အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် လူတစ်ရာကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ဒီရာဇဝတ်မှုတွေကို ပြစ်ဒဏ်ချနိုင်အောင် အင်တိုက်အားတိုက် လုပ်သွားမယ်လို့လည်း ဒီကနေ့ မေလ ၂၅ ရက်မှာထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပြည်တွင်းက စားသုံးဆီ အခက်အခဲ

  2. ရေဦးနယ်၊ မုန်တိုင်ပင်ရွာမှာ ဦးပဥ္ဇင်း ၃ ပါးအပါအဝင် ရွာသား ၄၀ နီးပါးကို စစ်တပ်ဖမ်းသွား, နေအိမ် အလုံး ၅၀ နီးပါး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေပြော

    ရေဦးမြို့နယ်ထဲက နှောကုန်းရွာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မီးရှို့ခံခဲ့ရပါတယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရေဦးမြို့နယ်ထဲက နှောကုန်းရွာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မီးရှို့ခံခဲ့ရပါတယ်

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မုံတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ပြီးနောက် အဲဒီရွာထဲက ဦးပဥ္ဇင်း ၃ ပါး အပါအဝင် အမျိုးသားတွေအများစုပါဝင်တဲ့ လူပေါင်း ၃၈ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကိုပြောပြလာပါတယ်။

    စစ်ကောင်စီတပ်ဟာ မေလ ၁၀ ရက် မနက် ၅ နာရီကျော်ကျော်မှာ ကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီးနောက်မှာ ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ အစောပိုင်းမှာ လူပေါင်း ၅၀ ကျော်ကို ဖမ်းခဲ့တာဖြစ်ပေမဲ့ အဲဒီထဲက အမျိုးသမီးနဲ့ကလေး အယောက် ၂၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ''ရွာထဲက အိမ်တွေကို မီးရှို့သွားတယ်။ ကျွန်မအိမ်လည်းပါသွားတယ်။ ပြေးတဲ့အချိန်မှာ ကိုယ်လွတ်ရုန်းခဲ့ရတော့ ဘာမှ မသယ်နိုင်ခဲ့ဘူး။ ဘာမှမကျန်တော့ဘူး။ မောင်တစ်ယောက်လည်း အဖမ်းခံရတဲ့အထဲပါသွားတယ်။ နွားစာပုံတောင် မီးလောင်နေတုန်းပဲ။ အများစုက ရွာထဲမဝင်ရဲသေးဘူး။ ဝင်ရဲတဲ့အိမ်ကတော့ အခု မီးဝင်ငြိမ်းနေကြပြီ။ မနက် ၂ နာရီမှာ သူတို့ထွက်သွားတော့ အဲဒီလူတွေကိုပါ ဖမ်းသွားတယ် '' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ မုန်တိုင်ပင်ရွာကို ၂ ရက်ဆက်ဆိုက် ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပါတယ်။ အဲဒီ ၂ ရက်ဆက်တိုက်မီးရှို့ခံရမှုမှာ မုံတိုင်ပင်ရွာထဲက နေအိမ်အလုံး ၅၀ နီးပါးလည်း မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မုံတိုင်ပင်ရွာကနေ ထွက်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မှာတော့ အင်ပင်အုပ်စုထဲက ရွာတွေကို ဝင်ရောက်မွှေနှောက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဘီဘီစီက နောက်ဆုံးသိရှိရတဲ့သတင်းတွေအရ စစ်ကိုင်းတိုင်းထဲက ခင်ဦးမြို့နယ်ထဲမှာလည်း ကားဆိပ်၊ ကျေးရွာနဲ့ မကျီးတုံကျေးရွာတွေကို စစ်တပ်က ဒီနေ့မှာပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် စစ်သာတွေထွက်သွာမှ မီးငြိမ်းနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ဆက်သွယ်ပြောဆိုလာကြပါတယ်။

  3. NUG၊ NUCC တို့နဲ့ထိတွေ့ပြောဆိုဖို့ အကြံပြုချက် အာဆီယံအထူးသံ ကြိုဆိုတယ်လို့ မလေးရှားပြော

    အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲပြုလုပ်မယ့် ခေါင်းဆောင်တွေနဲ့အတူ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဝါရှင်တန်ကို ရောက်နေကြချိန် အလွတ်သဘောတွေ့ဆုံကြတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, @saifuddinabd

    ဓာတ်ပုံ ပုံစာ, အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲပြုလုပ်မယ့် ခေါင်းဆောင်တွေနဲ့အတူ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဝါရှင်တန်ကို ရောက်နေကြချိန် အလွတ်သဘောတွေ့ဆုံကြတာဖြစ်ပါတယ်။

    မြန်မာ့အရေးဖြေရှင်းရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ဖက်ဒရယ်ဒီမိုကရေစီလိုလားတဲ့အတိုက်အခံနိုင်ငံရေးအင်အားစု အတိုင်ပင်ခံကောင်စီ(NUCC) တို့နဲ့ ထိတွေ့ပြောဆိုမှုပြုလုပ်ဖို့ အကြံပြုချက်ကို အာဆီယံအထူးကိုယ်စားလှယ်က ကြိုဆိုတယ်ဆိုပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဘူဒင် အဘ်ဒူလာ က ပြောလာပါတယ်။

    မြန်မာစစ်တပ်ဟာ အထူးသံကို သက်ဆိုင်ရာပါဝင်သင့်ပါဝင်ထိုက်သူတွေနဲ့ လူချင်းတွေ့ဆုံမှုတွေကို ဟန့်တားနေတယ်ဆိုရင် NUGနဲ့ NUCC တို့ကို ဗီဒီယိုကွန်ဖရန်းဇင်းနည်းလမ်းအပြင် အခြားနည်းလမ်းတွေနဲ့ တွေ့ဆုံသင့်တယ်လို့ ပြောခဲ့တဲ့အကြောင်း ဝန်ကြီးက ဒီနေ့ မေလ ၁၂ မှာ ဘာနာသတင်းနဲ့တွေ့ဆုံချိန် ပြောလိုက်တာဖြစ်ပါတယ်။

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲတက်မယ့် သက်ဆိုင်ရာ အာဆီယံ ခေါင်းဆောင်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ကို ရောက်နေချိန် အလွတ်သဘောတွေ့ဆုံခဲ့ကြ တာဖြစ်ပါတယ်။

    အဲဒီဆွေးနွေးပွဲဟာ မြန်မာ့အရေး အာဆီယံအထူးသံနဲ့အခန်းကဏ္ဍပိုခိုင်မာအောင်နဲ့ အာဆီယံဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာကို ဖိတ်ကြားဖို့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

    မြန်မာ့အကျပ်အတည်းကို ဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အာဆီယံခေါင်းဆောင်တွေကြားရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ သက်တမ်း ၁ နှစ်ပြည့်လာပြီဖြစ်ပေမဲ့ စစ်ကောင်စီဘက်က အဲဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှုအပိုင်းမှာ တိုးတက်မှုမရှိတာကို ထောက်ပြပြီး အာဆီယံအနေနဲ့ NUG၊ NUCC တို့နဲ့ ထိတွေ့ပြောဆိုဖို့ ဝန်ကြီးက အစဥ်တစိုက်တိုက်တွန်းနေပါတယ်။

  4. မန္တလေးပညာရေးဒီဂရီ ကောလိပ်က ကျောင်းသား၊ ကျောင်းသူ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား, စစ်ကောင်စီကဖမ်းဆီးထားကြောင်းထုတ်ပြန်ထားတဲ့ ကျောင်းသားတစ်ဦးကတော့ အဆက်အသွယ်ပြတ်တောက်နေ

    မန္တလေးပညာရေးဒီဂရီကောလိပ်က ကျောင်းသားခေါင်းဆောင် ကိုအောင်နိုင်သူအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးပုဒ်မတပ်တရားစွဲဆိုမှုတွေလုပ်ထားတယ်လို့မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂက ဒီကနေ့ မေလ ၁၂ရက်မှာထုတ်ပြန်လာပါတယ်။

    ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုအောင်နိုင်သူကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ မေလ ၁၂ ရက်နေ့က ဆန္ဒပြပွဲတစ်ခုမှာ စစ်ကောင်စီကဖမ်းဆီးသွားတာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူတွေဖြစ်တဲ့ ကျွန်ုပ်တို့မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကို၊ အထွေထွေအတွင်းရေးမှူး မသီရိရတနာ၊ ဒုတိယနှစ်ကျောင်းသားကိုမျိုးကျော်၊ ပထမနှစ်‌ကျောင်းသူ မပန်းအိဖြူနဲ့ ကို ကျော်ဇင်လတ်တို့ကိုလည်း ၂၀၂၁ ခုနှစ် မေလတုန်းက သပိတ်စစ်ကြောင်းတစ်ခုမှာဖမ်းဆီးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဖမ်းဆီးခံကျောင်းသားတွေထဲက ကိုအောင်နိုင်သူနဲ့ မပန်းအိဖြူတို့ကိုတော့ စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုထားပြီး ကိုအောင်မျိုးကို၊မသီရိရတနာနဲ့ကိုကျော်ဇင်လတ်တို့သုံးဦးကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂က၊၅၀ည တို့နဲ့ ပုဒ်မတပ်တရားစွဲဆိုပြီး မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

    ပညာရေးကောလိပ်က ကျောင်းဆရာ၊ ဆရာမတွေအပါအဝင် ပညာကောလိပ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေဖမ်းဆီးခံရတာဟာဆိုရင်လည်း အခုချိန်ထိ အယောက် ၃၀ထက်မနည်းရှိနေပြီး CDM ပြုလုပ်ပြီးလက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ပြီး စစ်ကောင်စီကို ဆန့်ကျင်ခဲ့တဲ့ ပညာရေးကောလိပ်က ကျောင်းသား၊ ကျောင်းဆရာ ကျဆုံးခဲ့တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့တွေကထုတ်ပြန်ပြောဆိုပါတယ်။

    မန္တလေးပညာရေးဒီဂရီ ကောလိပ်

    ဓာတ်ပုံ ရင်းမြစ်, မန္တလေးပညာရေးဒီဂရီ ကောလိပ်

    ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့ကမန္တလေးတိုင်းပုသိမ်ကြီးမြို့နယ်၊နွယ်နီစံပြကျေးရွာမှာ ဖမ်းဆီးခံလိုက်ရတဲ့ မန္တလေးပညာရေးဒီဂရီကောလိပ်က ဒုတိယနှစ်ကျောင်းသား မောင်မျိုးကျော်ကို တော့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဖမ်းဆီးထားကြောင်းထုတ်ပြန်ထားပေမယ့် ဖမ်းဆီးခံလိုက်ရတဲ့နေ့စကလို့မိသားစုဝင်တွေကအဆက်အသွယ်ပြတ်တောက်နေတယ်လို့ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    မန္တလေးပညာရေးဒီဂရီ ကောလိပ်

    ဓာတ်ပုံ ရင်းမြစ်, မန္တလေးပညာရေးဒီဂရီ ကောလိပ်

  5. ခင်ဦးနယ်ထဲကကျေးရွာတွေ မီးရှို့ခံရလို့ ဒေသခံတွေထွက်ပြေးနေရ, ဒေသခံတချို့ဖမ်းဆီးခံထားရပြီး သက်ကြီးရွယ်အိုတစ်ဦးလည်း လက်နက်ကြီးထိမှန်ထား

    စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်ထဲမှာ ဒီကနေ့ မေလ ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေ ကျေးရွာတွေအတွင်းပစ်ခတ်ဝင်ရောက်တာတွေရှိနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်သတင်းပေးလာပါတယ်။

    ဒီကနေ့ မနက်ပိုင်းကစပြီး ရေဦးမြို့နယ်ဘက်ကနေ ခင်ဦးဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာခင်ဦးမြို့နယ်အတွင်းက ကားဆိပ်၊ ကျေးရွာနဲ့ မကျီးတုံကျေးရွာတွေကို ပစ်ခတ်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘီဘီစီက ကျေးရွာတွေဘက်ကိုဆက်သွယ်နေတဲ့ ဒီကနေ့ မေလ ၁၂ရက် မွန်းလွဲပိုင်းမှာပဲ ရွာမီးရှို့ခံရတာတွေကို ဒေသခံတွေမီးငြိမ်းသတ်နေဆဲဖြစ်ကြောင်းကိုလည်း ဒေသခံရွာသားတွေက ပြောပါတယ်။

    “ အခုစစ်တပ်ထွက်သွားတာ ခဏပဲရှိသေးတယ်။ ရွာကို ရသလောက် မီးငြိမ်းနိုင်ဖို့ ပြန်ကပ်နိုင်ဖို့ ကြိုးစားနေရတယ် “ လို့ဒေသခံရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီအခြေအနေတွေအပြင် ခင်ဦး၊ ကားဆိပ် ကျေးရွာ (ခေါ်) သက်သာပန်းတောင်ကျေးရွာထဲမှာလည်း ဒေသခံ ၆ ဦးထက်မနည်းဖမ်းဆီးခံထားရပြီး သရက်ပင်စုရွာဟောင်းဘက်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် အသက် ၆၅ နှစ်အရွယ် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ ခင်ဦးနယ်ထဲကသတင်းတွေကိုထုတ်ပြန်နေတဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကလည်း ထုတ်ပြန်ရေးသားထားပါတယ်။

    ခင်ဦးမြို့နယ်ထဲက ကျေးရွာအများစုမှာဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားနှစ်ဖက်တိုက်ပွဲတွေရှိခဲ့သလို စစ်တပ်နဲ့ပျူစောထီးအင်အားပေါင်းပြီး တိုက်ပွဲတွေမရှိဘဲ ကျေးရွာတွေအတွင်း ဒေသကာကွယ်ရေးတပ်တွေကို ဝင်ရောက်ရှာဖွေရင်းပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဖမ်းဆီးခံရတာ၊ ပစ်ခတ်ခံရပြီး သေဆုံးတာတွေအပြင် ကျေးရွာထဲကလူနေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေလည်းရှိတဲ့ အကြောင်းဒေသခံတွေက တောက်လျောက်ပြောဆိုထားပါတယ်။

    ခင်ဦးနယ်ထဲမှာဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ပစ်ခတ်မီးရှို့မှုတွေ ကြောင့် ဒေသခံရွာပေါင်း ၃၀ လောက် ဘေးလွတ်ရာပြေးနေရပြီး နေအိမ် ၁၀၀၀ ကျော်လောက် မီးလောင်ပျက်စီးထားတယ်လို့လည်း ခင်ဦးမြို့နယ်ထဲကကူညီကယ်ဆယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

    ခင်ဦး

    ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်းမှန်ပြန်ကြားရေး

  6. ဗြိတိသျှသံအမတ် မြန်မာပြည်၀င်ခွင့်ရဖို့ စောင့်ဆိုင်းနေရ

    ဗြိတိန်သံအမတ် မြန်မာပြည်၀င်ခွင့်ရဖို့ စောင့်ဆိုင်းနေရ

    ဓာတ်ပုံ ရင်းမြစ်, UK in Myanmar

    မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးယာယီတာဝန်ခံ ပိ ဗောင်းစ်ဟာ မြန်မာပြည်တွင်းကို ပြန်လည်ဝင်ရောက်နိုင်ဖို့ စစ်ကောင်စီဘက်က တုံ့ပြန်မှုကို ပြည်ပကနေ စောင့်နေရတယ်လို့ သံရုံးဘက်က ဘီဘီစီကို အတည်ပြုပါတယ်။

    မစ္စတာ ပိဗောင်းစ်ဟာ မြန်မာနိုင်ငံဆိုင်ရာဗြိိသျှသံအမတ်ရာထူးကနေ သံရုံးယာယီတာဝန်ခံအဖြစ် ‌ပြောင်းလဲတာဝန်ယူမယ်လို့ စစ်ကောင်စီဘက်ကို အသိပေးခဲ့ပြီးနောက်မှာ စစ်ကောင်စီဘက်က သူ့ကို ပြည်ဝင်ခွင့်အသစ်ပေးမယ့်အချိန်ကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

    အခုတော့ သံရုံးယာယီတာဝန်ခံဟာ ပြည်ဝင်ခွင့်ရဖို့ ပြည်ပမှာ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

    ဗြိတိသျှသံရုံးဘက်ကတော့ ‘’သံအမတ်ရာထူးကနေ သံရုံးယာယီတာဝန်ခံအဖြစ်ပြောင်းလဲလိုက်တာဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သံအမတ်ခန့်အပ်လွှာပေးပြီး စစ်တပ်ရဲ့ အသိအမှတ်ပြုမှု မလိုအပ်ဘဲ မြန်မာပြည်သူတွေကိုထောက်ပံ့တဲ့ ဗြိတိန်ရဲ့အခန်းကဏ္ဍ ဆက်ရှိနေနိုင်မှာ ဖြစ်ပါတယ်’’လို့ သတင်းထုတ်ပြန်ပါတယ်။

    လက်ရှိမှာအိန္ဒိယနဲ့ ဆော်ဒီအာရေးဗျနိုင်ငံတွေက သံအမတ်တွေဟာ သူတို့ရဲ့ သံတမန်ခန့်အပ်လွှာတွေကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို ပြီးခဲ့တဲ့ ဧပြီလမှာ ပေးခဲ့တာကြောင့် ဒါဟာ စစ်ကောင်စီကို သက်ဆိုင်ရာနိုင်ငံတွေက အသိအမှတ်ပြုမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခံထားရပါတယ်။

    ဗြိတိန်ကတော့ သံအမတ်အသစ် ခန့်အပ်လွှာကို စစ်ကောင်စီကို တစ်နှစ်ကျော်ကြာအထိ မပေးခဲ့ပါဘူး။

  7. အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်နေတဲ့ အညာဒေသ ပြည်သူ့စစ်

    ပြည်သူ့စစ်တွေဖွဲ့ပြီး လက်နက်တပ်ဆင် ပေးထားကြောင်း စစ်ကောင်စီ ပြောခွင့်ရ အတည်ပြုထား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပြည်သူ့စစ်တွေဖွဲ့ပြီး လက်နက်တပ်ဆင် ပေးထားကြောင်း စစ်ကောင်စီ ပြောခွင့်ရ အတည်ပြုထား

    အညာဒေသ ပြည်သူ့စစ်တွေနဲ့ မြို့ပြမှာ ပေါ်လာတဲ့ သွေးသောက် အဖွဲ့အကြောင်း ဆန်းစစ်ထားတဲ့ဆောင်းပါးကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

  8. မကွေးတိုင်းရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်, စစ်တပ်က စစ်ကြောင်းထိုးပြီး ရွာတွေလှည့်၀င်နေလို့ ‌ရွာ ၇ ရွာထက်မနည်း‌က ဒေသခံတွေဘေးလွတ်ရွာထွက်ပြေးနေရ

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသမှာရှိတဲ့ ကျေးရွာတွေကို မေလ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နောက်ပိုင်း ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိခဲ့သလို ကျေးရွာနေအိမ်တွေလည်း မီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    မေလ ၉ ရက်နေ့မှာတော့ ကျေးရွာတွေအတွင်း စတင်ဝင်ရောက်ခဲ့ပြီး ရေလယ်ကျွန်းဒေသတွင်းက မိဖုရားကျေးရွာ၊ မဲကုန်းကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကြွယ်ကုန်းကျေးရွာနဲ့ ဆည်သည့်မြင်ရွာ တွေကို ရွာစဥ်လှည့်ဝင်ရောက်ခဲ့တာဖြစ်ပြီး မဲကုန်းကျေးရွာ အနီးမှာတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သလို စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရပြီး သေဆုံးခဲ့တာတွေလည်းရှိတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောဆိုထားပါတယ်။

    " မဲကုန်းရွာမှာ နှစ်ဖက်တိုက်ပွဲတစ်ခါဖြစ်တယ်။ ပြီးတော့ မြေတော်ရဲစခန်းဘက်ကိုဝင်ကာနီးမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရတယ်။ မနေ့ (မေလ ၁၁ ရက်) ညနေပိုင်းမှာတော့ စစ်တပ်က ပြန်ထွက်တော့မလိုလိုနဲ့ ရွာကင်းစောင့်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဘက်က တစ်ဦးကျဆုံးခဲ့တယ်။ ရွာသား တွေကတော့ အကုန်ပြေးနေရတာပဲ။ ရွာပေါင်း ၇ ရွာကလူထောင်ချီရှိတယ်။ ကျွန်တော်တို့ဘက်ကကျတော့ မြေပြန့်လိုဖြစ်နေတော့ စစ်ရှောင်စခန်းရယ်လို့လည်း ထားစရာနေရာမရှိဘူး။ သူတို့ရွာစဥ်လှည့်ဝင်လာရင် လွတ်ရာပြေးရတာဆိုတော့ ပတ်ပြေးနေရသလိုဖြစ်နေတယ်’’ လို့ ရေလယ်ကျွန်းကျေးရွာ ဒေသခံက ဘီဘီစီကိုပြောပါတယ်။

    ရေလယ်ကျွန်း

    ဓာတ်ပုံ ရင်းမြစ်, Chindwin Ayawaddy

    ဒီကနေ့ မေလ ၁၂ ရက်မနက်ပိုင်းမှာလည်း အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေလှည့်လှည်ဝင်ရောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရေလယ်ကျွန်းက ကျေးရွာတွေထဲကထိတွေ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒေသကာကွယ်ရေးတပ်တွေကတော့ သတင်းထုတ်ပြန်တာတွေရှိနေပေမယ့် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ရေလယ်ကျွန်း

    ဓာတ်ပုံ ရင်းမြစ်, Chindwin Ayawaddy

  9. အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေမြန်မာ့အရေးဆွေးနွေး, NUG နိုင်ငံခြားရေးဝန်ကြီးလည်း ဝါရှင်တန်ရောက်နေ

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မနေ့ မေလ ၁၁ ရက်နေ့လည်ပိုင်းမှာ မြန်မာ့အရေးဆွေးနွေးခဲ့ကြတယ်လို့ဆိုပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က သူ့ရဲ့လူမှုကွန်ရက် တွစ်တာမှာရေးတင်ထားတာတွေ့ရပါတယ်။

    မြန်မာပြည်က အခြေအနေ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေး၊ အမေရိကန်နဲ့ အာဆီယံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးကပြောပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ကိုရောက်နေတာဖြစ်ပြီး အမေရိကန်-အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ အခုလိုတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ဝါရှင်တန်ကို ရောက်နေတယ်ဆိုပြီး အမေရိကန်ကလာတဲ့သတင်းတွေမှာဖော်ပြနေပါတယ်။

    ဒေါ်ဇင်မာအောင်ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့နဲ့ အလွတ်သဘော သီးခြားတွေ့ဆုံတာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    တဖက်မှာလည်း အမေရိကန်ဘက်ကတော့ ဒီနေ့ မေလ ၁၂ ရက်နဲ့ မနက်ဖြန် ၁၃ ရက်မှာ ကျင်းပဖိုရှိတဲ့ အမေရိကန် အာဆီယံ ထိပ်သီးဆွေးနွေးမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို မဖိတ်ဘူးလို့ မနေ့ ကတည်းက ထုတ်ပြောထားပါတယ်။

    မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိတာကို ထောက်ပြပြီး ထိပ်သီးဆွေးနွေးပွဲတွေမှာ စစ်ကောင်စီဥက္ကဋ္ဌကို မဖိတ်ဘဲ နိုင်ငံရေးရာထူးမယူထား ကိုယ်စားလှယ်တစ်ဦးကိုပဲ အစည်းအဝေးပွဲတက်ခွင့်ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ အာဆီယံဆုံးဖြတ်ချက်အတိုင်း ရပ်တည်တာကြောင့်လို့လည်း ဆိုပါတယ်။

    ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကို ကိုယ်စားပြုတက်ရောက်မယ့်သူ ဘယ်သူဖြစ်မလဲဆိုလာကိုတော့ အခုရက်ပိုင်းအတွင်းမှာပဲ သိရမယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက မေလ ၁၀ ရက် သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။

  10. MOU နဲ့ ထိုင်းကို ဝင်ရောက်တဲ့အလုပ်သမား ၆၀၀ နီးပါးရှိပြီ

    MOU နဲ့ ထိုင်းကို ဝင်ရောက်တဲ့အလုပ်သမား ၆၀၀ နီးပါးရှိပြီ

    ဓာတ်ပုံ ရင်းမြစ်, အလုပ်သမားသံရုံး

    ပြီးခဲ့တဲ့ ၂ ရက်အတွင်း မြန်မာ-ထိုင်းနယ်စပ်ကနေတဆင့် ထိုင်းနိုင်ငံထဲ တရားဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ခွင့်ရရှိသူ ၆၀၀ နီးပါးရှိလာပြီဖြစ်ပါတယ်။

    အဲဒီလုပ်သား ၆၀၀ နီးပါးဟာ အလုပ်သမားခေါ်ယူမှုဆိုင်ရာနားလည်မှုစာချွန်လွှာ(MOU)အရ မနေ့ မေလ ၁၁ နဲ့ ၁၀ ရက်တို့မှာ မြဝတီ-မဲဆောက် ချစ်ကြည်ရေးဂိတ်ကနေ တရားဝင် ဝင်ရောက်ခွင့်ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

    ကိုဗစ်ကပ်ဘေးကြောင့် ထိုင်းနိုင်ငံက အလုပ်သမားခေါ်ယူမှုကို ၂ နှစ်ကြာရပ်နားထားရာကနေ အခုလို ခေါ်ယူမှု ပြန်လည်စတင်တာဖြစ်ပါတယ်။

    ဒါပေမဲ့ အဲဒီလုပ်သားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရမယ့် စက်ရုံနဲ့ လုပ်ငန်းခွင် ကောင်းမွန်မှုကို လိုက်ပြီး ဝန်ဆောင်ခ မြန်မာကျပ်ငွေ ၇ သိန်းကနေ ၉ သိန်းအထိ ပေးထားရတာဖြစ်ပါတယ်။

    လက်ရှိမှာ MOU အရ ထိုင်းကို တရားဝင်လုပ်သားစေလွှတ်နိုင်တဲ့ဝန်ဆောင်မှုကို လုပ်ပိုင်ခွင့်ရရှိထားတဲ့ အလုပ်အကိုင်ရှာဖွေပေးရေးအေဂျင်စီ ၁၃ ခုအထိရှိနေပြီး အဲဒီအေဂျင်စီတွေကနေ ထိုင်းကို ပို့ဆောင်ပေးဖို့ စီစဥ်နေတဲ့အလုပ်သမား ထောင်နဲ့ချီရှိနေတယ်လို့ မြန်မာလုပ်သားတွေအရေးစောင့်ကြည့်သူတွေက ပြောပါတယ်။

  11. အမ်းမြို့နယ်က ကျေးရွာပေါင်း ၅၀ ကျော် ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရ

  12. မြန်မာ့အရေး အာဆီယံ သံတမန်ရေး ပိုနက်နက်နဲနဲထိတွေ့ဖို့ အမေရိကန်လိုလားတယ်လို့ပြော

    မြန်မာ့အရေး နောက်အဆင့်တွေမှာ အာဆီယံအနေနဲ့ ပိုပြီး နက်နက်နဲနဲ ထိတွေ့ဆောင်ရွက်တဲ့ သံတမန်ရေးအခန်းကဏ္ဍကနေ ပါဝင်ဖို့ အမေရိကန်က လိုလားတယ်လို့ အမေရိကန်နိုင်ငံ အင်ဒို-ပစိဖိတ် ညှိနှိုင်းဆောင်ရွက်ရေးမှူး ကာ့တ်ကမ့်ဘဲလ်က ဒီကနေ့ ပြောပါတယ်။

    အမေရိကန် သမ္မတနဲ့ အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံမယ့် ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ သူက အခုလို ပြောတာ ဖြစ်ပါတယ်။

    ဒါ့အပြင် အမေရိကန်က အာဆီယံ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဆောင်နိုင်မယ့် အခွင့်အရေးတွေဖော်ဆောင်နိုင်ဖို့ ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။

    အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှာ ဒီကနေ့ အွန်လိုင်းက ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ သူက ပြောခဲ့တာ ဖြစ်ပြီး တခြားကမ္ဘာ့အရေးဖိအားတွေက အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်အရေးကိစ္စကို နှောင့်ယှက်နိုင်မှာ မဟုတ်ဘူးလို့ အစိုးရက လေးလေးနက်နက် ရှုမြင်ထားတယ်လို့ဆိုပါတယ်။

    အမေရိကန်နိုင်ငံမှာ တွေ့ဆုံကြမယ့် ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်၊ မြန်မာနဲ့ ယူကရိန်း စစ်ပွဲစတဲ့ ကိစ္စတွေကို ဆွေးနွေးကြဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

    ဒီဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီဘက်က နိုင်ငံရေးရာထူးမရှိသူကိုသာ ဖိတ်ကြားတဲ့အတွက် စစ်ကောင်စီအကြီးအကဲတက်ရောက်နိုင်မှာ မဟုတ်ပါဘူး။

    အမေရိကန်နိုင်ငံကို ဒီကနေ့ ရောက်လာတဲ့ အာဆီယံခေါင်းဆောင်တွေထဲက အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဇနီး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံကို ဒီကနေ့ ရောက်လာတဲ့ အာဆီယံခေါင်းဆောင်တွေထဲက အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဇနီး
  13. မဲခေါင်သတင်းဌာန အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာချီလိတ်မြို့အခြေစိုက် မဲခေါင်သတင်းဌာနရဲ့ အလွတ်တန်းသတင်းထောက် ကိုမောင်မောင်မျိုးဟာ ကရင်ပြည်နယ် ဘားအံမြို့မှာဖမ်းဆီးခံရတယ်ဆိုပြီး သူ့ရဲ့မိခင်သတင်းဌာနက ဒီနေ့ မေလ ၁၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    မြဝတီမြို့ကနေ မန္တလေးကိုသွားမယ့် ခရီးသည်တင်ကားတစ်စင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သံလွင်တံတားမှာ စစ်ဆေးချိန် ကားပေါ်မှာ လိုက်ပါလာတဲ့ ကိုမောင်မောင်မျိုးရဲ့ လက်ကိုင်ဖုန်းလည်း စစ်ဆေးခံခဲ့ရတယ်လို့ ဆိုပါတယ်။

    ကိုမောင်မောင်မျိုးရဲ့လက်ကိုင်ဖုန်းထဲက လူမှုကွန်ရက် ဖေ့ဘွတ်ခ် အကောင့်မှာ တင်ထားတဲ့ သတင်းတွေကို မြင်တွေ့ပြီး ဖမ်းဆီးခံခဲ့ရတာလို့လည်း ဆိုပါတယ်။

    လက်ရှိမှာ ကိုမောင်မောင်မျိုးကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးဘူးလို့လည်း မဲခေါင်သတင်းဌာနက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရတဲ့သတင်းသမား ၁၂၀ ကျော်အထိနေပါတယ်။

    အဲဒီထဲက အယောက် ၅၀ နီးပါးဟာ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်သလို မတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)အပါအဝင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ စွပ်စွဲထားတဲ့အမှုတွေကို ရင်ဆိုင်နေရပါတယ်။

    ကိုမောင်မောင်မျိုး

    ဓာတ်ပုံ ရင်းမြစ်, MPA

  14. မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဘူးလို့ အမေရိကန်ပြော

    မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။

    မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေကြားရရှိတဲ့ ဘုံသ‌‌ဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မပြဘူးဆိုတဲ့အချက်နဲ့ စစ်ကောင်စီဥက္ကဋ္ဌအစား နိုင်ငံရေးရာထူးမယူထားတဲ့ကိုယ်စားလှယ်ကိုပဲ ထိပ်သီးဆွေးနွေးပွဲကို ဖိတ်ကြားဖို့ အာဆီယံဆုံးဖြတ်ချက်အတိုင်း အမေရိကန်က ဆက်လက် ကျင့်သုံးတာကြောင့်ဖြစ်ပါတယ်။

    စစ်ကောင်စီဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာ၊ လူထုအပေါ် အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေ တိုးလုပ်နေတာတွေကြောင့် အာဆီယံဆုံးဖြတ်ချက်အတိုင်း ကျင့်သုံးတာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ပရိုက်စ်က မေလ ၁၁ ရက်မှာ ပြောပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဥ် အမြန်ပေါ်ပေါက်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပါအဝင် သက်ဆိုင်သူတွေနဲ့တွေ့ဆုံစေရေး၊ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်အကောင်အထည်ဖော်ရေး စစ်ကောင်စီကို ဖိအားပေးတဲ့ အာဆီယံရဲ့အားထုတ်မှုကို အမေရိကန်က ဆက်လက်အားပေးထောက်ခံတယ်လို့လည်းဆိုပါတယ်။

    အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲကို မနက်ဖြန် မေလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ကျင်းပဖို့ရှိပြီး အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတတို့ လူချင်းတွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ စစ်ကောင်စီဥက္ကဋ္ဌ ဒါမှမဟုတ် သူ့ကိုယ် ကိုယ်စားပြုသူ တစ်ဦးဦး တက်ရောက်ခွင့်မရဘူးဆိုရင် ကိုယ်စားလွှတ် မှာမဟုတ်ဘူးဆိုပြီး အာဆီယံထိပ်သီး‌‌ဆွေး‌နွေးပွဲတွေကို မတက်ထားပါဘူး။

    မင်္ဂလာပါ။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ် စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတင်ဆက်ခဲ့တဲ့ သတင်းတွေကိုတော့ဒီစာမျက်နှာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

    အာဆီယံထိပ်သီး နောက်ဆုံးအကြိမ် တက်ရောက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဆီယံထိပ်သီး နောက်ဆုံးအကြိမ် တက်ရောက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
  15. မင်္ဂလာပါ။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ် စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတင်ဆက်ခဲ့တဲ့ သတင်းတွေကိုတော့ဒီစာမျက်နှာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။