စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကျွန်းလှမြို့မှာ သင်တန်းတက်နေတဲ့မူ၊လယ်၊ထက်ကျောင်းအုပ်တွေကို ဆန္ဒပြ

    စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့က မြို့နယ်ပညာရေးမှူးရုံးမှာ စွမ်းဆောင်ရည်မြှင့် သင်တန်းတက်နေတဲ့ မူလတန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်နဲ့ အထက်တန်းကျောင်းအုပ်တွေကို နယ်ခံဆရာ၊ဆရာမတွေက ဒီနေ့ မနက် မတ်လ ၁၈ မှာ ဆန္ဒပြခဲ့ကြပါတယ်။

    သင်တန်းတက်နေတဲ့ဆရာဆရာမတွေ CDM မှာမပါဘဲ အခုလို စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေကြတာကို ရှုတ်ချပြီး CDM မှာ ပါဝင်ဖို့ ပညာရေးမှူးရုံးအပြင်ဘက်မှာ တောင်းဆိုခဲ့ကြတာလို့ ဆန္ဒဖော်ထုတ်ပွဲ မှာပါဝင်သူ တစ်ဦးက ပြောပါတယ်။

    ကျွန်းလှမြို့မှာ သင်တန်းတက်နေတဲ့မူ၊လယ်၊ထက်ကျောင်းအုပ်တွေကို ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကျွန်းလှမြို့မှာ သင်တန်းတက်နေတဲ့မူ၊လယ်၊ထက်ကျောင်းအုပ်တွေကို ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. သမိုင်းမှာ စစ်ကောင်စီတပ်တွေက လူထုရဲ့အဟန့်အတားတွေကို ရှင်းလင်းဖြိုဖျက်

    ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ထဲက သမိုင်းကုန်းတံတားပေါ်မှာ လူထုကလုပ်ထားတဲ့ အဟန့်အတားခံတပ်ဟာ မတ်လ ၁၈ ရက်၊ ဒီမနက်မှာပဲ ဖြိုဖျက်ရှင်းလင်းခံလိုက်ရတယ်လို့ အနီးနားမှာနေထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။

    သမိုင်းတစ်ရပ်ကွက်မှာရှိတဲ့ အဲဒီအဟန့်အတားကို ရဲနဲ့စစ်သားအင်အား ၅၀ လောက်က ဖြိုခဲ့တာဖြစ်ပါတယ်။

    သမိုင်းလမ်းဆုံက စဆင်းလာပြီး လမ်းပေါ်က အဟန့်အတားတွေကို ဖြိုခဲ့တဲ့အပြင် ပစ်တာခတ်တာတွေလည်းရှိခဲ့ပါတယ်။

    ဖမ်းဆီးမှုတချို့ရှိခဲ့တယ်လို့ အနီးနားပတ်ဝန်းကျင်ကလူတွေက ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    တခါ ဘုရင့်နောင်လမ်းမပေါ်မှာလည်း အင်အား ၁၀၀ ခန့်နဲ့ လမ်းပေါ်က အဟန့် အတားတွေကို ရှင်းလင်းနေတယ်လို့ သိရပါတယ်။

    သမိုင်းကုန်းတံတားပေါ်က အဟန့်အတားတွေ မီးလောင်နေပုံ

    ဓာတ်ပုံ ရင်းမြစ်, CJ

    သမိုင်းက လူထုလုပ်ထားတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အဟန့်အတားတွေကို  အင်နဲ့အားနဲ့ဖြိုနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. လူ ၃၀ နီးပါးသေဆုံးပြီးဖြစ်တဲ့မန္တလေးမှာ ပြောက်ကျားသပိတ် ဆက်ဆင်နွှဲ

    မန္တလေးမှာ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းလို့ လူသေဆုံးမှုတွေရှိပေမဲ့ သပိတ်စစ်ကြောင်းတွေ ပြောက်ကျားစနစ်နဲ့ နေ့စဉ်ပြုလုပ်ပါတယ်။

    ဒီနေ့ မတ်လ ၁၈ ရက်မှာလည်း အနုပညာရပ်ကလူတွေ၊ ပညာရေးပိုင်းနဲ့ အရပ်ဖက်အဖွဲ့စည်းတွေက စစ်အာဏာသိမ်း ကန့်ကွက်ဆန္ဒပြတာတွေကို ဆက်ပြီး ပြုလုပ်နေတာပါ။

    မန္တလေးမှာ စစ်တပ်က ပစ်ခတ်လို့ ကျည်မှန်သေဆုံးသူ အနည်းဆုံး အယောက် ၃၀ အထိရှိပြီဖြစ်ပါတယ်။

    မန္တလေးမြို့က ကင်မရာကိုင်သောလက်များ  သပိတ်စစ်ကြောင်း ချီတက်နေစဉ်
    စစ်အာဏာရှင် ဆန့်ကျင်ရေး အနုပညာနဲ့ ပုံဖော်
  4. အိမ်သုံးမီတာခတွေ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ခြွင်းချက်မရှိ ကင်းလွတ်ခွင့်ပေးကြောင်း CRPH ကြေညာ

    အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေနဲ့ မီတာဝန်ဆောင်ခတွေကို သုံးစွဲမှုယူနစ်အားလုံး အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစပြီး ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုလိုက်ပြီလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH ကနေ မတ် ၁၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

    အိမ်သုံးမဟုတ်တဲ့ အမျိုးအစားတွေအတွက် လျှပ်စစ်ဓါတ်အားခကျသင့်ငွေနဲ့ အခြားဝန်ဆောင်ခများ ကောက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစပြီး သုံးစွဲမှုယူနစ်အားလုံး အတွက် ခေတ္တ ဆိုင်းငံ့လိုက်တယ်လို့လည်း ပါပါတယ်။

    ဒီထုတ်ပြန်ချက်ကို ခေတ္တဒုတိယသမ္မတ ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၁ ဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်တာလို့ဆိုပါတယ်။

    ဒီကင်းလွတ်ခွင့်ကို နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန် အထိ ခြွင်းချက်မရှိ အလုံးစုံ ကင်းလွတ်ခွင့်(အခမဲ့) ပြုလိုက်သည်လို့လည်း ဖော်ပြထားပါတယ်။

    ဒီအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေ နဲ့ မီတာဝန်ဆောင်ခအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစပြီး သုံးစွဲမှုယူနစ်အားလုံးအတွက် လုံးဝ(လုံးဝ) ပေးဆောင်ရန်မလိုဘဲ၊ အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် ပေးဆောင်ရမည့် ဓါတ်အားခကျသင့်ငွေနဲ့ အခြား ဝန်ဆောင်ခများကို ပေးဆောင်ခြင်းမပြုဘဲ ဆိုင်းငံ့ထားကြဖို့ကိုလည်း ပန်ကြားထားပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, DALA EPC

  5. မြန်မာလူငယ်တွေရဲ့ သွေးတွေ မြေပေါ်ထပ်မကျစေတော့ဖို့ စစ်ကောင်စီကို ပုပ်ဖရန်စစ် မေတ္တာရပ်ခံ

    စစ်ကောင်စီက လူတွေကို လမ်းပေါ် ပစ်သတ်နေတာတွေကို ရပ်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းဆိုနေတာတွေထဲ ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လည်း ပါ၀င်လာပါတယ်။

    မြန်မာပြည်မှာ သွေးမြေကျနေရတာတွေ ရပ်တန့်ဖို့ ပုပ်ဖရန်စစ်က မေတ္တာရပ်ခံပါတယ်။

    လူပရိသတ်အများကို အပတ်စဥ် ပြောတဲ့ တရားပွဲကို အခု ကိုဗစ်ကာလမို့ ဗာတီကန်နန်းတော် စာကြည့်တိုက်ထဲမှာ ပြုလုပ်ရင်း မြန်မာအကြောင်းကိုပါ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောလာတာ ဖြစ်ပါတယ်။

    “ မြန်မာပြည်မှာဆိုးရွားနေတဲ့ အခြေအနေတွေအကြောင်း အရေးတကြီး ထပ်ပြီးပြောဖို့လိုလာပြီလို့ ကျွန်ုပ် အင်မတန် ၀မ်းနည်းစွာ ထင်မြင်ယူဆပါတယ်။

    မြန်မာပြည်အတွက် မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ဖို့ ကြိုးစားကြရင်း ငယ်ရွယ်သူတွေ အများစု ဖြစ်တဲ့ လူပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်။

    မြန်မာပြည်ရဲ့ လမ်းမတွေပေါ် အကျွန်ုပ် ဒူးထောက်ပြီး၊ အကြမ်းဖက်မှု ရပ်တန့်ပါလို့ ပြောဆိုပါတယ်။

    ကျွန်ုပ်ရဲ့ လက်တွေကို ဆန့်တန်းပြီးတော့လည်း ပြောပါမယ်။ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာကြပါ။သွေးထွက်သံယို ဖြစ်ခြင်းနဲ့ ဘာကိုမှ ဖြေရှင်းလို့ မရနိုင်ပါဘူး။ တွေ့ဆုံ ဆွေးနွေးကြပါ။” ဆိုပြီး ပုပ်ဖရန်စစ်က ပြောသွားပါတယ်။

    ပုပ်ဖရန်စစ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သွေးထွက်သံယို ဖြစ်ခြင်းနဲ့ ဘာကိုမှ ဖြေရှင်းလို့ မရနိုင်ပါဘူး။ တွေ့ဆုံ ဆွေးနွေးကြပါ
  6. ဦးကျော်မိုးထွန်းကိုနိုင်ငံတော်သစ္စာဖောက်မှုနဲ့တရားစွဲ

    ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတန်ကိုယ်စားလှယ်ဦးကျော်မိုးထွန်းကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကနိုင်ငံတော်သစ္စာဖောက်မှုနဲ့နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးမှာအမှုဖွင့်တရားစွဲလိုက်ပါတယ်။

    ဦးကျော်မိုးထွန်းဟာဖေဖော်ဝါရီလ၂၆ရက်နေ့ကနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်အထွေထွေညီလာခံအလွတ်သဘောအစည်းအဝေးမှာသူဟာNLD အစိုးရကိုသစ္စာခံကြောင်းပြောပြီးCRPH ရဲ့သတင်းစကားကိုဖတ်ကြားခဲ့ပါတယ်။

    ဦးကျော်မိုးထွန်းဟာဝန်ထမ်းစည်းကမ်းကိုဖောက်ဖျက်လို့ဆိုပြီးဖေဖော်ဝါရီလ၂၇ရက်နေ့မှာရာထူးကထုတ်ပယ်ကြောင်းစစ်ကောင်စီကကြေညာခဲ့ပါတယ်။

    အခုအခါမှာတော့ဦးကျော်မိုးထွန်းဟာအာဏာသိမ်းစစ်ကောင်စီကိုဖြိုချရန်အားထုတ်မှု၊ဖြိုချဖို့တိုက်တွန်းမှုတွေလုပ်ခဲ့တယ်ဆိုပြီးသူ့ကိုနိုင်ငံတော်သစ္စာဖောက်ဖျက်မှုပုဒ်မ၁၂၂ပုဒ်မခွဲ၂နဲ့တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

    အဲဒီပုဒ်မဟာသေဒဏ်သို့မဟုတ်အနှစ်၂၀ထောင်ဒဏ်ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

    နိုင်ငံတော်သစ္စာဖောက်ဖျက်မှုပုဒ်မ၁၂၂ပုဒ်မခွဲ၁နဲ့ပုဒ်မခွဲ၂ဟာပြည်တွင်းနေသူအပေါ်စွဲတဲ့ပုဒ်မနဲ့ပြည်ပနေသူအပေါ်စွဲတဲ့ပုဒ်မအဖြစ်သာကွာခြားပြီးကျန်တာအကုန်အတူတူဖြစ်ပါတယ်။

  7. မန်းဝင်းခိုင်သန်းကိုနိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့တရားစွဲ

    CRPH က ခေတ္တဒုတိယသမ္မတအဖြစ် ခန့်ထားတဲ့ မန်းဝင်းခိုင်သန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ စစ်ကောင်စီက အမှုဖွင့်ထားကြောင်း ထုတ်ပြန်ကြေညာပါတယ်။

    မြဝတီမြို့ အမှတ်၃ရပ်ကွက်မှာနေတဲ့ မန်းဝင်းခိုင်သန်းဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျူးလွန်ထားတဲ့ CRPH က ခန့်ထားတဲ့ဒုသမ္မတ ရာထူးကို လက်ခံထားတဲ့အပြင် နိုင်ငံတော်အကြီးအကဲတစ်ဦးကဲ့သို့ မိန့်ခွန်းပြောကြားခဲ့တဲ့အတွက် ပုဒ်မ၁၂၂၊အပိုဒ်ခွဲ၁ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ မြဝတီမြို့မှာ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ မြန်မာ့ရုပ်မြင်သံကြားက မတ်လ၁၇ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားတာ ဖြစ်ပါတယ်။

    ပုဒ်မ၁၂၂၊ အပိုဒ်ခွဲ၁ဟာ သေဒဏ် သို့မဟုတ် ထောင်ဒဏ်အနှစ်၂၀ အပြစ်ဒဏ်ကျခံရနိုင်တဲ့ အမှုဖြစ်ပါတယ်။

    နိုင်ငံတော်အခြေပြမိန့်ခွန်းကို မန်းဝင်းခိုင်သန်းပြောကြားခဲ့

    ဓာတ်ပုံ ရင်းမြစ်, CRPH

    ဓာတ်ပုံ ပုံစာ, နိုင်ငံတော်အခြေပြမိန့်ခွန်းကို မန်းဝင်းခိုင်သန်းပြောကြားခဲ့
  8. ရွှေပြည်သာမှာ ဆိုင်ကယ်စီးနင်းခွင့်ပိတ်

    ရွှေပြည်သာမြို့နယ်မှာ မတ်လ ၁၇ ရက်ကစပြီး ဆိုင်ကယ်စီးနင်းခွင့် မရှိ‌တော့ဘူးလို့ သိရှိရပါတယ်။

    ဆူပူ အကြမ်းဖက်မှုတွေ များမပြုလုပ်စေရေးနဲ့ မလိုလားအပ်သောပြဿနာ များမဖြစ်ပေါ်စေရေးအတွက် အခုလိုတားမြစ်ရတာဖြစ်တယ်လို့စစ်ကောင်စီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

  9. Wifi အင်တာနက်လိုင်းတွေကို မနက်ဖြန်ပိတ်ဖို့ရှိ

    no tag
    No tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    မြန်မာနိုင်ငံက Wifi အင်တာနက် ဝန်ဆောင်မှုတွေကို မနက်ဖြန် မတ်လ ၁၈ ရက်နေ့က စပြီးတားဆီး ပိတ်ပင်သွားဖို့ ညွှန်ကြားမှုတွေရထားကြောင်း အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတွေ ကတစ်ဆင့်သိရပါတယ်။

    ဘယ်နှစ်ရက် ကန့်သတ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ မတ်လကုန်လောက်အထိ ဖြစ်နိုင်မယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကလည်း မိုဘိုင်းအင်တာနက်တွေကို ဖြတ်တောက်ထားခဲ့ပြီးတော့ ဘယ်တော့ပြန်ရမယ်ဆိုတာကို မသိရသေးပါဘူး။

    အရင်ရက်တွေက နေ့စဉ် မနက် ၁ နာရီကနေ ၉ နာရီအထိ အချိန်ပိုင်း မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ထားခဲ့ပါတယ်။

    သတင်းစီးဆင်းမှုတွေနှေးအောင်အခုလို ဖြတ်တောက်တာလို့ ယူဆရကြောင်း ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

  10. ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားမှုများရှိတယ်လို့ စစ်ကောင်စီ စွပ်စွဲ

    no tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    စစ်ကောင်စီမီဒီယာရဲ့ ဒီည မတ်လ ၁၇ ရက်ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ စေပိုင်ကုမ္ပဏီက ဦးမောင်ဝိတ်ဆီကနေ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စုစုပေါင်း ဒေါ်လာ ၅ သိန်းခွဲကို ၄ ကြိမ်ခွဲပြီးရယူခဲ့တယ်လို့ ဦးမောင်ဝိတ်ရဲ့ထွက်ဆိုချက်ကို ထုတ်ပြန်သွားတာ တွေ့ရပါတယ်။

    ၂၀၁၈ခုနှစ်မေလမှာဒေါ်လာ၁သိန်းကိုဦးကျော်ဆန်း၊ဦးလှမျိုးမိသားစုရှေ့မှာပဲဦးမောင်ဝိတ်ကပေးအပ်ခဲ့တယ်လို့ကြေညာထားပြီးအဲဒီငွေဟာဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်လှူဒါန်းတာလို့ဆိုပါတယ်။

    ၂၀၁၉ခုနှစ်မှာဒေါ်လာ၁သိန်းခွဲ၊၂၀၂၀ဖေဖော်ဝါရီလမှာဒေါ်လာ၅သောင်း၊၂၀၂၀ခုဧပြီလမှာဒေါ်လာ၂သိန်းခွဲဒေါ်အောင်ဆန်းစုကြည်ကိုဦးမောင်ဝိတ်ကတဦးချင်းတွေ့ဆုံပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီစုစုပေါင်း၄သိန်းခွဲကို၃ကြိမ်ပေးအပ်မှုမှာတခြားမျက်မြင်သက်သေမရှိဘူးလို့ဆိုပါတယ်။

    ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှုများရှိကြောင်း ပဏာမစိစစ်တွေ့ရတယ်လို့ ဆိုပါတယ်။

    ဒီစွပ်စွဲချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDပါတီဘက်က တုံ့ပြန်ချက်ကို ဘီဘီစီက မေးမြန်းနိုင်ခြင်းမရှိသေးပေမဲ့ အစောပိုင်းက စွပ်စွဲချက်တွေအပေါ်မှာ တော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်အဖြစ် NLDပါတီဘက်က ပယ်ချထားပါတယ်။

  11. ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ နှစ်ဦးနဲ့ ကလေးမြို့မှာ လေးဦး သေဆုံး

    ကလေးမြို့တာဟန်းမတ်လ ၁၇ ရက်နေ့ကတွေ့ရစဥ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကလေးမြို့တာဟန်း ရပ်ကွက်အနီး မတ်လ ၁၇ ရက်နေ့ကတွေ့ရစဥ်
    ရန်ကုန် တာမွေမြို့နယ်မှာ ရပ်ကွက်ထဲကို ပစ်ခတ်နေသောစစ်သားတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရန်ကုန် တာမွေမြို့နယ်မှာ ရပ်ကွက်ထဲကို ပစ်ခတ်နေသောစစ်သားတစ်ဦး

    အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ရန်ကုန်မြို့နဲ့ ကလေးမြို့တို့မှာ လူ ၆ ဦးခန့်သေဆုံးခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

    ရန်ကုန်မြို့ တာမွေ ကျောက်မြောင်းဘက်မှာလည်း လိုက်လံ ပစ်ခတ် ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။

    ကလေးမြို့ အနောက်ဘက် တာဟန်းရပ်ကွက်မှာ ဒီနေ့ညနေပိုင်းအထိ ပစ်ခတ်မှုတွေ ရှိနေခဲ့ပြီးစုစုပေါင်း ၄ ဦးသေဆုံးခဲ့တယ်လို့ ဘီဘီစီက အတည်ပြုထားနိုင်ပါတယ်။

    ကလေးမြို့မှာ နေ့လယ်ပိုင်းက နှစ်ဦး သေဆုံးခဲ့သလို နောက်ထပ် သေဆုံးသူ နှစ်ဦးဟာ တာဟန်းရပ်ကွက် ချင်းတောင်တန်း ကားဂိတ် အနီးမှာဖြစ်ပြီး သေနတ်ကျည်ထိမှန်သူတွေ အများစုဟာ ခေါင်းတွေကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

    ရန်ကုန်က နှစ်ဦးက‌တော့ လှိုင်မြို့နယ် ကန်လမ်းနဲ့ လှိုင်သာယာက ပစ်ခတ်မှုတွေမှာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတွေက ဘီဘီစီကို ပြောပါတယ်။

    တာမွေမှာ ပစ်ခတ်မှုတွေရှိခဲ့ပြီး သေဆုံး ထိခိုက် ဒဏ်ရာရသူ ရှိမရှိကို တော့ အတည်မပြုနိုင်သေးပါဘူး။

  12. အင်းစိန်လမ်းမကြီးပေါ်က ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်သူရှိ

    ရန်ကုန်မြို့ အင်းစိန်လမ်းမကြီးပေါ်မှာရှိတဲ့အတားအဆီးတွေကို ရဲနဲ့ စစ်သားတွေက ဒီနေ့နေ့လည် ၂ နာရီဝန်းကျင်လောက်ကစပြီး လာရောက် ရှင်းလင်းချိန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

    အင်းစိန်လမ်းမကြီးနဲ့ ဘူတာရုံလမ်းထိပ်မှာ ပစ်ခတ်လို့ ခေါင်းထိတစ်ယောက်သူနဲ့ ပခုံးထိသူတစ်ယောက်ရှိပြီး ခေါင်းကို ထိတဲ့အမျိုးသားကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆန္ဒပြပွဲအနားရှိနေသူတွေနဲ့ ရပ်ကွက်နေလူထုက အတည်ပြုပါတယ်။

    ရဲနဲ့စစ်သားတွေက လှိုင်မြို့နယ်ရဲစခန်းက စတင်ပြီး အင်းစိန်လမ်းမတလျောက် အသံဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ဖောက်ခဲ့ရုံသာမက ကျည်အစစ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ရပ်ကွက်နေလူထုက ပြောပါတယ်။

    ဒီလိုပစ်ခတ်တာကြောင့် ပြည်သူတွေဘက်ကလည်း ပြန်လည်ခုခံကာကွယ်မှုအချို့လုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်းရှိပါတယ်။

    ဆန္ဒပြပွဲမှာ ဒဏ်ရာရသူကို သယ်လာကြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဖမ်းဆီးခံထားရသူတစ်ချို့လည်းရှိနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံထားရသူတစ်ချို့လည်းရှိနေ
  13. ရန်ကုန်နဲ့ မန္တလေးမှာ လမ်းအတားဆီးတွေကို ခြိမ်းခြောက်ပြီးဖယ်ခိုင်း

    လှိုင်သာယာက စစ်ကောင်စီတပ်တွေ မဝင်နိုင်အောင်တားဆီးထားတဲ့ အတားအဆီးတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, လှိုင်သာယာက စစ်ကောင်စီတပ်တွေ မဝင်နိုင်အောင်တားဆီးထားတဲ့ အတားအဆီးတစ်ခု

    ရန်ကုန်နဲ့ မန္တလေး မြို့တို့မှာ ရပ်ကွက်တွေထဲက လမ်းတွေပိတ်ထားတဲ့ အတားအဆီးတွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက အသံချဲ့စက်နဲ့ ဖယ်ရှားဖို့ လိုက်လံ သတိပေးနေတယ်လို့ ရန်ကုန်နဲ့ မန္တလေးက ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    လမ်းပေါ်က အတားအဆီးတွေကို ဖယ်ရှားဖို့ နဲ့ မဖယ်ရှားရင် ပိတ်ထားတဲ့လမ်းထဲက တစ်ရပ်ကွက်လုံး အိမ်တွေကို ဆိုင်ဆိုင် မဆိုင်ဆိုင် အကုန်သေနတ်နဲ့ ပစ်မယ် မြေလှန်မယ်လို့ အသံချဲ့စက်နဲ့ အော်သွားကြောင်းလည်းမြောက်ဒဂုံ ၃၇ ၇ပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

    မြောက်ဒဂုံက ရပ်ကွက်တွေထဲမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေ တပ်စွဲနေတယ်လို့ လည်း သူက ပြောပါတယ်။

    လှိုင်သာယာမှာတော့ ဧရာဝတီတိုင်း ဘက်ကိုသွားတဲ့ ညောင်တုန်းတံတား မနက်ဖြန်ပိတ်မယ်လို့ သတင်းကြားတာကြောင့် လှိုင်သာယာကနေ နယ်ပြန်တဲ့သူတွေများနေတယ်လို့ သိရပါတယ်။

    ရန်ကုန်မြို့ လှည်းတန်းနဲ့ရန်ကင်း ဘက်တွေမှာတော့ ပြည်သူတွေကာရံထားတဲ့ သဲအိတ်နဲ့အခြားအကာအရံတွေကို ရဲတပ်ဖွဲ့နဲ့စည်ပင်က လာရောက်ဖယ်ရှားတာတွေလုပ်ခဲ့ပါတယ်။

    အဲဒီမှာ လမ်းသွားလမ်းလာ ရပ်ကွက်နေပြည်သူအချို့ကို ခေါ်ဆောင်တာ၊ အိမ်စီးကားအချို့ကို တားကာ လူတွေကို ဆင်းခိုင်းပြီးအမှိုက်တွေသိမ်းခိုင်းတာ၊သဲအိတ်တွေဖယ်ခိုင်းတာတွေလုပ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူပြည်သူတွေနဲ့ မျက်မြင်တွေ့သူတွေက ဘီဘီစီကိုပြောပါတယ်။

    မန္တလေးမှာလည်း မန္တလေး တက္ကသိုလ် အနီးမှာ အတားအဆီး တွေ ဖယ်ဖို့ မဖယ်ရင်ပစ်ခတ်မှုတွေလုပ်မယ်လို့ အခုလို သတိပေးတာတွေရှိကြောင်း မန္တလေး ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

  14. ကလေးမြို့မှာ စစ်ကောင်စီတပ်တွေပစ်လို့ ၂ ဦးသေဆုံး

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်း ကလေးမြို့မှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းခံရပြီး နှစ်ဦး သေဆုံးခဲ့တယ်လို့ ကလေးမြို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    သေဆုံးသူတွေ‌ထဲက တစ်ဦးက ကလေးမြို့ တောင်ဖီလာ ဂေါက်ကွင်းအနီး တောင်သာရပ်ကွက်ကဖြစ်ပြီး တစ်ဦးကတော့ ဆိုင်ကယ်စီးလာစဉ် တာဟန်းရပ်ကွက် အနီးမှာ သေနတ်နဲ့ အပစ်ခံရတာဖြစ်ပါတယ်။

    သေဆုံးသူ နှစ်ဦးအနက် တစ်ဦးကတော့ ဆလိုင်း ကျုံးလျန်ကျဲအို ၂၅ နှစ်ဖြစ်ပြီး နောက်တစ်ဦးကတော့ အသက်၁၈နှစ်ခန့် အရွယ် အမျိုးသားတစ်ဦး လို့လည်း ပြောပါတယ်။

    ဒါ့အပြင် အခု ညနေပိုင်း တာဟန်းရပ်ကွက် မှာလည်း လိုက်လံဖမ်းဆီးမှုတွေ ရှိနေပြီး အနည်းဆုံး ၃ ဦး အဖမ်းခံထားရကြောင်း ဘီဘီစီကို ပြောပါတယ်။

    ညနေပိုင်းမှာလည်း ပစ်ခတ်မှုတွေရှိပြီး ထပ်မံသေဆုံးမှုတွေရှိတယ်လို့ သိရပြီး ဘီဘီစီက ဆက်လက် အတည်ပြုဖို့ ကြိုးစားနေပါတယ်။

  15. မတ်လ ၈ ရက်ညက လမ်းမတော်မြို့နယ်တွင်းဖမ်းဆီးခံရသူတွေထဲက တစ်ဦးပျောက်ဆုံးနေ

    လမ်းမတော်မြို့နယ်တွင်းမှာ အရပ်ဝတ်နဲ့လူတွေအပါအဝင် လက်နက်တွေပါတဲ့အိမ်စီးကားတစ်စီးကို ပြည်သူတွေက ဖမ်းဆီးခဲ့တဲ့မတ်လ ၈ ရက်ညပိုင်းမှာပဲ လမ်းမတော်နေ ပြည်သူ ၂၃ ဦးကို ရဲနဲ့စစ်သားတွေက လာရောက်ဖမ်းဆီးခဲ့ပါတယ်။

    ဖမ်းဆီးခံရသူတွေထဲက ၁၅ ဦးကို မတ်လ ၁၀ရက်က ပြန်လွှတ်ပေးခဲ့ပြီး ၇ ဦးကို တရားစွဲဆိုခဲ့ပါတယ်။

    အဲ့ဒီထဲကမှ လမ်းမတော် ၃ လမ်းနေ ကိုသက်ပိုင်စိုးကတော့ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    "လမ်းမတော်ရဲစခန်းရော ၈ မိုင်၊ ရွှေပြည်သာ အကုန်ပတ်မေးတယ်၊ မရှိဘူး။ အင်းစိန်ထောင်ကိုလည်း ဒီသောကြာက စားစရာပို့တာ တနင်္ဂနွေနေ့ကအထဲမှာ မရှိပါဘူးဆိုပြီး ပြန်ဆက်သွယ်လာတယ်။ စနေကရော တနင်္လာကရော စားစရာထပ်ပို့ထားတယ်။ တခုခုထူးမလားဆိုပြီးပေါ့" လို့ သူကဆက်ပြောပါတယ်။

    အဲ့ဒီည ဖမ်းဆီးသူတွေအကုန်လုံးကို စစ်ကားပေါ် ဝမ်းလျားထိုးမှောက်၊ ခေါင်းပေါ်လက်တင်ကာ ခေါင်းမော့ရင် ရိုက်နှက်ကန်ကာခေါ်သွားတာကြောင့် တဦးနဲ့တဦး သေချာမဆက်သွယ်နိုင်ခဲ့ဘူးလို့ အတူအဖမ်းခံခဲ့ရသူတစ်ဦးကဆိုပါတယ်။

    "မတ် ၈ ရက် ဖမ်းပြီးပြီးချင်း ၈ မိုင် စစ်ဌာနချုပ်ရောက်တော့ အဲ့အကိုက အရင်ဆုံးစစ်မေးခံရသူ။ နောက်ရွှေပြည်သာ ခမရ၆ထင်တယ်၊ အကျယ်ကြီးဗျ အဲ့ကို ခေါ်သွားတယ်။ အဲ့အချိန်မှာ သူပါမလာဘူးဆိုတာ သိလိုက်တာပဲ။ကျွန်တော်တို့ အဲ့ရောက်ချိန်ရော၊ လွတ်လာချိန်ရော သူဘယ်ရောက်လဲလို့ အဲ့ကလူတွေကို မေးတယ် မသိဘူးချည်းဖြေတာပဲ။" လို့ သူရဲ့ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။

    မတ်လ ၈ ရက်တည်းက ဖမ်းဆီးခေါ်သွားခံရတာကြောင့် မိသားစုဝင်အနေနဲ့ စိုးရိမ်ပူပန်နေပြီး ပျောက်ဆုံးသူ ကိုသက်ပိုင်စိုး ဘယ်ကိုရောက်နေလဲဆိုတာသူတို့အနေနဲ့ သိခွင့်ရှိတယ်လို့ မိသားစုတွေဘက်ကဆိုပါတယ်။

    မတ်လ ၈ ရက်ညကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ကိုသက်ပိုင်စိုး ဘယ်ရောက်နေလဲဆိုတာ သတင်းမရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မတ်လ ၈ ရက်ညကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ကိုသက်ပိုင်စိုး ဘယ်ရောက်နေလဲဆိုတာ သတင်းမရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
    မတ်လ ၈ ရက်ညနှောင်းမှာ ဖမ်းဆီးခံခဲ့ရသူတစ်ချို့ ဝမ်းလျားမှောက်ပြီး ပုံစံနဲ့နေခဲ့ရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မတ်လ ၈ ရက်ညနှောင်းမှာ ဖမ်းဆီးခံခဲ့ရသူတစ်ချို့ ဝမ်းလျားမှောက်ပြီး ပုံစံနဲ့နေခဲ့ရ
  16. ကျောက်မြောင်း လှိုင် ကမာရွတ်ဘက်မှာ ပစ်ခတ်ဖြိုခွင်းမှုတွေရှိနေ

    ရန်ကုန် အင်းစိန် လမ်းမကြီး ကန်လမ်းထိပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရန်ကုန်အင်းစိန် လမ်းမကြီး ကန်လမ်းထိပ်

    ရန်ကုန် တာမွေ ကျောက်မြောင်း နဲ့ ကမာရွတ် လှိုင် ဘက်က ရပ်ကွက်ထဲမှာဆန္ဒပြသူတွေကို ဒီနေ့ ညနေပိုင်းက ပစ်ခတ်ဖြိုခွင်းမှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ကျောက်မြောင်းနဲ့ တာမွေစျေးကြားထဲအပြင် ကျောက်မြောင်းအတွင်းလမ်းတွေပါ ပစ်ခတ်မှုတွေရှိနေတယ်လို့ သူကပြောပါတယ်။

    ဒါ့အပြင် ရန်ကုန် အင်းစိန်လမ်းမကြီး လှိုင်မြို့နယ် ကန်လမ်းနဲ့ ဘူတာရုံလမ်းတို့ဘက်မှာလည်း ပစ်ခတ်မှုတွေရှိနေပါတယ်။

    ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပေမဲ့ အရေအတွက်ကတော့ အတည်ပြုဖို့ခက်နေပါတယ်။

    လမ်းတွေကို ဆန္ဒပြသူတွေက ပိတ်ဆို့ထားပြီး ရဲနဲ့စစ်တပ်ဘက် ပစ်ခတ်မှုတွေ ကိုကြားနေရတုန်းပဲလို့ပြောပါတယ်၊

  17. ရခိုင်ဝန်ကြီးချုပ်ဦးညီပုအမှု တတိယအကြိမ် အွန်လိုင်းကနေရုံးထုတ်

    အာဏာသိမ်းပြီးနောက်ပိုင်း အကြည်ညိုပျက်စေမှု ၅၀၅(ခ)နဲ့တရားစွဲဆိုခံနေရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို မတ်လ ၁၇ ရက် ဒီကနေ့မှာ စစ်တွေမြို့နယ်တရားရုံးမှာ အွန်လိုင်းကနေ တတိယအကြိမ်ရုံးထုတ်ခဲ့ပါတယ်။

    ဒီကနေ့ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲရေးအစီစဥ် CMP အပြီးသတ်အမိန့်ချမှတ်ခဲ့ပြီး လာမယ့်ရုံးချိန်းကိုတော့ မတ်လ ၃၁ ရက်နေ့ကို ချိန်းထားကြောင်းနဲ့ အဲ့ဒီနေ့မှာ တရားလိုဖြစ်တဲ့ စစ်တွေမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကို စတင်စစ်ဆေးတော့မှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း(ခ)ဦးငြိမ်းချမ်းကပြောပါတယ်။

    အမှုရင်ဆိုင်ရတဲ့အခါမှာ အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် ရင်ဆိုင်နေရတာကြောင့် ရှေ့နေနဲ့အမှုသည်အကြား ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခွင့်တွေမရရှိသလို ဥပဒေကပေးထားတဲ့အခွင့်အရေးတွေလည်းဆုံးရုံးနေရပြီး တရားရုံးကို ကိုယ်တိုင်လာရောက်အမှုရင်ဆိုင်ခွင့်ရဖို့ ဦးညီပုကလျှောက်ထားတာတွေရှိနေပေမယ့် ရမရကိုတော့ မပြောနိုင်သေးဘူးလို့ ရှေ့နေကပြောထားပါတယ်။

    ဦးညီပုပုံ
  18. လှိုင်သာယာ ၃ ထိပ်မီးလောင်မှု နေအိမ် ၂ လုံးပြာကျ

    လှိုင်သာယာမြို့နယ်၊ ၃ ထိပ်မှာရှိတဲ့ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဒီနေ့မတ်လ ၁၇ ရက် မနက်အစောပိုင်းတုန်းက မီးလောင်မှုဖြစ်ခဲ့တာကြောင့် နေအိမ် ၂ လုံး မီးလောင်ခဲ့ပြီး ဘေးနားက တိုက်အိမ်တစ်လုံးရဲ့တစ်ခြမ်းကိုလည်း မီးစွဲခဲ့တယ်လို့ အနီးနားမှာနေထိုင်သူတွေက အတည်ပြုပါတယ်။

    တခြမ်းမီးစွဲခဲ့တဲ့တိုက်ဟာ ပန်းချီဆရာကြီး ဦးဝင်းဖေမြင့်ရဲ့အိမ်ဖြစ်ပြီး ပန်းချီကားအများစု မီးထဲပါသွားခဲ့တယ်လို့ သိရပါတယ်။

    မီးလောင်ခဲ့တဲ့အိမ်တွေဟာ လူမနေတဲ့အိမ်တွေဖြစ်လို့ ထိခိုက်ဒဏ်ရာရတဲ့သူမရှိခဲ့ဘူးလို့ မီးငြိမ်းသတ်ရာမှာပါဝင်ခဲ့သူတွေက အတည်ပြုပါတယ်။

    မီးစလောင်ပြီး ၂ နာရီလောက်ကြာမှ နယ်ခံမီးသတ်ကားတစ်စီးရောက်လာခဲ့ပေမဲ့ မီးသတ်တပ်ဖွဲ့ဝင်မပါလို့ ရပ်ကွက်နေသူတွေကပဲ မီးသတ်ပိုက်ကိုင် မီးငြိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ မီးလောင်ရတဲ့အကြောင်းရင်း မသိရသေးသလို အာဏာပိုင်တွေ လာရောက်စစ်ဆေးတာမျိုး မရှိဘူးလို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေက အတည်ပြုပါတယ်။

    လှိုင်သာယာ ၃ ထိပ်မီးလောင်မှုမှာ မီးထဲပါသွားတဲ့နေအိမ် မီးလောင်မှုအပြီးမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မီးလောင်မှုအပြီး မြင်ရသည့်မြင်ကွင်း
    ပန်းချီဆရာကြီး ဦးဝင်းဖေမြင့်ရဲ့အိမ်တစ်ခြမ်းလည်း မီးစွဲခဲ့ပြီး မီးကြောင့် ပျက်စီသွားတဲ့ပန်းချီကားပုံ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပန်းချီဆရာကြီး ဦးဝင်းဖေမြင့်ရဲ့အိမ်တစ်ခြမ်းလည်း မီးစွဲပြီး ပန်းချီကားတွေ မီးလောင်
  19. တစ်လကျော်ထိန်းသိမ်းခံထားရတဲ့ ရွေးကော်ခွဲ ဥက္ကဋ္ဌတွေ ပြန်လွတ်

    ဖေဖော်ဝါရီလ ဒုတိယပတ်ကတည်းက ထိန်းသိမ်းခံထားရတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို ဒီကနေ့ မတ်လ ၁၇ ရက်မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီလို့ ရန်ကုန်တိုင်းက ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲအတွက်အဓိကတာဝန်ရှိတဲ့ လူရာဂဏန်းကို တပ်မတော်စစ်ကြောရေးစခန်းတွေနဲ့ ဧည့်ရိပ်သာတွေမှာ ထိန်းသိမ်းထားပြီးမှ စစ်ကောင်စီရဲ့ ကော်မရှင်အသစ်က သံသယဖြစ်ဖွယ်မဲစာရင်းတွေတွေ့ရှိတယ်ဆိုပြီး နေ့စဉ်ထုတ်ပြန်နေတာပါ။

    ဖမ်းဆီးတာမဟုတ်ဘူးလို့ပြောပြီး ခေါ်သွားတာ တစ်လကျော်ကြာခဲ့တဲ့အတွက် ထိန်းသိမ်းခံထားရသူတွေရော မိသားစုဝင်တွေပါ စိုးရိမ်သောကရောက်ခဲ့ကြရတယ်လို့ဆိုပါတယ်။

    ထိန်းသိမ်းခံထားရစဉ်အတွင်း ရှမ်းပြည်နယ်၊ပင်လောင်းမြို့နယ်က ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကျန်းမာရေးချို့တဲ့ပြီး ကွယ်လွန်ခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိဝန်ထမ်းတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမဲရုံတစ်ခုအတွင်း မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမဲရုံတစ်ခုအတွင်း မြင်ကွင်း
  20. မတ်လ ၃ ရက်နောက်ပိုင်း အင်းစိန်ထောင်မှာ ဖမ်းဆီးထားသူတွေကို တရားစွဲဆိုရန်ပြင်ဆင်

    အင်းစိန်ထောင်အတွင်းမှာ မတ်လ ၃ ရက်နောက်ပိုင်း ဖမ်းဆီးထားသူတွေကို တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ အဖမ်းဆီးခံရသူအရေး ဥပဒေအကျိုးဆောင်ပေးနေတဲ့သင့်အတွက်ရှေ့နေများအဖွဲ့ကနေသိရပါတယ်။ ဒါကြောင့် ရှေ့နေတွေဘက်ကနေ ပါဝါတင်ဖို့ ပြင်ဆင်နေပါတယ်။

    "ရမန်အနေနဲ့က၂၅ ရက်လို့ သိထားတယ်။ ဒါပေမဲ့ တရားသူကြီးတွေကိုယ်တိုင်လည်း သေသေချာချာမသိဘူး။ မူဝါဒကလည်း ရှင်းရှင်းလင်းလင်းမသိရဘူး " လို့ သင့်အတွက်ရှေ့နေများအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။

    အဆိုပါရှေ့နေအဖွဲ့က ရရှိထားတဲ့စာရင်းအရ အင်းစိန်ထောင်ထဲ ဖမ်းဆီးခံထားရသူစုစုပေါင်းဟာ မတ်လ ၃ ရက်ကနေ ၁၆ ရက်မနက်ပိုင်းအထိ အယောက် ၁၁၀၀ ကျော်ရှိနေတာပါ။ အဲ့ဒီထဲကမှ အသက်မပြည့်သေးသူ ၁၈နှစ်အောက်အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး၊ လွတ်မြောက်သူအရေအတွက်လည်း အတိအကျမသိရဘူးလို့ ဆိုပါတယ်။

    မတ်လ ၃ ရက်က အများဆုံးဖမ်းဆီးခံရတဲ့ တာမွေ၊ကျောက်မြောင်း သပိတ်စစ်ကြောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မတ်လ ၃ ရက်က အများဆုံးဖမ်းဆီးခံရတဲ့ တာမွေ၊ကျောက်မြောင်း သပိတ်စစ်ကြောင်း