စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကောင်စီလက်ထဲ ဖမ်းခံထားရသူတွေ လိင်ပိုင်းစော်ကားခံရတဲ့ သတင်းတွေကြားသိနေရတယ်လို့ ကုလအရာရှိပြော

    စစ်ကောင်စီလက်ထဲ ဖမ်းခံထားရသူတွေ အပေါ် လိင်ပိုင်း အခြေခံတဲ့ အကြမ်းဖက်မှုတွေ ရှိနေတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ လူသားချင်း စာနာနားလည်တဲ့ အကူအညီပေးရေး အစီအစဥ်တွေကို ကြီးကြပ်ရတဲ့ မြန်မာပြည် ဌာနေကိုယ်စားလှယ် အင်ဒရူး ကာ့ခ်၀ုဒ်က ပြောပါတယ်။

    မြန်မာအရေး ကုလသမဂ္ဂရဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကာ့ခ်၀ုဒ်က မြန်မာပြည်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေအကြောင်း သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

    “ကိုယ်နဲ့ သိတဲ့သူထဲက အဖမ်းခံရတာမျိုး လူတိုင်း ကြုံနေ ကြရပါတယ်။ ရန်ကုန်အနှံ့ ဘယ်လိုတွေ အကြမ်းဖက် ခံနေရသလဲ ဆိုတာကို မျက်မြင်တွေ့ကြရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေဆီကနေ မနက်မိုးလင်းလာတိုင်း ကြားသိနေရပါတယ်။ ဆန္ဒပြလို့ အဖမ်းခံရသူပေါင်း အနည်းဆုံး ၂၄၀၀ ရှိနေပါပြီ။ အဖမ်းခံရရင်လည်း အပြင်နဲ့ အဆက်အသွယ် မရှိတော့ပါဘူး။ ဖမ်းဆီးထားတဲ့သူတွေ အပေါ် လိင်ပိုင်း အခြေခံတဲ့ အကြမ်းဖက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ပိုပြီး ကြားလာရပါတယ်။” လို့ မစ္စတာ ကာ့က်၀ုဒ် ပြောသွားပါတယ်။

    ဒါ့အပြင် “ပြီးခဲ့တဲ့ သီတင်း ၇ ပတ် အတွင်းမှာ အသတ်ခံရတဲ့ သူ အနည်းဆုံး ၂၁၁ ယောက်ရှိပြီး၊ အသက်မပြည့်သေးတဲ့ သူတွေ ၁၅ ယောက်ထက်မနည်းပါ၀င်ပါတယ်။ သိထားရသမျှ အသက်အငယ်ဆုံးက ၁၄ နှစ်ပါ။ ဒီနေရာမှာ အထူးအလေးပေးပြီး သိထားရမယ့် အချက်က သေဆုံးသူတွေထဲက တော်တော်များများဟာ လက်ဖြောင့်တပ်သားတွေရဲ့ လက်ချက်နဲ့ ဦးခေါင်းကို သေနတ်နဲ့ အပစ်ခံရတာပါ။” ဆိုပြီးတော့လည်း မစ္စတာ ကာ့က်၀ုဒ်က ဆိုပါတယ်။

    မြန်မာပြည်ထဲ ကျန်းမာရေး စောင့်ရှောက်မှု စနစ်လည်း ပြိုလဲသွားပြီလို့ ပြောနိုင်တယ်လို့လည်း မစ္စတာ ကာ့က်၀ုဒ်က ကမ္ဘာကို အသိပေးပါတယ်။

    “စစ်တပ်က ၀င်ပြီး တပ်စွဲထားတဲ့ ဆေးရုံ ၃၆ ရုံ ရှိတယ်လို ကြားသိထားရပြီး၊ တချို့ နေရာတွေမှာ လူနာတွေကို ဆေးရုံပေါ်က မောင်းချတာမျိုးတွေ ရှိတယ်” လို့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် အင်ဒရူးကာ့ခ်၀ုဒ်က ပြောပါတယ်။

    ဆန္ဒပြလို့ အဖမ်းခံရသူပေါင်း အနည်းဆုံး ၂၄၀၀ ရှိနေပြီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဆန္ဒပြလို့ အဖမ်းခံရသူပေါင်း အနည်းဆုံး ၂၄၀၀ ရှိနေပြီ
  2. ဖက်ဒရယ် တပ်မတော် ပေါ်ထွန်းလာဖို့ဆိုရင် နောက်ထပ် ဘာတွေ လိုအပ်

  3. မြဝတီ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်ရွေးချယ်ပွဲ လက်နက်ကိုင်တချို့ပစ်ခတ်လို့ ၃ ဦးသေဆုံး

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဇရပ်ဖြူကုန်ကျေးရွာ ဓမ္မာရုံမှာ ဒီကနေ့ ညမှာ ပြုလုပ်တဲ့ ဟွေရှမ်းနဲ့ မဲ့ပလဲ့ရွာတွေအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို လက်နက်ကိုင်တစုက ည ၉ နာရီလောက်မှာ ဝင်ရောက် ပစ်ခတ်တဲ့အတွက် သုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဲ့ဒီပစ်ခတ်မှုမှာ အသစ်ရွေးချယ်လိုက်တဲ့ ဟွေ့ရှမ်းရွာအုပ်ချုပ်ရေးမှူးအသစ် ဦးခင်ဝင်း နဲ့ မဲ့ပလဲ့ရွာ အုပ်ချုပ်ရေးမှူးအသစ် ဦးအောင်ဝင်းတို့ နေရာမှာတင် သေဆုံးသွားပြီး ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ဦးကျော်လင်းက ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

    “အစည်းအဝေးပြီးလို့ ရွာသားတွေ ပြန်သွားတဲ့အချိန်လောက်မှာ ဖြစ်တာလို့ ထင်တယ်။ ဒါမှမဟုတ်ရင် အသေအပျောက် ဒီ့ထက် များနိုင်တယ်”လို့ ဒေသခံ သတင်းထောက်တစ်ဦးက ပြောပါတယ်။

    အခင်းဖြစ်ပွားတဲ့နေရာကို ဒေသခံစစ်တပ်က ညတွင်းချင်း နယ်မြေရှင်းလင်းရေး လုပ်နေသလို၊ မြဝတီမြို့ တွင်းမှာလည်း စစ်တပ်အင်အားတွေ ဖြည့်တင်းလာတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

  4. အာဆီယံအရေးပေါ် ဆွေးနွေးပွဲခေါ်ယူဖို့ မလေးရှားဝန်ကြီးချုပ် ထပ်မံတောင်းဆို

    မြန်မာ့အရေး ဆွေးနွေးဖို့အတွက် အရေးပေါ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတရပ် ခေါ်ယူဖို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုရဲ့ တောင်းဆိုချက်ကို အပြည့်အဝထောက်ခံပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ခြွင်းချန်မရှိပြန်လွှတ်ပေးဖို့ မလေးရှား ဝန်ကြီးချုပ် က အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ စိတ်ထိခိုက်ဖွယ် အခြေအနေတွေအပေါ် မလေးရှားနိုင်ငံအနေနဲ့ အင်မတန် စိုးရိမ်မိကြောင်း မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က စာရေးသားထုတ်ပြန်ပါတယ်။

    လက်နက်မဲ့ပြည်သူတွေကို သေစေနိုင်လောက်တဲ့အထိ အကြမ်းဖက် ဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် လူအများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက်လည်း သူ့အနေနဲ့ စိတ်ပျက်တုန်လှုပ်မိတယ်လို့ ဝန်ကြီးချုပ် Yassin က ဆိုပါတယ်။

    ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူတွေကို ကျည်အစစ်သုံး ပစ်ခတ်တာဟာ လက်ခံနိုင်စရာအကြောင်း မရှိသလို ဒီအခြေအနေတွေ ချက်ချင်းအဆုံးသတ်ရမယ်လို့လည်း ပြောပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ဒီလုပ်ရပ်တွေကို ပြောင်းလဲပြီး ငြိမ်းချမ်းစွာ အဖြေရှာတဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ကိုလည်း မလေးရှား နိုင်ငံအနေနဲ့ အလေးပေး တိုက်တွန်းတယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး တွေ့ဆုံညှိနှိုင်းရေး စားပွဲဝိုင်းတွေဆီ လာဖို့ တိုက်တွန်းပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးဝိုင်းတခု ကျင်းပဖို့ကိုလည်း မလေးရှားနိုင်ငံအနေနဲ့ဆက်လက် ထောက်ခံအားပေးသွားမယ်လို့လည်း ဝန်ကြီးချုပ်Yassin က ပြောပါတယ်။

    မလေးရှားဝန်ကြီးချုပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  5. စစ်ကောင်စီနဲ့ လက်တွဲအလုပ်မလုပ်ဖို့ ပြင်သစ်ကုမ္ပဏီ EDF ဆုံးဖြတ်

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးအခြေအနေတွေအပေါ် စိုးရိမ်မှုတွေကြောင့် ပြင်သစ် ကုမ္ပဏီကြီး Electricite de France (EDF) က မြန်မာနိုင်ငံမှာ ဖော်ဆောင်မယ့် ရေအားလ ွ်ပ်စစ် စီမံကိန်းတွေကို ဆိုင်းငံ့လိုက်ပါတယ်။

    ရှမ်းပြည်နယ်က ရွှေလီမြစ်ပေါ်မှာ ၆၇၁ မီဂါဝပ် ရှိတဲ့ ရေကာတာ တည်ဆောက်မယ့် စီမံကိန်းကို ရပ်တန့်တာကြောင့် အာဏာသိမ်းစစ်တပ်နဲ့ လက်တွဲ အလုပ်မလုပ်တဲ့အပေါ်ပြင်သစ်အခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း Info Birmanie နဲ့ Justice For Myanmar အဖွဲ့တွေကလည်းကြိုဆိုလိုက်ပါတယ်။

    အမေရိကန် ဒေါ်လာ ၁.၅၁ ဘီလီယံ အကုန်အကျခံ တည်ဆောက်မယ်လို့ ပြောဆိုထားတဲ့ ဒီစီမံကိန်းကြီးကို ဂျပန် အခြေစိုက် Marubeni ကုမ္ပဏီ၊ မြန်မာက ဧရာဟင်္သာ ကုမ္ပဏီနဲ့ မြန်မာအစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တည်ဆောက်သွားမယ်လို့EDF ကုမ္ပဏီရဲ့ ၂၀၂၀ နှစ်ပတ်လည် အစီရင်ခံစာမှာ ရေးသားထားပါတယ်။

  6. လန်ဒန် စစ်သံရုံးရှေ့ မှာ ဆန္ဒပြပြီး အိတ်ဖွင့်ပေးစာပေး

    လန်ဒန်မြို့ ဝင်ဘယ်တန်အရပ်က မြန်မာ စစ်သံရုံးကို ယူကေရောက် မြန်မာတွေက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတာနဲ့ အိတ်ဖွင့်ပေးစာပေးတာတို့ကို ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

    လန်ဒန် စစ်သံရုံးရှေ့ မှာ ဆန္ဒပြပြီး အိတ်ဖွင့်ပေးစာပေး

    ဓာတ်ပုံ ရင်းမြစ်, ဂျူလိုင်မြတ်ထွန်း

    လန်ဒန် စစ်သံရုံးရှေ့ မှာ ဆန္ဒပြပြီး အိတ်ဖွင့်ပေးစာပေး

    ဓာတ်ပုံ ရင်းမြစ်, ဂျူလိုင်မြတ်ထွန်း

  7. CRPH ယာယီအစိုးရ အွန်လိုင်းကနေ အစည်းအဝေးလုပ်

    ယာယီ ဒုသမ္မတ မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ယာယီအစိုးရရဲ့ ကက်ဘိနက်အစည်းအဝေးကို ဒီကနေ့ ညနေ ၆နာရီမှာ အွန်လိုင်း Zoom meeting ကနေ ပြုလုပ်ခဲ့တယ်လို့ D-Wave ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    အဲဒီအစည်းအဝေးမှာ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ခေတ္တပြည်ထောင်စုဝန်ကြီးတွေ၊ CRPH အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်၊ ဦးဂျင်မီ တို့ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

    CRPH ယာယီအစိုးရ အွန်လိုင်းအစည်းအဝေးလုပ်

    ဓာတ်ပုံ ရင်းမြစ်, D-Wave

  8. မြောက်ဥက္ကလာပမှာ ကျည်ထိသေဆုံးသူ မအေးအေးခိုင်ရဲ့ စျာပန

    မြောက်ဥက္ကလာပမြို့နယ် ခေတ္တာလမ်းထိပ်က ဈေးဆိုင်ကို ပိတ်သိမ်းဖို့ ပြင်ဆင်နေစဥ် မနေ့ညနေပိုင်းက စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ခံရပြီး ကျောဘက်ကို ကျည်ထိမှန် သေဆုံးခဲ့တဲ့ မအေးအေးခိုင် ခေါ် ရိုစာနာရဲ့ စျာပနကို ရေဝေးစွန္နီကဘရ်စတန်ဥယျာဉ်တော်မှာ ဒီကနေ့နေ့လယ်က ပြုလုပ်ခဲ့ပါတယ်။

    မြောက်ဥက္ကလာပမှာ ကျည်ထိသေဆုံးသူ မအေးအေးခိုင်ရဲ့ စျာပန

    ဓာတ်ပုံ ရင်းမြစ်, ဟိန်းအောင်-ဖိုတိုဒါန

  9. စစ်ကိုင်းမှာ လူမဲ့သပိတ်နဲ့ ညပိုင်းဆုတောင်းပွဲလုပ်

    စစ်ကိုင်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့လူမဲ့သပိတ်နဲ့ ညပိုင်းမှာ ဆုတောင်းမေတ္တာပို့ ဆန္ဒပြ သရုပ်ဖော်တာတွေ ပြုလုပ်ပါတယ်။

    သီတဂူ သံဃာတချို့နဲ့ စစ်ကိုင်းဒေသခံ လူငယ်တွေ ပါဝင်ပြီး စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတာကို ရှေးဟောင်း ရုပ်စုံကျောင်းရှေ့နဲ့ စစ်ကိုင်း-မင်းကွန်းလမ်းဘေး ဧရာ၀တီ မြစ်သောင်ပြင်၊သီတဂူကျောင်းဝန်းတွေမှာ ပြုလုပ်ခဲ့ပါတယ်။

    စစ်ကိုင်းမြို့တွင်းမှာ ညပိုင်း သေနတ်ပစ်ဖောက်ပြတာတွေရှိသလို စစ်နဲ့ရဲတပ်ဖွဲ့က အသင်္ခယာစောယွန်းအဝိုင်း၊ ဗိုလ်ချုပ်ပန်းခြံ၊ ငါးထပ်ကြီး ဘုရားဝန်းကျင်မှာ လမ်းပိတ်ထားတာ တခါတလေ တပ်စွဲထားတာပါ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

    အခုညပိုင်းမှာလည်း စစ်ကိုင်းမြို့တွင်းကို စစ်ကား အိမ်စီးကားတွေနဲ့ပါ လှည့်ပတ်နေတာတွေ ရှိနေပါတယ်။

    စစ်ကိုင်းမှာ လူမဲ့သပိတ်နဲ့ ညပိုင်းဆုတောင်းပွဲလုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းမှာ လူမဲ့သပိတ်နဲ့ ညပိုင်းဆုတောင်းပွဲလုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  10. ရွှေဝါရောင်ဆရာတော် ဦးပဉ္ဇင်း ပုရစ် ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံရ

    ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ရဟန်းတစ်ပါးဖြစ်တဲ့ ဆရာတော် ဦးစန္ဒာသီရိ ခေါ် ဦးပဉ္ဇင်း ပုရစ်၊ ဆရာတော်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ဦးတင်မိုးတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅၀ (က) နဲ့ အာဏာသိမ်းစစ်ကောင်စီကတရားစွဲလိုက်ပါတယ်။

    CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့အတွက် လှုံ့ဆော်ခဲ့မှု၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို သပိတ်မှောက်ပြီး ပတ္တနိကုဇ္ဇနကံဆောင်သပိတ်ဆောင်ရွက်ကြဖို့ ကြိုးပမ်းမှု နဲ့ ရန်ကုန်မြို့တွင်း ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့မှုတွေကြောင့် အခုလို တရားစွဲတာ ဖြစ်တယ်လို့စစ်ကောင်စီရဲ့ သတင်းမီဒီယာကနေ ည ၈ နာရီမှာ ကြေညာသွားပါတယ်။

    ဦးပဉ္ဇင်း ပုရစ် နဲ့ ဦးတင်မိုးတို့ဟာ မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒါပေမဲ့ ရွှေဝါရောင်ဆရာတော်ကတော့ အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြဖို့၊ အစိုးရဝန်ထမ်းတွေအားလုံး CDM လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ လိုတယ်လို့ သူ့အဖမ်းမခံရသေးခင်မှာ မိန့်ကြားထားပါတယ်။

    ဦးပဉ္ဇင်း ပုရစ်
  11. လွိုင်ကော်မြို့ မိုင်းလုံးသပိတ် ဖြိုခွဲခံရမှု တစ်ဦးသေဆုံး

    ကယားပြည်နယ်၊ လွိုင်ကော်မြို့ မိုင်းလုံးသပိတ် ပစ်ခတ်ဖြိုခွဲခံခဲ့ရပါတယ်။အဲဒီမှာ အမျိုးသားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး သူနာပြုတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဲဒီ ပစ်ခတ်ဖြိုခွဲမှုကို စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာတော့ ဆန္ဒပြသူတွေက အတားအဆီးတွေ ချထားပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ရန်ပြုတိုက်ခိုက်လို့ ပြန်လည် ခြောက်လှန့်ပစ်ခတ်ရာက ရတဲ့ ဒဏ်ရာနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

  12. စာသင်ကျောင်းတွေမှာစစ်ကောင်စီတပ်တွေတပ်စွဲထားမှုကို ရှုတ်ချ

    မြန်မာနိုင်ငံတဝန်း စာသင်ကျောင်းတွေမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေ တပ်စွဲထားမှုဟာ ကလေးသူငယ်အခွင့်အရေးတွေကိုပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက်တာကြောင့် ချက်ချင်းဖယ်ရှားကြဖို့ Save The Children၊ UNESCO ကုလသမဂ္ဂပညာရေး၊သိပ္ပံနဲ့ယဉ်ကျေးမှုဆိုင်ရာအဖွဲ့၊ UNICEF ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တို့က ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။

    စာသင်ကျောင်းတွေ၊ ပညာရေးနဲ့ဆိုင်တဲ့ အဆောက်အအုံတွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့တွေ အသုံးပြုရမယ့်နေရာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

    စစ်ကောင်စီတပ်တွေ အခုလို တပ်စွဲထားမှုဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရပြီး ဖိအားများစွာနဲ့ ရင်ဆိုင်နေရတဲ့မြန်မာပြည်က ကလေးသူငယ်တွေနဲ့ လူငယ် ၁၂ သန်း နီးပါးအတွက်သင်ယူလေ့လာနိုင်မယ့် အခက်အခဲ ပိုမိုဆိုးဝါးသွားစေတယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

    မတ်လ ၁၉ ရက်နေ့အထိ ပြည်နယ်နဲ့တိုင်း ၁၃ ခုမှာ စာသင်ကျောင်းပေါင်း ၆၀ ကျော်နဲ့ တက္ကသိုလ်ပရဝုဏ်တွေကို စစ်ကောင်စီတပ်တွေစီးနင်းထားတယ်လို့ သိရပြီး ကျောင်းဧရိယာထဲဝင်လာတဲ့ဆရာ၊ဆရာမနှစ်ဦးကို အာဏာပိုင်တွေက ရိုက်နှက်တာကြောင့် တခြားသူတွေပါ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အဖြစ်အပျက်မျိုး တကြိမ်ထက်မက ရှိခဲ့တယ်လို့လည်းရေးသားထားပါတယ်။

    ကျွန်းလှမြို့နယ်က စစ်အာဏာသိမ်း ဆန္ဒပြမှု

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကျွန်းလှမြို့နယ်က စစ်အာဏာသိမ်း ဆန္ဒပြမှု
  13. သတင်းသမားတွေကို ဖမ်းဆီးမှု နိုင်ငံတကာမီဒီယာအဖွဲ့အစည်းတွေရှုတ်ချ

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးလာနေတဲ့အပေါ် နိုင်ငံတကာမီဒီယာအဖွဲ့အစည်းတွေဖြစ်တဲ့ ပန်အမေရိက (PEN America)၊ ပန်နိုင်ငံတကာအဖွဲ့အစည်း၊ Freedom House ၊ Article19 နဲ့ နိုင်ငံတကာအမျိုးသမီးများ မီဒီယာဖောင်ဒေးရှင်းအဖွဲ့တွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

    သတင်းထောက်တွေအပေါ် ဖြိုခွင်းမှုတွေဟာ အကြောက်တရား၊ self-censorship လို့ခေါ်တဲ့သတင်းတွေအပေါ်ကိုယ့်ဘာသာစိစစ်ဖြတ်တောက်မှု၊ နှုတ်ပိတ်အောင်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဖယ်ရှားမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    အကျိုးဆက်အနေနဲ့ လက်ရှိစစ်အာဏာသိမ်းမှု အခြေအနေတွေအတွင်းမြန်မာပြည်သူတွေ လိုအပ်တဲ့သတင်းအချက်အလက်တွေ ပိတ်ပင်ခံထားရတယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီက သတင်းသမား ၄၀နီးပါးကိုဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ၈ ဦး ထက် မနည်းတဲ့ သတင်းသမားတွေကိုပုဒ်မ ၅၀၅ကနဲ့ တရားစွဲထားပါတယ်။

    သတင်းသမားတွေကို ဖမ်းဆီးမှု နိုင်ငံတကာမီဒီယာအဖွဲ့အစည်းတွေရှုတ်ချ

    ဓာတ်ပုံ ရင်းမြစ်, article19.org

  14. ဦးဝင်းထိန်ကို ခုံရုံးဖွဲ့ စစ်ဆေးမယ်

    နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄ က နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်ကို လာမယ့်ရုံးချိန်းမှာ တရားသူကြီး ၂ ဦး နဲ့ ခုံရုံးဖွဲ့စစ်ဆေးမယ်လို့ ဦးဝင်းထိန်ရဲ့အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးက ဘီဘီစီကို ပြောပါတယ်။

    တရားသူကြီးနှစ်ပါးထိုင်အဖြစ် ဒဏ္ခိဏခရိုင်တရားသူကြီး ဦးရဲလွင်ကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်အဖြစ် စစ်ဆေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက အမိန့်ထုတ်ပြန်ခဲ့တာလို့လည်း ဒေါ်မင်းမင်းစိုးက ဆိုပါတယ်။

    အသက် ၈၀ ကျော် အရွယ် ဦးဝင်းထိန်ကို အာမခံပေးဖို့နဲ့ ရှေ့နေနဲ့ တွေ့ဆုံခွင့်ပြုဖို့ ဒီကနေ့ မတ်လ၁၉ရက် ရုံးချိန်းမှာ လျှောက်လဲဖို့ရှိပေမယ့်အင်တာနက် မကောင်းတဲ့အတွက်ကြောင့်ဆိုပြီး အွန်လိုင်းကနေvideo Conferencing ရုံးမထုတ်ဖြစ်ခဲ့ပါဘူး။

    တရားသူကြီး ပြောင်းသွားတဲ့အတွက်ကြောင့် ဦးဝင်းထိန်ရဲ့ အကျိုးဆောင်ရှေ့နေတွေဘက်က လျှောက်လဲထားတဲ့ လွတ်လပ်စွာ တရားစီရင်ဖို့၊ အာမခံပေးဖို့၊ ဦးဝင်းထိန်နဲ့ တွေ့ဆုံခွင့်ပြုဖို့ စတဲ့အချက်သုံးချက်ကို လာမယ့်ရုံးချိန်းမှာ ထပ်ပြီးကြားနာဖို့ရှိတယ်လို့လည်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    NLD နာယက ဦးဝင်းထိန်ကို အာဏာသိမ်းစစ်ကောင်စီဘက်က စွဲဆိုထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ က ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် တသက်တကျွန်းအထိ အရေးယူနိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

    ဦးဝင်းထိန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  15. လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှု လူ့ကျင့်ဝတ်နဲ့ မညီဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ ကြေညာချက်ထုတ်

    အဲဒီ ကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေဖြစ်ကြသော - ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ ဆွီဒင်နိုင်ငံ - ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်နိုင်ငံတို့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက ပူးပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

    မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ် အားလုံး ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူ အားလုံး ပြန်လွှတ်ပေးဖို့၊ စစ်အုပ်ချုပ်ရေးအမိန့်နဲ့တစ်နိုင်ငံလုံးမှာ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာထားတာကို ရုတ်သိမ်းပေးဖို့၊ ဆက်သွယ်ရေး ကန့်သတ်ထားမှုတွေ ပယ်ဖျက်‌ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လည်ပေးအပ်ဖို့ကိုလည်း မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။

    အင်တာနက်ဖြတ်တောက်ထားခြင်းနဲ့ မီဒီယာကို နှိပ်ကွပ်ထားခြင်းဖြင့် စစ်တပ်ရဲ့ စက်ဆုပ်ဖွယ်ရာ လုပ်ရပ်တို့ကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူးလို့ အဲဒီပူးတွဲ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

  16. မြန်မာ့အရေး အာဆီယံမှာ ဆွေးနွေးဖို့ အင်ဒိုနီးရှားသမ္မတ တောင်းဆို

    မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေအားလုံး ချက်ချင်းရပ်တန့်ဖို့နဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအကြောင်း ဆွေးနွေးအဖြေရှာဖို့အတွက် ထိပ်သီးဆွေးနွေးပွဲတခု ကျင်းပဖို့ အာဆီယံခေါင်းဆောင်တွေကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက တောင်းဆိုလိုက်ပါတယ်။

    လက်ရှိအာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ဘရူးနိုင်းဝန်ကြီးချုပ်ကို အရေးပေါ်ဆွေးနွေးပွဲတရပ် ခေါ်ဖို့ ဖိအားပေး တောင်းဆိုသွားမယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံတွင်း အခြေအနေတွေ တည်ငြိမ်မှုရှိစေဖို့၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်ဖို့အတွက် အပြန်အလှန် ဆွေးနွေးမှုတွေ၊စေ့စပ်ညှိနှိုင်းမှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ကိုလည်း အင်ဒိုနီးရှားက တိုက်တွန်းတယ်လို့ သမ္မတဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

    ဖေဖော်ဝါရီလ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာပိုင်တွေရဲ့ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အရပ်သား၂၀၀ကျော် သေဆုံးခဲ့ပြီး ဒီကနေ့မှာလည်း နယ်မြို့တချို့မှာ ထိခိုက်သေဆုံးသူတွေ ရှိနေပါတယ်။

    အင်ဒိုနီးရှားသမ္မတ

    ဓာတ်ပုံ ရင်းမြစ်, AFP

  17. ဘီဘီစီ သတင်းထောက် နဲ့ မဇ္စျိမ သတင်းထောက်ဟောင်း နေပြည်တော်မှာ ဖမ်းဆီးခေါ်ဆောင်ခံရ

  18. အောင်ပန်းမြို့ပေါ်က ပစ်ခတ်မှု သေဆုံးသူ ၈ ဦးအထိရှိလာ

    အောင်ပန်းမြို့ပေါ်မှာ ဒီနေ့ မတ်လ ၁၉ ရက် အစောပိုင်းကတည်းက စတင်ပြီး စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၈ ရှိလာပြီလို့ မျက်မြင်တွေနဲ့ ကူညီပေးနေသူတွေကပြောပါတယ်။

    'လောလောဆယ် ကျနော်တို့ သေဆုံးသူ အလောင်း ၆ လောင်းကို ကောက်ထားရတယ်။ နောက်ထပ် အလောင်း ၁ လောင်းကိုတော့ သက်ဆိုင်ရာအိမ်ကို ပို့ပေးခဲ့ပြီးပြီ။ ဆေးရုံကို ပထမပို့ထားတဲ့ ဒဏ်ရာရသူ ၂ ယောက်ထဲက ၁ ယောက်ဆုံးသွားပြီလို့ သိရတယ်။ လောလောဆယ်ဆို ဆုံးသူ ၈ ယောက်ပေါ့။ ဒဏ်ရာရသူတချို့ကို သူတို့ (စစ်တပ်) ဘက်က သယ်သွားတာလည်းရှိတယ်' လို့ ဒဏ်ရာရသူတွေကို ဆေးရုံ ကူပို့ပေးနေသူတွေက အတည်ပြုပါတယ်။

    ကလောဆေးရုံကို ပထမတစ်ခေါက်ပို့တဲ့ လူနာ ၁ ဦးဟာ စိုးရိမ်ရပြီး ဒုတိယတစ်ခေါက် ပို့ထားတဲ့လူနာ ၆ ဦးထဲက ၁ ဦးလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။

    စစ်ကောင်စီတပ်တွေဟာ စစ်ကားအစီး ၂၀ ကျော်နဲ့ နေ့လည် ၂ နာရီ ဝန်းကျင်မှာ ပြန်စုနေပြီး ရပ်ကွက် ၁ ထဲမှာရှိနေတုန်းလို့ သိရပါတယ်။

    ဖမ်းဆီးခံရသူတချို့ ရှိတယ်လို့ မြို့ခံတွေက ပြောပေမဲ့ ဘီဘီစီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

    အောင်ပန်းမှာ ဒီနေ့မြို့နယ်လူထုဆန္ဒပြပွဲဟာ ချီတက်ဖို့ လူစုနေတုန်းမှာပဲ ဖြိုခွင်းခံခဲ့ရတာဖြစ်ပါတယ်။

    အောင်ပန်းမြို့ ဆန္ဒပြလူအုပ် ပစ်ခတ်ဖြိုခွင်းခံရချိန် ဒဏ်ရာရသူ တစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. မအူပင်မြို့ပေါ်က ပရဟိတဖောင်ဒေးရှင်းတစ်ခု ဝင်ရောက်စီးနင်းခံရ

    မအူပင်မြို့ပေါ်မှာရှိတဲ့ ပျိုးခင်းသစ်ဖောင်ဒေးရှင်းကို စစ်သားနဲ့ရဲ ၄၀ နီးပါးက မနေ့ မတ်လ ၁၈ ရက်ညမှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပြီး ဖောင်ဒေးရှင်း ထူထောင်သူရဲ့အိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့တယ်လိ့ု ဒီဖြစ်စဉ်နဲ့နီးစပ်တဲ့ မြို့ခံတွေက ပြောပါတယ်။

    ဒါပေမဲ့ ထူထောင်သူဟာ အစောပိုင်းကတည်းက တိမ်းရှောင်နေတာကြောင့် အဖမ်းအဆီးတော့ မရှိခဲ့ဘူးလို့သိရပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မအူပင်မှာ ပရဟိတအဖွဲ့တွေကို ဦးဆောင်နေသူတချို့ ဖမ်းဆီးခံရပြီး သူတို့ထဲက ၂ ဦးဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ရင်ဆိုင်နေရပါတယ်။

    ဆန္ဒပြသူတွေကို အင်သားသုံးနှိမ်နင်းနေတဲ့စစ်သားနဲ့ရဲတွေ၊ သူတို့မိသားစုဝင်တွေရဲ့ နာရေးကို လိုက်ပါကူညီတော့မှာမဟုတ်ဘူးလို့ မအူပင်ပရဟိတအဖွဲ့ ၁၅ ဖွဲ့ကျော်က စာထုတ်ပြန်ခဲ့အပြီးမှာ ဖမ်းဆီးရှာဖွေမှုတွေ ခပ်စိတ်စိပ်ဖြစ်လာတာပါ။

    ဒါ့ပြင် ပြီးခဲ့တဲ့ရက်တွေအတွင်း မြို့ပေါ်ရပ်ကွက်တချို့မှာ ရဲနဲ့စစ်သားတွေက ညအချိန် ဧည့်စာရင်းစစ်မယ်ဆိုပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာမျိုးရှိသလို လူငယ်တစ်ချို့ကို ဖမ်းဆီးမှုတွေလည်းရှိနေပါတယ်။

    ၀င်ရောက်ရှာဖွေခံခဲ့ရတဲ့ အဖွဲ့ထူထောင်သူရဲ့အိမ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ၀င်ရောက်ရှာဖွေခံခဲ့ရတဲ့ အဖွဲ့ထူထောင်သူရဲ့အိမ်
  20. ပဲခူးကနယ်မြေခံအမြောက်တပ်ရင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

    ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ဘောနတ်ကြီးကျေးရွာမှာရှိတဲ့ နယ်မြေခံအမြောက်တပ်ရင်းတွေကို မတ် ၁၈ ရက် မနက်အစောပိုင်းမှာ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

    ဒီပစ်ခတ်မှုအတွင်း တပ်မတော်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ လူမှုကွန်ရက်တွေပေါ်မှာ သတင်းတွေ ထွက်ပေါ် နေပေမယ့် တပ်မတော်ဘက်က ထုတ်ပြန်တဲ့ထဲ လူထိခိုက်အသေဆုံးမရှိဘူးလို့ဆိုထားသလို ဖြစ်ပွားရာနေရာနဲ့ ၃မိုင်အကွာအနီး ၄၆ မိုင်မှာရှိတဲ့ ဝါးကတုတ်ဆရာတော်ကလည်း လူသေဆုံးမှု မရှိကြောင်း ဘီဘီစီကိုမိန့်ပါတယ်။

    ‘ ‘ မနက် ၂နာရီလောက်မှာ အသံအကျယ်ကြီး ၃ချက်လောက်တော်တော်ကျယ်ကျယ်ကြားလိုက်ရတယ်။ တပ်ထဲကို ပစ်တာလို့ သိရတယ်။ လူထိခိုက်သေဆုံးတာတော့မရှိဘူး။ ပစ်တာကတော့ ဝါးကတုတ်ဆည် အဆုံးနားလောက် ၄၃ မိုင်လောက်နားမှာတာဝါတိုင်ရှိတယ်။ အဲဒီမှာ စိုက်ပျိုးရေးခြံတွေပဲရှိတယ်။ ကျေးရွာ တွေတော့မရှိဘူး။တပ်ကတော့ သူတို့ရှင်းလင်းရေးသွားလုပ်တော့ နောက်ထပ် ဒုံးတွေတွေ့ရတယ် လို့တော့ သိရတယ်။ ဒီနားကပြည်သူတွေကတော့ ဒီလိုတွေလုပ်ဖို့လည်း စိတ်မဝင်စားဘူးဆိုတာတပ်က လည်းသိ တယ်။ အမြန်လမ်းအနီးမှာပဲ လုံခြုံရေးကင်းလှည့်တာဘာညာရှိတယ်။ ရွာတွေထဲတော့မရှိဘူး။’’လို့ ဆရာတော်က ဘီဘီစီကိုမိန့်ပါတယ်။

    တပ်မတော်ပြန်ကြားရေးကထုတ်ပြန်ချက်ထဲမှာ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေးရှိ ဝါးကတုတ် ဆည်ပေါ်နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်မှ ပစ်ခတ်မှုကြောင့် နယ်မြေခံ တပ်ရင်းနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်ကို ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အနီး ပတ်ဝန်းကျင်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပစ်ခတ်ရန်အသင့်ဖြစ်နေတဲ့ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၂ ခုအား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါ တယ်။

    အလားတူ မော်လမြိုင်မြို့နယ်မှာလည်း မော်လမြိုင်မြို့၊ရွှေနတ်တောင်ပေါ် လူနေရပ်ကွက်တွေကို ချိန်ကိုက်စနစ်နဲ့ ပစ်ခတ်ရန် စီမံထားသော ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးကိုလည်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    Military

    ဓာတ်ပုံ ရင်းမြစ်, cincds

    Military

    ဓာတ်ပုံ ရင်းမြစ်, cincds