို့သွားတယ်လို့ ချိန်ဆမိတဲ့အကြောင်း မြို့ခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
တာယာတွေကို မီးရှို့ပြီး အလောင်းတွေကို သင်္ဂြိုဟ်သွားတဲ့လက်စလက်နက်တွေကျန်နေခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ကား ၇ စင်းနဲ့ သုဿန်ကို မနေ့ည ၉ နာရီခန့်မှာရောက်လာပြီး နောက်ပိုင်း ၃ စင်းပြန်ထွက်သွားခဲ့ပေမဲ့ ည ၁၂ နာရီလောက်မှာ ကားနောက် ၁ စင်းထပ်ရောက်လာတယ်လို့လည်းဆိုပါတယ်။
အောင်ပန်းမြို့က သုဿန်ကို မြို့ဖွံ့ဖြိုးရေးအဖွဲ့အောက်မှာရှိတဲ့ နာကူအဖွဲ့က စီမံဆောင်ရွက်နေကြတာဖြစ်ပေမဲ့ မနေ့ညကတော့ တစုံတရာ အကြောင်းကြားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်တွေက ဝင်ရောက်ခဲ့ကြတာလို့လည်း သိရပါတယ်။
မတ်လ ၂၈ ရက်တုန်းကလည်း စစ်ကောင်စီတပ်တွေဟာ အောင်ပန်းသုဿန်မှာ တောင်ကြီးက အလောင်း ၅ လောင်းကို လာသင်္ဂြိုဟ်သွားခဲ့ပြီး အလောင်းတွေထဲက ၃ လောင်းကိုသာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အရပ်က စုံစမ်းထားနိုင်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘီဘီစီက ဒေသဆိုင်ရာစစ်ကောင်စီဘက်ကို ဆက်သွယ်ကြိုးစားနေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
