ညက ဖမ်းသွားတဲ့ ရွေပြည်သာ သပိတ်ဝန်းရံသူ တစ်ဦးသေဆုံး

ကိုဇော်မြတ်လင်းဟာ "စု" သက်မွေးသင်တန်းကျောင်း ရဲ့တာဝန်ခံဖြစ်သလို CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကခန့်အပ်ထားတဲ့ မြို့နယ်တာဝန်ခံဖြစ်ပြီး ရွှေပြည်သာသပိတ်ကို ဝန်းရံသူဖြစ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မင်္ဂလာပါ ဘီဘီစီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေဒီမှာ ရပ်နားပါတယ်။

    နောက်ထပ် နောက်ဆုံးရ သတင်းများတိုက်ရိုက်ဒီနေရာမှာ တင်ဆက်မှုကို

    သွားရောက်ဖတ်ရှုနိုင်ပါတယ်။

  2. မနေ့ညက ဖမ်းသွားတဲ့ စုသက်မွေးသိပ္ပံကျောင်း တာဝန်ခံသေဆုံး၊ အလောင်းလာထုတ်ဖို့ မိသားစုကိုအကြောင်းကြား

    ရွှေပြည်သာမြို့နယ် ၊ စုသက်မွေး သိပ္ပံကျောင်းရဲ့ တာဝန်ခံ ကိုဇော်မြတ်လင်းဟာ မတ် ၈ ရက် ညပိုင်းက ရဲနဲ့စစ်တပ်ကနေ လာရောက်ဖမ်းဆီးတာကြောင့် ကျောင်းရဲ့ခြံစည်းရိုးကနေ ခုန်ချထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ဖမ်းဆီးခံခဲ့ရပါတယ်။

    ဒီနေ့မတ်လ ၉ ရက် နေ့လယ်ပိုင်းမှာတော့ သေဆုံးပြီလို့ ရွှေပြည်သာရဲစခန်းကတဆင့်အကြောင်း ကြားလာကြောင်း ကိုဇော်မြတ်လင်းရဲ့ ဇနီး မဖြူဖြူဝင်းကဘီဘီစီကိုပြောပါတယ်။

    "နေ့လယ်က ရဲတစ်ယောက်ကအရင်လာပြောတယ်။ လှော်ကားရဲစခန်းမှူးကိုဆက် သွယ်ဖို့ဆိုပြီး၊ အဲဒီလှော်ကားစခန်းမှူးကနေ ရွှေပြည်သာစခန်းမှူးကိုပြန်လွှဲပြန်တယ်။ အဲဒီတော့ မှ သိရတာ ပေါ့၊ မင်္ဂလာဒုံစစ် ဆေးရုံ ကုတင် ၁၀၀၀ မှာ အလောင်းသွားယူရမယ်ပေါ့၊ သူတို့ပြောတာကတော့ခြံ စည်းရိုးပေါ်ကပြုတ်ကျလို့သေတယ်ပေါ့၊ ဒါပေမယ့် ခြံစည်းရိုးကနိမ့်နိမ့်လေးပါ၊ မသေနိုင်ပါဘူး။ အခုတော့ ဆေးရုံကိုသွားနေတယ်၊ ဟိုရောက်မှ ထပ်သိရမယ်" လို့ပြောပါတယ်။

    ကိုဇော်မြတ်လင်းဟာ "စု" သက်မွေးသင်တန်းကျောင်း ရဲ့တာဝန်ခံဖြစ်သလို CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကခန့်အပ်ထားတဲ့ မြို့နယ်တာဝန်ခံဖြစ်ပြီး ရွှေပြည်သာသပိတ်ကို ဝန်းရံသူဖြစ်တယ်လို့ သိရပါတယ်။

    ဒီလို ညပိုင်းဝင်ဖမ်းပြီးမနက်အလောင်းလာထုတ်ယူဖို့ အကြောင်းကြားခံရတဲ့အထဲမှာ ပန်းဘဲတန်းမြို့နယ်၊ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်ဖြစ်စဉ်ရှိခဲ့ပါတယ်။

    NLD

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ကိုဇော်မြတ်လင်းဟာ မနေ့ညက ဖမ်းဆီးခံရတာဖြစ်ပြီး ဒီမနက် သေဆုံးပြီလို့ အာဏာပိုင်ဘက်က အကြောင်းကြားလာခဲ့ပါတယ်။
  3. မြေပုံက မိုင်းထိလူနာ စစ်တွေဆေးရုံသို့ရောက်ရှိ

    ရခိုင်ပြည်နယ်အလယ်ပိုင်း၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာသားတစ်ဦးဟာ မတ်လ ၈ ရက် မနေ့ နေ့လယ်ပိုင်းမှာ တောထဲသစ်ခုတ်နေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ပါတယ်။

    အဲ့ဒီမိုင်းထိဒဏ်ရာကြောင့် ညာဘက်ခြေထောက်ပြတ်သွားခဲ့တဲ့ စညှင်းကျေးရွာသား အသက် ၂၇ နှစ်အရွယ် ကိုညီပုချေကို မနေ့ကညနေပိုင်းမှာ ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီနေ့ မတ်လ ၉ ရက် နေ့လယ်ပိုင်းမှာတော့ စစ်တွေဆေးရုံကြီးကို ထပ်မံပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

    ကိုညီပုချေနဲ့ သူ့ရဲ့ယောက္ခမဖြစ်သူ ဦးရွှေကြည်အပါအဝင် လူခြောက်ဦးတို့ဟာ မော်တော်ဘုတ်ပြုလုပ်ရာမှာအသုံးပြုရမယ့် လိုအပ်တဲ့သစ်တွေကိုကျေးရွာနဲ့ ငါးမိုင်ခန့်သာဝေးတဲ့ တောင်ဖလာ တောင်သို့သွားရောက်ရှာဖွေနေစဉ်မှာ ကိုညီပုချေက မြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဦးရွှေကြည်က ပြောပါတယ်။

    Rakkhine
  4. ကမာရွတ်မီဒီယာကို အာဏာပိုင်တွေ ဝင်စီး၊ အယ်ဒီတာချုပ်ဦးနေသန်မောင်နဲ့ တည်ထောင်သူ ဦးဟံသာညိမ်းတို့ကို ဖမ်းသွား

    ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်မှာရှိတဲ့ ကမာရွတ်မီဒီယာကို ဒီနေ့ မတ်လ ၉ ရက် နေ့လယ်ပိုင်းမှာ အာဏာပိုင်တွေက ဝင်ရောက်စီးနင်းရှာဖွေတာတွေလုပ်ခဲ့တယ်လို့ မျက်မြင်တွေကပြောပါတယ်။

    ရှာဖွေချိန် နှစ်နာရီလောက်ကြာမြင့်တယ်လို့သိရပြီး ကမာရွတ်မီဒီယာတည်ထောင်သူအယ်ဒီတာချုပ် ဦးနေသန်မောင်နဲ့ တွဲဖက်တည်ထောင်သူ ဦးဟံသာညိမ်းတို့ကို ဖမ်းဆီးသွားတယ်လို့ ဦးဟံသာညိမ်းရဲ့ ညီမဖြစ်သူ ကဘီဘီစီကိုအတည်ပြုပါတယ်။

    "အဲဒီအချိန်တော့ ကျွန်မရုံးမှာ ရှိမနေဘူး၊ ဒါပေမဲ့ ဒီက မျက်မြင်တွေလှမ်းပြောချက်အရ သူတို့ပါသွားတယ်လို့ သိရတယ်။ နောက် လမ်းထဲက CCTV တွေကို ဖျက်ဆီးသွားတယ်" လို့ ဆိုပါတယ်။

    Kamayut Media

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မီဒီယာငါးခုကို စစ်ကောင်စီက ညက လိုင်စင်ရုပ်သိမ်းပြီးနောက် ဒီမနက်မှာ ကမာရွတ်မီဒီယာကို ခုလိုစီးနင်းရှာဖွေခဲ့တာဖြစ်ပါတယ်။
  5. မြန်မာက အထည်မှာယူမှုကို ဆွီဒင်ကုမ္ပဏီ H&M ရပ်ဆိုင်းထားမယ်, ဆန္ဒပြသူတွေကို အသက်သေဆုံးတဲ့အထိ အင်အားသုံးဖြိုခွင်းမှုအပေါ် ထိတ်လန့်မိတယ်လို့ ဆို

    ကမ္ဘာကျော် ဆွီဒင်အဝတ်အထည်အမှတ်တံဆိပ် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ H&M က မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အသက်သေဆုံးစေတဲ့အထိ အင်အားသုံးဖြိုခွင်းတဲ့အပေါ် ထိတ်လန့်တုန်လှုပ်ရပြီး မြန်မာနိုင်ငံကနေ အဝတ်အထည်ချုပ်လုပ်မှုဆိုင်ရာ အော်ဒါမှာယူမှုတွေကိုလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့မှာ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းတစ်ရပ်က ဆိုပါတယ်။

    အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူတွေ လူပေါင်း ၅၀ ထက်မနည်းကို စစ်တပ်နဲ့ ရဲက သတ်ဖြတ်ခဲ့တာကို ကုလသမဂ္ဂစာရင်းတွေအရလည်း သိရတယ်လို့ ဖော်ပြထားပါတယ်။

    • မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့ ရှေ့ဆက်မယ်ဆိုတဲ့ စစ်ကောင်စီနဲ့ ဂလိုဘယ်လိုက်ဇေးရှင်း

    မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေပေါ် H&M အနေနဲ့ အလွန် စိုးရိမ်ပူပန်ကြောင်းနဲ့ ကုလသမဂ္ဂအေဂျင်စီတွေ၊ သံတမန် ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေ၊ ကုန်သွယ်ရေး သမဂ္ဂတွေနဲ့ တခြား ကုမ္ပဏီတွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ H&M ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေမန်နေဂျာ Serkan Tanka က အီးမေးလ်မှာ ဖြေကြားထားကြောင်း ဖော်ပြထားပါတယ်။

    Garment Factory

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာအထည်ချုပ်လုပ်ငန်းခွင်တစ်ခု
  6. လမ်းမတော်မှာ ဖမ်းဆီးခံရသူတွေ ဘယ်မှာချုပ်ထားမှန်းမသိရ၊ မိသားစုတွေနဲ့လည်း အဆက်အသွယ်ပြတ်နေ

    မတ်လ (၈) ရက်ည ၁၂ နာရီဝန်းကျင်မှာ လမ်းမတော် (၃) လမ်းနဲ့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေ ရောက်လာပြီး ခြိမ်းခြောက် ဆဲဆို ပစ်ခတ်ခဲ့ကာ ဒေသခံအယောက် ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ လမ်းမတော်ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    အဲ့ဒီဖြစ်စဉ် မတိုင်ခင် သေနတ်တွေ တင်ဆောင်လာတဲ့ အိမ်စီးကားနဲ့ အရပ်ဝတ် လူ(၄)ဦးကို လမ်းမတော် (၃)လမ်းကဒေသခံတွေက ဖမ်းဆီးမိခဲ့တာပါ။ မနေ့ညက စမ်းချောင်းမှာ ပိတ်မိဖြစ်စဉ်ကြောင့် ရန်ကုန်က မြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ကြားက လမ်းပေါ်ထွက်ပြီး စမ်းချောင်းကို လမ်းဖွင့်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်သလို လမ်းမတော်မြို့နယ်ကလည်း ပါဝင်ခဲ့ပါတယ်။

    ပြည်သူတွေဖမ်းဆီးမိခဲ့တဲ့သူတွေ ပြန်ရဖို့ စစ်တပ်က အခုလို လက်နက်ပြ ခြိမ်းခြောက်ပြီး လမ်းထဲက လူတွေကို ပြန်ဖမ်းဆီးသွားတာလို့ ရပ်ကွက်နေပြည်သူတွေက ယူဆနေကြပါတယ်။

    "ကျွန်မအစ်ကိုဆို အဲ့သေနတ်မိတဲ့အချိန်လည်း မပါ၊ ညဘက် လမ်းပေါ်ထွက် ဆန္ဒပြမနေဘူး။ ကမ်းနားဘက်ကနေ သေနတ်တွေဖောက် လမ်းထဲဝင်လာပြီး တိုက်ခန်းသော့တွေကို ဖြတ်တယ်။ သော့ဖြတ်ဝင်လာရမလား၊ နင်တို့ဘာသာ ထွက်လာမလား မေးတယ်။ အိမ်ထဲမှာ ယောက်ျားသား ကျန်နေခဲ့သေးရင်လည်း ပစ်သတ်မယ်ပြောတယ်၊ ထွက်ကြည့်ရင်လည်း ပစ်သတ်မယ် ပြောတယ်။ အစ်ကိုနဲ့ သူ့ယောက်ဖ ၂ ယောက် စုစုပေါင်းတစ်အိမ်တည်းကနေ ယောက်ျားလေး ၃ယောက်ပါသွားတယ်။ ဆင်းသွားပြီးတော့ ခဏပြန်တက်လာတယ်။ ဖုန်း keypad ရယ်၊ အင်္ကျီတစ်စုံရယ်၊ ရေ ၁ ဘူးရယ် တောင်းပြီး ပြန်လိုက်သွားရတယ်" လို့ အစ်ကိုဖြစ်သူ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူတစ်ဦးက ဘီဘီစီကို အခုလိုပြောပြပါတယ်။

    • မြန်မာ့အရေးတရုတ်ကကြားဝင်လိုကြောင်းပြောဆို
    • ထဘီတန်းနှင့် ယတြာများ၊ ကျိန်စာများ

    ဒီနေ့ မတ်လ ၉ ရက် မနက်မှာတော့ ရွှေပြည်သာစစ်စခန်း၊ အင်းစိန်ထောင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်နဲ့ ပြည်ထောင်စုရိပ်သာလမ်းက ရဲစခန်းတွေကို သွားရောက်စုံစမ်းခဲ့ပေမယ့် လမ်းမတော်က ဖမ်းဆီးခံရသူတွေ အဲဒီကို မရောက်လာခဲ့ဘူးလို့ ဆိုပါတယ်။

    လမ်းမတော်မြို့နယ်အတွင်း မနေ့ညက တစ်ညတည်းမှာ ပြည်သူအယောက် (၂၀ ) ကျော်ဖမ်းဆီးခံရပြီး အခုချိန်အထိ မိသားစုတွေနဲ့ အဆက်အသွယ် မရသေးဘူး ဖြစ်နေပါတယ်။

    မနေ့ညက ဖြစ်စဉ်မှာ စစ်တပ်ဟာ အမျိုးသားကြက်တောင်ကွင်းဘက်က ဝင်ရောက်လာပြီး အဲ့ဒီနေရာအနီးက တိုက်တွေပေါ်က ပြည်သူတွေကိုပဲ ဖမ်းဆီးသွားခဲ့တာပါ။ နောက်ညတွေလည်း ထပ်လာမယ်လို့ ခြိမ်းခြောက်သွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ဘီဘီစီကိုပြောပြပါတယ်။

    Lanmadaw, Yangon

    ဓာတ်ပုံ ရင်းမြစ်, လမ်းမတော်ဟစ်တိုင်

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံလိုက်ရတဲ့ လမ်းမတော်ဒေသခံတချို့
    Lanmadaw, Yangon

    ဓာတ်ပုံ ရင်းမြစ်, လမ်းမတော်ဟစ်တိုင်

    ဓာတ်ပုံ ပုံစာ, လမ်းသူလမ်းသားတွေ ဖမ်းမိတဲ့ယာဉ်ပေါ်က လက်နက်တချို့
    Lanmadaw, Yangon

    ဓာတ်ပုံ ရင်းမြစ်, လမ်းမတော်ဟစ်တိုင်

    ဓာတ်ပုံ ပုံစာ, လမ်းသူလမ်းသားတွေ ဖမ်းမိတဲ့ယာဉ်ပေါ်က စစ်ဝတ်စုံတွေ
  7. အောင်လံ မြို့အရှိုချင်းတိုင်းရင်းသားများထိုင်သပိတ်ဆန္ဒထုတ်ဖော်

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာကို အရှိုချင်းတိုင်းရင်းသားတွေက ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ထိုင်သပိတ် ဆန္ဒထုတ်ဖော်တာနဲ့အတူ ရိုးရာဝါးညှပ်အကတွေကိုပါ ကပြကြပြီး ဗီနိုင်းပိုစတာတွေကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

  8. နေ့စဉ် ဖြိုခွင်းမှုတွေကြားက တာမွေမှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒ ဆက်ပြ

    တာမွေမှာတော့ နေ့စဉ် ဖြိုခွင်းခံရမှုတွေရှိနေပေမဲ့ လူငယ်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ဒီနေ့ မတ်လ ၉ ရက်မှာ ဆက်ပြုလုပ်နေပါတယ်။

    တာမွေမှာ အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ အင်အားသုံးဖြိုခွင်းခံနေရတာ မတ်လ ၃ ရက်နေ့ကတည်းက ဖြစ်ပြီး အဲဒီနေ့တစ်နေ့တည်းတင် ဖမ်းဆီးခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားလူငယ်အများစုပါတဲ့ လူရာချီဟာ အင်းစိန်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

    Tarmwe, Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Tarmwe, Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Tarmwe, Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. စစ်ကောင်စီကို တရားစွဲထားပြီဖြစ်ကြောင်း CRPH ထုတ်ပြန်

    အာဏာသိမ်းစစ်ကောင်စီ လုပ်ရပ်က နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ဖြစ်တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၂(၁)၊ ၁၂၄ (က) တို့အရ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ မတ်လ ၄ ရက်နေ့မှာ ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ပြီး ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က သတင်းထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကောင်စီဟာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘဲ မတရားသဖြင့် အာဏာသိမ်းယူခဲ့တာ ဖြစ်ကြောင်းလည်း မတ်လ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ CRPH ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    CRPH နဲ့ ဆက်သွယ် ဆောင်ရွက်ခြင်း မပြုဖို့နဲ့ ဆက်သွယ် ဆောင်ရွက်သူများကို ထောင်ခုနစ်နှစ်ထိ ချမှတ်နိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

    CRPH

    ဓာတ်ပုံ ရင်းမြစ်, CRPH

  10. ကွတ်ခိုင်မြို့နဲ့ ၆ မိုင်ခန့်သာဝေးတဲ့ မော်ဟန်ရွာအထိ TNLA တပ်ဖွဲ့ ရောက်ရှိလှုပ်ရှား

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ ၆ မိုင်ခန့်သာ ဝေးတဲ့ မော်ဟန်ရွာအနီးကို မတ်လ ၈ ရက် နေ့လယ်လောက်ကစပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA)ရဲ့ တပ်ဖွဲ့တွေ ရောက်ရှိ လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    မော်ဟန်ကျေးရွာဘက်ကို မတ်လ ၈ ရက်မွန်းတည့် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ အင်အား (၃၀၀) နီးပါး တဖွဲဖွဲ ရောက်ရှိလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ကွတ်ခိုင်မြို့တွင်းမှာ ဆန္ဒပြလူထုတွေကို ရဲနဲ့စစ်တပ်က ဖြိုခွဲမယ့် အသင့်အနေအထား ရှိနေပေမယ့် မတ်လ ၇ နဲ့ ၈ ရက်တို့မှာ ဖြိုခွဲတာတွေ မလုပ်ဆောင်ခဲ့ဘဲ ငြိမ်းချမ်းစွာနဲ့ ပြီးဆုံးခဲ့တယ်လို့ ပါဝင်သူတစ်ဦးက ပြောပါတယ်။

    မတ်လ ၇ ရက်ကလည်း TNLA တပ်ဖွဲ့တွေဟာ ကွတ်ခိုင်မြို့အနီး ရောက်ရှိလာပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လူထုတွေနဲ့ CDM လုပ်နေသူတွေနဲ့အတူ ရပ်တည်ကာကွယ်ဖို့ ဆိုပြီး ပြောဆိုခဲ့ပါတယ်။

    အလားတူ မတ်လ ၅ ရက် မနက် ၄ နာရီကျော်ကလည်း လားရှိုးမြို့နဲ့ ၅ မိုင်ခန့်သာဝေးတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ မယ်ဟန်ရွာအထိ TNLA တပ်ဖွဲ့ ရာချီ ဝင်ရောက်ခဲ့ပါသေးတယ်။

    Kutkai, northern Shan state

    ဓာတ်ပုံ ရင်းမြစ်, CJ/MNWM

    ဓာတ်ပုံ ပုံစာ, TNLA တပ်ဖွဲ့ဝင်တချို့ကို မော်ဟန်ရွာအနီးမှာတွေ့ရစဉ်
    Kutkai, northern Shan state

    ဓာတ်ပုံ ရင်းမြစ်, CJ/MNWM

    ဓာတ်ပုံ ပုံစာ, TNLA တပ်ဖွဲ့ဝင်တချို့ကို မော်ဟန်ရွာအနီးမှာတွေ့ရစဉ်
  11. မြစ်ကြီးနားမှာ မနေ့က သေနတ်ကျည်ထိမှန်သေဆုံးသူ ကိုဇင်မင်းထက်ရဲ့နာရေး

    မြစ်ကြီးနားမြို့၊ အောင်နန်းရပ်မှာ မနေ့က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေ ဖြိုခွင်းချိန်မှာ ဦးခေါင်းကို သေနတ်ကျည်ထိမှန်ပြီးသေဆုံးခဲ့တဲ့ ကိုဇင်မင်းထက်ရဲ့ နာရေးကို ပြင်ဆင်ထားတဲ့နေရာမှာ လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းတွေကို လူထုက လာရောက်ဂုဏ်ပြုထားရှိနေတာဖြစ်ပါတယ်။

    ကိုဇင်မင်းထက်ဟာ ကွယ်လွန်ချိန်မှာ အသက် ၂၄ နှစ်သာရှိသေးပြီး ဒီနေ့ မတ်လ ၉ ရက်မွန်းလွဲ ၁ နာရီမှာ ရာဒါကောင်းသုသာန်မှာ ပို့ဆောင်သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

    မနေ့က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ဦးခေါင်းကိုသေနတ်ကျည်ထိမှန်သူက ကိုဇင်မင်းထက်အပြင် အသက် ၆၀ ကျော်အရွယ်ရှိ ဦးကိုကိုလေး(ခ) ဦးချိုတားလည်း ပါဝင်ခဲ့ပြီး သူ့ကိုတော့ မနေ့ကပဲ အစ္စလာမ်ထုံးတမ်းစဉ်လာနဲ့အညီ နာရေးအခမ်းအနားပြုလုပ်ခဲ့ပါတယ်။

    သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသမ်းပြီးတဲ့နောက် မြစ်ကြီးနားက အာဏာသိမ်းမှုဆန့်ကျင်သပိတ်တွေဖြိုခွင်းခံရစဉ် ပထမဆုံးသေဆုံးခဲ့သူနှစ်ဦးလည်း ဖြစ်ပါတယ်။

    Kachin
    ဓာတ်ပုံ ပုံစာ, သေဆုံးသူကိုဇင်မင်းထက်ရဲ့ မိခင်
    Kachin
    Kachin
  12. မိုးညှင်းသပိတ်ဖြိုခွဲခံရမှု နှစ်ဦး ဒဏ်ရာရ

    ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဖြိုခွဲခံရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသမီးမှာ ခါးထိမှန်ဒဏ်ရာရခဲ့ပြီး အမျိုးသားမှာ လက်မောင်းကျည်မှန်ထိမှန်တာကြောင့်သွေးထွက်လွန်နေလို့ အရေးပေါ်ကုသမှုပေးနေရတယ်လို့ဆိုပါတယ်။

    ဆန္ဒပြလူထုကိုဖြိုခွဲတဲ့အခါ ရာဘာကျည်နဲ့ ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ခဲ့တယ်လို့ ဆန္ဒပြရာမှာပါဝင်သူတွေကပြောပါတယ်။

    Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လက်မောင်းကျည်ထိမှန်ဒဏ်ရာရသူ
    Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တပ်နဲ့ ရဲတွေ လာရောက်ဖြိုခွင်း
    Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ

    Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ

    Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. ကျောက်ပန်းတောင်းမြို့က စစ်အာဏာသိမ်းဆန့်ကျင်သပိတ် ဖြိုခွင်းခံရ

    ကျောက်ပန်းတောင်းမြို့၊ သီရိမင်္ဂလာရပ်ကွက်မှာ ဒီနေ့ မတ်လ (၉)ရက် မနက် (၉) နာရီခန့်က သပိတ်စစ်ကြောင်းစဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေကို ရဲနဲ့စစ်တပ်က ပိတ်ဆို့ဖမ်းဆီးဖို့ လုပ်ခဲ့တာပါ။

    ဒီလိုရပ်ကွက်ကို အင်အားသုံးပိတ်ထားတာကြောင့် ဆိုင်ကယ် အစီး (၂၀)ခန့်က စတင်ကာ မြို့ပတ် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

    "ကျောင်းသားတွေကို ရပ်ကွက်ထဲထိဖိပြီး လိုက်ရှာနေတော့ ဆိုင်ကယ်တွေစီး၊ ဟွန်းတီးပြီး မြို့ပတ်ဆန္ဒပြတယ်။ စစတုန်းက အစီး ၂၀လောက်ပဲ။ နောက် ဆိုင်ကယ်တော်တော်များတယ်။ မြို့ ၄ပတ်လောက်ပတ်လိုက်တယ်။ လမ်းကိုပိတ်ပြီး ဆန္ဒပြဖို့ တို့အရေးအော်နေတာ ၅မိနစ်တောင်မရှိသေးဘူး။ စစ်ကားရောက်လာပြီး ဖြိုခွဲတာပဲ။ ဘာနဲ့ ပစ်နေလဲတောင် သေချာမသိတော့ဘူး" လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလို ဖြိုခွဲခံရတာကြောင့် ထိခိုက်ဒဏ်ရာသူစာရင်းကိုလည်း အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။

    Update: မွန်းလွဲ ၁၂ နာရီကျော်မှာထပ်မံသိရှိရတာကတော့ ဒဏ်ရာရသူ နှစ်ဦးခန့်ရှိပြီး လူသုံးယောက်ထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့လည်း သိရပါတယ်။

    Mandalay, Kyaukpadaung

    ဓာတ်ပုံ ရင်းမြစ်, CJ

    Mandalay, Kyaukpadaung

    ဓာတ်ပုံ ရင်းမြစ်, CJ

    Mandalay, Kyaukpadaung

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. မြိတ်မြို့က သပိတ်စစ်ကြောင်းနှစ်ခုဖြိုခွဲခံရပြီး တစ်ဦးရိုက်နှက်ခံရ၊ အယောက်(၄၀)ကျော်ကို ဖမ်းဆီးသွား

    မြိတ်မြို့က ကွက်သစ်ရပ်ကွက်နဲ့ ရွှေပြည်တန်ရပ်ကွက်တွေက သပိတ်စစ်ကြောင်းနှစ်ခုကို မနက် (၉)နာရီခွဲမှာ ရဲနဲ့ စစ်သားတွေက ဖြိုခွဲခဲ့ပါတယ်။

    ဒီလိုဖြိုခွဲတာကြောင့် ကွက်သစ်ရပ်ကွက်ဘက်မှာ အယောက် (၄၀) ကျော်အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ ရွှေပြည်တန်ရပ်ကွက်ဘက်မှာတော့ လမ်းမကြီးမှာရှိတဲ့ အတားအဆီးတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် (၆၀)အရွယ် အမျိုးသား (၁)ဦးကိုရိုက်နှက်အကြမ်းဖက်တာတွေရှိကြောင်း ဘီဘီစီကို အခုလိုပြောပြပါတယ်။

    "ရွှေပြည်တန်ဘက်ကို ရဲနဲ့စစ်သားလာတော့ သပိတ်ကြောင်းခွဲလိုက်တယ်။ သူတို့ဖမ်းစရာလူမရှိတဲ့သဘောဖြစ်သွားတယ်။ အဲဒီအချိန် ၊ အဲဒီနေရာမှာ ကုန်းဖောက်ဘက်က ဒီလူကြီးက ကွမ်းယာလာဝယ်နေတာ။ သူက အသက်ကြီးတော့ သူ့ဆိုင်ကယ်ပေါ် တက်လိုက်ပေမယ့် နောက်ကျ ကျန်ခဲ့သလိုဖြစ်တာ။ ဆိုင်ကယ်ပေါ်ကဆွဲချပြီးရဲက သူ့ကိုနံပါတ်တုတ်နဲ့ ရိုက်တာ (၁၇)ချက်လောက်ရှိတယ်" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

    ရိုက်နှက်ခံရသူကို နေအိမ်ကို ပြန်ပို့ထားကြောင်းသိရပြီး ထပ်မံဖမ်းဆီးခံရသူတွေရှိ၊ မရှိ စုံစမ်းနေဆဲလို့ သိရပါတယ်။

    Myeik

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဆန္ဒပြပွဲအနီးတဝိုက်ဖျက်ဆီးခံထားရတဲ့မြင်ကွင်းတချို့
    Myeik

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဆန္ဒပြပွဲအနီးတဝိုက်ဖျက်ဆီးခံထားရတဲ့မြင်ကွင်းတချို့
  15. ကိုယ်ကျိုးအတွက် ငွေတပြားတကျပ်မှ အလွဲသုံးစား မလုပ်ဖူးကြောင်း ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့ သမီးဖြစ်သူ သစ္စာဆိုဖွင့်ဟ

    ဦးကျော်သူနဲ့ ဒေါ်မြင့်မြင့်ခင်ဖေ(ခေါ်)ဒေါ်ရွှေဇီးကွက်တို့ဟာ ပြည်သူလူထုက ယုံကြည်စွာလှူဒါန်းထားတဲ့ငွေနဲ့ ဝတ္ထုပစ္စည်းတွေကို ဘယ်တုန်းကမှ ကိုယ်ရေးကိုယ်တာကိုယ်ကျိုးအတွက် ငွေတပြားတကျပ်ကိုမှ အလွဲသုံးစားမလုပ်ခဲ့ကြောင်း ၎င်းတို့ရဲ့သမီးဖြစ်သူက လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့မတ်လ ၉ ရက်နေ့မနက်ပိုင်းက အခုလို ရေးသားထားပါတယ်။

    "နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဘဦးသုခတို့နှင့်အတူ ၂၀၀၁ခုနှစ်တွင် စတင်တည်ထောင်တုန်းကလည်း စတင်မတည်ငွေအဖြစ် မိမိ မိဘများမှ ငွေဒါနပြုခဲ့သည်။ နာ/ကူအသင်း သက်တမ်းတလျှောက်လုံးတွင်လည်း မိမိ မိဘများမှ လူအား၊အချိန်အား၊ငွေအားစိုက်ကာ ငွေတစ်ပြားတစ်ကျပ်မှမယူပဲ စစ်မှန်‌သောပရဟိတစိတ်ဖြင့်သာ ပြည်သူများအပေါ်တွင် အလုပ်အကျွေးပြုနေခြင်းသာ ဖြစ်ပါသည်။ မိမိ မိဘများသည် သူတပါး၏ ပစ္စည်းဥစ္စာကို အဘယ်သော်အခါကမှ အဓမ္မဖြင့် လိမ်ညာအမြတ်ထုတ်ချင်း မလုပ်ခဲ့ဖူးပါ။ အထက်ပါအချက်များကို မိမိအသက်ဖြင့် သစ္စာဆိုရဲသည်"သည် စသဖြင့် ရေးသားထားတာဖြစ်ပါတယ်။

    နာရေးကူညီမှုအသင်းရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဘဏ္ဍာရေးမှူးဒေါ်ရွှေဇီးကွက်တို့ကို စစ်ကောင်စီက မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားပါတယ်။ နာကူအသင်းရန်ကုန်ရုံးကိုလည်း တပ်နဲ့ရဲက ဝင်ရောက်စီးနင်းရှာဖွေထားပြီး စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေကို သိမ်းဆည်းယူဆောင်သွားတယ်လို့ အခင်းဖြစ်စဉ်မှာ ရှိနေတဲ့သူတွေက ပြောကြားထားပါတယ်။

    ဒါ့အပြင် သူတို့နှစ်ဦးနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ နာကူအသင်းကိုအကြောင်းပြုပြီး အများပြည်သူလှူဒါန်းတဲ့ငွေကြေးတွေကိုအလွဲသုံးစားလုပ် တိမ်းရှောင်ထွက်ပြေးနေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့်သမီးဖြစ်သူက အခုလို ထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။ ဒေါ်ရွှေဇီးကွက်ဟာ ၈၈ ငြိမ်းပွင့်က အဖွဲ့ဝင်တချို့နဲ့အတူ CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ နိုင်ငံ့ဝန်ထမ်းတွေအတွက် ထောက်ပံ့ကူညီရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်အောင် ကြိုးစားနေသူဖြစ်ပါတယ်။

  16. အတိုင်ပင်ခံနဲ့ သမ္မတကြီးကို လွှတ်ပေးဖို့ လန်ဒန်က မြန်မာသံအမတ်ကြီးတောင်းဆို

    လန်ဒန်မြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးကျော်စွာမင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦး၀င်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆို လိုက်ပါတယ်။

    ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်၊ ဓနသဟာရရုံး၀န်ကြီး နိုင်ဂျဲအဒမ်စ်တို့နဲ့ သံအမတ်ကြီး ဦးကျော်စွာမင်း မတ်လ ၈ ရက်၊ မနေ့၊ တနင်္လာနေ့က တွေ့ဆုံ ခဲ့ပြီးတဲ့နောက်၊ လန်ဒန်မြို့ မြန်မာသံရုံးကနေ သံအမတ်ကြီး လက်မှတ်နဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

    ၂၀၁၄ မတ်လကတည်းက ဗြိတိန်ဘုရင်မကြီးထံ ဦးကျော်စွာမင်းဟာ မြန်မာပြည်ရဲ့ သံအမတ် ဖြစ်ကြောင်း စာလွှာပေးအပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အဲဒီရာထူးနေရာမှာ ဆက်လက် ခန့်ထားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

    သူဟာ သံတမန်တစ်ဦးဖြစ်တဲ့ အတွက် သံခင်းတမန်ခင်း လမ်းကိုပဲ ရွေးချယ်တယ်၊ လက်ရှိ အကျပ်အတည်းကို စားပွဲ၀ိုင်းဆွေးနွေးပွဲကနေပဲ အဖြေရှာနိုင်လိမ့်မယ် ဆိုပြီးတော့လည်း အဲဒီစာထဲ ပါ၀င်ပါတယ်။

    စာထဲမှာ လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH နဲ့ ပတ်သက်ပြီး ဘယ်လို သဘောထား ရှိသလဲဆိုတာတော့ ဖော်ပြမထားပါဘူး။

    ဒါ့အပြင် CRPH က ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ မျက်နှာစာမှာ တောင်းဆို နေတာဟာ မြန်မာပြည်ထဲ ကုလတပ်တွေ စေလွှတ်ပြီး လက်နက်မဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ စစ်ခေါင်းဆောင်တွေကိုလည်း နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ဖို့ လုပ်ဆောင်နေတယ်လို့ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက ပြောထားပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက် ၁ရက် ဖေဖေါ်၀ါရီနဲ့ ၂၂ ဖေဖေါ်၀ါရီ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဗြိတိန်အစိုးရရဲ့ ကြေညာချက်တွေကို ဦးကျော်စွာမင်းက သဘောတူတယ် ဆိုတဲ့ အချက်ကိုတော့ သူ့ရဲ့ အခုထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    ဗြိတိန်ရဲ့ ထုတ်ပြန်ချက်တွေထဲ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ကို လေးစားပါ ဆိုတဲ့ အချက် ပါ၀င်ပါတယ်။

    ဦးကျော်စွာမင်းက ခုလို ကြေညာချက် ထုတ်လာတဲ့ အပေါ်ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်က အင်မတန် သတ္တိရှိတဲ့ လုပ်ရပ်၊ တိုင်းချစ်ပြည်ချစ်စိတ် ရှိတဲ့ လုပ်ရပ် ဆိုပြီး ချီးကျူး ပြောဆိုပါတယ်။

    ဒါ့အပြင်၊ မြန်မာစစ်တပ်ကိုလည်း ဆန္ဒပြသူတွေကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲနေတာတွေ ရပ်တန့်ဖို့နဲ့၊ ဒီမိုကရေစီစနစ် ပြန်လည် ထူထောင်ဖို့ ၀န်ကြီး ဒေါမနစ်ရပ်ဘ်က ထပ်လောင်း တောင်းဆိုပါတယ်။

    CRPH
    ဓာတ်ပုံ ပုံစာ, CRPH နဲ့ ပတ်သက်ပြီး ဘယ်လို သဘောထား ရှိသလဲဆိုတာတော့ ဖော်ပြမထား
  17. ဥရောပနိုင်ငံတလွှား မြန်မာသံရုံးတွေရှေ့ အ၀ေးရောက်မြန်မာတွေ ဆန္ဒပြ

    ဘရပ်ဆဲမြို့တော်က မြန်မာသံရုံးရှေ့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ
    ဓာတ်ပုံ ပုံစာ, ဘရပ်ဆဲမြို့တော်က မြန်မာသံရုံးရှေ့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ
    နယ်သာလန်မှာလည်း အ၀ေးရောက်မြန်မာတွေ ဆန္ဒပြ
    ဓာတ်ပုံ ပုံစာ, နယ်သာလန်မှာလည်း အ၀ေးရောက်မြန်မာတွေ ဆန္ဒပြ
    ဂျာမနီက ဆန္ဒပြပွဲ
    ဓာတ်ပုံ ပုံစာ, ဂျာမနီက ဆန္ဒပြပွဲ

    စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို ဥရောပ နိုင်ငံတချို့က မြန်မာ သံရုံးတွေ ရှေ့မှာ မတ်လ ၈ ရက်၊ တနင်္လာနေ့က ပြုလုပ်ခဲ့ကြပါတယ်။

    ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ နယ်သာလန် စတဲ့ နိုင်ငံတွေမှာ နေထိုင်တဲ့ မြန်မာတွေ တချိန်တည်း တနေ့တည်း ပြုလုပ်ခဲ့ကြတာပါ။

    အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အစိုးရ ဝန်ကြီးတွေ အပါအဝင် ဖမ်းဆီးခံထားရသူတွေအားလုံးကို လွှတ်ပေးဖို့၊ ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်နှိမ်နင်းမှုတွေ ရပ်တန်းက ရပ်ဖို့နဲ့ တောင်းဆိုမှုတွေ အတော်များများ ပြုလုပ်ခဲ့ကြပါတယ်။

    ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲမြို့တော်က မြန်မာသံရုံးရှေ့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို တနင်္လာနေ့ နေ့လယ်က ပြုလုပ်ခဲ့ပြီး သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ နဲ့ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီကို သံရုံးဝန်ထမ်းတွေကတာ ဝန်ခံဖို့ တိုက်တွန်းတဲ့ စာတစ်စောင်ကိုလည်း သံရုံးကို ပေးခဲ့ကြပါတယ်။

    ကိုဗစ်နိုင်တင်း ကပ်ဘေးကာလ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ခွင့်ပြုထားတဲ့ အရေအတွက်အတိုင်း အဲဒီ ဆန္ဒပြပွဲကို တိုင်းရင်းသားတွေ အပါအဝင် လူ ၂၀ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒမှုတွေကို စစ်တပ်နဲ့ ရဲတွေပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းနည်းနဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ်သံရုံရှေ့မှာ ပန်းစည်းတွေချ၊ ဖယောင်းတိုင်တွေထွန်းပြီး ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။

    အီတလီနိုင်ငံ ရောမမြို့က မြန်မာ သံရုံးရှေ့မှာ သွားရောက်ဆန္ဒပြသူတွေက သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေ CDM မှာ ပါဝင်ဖို့တိုက်တွန်းတဲ့ စာ ပေးပို့ ကြိုးစားခဲ့ပေမဲ့ သံရုံးက လက်ခံယူခဲ့ခြင်း မရှိတဲ့ အတွက် နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ကြတဲ့ သူရဲကောင်းများ အတွက် ဆိုပြီး ပန်စည်းတွေသာ ချခဲ့ကြရတယ်လို့ ပြောပါတယ်။

    အလားတူ ပြင်သစ်နိုင်ငံ ပဲရစ် မြို့နဲ့ နယ်သာလန်နိုင်ငံ တို့မှာလည်း စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး CDM လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ဖို့တောင်းဆိုခဲ့ကြပါတယ်။

    အီတလီ၊ ရောမမြို့တော်မှာလည်း ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, BB

    ဓာတ်ပုံ ပုံစာ, အီတလီ၊ ရောမမြို့တော်မှာလည်း ဆန္ဒပြ
    နယ်သာလန်နိုင်ငံက မြန်မာ့အရေး ဆန္ဒပြပွဲ
    ဓာတ်ပုံ ပုံစာ, နယ်သာလန်နိုင်ငံက မြန်မာ့အရေး ဆန္ဒပြပွဲ
    အသက်ပေးရသူတွေအတွက် ဘရပ်ဆဲမြို့က ဂုဏ်ပြုအမှတ်တရ
    ဓာတ်ပုံ ပုံစာ, အသက်ပေးရသူတွေအတွက် ဘရပ်ဆဲမြို့က ဂုဏ်ပြုအမှတ်တရ
  18. စမ်းချောင်းမှာညက တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ မနက် ၂ နာရီကျော်မှာ ပြန်လည်ထွက်ခွာသွား၊ ဖမ်းဆီးခံရသူတချို့ရှိသလို ပြန်လည်လွတ်မြောက်လာသူတွေလည်းရှိ

    စမ်းချောင်း မြို့နယ်ထဲ ကလမ်းအချို့ကို မနေ့ညတုန်းက အာဏာသိမ်းစစ်ကောင်စီ တပ်တွေက ပိတ်ထားပြီး အိမ်တွေကို ဝင်ရောက်စီးနင်းပြီးရှာဖွေဖို့ ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေက လမ်းတွေပြန်ဖွင့်ပေးဖို့ ည သန်းခေါင်ယံအချိန်ထိ စုဝေးတောင်းဆိုခဲ့ကြပါတယ်။

    စမ်းချောင်းမြို့နယ်ကို ရဲနဲ့စစ်တပ်က မတ်လ ၉ ရက်မနက် ၂ နာရီလောက်အထိ ဆက်ပြီးဝိုင်းထားဆဲဖြစ်ပြီး တစ်လမ်းဝင်တစ်လမ်းထွက် ဝင်ရောက်ဆဲဆိုအော်ဟစ်တာ၊ ခြိမ်းခြောက်တာတွေရှိခဲ့တယ်လို့ မျက်မြင်တွေကပြောပါတယ်။

    ဖမ်းဆီးခံရသူတွေ ရှိသလို ဘယ်နှဦးဆိုတာတော့ ဘီဘီစီက အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

    ပြန်လည်လွတ်မြောက်လာသူတစ်ဦးကတော့ မနက် ၂ နာရီခွဲလောက်မှာ တပ်တွေပြန်ထွက်ခွာသွားပြီးနောက် ရပ်ကွက်ထဲက လူငယ်တချို့က ပိတ်မိသူတွေရှိနေလားလို့ လိုက်လံအော်ဟစ်ခေါ်ယူပေးပြီး နေရာလွတ်တစ်ခုဆီ စုပေါင်းခေါ်ဆောင်ပေးခဲ့ကြောင်းနဲ့ ရပ်ကွက်နေသူတွေကလည်း ဝိုင်းဝန်းကူညီတာကြောင့် မနက် ၆ နာရီလောက်မှာ ပြန်ထွက်လာနိုင်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

    "လွတ်လာတဲ့သူတွေတော့များတယ်။ ကျွန်တော်တို့ အုပ်လိုက်ကြီးပဲ။ မနက် ၃ နာရီ၊ ၄ နာရီဝန်းကျင်လောက် အိမ်တွေကနေ ထွက်လာနိုင်တယ်။ Free ride တွေလည်း ရတယ်။ လူမှုကူညီရေးအသင်းတွေလည်း လာကူခေါ်ပေးကြတယ်။ မနက် ၆ နာရီမှာ အိမ်ပြန်ရောက်တယ်။ ဖမ်းခံရတာကတော့ ခု စုံစမ်းကြည့်သလောက် ၂၈ ကနေ ၅၀ ဦးလောက်အတွင်း ဖမ်းခံရတယ်လို့ သိရတယ်။ ဒါ သေချာတော့ ကွန်ဖမ်းမလုပ်ရသေးဘူး။ မနေ့က သူတို့ တပ်ခေါက်သွားတာကတော့ မြို့နယ် ၁၅ ခုလောက်က ဝိုင်းအော်တာရယ်၊ သံရုံးတွေနဲ့ UN က ကြေညာချက်ထွက်လာတာလည်းပါမယ်။ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးက စမ်းချောင်းကို ကြည့်နေတယ်ဆိုတာကြောင့်ပါမယ် " လို့ သူကပြောပါတယ်။

    မနေ့ညက စမ်းချောင်းကနေ ဆန္ဒပြလူငယ်တွေပြန်မထွက်နိုင်အောင် ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် တခြားမြို့နယ်က လူထုတွေကပါစမ်းချောင်းအတွက်လမ်းပေါ်တက်ဆန္ဒဖော်ထုတ်ခဲ့ကြသလို အမေရိကန်၊ ဗြိတန်သံရုံးနဲ့ ယူအန်ရုံးတို့ကလည်း စာထုတ်ပြီး လမ်းတွေပြန်ဖွင့်ပေးဖို့ ချက်ချင်းတောင်းဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။

    မနေ့ည သန်းခေါင်ယံအချိန်အထိ စမ်းချောင်းထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အော်ဟစ်ခြိမ်းခြောက်ပြောဆိုမှုတွေရှိသလို ရှာဖွေဖမ်းဆီးမှုတွေလည်း ရှိခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

    အခုလို ပိတ်ဆို့ရှာဖွေဖမ်းဆီးမှုတွေရှိနေပေမယ့်လည်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြဖို့အတွက် ဒီနေ့လည်း ပုံမှန်အတိုင်း ဆက်ထွက်ဦးမယ်လို့ ပြန်လည်လွတ်မြောက်လာသူတချို့ကပြောပါတယ်။

    Sanchaung

    ဓာတ်ပုံ ရင်းမြစ်, Noble Aye

    ဓာတ်ပုံ ပုံစာ, မင်းလမ်းမှာ ဖျက်ဆီးခံရတဲ့ယာဉ်တချို့ကိုတွေ့ရစဉ်။
    Sanchaung

    ဓာတ်ပုံ ရင်းမြစ်, Noble Aye

    ဓာတ်ပုံ ပုံစာ, မင်းလမ်းမှာ ဖျက်ဆီးခံရတဲ့ယာဉ်တချို့ကိုတွေ့ရစဉ်။
  19. အင်တာနက်လိုင်းတွေ မနက် ၇ နာရီဝန်းကျင်ကစလို့ ပြန်ရ

    မြန်မာနိုင်ငံမှာ အမ်ပီတီ၊ အူရီဒူး၊ တယ်လီနောအပါအဝင် မိုဘိုင်းအော်ပရေတာတွေ၊ အင်တာနက်ဝန်ဆောင်မှုတွေကို နေ့စဉ်မနက် ၁ နာရီကနေ မနက် ၉နာရီအထိ ဖြတ်တောက်ထားရာကနေ ဒီနေ့ မတ်လ ၉ ရက်က မနက် ၇ နာရီဝန်းကျင်ကစလို့ အင်တာနက်လိုင်းတွေ ပြန်လည်သုံးစွဲနိုင်ပြီဖြစ်ပါတယ်။

    ညစဉ် မနက် ၁ နာရီကနေ ၉ နာရီဝန်းကျင်အထိ အင်တာနက်လိုင်း ဖြတ်တောက်မှုတွေဖြစ်နေတာ ၂၁ ရက်ကြာအပြီးမှာ ဖြတ်တောက်ချိန် ၂ နာရီနီးပါး လျော့သွားခဲ့တာပါ။

    ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အော်ပရေတာတွေနဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူတွေကို ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ၂၈ ရက်အထိ အင်တာနက်လိုင်းဖြတ်တောက်ဖို့ ညွှန်ကြားစာထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မတ်လပထမပတ်ထဲရောက်တဲ့အထိ နေ့စဉ် ၈ နာရီကြာ အင်တာနက်ဖြတ်တောက်မှုတွေ ဆက်ဖြစ်နေခဲ့သလို ဒါနဲ့ပတ်သက်ပြီး အော်ပရေတာတွေ၊ ဝန်ဆောင်မှု ပေးသူတွေဘက်က ဘယ်ကာလအထိ ဖြတ်တောက်မယ်ဆိုတာ သုံးစွဲသူကို အသိပေးကြေညာတာမျိုး မရှိခဲ့ပါဘူး။

    အခုလို အင်တာနက်ဖြတ်တောက်ထားမှုအချိန်ကို လျှော့ချလိုက်ပေမယ့် ဒါဟာ နိုင်ငံသားတွေရဲ့ မူလရပိုင်ခွင့်ဖြစ်လို့ အရင်တည်းက အင်တာနက်ကို ဖြတ်တောက်စရာမလိုဘဲ အချိန်ပြည့်ပေးသင့်တယ်လို့ ဝေဖန်ပြောကြားမှုတွေလည်းရှိနေပါတယ်။

    Internet

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  20. ဂျပန်အစိုးရက မြန်မာစစ်တပ်ကို အချက် ၃ ချက် တိုက်တွန်းသွားမယ်လို့ ထုတ်ပြန်

    ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အချက်သုံးချက် အလေးအနက်ထားတိုက်တွန်းသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

    အဲဒီအချက်တွေကတော့ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်ဆိုင်းရန်၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ပြန်လွှတ်ပေးရန်နဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့ နိုင်ငံရေးစနစ် အမြန်ဆုံးရရှိစေရန် စတဲ့အချက် ၃ ချက်ကို ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    မနေ့ညက မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သွားတဲ့ သတင်းနဲ့ ဆက်စပ်လို့ အခုလို ထုတ်ပြန်တာဖြစ်တယ်လို့လည်း မတ်လ ၈ ရက်ညပိုင်းက သံရုံးထုတ်ပြန်ချက်က ဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်မှာ ဂျပန်သံအမတ်ကြီးဟာ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သံရုံးထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

    အဲဒီလိုတွေ့ဆုံတဲ့အခါမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာမှာ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း အခြေအနေတွေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိကြောင်း တိုက်ရိုက်ပြောကြားခဲ့ပြီး အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို လုံးဝရပ်ဆိုင်းရန်၊ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အမြန်ဆုံးလွှတ်ပေးရန်နဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့နိုင်ငံရေးစနစ် အမြန်ဆုံး ပြန်လည်ရရှိစေရေးအတွက် အလေးအနက်ထား တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အဲဒီလိုပြောကြားချက်အပေါ် မြန်မာဘက်က ယခုထိ စွဲကိုင်ထားတဲ့ ရပ်တည်ချက်ကို ပြန်လည် ရှင်းလင်းပြောကြားခဲ့တယ်လို့ သံရုံးက ရေးသားထားပါတယ်။

    မြန်မာဘက်က ကိုင်စွဲထားတဲ့အချက်တွေဆိုတာ ဘာတွေလဲဆိုတာတော့ သံရုံးထုတ်ပြန်ချက်မှာ ရှင်းလင်းမထားပါဘူး။

    Japan, Myanmar

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြတာကြောင့်ဖမ်းဆီးခံထားရတဲ့ကျောင်းသားများပြန်လွှတ်ပေးရေး တောင်းဆိုနေစဉ်