အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် လူတစ်ရာကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ဒီရာဇဝတ်မှုတွေကို ပြစ်ဒဏ်ချနိုင်အောင် အင်တိုက်အားတိုက် လုပ်သွားမယ်လို့လည်း ဒီကနေ့ မေလ ၂၅ ရက်မှာထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကလေးမြို့က စစ်ရှောင်စခန်းတွေကို လေကြောင်းကနေ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေပြော, စစ်ရှောင်ပြည်သူတွေ ထပ်မံတိမ်းရှောင်နေရ

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကလေးမြို့က စစ်ရှောင်စခန်းတွေကို လေကြောင်းကနေ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေပြော

    ဒီကနေ့ မေလ (၁၄) ရက်၊ မနက် ၉ နာရီကျော်မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ နွားချောင်းအနီးက တောအုပ်ထဲစစ်ရှောင်နေတဲ့ စစ်ရှောင်စခန်းတွေပေါ် စစ်ကောင်စီပေါ်ကနေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်သွားတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကနေသိရပါတယ်။

    စစ်ကောင်စီက ရဟတ်ယာဥ်၊ တိုက်လေယာဥ် နှစ်စီး စီနဲ့ လာရောက်ပစ်ခတ်သွားတာလို့ဆိုပါတယ်။ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေမရှိတော့ဘဲ လက်နက်ကြီးပစ်သံတွေသာဆက်ကြားနေရပြီး စစ်ဘေးရှောင်တွေကတော့ ထပ်မံစစ်ရှောင်ကြရပြန်ပြီလို့ ပြောပါတယ်။

    "‌မီးရှို့ခံရတဲ့ ရေရှင်ရွာနဲ့ပတ်လည်က ဒေသခံတွေ အဲဒီတောအုပ်ထဲစစ်ရှောင်နေကြတာ အယောက် ထောင်ချီရှိပါတယ်။ သူတို့ကနွားချောင်းဘက်ကနေ ဒရုန်းနဲ့တောထဲကို ကင်းထောက်တယ်။ တဲတွေမြင်တော့ PDF စခန်းထင်ပြီး လေကြောင်းနဲ့လာတိုက်သွားတာထင်တယ်"လို့ မြေပြင်အခြေအနေသိရှိသူ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိကလေးမြို့တောင်ပိုင်းမှာ အင်တာနက်အဖြတ်ခံထားရသလို ဖုန်းလိုင်းဆက်သွယ်ရေးလည်းခက်ခဲတာကြောင့် စစ်ရှောင်တွေထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ၊ ပျက်စီးမှုအနေအထားတွေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးပါဘူး။

    ဒီလို စစ်ရှောင်စခန်းတွေပေါ်လေကြောင်းသုံးတိုက်ခိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  2. ရေဦး၊ စည်သာ‌မြေရွာမှာလည်း အိမ်ခြေ (၃၀) နီးပါးမီးရှို့ခံရပြန်, အရပ်သားဆယ်နဲ့ချီသေဆုံးခဲ့ရတဲ့ မုံတိုင်ပင်ရွာမှာတော့ ပျောက်ဆုံးရုပ်အလောင်းတချို့ကို ဆက်ရှာဖွေနေ

    ရေဦးပကဖ

    ဓာတ်ပုံ ရင်းမြစ်, ရေဦးပကဖ

    ဓာတ်ပုံ ပုံစာ, ရေဦးမြို့နယ်၊ ကျေးရွာတရွာမီးလောင်ကျွမ်းနေချိန် ရွာခံတွေမီးငြှိမ်းသတ်နေကြစဉ်။ (ပုံဟောင်း)

    ဒီကနေ့ မေလ (၁၄)ရက်၊ မနက်ပိုင်းမှာ ‌စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ စည်သာမြေရွာထဲ စစ်ကောင်စီတပ်တွေဝင်ရောက်လာခဲ့ပြီး နေအိမ် (၃၀) နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒီစာရင်းဟာ ရွာသားတချို့ ရွာထဲ မီးခဏ ဝင်ငြှိမ်းနေတုန်း ရေတွက်ခဲ့တာဖြစ်ပြီး အဲဒီလိုမီးသတ်နေတုန်းမှာပဲ စစ်ကောင်စီတပ်တွေပြန်‌ရောက်လာတာကြောင့် ထပ်မံထွက်ပြေးခဲ့ရတယ်လို့ ရွာခံတွေက ဘီဘီစီကိုပြောပါတယ်။

    အဲဒီရွာမှာရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက တချို့ဟာ စည်သာမြေရွာကနေ တဆင့်မှ ကန်ပေါက်ရွာဘက်ကိုလည်း ဝင်ရောက်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ဆိုပါတယ်။

    ဒါ့အပြင် အရပ်သားဆယ်နဲ့ချီသတ်ဖြတ်ခံခဲ့ရတဲ့ မုံတိုင်ပင်ရွာမှာလည်း ဒီကနေ့မနက်ပိုင်းအချိန်အထိ ပျောက်ဆုံးနေသူတွေကို ဆက်ရှာဖွေနေဆဲဖြစ်ပြီး တွေ့ရှိထားတဲ့အလောင်း ၂၉ လောင်းကိုတော့ မနေ့ကတည်းက ရပ်ရွာသုဿာန်မှာ သင်္ဂြိုဟ်လိုက်ပြီလို့ ဆိုပါတယ်။

    "တအိမ်မှာအလောင်း ၆လောင်းရှိတယ်ဆိုရင် အစုလိုက်သင်္ဂြိုဟ်လိုက်တယ်။ ‌အင်ပင်ဘက်ကအလောင်းတွေလည်း အင်ပင်ရွာသားတွေကိုပဲ အကူအညီတောင်းလိုက်ရတယ်။ အခုက ၃၁ လောင်းမှာ ၂၉လောင်းတွေ့ပြီ၊ နှစ်လောင်းက ရေတွင်းထဲလို့ထင်တာပဲ။ အနားမှာ သွေးကွက်တွေနဲ့လေ။ အခုထိတော့ အလောင်းမရသေးဘူး"လို့ မုံတိုင်ပင်ရွာခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီမုံတိုင်ပင်ရွာဘက်မှာ တိုက်ပွဲမရှိဘဲ မေလ (၁၀)ရက်တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်လာခဲ့ကာ အရပ်သား အယောက် ငါးဆယ်ဝန်းကျင် ဖမ်းသွားခဲ့ပြီး တစ်ဝက်နီးပါးကိုပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေဦးမြို့နယ် ကျေးရွာတွေဘက်ကို နေ့စဉ်စစ်ကြောင်းထိုးသွားလာကာ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလုပ်နေပြီး ‌လူသေဆုံးမှု၊ နေအိမ်မီးရှို့ခံရတာ၊ တိရစ္ဆာန်တွေပါ သတ်ဖြတ်ခံရတာအပြင် စစ်ရှောင်လူဦးရေလည်း တိုးလာတယ်လို့ ရွာခံတွေကပြောပါတယ်။

    ဒီရေဦးမြို့နယ်တဝိုက် စစ်ကြောင်းထိုးသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  3. စလင်း PDF စခန်းငယ်တစ်ခုသိမ်းဆည်းခံရ

    People's Defence Force - Salin

    ဓာတ်ပုံ ရင်းမြစ်, People's Defence Force - Salin

    ဓာတ်ပုံ ပုံစာ, စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လက်နက်ပစ်ခတ်နေတဲ့မြင်ကွင်း။

    မကွေးတိုင်း ၊ စလင်းမြို့နယ် ချောင်းဆုံကျေးရွာနဲ့ မြောက်ဦးကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို မနေ့ မေလ ၁၃ ရက်တုန်းက စစ်ကောင်စီတပ်တွေ စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    အဲဒီကျေးရွာတွေဘက်မှာ အရင်ကတိုက်ပွဲတွေ မဖြစ်ခဲ့ဖူးဘဲ အခုမှ ပထမဆုံးအကြိမ်ဖြစ်တာလို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံက ပြောပါတယ်။

    ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အနီးဝန်းကျင်မှာရှိတဲ့ အနည်းဆုံး ရွာသုံးရွာက ဒေသခံ ကျေးရွာသားတွေ အိုးအိမ်စွန့် ထွက်ပြေးကြရတယ်လို့ သူက ဆက်ပြောပါတယ်။

    "မနက်ပိုင်းကတည်းက စခန်းတဝိုက်မှာ စစ်ကြောင်းထိုးနေပြီး မွန်းလွဲ ၂ နာရီကျော်လောက်မှာဝင်တိုက်တယ်။ ကျွန်တော်တို့ဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်နဲ့ပြန်ခုခံတယ်။ စခန်းငယ်တစ်ခုတော့ နောက်ဆုတ်ပေးလိုက်ရတယ်။ စစ်ရှောင်တွေကတော့ ညနေအထိ ထမင်းမစားရသေးဘူး" လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ‌ဘီဘီစီကိုပြောပါတယ်။

    ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ပအဖဘက်က ဆိုပါတယ်။

    ဒီသေဆုံးမှုစာရင်းနဲ့ပတ်သက်လို့တော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။ မနေ့ညနေပိုင်းအချိန်အထိ တိုက်ပွဲတစုံတရာထပ်မံဖြစ်ပွားတာမရှိဘဲစောင့်ကြည့်အနေအထားလို့ဆိုပါတယ်။

  4. ရွှေကုန်ကြမ်းပြတ်နေတာကြောင့် ရွှေတွင်းတွေအထိဆင်းဝယ်ဖို့ ပြင်ဆင်နေတယ်လို့ လုပ်ငန်းရှင်တွေပြော

    မေလဆန်းပိုင်းကစပြီး ကမ္ဘာ့ရွှေစျေးကျနေသလို မြန်မာ့ရွှေစျေးလည်း သိသိသာသာကျနေခဲ့ပြီး အခေါက်ရွှေစုဆောင်းသူများတာကြောင့် ကုန်ကြမ်းပြတ်တဲ့အခြေအနေအထိရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေကနေသိရပါတယ်။

    ဒါကြောင့် ရွှေတွင်းတွေအထိဆင်းဝယ်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းဘက်က ပြောပါတယ်။

    "တွင်းပိုင်ရှင်တွေနဲ့လည်း ဆက်သွယ်ဖို့ကြိုးစားနေတယ်။ ပြည်နယ်တိုင်းအဖွဲ့တွေနဲ့ လုပ်ငန်းရှင်တွေနဲ့ဆက်သွယ်ပြီးတော့ တွင်းထဲကထွက်တာတွေကို ဝယ်ဖို့လုပ်ကြမယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတာတွေလည်းရှိတယ်၊ အခုကျွန်တော်တို့ကဆင်းဝယ်မယ်ဆိုရင်တော့ သူတို့အတွက်လည်းအဆင်ပြေတာပေါ့" လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းဦးမျိုးမြင့်က ဘီဘီစီကိုပြောပါတယ်။

    လက်ရှိအချိန်မှာတော့ လူတစ်ဦးကို အခေါက်ရွှေနှစ်ကျပ်သားရောင်းပေးနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဒေါ်လာအသုံးပြုခွင့်စနစ်ပြောင်းလဲတာနဲ့ ဘဏ်စနစ်အဆင်မပြေတာတွေကြောင့် ရွှေဝယ်စုလာ‌တာတွေပိုပြီးများလာတယ်လို့ ရွှေရောင်းဝယ်လုပ်သူတွေကပြောပါတယ်။

    မနေ့ မေလ (၁၃)ရက်၊ သောကြာနေ့ ရွှေစျေးကွက်မှာတော့ တစ်ကျပ်သားကို မြန်မာငွေကျပ် ၁၉၄၆၇၀၀အထိ ပေါက်စျေးရှိခဲ့ပါတယ်။

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရွှေကုန်ကြမ်းပြတ်နေတာကြောင့် ရွှေတွင်းတွေအထိဆင်းဝယ်ဖို့ ပြင်ဆင်နေတယ်လို့ လုပ်ငန်းရှင်တွေပြော
  5. ယင်းမာပင်၊ ‌တရော်ကျင်းကျေးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့နေတယ်လို့ဒေသခံတွေပြော, နေအိမ် အလုံး ၂၀ ခန့် မီးလောင်သွားပြီလို့ ဆို

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တရော်ကုန်းရွာမီးရှို့ခံရတဲ့မြင်ကွင်းကိုတွေ့ရစဉ်။

    ဒီကနေ့ မေလ ၁၄ ရက်၊ မနက် ၇ နာရီကျော်လောက်မှာ စစ်ကိုင်းတိုင်း‌၊ ယင်းမာပင်မြို့နယ်ထဲက တရော်ကျင်းရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တယ်လို့ ရွာခံတွေက ဘီဘီစီကိုပြောပါတယ်။

    အခု မနက် ၁၁ နာရီအထိ နေအိမ်အနည်းဆုံးအလုံး (၂၀)မီးရှို့ခံထားရပြီး ရွာသားတချို့ ဝင်ရောက်မီးငြှိမ်းသတ်နေရတယ်လို့ သိရပါတယ်။

    "ရွာ့တောင်ဘက်ခြမ်းကိုစရှို့တာ၊ အခုရွာသားတချို့ဝင်ပြီးမီးငြှိမ်းနေကြတယ်။ သူတို့ကတော့ ချင်းတောင်ရွာဘက်ကိုပဲဆက်သွားသလား၊ ရွာထဲဆက်ရှိနေသေးလားမသိဘူး။ ဘယ်သူမှရွာထဲသေချာပတ်မကြည့်ရဲသေးဘူး။ ချင်းတောင်နဲ့ တရော်ကျင်းက ချောင်းပဲခြားတာ။ အဲဒီချောင်းကူးတာနဲ့‌ရောက်တဲ့ ချင်းတောင်ရွာဆိုတာက ကနီနယ်အပိုင်လေ"လို့ ‌တရော်ကျင်းရွာခံတစ်ဦးက ပြောပါတယ်။

    ဒီတရော်ကျင်းရွာထဲဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ မေလ (၁၃)ရက်ထဲက ရွာဘက်ကို ဦးတည်လာခဲ့တာဖြစ်ပေမဲ့ လာရာလမ်းတလျှောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ကာ ဒီကနေ့မနက်မှ ရွာအတွင်းဝင်ရောက်လာပြီး အခုလိုလုပ်‌ဆောင်တာလို့ ဆိုပါတယ်။

    မနေ့ မေလ (၁၃)ရက်တနေကုန်နီးပါး ယင်းမာပင်နယ်ထဲမှာလည်း တိုက်ပွဲရှိနေခဲ့တယ်လို့ သိရပါတယ်။

    မနေ့နေ့လယ်ပိုင်းအချိန်မှာ ကျောက်ပြုတ်ရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေတိုက်ပွဲဖြစ်ခဲ့ပြီးနောက် တရော်ကျင်းရွာဘက်ကို ဆက်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ညောင်ငုတ်တိုတောပြင်မှာ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် နောက်တကြိမ်တိုက်ပွဲဆက်ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    အဲ့ဒီတနေကုန်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးပြီး ဒေသကာကွယ်ရေးဘက်က ၇ ဦးထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေကပြောကြပြီး ဘီဘီစီဘက်ကတော့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

  6. မြိုင်မှာ တိုက်ပွဲတွေဆက်ဖြစ်၊ လက်နက်ကြီး နေအိမ်ထဲကျလို့ မိသားစု ၃ ဦးသေဆုံး, ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံတွေလည်း ဘေးလွတ်ရာပြေးနေရ

    မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေအနီးမှာ မနေ့ မေလ ၁၃ ရက်စပြီး စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ထားပါတယ်

    ။ စစ်ကောင်စီတပ်တွေဟာ မေလ ၁၂ ရက်စပြီး မြိုင်နယ်အတွင်းကို တောင်ဘက်နဲ့မြောက်ဘက်ညှပ်ပြီး ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    မနေ့ မေလ ၁၃ရက်နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီဘက်က သံဘိုရွာကနေ တောင်ပိုင်းရွာဘက် စစ်ကြောင်းထိုးရင်း လမ်းတလျှောက် ပစ်ခတ်သွားတာကြောင့် ပိတောက်ကန်ရွာ (ခေါ် ) ရွာရှည်ရွာထဲက နေအိမ်‌ပေါ် လက်နက်ကြီးကျခဲ့လို့ အသက် ၆၀ အရွယ် ဇနီးမောင်နှံ ၂ ဦးနဲ့ အသက် ၃၀ အရွယ် ၄င်းတို့ရဲ့ သားဖြစ်သူတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    မြိုင်

    ဓာတ်ပုံ ရင်းမြစ်, Myaing Rural Guerilla Force

    ဒါ့အပြင် လက်နက်ကြီးကနေ မီးကူးစက်ပြီး နေအိမ် ၄၀ ထက်မနည်းမီးလောင်ပျက်စီးခဲ့တယ်လို့ ပိတောက်ကန်ရွာက ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    နှစ်ဖက်တိုက်ပွဲတွေဟာ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဒေသကာကွယ်ရေးတပ်တွေပူးပေါင်းပြီး စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ပျူစောထီးကျေးရွာတစ်ရွာဖြစ်တဲ့ ကန်နီရွာအတွင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသကာကွယ်‌ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာတော့ မြိုင်နယ်အတွင်းက ဖျသီး၊ သံဘို၊ လက်ယက်မ၊ တောင်ကိုင်း၊ တောင်ဘို့၊ ကျောက်ဆောက်မ၊ ကျောက်တောနဲ့ ရွာရှည် ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီးဘေးလွတ်ရာတိမ်းရှောင်နေကြရပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    မြိုင်

    ဓာတ်ပုံ ရင်းမြစ်, We love Myaing

  7. အာဆီယံမူငါးချက်ထက်ပိုတဲ့ တွန်းအားပေးမှုတွေ လုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဒေါ်ဇင်မာအောင်ပြော

  8. ရေဦးမြို့က အရပ်သား ၃၀ ကျော် သတ်ဖြတ်ခံရမှု

  9. ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးကိစ္စကြောင့် နောက်တစ်ပတ် ရုံးချိန်းတွေ မတက်နိုင်ဘူးလို့ဆို

    မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ဟာကင်ဆာဝေဒနာခံစားနေရတဲ့အပြင်မျက်စိခွဲစိတ်ရမှာဖြစ်လို့နောက်တပတ်မှာရင်ဆိုင်နေဆဲရုံးချိန်းအားလုံးကိုတက်ရောက်နိုင်မှာမဟုတ်ဘူးလို့တရားရုံးအသိုင်းဝိုင်းကပြောပါတယ်။

    "လာမယ့်၂၀ရက်နေ့ကဆရာဇော်ရုံးထွက်နိုင်ဖို့မသေချာဘူး။ကျန်းမာရေးအခြေနေကမျက်စိခွဲရမယ်တူတယ်။မျက်လုံးတစ်လုံးကကောင်းကောင်းမမြင်ရတော့ဘူးအဲ့ဒါကိုခွဲစိတ်မယ့်အခြေနေရှိတယ်"လို့အမှုလိုက်ပါဆောင်ရွက်နေတဲ့တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ဟာရွေးကောက်ပွဲအမှုနှစ်ခု၊အဂတိအမှု ငါးမှုနဲ့ တရားစွဲခံထားရတာပါ။ရုံးချိန်းတွေကိုအပတ်စဉ်အင်္ဂါ၊ဗုဟ္ဓဟူး၊သောကြာနေ့တွေမှာတရားရင်ဆိုင်ရတာဖြစ်ပါတယ်။

    ဒေါက်တာဇော်မြင့်မောင်နေမကောင်းလို့ဒီတပတ်အဂတိအမှု ရုံးချိန်းကိုဒီနေ့(မေ၁၃)မှာပဲရုံးထုတ်စစ်ဆေးဖြစ်ပါတယ်။အဂတိအမှု သုံးမှုအတွက်တရားခံပြသက်သေအဖြစ်စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာမြင့်နိုင်ကိုအွန်လိုင်းကတစ်ဆင့် ရုပ်သံနဲ့ စစ်ဆေးပါတယ်။

    သူက NLD ပါတီရဲ့ကျန်းမာရေးစောင့်ရှောက်မှုကော်မတီနဲ့ပက်သက်တာကိုဖြေကြားသွားပါတယ်။

    "သူတို့ပါတီမှာချီးမြှင့်ငွေရဲ့၂၅ရာခိုင်နူန်းအခွန်ဖြတ်တယ်။ပညာရေးနဲ့ကျန်းမာရေးပေါ့။အဲဒီထဲကနေထောက်ပံ့တာဒေါက်တာဇော်မြင့်မောင်လဲအဲဒီထဲကထောက်ပံ့တာ။သူလည်း၂၀၁၄ခုနှစ်နှလုံးခွဲစိတ်ရချိန်ကုန်ကျစရိတ်သိန်း၇၀ ကို ထောက်ပံ့တယ်။၅၀ ပဲကုန်လို့၂၀ကိုပြန်အပ်လိုက်တယ်။ဆရာဇော်ကိုလည်းကော်မတီကပဲတာဝန်ခံတယ်။ကုသပေးတယ်"လို့အမှုလိုက်ပါဆောင်ရွက်ခဲ့တဲ့ရှေ့နေကဒေါက်တာမြင့်နိုင်သက်သေထွက်ဆိုခဲ့တဲ့အပေါ်ကိုးကားပြောပါတယ်။

    နောက်ထပ်အဂတိအမှုနှစ်ခုအတွက်မန္တလေးတိုင်းလယ်ဆည်ဝန်ကြီးဟောင်းဒေါက်တာစိုးသန်းက NLDပါတီရုံးကိစ္စဂရမ်ချပေးတာဟာအစိုးရအဖွဲ့နဲ့မသက်ဆိုင်ဘူးလို့သက်သေခံထွက်ဆိုခဲ့ပါတယ်။ NLD ပါတီမြေနေရာကိစ္စဟာစွဲဆိုခံထားရတဲ့စီမံဘဏ္လာဝန်ကြီးဌာနအမိန့်ကြေညာစာနဲ့မသက်ဆိုင်ဘူးလို့ပြောပါတယ်။

    စွဲဆိုခံထားရတဲ့ဒေါက်တာဇော်မြင့်မောင်အဂတိအမှုတွေအတွက်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို video conferencing နဲ့သက်သေခံထွက်ဆိုခေါ်ဖို့ရုံးကိုသမ္ဗာန်စာထုတ်ပေးတာသုံးကြိမ်ရှိသွားပါပြီ။ဒါပေမယ့်အွန်လိုင်းနဲ့သက်သေခံထွက်ဆိုဖို့ခေါ်ရတာခက်ခဲတာကြောင့်ဆင့်ခေါ်စာကိုပယ်ဖျက်လိုက်တယ်လို့တရားရုံးအသိုင်းဝိုင်းကနေသိရပါတယ်။

    မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်တရားရုံးချိန်းအချိန်မှာသူ့ရဲ့ဇနီးဒေါက်တာဒေါ်ယုယုမေအဖမ်းခံရတယ်လို့လူမှုရက်မှာသတင်းတွေထွက်ပေါ်လာပါတယ်။ဒေါက်တာဒေါ်ယုယုမေအဖမ်းခံရတယ်ဆိုတာမဟုတ်ပေမယ့်ရုံးလာတာမတွေ့ဘူးရလို့တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ဟာပြီးခဲ့တဲ့ဒီဇင်ဘာ၈ ရက်နေ့ကပုဒ်မ၅၀၅ (ခ) အပါဝင်အမှုသုံးခုအတွက်ထောင်ဒဏ်လေးနှစ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

    ဒေါက်တာဇော်မြင့်မောင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  10. ပြည်သူ့စစ်နဲ့ သွေးသောက်အဖွဲ့ အပေါ် ဆန်းစစ်ခြင်း

  11. လူသားချင်းစာနာမှု အကူအညီ စစ်ကောင်စီခန့်ခွဲမှာ ကန့်ကွက်နေကြ

  12. ကဆုန်လပြည့်နေ့ ကျုံးပတ်လည်မှာသံဃာတစ်သောင်းကျော်ကို ဆွမ်းလောင်းဖို့ စစ်ကောင်စီပြင်ဆင်, စစ်ကောင်စီကပ်တဲ့ဆွမ်းကို သပိတ်မှောက်ဖို့ သံဃာသမဂ္ဂတောင်းဆို

    မန္တလေးမြို့ ‌ကျုံးပတ်လည်မှာ လာမယ့် မေလ ၁၄ရက်၊ ကဆုန်လပြည့်နေ့မှာ ပြည်သူတွေ ဘေးကင်းစေဖို့ရည်ရွယ်ပြီး သံဃာ တစ်သောင်းကျော်ကို ဆွမ်းလောင်းပွဲလုပ်သွားမယ်လို့ စစ်ကောင်စီခန့် တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။

    "ကျုံးရဲ့ တဖက်စီမှာ သံဃာ၂၅၆၆ ပါးကို ဆွမ်း၊ ဆွမ်းဟင်း လှူဖွယ်ဝတ္တုတွေ ဆပ်ကပ်လှူဒါန်းမှာပါ။ လေးဘက်လေးပြင် အားလုံးပေါင်း ၁၀၂၆၄ပါးကို တိုင်းအစိုးရက မတည်ပြီး အလှူရှင်တွေက သတင်းစာထဲက ကြေညာချက်ကြောင့် လာလှူကြတာ"လို့ မန္တလေးတိုင်း သာသနာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ဒီဆွမ်းလောင်းပွဲမှာတော့ မန္တလေးမြို့က ဘုန်းတော်ကြီးကျောင်းတိုက်၊ စာသင်တိုက်ကြီးတွေက သံဃာတွေ အများစုပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဆွမ်းလောင်းပွဲကိုလာဖို့ ဘုန်းတော်ကြီး ကျောင်းတိုက်တွေမှာရှိတဲ့ သံဃာတော်တွေကို အကုန်စာရင်းကောက်သွားတယ်လို့လည်း မန္တလေးမြို့ စာသင်တိုက်တခုက သံဃာတော်တစ်ပါးက ပြောပါတယ်။

    စစ်ကောင်စီက ပြုလုပ်တဲ့ ဒီဆွမ်းလောင်းလှူပွဲမှာ ပင့်သံဃာ အရေတွက် ပြည့်စေဖို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေနဲ့ ယာဉ်ထိန်းရဲ တချို့ကို ဒုလ္လဘ ဝတ်ခိုင်းပြီး အင်အားဖြည့်နေတယ်လို့ လူမှုကွန်ယက်တွေမှာ ထွက်ပေါ်လာပါတယ်။

    ဒါနဲ့ ပတ်သက်လို့ တိုင်းသာသနာရေး ဦးစီးဌာနက တော့ဒီသတင်းတွေမမှန်ဘူးလို့ ငြင်းဆိုပါတယ်။

    တဖက်မှာလည်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေမှာ အားကောင်းကောင်း နဲ့ပါဝင်နေတဲ့ မန္တလေး သံဃာသမဂ္ဂ သပိတ်စစ်ကြောင်းက သံဃာတော်တွေကလည်း စစ်ကောင်စီက ကပ်တဲ့ဆွမ်းကို သပိတ်မှောက်ဖို့ သံဃာတော်တွေကို တောင်းဆိုထားပါတယ်။

    မန္တလေးမြို့မှာလုပ်ခဲ့တဲ့ သပိတ်စစ်ကြောင်းတွေမှာလည်း သံဃာတော်တွေပါဝင် တဲ့သပိတ်စစ်ကြောင်းကို စစ်ကောင်စီက ကားနဲ့တိုက်ဖြိုခွင်းတာ သံဃာတော်တွေကို လူဝတ်လဲဖမ်းဆီးတာတွေလုပ်ခဲ့ကြောင်းကိုလည်း မန္တလေး သံဃာသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

    မန္တလေး သံဃာသမဂ္

    ဓာတ်ပုံ ရင်းမြစ်, MCDC

  13. ရေဦး၊ မုန်တိုင်ပင်ကျေးရွာမှာ ရွာသားအယောက် ၂၀ ခန့် ရုပ်အလောင်းတွေ တွေ့

    ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာက ဦးပဥ္ဇင်း ၃ပါးအပါအဝင် ရွာသား ၄၀ နီးပါးကို မနေ့မေလ ၁၂ရက်က စစ်ကောင်စီက ဓားစားခံအဖြစ်ဖမ်းဆီးသွားပြီးနောက် ဒီကနေ့ မေလ ၁၃ ရက် မနက်ပိုင်းမှာ အဲဒီထဲက ရွာသား တွေရဲ့အလောင်း ၂၀ ခန့်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ မေလ ၁၀ ရက်နေ့လောက်မှာ ကျေးရွာထဲပစ်ခတ်ဝင်ရောက် လာတာဖြစ်ပြီး ဒေသခံအများစုဘေးလွတ်ရာပြေးခဲ့ကြပေမယ့် အဲဒီလိုပြေးတဲ့အထဲမှာ မပါလာတဲ့ ကျန်ရစ်ခဲ့တဲ့ ရွာသားတွေထဲက တချို့ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့မှာတော့ ဖမ်းဆီးခံထားရတဲ့အထဲက ရွာသားတချို့ရဲ့ အလောင်းတွေ တွေကို ကျေးရွာတွေအနီးမှာပြန်တွေ့ခဲ့တဲ့အကြောင်းကိုလည်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၁၃ ရက်မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

    "မနေ့ကဖမ်းသွားတဲ့အထဲက ၈ ယောက်တော့ပြန်လွတ်လာတယ်။ ထမင်းလည်းမကျွေးဘူး။ နေပူလှန်းခံထားရတယ်ပြောတယ်။ အခုအလောင်းတွေပြန်တွေ့တာတော့ ဒီကနေ့မနက်တင် ၂၀ လောက်ရှိနေပြီ။ အနားကရွာတွေမှာပြန်တွေ့တာ ဟိုနား ၆ လောင်း၊ ဒီနား ၃လောင်းပြန်တွေ့တာ။ တချို့အလောင်းတွေက လက်ပြန်ကြိုးတွေတုပ်ထားပြီး မီးရှို့ခံထားရတယ်။ တချို့က ရုပ်တောင်မပေါ်တော့ဘူး’’ လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မုန်တိုင်ပင်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ မေလ ၁၃ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေဟာ ရေဦးမြို့နယ်ထဲက ပေကြီးကျေးရွာအတွင်းကို ဝင်ရောက်ပြီး ပြန်အထွက်မှာ နေအိမ် ၇၀ ကနေ ၁၀၀ ဝန်းကျင်နဲ့ စပါးတင်း ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရေဦးပကဖက ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ရေဦးမြို့နယ်ထဲက အခြေအနေတွေနဲ့ပတ်သက်ပြီး မေ ၁၃ ရက်မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်တာမရှိပါဘူး။

    ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာထဲက ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေ သတ်ဖြတ်ခံထားရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ရေဦးမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, ရေဦးပကဖ

  14. ကလေးမြို့ ရေရှင်ကျေးရွာအနီးက တိုက်ပွဲအပြီး ဒေသခံနေအိမ်တွေ ရွာလုံးကျွတ်မီးရှို့ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ရေရှင်ကျေးရွာအနီးကိုပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီးဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို PDF Kalay နဲ့ပူးပေါင်းအဖွဲ့တွေ ခုခံတိုက်ခဲ့ပြီး PDF Kalay က တပ်ဖွဲ့ဝင်နှစ်ဦးလည်း တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    "အဲဒီအချိန်ကစပြီး ရေရှင်ရွာကို စစ်တပ်ကမီးရှို့တာ၊ အိမ်ခြေ ၄၀၀ နီးပါးလောက်ရှိတာရွာလုံးကျွတ်အိမ်တွေမီးထဲပါသွားတယ်။ ဒေသခံတွေအားလုံးဘေးလွတ်ရာပြေးနေရတာဒီနေ့ (မေလ ၁၃) ရက်အထိ စစ်ရှောင်နေရာတွေအထိ တဲတွေမီးလိုက်ရှို့နေတယ်။ဒီရက်ပိုင်းထဲမှာပဲ ဒေသခံသောင်းချီဘေးလွတ်ရာပြေးနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးအခက်အခဲတွေဖြစ်နေတယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ မေလ ၁ရက်နေ့မှာလည်း ကလေးမြို့နယ်၊ တောင်ပိုင်းက ကျေးရွာထဲကနေ စစ်ရှောင်နေတဲ့အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ စစ်ရှောင်နေရာကနေ နေအိမ်ခေတ္တပြန်ရင်းစစ်ကောင်စီဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးအသက်သေဆုံးခဲ့တဲ့ အကြောင်းကိုသွားရောက်ကူညီပေးခဲ့တဲ့ ဆေးအဖွဲ့တွေက ဗီဒီယိုမှတ်တမ်းနဲ့တကထုတ်ပြန်ထားပါတယ်။

    အခုလက်ရှိ နေအိမ်တွေမီးရှို့ခံပြီး ဒေသခံတွေဘေးလွတ်ရာပြေးနေကြရတဲ့ရေရှင်ကျေးရွာဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလမှာလည်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာပြေးခဲ့ကြရတယ်လို့ ဒေသခံတွေကပြောဆိုထားပါတယ်။

    ဒ့အပြင် ကလေးမြို့တောင်ပိုင်းက ကျေးရွာအများစုဟာဆိုရင်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားကြရတာကြောင့်သတင်းစီးဆင်းမှုအားနည်းနေတာကိုလည်း ဒေသခံတွေကစိတ်ပူစိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ရေရှင်ကျေးရွာ

    ဓာတ်ပုံ ရင်းမြစ်, Radi Ohm

  15. ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဖိနပ်နဲ့အပေါက်ခံရ

    အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်နေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့ကိုထောက်ခံသူတွေနဲ့ မေလ ၁၁ ရက်က လမ်းမတစ်ခုပေါ်မှာ တွေ့ဆုံနှုတ်ဆက်နေစဉ်မှာ ဖိနပ်နဲ့ အပေါက်ခံခဲ့ရပါတယ်။

    လှုမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ရုပ်သံဖိုင်မှာ ဟွန်ဆန်နဲ့ ဆယ်ဖီရိုက်နေသူရဲ့ ဖုန်းကိုတောင် ဖိနပ်ကထိခဲ့တာပါ။ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတာဖြစ်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့ သူ့ကို အမေရိကန်ရောက် မြန်မာတချို့နဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါတယ်။

    ဖိနပ်နဲ့ ပေါက်ခဲ့သူကို ကမ္ဘောဒီးယားလူမှုကွန်ရက်တွေမှာ'ဖိနပ်ပျံ သူရဲကောင်း' လို့ တင်စားနေကြပါတယ်။မြန်မာနိုင်ငံက လူမှုကွန်ရက်သုံးစွဲသူတွေကလည်း ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လူမှုကွန်ရက်စာမျက်နှာအောက်မှာ ဖိနပ်နဲ့အပေါက်ခံရတဲ့ ပုံကို ဖော်ပြပြီးလှောင်ပြောင်နေကြပါတယ်။

    ဟွန်ဆန်ဟာ နိုင်ငံတကာကသံတမန်ရေးအရ ဖိအားပေးနေတဲ့ကြားက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး အာဏာသိမ်းကာလအပြီး မြန်မာနိုင်ငံကိုရှားရှားပါးပါးလာရောက်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

    ကမ္ဘောဒီးယားက အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့အခါ စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ဖိအားပေးမှုကနေ အသက်ရှူချောင်ခဲ့တဲ့အကြောင်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

    ဟွန်ဆန်

    ဓာတ်ပုံ ရင်းမြစ်, Social Media

  16. ဆေးတက္ကသိုလ် ကျောင်းသား ၅၀ ရာခိုင်နှုန်းကျော် ကျောင်းအပ်ပြီးနေပြီလို့ စစ်ကောင်စီပြော, ကျောင်းတက်မယ့် ကျောင်းသားတွေကို အမည်ပျက်စာရင်းထည့်သွင်းတာတွေ ရှိနေ

    မကြာမီကာလအတွင်း တက္ကသိုလ်အားလုံးပြန်ဖွင့်ဖို့ရှိနေပြီး ဆေးတက္ကသိုလ်မှာလည်းကျောင်းတက်ဖို့ ကျောင်းသား ၅၀ ရာခိုင်နှုှုးကျော် ကျောင်းအပ်ပြီးဖြစ်လို့ကျောင်းတက်မယ့်ကျောင်းသားတွေရှိနေပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမနေ့မေလ ၁၂ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့အစည်းအဝေးမှာ ပြောပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလမှာဆိုရင်လည်း အခြေခံပညာကျောင်း‌သားတွေရဲ့အောင်စာရင်းကိုထုတ်ပြန်ခဲ့ပြီး လာမယ့်ဇွန်လမှာလည်း အခြေခံပညာကျောင်းအားလုံးပြန်ဖွင့်မှာဖြစ်သလို တက္ကသိုလ်တွေပြန်ဖွင့်ဖို့ ဆရာ၊ ဆရာမအင်အားဖြည့်တင်းဖို့လုပ်နေတဲ့အကြောင်း ဒီကနေ့ မေလ ၁၃ ရက်နေ့ကထုတ်တဲ့ စစ်ကောင်စီထုတ်သတင်းစာမှာ ဖော်ပြလာတာပါ။

    ဧပြီလထဲမှာပဲ ဆေးတက္ကသိုလ်ဝင်ခွင့်ရထားတဲ့ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းပြီးဆုံးတဲ့အခါမှာ နိုင်ငံဝန်ထမ်းအဖြစ် ဆေးရုံ၊ ဆေးခန်းတွေမှာတာဝန်ထမ်းဆောင်ဖို့ပျက်ကွက်ခဲ့ရင် လျော်ကြေးငွေ သိန်း ၆၀၀ အထိပေးရမယ်လို့လည်းစစ်ကောင်စီကထုတ်ပြန်ထားခဲ့ပါသေးတယ်။

    တဖက်မှာလည်း စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျောင်းတွေကို မတက်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလပညာရေးအစီအစဥ်တွေမှာသင်ကြားဖို့ ကိုတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်တာတွေလုပ်နေပါတယ်။အလားတူပဲ စစ်ကောင်စီက ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေမှာစာမေးပွဲဖြေသူတွေ၊ ကျောင်းအပ်နှံသူတွေကို သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂတွေကအမည်ပျက်စာရင်းထည့်သွင်းထုတ်ပြန်တာတွေလည်းရှိနေပါတယ်။

    ဒါ့အပြင် ကိုဗစ်ရောဂါနဲ့အာဏာသိမ်းမှုဖြစ်စဥ်ကြားမှာ ကျောင်းပညာရေးအဆက်ပြတ်နေတဲ့ကျောင်းသား၊ ကျောင်းသူတွေ၊ NUG ရဲ့ ကြားကာလပညာရေးအစီအစဥ်သင်ကြားမှုတွေမှာလက်လှမ်းမီနိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်တိကျတဲ့ပညာရေးမူဝါဒတစ်ခုပေါ်ထွက်လာဖို့ကိုကျောင်းသားမိဘတချို့ကထောက်ပြပြောဆိုတာတွေရှိလာပါတယ်။

    စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်တွေကနေရာတချို့မှာတော့စစ်ဘေးတိမ်းရှောင်ရင်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေဖွင့်လှစ်နေတာတွေလည်းရှိနေတယ်လို့ သက်ဆိုင်ရာ ပညာရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  17. နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် နိုင်ငံခြားရေးဒု၀န်ကြီး တို့တွေ့ဆုံ, မြန်မာ့အကျပ်အတည်းကိုအဖြေရှာရာမှာ အာဆီယံအပါအ၀င် အခြားသောမိတ်ဖက်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန် ဆို

    မြန်မာ့အကျပ်အတည်းကိုအဖြေရှာရာမှာ အာဆီယံအပါအ၀င် အခြားသောမိတ်ဖက်တွေနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်နိုင်ငံခြားရေးဒု၀န်ကြီး ရှားမန်းတို့ဟာ မေ ၁၂ ရက်မှာ သီးသန့်တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးဆွေး‌နွေးခဲ့ကြတယ်လို့ အမေရိကန် သံရုံးက ထုတ်ပြန်လာပါတယ်။

    ဒီလိုတွေ့ဆုံရာမှာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှားမန်းက အာဏာရှင်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်စွာဖြိုခွင်းမှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်ခိုင်မာမာအားပေးထောက်ခံမှုနဲ့ မြန်မာနိုင်ငံကို အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့ ဆောင်ရွက်နေသူတွေအားလုံးကို ဆက်လက်အားပေးထောက်ခံသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြဖို့ တွန်းအားပေးရာမှာ အမေရိကန်ပြည်ထောင်စုဟာ အာဆီယံနဲ့ တခြားသော မိတ်ဖက်တွေနဲ့အတူ ဆက်လက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။၀န်ကြီးနှစ်ဦးဟာ အာဏာရှင်အဖွဲ့က အကြမ်းဖက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာခြင်းနဲ့ အဲဒီအကျိုးဆက်အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ် အတည်းဖြစ်ပေါ်လာရတာကို ရှုတ်ချခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းမှ အကူအညီလိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများအကန့်အသတ်အတားအဆီးမရှိရောက်ရှိနိုင်ရေး ကို တောင်းဆိုခဲ့ကြပါတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒေါ်ဇင်မာအောင်ဟာ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးဒု၀န်ကြီး ရှားမန်း၊ အကြံပေး ဒဲရစ်‌ရှိုလက်နဲ့ သမ္မတရဲ့လူ့အခွင့်အရေးဆိုင်ရာ အကြံပေး တို့နဲ့တွေ့ဆုံခဲ့တယ်လို့ VOA သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။အဲဒီလိုတွေ့ဆုံရာမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်အနေနဲ့ ဖိအားတွေ ဆက်လက်ပေးသွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ Agenda မှာ မြန်မာ့အရေးဟာ ဦးစားပေးအဖြစ် ဆက်လက်ရှိနေမယ်လို့ ပြော‌ကြောင်းလည်း ဒေါ်ဇင်မာအောင် ကပြောပါတယ်။

    NUG ရဲ့နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်ကို မြန်မာပြည်သူများအပေါ် ထားရှိတဲ့ သူရသတ္တိနဲ့ စွန့်လွှတ်အနစ်နာခံမှုတို့အတွက် ကျေးဇူးတင်ရှိခဲ့ပြီး အားလုံးပါဝင်ခွင့်ရှိပြီး ငြိမ်းချမ်း စည်ပင်ဝပြောတဲ့ ဒီမိုကရေစီစနစ်တစ်ခုအတွက် အမေရိကန်ပြည်ထောင်စုအားပေးထောက်ခံမယ်လို့ အမေရိကန်နိုင်ငံခြားရေးဒု၀န်ကြီး က ပြောကြားခဲ့ပါတယ်။နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်အစိုးရရဲ့ဖိတ်ကြားမှုနဲ့ အမေရိကန်အာဆီယံထိပ်သီးအစည်းအ‌ဝေးကျင်းပရာ၀ါရှင်တန်ဒီစီကို ရောက်ရှိနေတာဖြစ်ပါတယ်။မေ ၁၂ ရက်နဲ့ ၁၃ ရက် နှစ်ရက်ကြာ ကျင်းပဖို့ရှိတဲ့ အမေရိကန် အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံအရေးအရ ကိုယ်စားပြုသူမဟုတ်သူကိုသာ ဖိတ်ကြားဖို့ အမေရိကန်အစိုးရက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ကြားဘူးလို့ အဓိပ္ပာယ်ရပါတယ်။

    Nation Unity Government, The United State

    ဓာတ်ပုံ ရင်းမြစ်, US embassy

    ဓာတ်ပုံ ပုံစာ, နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် နိုင်ငံခြားရေးဒု၀န်ကြီး တို့တွေ့ဆုံ
  18. နိုင်ငံတကာက စစ်ကောင်စီကို အဆင့်လျှော့ပြီး NUG ကို ပိုတိုး ဆက်ဆံနေ

  19. ဖေ့ဘွတ်ခ်၊ တယ်လီဂရမ်နဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်မှုများ