စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေး မှာ ညနေပိုင်းပစ်ခတ်မှုတွေထပ်ဖြစ်ပြီး ခုနှစ်နှစ် အရွှယ်ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံး

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္တလေး မှာ မတ်လ ၂၃ ရက် ညနေပိုင်းပစ်ခတ်မှုတွေထပ်ဖြစ်ပြီး ၇ နှစ် အရွယ်ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။

    သေနတ်ကျည်ထိမှန်ခဲ့သူက‌တော့ မန္တလေး အောင်ပင်လယ်ရပ်က ၇နှစ်သမီးလေး မခင်မျိုးချစ် ဖြစ်ပြီး အိမ်မှာ ရှိနေစဥ် ဗိုက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

    သူ့ရဲ့ အသက်၁၉ နှစ်အရွယ် အကိုဖြစ်သူကို လည်းဖမ်းသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

    မခင်မျိုးချစ် ကျည်မှန်သွားတာကို ဆေး အဖွဲ့ကဆရာဝန်တွေဆီအမြန်ရောက်အောင်သွားပြီး ကြိုး စားခဲ့ ပေမဲ့ အသက်မကယ်လိုက်နိုင်ဘူးလို့အကူအညီပေးသူတွေက ပြောပါတယ်။

    ဒါ့အပြင်ဒီကနေ့ ညနေပိုင်းက လည်း ၅၇ လမ်းနဲ့ ၁၀၃ လမ်းထောင့်မှာပန်းရံ လုပ်ကိုင်သူတစ်ဦး သေနတ်ကျည်မှန်ပြီးသေဆုံးခဲ့ပါတယ်။

    မန္တလေး မှာ မတ်လ ၂၃ ရက်နေ့ ပစ်ခတ်မှုကြောင့် မနက်ပိုင်း ဦးနဲ့ ညနေပိုင်းက နှစ်ဦး တစ်ရက်တည်းမှာ သေဆုံးသူ ၄ ဦး အထိ ဘီဘီစီက အတည်ပြုထားနိုင်ပြီဖြစ်ပါတယ်။

  2. ဒေါပုံ ရပ်ကွက်ရုံးမီးရှို့ခံရမှုနဲ့ပတ်သက်ပြီး လူအယောက် ၃၀ခန့်ကိုဖမ်းထား

    ရန်ကုန်က ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်မှာ ရပ်ကွက်ရုံးမီးရှို့ခံရမှုနဲ့ပတ်သက်ပြီး လူအယောက် ၃၀ခန့်ကိုဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေထံကသိရပါတယ်။

    မနေ့က မတ်လ ၂၂ ရက်နေ့ ညပိုင်း နွယ်အေးရပ်ကွက်အုပ်ချုပ်ရေးကောင်စီရုံး မီးလောင်မှုကြောင့် ရပ်ကွက်အတွင်းနေထိုင်သူတွေကို ဖမ်းဆီးခဲ့တာလို့လည်း ရပ်ကွက်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနက် ၆ နာရီ လောက်ထဲက ရပ်ကွက်ထဲကို ရဲနဲ့စစ်တပ်က ဝင်လာပြီး နေအိမ်တွေထဲကို ဝင်ပြီး ဖမ်းဆီးတာရှိပြီး နယ်ခံတွေထဲက သတင်းပေးတွေရှိတယ်လို့လည်းသူ ကပြောပါတယ်။

    ရပ်ကွက်ရုံးမီလောင်မှုကို စစ်တပ်နဲ့ ရဲတို့ကတော့ ရပ်ကွက်နေပြည်သူတွေကြောင့်လို့ စွပ်စွဲထားပေမဲ့ ရပ်ကွက်နေသူတွေကတော့ သူတို့ ကြောင့် မဟုတ်ဘူးလို့ဖြေကြပါတယ်။

    အဖမ်းခံရတဲ့သူတွေရဲ့ မိသားစုဝင် အချို့ဟာလည်း ဒီနေနေ့လယ်ပိုင်းမှာ ဖမ်းဆီးမှာကို ကြောက်ပြီး ထွက်ပြေးပုန်းရှောင်နေကြတယ်လို့ လည်းဒေသခံတွေကပြောပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. ရဲချုပ်၊ ကစထမှူး နဲ့ တပ်မ ၂ ခု အရေးယူမှု‌တွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရ ထုတ်ပြန်

    မြန်မာနိုင်ငံက ရဲချုပ်သန်းလှိုင်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်စိုး အပြင် တပ်မ နှစ်ခုကို ပိတ်ဆို့ဒဏ်ခတ် အရေးယူတာဟာ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ချမှတ်ထားတဲ့အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကို သိသာထင်ရှားအောင်ပြသတာဖြစ်ပါတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် ဂျလီနာ ပေါ်တာက ပြောကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

    ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအသင်းဝင်များ၊ သတင်းသမားများနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအပေါ် တိုက်ခိုက်နေမှုတွေကို ရပ်တန့်ဖို့၊ လုံခြုံရေးတပ်ဖွဲ့များရဲ့ သတ်ဖြတ်နေမှုများရပ်တန့်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လည်ပေးအပ်ရေးကို အမေရိကန်ပြည်ထောင်စုက ဆက်လက်တောင်းဆိုခဲ့ပါတယ်။

  4. ပုသိမ်က လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ အဖမ်းခံရ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    ပုသိမ်မြို့က လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်ကို ဒီနေ့ညနေပိုင်းက လာရောက်ဖမ်းဆီးသွားတယ်ဆိုတာ သူ့သမီးဖြစ်သူကပြောပါတယ်၊

    ဦးမြင့်နိုင်ကိုလာဖမ်းတဲ့ ရဲနဲ့စစ်တပ် အင်အားက ၅၀ခန့်ရှိတယ်လို့ သိရပြီး သူအဖမ်းခံရပြီးနာရီပိုင်း အတွင်းမှာ လည်း သူ့ဖုန်းကနေ သူ့မိတ်ဆွေတွေရဲ့ဖုန်းကိုလိုက်ခေါ်နေတယ်ဆိုတာကိုလည်း ဖုန်းအခေါ်ခံရတဲ့သူတစ်ယောက်က ပြောပါတယ်။

    ဦးမြင့်နိုင်ဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေး အကျဥ်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

    အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ စပြီးယခု အချိန်အထိ စစ်ကောင်စီကပုသိမ်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀ ဦးကို ဖမ်းဆီးထားပါတယ်။

  5. ဘဝအပျက်ခံပြီးအာဏာဖီဆန်ကြသူများ

  6. လာရှိုးကားကြီးကွင်းအနီး ပေါက်ကွဲမှုဖြစ်

    လာရှိုးရဲရိပ်သာ အနီး လမ်းပိတ်ထားစဥ်

    ဓာတ်ပုံ ရင်းမြစ်, Blingx

    ဓာတ်ပုံ ပုံစာ, လာရှိုးရဲရိပ်သာ အနီး မတ်လ ၂၂ ရက် လမ်းပိတ်ထားစဥ်

    လားရှိုးမြို့ကားကြီးကွင်း အနီးက ရပ်ကွက် ၁ မှာ မတ်လ ၂၃ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ လားရှိုးဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပွားခဲ့တာက ညနေ ၃ နာရီ ဝန်းကျင်လောက်က နှစ်ခါ ဖြစ်ပြီး ညနေ ၄ နာရီ ကျော်လောက်မှာထပ်ပြီး ပေါက်ကွဲအသံကို ကြားရတယ်လို့ လည်း သူကပြောပါတယ်။

    ဆေးရုံကားတွေ စစ်ကားတွေနဲ့ ပေါက်ကွဲမှု အပြီးသွားလာနေကြတာတွေ့ရပြီး ပေါက်ကွဲမှုဖြစ်တဲ့အိမ်ဟာ ယခင်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ရဲ့အိမ်ဖြစ်တယ်လို့ ပြောကြသလို မှုခင်းသတင်းထောက်တစ်ဦးလို့လည်းပြောဆိုကြပါတယ်။

    လက်လုပ်မိုင်းနဲ့တိုက်ခိုက်တာလို့ သိရပြီး ကလေးနှစ်ဦး ဒဏ်ရာရတယ်လို့ဒေသခံ သတင်းထောက်တွေက ပြောပါတယ်။

    လားရှိုးမြို့ ရပ်ကွက် အမှတ် ၄ မှာရှိတဲ့ ရဲတပ်ဖွဲ့ရိပ်သာရုံး နှစ်ထပ်အဆောက်အအုံကို မတ်လ ၂၂ ရက် မွန်းလွဲတစ်နာရီ ဝန်းကျင် အချိန်က လက်ပစ်ဗုံး နဲတိုက်ခိုက်ခံခဲ့ရပါတယ်။

  7. ကြံခင်းမြို့က မနေ့ည ပစ်ခတ်ဖြိုခွင်းမှုမှာ အဖမ်းခံရသူ ၇ ဦးရဲ့အခြေအနေ မသိရသေး

    ကြံခင်းမြို့က သာယာကွက်သစ် ၅ လမ်းမှာ မနေ့ည မတ်လ ၂၂ ရက်တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ လုံခြုံရေးကင်းစောင့်နေတဲ့မြို့ခံတချို့ ထိပ်တိုက်တွေ့ရာကနေ စစ်ကောင်စီတပ်တွေက အင်အားသုံးဖြိုခွင်းခဲ့မှုမှာ အဖမ်းခံခဲ့ရသူ ၇ ဦး ဘယ်မှာ ထိန်းသိမ်းခံနေရတယ်ဆိုတာကို မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

    ဒါ့ပြင် အဲဒီထဲက ၄ ဦးကိုသာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အချက်အလက် စုဆောင်းနိုင်ပြီး နောက်လူငယ် ၃ ဦးက ဘယ်သူတွေထဲဆိုတာကို ဆက်စုံစမ်းနေရတုန်းလို့ မြို့ခံတွေကပြောပါတယ်။

    'ညက အဖမ်းခံရသူတွေ ကြံခင်းရဲစခန်းမှာလားလို့ စုံစမ်းတာ မရှိဘူး။ ညက အနီးပတ်ဝန်းကျင်ရွာတွေက လာဝိုင်းရံကြတာမျိုးလည်းရှိတော့ ဒီလူငယ် ၃ ဦး ဘယ်ကလဲဆိုတာ မသိနိုင်ဖြစ်နေတာ။ သေချာတာကတော့ ညက ရဲကားနဲ့ခေါ်သွားတာ ၇ ဦးပဲ' လို့ မြို့ခံတစ်ဦးကပြောပါတယ်။

    မနေ့ညက ကြံခင်းမှာ မြန်အောင်ကပါရောက်လာတဲ့ ရဲတွေက အသံဗုံးတွေ၊ ရာဘာကျည်တွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်လို့ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာ သူတို့ ၂ ဦးစလုံး ကြံခင်းဆေးရုံမှာ ကုသမှုခံနေပြီး စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့သိရပါတယ်။

    ကြံခင်းမြို့မှာ မနေ့ညက ပစ်ခတ်ခဲ့တဲ့ကျည်တွေခွံတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. မန္တလေးက ဆန္ဒပြကျောင်းသားလူငယ် ၃၆ ဦး ခံဝန်နဲ့ပြန်လွတ်လာ

    မန္တလေးမြို့ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြရာမှာ ဖမ်းဆီးခံရတဲ့ ကျောင်းသားလူငယ် ၃၆ ဦးကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး ဒီနေ့ မတ်လ ၂၃ ရက် မွန်းလွဲ ၃ နာရီကျော်မှာ တိုင်းရဲရုံးကနေ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

    လွတ်မြောက်လာသူထဲ ၈၉လမ်း×၂၂လမ်း သပိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားကျောင်းသူတွေလည်း အတော်များများပါဝင်တယ်လို့ သိရပါတယ်။

    စတင်ဖမ်းဆီးခံရတာက အယောက် ၈၀ကျော်ဖြစ်လို့ ဖမ်းဆီးခံရသူတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

    ဒီ့မတိုင်ခင်က အသက်မပြည့်သေးသူ ၈ ဦး မတ်လ ၈ရက်နေ့က ပြန်လွတ်လာသလို မတ်လ ၁၉ ရက်နေ့မှာလည်း ဖမ်းဆီးခံပြည်သူ ၂၆ ဦးကိုလွှတ်ပေးခဲ့ဖူးပါတယ်။

    မန္တလေးက ဆန္ဒပြကျောင်းသားလူငယ် ၃၆ ဦး ခံဝန်နဲ့ပြန်လွတ်လာ

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. မန္တလေး မှာ ပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦးသေဆုံး

    သေဆုံးသူဟာ အသက် ၂၀ ကျော်အရွယ် ကိုချမ်းသာထွေးဖြစ်ပြီး မနော်ဟရီလမ်းနဲ့ ၅၉-၆၀ လမ်းဘေးမှာ ကွယ်လွန်ခဲ့ပါတယ်။

  10. မိုဘိုင်းအင်တာနက်တွေ ပြန်ဖွင့်ပေးဖို့မရှိသေးကြောင်း စစ်ကောင်စီပြော

    မိုဘိုင်းအင်တာနက်ကွန်ရက်ကိုသုံးပြီး အဖျက်အမှောင့်လုပ်ငန်းတွေကိုအွန်လိုင်းကနေချိတ်ဆက် လုပ်နေကြလို့ လတ်တလော ပြန်ဖွင့်ပေးဖို့မရှိသေးဘူးလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    ဒီကနေ့ နေပြည်တော်ပြန်ကြားရေး ဝန်ကြီးဌာနမှာပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောခဲ့တာပါ။

    မြန်မာနိုင်ငံထဲ မိုဘိုင်းကွန်ရက်ကနေ အသုံးပြုရတဲ့အင်တာနက်ဝန်ဆောင်မှုတွေ့ကို ဖြတ်တောက်ထားတာ မတ်လ ၁၅ ရက်ကတည်းက ဖြစ်ပါတယ်။

    ဒါ့ပြင် ညစဉ်ညတိုင်း ည ၁ နာရီကနေ မနက် ၉ နာရီအထိ အင်တာနက်အလုံးစုံဖြတ်တောက်မှုဖြစ်နေတာ ဖေဖော်ဝါရီလ ၁၅ ရက်ကတည်းက ဖြစ်ပါတယ်။

    ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အော်ပရေတာတွေနဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူတွေကို ဖေဖော်ဝါရီလ ၂၈ ရက်အထိ အင်တာနက်လိုင်းဖြတ်တောက်ဖို့ ညွှန်ကြားစာထွက်ခဲ့ပါတယ်။

    ဒါပေမဲ့ မတ်လထဲရောက်တဲ့အထိ နေ့စဉ် ၈ နာရီကြာ အင်တာနက်ဖြတ်တောက်မှုတွေ ဆက်ဖြစ်နေခဲ့သလို ဒါနဲ့ပတ်သက်ပြီး အော်ပရေတာတွေ၊ ဝန်ဆောင်မှု ပေးသူတွေဘက်က ဘယ်ကာလအထိ ဖြတ်တောက်မယ်ဆိုတာ သုံးစွဲသူကို အသိပေးကြေညာတာမျိုး မရှိခဲ့ပါဘူး။

    ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မနက် ၇ နာရီဝန်းကျင်မှာ အင်တာနက်လိုင်းတချို့ သုံးလို့တဲ့ရက်တွေလည်းရှိခဲ့ပါတယ်။

    အင်တာနက်လိုင်းဖြတ်တောက်ထားဆဲ

    ဓာတ်ပုံ ရင်းမြစ်, STR/AFP/Getty Images

  11. မြန်မာနိုင်ငံထဲက သြစတေးလျနိုင်ငံသားတွေကို လုံခြုံရေးအသိမြှင့်ထားဖို့ သံရုံးကြေညာ

    မြန်မာနိုင်ငံထဲမှာရှိနေသေးတဲ့ သြစတေးလျနိုင်ငံသားတွေအနေနဲ့ ဘေးကင်းခိုလှုံတဲ့နေရာအသင့်ရှိနေဖို့၊ လိုအပ်တဲ့ပစ္စည်းတွေစုဖို့၊ ငွေသားလက်ထဲမှာထားရှိဖို့၊ လုံခြုံရေးအသိမြှင့်ထားဖို့နဲ့ မီဒီယာပေါ်က သတင်းအချက်အလက်တွေကို စောင့်ကြည့်ဖို့ မြန်မာနိုင်ငံဆိုင်ရာသြစတေးလျသံရုံးက ဒီနေ့ မတ်လ ၂၃ ရက်မွန်းလွဲပိုင်းမှာပဲ လူမှုကွန်ယက်ကနေ ကြေညာလိုက်ပါတယ်။

    ပြီးခဲ့တဲ့သောကြာနေ့တုန်းက မြန်မာနိုင်ငံထဲကနေ ကယ်ဆယ်ရေးခရီးစဉ်နဲ့ထွက်ဖို့ပြင်နေတဲ့ သြစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး ၂ ဦး အာဏာပိုင်တွေ ထိန်းသိမ်းတာခံခဲ့ရတယ်လို့ SBS သတင်းဌာနက မနေ့ မတ်လ ၂၂ ရက်မှာသတင်းဖော်ပြခဲ့အပြီး သံရုံးကြေညာချက်ထွက်လာတာပါ။

  12. မန္တလေးစည်ပင်ဝန်ထမ်း ၈၀ နီးပါး တာဝန်ကနေ ယာယီရပ်ဆိုင်းခံရ

    မန္တလေးစည်ပင်သာယာရေးကော်မတီက ဝန်ထမ်း ၇၇ ဦးကို နိုင်ငံဝန်ထမ်းနည်းဥပဒေအရ တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ တွဲဖက်အတွင်းရေးမှူးက ထုတ်ပြန်လိုက်ပါတယ်။

    လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ ခွင့်မဲ့ပျက်တာ၊ အလုပ်ဝင်ရောက်ရန်ပျက်ကွယ်တာကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပ‌ဒေ ၁၇၃(ခ)အရ တာဝန်ကနေ ယာယီရပ်ဆိုင်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဌာနစုမှူး ၂ ဦး အပါအဝင် အကြီးတန်း/အငယ်တန်း စာရေး၊ ယာဉ်မောင်း ၊ရုံးအကူ ၊လုပ်သား၊ဈေးခေါင်း၊ အစောင့်စတဲ့ ရာထူးတွေပါဝင်ပါတယ်။

    မတ်လ ၁၅ရက်ကလည်း CDM မှာပါဝင်နေတဲ့ မန္တလေးနေ့စဉ်သတင်းစာက သတင်းထောက်အပါဝင် ဝန်ထမ်း ၁၈ ဦးဟာ တာဝန်ကနေ ယာယီရပ်စဲခံခဲ့ရပါတယ်။

    မန္တလေးစည်ပင်သာယာရေးကော်မတီမှာ ဝန်ထမ်းပေါင်း ၆၀၀၀ ကျော်ရှိပေမဲ့ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေး အလုပ်မဆင်းတာ ၁ရာခိုင်နူန်းတောင်မရှိဘူးလို့ စည်ပင်ဝန်ထမ်းတဦးကပြောပါတယ်။ စည်ပင်သာယာရေးကော်မတီကို မြို့တော်ဝန်၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ ကော်မတီဝင်၊ ဌာနမှူး၊ ဒုဌာနမှူးတွေက မြို့တော်လုပ်ငန်းတွေကို အဆင့်လိုက် စီမံကွပ်ကဲလုပ်ဆောင်တာဖြစ်ပါတယ်။

    တူညီဝတ်စုံနဲ့ ဆန္ဒပြနေကြတဲ့ မန္တလေးသူတွေ
  13. စစ်ကိုင်းတောင်ရိုးက သံဃာ၊‌ ကျောင်းသားနဲ့ဝန်ထမ်းတွေရဲ့ စုပေါင်းသပိတ်

    စစ်ကိုင်းတောင်ရိုးက သံဃာ၊‌ကျောင်းသား၊ ဝန်ထမ်းတွေပူးပေါင်းပြီး ဒီနေ့ မတ်လ ၂၃ ရက်မှာလည်း စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ပြုလုပ်ပါတယ်။

    စစ်ကိုင်းမြို့တွင်းက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြိုခွင်းတာ အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးတာရှိပေမယ့် စစ်ကိုင်းမြို့က ရပ်ကွက်၊ ကျေးရွာအလိုက်နေ့စဉ် သပိတ်စစ်ကြောင်းကို ထွက်ရှိတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒါ့ပြင် ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်ကိုင်းတောင်ရိုးမှာ အရပ်ဘက်နဲ့ သီတဂူ ဆရာတော်တွေက လူမဲ့သပိတ်တွေ ပြုလုပ်ခဲ့ပါတယ်။

    စစ်ကိုင်းတောင်ရိုးက သံဃာ၊‌ ကျောင်းသားနဲ့ဝန်ထမ်းတွေရဲ့ စုပေါင်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတောင်ရိုးက သံဃာ၊‌ ကျောင်းသားနဲ့ဝန်ထမ်းတွေရဲ့ စုပေါင်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. ပုသိမ်မှာ နှင်းဆီပန်းနဲ့လူမဲ့သပိတ် ပြုလုပ်

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ရပ်ကွက်အချို့မှာ နှင်းဆီပန်းနဲ့လူမဲ့သပိတ်ကို ဒီကနေ့ မတ်လ ၂၃ ရက် မနက်ပိုင်းက လူငယ်တွေဦးဆောင်ပြီး ပြုလုပ်ခဲ့ကြပါတယ်။

    ပုသိမ်မှာ မတ်လ ၁၄ ရက် ပစ်ခတ်ဖြိုခွဲမှုနောက်ပိုင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်တွေကို ပြောက်ကျားပုံစံတွေ၊ လူမဲ့သပိတ်ပုံစံတွေနဲ့လုပ်နေကြတယ်လို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။

    ပုသိမ်မှာ နှင်းဆီပန်းနဲ့လူမဲ့သပိတ် ပြုလုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မွန်လူငယ်တွေရဲ့ဆန္ဒထုတ်ဖော်ပွဲ

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မွန်လူငယ်တွေက ဒီနေ့ မတ်လ ၂၃ ရက် မနက်အစောပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

    မွန်လူငယ်တွေက မွန်အမျိုးသားအလံတွေကို ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

    အာဏာရှင်စနစ် ကျဆုံးရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ မတရားဖမ်းဆီးခံရသူများ လွှတ်ပေးရေး၊ အပြင် အမျိုးသားတန်းတူညီညွတ်ရေး စတဲ့အချက်တွေကိုလည်းကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။

    မော်လမြိုင်က မွန်လူငယ်တစ်ချို့ရဲ့ မတ်လ ၂၃ ရက် ဆန္ဒပြပွဲမှာ အမျိုးသားတန်းတူညီညွတ်ရေးကိုလည်း တောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မော်လမြိုင်က မွန်လူငယ်တစ်ချို့ရဲ့ မတ်လ ၂၃ ရက် ဆန္ဒပြပွဲမှာ အမျိုးသားတန်းတူညီညွတ်ရေးကိုလည်း တောင်းဆို
  16. နိုင်ငံအနှံ့ပြုလုပ်လာကြတဲ့ အရုဏ်ဦးသပိတ်တွေ

    ဒီနေ့ မတ်လ ၂၃ ရက် အရုဏ်တက်မှာ ရန်ကုန်မြို့ထဲက မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာ၊ ကျောက်တံတား၊ ကမာရွတ် စတဲ့မြို့နယ်တွေအပြင် ထားဝယ်၊ ရေစကြိုနဲ့ နိုင်ငံအနှံ့က မြို့ရွာတွေမှာ အရုဏ်ဦးသပိတ်တွေ ဆင်နွှဲလာကြပါတယ်။

    ဒီထဲကမှ ဘီဘီစီကို ပေးပို့လာတဲ့ ဓာတ်ပုံတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

    ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ထဲက လူငယ်တွေ ပြုလုပ်ခဲ့တဲ့ အရုဏ်ဦးသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ထဲက လူငယ်တွေ ပြုလုပ်ခဲ့တဲ့ အရုဏ်ဦးသပိတ်
    မြောက်ဥက္ကလာကလူငယ်တွေရဲ့အရုဏ်ဦးသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြောက်ဥက္ကလာကလူငယ်တွေရဲ့အရုဏ်ဦးသပိတ်
    ရပ်ကွက်ရုံးမီးလောင်လို့ မနေ့ညက ပစ်ခတ်မှုတွေ ရှိခဲ့တဲ့ သာကေတမြို့နယ်ထဲမှာလည်း မြို့ခံတွေက အရုဏ်တက်သပိတ်ဆင်နွှဲခဲ့ကြပါတယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရပ်ကွက်ရုံးမီးလောင်လို့ မနေ့ညက ပစ်ခတ်မှုတွေ ရှိခဲ့တဲ့ သာကေတမြို့နယ်ထဲမှာလည်း မြို့ခံတွေက အရုဏ်တက်သပိတ်ဆင်နွှဲခဲ့ကြပါတယ်

    ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ပန်းဒလဲကျေးရွာ အာဏာရှင်ဆန့်ကျင်ရေး အာရုဏ်ဦးသပိတ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီ့ရွာဟာ မီးပုံးပျံဦးကျော်ရင်ဇာတိလည်း ဖြစ်ပါတယ်။

    မီးပုံးပျံဦးကျော်ရင်ရဲ့ဇာတိ ပန်းတလဲရွာက အရုဏ်ဦးသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရေစကြိုမြို့မှာလည်း မြို့ခံလူငယ်တွေအများစုက မြို့တစ်ပတ်ပတ်ပြီး ဒီနေ့ မတ်လ ၂၃ ရက်မနက် အရုဏ်ဦးသပိတ် ပြုလုပ်ကာ ဆန္ဒပြခဲ့ကြပါတယ်။

    ရေစကြို လူငယ်တွေရဲ့အရုဏ်ဦးသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    နမ္မတီးမြို့ခံတွေရဲ့ အရုဏ်ဦး သပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နမ္မတီးမြို့ခံတွေရဲ့ အရုဏ်ဦး သပိတ်
  17. မန္တလေးမြတောင် မနက်ပိုင်း သပိတ်

    မြတောင်သပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္တလေးမှာ စစ်တပ်နဲ့ရဲက အင်အားသုံးဖြိုခွဲပစ်ခတ်လို့ တစ်ရက်အတွင်း လူဆယ်ဦး‌ကျော် သေဆုံးတာတွေရှိပေမယ့် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေဆက် ရှိနေပါတယ်။

    ဒီကနေ့ မတ်လ ၂၃ ရက် မနက်အစောပိုင်းမှာတော့ မြတောင်သပိတ်စစ်ကြောင်းကို မြို့ခံတွေစုပေါင်းပြုလုပ်ခဲ့ကြပါတယ်။

    မန္တလေးမှာ နေ့စဉ်ထွက်ဆန္ဒပြလို့ စစ်ကောင်စီက ပိတ်ဆို့ဖမ်းဆီးတာတွေလည်းအမြဲရှိနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

  18. ရပ်ကွက်ရုံးမီးလောင်တဲ့ သာကေတ နွယ်အေးမှာ ရဲနဲ့စစ်တပ်ဝင်ရောက်မေးမြန်းနေ

    မတ်လ ၂၂ ရက်ညပိုင်းက ရပ်ကွက်ရုံးမီးလောင် မှုဖြစ်ခဲ့တဲ့ ရန်ကုန်မြို့၊ သာကေတမြို့နယ်ထဲက နွယ်အေးရပ်ကွက်ကို ဒီနေ့ မတ်လ ၂၃ ရက်မနက်ပိုင်းမှာ ရဲနဲ့စစ်တပ်က ဝင်ရောက်မေးမြန်းတာတွေရှိတယ်လို့ မျက်မြင်မြို့ခံတွေကပြောပါတယ်။

    ညကရပ်ကွက်ရုံးမီးလောင်တဲ့ဖြစ်စဉ်ကြောင့် လူစုလူဝေးဖြစ်ပေါ်ခဲ့လို့ ရဲနဲ့စစ်တပ်ကနေ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

    ပစ်ခတ်မှုကြောင့်ဒဏ်ရာရသူအချို့ရှိတယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

    မတ်လ ၂၂ ရက် မနက်ပိုင်းတုန်းကတော့ ဒေါပုံ နွယ်အေး ရပ်ကွက်မှာ စစ်ကောင်စီ က ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကတာဝန်ယူခဲ့တာကြောင့်ရပ်ကွက်မှာ ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။

    မတ်လ ၂၂ ရက်ညပိုင်းက မီးလောင်ခဲ့သည့် နွယ်အေးရပ်ကွက်ရုံး ဒီကနေ့မနက်ပိုင်းမြင်ကွင်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မတ်လ ၂၂ ရက်ညပိုင်းက မီးလောင်ခဲ့သည့် နွယ်အေးရပ်ကွက်ရုံး ဒီကနေ့မနက်ပိုင်းမြင်ကွင်း
    သာကေတ နွယ်အေးမှာ ရက်ကွက်ရုံးမီးလောင်အပြီး ဒီနေ့မနက်မှာ ရဲနဲ့ စစ်သားတွေက မေးမြန်းနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သာကေတ နွယ်အေးမှာ ရက်ကွက်ရုံးမီးလောင်အပြီး ဒီနေ့မနက်မှာ ရဲနဲ့ စစ်သားတွေက မေးမြန်းနေ
  19. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရွေးကော်ဥက္ကဋ္ဌသစ်အပါအဝင် လူ ၁၁ ဦးကို အီးယူက ကန့်သတ်ပိတ်ဆို့မှုလုပ်

    မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်ကစလို့ အာဏာသိမ်းခဲ့တာနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲ့က ဖိနှိပ်ခဲ့တာတွေအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ် ၁၁ ဦးကို ကန့်သတ်အရေးယူတာတွေလုပ်လိုက်ပြီလို့ ဥရောပသမဂ္ဂ အီးယူကောင်စီက မတ်လ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

    ပိတ်ဆို့ကန့်သတ်မှုတွေလုပ်လိုက်သူတွေထဲမှာ တပ်မတော်က အမြင့်ဆုံးလူပုဂ္ဂိုလ်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ပါဝင်ပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းခဲ့ရာမှာပါဝင်တယ်ဆိုတဲ့အချက်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသစ်ကိုလည်း ထည့်သွင်းခဲ့ပါတယ်။

    ဒီလူပုဂ္ဂိုလ် ၁၁ ဦးကို ဥရောပသမဂ္ဂနယ်မြေပိုင်နက်ထဲမှာ ခရီးသွားလာခွင့် ပိတ်တာနဲ့ သူတို့ ပိုင်ဆိုင်မှုတွေ လွှဲပြောင်းခွင့်မရတော့ အောင် ပိတ်လိုက်တာဖြစ်ပါတယ်။

    အီးယူအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသားတွေ၊ ကုမ္ပဏီတွေအနေနဲ့လည်း ဒီလူပုဂ္ဂိုလ်ဆီ ငွေကြေးစီးဆင်းမှုမလုပ်နိုင်အောင်လည်း ပိတ်ထားမှာဖြစ်ပါတယ်။

    ဒ့ါပြင် လက်ရှိစစ်ခေါင်းဆောင်တွေရဲ့ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေတဲ့သဘောမရောက်အောင် မြန်မာအစိုးရကို ပေးနေတဲ့ ဘဏ္ဍာရေးအကူအညီတွေ၊ အစိုးရအဖွဲ့စည်းတွေကိုပေးနေတဲ့အကူအညီတွေကို ဆိုင်းငံ့တာမျိုးဆက်လုပ်သွားမယ်လို့ အီးယူကောင်စီဘက်ကပြောပါတယ်။

    ရန်ကုန်မြို့ထဲမှာ ဖေဖော်ဝါရီလ ၂၈ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ တစ်ခုမြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ထဲမှာ ဖေဖော်ဝါရီလ ၂၈ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ တစ်ခု
  20. ဘင်္ဂလားဒေ့ရှ် က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ မီးအကြီးအကျယ်လောင်

    ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်း မီးအကြီး အကျယ် လောင်ကျွမ်းခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ အိမ်တွေနဲ့ ရုံးတွေ မီးထဲပါသွားတယ်လို့ မျက်မြင်သက်တွေက ပြောပါတယ်။

    အဲ့ဒီနေရာက တစ်ယောက်ရိုက်ကူးတဲ့ ဗီဒီယိုထဲမှာ ကော့ဘဇားအရပ်မှာရှိတဲ့ ဘာလုခါလီဒုက္ခသည်စခန်းကို လောင်ကျွမ်းနေတဲ့ မီးတောက်ကြီးတစ်ခုကို တွေ့ရပြီးလူတွေ ကစဥ့်ကလျား ပြေးလွှားနေတာ တဲအိမ်တွေမီးလောင်နေတာကိုလည်းတွေ့ရတယ်လို့ ရိုက်တာ သတင်းမှာရေးပါတယ်။

    မီးသတ်တပ်ဖွဲ့တွေ၊ကယ်ဆယ်‌‌ရေးတွေ၊အကူအညီပေးရေးအဖွဲ့တွေနဲ့ စေတနာ့ ဝန်ထမ်းတွေကလည်း မီးကိုထိန်းချုပ်နိုင်ဖို့နဲ့ ထပ်မပြန့်အောင်လည်း ကြိုး စားနေကြတယ်လို့ ကော့ဇ်ဘဇားအခြေစိုက် UNHCR အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ လူးဝစ်ဒိုနိုဗန်ကပြောပါတယ်။

    အိမ်တွေအများကြီး မီးလောင်သွားပြီး လူအများအပြား သေကြေ တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောနေပေမယ့် လူအသေအပျောက်နဲ့ ပတ်သက်လို့ အဲ့ဒီက တာဝန်ရှိတဲ့သူတွေကလည်း အတည်ပြုပြောကြားတာတော့ မရှိသေးပါဘူး။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့ ရိုဟင်ဂျာ တစ်သိန်းကျော်ဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု့ရန်က ၂၀၁၇ခုနှစ်မှာ ထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေဖြစ်ပါတယ်။

    ဒုက္ခသည် သိန်းချီ ရှိတဲ့ ဘာလုခါလီ စခန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒုက္ခသည် သိန်းချီ ရှိတဲ့ ဘာလုခါလီ စခန်း