အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် လူတစ်ရာကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ဒီရာဇဝတ်မှုတွေကို ပြစ်ဒဏ်ချနိုင်အောင် အင်တိုက်အားတိုက် လုပ်သွားမယ်လို့လည်း ဒီကနေ့ မေလ ၂၅ ရက်မှာထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. NUG ရဲ့ လူသားချင်းစာနာမှုဆိုင်ရာမူ ၃ ချက်ကို အမေရိကန်နဲ့ အာဆီယံက လက်ခံကြတယ်လို့ဆို

    NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဒုဝန်ကြီး

    ဓာတ်ပုံ ရင်းမြစ်, ဇင်မာအောင်

    ဓာတ်ပုံ ပုံစာ, NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဒုဝန်ကြီး

    မြန်မာပြည်တွင်းက စစ်ဘေးရှောင်နဲ့ အကူအညီလိုအပ်နေသူတွေဆီကို လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မူ ၃ ချက်ကို အမေရိကန်၊ အာဆီယံနဲ့ ကုလအကူအညီပေးရေးအဖွဲ့တွေဆီ ရှင်းပြခဲ့ရာမှာ လက်ခံကြတယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

    အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ကိုသွားတဲ့သူ့ခရီးစဥ်မှာ အမေရိကန်ရောက်မြန်မာတွေနဲ့တွေ့ဆုံချိန်မှာ ဝန်ကြီးက ပြောလာတာဖြစ်ပါတယ်။

    ‘‘ပြည်သူလူထုဆီကို အကူအညီရောက်ဖို့အရေးကြီးလို့ သူတို့ဆီ တကယ်ရောက်ရေး ကျွန်မတို့ လုပ်မယ်။ အဲဒီလို သွားတဲ့နေရာမှာ တစ်ဖက်သတ် စစ်တပ်နဲ့ပဲ သွားလို့ ရောက်မှာမဟုတ်ဘူး။ ကျွန်မတို့နဲ့ ပူးပေါင်း ဆောင်ရွက်မှသာ ဒါက ဆက်လုပ်နိုင်မှာပါ။ နောက်တစ်ခုက အကူအညီပေးရာမှာပါဝင်သူတွေဟာ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ဒီမူသုံးချက်အပေါ် မူတည်ရမယ်ဆိုတာကို ကျွန်မတို့ဆွေးနွေးတယ်။ သူတို့ဘက်ကလည်း လက်ခံတယ်။ တော်တော်များများလက်ခံတယ်။ ယူအက်စ်ကလည်းလက်ခံတယ်။ အာဆီယံဘက် ကလည်းလက်ခံတယ်’’လို့ ဝန်ကြီးကပြောပါတယ်။

    တစ်ဖက်မှာလည်း အာဆီယံရဲ့စာနာမှုအကူအညီပေးရေးစင်တာဟာ လုပ်ဆောင်နိုင်စွမ်းမှာ အကန့်အသတ်ရှိနေတာကြောင့် အကူအညီပေးရေးအချက်မှာပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အာဆီယံချည်း သပ်သပ် မရတဲ့အကြောင်း၊ အကူအညီပေးရေးတွေ လုပ်လေ့လုပ်ထရှိတဲ့ ကုလသမဂ္ဂအပါအဝင် တခြား INGOတွေနဲ့ပေါင်းစပ်လုပ်ဆောင်ရမှာဖြစ်တဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

    အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့မှ ကျင်းပတဲ့ အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးပွဲကာလအတွင်းမှာ ဒေါ်ဇင်မာအောင်လည်း အဲဒီကိုရောက်နေတာဖြစ်ပြီး အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း တွေ့ဆုံထားပါတယ်။

  2. ရေစကြို၊ ရေလယ်ကျွန်းဒေသက ရွာလေးရွာမီးရှို့ခံရ

    ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း

    ဓာတ်ပုံ ရင်းမြစ်, ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း

    ဓာတ်ပုံ ပုံစာ, ဒီကနေ့မနက် ၇နာရီခွဲကျော် မိုးကွဲရွာမီးရှို့ခံရတဲ့မြင်ကွင်း။

    ဒီကနေ့ မေလ (၁၆)ရက် တမနက်တည်းမှာတင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာရှိတဲ့ မိုးကွဲ၊ ကံဦး၊ တောင်ကုန်း၊ မဲကုန်းစတဲ့ လေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကဘီဘီစီကိုပြောပါတယ်။

    မနေ့ညက မိုးကွဲရွာမှာညအိပ်စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့မနက် ၇နာရီလောက် မိုးကွဲရွာကနေစထွက်လာချိန်ကပြီး သူတို့သွားရာလမ်းကြောင်းတလျှောက်က ရွာတွေကို မီးရှို့ခဲ့တာလို့ ‌ဆိုပါတယ်။

    "မနက် ၇နာရီကဆို အခု ၁၁နာရီအထိ၊ လေးနာရီအတွင်းကို ရွာလေးရွာကိုရှို့နေတာဗျ၊ ဘယ်နှစ်လုံးမီးထဲပါလဲဆိုတာမသိရသေးဘူး။ မိုးကွဲနဲ့ ကံဦးက အခုမှ ပထမဆုံးအရှို့ခံရတာ၊ မဲကုန်းဆိုရင်အခုသူတို့စစ်ကြောင်းအလာတုန်းကလည်း တခါရှို့ခဲ့ပြီးပြီး ဒါဒုတိယမြောက် အခုမြင်ရတာတောင် မီးခိုးအတော်များတယ်။ တောင်ကုန်းကတော့ အရင်လတွေထဲက တခါအရှို့ခံရဖူးတယ်" လို့ ရေလယ်ကျွန်း‌ရွာတွေမီးရှို့ခံရတာနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

    ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း

    ဓာတ်ပုံ ရင်းမြစ်, ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း

    ဓာတ်ပုံ ပုံစာ, ဒီကနေ့မနက် ၈ နာရီကျော် ကံဦးရွာမီးရှို့ခံနေရတဲ့မြင်ကွင်း။

    နေ့လယ် ၁၁နာရီကျော်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မဲကုန်းရွာကတဆင့် မိဖုရားရွာထဲကိုဝင်ရောက်နေကြပြီလို့ ပြောပါတယ်။

    ဒါကြောင့် ဒီရွာတွေအပါအဝင်အနည်းဆုံးရွာ ခုနှစ်ရွာလောက်ကပြည်သူတွေဟာ ရွာလုံးကျွတ်ထွက်ပြေးနေကြရပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ရှောင်တာပါ မလုံခြုံတော့တာကြောင့် ရွာစဉ်အလိုက်ပတ်ရှောင်ရတဲ့အနေအထားနဲ့ ပြေးနေကြရတယ်လို့ သိရပါတယ်။

    ဒီစစ်ကြောင်းဟာ မေလ (၉)ရက်ကစပြီး မြောင်ဘက်ကနေ ရေစကြို၊ ရေလယ်ကျွန်းဒေသကိုဝင်ရောက်လာခဲ့တာလို့ဆိုပါတယ်။

  3. စစ်ကောင်စီက ဖုန်းတွေရဲ့ IMEI နံပါတ်ကနေ ခြေရာခံဖို့ လုပ်နေသလား

    စစ်ကောင်စီက ဖုန်းတွေရဲ့ IMEI နံပါတ်ကနေ ခြေရာခံဖို့ လုပ်နေသလား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ပြည်တွင်းမှာ အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းတွေရဲ့ IMEI(International Mobile Equipment Identity) နံပါတ်တွေကို မှတ်ပုံတင်ပြီးမှသာ အသုံးပြုခွင့်ရတော့မယ် ဆိုတဲ့ သတင်းစကားတွေ မေလ တတိယအပတ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်‌ပေါ်နေပါတယ်။

    IMEI ကို ဘာအတွက် သုံးပါလဲ။ IMEI နံပါတ်ကိုသိခဲ့ရင် ဘာတွေလုပ်နိုင်လဲ။ ပြည်သူတွေက ဘာတွေသတိထားဖို့လိုမလဲ။ ဒီမေးခွန်း‌‌တွေအတွက် အပြည့်အစုံကို ‌ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  4. နှစ်ဖက်တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ရခိုင်လူထုကို အေအေသတိပေး

    မပေါက်ကွဲသေးတဲ့လက်နက်ကို ၂၀၁၉ ခုနှစ်၊ မတ်လတုန်းက မြောက်ဦးမှာ မြင်တွေ့ရတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မပေါက်ကွဲသေးတဲ့လက်နက်ကို ၂၀၁၉ ခုနှစ်၊ မတ်လတုန်းက မြောက်ဦးမှာ မြင်တွေ့ရတာဖြစ်ပါတယ်။

    နှစ်ဖက်တိုက်ပွဲတွေ အချိန်မရွေးပြန်ဖြစ်လာနိုင်တဲ့အနေအထားကြောင့် မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့နေရာတွေကို သွားလာတာ အထူးသတိထား ရှောင်ကြဥ်ဖို့ ရခိုင်လူထုကို ရက္ခိုင့်တပ်တော်(အေအေ)က မေလ ၁၅ ရက်မှာ သတိပေးလာပါတယ်။

    ရခိုင်စစ်ပွဲအတွင်းမှာ စစ်တပ်ထောင်ထားတဲ့မိုင်းနင်းမိတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အရပ်သား ၂ ဦး သေဆုံးခဲ့ရတယ်ဆိုတဲ့ ထုတ်ပြန်ချက်မှာ အေအေက လူထုကို အခုလိုသတိပေးလာတာဖြစ်ပါတယ်။

    စစ်တပ်နဲ့ နှစ်ဖက်စစ်ရေးတင်းမာမှု မြင့်တက်နေတာ ကာလအတန်ကြာနေပြီဖြစ်ပြီး တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင်တာကြောင့် အရပ်သားတွေအနေနဲ့ စစ်တပ်သွားလာလှုပ်ရှားတဲ့နေရာတွေ၊ အထိုင်ချခဲ့တဲ့နေရာတွေနဲ့ စစ်တပ်အနီးပတ်ဝန်းကျင်ကို မသွားလာကြဖို့ သတိပေးတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၂ ရက်အတွင်း မင်းပြားနဲ့ အမ်းမြို့နယ်တို့မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့သလို ကျောက်တော်အခြေစိုက် အမှတ် ၃၇၅ ခြေမြန်တပ်ရင်းမှာလည်း စခန်းအနီးထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲမှုကြောင့် ထိတ်လန့်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    တစ်ဖက်မှာလည်း စစ်တပ်ဟာ ရခိုင်မှာ စစ်အင်အား တိုးချဲ့နေတာ၊ နောက် ရခိုင်-မူဆလင်ကြား သဟဇာတဖြစ်နေမှုကို ပျက်စီးဖို့ကြိုးစားတာတွေကို ခပ်စိပ်စိပ်လုပ်လာနေတယ်လို့လည်း အေအေဘက်က ထုတ်ပြောထားပါတယ်။

  5. လာမယ့်ကျောင်းဖွင့်ရာသီမှာ ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေစတင်နိုင်တော့မယ်လို့ BEWU - SC ပြော

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ရှောင်စခန်းတနေရာက ကြားကာလပညာရေးသင်ကြားရေးအစီအစဉ် (ပုံဟောင်း)

    လာမယ့် ဇွန်လ ၁ရက်နေ့ကစပြီး အခြေခံပညာရေးအတွက် ကြားကာလပညာသင်ကြားရေးကျောင်းတွေ စတင်ဖွင့်လှစ်သင်ကြားဖို့ အဆင်သင့်ပြင်ဆင်နေပြီလို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ (BEWU - SC) ကပြောပါတယ်။

    ‌အွန်လိုင်းသင်ကြားနည်းအပြင် အင်တာနက်အခက်အခဲရှိတဲ့ ဒေသတချို့မှာတော့ မြေပြင်မှာသင်ကြားရေးအစီအစဉ်တွေစတင်လုပ်ဆောင်နေပြီဖြစ်ပြီး ကြားကာလသင်ကြားရေးတွေ စတင်နေကြပြီလို့ သိရပါတယ်။

    "ဒီနှစ်ပညာသင်နှစ်အတွက်က မြို့နယ်တွေအတော်များများမှာဖွင့်ကြမယ်၊ ၇၀ရာခိုင်နှုန်းလောက် ဖွင့်ကြပါလိမ့်မယ်။ ‌အွန်လိုင်းကသင်ပေးတာတွေ၊ မြေပြင်မှာဖွင့်တာတွေနဲ့ ကလေးတွေစဉ်ဆက်မပြတ်ပညာရေးရဖို့လုပ်ဆောင်နေကြပါတယ်" လို့ BEWU - SC အဖွဲ့ဝင် CDM မူလတန်းကျောင်းအုပ်တစ်ဦးက ပြောပါတယ်။

    ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေလည်း ပြီးခဲ့တဲ့ မေလ ၁၀ရက်ကနေ ၁၃ရက်အထိ လေးရက်တာအခြေခံပညာရေး ညီလာခံကျင်းပခဲ့ပြီး သက်ဆိုင်ရာပညာရေးအဖွဲ့အစည်းအသီးသီးကနေ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ဒါဟာကျောင်းသားတွေ ကြားကာလပညာသင်ကြားရေး‌ သင်ယူနိုင်ဖို့ ပြင်ဆင်နေတာလို့လည်း ပညာရေးအသိုင်းအဝိုင်းကပြောပါတယ်။

    ဒီညီလာခံကနေ တဆင့်မှ နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်တွေ ဆက်ဆောင်ရွက်နိုင်ဖို့အတွက် မူဘောင်တွေဆွေးနွေးခဲ့ကြပြီး ဖယ်ဒရယ်ပညာရေးအစပြုနိုင်ဖို့အတွက် လိုအပ်ချက်တွေကို ပြန်လည်ဖော်ထုတ်လာနိုင်တယ်လို့ ဆိုပါတယ်။

    အခြေခံပညာရေးညီလာခံက ရလာဒ်တွေကို ၇ရက်အတွင်းထုတ်ပြန်မှာဖြစ် ပြီး ရက်ပေါင်း ၆၀ အတွင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အပါအဝင် ပညာရေးအဖွဲ့တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက အကောင်အထည်ဖော်ဆောင်ရွက်ရမယ်လို့ သိရပါတယ်။

  6. NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ အမေရိကန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံ

    NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ အမေရိကန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, CJ

    အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ‌‌ဒေါ်ဇင်မာအောင်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးမိုးဇော်ဦးတို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန်ရောက်မြန်မာပြည်ဖွားများမေလ၁၅ရက် တနင်္ဂနွေနေ့မှာတွေ့ဆုံခဲ့ပါတယ်။

    အဲဒီမှာမြန်မာနိုင်ငံရဲ့ လူမျိုးစုံ၊ဘာသာစုံနဲ့ဖြစ်တည်မှုအရ ဖက်ဒရယ်စနစ်ကိုထူထောင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့တည်ငြိမ်မှုကိုရမယ်ဆိုတာသေချာတယ်လို့ ‌ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။

    တစ်နှစ်ကျော်ကြာတဲ့အထိ တော်လှန်ရေးဟာ အရှိန်အဟုန် မပျက်ဘဲကြံ့ကြံ့ခံနေတာကိုကြည့်ရင်စစ်ခေါင်းဆောင်တွေရဲ့ လွယ်လွယ်ကူကူအာဏာသိမ်းလို့ရမယ်ဆိုတဲ့ ယူဆချက်မှားတာကိုတွေ့ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

    အလွယ်တကူအာဏာသိမ်းတဲ့ အလေ့အထကို အဆုံးသတ်ဖို့ အခုအချိန်ဟာ အကောင်းဆုံး အချိန်နဲ့ အနေအထားဖြစ်တယ်လို့လည်း ‌‌‌‌ဒေါ်ဇင်မာအောင်ကပြောပါတယ်။

    ''တစ်ဖက်မှာလည်း ဒီတော်လှန်ရေးက အာဏာရှင်တွေဇာတ်သိမ်းသွားလို့ပြီးမလားဆိုတော့မပြီးသေးပါဘူး။တိုင်းပြည်တည်ဆောက်ရေးကိုဘယ်လိုပုံစံနဲ့သွားမလဲဆိုတာစစ်တပ်ပြုတ်ကျပြီးနောက်ထပ်အာဏာရှင်စနစ်ပုံစံမျိုးပေါ်လာလို့လည်းမရဘူး။ နိုင်ငံတည်ဆောက်ရေးကိုသွားတဲ့အခါမှာ ဘယ်လိုနိုင်ငံ့ရေးစနစ်နဲ့သွားမလဲဆိုတာသေသေချာချာရှိနေပြီဖြစ်ပါတယ်။ ဒီတော်လှန်ရေးဟာ စစ်တပ်ပြုတ်ကျရင်ပြီးရောဆိုပြီး ဘာဆက်လုပ်ရမှန်းမသိတဲ့ နိုင်ငံရေးလမ်းပြ‌‌ မြေပုံမရှိ့တော်လှန်ရေးမဟုတ်ပါဘူး''လို့ ‌‌‌ဒေါ်ဇင်မာအောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    တွေ့ဆုံပွဲမှာ ပြည်ပရောက်မြန်မာတွေက မေးခွန်းတွေလည်းမေးခဲ့ကြသလို ဒေါ်ဇင်မာအောင်ကလည်း ခရီးစဉ်အတွင်းဆောင်ရွက်ခဲ့တာတွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။

    စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတဲ့ တက်ရောက်လာသူတစ်ဦးရဲ့မေးမြန်းချက်ကို ‌‌ဒေါ်ဇင်မာအောင်ကပြန်လည်ဖြေကြားရာမှာတော့ '' အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ဆိုရင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်မှာပါပြီးသားပါ။ အဲဒီတော့ သံတမန်နည်းအရရော၊ စီးပွားရေးအရ ပိတ်ဆို့တဲ့နည်းတွေ အရရော နည်းပေါင်းစုံနဲ့ စီးပွားရေးအရ သံတမန်နည်းအရ စစ်ရေးအရ နိုင်ငံရေးအရ နည်းပေါင်းစုံနဲ့ ကြိုးစားပြီး အဆုံးသတ်သွားမှာ ဖြစ်ပါတယ်'' လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    တော်လှန်ရေး အခုလို ကြံ့ကြံ့ခံနေတာဟာ ပြည်သူလူထုတွေ၊ သပိတ်အင်အားစုတွေ၊ CDM ဝန်ထမ်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ နောက် နိုင်ငံရေးပါတီတွေကြောင့်ဖြစ်တယ်လို့လည်းသူကပြောတယ်။

    ဒေါ်ဇင်မာအောင်ဟာ အမေရိကန် -အာဆီယံအစည်းအဝေးကာလအတွင်း အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီး ဝင်ဒီရှားမန်းနဲ့ မြန်မာ့အရေးတွေ့ဆုံဆွေးနွေးခဲ့သလို မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့လည်းတွေ့ဆုံခဲ့တာပါ။

    ဒါ့အပြင် အမေရိကန် သမ္မတရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီးနဲ့လည်း မေလ၁၃ရက်မှာတွေ့ဆုံဆွေနွေးထားပါတယ်။

  7. ရခိုင်လူထုထိခိုက်ခံစားခဲ့ရမှုတွေကို ကုစားနိုင်ဖို့နဲ့ ရပိုင်ခွင့်တွေအတွက် သက်ဆိုင်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ NUG ပြော

    ပြည်နယ်မြို့တော် စစ်တွေမှာ ၂၀၁၉ ခုနှစ်တုန်းက ကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့ အခမ်းအနား
    ဓာတ်ပုံ ပုံစာ, ပြည်နယ်မြို့တော် စစ်တွေမှာ ၂၀၁၉ ခုနှစ်တုန်းက ကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့ အခမ်းအနား

    ရခိုင်ပြည်အတွင်းက လူထုထိခိုက်နာကျင်ခံစားခဲ့ရတာတွေကို တရားမျှတမှုရှိရှိ ကုစားဖြည့်ဆည်းနိုင်ဖို့နဲ့ ရပိုင်ခွင့်တွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ပြောလာပါတယ်။

    ဒီနေ့ မေလ ၁၅ ရက်မှာ ကျရောက်တဲ့ ရခိုင်အမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ NUG အစိုးရက အခုလို ပြောလာတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေမှာ ရခိုင်ပြည်အပါအဝင် နယ်နိမိတ်ချင်းထိစပ်နေတဲ့နယ်မြေတွေမှာ စစ်‌ရေး နိုင်ငံရေး နိုင်ငံရေးပဋိပက္ခတွေကြောင့် ပြည်သူလူထုနည်းမျိုးစုံနဲ့ထိခိုက်နာကျင်ခဲ့ရတာတွေအတွက် ကိုယ်ချင်းစာပြီး ပျက်ကွက်မှုတွေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

    အခုအချိန်ဟာ ရခိုင် လူမျိုးတွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးတန်းတူညီမျှရေးနဲ့ ရခိုင်ပြည်တွင်းမှာ စည်းလုံးညီညွတ်မှုတည်ဆောက်နေတာ၊ နောက် တိုင်းရင်းသားလူမျိုးတွေအားလုံးဟာ လက်ရှိမှာ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပြန်လည်ထွန်းကားရေး ကြိုးပမ်းနေချိန်လည်းဖြစ်တာကြောင့် ရခိုင်အမျိုးသမီး၊အမျိုးသားတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့လည်း NUG အသိအမှတ်ပြု ပြောဆိုထားပါတယ်။

  8. မြိုင်နယ်ထဲက လက်ယက်မရွာမှာ နေအိမ်ရာချီ မီးရှို့ခံရတယ်လို့ ဒေသခံတွေပြော

    မြိုင်နယ်ထဲက လက်ယက်မရွာမှာ နေအိမ်ရာချီ မီးရှို့ခံရတယ်လို့ ဒေသခံတွေပြော

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, ပျူစောထီးကြီးစိုးတဲ့ကံနီရွာကို ‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့အပြီးမှာ လက်ယက်မကျေးရွာကို စစ်တပ်က မီးရှို့ခဲ့တာလို့ ‌ဒေသခံတွေက‌ ပြောပါတယ်။

    မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက လက်ယက်မကျေးရွာကို စစ်တပ်ဝင်‌ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ရာချီ မီးထဲ ပါသွားခဲ့တယ်လို့ ကျေးရွာဒေသခံတွေက ဒီနေ့ မေလ ၁၅ ရက်မှာ ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ လက်ယက်မကျေးရွာကို မေလ ၁၃ ရက်မှာ ဝင်ရောက်ခဲ့တာဖြစ်ပြီး မနေ့ ၁၄ ရက်ညနေပိုင်းမှာ မီးစတင်ရှို့ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

    ‘’ရွာတောင်ဘက်ထိပ်မှာ ရန်ကုန်အထိပြေးတဲ့ကားဂိတ်ရယ်၊ ရွာရဲ့အရှေ့ထိပ်က ရွှေအာကာကားဂိတ်ရယ်၊ ရွာထဲက ဆေးရုံနားမှာရယ် အဲဒီ ၃ နေရာကနေ ရှို့သွားတာပါ။ ရွာမှာက အိမ်ခြေ ၁၂၀၀ ထောက်ရှိတာဆိုတော့ တစ်ဝက်လောက်မီးထဲပါတယ်ဆိုရင်တောင် အိမ်အလုံးရေ ၆၀၀ နီးပါးလောက်ရှိနိုင်တယ်။ ဒီနေ့လည်အထိ ရွာထဲ ဝင်လို့ မရသေးတော့ အပျက်အစီးအတိုင်းအဆကို အတိအကျမပြောနိုင်သေးဘူး’’လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃ ထောင်နီးပါးအထိ ရှိခဲ့တဲ့ လက်ယက်မရွာထဲက ထောင်နဲ့ ချီတဲ့ရွာခံတွေဟာ စစ်ကြောင်းထိုးလာတယ်ဆိုတဲ့သတင်းကြောင့် မေလ ၁၂ ရက်ကတည်းက ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး စစ်တပ် ဝင်လာတဲ့ မေလ၁၃ ရက်မှာတော့ ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ‘’ပျူစောထီးပါတယ်လို့ပြောလို့ရတယ်။ ကျောက်ဆောက်တောင်ဘက်ကတောင်ပို့ရွာကို ပထမဆုံး အဲဒီ စစ်ကြောင်းက ဝင်တာပေါ့။ အဲဒီကရွာခံတွေပြောပြချက်အရ ဝင်လာသူတွေထဲမှာ မျက်နှာတွေ စည်းထား တဲ့သူတွေပါတယ်လို့ပြောတယ်။ စစ်သားတွေဆို စည်းထားမှာမဟုတ်ဘူးလေ။ ဒါပေမဲ့ နယ်ချင်းသားတွေ ဆိုတော့ မျက်နှာသိတွေပါတာပေါ့။ ဒါ့ကြောင့် ပျူစောထီးတွေပါတယ်လို့ ယူဆလို့ရပါတယ်’’ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ လက်ယက်မရွာဘက်ကို ဘာကြောင့် အခုလို ဝင်ရောက်မီးရှို့တယ်ဆိုတာ မသိရပေမဲ့ ဒေသခံတွေကတော့ ဒါဟာ ပျူစောထီးရွာလို့နာမည်ကြီးတဲ့ ကန်နီရွာကို ဒေသကာကွယ်ရေးအဖွဲ့ အချို့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သွားရောက်ပစ်ခတ်ပြီးမှာ အခုဖြစ်ရပ် ဖြစ်လာတာလို့ ဆိုပါတယ်။

    ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ကန်နီရွာကို သွားရောက်တိုက်ခိုက်တာမျိုး ရှိ၊မရှိ အခုအထိ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။

    ‘’မြိုင်နဲ့ ပခုက္ကူကိုသွားမယ်ဆိုရင် ကန်နီကို ဖြတ်ရတယ်။ လက်ယက်မက စျေးရွာကြီးဆိုတော့ လက်ယက်မ ရွာသူရွာသားတွေကိုဆိုရင် သွားလို့ မရဘူး။ ဖမ်းတာ ဆီးတာ။ ညအိပ်ထိန်းသိမ်းတာရှိတယ်။ ပျူနဲ့ စစ်တပ် ဂိတ်တွေရှိရင် လက်ယက်မက ဆိုရင် တော်တော်လေးကြပ်တယ်။ ဒါပေမဲ့ လက်ယက်မမှာ ကာကွယ်ရေးတပ်တွေနဲ့ အဆက်အစပ်မရှိပါဘူး’’လို့ ဒေသခံတစ်ဦးက ပြောထားပါတယ်။

    ဒီနေ့မှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ လက်ယက်မကျေးရွာကနေ ထွက်ပြီး ကြည့်ကန်ဘက်ကို ဦးတည်သွားတာကြောင့် ကြည့်ကန်ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

  9. မင်းပြားမြို့နယ်မှာ မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

    ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်အတွင်းမှာ ဒီကနေ့ မေလ ၁၅ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးသွားခဲ့တယ်လို့ ပန်းမြောင်းဒေသခံတွေကအတည်ပြုပြောဆိုပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ ပန်းမြောင်းမြို့ စာသင်ကျောင်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ် ဦးမောင်သာထွန်းဖြစ်ကြောင်း သိရပါတယ်။ မနက်ပိုင်းက ထင်းခုတ်ဖို့ထွက်သွားခဲ့ပြီး ထင်းရှာနေချိန်မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဘက်စလုံးပြတ်တဲ့ ဒဏ်ရာတွေအပြင်းအထန်ရရှိရာကနေ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

    '' ဖြစ်တာက သပေါ့စာတဲ့စုမှာဖြစ်တာပါ။ ခြေထောက်နှစ်ဘက်စလုံးပြတ်သွားတယ်လို့သရတယ်။ အခုဆုံးသွားပြီလို့သတင်းရပါတယ်။ အဲ့ဒီနေရာက အရင်စစ်ပွဲတွေဖြစ်တုန်း စစ်တပ်က တပ်စွဲပြီး‌ နေနေတဲ့နေရာဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ အရင်ကလည်း ဒါမျိုး‌ မိုင်းတွေပေါက်ကွဲပြီး ထိခိုက်တာတွေရှိခဲ့ဖူးတယ်'' လို့ ပန်းမြောင်း‌‌ဒေသခံးမောင်သိန်းရွှေက ပြောပါတယ်။

    သပေါ့စာတဲ့စု ဟာ ပန်းမြောင်းတိုက်နယ်အတွင်းက ဒေသခံဆင်းရဲသားတွေ မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ နေရာတစ်ခုဖြစ်ပြီး အရင်က အဲ့ဒီနေရာမှာ နေထိုင်ပြီးစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့ တဲစုတွေရှိခဲ့ကြပေမယ့် တိုက်ပွဲကာလအတွင်း ထွက်ပြေးခဲ့ကြရတဲ့အတွက် နေထိုင်သူတွေမရှိတော့ဘူးလို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေမရှိတော့ပေမယ့် စစ်ပွဲကာလအတွင်းက ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းနဲ့ ကြွင်းကျန်စစ်လက်နက်ပစ္စည်းတွေပေါက်ကွဲမှုကြောင့် မကြာခဏဆိုသလို ထိခိုက်သေဆုံးမှုတွေကတော့ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

    ပန်းမြောင်းကို လေးမြို့မြစ်အတွင်းကနေမြင်ရပုံ ( ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Saw Moe Kyaw

    ဓာတ်ပုံ ပုံစာ, ပန်းမြောင်းကို လေးမြို့မြစ်အတွင်းကနေမြင်ရပုံ ( ပုံဟောင်း)
  10. ၂ ရက်ဆက် တိုက်ပွဲဖြစ်နေတဲ့ ပုလဲနယ်၊ အင်မထီးရွာအနီး စစ်ရေးတင်းမှုနေဆဲလို PRA ပြော

    ၂ ရက်ဆက် တိုက်ပွဲဖြစ်နေတဲ့ ပုလဲနယ်၊ အင်မထီးရွာအနီး စစ်ရေးတင်းမှုနေဆဲလို PRA ပြော

    ဓာတ်ပုံ ရင်းမြစ်, PRA

    ပြီးခဲ့တဲ့မေလ (၁၂)ရက်နဲ့ (၁၃)ရက်တွေမှာစစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပုလဲပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) တို့အကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    ယင်းမာပင်မြို့နယ်ကနေ ပုလဲမြို့နယ် ဘက်ကိုကူးလာပြီး အင်မထီးရွာမှာတပ် စွဲဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေကို ရွာနားမရောက်ခင်မှာ တိုက်ခိုက်ခဲ့တာလို့ PRA ဘက်ကပြောပါတယ်။

    ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး (၁၃)ဦးသေဆုံးပြီး PRA ဘက်ကထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ဆိုပါတယ်။

    ဒီစစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ချီသေဆုံးတယ်ဆိုတာနဲ့ပတ်သက်ပြီး ဘီဘီစီဘက်က သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

    "သူတို့ကား ၁၉စီးနဲ့ အင်အား ၉၀လောက်ရောက်လာတယ်၊ ကျွန်တော်တို့ဘက်ကလည်း ပဒေသာမိုင်းအလုံး၄၀ကျော် သုံးပြီးတိုက်ခိုက်ခဲ့တယ်။ မနေ့က အင်မထီးရွာထဲတပ်စွဲပြီးငြိမ်နေတယ်၊ ဒီမနက်လည်းအပြင်ထွက်ဖို့ဟန်ပြင်နေလို့ ကျွန်တော်တို့လည်းအသင့်ပြင်ထားတယ်"လို့ PRA က တာဝန်ခံ ဗိုလ်ဂျပန်က ပြောပါတယ်။

    ဒါကြောင့် ဒီကနေ့မေလ (၁၅)ရက်မနက်ပိုင်းမှာတော့ စစ်ရေးတင်းမာနေတဲ့အခြေအနေလို့ဆိုပါတယ်။

    စစ်ကောင်စီတပ်စွဲထားတဲ့ အင်မထီးရွာမှာ အရပ်အခေါ်ပျူစောထီးအဖွဲ့တွေပါရှိနေသလို အမြဲတပ်စွဲနေထိုင်တဲ့ရွာဖြစ်ပြီး စစ်ကောင်စီကိုမထောက်ခံတဲ့ဒေသခံတချို့သာ ‌ရွာကနေပြောင်းရွှေ့နေထိုင်ကြတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

  11. သောင်ရင်းမြစ်ဘေး စစ်ရှောင်နေကြသူတွေ မြစ်ရေတက်လာလို့ရွှေ့ပြောင်းရပြန်, နေထိုင်စားသောက်ရေး အခက်အခဲ ကြုံတွေ့နေကြ

    ထိုင်း - မြန်မာ နယ်စပ် သောင်ရင်းမြစ်ကမ်းဘေးမှာနေထိုင်နေကြရတဲ့ကရင်ပြည်နယ်၊ လေးကေကော်ဒေသ၊မင်းလက်ပံ ကျေးရွာကရွှေ့ပြောင်းလုပ်သားစစ်ဘေးရှောင်လူဦးရေ ၃၀၀ ခန့်ဟာ မိုးကျလာပြီဖြစ်ကာမြစ်ရေတက်လာလို့ ထပ်ပြီး နေရာရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။

    ဒါ့အပြင် စားသောက်စရာရေနဲ့ဆေးဝါးအခက်အခဲတွေကြုံတွေ့နေရတယ်လို့လည်းဆိုပါတယ်။ စစ်ဘေးရှောင်နေကြတဲ့အထဲ အောက်မြန်မာပြည်က ရာသီပေါ် စိုက်ပျိုးရေး ပျံကျ နေ့စားလုပ်ကိုင်နေထိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားစစ်ရှောင်တွေလည်းပါဝင်တယ်လို့ဆိုပါတယ်။

    လေးကေ့ကော်ဒေသ ကေအဲန်ယူတပ်မဟာ၆ ဒေသအတွင်း စစ်ကောင်စီ တပ် ၊ကရင်နယ်ခြားစောင့်တပ်တွေ နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင် ခိုလှုံ နေကြရတဲ့ စစ်ရှောင်အစုအဖွဲ့ နေရာ ၇ နေရာ ခန့်ရှိ နေတာပါ။

    လေးကေကော် ဒေသအတွင်း ကျေးရွာ၂၀ခန့်က ဒေသခံပြည်သူ သောင်းချီ နေထိုင်တဲ့ သောင်ရင်း မြစ်ဘေး တစ်လျှောက် စစ်ဘေးရှောင်စခန်း နေရာတွေကို ရေကြီး ရေဝင်ရောက်တာတွေ ကြုံတွေ့ နိုင်လို့ ကုန်းမြင့် နေရာ တွေကို ရွှေ့ပြောင်း‌အခြေချနေထိုင်နေကြပြီဖြစ်ပါတယ်။

    မင်းလက်ပံ ကျေးရွာ သောင်ရင်းမြစ်ဘေးမှာ ယာယီ နေထိုင် နေကြတဲ့ ပျံကျ နေရပ်ရွှေ့ပြောင်း တောင်ယာ အလုပ်သမား အစုအဖွဲ့နေရာတွေမှာတေ့ရေဘေး လွတ်ရာ ပြောင်းရွှေ့ နေထိုင်ဖို့ နေရာထိုင်ခင်း အခက်အခဲ ၊ မိုးရာသီ စာသောက်စရာ၊ နေရာထိုင်ခင်း၊ ကျန်းမာရေး အကူအညီနဲ့ ဆေးဝါးတွေအရေးပေါ် လိုအပ်ချက်ရှိနေတယ်လို့ တောင်ယာ အလုပ်သမား စစ်ရှောင်တစ်ဦးကပြောပါတယ်။

    '' ကျမတို့ ရွာဘက်တွေကဒေသခံတွေကတော့ တစ်ချို့စစ်ရှောင်တွေစုနေတဲ့ရွာဘုန်းကြီးကျောင်းမှာနေနေကြတယ်၊အောက်ဘက်က ပျံကျရာသီပေါ် တောင်ယာ နေ့စား လုပ်ကြတဲ့ သူတွေကတော့ ရွာသား မဟုတ်တော့ သောင်းရင်းမြစ်ဘေး နေရာ တွေ မှာ တာလပတ်အမိုး တွေ နဲ့ နေနေကြရတယ်။ ရွာထဲမှာအိမ်ဌားနေဖို့ ကျတေ့အလုပ်မရှိ ငွေမရှိ တော့ မနေနိုင်ကြဘူး ၊ မြစ်ဘေးမှာပဲနေနေကြတယ်။မြစ်ရေ တောင်ကျရေတိုးလာချိန်ဆို နေဖို့စားဖို့ မရှိ ကြတော့ဘူး။ မြစ်ရေ က နောက် လာပြီ ဆိုတော့ သောက်ရေသုံးရေ လည်းအခက် အခဲ ရှိ နေတယ်၊ အခုက လူတွေ ဘယ်မှ သွားမရဲ လာမရဲ နဲ့ မြစ်ဘေး မှာ နေနေကြရတာ'' လို့ အင်ကြင်းမြိုင် ဒေသခံ တောင်ယာ အလုပ်သမား စစ်ဘေးရှောင် အကူအညီ ပေးနေသူ ကပြောပါတယ်။

    လေးကေကော် -ဝေါလေ ဒေသမှာ ဒေသတွင်း တောင်ယာကုန်းတွေ၊လူနေရပ်ကွက်တွေနဲ့ လမ်းမတွေပေါ်မှာ စစ်တပ်ရဲ့ မြေမြုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့လက်နက်ကြီးဗုံးသီးတွေ။ လေယာဉ် ဗုံးသီးတွေရှိနေလို့ ဒေသခံတွေအနေနဲ့ နေရပ် ပြန်လည် ၀င်ရောက်တာတွေနဲ့ သွားလာတာတွေမလုပ်ကြဖို့ KNLA ပူးပေါင်း တပ်ဖွဲ့ တွေဘက်က ‌သတိပေးထားပါတယ်။

    သောင်ရင်းမြစ်ဘေး စစ်ရှောင်နေကြသူတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သောင်ရင်းမြစ်ဘေး စစ်ရှောင်နေကြသူတွေ
  12. အာဆီယံ-အမေရိကန်ထိပ်သီးဆွေးနွေးပွဲ- စစ်ကောင်စီကန့်ကွက်တဲ့ ထုတ်ပြန်ချက်အပိုဒ် ၂၆ မှာ ဘာတွေပါလဲ

    အာဆီယံ-အမေရိကန်ထိပ်သီးဆွေးနွေးပွဲ- စစ်ကောင်စီကန့်ကွက်တဲ့ ထုတ်ပြန်ချက်အပိုဒ် ၂၆ မှာ ဘာတွေပါလဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ-အမေရိကန်ထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြောထားတဲ့ စာပိုဒ် အမှတ် ၂၆ ကို ကန့်ကွက်ကြောင်းပြောလာပါတယ်။

    မြန်မ့ာအကြပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ် ကို အချိန်နဲ့တ‌ပြေးညီ အပြည့်အဝအကောင်အထည်ဖော်ဖို့အပါအဝင် ‌ဒေသတွင်းတည်ငြိမ်ရေး ကတိကဝတ် ဆက်ပြုသလို မြန်မာပြည်တွင်း အကြမ်းဖက်မှု ချက်ချင်းဆိုင်းငံ့ရေး၊ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေး အကျဥ်းသားအားလုံးကို လွှတ်ပေးရေးအချက်တွေကို အဲဒီစာပိုဒ်ထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။

    ဒါ့ပြင် မြန်မာပြည်တွင်းက လိုအပ်နေတဲ့သူတွေဆီ စာနာမှုအကူအညီတွေ တပြေးညီရောက်ရှိနိုင်ရေး၊ မြန်မာ့ အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံပြီး မြန်မာ့အရေး ငြိမ်းချမ်းစွာအဖြေရှာမှုမှာ အာဆီယံရဲ့ ပါဝင်ညှိနှိုင်းမှုကို ဆက်လုပ်သွားဖို့ အချက်လည်း ပါဝင်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ မေလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ကျင်းပခဲ့တဲ့ အာဆီယံ-အမေရိကန်ဆွေးနွေးပွဲဟာ ဆွေးနွေးဖက် ဆက်ဆံရေး ၄၅ နှစ်ပြည့်အနေနဲ့ ကျင်းပတာဖြစ်ပြီး ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာ မြန်မာ နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု စာပိုဒ်ကို မထည့်ဖို့ တောင်းဆိုခဲ့ပေမဲ့ အာဆီယံရဲ့ တူညီဆန္ဒမပါဘဲ ပူးတွဲကြေညာ ချက်ကို ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီစာပိုဒ်ပါ အသုံးအနှုန်းတွေဟာ အာဆီယံဘုံသဘောတူညီချက်ပါ အချက်တွေထက် ကျော်လွန်နေတယ်လို့လည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

    မြန်မာနိုင်ငံမတက်ရောက်တဲ့ အဲဒီဆွေးနွေးပွဲမှာ အာဆီယံတူညီဆန္ဒမပါရှိဘဲ ထုတ်ပြန်ခဲ့တာကြောင့် မြန်မာနိုင်ငံက စာပိုဒ်အမှတ် ၂၆ ကို ပယ်ချတယ်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

  13. မန္တလေးမြို့မှာ ဆယ်အိမ်ခေါင်းတစ်ဦးသေနတ်နဲ့ အပစ်ခံရပြီးသေဆုံး

    မန္တလေးမြို့မှာ ဒီကနေ့မေ ၁၅ မနက်အစောပိုင်းက သာရေး နာရေးဆောင်ရွက်ပေးသူ ရပ်ကွက် ဆယ်အိမ်ခေါင်းတစ်ဦး သေနတ်နဲ့ နှစ်ချက် အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ၃၅လမ်း၊ ၈၇ x ၈၈လမ်း အနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အပစ်ခံရပြီး နေရာမှာတင် သေဆုံးသွားလို့ ဆေးရုံကြီး ရေခဲတိုက်ကိုပို့ဆောင်ပေးရတယ်လို့ သိရပါတယ်။ " ခေါင်းရယ် ပုခုံးရယ် နှစ်ချက် အပစ်ခံရတာ။ဟိုအရင်ကတည်းက တိမ်ပြာတန်းရပ်ကွက်က ဆယ်အိမ်ခေါင်း။ သာရေး နာရေးလုပ်တဲ့သူ။ ရပ်ကွက်က သူ့ကိုချစ်ကြတယ်။ သူ့အိမ်နဲ့မနီးမဝေး လမ်းအကွေ့ကြားထိပ်နားမှာ ဖြစ်တာ။ နေရာမှာတင် ပွဲချင်းပြီး"လို့ သေဆုံးသူရုပ်အလောင်းကိုဆေးရုံကြီး ပို့ဆောင်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူကလည်းပြောပါတယ်။

    အပစ်ခံရသူဟာ အသက် ၅၀ကျော်အရွယ် ဦးကြည်လင်းဆိုသူဖြစ်ပြီး မနက်စာစားပြီး စက်ဘီးစီးအပြန် ဆိုင်ကယ်သမားက ပစ်ခတ်သွားတယ်လို့ အနီးဝန်းကျင်ဒေသခံတွေက ဆိုပေမယ့် ပစ်ခတ်သွားသူ ကဘယ်သူဆိုတာ အတည်မပြုနိုင်ပါဘူး။ ဦးကြည်လင်း သေနတ်ပစ်ခံရပြီး ၅မိနစ်အတွင်း စစ်ကားနဲ့ လုံခြုံရေးပတ်ကားတွေ ချက်ခြင်းရောက်လာပေမဲ့ အဲ့ဒီအပစ်ခံရတဲ့ လမ်းဝန်းကျင်မှာ လမ်းပိတ်ဆို့ စစ်ဆေးတာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    ပုံစာ- အခင်းဖြစ်နေရာကို တွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, VOMDY

    ဓာတ်ပုံ ပုံစာ, ပုံစာ- အခင်းဖြစ်နေရာကို တွေ့ရစဉ်
  14. က​လေး PDF တပ်ရင်း ၄ရဲ့ ​ခြေကုပ်စခန်း တိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း၊ က​လေးမြို့နယ် ​တောင်ပိုင်းမှာရှိတဲ့ က​လေး PDF တပ်ရင်း ၄ရဲ့ ​ခြေကုပ်စခန်းဟာ မ​​နေ့ ​မေလ ၁၄ရက်မနက်ပိုင်းကတိုက်ခိုက်ခံခဲ့ရတယ်လို့ PDF ဘက်က သတင်းထုတ်ပြန်ပါတယ်။

    အဲ့ဒီ​နေ့ မနက်၁၀နာရီမှာ စစ်​ကောင်စီဘက်က​နေ တိုက်​လေယာဥ် ၃စင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ MI 35 ရဟတ်ယာဥ် ၂စင်းနဲ့ပါ နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာအပြင် ဒရုန်းအသုံးပြုကာ အီနာဂါဗုံးသီးနဲ့ တိုက်ခိုက်တာ၊ ​​ခြေလျင်အင်အား ၂၀၀ခန့်နဲ့ပါ ထိုးစစ်ဆင်တာကို ခံခဲ့ရတယ်လို့ဆိုပါတယ်။

    ​လေ​ကြောင်းတိုက်ခိုက်မှုအပြီး ​ခြေလျင်တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်​ရေးအဖွဲ့ PDF ​တွေအကြား ထိ​တွေ့ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး လက်နက်အင်အားမမျှတာ​ကြောင့် ​ခြေကုပ်စခန်းက​နေ ဆုတ်ခွာခဲ့ရတယ်လို့ ​ပြောပါတယ်။

    ​ဒီလို​လေ​ကြောင်း​ရော ကုန်း​ကြောင်းနဲ့ တိုက်ခိုက်ခံရအပြီး PDF ဘက်မှာမစိုးရိမ်ရဒဏ်ရာသာရရှိခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ​မြေပြင်တိုက်ပွဲအတွင်း စစ်​ကောင်စီဘက်က ​သေဆုံးမှုတချို့ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ​ဖော်ပြပေမဲ့ ဘီဘီစီဘက်ကသီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

    စ်​ကောင်စီဘက်ကတော့PDF စခန်းတစ်ခုကို သိမ်းပိုက်နိုင်​ကြောင်းနဲ့ လူ​နေတဲအပါအဝင် လက်နက်ပစ္စည်း​နဲ့ ရိက္ခာ​ဆေးဝါး​တွေ သိမ်းဆည်းမိတယ်လို့ ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုနဲ့ပတ်သက်လို့ထုတ်ပြန်ချက်မှာမပါရှိပါဘူး။

    pdfkalaybn04

    ဓာတ်ပုံ ရင်းမြစ်, pdfkalaybn04

    ဓာတ်ပုံ ပုံစာ, က​လေး PDF တပ်ရင်း ၄ရဲ့ ​ခြေကုပ်စခန်း တိုက်ခိုက်ခံရ
  15. မလေးရှားနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးတွေ ဝါရှင်တန်မှာ တွေ့ဆုံ

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ စနေနေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, @saifuddinabd

    ဓာတ်ပုံ ပုံစာ, မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ စနေနေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးထားတယ်ဆိုပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မေလ ၁၄ ရက်မှာ ပြောလာပါတယ်။

    မြန်မာပြည်သူတွေနဲ့တသားတည်းရပ်တည်တဲ့ မလေးရှားရဲ့ ထောက်ခံမှုကို ထပ်လောင်းပြောဆိုသလို မြန်မာပြည် ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပြန်လည်ဆောင်ကျဥ်းရေးအတွက် မလေးရှားက လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိတယ်ဆိုတာကို ဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံချိန် ဆွေးနွေးခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

    ဝန်ကြီးတွေဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့မှာတွေ့ဆုံခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲအတွက် မလေးရှားဝန်ကြီးချုပ်နဲ့အတူ အမေရိကန် ပြည်ထောင်စုကို ရောက်နေတုန်းမှာ အခုလိုတွေ့ဆုံခဲ့ကြတာပါ။

    NUG ဝန်ကြီးဒေါ်ဇင်မာအောင်က မြန်မာပြည်တွင်းက နောက်ဆုံးဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောပြထားသလို မြန်မာပြည်တွင်းက ဒုက္ခသည်တွေရဲ့ ပညာရေး၊ နည်းပညာဆိုင်ရာသင်တန်ပေရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးအပါအဝင် NUG ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအရေးကိုလည်း အမြင်မျှဝေခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

    NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ လူချင်းတွေ့ဆုံထားပါတယ်။

  16. NUGနဲ့ အမေရိကန် တွေ့ဆုံခဲ့မှု စစ်ကောင်စီကန့်ကွက်

    အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့် NUG နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကကိုယ်စားလှယ်ဆိုသူများ က အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများ နဲ့အမေရိကန်ပြည်‌ထောင်စု၊ဝါရှင်တန်မှာတွေ့ဆုံခဲ့တဲ့အပေါ်ပြင်းထန်စွာ ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလ ၁၄ရက် ညပိုင်းကထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ NUG နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကို တရားမဝင်အဖွဲ့များ၊ အကြမ်းဖက်အုပ်စုများဖြစ်ကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေထင်ရှားစွာ ကျူးလွန် နေကြောင်း နိုင်ငံတကာသို့ ရှင်းလင်းစွာ အသိပေးကြေညာခဲ့သလို အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း အဲဒီအဖွဲ့တွေနဲ့ ထိတွေ့ဆက်သွယ်ဆောင်ရွက်တာမပြုဖို့ကန့်ကွက်စာတွေပေးပို့ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

    ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (PDF) ဆိုသူတွေနဲ့ ထိတွေ့ ဆက်သွယ် ဆောင်ရွက်တာဟာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အားပေးရာ ရောက်တဲ့အပြင် နိုင်ငံတကာနှင့် ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေး သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်စေတယ်လို့လည်းဖော်ပြထားပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ မိတ်ဖက်နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေအနေနဲ့လွှတ်တော် အမတ်တွေအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ကိုယ်စားလှယ်တွေကို ထိတွေ့ဆက်ဆံတာ၊ အားပေးပံ့ပိုးတာတွေ မပြုလုပ်ကြဖို့ထပ်လောင်းတောင်းဆိုတယ်ဆိုပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တာတွေ့ရပါတယ်။

    ဒါ့အပြင် အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေး ရဲ့ ပူးတွဲထုတ်ပြန် ကြေညာချက်မှာလည်း မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက် မှုတွေကို အထူးပြုထည့်သွင်းဖော်ပြထားတဲ့ စာပိုဒ်ပါရှိပြီး မြန်မာနိုင်ငံအနေဖြင့် အဲဒီစာပိုဒ်ကို ထည့်သွင်းခြင်းမပြုဖို့ တောင်းဆိုခဲ့ အာဆီယံရဲ့ တူညီဆန္ဒမပါရှိဘဲ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သလို မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အထူးပြုဖော်ပြချက်ကို ပြတ်သားစွာပယ်ချပြီး ပါဝင်ပတ်သက်မှုမရှိ‌ဘူးလို့လည်းဆိုပါတယ်။

    စစ်ကောင်စီဘက်က အမေရိကန်ကို ခြေချခွင့်မရခဲ့ပေမယ့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီး ဝင်ဒီရှားမန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာ့အရေးဟာ အမေရိကန်ရဲ့ ဦးစားပေးအဖြစ် ဆက်ရှိနေပြီး စစ်ကောင်စီကို ဖိအားတွေ ဆက်ပေးသွားမယ်လို့ ရှားမန်းကပြော‌ခဲ့တဲ့အကြောင်း ဒေါ်ဇင်မာအောင် က အမေရိကန်အခြေစိုက်မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံသဘောတူညီချက် ၅ ချက်ထက် ပိုတဲ့တွန်းအားပေးမှုတွေဆက်လုပ်ဖို့ ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဒေါ်ဇင်မာအောင်က ပြောထားပါတယ်။

    ဒါ့အပြင် ‌‌‌‌ဒေါ်ဇင်မာအောင်ဟာ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့လည်းတွေ့ဆုံထားသလို အမေရိကန် သမ္မတရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီး - Rob Berschinski ( Special Assistance to the President- S. Director for Democracy & Human Rights) တို့အကြားတွေ့ဆုံဆွေးနွေးမှုကို မေလ၁၃ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

    NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီး ဝင်ဒီရှားမန်းတို့တွေ့ဆုံခဲ့မှု

    ဓာတ်ပုံ ရင်းမြစ်, အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း၏ twitter စာမျက်နှာ

    ဓာတ်ပုံ ပုံစာ, NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီး ဝင်ဒီရှားမန်းတို့တွေ့ဆုံခဲ့မှု
  17. ဖိအားတွေ ပိုများလာတဲ့ စစ်ကောင်စီရဲ့ သံတမန် ဆက်ဆံရေး

  18. အမေရိကန် အာဆီယံ နဲ့ NUG ကို ဖိတ်ခေါ်မှု

  19. ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဆေးဝါးတွေအလွယ်တကူမရတာကြောင့် ကယားပြည်နယ်မှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု၊ ကလေးအသေမွေးဖွားမှုနဲ့မွေးကင်းစ ကလေးငယ် သေဆုံးမှုမြင့်တက်လာ

    ပြည်နယ်လူဦးရေ တဝက်ကျော်လောက်က စစ်ဘေးတိမ်းရှောင်နေရတဲ့ ကယားပြည်နယ်ထဲ က စစ်ဘေးရှောင်စခန်းတွေမှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု၊ ကလေးအသေမွေးဖွားမှု နဲ့မွေးကင်းစကလေးငယ်သေဆုံးမှုတွေပိုများလာတယ်လို့ လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ယက် CHDN ကပြောပါတယ်။

    ကယားပြည်နယ်ထဲက စစ်ဘေးရှောင်တွေဟာ စစ်ရှောင်နေရင်းကနေ တိုက်ပွဲတွေကြား နောက်ထပ် နေရာတွေဆီ အကြိမ်ကြိမ်ထွက်ပြေးတိမ်းရှောင်နေရပြီး အတည်တကျနေထိုင်တိမ်းရှောင်လို့မရတဲ့အခြေအနေဖြသ်နေပါတယ်။

    ဒါကြောင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်လို့မရနိုင်တာတွေ၊ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှု တွေကြောင့် ဆေးဝါးသယ်ယူခွင့်မရတာတွေနဲ့ ရိက္ခာပြတ်တောက်မှုတွေကြောင့် အာဟာရမပြည့်ဝတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်မှုတွေရှိလာရပါတယ်။ အဲဒီလိုအခြေအနေတွေကြား အခုလို မိခင်နဲ့ကလေးငယ်သေဆုံးမှုတွေပိုများလာတာ ဖြစ်တယ်လို့ ကယားပြည်နယ်တွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေအကူအညီပေးနေသူတွေက ပြောပြခဲ့တာပါ။

    “ အိုးအိမ်တွေပစ်ပြီးထွက်ပြေးရတယ်၊ ဖြစ်သလိုစားသောက်နေထိုင်ရတယ်။ အဲဒီလိုဖြစ်သလိုစားသောက် နေထိုင်ပြီးတော့ရော စိတ်ချလက်ချမနေရပြန်ဘူး။ လေယာဥ်ကဗုံးကြဲမလား၊ လက်နက်ကြီးတွေကျလာမလားအမြဲပူနေရတော့ လမစေ့ဘဲ ကလေးမွေးတာတွေ၊ ကိုယ်ဝန်ပျက်ကျတာတွေ၊ မွေးပြီးတစ်လအကြာမှာကလေးသေသွားတာတွေအများကြီးဖြစ်လာတယ်။ ရုပ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့်ဖြစ်တယ်လို့သတ်မှတ်လို့ရတယ်။ ကျွန်‌တော်တို့ CHDN က အဖွဲ့တစ်ဖွဲ့က ကောက်ထားတဲ့စာရင်းမှာတင် ပြီးခဲ့တဲ့ ၂၀၂၁ ထဲမှာ မွေးပြီးတစ်လအကြာမှာသေဆုံးသွားတဲ့ကလေးငယ် ၇ ယောက်၊ ကိုယ်ဝန်ပျက်ကျတဲ့မိခင် ၉ ဦးဆိုပြီးရှိတယ်။ ကျွန်တော်တို့မှာ အဲ့လို ကျန်းမာရေးစောင့်ရှောက်မှု ပေးပြီးစာရင်းကောက်ယူနေတဲ့အဖွဲ့ ၆ ဖွဲ့ ရှိတယ်။ အဲဒီထဲကတဖွဲ့က ကောက်ထားတဲ့စာရင်းအရပြောတာဆိုတော့ ကျွန်တော်တို့အဖွဲ့တွေမြေပြင်ဆင်းဖို့ခက်တာတွေ မထင်မရှားဖြစ်သွားတာတွေနဲ့ဆိုရင်တကယ့်မြေပြင်မှာ အဲဒီစာရင်းထက် သုံးဆ၊ လေးဆလောက်ပိုများနိုင်တယ်’’ လို့ လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ရက် CHDN ရဲ့ ဒါရိုက်တာ ကိုဖိလစ်က ဘီဘီစီကိုပြောပါတယ်။

    ဒါတွေအပြင်လက်ရှိမှာ စစ်ကောင်စီရဲ့ ကန့် သတ်ပိတ်ဆို့မှုတွေကြောင့် ကယားပြည်နယ်အတွင်း ဆေးဝါးသယ်ယူမှုတွေပိတ်ဆို့ခံထားရတဲ့အပြင်ကယားပြည်နယ်အတွင်းက မြိုနယ်တွေမှာ ဆေးဝါးအများအပြားဝယ်ယူမှုတွေကိုတောင် ကန့်သတ်စောင့်ကြည့်ခံရတဲ့ အခြေအနေဖြစ်နေတယ်လို့ သူကဆက်ပြောပြပါတယ်။

    လက်ရှိမှာလည်း ရာသီအကူးအပြောင်းကာလဖြစ်တဲ့အလျောက် စစ်ရှောင်စခန်းတွေမှာ ဖျားနာမှုတွေပိုများနေပြီး ဆေးဝါးလိုအပ်ချက်တွေလည်းမြင့်တက်နေတယ်လို့ စစ်ရှောင်တွေကိုအကူအညီပေးနေတဲ့ သူနာပြုဆရာမတစ်ဦးက ပြောပါတယ်။

    ‘’ ဖျားနာတယ်ဆိုပြီးသတင်းကြားရင် လက်ထဲ ဆေးပေးစရာရှိမှသွားနိုင်တယ်။ သူတို့လှမ်းဆက်သွယ်ပေမယ့်လက်ထဲဆေးမရှိရင်မကူပေးနိုင်ဘူး။ အခုကရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကပိုများလာတယ်လေ။ စစ်ရှောင်တဲထဲနေရတာ တနှစ်ကျော်လာပြီလေ။ တခါလက်နက်ကြီးသံကြားရင် မိုးကာတွေဖြုတ်ပြီး ပြေးရပြန်ပြီဆိုတော့ မိုးကာတွေ ဖြုတ်လိုက်တပ်လိုက် အကုန်ပြဲ မလုံမခြုံနဲ့နေရတော့ ကျန်းမာရေးတွေက ပိုပြီးဆိုးကုန်တယ်” လို့ စစ်ရှောင်စခန်းတွေမှာဆေးဝါးကုသမှုအကူအညီပေးနေတဲ့ဆရာမ မပန်းက ပြောပြပါတယ်။

    လက်ရှိမှာ ကယားပြည်နယ်ထဲမှာစစ်ကောင်စီနဲ့ဒေသကာကွယ်ရေး တပ်တွေကြားထိတွေ့တိုက်ပွဲတွေဆက်ရှိနေတယ်လို့လည်း ဒေသကာကွယ်ရေး တပ်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

    လူဦးရေ ၃ သိန်းလောက်ရှိတဲ့ကယားပြည်နယ်ထဲမှာတော့ ဒေသခံ ၂ သိန်းကျော်လောက်ဟာ နေရပ်စွန့်ခွာပြေးနေရတယ်လို့လည်း ကရင်နီလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။

    စစ်ဘေးရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, Pann Mu

  20. နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ မင်္ဂလာဒုံ၊ အမှတ် ၈၂ တပ်ရင်းကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ မင်္ဂလာဒုံ၊ အမှတ် ၈၂ တပ်ရင်းကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်

    ဒီကနေ့ မေလ (၁၄)ရက်၊ မနက် (၅)နာရီလောက်မှာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃)လမ်းမကြီးပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၈၂)တပ်ရင်းကို ရန်ကုန်မြို့ပြပြောက်ကျားပူးပေါင်းအဖွဲ့တွေက ၄၀ မမ ဗုံးသီးလောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

    ဒီတိုက်ခိုက်မှုကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ နန်းထိုက်အောင်စစ်ဆင်ရေတစ်စိတ်တစ်ပိုင်းအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခဲ့ချိန်အတွင်း စစ်ကောင်စီဘက်ကနေ ပြန်လည်ပစ်ခတ်မှုမရှိဘဲ မီးပိတ်ချခဲ့တာကြောင့် ထိခိုက်မှုများနိုင်တယ်လို့ Yangon Federal Army (Y.F.A) ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

    မနေ့ည (၇)နာရီခွဲဝန်းကျင်လောက်မှာလည်း ရန်ကုန်၊ အင်းလျားလမ်းပေါ်မှာရှိတဲ့ ယာဉ်ထိန်းရဲရုံမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးနေရာမှာတင်သေဆုံးခဲ့ကာ နောက်ထပ်တစ်ဦးကိုတော့ အမှတ် (၂)စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဖြစ်စဉ်သိရှိသူမြို့ခံတွေကပြောပါတယ်။

    အဲဒီဖြစ်စဉ်ပြီးတဲ့နောက် လမ်းတွေပိတ်ဆို့စစ်ဆေးခဲ့ပြီး အင်းစိန်လမ်းမဘက် လှိုင်ရဲစခန်းရှေ့မှာ ဖြတ်သန်းတဲ့ ကားတွေအပြင် လမ်းသွားလာသူတွေကိုပါ စစ်ဆေးခဲ့တာကြောင့် ည (၈)နာရီခွဲကျော်အထိ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေကနေသိရပါတယ်။

    "ည ၁၁ နာရီတုန်းကလည်း ပေါက်ကွဲသံနှစ်ချက်ကြားတယ်၊ ထွက်ကြည့်တော့လမ်းမပေါ်မှာ သူတို့စစ်ကားတွေ့တယ်၊ ကားတစ်စီးကိုလိုက်ပစ်တယ်လို့ ပြောကြတာအတည်မပြုနိုင်ဘူး။ အရင်လိုလမ်းတွေမှာသာ ဆင်းစောင့်တာမရှိတာ၊ ကားတွေကတော့ ကင်းပတ်တာပြန်တွေ့လာရတယ်"လို့ အင်းစိန်လမ်းမကြီးအနီးတဝိုက်နေထိုင်သူတစ်ဦးက ပြောပါတယ်။

    ဒီလိုရန်ကုန်မြို့တွင်းတိုက်ခိုက်မှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုနဲ့ပတ်သက်ပြီး ဒီကနေ့ ညနေ (၄) နာရီခွဲအထိ စစ်ကောင်စီဘက်ကနေထုတ်ပြန်ချက်တစုံတရာ မတွေ့ရသေးပါဘူး။