
ဓာတ်ပုံ ရင်းမြစ်, MPA
ဓာတ်ပုံ ပုံစာ, လှိုင်သာယာမှာ မတ်၁၄ ရက် ပစ်ခတ်မှုကြောင့်သေဆုံးသွားသူတစ်ဦး
ဓာတ်ပုံ ရင်းမြစ်, MPA
ဓာတ်ပုံ ပုံစာ, မီးရထားဝန်ထမ်းအတော်များများနဲ့ မိသားစုဝင်တွေကိုဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်တဲ့အတွက် နေအိမ်တွေကနေ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းမြန်မာနိုင်ငံတွင်း
ဒီမိုကရေစီအရေးတောင်းဆိုနေကြတဲ့ ဆန္ဒပြသမားတွေကို အာဏာသိမ်းစစ်ကောင်စီဘက်က
သတ်ဖြတ်တာ၊ ဥပဒေမဲ့ ဖမ်းဆီးတာ၊ နေအိမ်တွေကနေ အဓမ္မ မောင်းထုတ်နေတာတွေကို
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ရှုတ်ချလိုက်ပါတယ်။
လူအမြောက်အမြားအပေါ် ရက်စက်စွာ
ကျုးလွန်တဲ့ ရာဇဝတ်မှုအထိ မြောက်နိုင်တဲ့ လုပ်ဆောင်မှုတွေအတွက် တာဝန်ရှိသူတွေကို
တရားစွဲနိုင်ဖို့ universal jurisdiction လို့ ခေါ်တဲ့ နိုင်ငံတကာ
တရားစီရင်ပိုင်ခွင့်မူကိုလည်း ကျင့်သုံးဖို့ စဉ်းစားသင့်တယ်လို့ ဂျနီဗာမှာရှိတဲ့
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး က မတ်လ ၁၈ ရက်နေ့မှာ
သတင်းထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူတွေ
လက်ခံရရှိထားတဲ့ သတင်းတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီး
မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းမှာ ရှိတဲ့ မလွှာကုန်းမီးရထားဝင်းကို ပြီးခဲ့တဲ့
သီတင်းပတ်က စစ်တပ်နဲ့ ရဲက ဝင်စီးပြီး မီးရထားဝန်ထမ်းအတော်များများနဲ့
မိသားစုဝင်တွေကိုဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်တဲ့အတွက် သေနတ်ထောက်ပြီး နေအိမ်တွေကနေ
အတင်းအဓမ္မပြောင်းရွှေ့ခိုင်းခဲ့တယ်ဆိုတာလည်း ပါတယ်လို့ ဆိုပါတယ်။
ရန်ကုန်တင်သာမက ချင်းပြည်နယ် ဟားခါးနဲ့
ဖလမ်း၊ စစ်ကိုင်းတိုင်း ဟုမ္ပလင်းနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့တွေမှာလည်း
အဲဒီလို အဓမ္မနှင်ထုတ်တာတွေရှိတယ်လို့
ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီလိုမျိုး လုပ်ဆောင်မှုတွေကို
ချက်ချင်း ရပ်တန့်ရမှာ ဖြစ်ပြီး ပြောင်းရွှေ့ခံခဲ့ရသူတွေကိုလည်း သူတို့ရဲ့
နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးရမှာ ဖြစ်သလို၊ ကျုးလွန်သူတွေကိုလည်း
တရားဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူရမယ်လို့လည်း ပြောပါတယ်။
ဆန္ဒပြသမားတွေကို သတ်ဖြတ်တာ၊ တိတ်တဆိတ်
ကွပ်မျက်တာ၊ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းတာအပါအဝင် ခြိမ်းခြောက်တာတွေ၊
တရားစွဲတာတွေကိုလည်း ကုလသမဂ္ဂလူ့အခွင့်အရေးပညာရှင်တွေက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း မြို့နယ် ၆
မြို့နယ်မှာ စစ်အုပ်ချုပ်ရေး သတ်မှတ်ပြဋ္ဌာန်းတာ၊ သေစေနိုင်လောက်တဲ့အထိ
အင်အားအလွန်အကျွံသုံး ဖြိုခွင်းတာတွေအတွက် စိတ်ပျက်မိတယ်လို့လည်း ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့
ဆန္ဒပြသမားတွေအပေါ် အကြမ်းဖက်မှုတွေအားလုံးကို ရပ်တန့်ပြီး
ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြနေကြတဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကို
လေးစားကြဖို့ကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။