အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် လူတစ်ရာကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ဒီရာဇဝတ်မှုတွေကို ပြစ်ဒဏ်ချနိုင်အောင် အင်တိုက်အားတိုက် လုပ်သွားမယ်လို့လည်း ဒီကနေ့ မေလ ၂၅ ရက်မှာထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လေပြင်းကျလို့ ရခိုင်မှာ ခရီးသည်တင်နဲ့ငါးဖမ်းစက်လှေတွေ နစ်မြုပ်၊ ပျောက်ဆုံးနေသူတွေလည်းရှိ, ကယ်ဆယ်ရရှိသူတွေထဲ အများစု ဒဏ်ရာတွေရပြီးသတိလစ်နေဆဲလို့ ဆို

    ကုန်တွင်းမုန်တိုင်းအားပျေ့ာသွားပြီလို့ မိုးဇလ မနက်ပိုင်းထုတ်ပြန်အပြီး မွန်းလွဲပိုင်းမှာ ရခိုင်မှာ ယခုဖြစ်စဥ်ဖြစ်ပွားတာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်အတွင်း မေလ ၂၁ ရက်နေ့လယ်ပိုင်းက လေပြင်းကျလို့ ခရီးသည်ပို့ဆောင်ရေးစက်လှေတွေအပါအဝင် ငါးဖမ်းစက်လှေတွေ နစ်မြုပ်ခဲ့တယ်လို့ ‌ သိရပါတယ်။ဒီကနေ့ မွန်းလွဲပိုင်း တစ်နာရီလောက်ကစပြီး ရခိုင်ပြည်နယ်နေရာအနှံ့ လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး လေနဲ့အတူ မိုးသည်းထန်စွာရွာသွန်းသလို အပျက်အစီးတချို့လည်း ရှိခဲ့တယ်လို့သိရပါတယ်။

    ယင်းအပြင် မြေပုံမြို့နယ် င/ပသုန်တိုက်နယ်နဲ့ ကျောက်ဖြူမြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးမော်တော်တစ်စီး အပါအဝင် ငါးဖမ်းစက်လှေအများအပြား နှစ်မြုပ်ခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်နေကြရတယ်လို့ င/ပသုန်ကျေးရွာဒေသခံ ဒေါ်ခိုင်သန်းစိန်က ပြောပါတယ်။

    “စက်လှေတွေကတော့ တော်တော်များများနစ်မြုပ်ကြပါတယ်။ လိုင်းဘုတ် (ခရီးသည်ယာဉ်) ကတော့ ကျက်တောပြင်နားမှာ လေတိုက်လိုက်တော့ ကျောက်ဆောင်နဲ့တိုက်ပြီး နစ်မြုပ်ခဲ့တယ်။ လူတွေတော့ အသေအပျောက်မရှိဘူး။ ပင်လယ်ထဲမှာမြုပ် တဲ့ ငါးဖမ်းလှေတွေမှာတော့ အခုထိရှာမတွေ့တဲ့သူတွေ အများကြီးပဲလို့သိရတယ်။ တွေ့တဲ့သူတချို့ကတော့ ဆေးရုံရောက် နေကြပြီ”လို့ ဒေါ်ခိုင်သန်းစိန်က ပြောပါတယ်။

    Rakkhine,May 21

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရှာဖွေတွေ့ရှိခဲ့သူများမှာလည်း လှေနစ်မြုပ်မှုကြောင့် ကျောက်ဆောင်တွေနဲ့တိုက်မိခြင်း၊ စက်လှေပန်ကာတွေနဲ့ခုတ်ထစ်ခံရခြင်း စတဲ့မတော်တဆမှုတွေကြောင့် ထိခိုက်ဒဏ်ရာတွေရရှိထားကြပြီး ငပသုန်ဆေးရုံကိုရောက်ရှိနေသူအများစုမှာ သတိလစ်နေတဲ့အခြေအနေကို တွေ့နေရတယ်လို့ ဆိုပါတယ်။

    ကျက်တောပြင်ကျေးရွာဟာ ကျောက်ဖြူမြို့ကနေ မြေပုံမြို့ဘက်ကိုအလာ တစ်နာရီခန့်ခရီးမှာ င/ပသုန်ဘက်ကိုဝင်တဲ့ မြစ်ကြောင်းမှာရှိတဲ့ကျေးရွာတစ်ရွာဖြစ်ပြီး အဲ့ဒီမြစ်ထဲမှာနစ်မြုပ်ခဲ့တာဖြစ်တဲ့အတွက် စက်လှေကိုကမ်းကပ်နိုင်လိုက်တာကြောင့် လူသေဆုံးမှုတွေမရှိခဲ့ဘဲ ခရီးသည်တွေကိုတော့ ကျောက်ဖြူဘက်ကို ကယ်ဆယ်ရေးလုပ်တဲ့လှေတွေနဲ့ ပြန်ခေါ်သွားခဲ့ကြတယ်လို့ သိရပါတယ်။

    ကျောက်ဖြူနဲ့ မြေပုံအကြား နောင်တော်ကြီး နောင်တော်ချေရေပြင်မှာ ငါးဖမ်းနေကြတဲ့ စက်လှေတွေအများအပြားနစ်မြုပ်ခဲ့တာကြောင့် အဆက်အသွယ်မရဘဲဖြစ်နေတဲ့လှေတွေကိုကျေးရွာသားတွေက လိုက်လံရှာဖွေမှုတွေပြုလုပ်နေကြရပြီး အစိုးရအစီစဉ်နဲ့ ရှာဖွေမှုတွေပြုလုပ်တာမရှိသေးဘူးလို့ အခုညမှာ ဒေသခံတွေက ပြောဆိုကြပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတန်းမြို့နယ်တွေဖြစ်တဲ့ သံတွဲ၊ ကျောက်ဖြူ၊ မြေပုံ၊ စစ်တွေစတဲ့မြို့နယ်တွေမှာ ငါးဖမ်းလုပ်ငန်းကို အဓိကသက်မွေးဝမ်းကျောင်းပြုကြရပြီး အခုလို မုန်တိုင်းတိုက်ခတ်နိုင်တဲ့အကြောင်းကို အစိုးရက ကြိုတင်အသိပေးထားတာမရှိတဲ့အတွက် ငါးဖမ်းလှေတွေအားလုံးနီးပါးဟာ ပင်လယ်ပြင်ထဲရောက်ရှိနေကြတာဖြစ်တယ်လို့ ဒေါ်ခိုင်သန်းစိန်က ပြောဆိုပါတယ်။ မိုးလေ၀သနဲ့ဇလဗေဒဦးစီးဌာနကတော့ ကုန်းတွင်းမုန်တိုင်းငယ် အားပျော့သွားပြီဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မေ ၂၁ ရက်မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

    Rakkhine, May 21

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ‌မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာတော့ နေရာစိပ်စိပ်မိုးရွာနိုင်တယ်လို့ မိုးဇလရဲ့အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒါပေမဲ့ခုလိုထိခိုက်မှုတွေရှိခဲ့တဲ့ ရခိုင်မှာတော့ ယခင်က ဒီလို လေပြင်းတိုက်ခတ်နိုင်တဲ့အခြေအနေမျိုးကို ပုံမှန်ဆိုရင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ နေရာတွေမှာ ကျေးရွာအုပ်ချုပ်ရေးကနေတစ်ဆင့် စာထုတ်ပြီး ပင်လယ်ပြင်ကို မွက်ကြဖို့ တားမြစ်အသိပေးတာတွေလုပ်လေ့ရှိပေမယ့် အခုတစ်ကြိမ်မှာ အဲဒီလိုကြိုတင်သတိပေးတာမလုပ်ဘူးလို့ ဒေသခံတွေကပြောပါတယ်။

  2. မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ထပ်တိုးအလှူငွေ ၂၂ သန်း အီးယူ ပေးအပ်

    မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ပဋိပက္ခဒဏ်ခံခဲ့ရတဲ့ သူတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းတွေကို ထောက်ပံကူညီဖို့အတွက် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ နောက်ထပ် ယူရိုငွေ ၂၂ သန်းကို ဥရောပသမဂ္ဂက ပေးအပ်လိုက်ပါတယ်။

    ဒီရန်ပုံငွေတွေကို ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အကူအညီတွေ၊ အစားအသောက်အထောက်အပံ့၊ အာဟာရပြည့်ဝမှု၊ ကျန်းမာရေးနဲ့ ယာယီခိုလှုံစရာနေရာတွေလို အရေးပေါ် လိုအပ်ချက်တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

    အရေးတကြီး လိုအပ်ချက်တွေ အများဆုံး ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းတွေကို အဓိကထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အထောက်အပံ့တွေ၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေအတွက် အီးယူဘက်က လှူဒါန်းတာ ဒီနှစ်အတွင်း ယူရိုငွေ ၄၁ သန်း ကျော်သွားပြီ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးများလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် အီးယူ ဥရောပ သမဂ္ဂဘက်က လူသားချင်းစာနာထောက်ထားတဲ့ ရန်ပုံငွေတွေ ပေးအပ်တာ ယူရို ၂၇ သန်းကျော်ရှိသွားပြီ ဖြစ်ပါတယ်။

    အရေးပေါ် အကူအညီ လိုအပ်နေသူဦးရေဟာ မြန်မာနိုင်ငံတွင်းမှာ ၁၄.၄ သန်းအထိ တိုးများလာနေပြီး နိုင်ငံတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်းကလည်း အခုဆိုရင် ၁၀ သိန်းနီးပါး ရှိလာပြီ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်း
  3. မြောင်တောင်ပိုင်းက ကျေးရွာတွေ မီးရှို့ခံနေရ

    Myaung PDF CDSOM

    ဓာတ်ပုံ ရင်းမြစ်, Myaung PDF CDSOM

    ဓာတ်ပုံ ပုံစာ, ဒီကနေ့မြောင်ထဲက ကျေးရွာတစ်ရွာမီးရှို့ခံရတဲ့မြင်ကွင်း။

    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ကစပြီး ဒီကနေ့ မေ ၂၁ ရက်အထိ နှစ်ရက်အတွင်း မြောင်တောင်ပိုင်းကကျေးရွာ ငါးရွာထက်မနည်းကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ မေ ၂၁ ရက်မှာ ‌နဂါးပေါက်ရွာက နေအိမ် တစ်လုံး၊ နေပူကုန်းရွာက နေအိမ်လေးလုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

    "မနေ့ကဆို ပေါက်ချောင်း၊ ပန်းညို၊ ရွာသာရွာ တောက်လျှောက် မယ်မသော်ရွာဆို အိမ် ၇၀ ကျော်မီးရှို့တယ်။ ဒီမနက်လည်း နဂါးပေါက်၊ နေပူကုန်း တောက်လျှောက် ဝင်သမျှကို ရှို့နေတာ။ ဘယ်သူမှ ကိုယ့်ရွာကို မကပ်ရဲဘူး၊ မီးငြှိမ်းရင်လည်း သူတို့နဲ့တွေ့ရင် အဖမ်းခံရဦးမယ်" လို့ မြောင်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကနေ မြောင်မြို့နယ်ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူတို့ဖြတ်သန်းသွားလာတဲ့တလျှောက်က ကျေးရွာတိုင်းကို မီးရှို့တာတွေလုပ်ဆောင်နေတာလို့ ဒေသခံတွေကပြောပါတယ်။

    ဒီလို ကျေးရွာတွေဘက် မီးရှို့မှုလုပ်ဆောင်နေချိန်အတွင်း ကာကွယ်ရေးအဖွဲ့တွေဘက်ကနေ မြောင်မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်နဲ့ စည်ပင်ရုံးကို ဖောက်ခွဲမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပေမဲ့ ဘီဘီစီဘက်က သီးခြားအတည်ပြုလို့မရခဲ့ပါဘူး။

    အလားတူ မြောင်က ဒီလို ကျေးရွာတွေကို အလုံးအရင်းနဲ့စစ်တပ်က မီးရှို့နေတဲ့အပေါ် မျက်မြင်ဒေသခံတွေရဲ့ပြောကြားချက်တွေကို ဘီဘီစီက သိရှိရပြီး စစ်တပ်ဘက်ကတော့ မြောင်အပါအ၀င် စစ်ကိုင်းတိုင်းထဲက ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ မေ ၂၁ ရက်ညနေပိုင်းထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  4. သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲမှာ ထိုင်းဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတချို့ကို ထိုင်းစစ်တပ်က မြန်မာစစ်တပ်ထံ ပြန်ပို့

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲမှာ ထိုင်းဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတချို့ကို ထိုင်းစစ်တပ်က မြန်မာစစ်တပ်ထံ ပြန်ပို့

    ကရင်ပြည်နယ်၊ ‌KNU တပ်မဟာ ၆ နယ်မြေထဲက သေ့ဘောဘိုး စစ်ကောင်စီ စခန်း ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/KNDO ပူးပေါင်းတပ်တွေက မေ ၁၈ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲမှာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တချို့ကို ထိုင်းစစ်တပ်က ယာယီ ထိမ်းသိမ်းခဲ့ပြီးနောက် မြ၀တီမြို့မှာရှိတဲ့ မြန်မာစစ်ကောင်စီတာ၀န်ရှိသူတွေထံ လွှဲပြောင်း ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်အတွက် ဒရုန်းနဲ့ ကင်းထောက် စစ်ဆေးချိန်မှာ စစ်စခန်း စွန့်ခွာ ထွက်ပြေးကြတဲ့ စစ်ကောင်စီ တပ်သား ၁၁ ဦးနဲ့ ပေါ်တာ အထမ်းသမား ၃ ဦးတို့ လက်နက်ရိက္ခာ အထုပ်အပိုးတွေနဲ့ ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ တောင်ယာ စိုက်ခင်းများဘက် ဖြတ်ကူးချိန် ထိုင်းနယ်ခြားစောင့်တပ် က ခေါ်ဆောင်သွားတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    "သေ့ဘောဘိုး စစ်စခန်းက ကရင်အဖွဲ့ တွေ သိမ်းပြီးချိန် စစ်ကောင်စီ လေတပ် ဗုံးကြဲတာတွေ၊ ပြီးတော့ မြေပြင် ရှင်းလင်းရေး လုပ် ဖို့ ကျနော်တို့ ဒရုန်း ပျံ ပြီး ကင်းထောထေတော့ စစ်ကောင်စီ တပ်သားတွေ ထိုင်းဘက်ကမ်း ပြေးတာ ထိုင်းစစ်တပ်ဖမ်းပြီးခေါ် သွားတာ တွေ့ရတယ်၊ နောက်တော့ မြ၀တီ ဘက်ကို ခေါ်သွားပြီး တံတား၂ ကနေ လွှဲအပ်တယ်လို့ ကြားသိရတယ်။ မြေပြင် စခန်းထဲ ရှင်းလင်းတာမှာတော့ အရှင် ၆ ယောက်မိတယ်၊ အသေ ၅ လောင်းမှာ ၁ လောင်းက ခလရ ၃၂ တပ်က ဒုရင်းမှုး ဗိုလ်မှူးအောင်ငြိမ်းချမ်း ၊ တစ်ယောက်က ဗိုလ်ဟန်၀င်းထွန်း၊ နောက် ၃ လောင်းက ရဲဘော် အလောင်း တွေဖြစ်တာ တွေ့ရတယ်။ လက်နက် ခဲယမ်းကတော့ တော်တော်လေးသိမ်းရတယ်။ အခု မြေပြင် မှာ ထွက်ပြေး နေသူတွေ ဆက်ပြီး ရှာဖွေ ရှင်းလင်းဖို့ မိုးရွာ နေလို့ ခဏ ရပ်ထားတယ်" လို့ KNLA သတင်းအရင်းအမြစ်က ပြောပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။

    ဒီတိုက်ပွဲမှာ KNLA/KNDO/PDF ပူးပေါင်း တပ်ဖွဲ့ ဘက်ကလည်း ၃ ဦး ကျဆုံး ၊ ၄ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ ပြီး ဒေသတွင်း ကျေးရွာ ၅ ရွာလောက်က ဒေသခံ ၅၀၀ ကျော်မှာ နေရပ် မပြန်နိုင်ကြသေးဘဲ ထိုင်းမြန်မာနယ်စပ် ထိုင်းဘက်အခြမ်း မော်လီချိုင်းကျေးရွာဘက်ကို ယာယီစစ်ဘေးရှောင်နေကြရပါတယ်။

    ပြန်လည်လွှဲပြောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တချို့ဟာ သူတို့ကို မြန်မာဘက်ကိုပြန်မပို့ဖို့ ထိုင်းစစ်တပ်ထံတောင်းဆိုမှုတွေရှိတယ်ဆိုတဲ့သတင်းတွေ ထွက်နေပေမယ့် ဒါကို ဘီဘီစီက အတည်မပြုနိုင်ပါဘူး။ အခုလို ထိုင်းဘက်ကိုတိမ်းရှောင်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကိုပြန်လည်လက်ခံတဲ့သတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  5. ရခိုင်မှာ စက်သုံးဆီစျေးတက်တာကြောင့် ရထားစီးသွားလာသူပိုများလာ

    BBC
    ဓာတ်ပုံ ပုံစာ, ရခိုင်မှာ စက်သုံးဆီစျေးတက်တာကြောင့် ရထားစီးသွားလာသူပိုများလာ

    ရခိုင်ပြည်နယ်စစ်တွေမြို့မှာ စက်သုံးဆီဈေးနှုန်းတွေမြင့်တက်နေသလို ဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေတဲ့အတွက် ရထားစီးပွားသွာလာသူတွေပိုမိုများပြားနေတာကို မေလ ၂၀ ရက်နေ့ မနေ့ကမနက်ပိုင်းမှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

    စစ်တွေမြို့တွင်းကနေ ရေချမ်းပြင်အထိလမ်းပိုင်းက ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကစလို့ ရပ်နားထားတဲ့ မီးရထားလိုင်းကို စစ်ကောင်စီက ပြန်လည်ပြေးဆွဲပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရထားကိုအသုံးပြုစီးနင်းသူတွေ များပြားလာနေတာ ကိုတွေ့ရပါတယ်။

    အဲ့ဒီရထားလိုင်းမှာ အဓိကအသုံးပြုစီးနင်းသူတွေကတော့ စစ်တွေမြို့တွင်းနဲ့ ဆယ်မိုင်ခန့်ကွာဝေးတဲ့ နည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ ရထားလမ်းတစ်လျှောက်မှာနေထိုင်ကြတဲ့ မွတ်ဆလင်ကျေးရွာသားတွေ ဖြစ်ကြပါတယ်။

    လက်ရှိမှာတော့ ရထားတွဲတစ်တွဲတည်းသာပြေးဆွဲနေတာဖြစ်ပြီး ခရီးသည်ပမာဏက များပြားနေတဲ့အတွက် ရထားတွဲတွေ တိုးချဲ့ပြေးဆွဲပေးဖို့လိုအပ်နေတယ်လို့ ‌‌‌ဒေသခံတွေကပြောပါတယ်။

    “ရထားစီးတဲ့သူတွေကတော့ များပါတယ်။ တစ်တွဲတည်းဆိုတော့ ခရီးသည်ကများတဲ့အခြေအနေဖြစ်နေတယ်။ ကျောင်သားတွေကလည်းများတယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ အတွဲတွေတိုးချဲ့ပြေးဆွဲဖို့အတွက်တော့ ပြင်ဆင်နေပါတယ်။ မကြာခင်မှာစပြီးတော့ တိုးချဲ့သွားဖို့ရှိနေပါတယ်။”လို့ရထားဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    နေ့စဉ်ရထားစီးပွား ကျောင်းတက်နေကြရတဲ့ နည်းပညာတက္ကသိုလ်ကျောင်းသူကျောင်းသားပေါင်း ရာနဲ့ချီရှိနေတာကြောင့် ကျောင်းဖယ်ရီအဖြစ် သီးသန့်ရထားတွဲတစ်တွဲပြေးဆွဲပေးဖို့အတွက်ကိုလည်း ပြည်နယ်ကောင်စီကိုတင်ပြထားကြောင်းနဲ့ မကြာခင်မှာ ပြေးဆွေးနိုင်လိမ့်မယ်လို့လည်း သူကပြောပါတယ်။

    အခုလို စက်သုံးဆီစျေးနှုန်းတွေကမောက်ကမ ဖြစ်နေပြီး ဆီဝယ်ယူရတာအခက်အခဲနဲ့ကြုံနေရတဲ့အချိန်မှာ ဈေးနှုန်းသက်သာစွာနဲ့ရထားပြေးဆွဲနေတဲ့အတွက် အဲ့ဒီလမ်းပိုင်းကိုအသုံးပြုသွားလာနေသူတွေအတွက် အဆင်ပြေမှုတွေလည်းရှိနေတာဖြစ်ပါတယ်။

  6. သောင်းရင်းမြစ်ရေတိုးလာတာကြောင့် စစ်ဘေးရှောင်နေရာတွေ အရေးပေါ်ပြောင်းရွှေ့နေထိုင်ဖို့ အခက်အခဲကြုံ

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သောင်းရင်းမြစ်ရေတိုးလာတာကြောင့် စစ်ဘေးရှောင်နေရာတွေ အရေးပေါ်ပြောင်းရွေ့နေထိုင်ဖို့ အခက်အခဲကြုံ

    ပြီးခဲ့တဲ့ မေ ၁၉နဲ့ ၂၀ရက်တွေမှာ မိုးလေသည်းထန်စွာရွာသွန်းတာကြောင့် ထိုင်းမြန်မာနယ်စပ်၊ သောင်ရင်းမြစ် ဒေါနတောင် တောင်ကျရေ တိုး၀င်စီးဆင်းမှုမြင့်တက်လာပြီး စစ်ဘေးရှောင် ဒေသခံ ၁၀၀၀ ကျော်ဟာ အရေးပေါ်နေရာ ရွှေ့ပြောင်း နေထိုင်ဖို့အခက်အခဲတွေ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

    KNU တပ်မဟာ၆ နယ်မြေ လေးကေကော်ဒေသတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့ ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် သောင်းရင်း မြစ်ရေ တိုးလာပြီး စစ်ဘေးရှောင်တွေယာယီ ခိုလှုံနေတဲ့မြစ်ဘေးတစ်လျှောက် မြေနိမ့်ပိုင်းနေရာတွေ မြစ်ရေ ၀င်ရောက်လာတာကြောင့် အရေးပေါ် နေရာထိုင်ခင်း ပြောင်းရွှေ့စရာ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ သေ့ဘောဘိုး ၊ကျောက်ခက် ဒေသ စစ်ဘေးရှောင်နေရသူတွေကပြောပါတယ်။

    "မိုးကြီးရွာတာ ဒီနေ့ပါဆို ၃ရက်ရှိပြီ ၊ မြစ်ဘေးနေတဲ့ သူတွေ ရေတွေ တက်လာတော့ အကုန်မိုးရွာထဲကနေ ထပ်ရွေ့ကြရတယ်၊သူတို့ အသုံးအဆောင်တွေ အကုန်မိုးစိုကုန်ပြီ။ အခုလည်း မိုးရွာထဲကနေ မိသားစုလိုက် နေရာဝိုင်းရွေ့ ပေးနေကြတယ်။ သေ့ဘောဘိုး၊ကျောက်ခက်၊မင်းလက်ပံ၊ဖလူးဘက်တွေ နေရာစုံဘဲဆိုရင် တစ်ထောင်ကျော်မယ်၊ စစ်ဘေးရှောင်စခန်းကြီးမှာမနေဘဲ အပြင်မှာ ကိုယ်အစုနဲ့ ကိုယ်နေကြတဲ့သူတွေ အတွက် အမိုးအကာတွေလိုနေတာကိုတော့ မိုးနဲနဲ စဲတော့မှ သူတို့နေရာတွေကနေရသလောက် ရွေ့ယူပြီး ကုန်းမြင့်ပြီး ကျည်ကွယ်မျက်ကွယ် ရှိတဲ့ နေရာတွေမှာ နေကြဖို့ ကျနော့်တို့ ဝိုင်းလုပ်ပေးနေတယ်"လို့ကျောက်ခက် ဒေသမှာ စစ်ဘေးရှောင် အကူအညီပေးရေး လုပ်ဆော်နေသူက ပြောပါတယ်။

    လေးကေကော် -ဝေါလေ ဒေသတွင်း စစ်ကောင်စီတပ်နှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွား နေတဲ့ ၅လ ကျော် ကာလအတွင်း ဒေသတွင်း ကျေးရွာ ၂၀ ကျော်က ဒေသခံ နေရပ်စွန်ခွာ စစ်ဘေးရှောင်နေရသူ ၁သောင်း ၀န်းကျင်အထိရှိနေပြီလို့ သိရပါတယ်။

    ပြီးခဲ့တဲ့ မေလ ၁၈ ရက်က စစ်ကောင်စီ အခြေစိုက် သေ့ဘောဘိုး စခန်းကို KNLA/KNDO ပူးပေါင်း တပ်တွေ တိုက်ခိုက် သိမ်းယူ ပြီး နောက်ပိုင်း ဒေသတွင်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားတဲ့အတွက် မြ၀တီမြို့ဘက်ကိုဖြစ်စေ၊ဝေါလေ မြို့ဘက်သို ဖြစ်စေ ဆက်သွယ် သွားလာလို့မရတာကြောင့် စစ်ဘေးရှောင်တွေ စားသောက်စရာ ရိက္ခာ ပြတ်တောက်မှာကို စိုးရိမ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

  7. မန္တလေးဆေးတက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ဦး ဦးခေါင်းကျည်ထိမှန်သေဆုံး

    မနေ့ မေလ ၂၀ ရက်က မန္တလေး - မုံရွာကားလမ်းမပေါ် ဖြတ်သန်းသွားလာတဲ့ အိမ်စီးကားတစ်စီးကို စစ်ကောင်စီကနေ ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ မန္တလေးဆေးတက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ဦး ဦးနှောက်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    "ကားက အရှိန်နဲ့သွားနေတဲ့အချိန် ရုတ်တရက်စစ်ဆေးမယ်ဆိုပြီးတားတော့ ဘရိတ်ိတ်ပ်ရပ်မလို့ဘဲရှိသေးတာကို ပစ်ချလိုက်တာ။ ကားကမှန်ပဲ ကွာတာဆိုပေမဲ့ လူကတော့ ခေါင်းကိုထိသွားတာပေါ့။ အဲဒါနဲ့ ကားကိုမရပ်တော့ဘဲ ချက်ချင်းမောင်းလာလိုက်လို့ Dead Body ရတာ၊ မဟုတ်ရင် မတွေးရဲစရာပဲ" လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    သေဆုံးသူ ကိုကျော်ညီဇင်ဟာ အသက် ၂၁ နှစ်သာ ရှိသေးပြီး လက်ရှိစစ်ကောင်စီဖွင့်လှစ်တဲ့ မန္တလေးဆေးတက္ကသိုလ်မှာလည်း ကျောင်းတက်ရောက်တာမရှိဘဲ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ပါဝင်ထားသူတစ်ဦးဖြစ်တယ်လို့ ဆေးတက္ကသိုလ်မန္တလေးကျောင်းသားများသမဂ္ဂဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    ကျောင်းသားသမဂ္ဂဘက်ကတော့ ကျောင်းသားတစ်ဦးသေဆုံးခဲ့ရတာဖြစ်လို့ ဆေး‌တက္ကသိုလ်မန္တလေးဟာ သွေးမြေခခဲ့ရပြီဖြစ်ပြီး သပိတ်မှောက်ကျောင်းသား ကိုကျော်ညီဇင်ကို လေးစား‌တဲ့အနေနဲ့ ဖယ်ဒရယ်ဒီမိုကရေစီမရမချင်း ကျောင်းထဲကို ခြေမလှမ်းကြဖို့ ကျောင်းသားထုကို မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။

    အဲဒီပစ်ခတ်မှုဖြစ်စဥ်ကို မိသားစုနဲ့နီးစပ်သူက စစ်ကောင်စီပစ်ခတ်မှုလို့ ဆိုထားပြီး ဘီဘီစီက အတည်ပြုနိုင်ဖို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနေပါတယ်။ ကိုကျော်ညီဇင်ရဲ့နာ‌ရေးကို ဒီနေ့ ညနေ ၃ နာရီမှာပြုလုပ်မယ်လို့ နာရေးဖိတ်စာမှာဖော်ပြထားတာကိုတွေ့ရပါတယ်။

    Mandalay, May 21

    ဓာတ်ပုံ ရင်းမြစ်, Social Media

  8. ခင်ဦးမြို့နယ်က အင်တိုင်းရွာမှာ ဒေသခံ သုံးဦး လက်နက်ကြီးထိမှန်သေဆုံးတယ်လို့ ဆို, ခင်ဦးမြို့ပေါ်မှာ လုယက်သူတွေဟာ စစ်ကောင်စီနဲ့ပတ်သက်တယ်လို့ ဒေသခံတွေပြော

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မီးရှို့ဖျက်ဆီးခံရတဲ့ အင်တိုင်းရွာမြင်ကွင်း

    မနေ့ မေလ ၂၀ ရက်တုန်းက စစ်ကိုင်းတိုင်း‌၊ ‌ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင်း အင်တိုင်းရွာက အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    မနေ့က ခင်ဦးနယ်၊ အင်တိုင်းရွာအနီးမှာ ရေဦးဘက်ကရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကား သုံးစီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အင်တိုင်းရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ကာဝင်ရောက်လာခဲ့ပြီး အခုလို လူ ၃ဦး ထိခိုက်သေဆုံးခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။

    ဒါ့အပြင် အိမ်ခြေ ၁၂၀‌ ကျော်ရှိတဲ့ အင်တိုင်းရွာကိုမီးရှို့ခဲ့ပြီး မီးလောင်ကျွမ်းတဲ့အိမ်ခြေအတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

    ဒါ့အပြင် မေလ ၁၉ ရက်တုန်းက ခင်ဦးမြို့ပေါ်ကဆိုင်တွေက ပစ္စည်းတွေကို မျက်နှာဖုံးစွပ်ထားတဲ့ လူအုပ်စုတစ်စုက ဖျက်ဆီး၊ မီးရှို့တဲ့အပြင် ဖုန်း၊ ငွေကြေးနဲ့ တန်ဖိုးရှိပစ္စည်းတွေ လုယူခံရတာလို့ ဒေသခံတွေကပြောပါတယ်။

    ဒီဖြစ်စဉ်အပြီးမှ စစ်တပ်ကရောက်လာပြီး ဒါဟာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ PDF တွေလုပ်တာလို့ ဒေသခံတွေကိုပြောပေမဲ့ ဒေသခံတွေကတော့ ဒီလုယက်ဖျက်ဆီးသူတွေဟာ စစ်‌ကောင်စီနဲ့ပတ်သက်တယ်လို့ တုံ့ပြန်ကြပါတယ်။

    "မြို့ထဲမှာ သူတို့တပ်စွဲထားတာလေ။ ဆိုင်ကယ် ၇ စီးနဲ့ လူ ၁၅ ယောက်လောက်က ပုဆိုးခြုံမျက်နှာအုပ်ပြီး ဒီလိုလာလုပ်တာဆိုတော့လေ။ ဒီလိုဖြစ်ပြီးတာနဲ့ စကစတွေရောက်လာပြီး ဆိုင်ပိုင်ရှင်တွေကို ဒါက ခင်ဗျားတို့ PDF တွေက မထောက်ပံ့လို့ PDF တွေကလာလုပ်သွားတာလို့ပြောတယ်။ အခုကမြို့ပေါ်အထိ ဖျက်ဆီးတာတွေလုပ်လာကြပြီ" လို့ ခင်ဦးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီဖြစ်စဉ်မှာ ဆီဆိုင်တစ်ဆိုင်မီးရှို့ခံရ၊ တစ်ဆိုင်ကငွေကြေးသိန်းဆယ်ချီလုယက်ခံရသလို နောက်ထပ်ခင်ဦးမြို့ပေါ်က စတိုင်းဆိုင်တစ်ဆိုင်မှာလည်း ဖုန်းတွေနဲ့ ငွေကြေးသိန်းဆယ်ချီ လုယက်သွားကြတယ်လို့ ဆိုပါတယ်။

    ဒီလိုဒေသခံတွေဘက်က ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ဒီကနေ့ မေလ ၂၁ ရက်နေ့လယ်ပိုင်းအထိ တစုံတရာ ထုတ်ပြန်တာမရှိသေးသလို ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့်အဆက်အသွယ်မရသေးပါဘူး။

  9. မန္တလေးမှာ ဓားဒဏ်ရာနဲ့သေဆုံးနေတဲ့ သားအမိ နှစ်ဦးရုပ်အလောင်းတွေ့, အသတ်ခံရသူတွေရဲ့လည်ပင်းမှာ သွေးသောက်အဖွဲ့ လည်ဆွဲကတ်ပြားတွေ ချိတ်ဆွဲထားတာတွေ့ရ

    ထက်အိ HE

    ဓာတ်ပုံ ရင်းမြစ်, ထက်အိ HE

    ဓာတ်ပုံ ပုံစာ, မန်းလေးမြို့မြင်ကွင်း/ပုံေဟာင်း

    မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့(မေ ၂၁) မနက်က အမျိုးသမီးနှစ်ဦး ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး အနီရောင် သွေးသောက်အဖွဲ့ကတ်ပြားကို လည်ပင်းမှာ ချိတ်ဆွဲထားတာတွေ့ရတယ်လို့ နီးစပ်တဲ့ ဒေသခံတွေကပြောပါတယ်။

    သေဆုံးသူမှာ အသက် ၆၁ နှစ်နဲ့ ၃၅ နှစ်အရွယ်အမျိုးသမီး‌တွေဖြစ်ပြီး နေအိမ်အတွင်းမှာ လက်ပြန်ကြိုးတုတ်အနေထားနဲ့ မနေ့ညပိုင်းကတည်းက ဓားထိုးအသတ်ခံရတာ ဖြစ်ပါတယ်။

    အမျိုးသမီး နှစ်ဦးလုံးဟာ အနေအေးတဲ့ အရပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုအသတ်ခံရသူတွေဟာ ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက် အကွက် ၂၇၃ မှာ သားအမိနှစ်ဦးတည်း နေထိုင်တာ များတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    မိခင်ဖြစ်သူ ဒေါ်မြမြမှာ ဝမ်းဗိုက်နဲ့ ဘယ်ဘက်ရင်ဘတ်ထိုးသွင်းဒဏ်ရာ၊ သမီးဖြစ်သူ ဒေါ်ခင်စန်းအေးမှာ ရင်ညွန့်လည်ပင်းအောက် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    " သားအမိနှစ်ယောက်တည်းနေတာ။ လူနေတယ်လို့တောင်မသိရဘူး အဲဒီအိမ်ကြီးက။ အိမ်ထဲတွင်ကို ဝင်သတ်သွားတာ။ ထိုးသွင်းဒဏ်ရာတွေ သွေးကွက်တွေလည်းအများကြီးပဲ။ ညကသတ်ထားခဲ့တာ နေမယ်။ ကြိုးတုတ် အသတ်ခံထားတာ။ မမြင်ရဲစရာပဲ"လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံကပြောပါတယ်။

  10. ကုန်းတွင်းမုန်တိုင်းငယ်ဟာ အားလျော့သွားပြီလို့မိုးဇလထုတ်ပြန်, ကရင်နဲ့ တနင်္သာရီကဒေသတချို့မှာ မိုးရွာလေပြင်းတိုက်တာကြောင့် သစ်ပင်ပြိုလဲမှုတွေရှိ

    မီးသတ်ဦးစီးဌာန

    ဓာတ်ပုံ ရင်းမြစ်, မီးသတ်ဦးစီးဌာန

    ဓာတ်ပုံ ပုံစာ, ဒီကနေ့မနက်ပိုင်း ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းမှာ မိုးရွာသွန်းတာကြောင့် သစ်ပင်လဲကျမှုမြင်ကွင်း။

    ဒီကနေ့ မေလ ၂၁ရက်၊ မနက်အစောပိုင်းတိုင်းထွာချက်အရ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ရှမ်းရွာသစ်အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အ‌ရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ဒီအားကောင်းသောလေဖိအားနည်းရပ်ဝန်းဟာ အ‌ရှေ့မြောက်ဘက်ကို ဆက်‌ရွေ့လျားပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်းအားလျော့သွားမယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ ဒီကနေ့မနက်ပိုင်းမှာတင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ကမြောကင်းလမ်းမှာ လေပြင်းတိုက်တာကြောင့် သစ်ပင်ပြိုလဲမှုဖြစ်ခဲ့သလို ကရင်ပြည်နယ်၊ မြဝတီမြို့၊ အောင်ရတနာလမ်းတွေပေါ်မှာလည်း မိုးရွာသွန်းတာကြောင့် သစ်ပင်လဲပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေတာကြောင့် ရှင်းလင်းခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနက ဒီကနေ့မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

    ဒီကနေ့ညနေပိုင်းအချိန်အထိ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်မိုးကြီးနိုင်ပြီး ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာတော့ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

    စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ‌မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာတော့ နေရာစိပ်စိပ်မိုးရွာနိုင်တယ်လို့ ပြောပါတယ်။

    မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် - တနင်္သာရီကမ်းရိုးတန်း‌တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါမိုးသက်လေပြင်ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အနေနဲ့လည်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးဆက်လက်ပိုနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။

  11. ရန်ကုန်၊ သန်လျင်မြို့နယ်က သပြေကန်ရဲစခန်းတိုက်ခိုက်ခံရ, နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့လုပ်ဆောင်တာလို့ပြော

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ မြင်တွေ့ရတဲ့ သန်လျင်မြို့တွင်း တစ်နေ့ရာ

    မနေ့ မေလ ၂၀ရက် ည ၁၁နာရီခွဲအချိန်မှာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သပြေကန်ရဲစခန်းကို သန်လျင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့ မေ ၂၁ရက်မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

    တိုက်ခိုက်မှုဖြစ်စဉ်ဟာ နန်းထိုက်အောင်စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ထိခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    "ပြောက်ကျားအနေနဲ့ အလစ်အငိုက်ဝင်ပစ်တာဆိုတော့ တဖက်ကပြန်လှန်ခုခံပစ်တာမျိုးမရှိခဲ့ဘူး၊ ဒီနေ့မနက် မြို့တွင်းအခြေအနေကတော့ တချို့နေရာတွေမှာ ကားတွေ တားပြီးစစ်ဆေးနေတယ်"လို့ မြေပြင်အခြေအနေသိရှိသူ သန်လျင်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီရက်သတ္တပတ်အတွင်း သန်လျင်မြို့နယ်အတွင်း ဆိုင်ကယ်မစီးဖို့ စစ်ကောင်စီကကြေညာတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေကြောင့် ‌ဒေသခံတွေဆိုင်ကယ်အသွားအလာနည်းနေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း နေရာအများစုမှာ စစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

  12. စစ်ကောင်စီရဲ့ မာရသွန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစနေ့ဆွေးနွေးမှု

  13. အိပ်ချ်အိုင်ဗီ စောင့်ရှောက်ရေးဂေဟာမှူး ကိုရာဇာအမှု မေလ ၃၀ ရက်မှာ စတင်ကြားနာမယ်

    အကြမ်းဖက်မှုဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ အိပ်ချ်အိုင်ဗီရှိသူတွေကို စောင့်ရှောက်တဲ့ NCA ဂေဟာတာဝန်ခံကိုရာဇာကိုမေလ၁၉ရက်ကရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာရုံးထုတ်ခဲ့ပါတယ်။

    လာမယ့်မေလ၃၀ရက်နေ့မှာနောက်ထပ်ရုံးချိန်းပေးလိုက်ပြီးကိုရာဇာရဲ့အမှုကိုစတင်စစ်ဆေးတော့မယ်လို့သူ့ရဲ့အမှုမှာလိုက်ပါဆောင်ရွက်ပေးမယ့်ရှေ့နေကပြောပါတယ်။

    ကိုရာဇာခေါ်ကိုစိုးရာဇာထွန်းကိုNurture Aid Care- NCA ဂေဟာစတင်တည်ထောင်သူ CRPH အဖွဲ့ဝင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်ဒေါ်ဖြူဖြူသင်းနဲ့အတူအကြမ်းဖက်မှုဆိုင်ရာဥပဒေပုဒ်မ၅၀ညနဲ့အမှုတတွဲတည်းတရားစွဲထားတာဖြစ်ပါတယ်။

    ဒေါ်ဖြူဖြူသင်းကိုဖမ်းဆီးမမိတဲ့အတွက်တရားခံပြေးအဖြစ်နဲ့စွဲတင်ထားလို့ဖမ်းဆီးမိထားတဲ့ကိုရာဇာကိုအမှုစတင်စစ်ဆေးလို့မရသေးဘဲဖြစ်နေခဲ့တာပါ။

    အခုတော့၁၉ရက်နေ့ကရုံးချိန်မှာတရားခံပြေးအမှုမှာသက်သေတွေကိုစစ်ဆေးပြီးဖြစ်တဲ့အတွက်ကိုရာဇာရင်ဆိုင်နေရတဲ့အမှုအတွက်လာမယ့်မေလ၃၀ရက်နေ့ရုံးချိန်းမှာစတင်စစ်ဆေးမယ်လို့သူ့ရှေ့နေကပြောပါတယ်။

    အင်းစိန်ထောင်ထဲမှာဖမ်းဆီးခံထားရတဲ့ကိုရာဇာကိုဒေါပုံမြို့နယ်ကတရားရုံးဆီခေါ်လာချိန်မှာသူစောင့်ရှောက်ထားတဲ့ဂေဟာကကလေးတွေနဲ့တာဝန်ခံတွေကသွားရောက်တွေ့ဆုံခွင့်ရခဲ့တယ်လို့လည်းသူကဆိုပါတယ်။

    HIV/AIDS စောင့်ရှောက်ရေးဂေဟာတာဝန်ခံကိုရာဇာကိုမတ်လ၂ရက်နေ့ကဂေဟာကနေဖမ်းဆီးသွားခဲ့ပြီးဧပြီလ၁ရက်နေ့ကဒေါပုံမြို့နယ်မှာရှိတဲ့ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာအကြမ်းဖက်မှုဆိုင်ရာဥပဒေပုဒ်မ၅၀ညနဲ့တရားစွဲခဲ့ပါတယ်။

    ကိုရာဇာ

    ဓာတ်ပုံ ရင်းမြစ်, NAC Care

  14. မင်းကင်းမြို့နယ်၊ ပျဉ်းကိုင်းကျေးရွာ လေကြောင်းအတိုက်ခံရ၊ တပ်ကူတွေကိုလည်း ရဟတ်ယာဥ်သုံးပြီး တပ်ကူတွေကိုလည်း ချထားလို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်၊ ပျဉ်းကိုင်းကျေးရွာကို မေ ၂၀ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီနေ့မနက် ၁၀ နာရီလောက်မှာ စစ်ရဟတ်ယာဥ်တွေနဲ့ ပျဉ်းကိုင်းရွာကို ပစ်ခတ်ပြီး ရဟတ်ယာဉ် လေးစင်းနဲ့ စစ်ကောင်စီတပ်တွေကို ရွာအနီးတပ်ဖြန့်ချထားခဲ့တယ်လို့ ပြောပါတယ်။

    “ တရစပ်ပစ်တာ၊ လေကြောင်းကနေ ဒီလောက်ထိ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေသုံးတာ ပထမဆုံးပဲ။ အဲဒီမှာ တဲကြီးတောင်ရွာက အရပ်သားနှစ်ယောက်တော့ ဒဏ်ရာရထားတယ်။ အခြေအနေတော့ မသိရသေးဘူး။ ဘာတိုက်ပွဲမှလည်းမရှိဘူး။ သူတို့က ပြည်သူ့ကာကွယ်ရေးစခန်းတွေရှိတယ်ထင်ပြီး ပစ်နေတာ“လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ညနေပိုင်း ၃ နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေက တဲကြီးတောင်ရွာနဲ့ မြောက်ရွာကို မီးရှို့နေပြီး အဝေးကနေ လှမ်းမြင်နေရတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တာကြောင့် ပျဉ်းကိုင်းအုပ်စုက ပျဉ်းကိုင်း၊ ရှမ်းချောင်း၊ တဲကြီးတောင်၊ တဲကြီးမြောက်၊ ပေါ်လော်၊ ပန်းကောက်စတဲ့ ကျေးရွာနဲ့ စမြင်ကျေးရွာအုပ်စုက စမြင်ရွာမ၊ ရွာတော်၊ ဇလုပ်မ စတဲ့ ကျေးရွာပေါင်း ၉ ရွာက ဒေသခံ သုံးထောင်ကျော် ထွက်ပေးတိမ်းရှောင်နေရပါတယ်။

    ခုလိုစစ်ကိုင်းတိုင်းထဲက မင်းကင်းမြို့နယ်ပျဥ်းကိုင်းကျေးရွာကိုလေကြောင်းက တိုက်ခိုက်မှု တပ်အင်အားဖြည့်တင်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီက မေ ၂၀ ရက် ညပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    မင်းကင်း၊ လေကြောင်းပစ်၊

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ- မင်းကင်းသတင်းမှန်ပြန်ကြားရေး

    ဓာတ်ပုံ ပုံစာ, ပုံစာ - မင်းကင်းမြို့နယ်အဝင်
  15. ဒီပဲယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေထဲ အမျိုးသမီးတစ်ဦး ပါ၀င်တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်ကပြော, စစ်ကောင်စီစစ်ကြောင်းတွေထဲ​အမျိုးသမီးစစ်သည်တွေ သုံးစွဲမှုရှိမရှိနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေး

    စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာနားမှာ မနေ့ မေ ၁၉ ရက်ကဖြစ်တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင် တချို့ သေဆုံးတဲ့အထဲမှာ အမျိုးသမီးအလောင်းတစ်လောင်းတွေ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    “ မနေ့က တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်ပိုင်းမှ အဲဒီနေရာကို သွားကြည့်ကြတာ၊ Dead Body တွေကို မီးရှို့ထားခဲ့ကြတဲ့အထဲမှာ တချို့ရုပ်အလောင်းတွေက မီးမကျွမ်းသေးဘူး။ အဲဒီထဲမှာ ခန္ဓာကိုယ် ခါးပိုင်း အချိုးအစားအရ အမျိုးသမီးပုံစံတွေ့တယ်။ အဲဒီနားမှာလည်း စစ်သားသုံးပစ္စည်း ဟန်းကောချိုင့်တို့ ၊ မိန်းမစီးဖိနပ်တွေ့တယ်။ စစ်ကောင်စီက စစ်ကြောင်တွေမှာ အမျိုးသမီးစစ်သားတွေတွေ့တာ တစ်လကျော်လောက်ရှိပါပြီ။ တချို့ သူတို့တပ်စွဲပြီးသွားတဲ့နေရာတွေမှာဆိုရင် ဆေးကုထားတဲ့ပစ္စည်းတွေ၊ အမျိုးသမီးအတွင်းခံတွေပါ တွေ့ရတာ” လို့ သူက ပြောပါတယ်။

    ဒီလို စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ ဒေသကာကွယ်ရေးတပ်ဘက်က သူတို့ တွေ့မြင်ရတဲ့မျက်မြင်အခြေအနေကို ခုလိုပြောကြားလာတာကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဒီနေ့ မေ ၂၀ ရက်မှာ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့်အဆက်အသွယ်မရခဲ့ပါဘူး။

    ဒီပဲယင်းမြို့နယ်မှာ မေ ၁၆ ရက်ကနေ ၁၉ ရက်အထိ တောက်လျှောက်တိုက်ပွဲတွေဖြစ်နေပြီး အင်အား ၃၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက ခွင့်တောင်းကျေးရွာမှာ ပိတ်မိနေတဲ့အကြောင်း၊ အဲ့ဒီနေရာကိုစစ်ကူဖို့အတွက် ရေဦးမြို့နယ်ကနေ စစ်အင်အား ၂၀၀ က မနေ့က စစ်ကြောင်းထိုးလာတာကို ‌ဒေသကာကွယ်တပ်တွေက ညောင်လှကျေးရွာနားမှာ တိုက်ခိုက်ခဲ့ကြတာလို့ သူက ပြောပါတယ်။

    မနေ့ကလည်း အဲ့ဒီစစ်ကြောင်းဟာ ညောင်လှရွာနဲ့ သရက်တောရွာကို ဝင်ရောက်မီးရှို့တာကြောင့် အိမ်ခြေ ၂၆ လုံး မီးလောင်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေမှာ အမျိုးသမီးစစ်သည်တွေ သုံးလာတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    ယင်းတွေရွာ၊ ဒီပဲယင်းမြို့၊ စစ်ကောင်စီမီးရှို့

    ဓာတ်ပုံ ရင်းမြစ်, Voice of Depeyin

    ဓာတ်ပုံ ပုံစာ, ဒီပဲယင်းမြို့နယ်မှာ ဧပြီ ၂၉ ရက်က ဝင်ရောက်မီးရှို့ခံရတဲ့ ယင်းတွေရွာ ပုံဟောင်း
  16. အေအေဟာ ရခိုင်မှာ တိုက်ပွဲခေါ်နေတယ်လို့ စစ်ကောင်စီ ပြော

  17. ရေဦးမြို့နယ်၊ သရက်တောရွာမှာ မီးရှို့ခံထားရတဲ့ အလောင်း ၂၀ ကျော်တွေ့၊ ပေါက်သာနဲ့ချောင်းပေါက်ရွာက စစ်ဘေးရှောင် ၅ ဦးသေဆုံး, ဒီနေ့မနက်ကစလို့ ရွာသုံးရွာဆက်တိုက် မီးရှို့ခံရ

    စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မြောက်ပိုင်း ပေါက်သာနဲ့ချောင်းပေါက်ရွာအနားမှာ မနေ့က ဒေသကာကွယ်ရေးတပ်တွေနဲ့ အင်အား ၄၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပေါက်သာရွာနဲ့ ချောင်းဦးရွာကို စစ်ကြောင်းထိုးခဲ့ကြတာကြောင့် အရပ်သား ၅ ယောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် စစ်ဘေးရှောင်ဖို့ ထွက်ပြေးနေကြတဲ့ ပေါက်သာရွာက ၃ ယောက်နဲ့ ချောင်းပေါက်ရွာက ၂ ယောက်ဟာ လက်နက်ကြီးကျည်ထိမှန် သေဆုံးပြီး ၁၀ ယောက်ခန့်က ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြောပါတယ်။

    “ရွာသားတွေ ထွက်ပြေးတဲ့လမ်းပေါ်ကို ပစ်တာ၊ အဲဒီမှာ ထိသွားကြတာ” လို့ အဲဒီဒေသခံက ‌ ဆိုပါတယ်။

    ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်တွေ ထွက်သွားပြီးချိန်မှာ သရက်တောရွာမှာ မီးရှို့ခံထားရတဲ့ နေအိမ်တွေထဲ အလောင်း ၂၁ လောင်းတွေ့ခဲ့တယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။

    “စစ်ကောင်စီတွေ ဖမ်းခေါ်လာတဲ့ ကုက္ကိုလ်စုရွာက တစ်ယောက်၊ ရွာသာလေးက တစ်ယောက် ပျောက်နေတယ်။ ဒီအလောင်းတွေက ဘယ်သူ့အလောင်းတွေလဲ၊ စစ်ကောင်စီဘက်က အလောင်းတွေလား၊ အရပ်သားတွေရဲ့အလောင်းလား သေချာမသိရဘူး။ ကျားမ လည်းခွဲမရဘူး။ ဦးခေါင်းခွံတွေရှာတွေ့ထားတယ်။ ”လို့ သူက ဆက်ပြောပါတယ်။

    အဲဒီကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းမြို့နယ်ဘက်ကို ဦးတည်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တန့်ဆည်မြို့နယ်နဲ့အစပ်မှာရှိတဲ့ ရေဦးမြို့နယ်မြောက်ပိုင်းက စစ်ကြောင်းတစ်ခုကလည်း ဒီနေ့မနက်ပိုင်းမှာ ရေဦး-ကလေးဝ လမ်းမကြီးဘေးက ဖန်းကားစင်ရွာ၊ ချောင်းရိုးရွာ၊ စိမ်းစားရွာတွေကို မီးရှို့နေတယ်လို့ ပြောပါတယ်။ ဒေသခံတွေက ရွာတွေထဲကို ဝင်လို့မရသေးတာကြောင့် မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို မသိကြရသေးပါဘူး။

    ရေဦးမြို့နယ်မှာ စစ်ဘေးရှောင်အရေအတွက် သုံးသောင်းခွဲလောက်ရှိနေတယ်လို့လည်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

    အခုဖြစ်စဥ်တွေအပါအ၀င် စစ်ကိုင်းတိုင်းအတွင်းက စစ်ဆင်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက ဒီနေ့ မေ ၂၀ ရက် ညနေပိုင်းထိ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    ရေဦး၊ နှောကုန်း၊ စစ်ကောင်စီမီးရှို့

    ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦး Facebook

    ဓာတ်ပုံ ပုံစာ, ရေဦးမြို့နယ်မှာ မေ ၆ ရက်က မီးရှို့ခံရတဲ့ နှောကုန်းကျေးရွာ
  18. အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ရန်ကုန်အပါဝင် တိုင်းနဲ့ပြည်နယ် ၆ ခုမှာ မိုးကြီးမည်

    ကပ္ပလီပင်လယ်မြောက်ပိုင်း၊ မုတ္တမပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့မနက်ပိုင်းမှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိခဲ့တာကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

    အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမျာ မိုးကြီးနိုင်တဲ့အပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ မိုးသက်လေပြင်းကျနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    မော်လမြိုင်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းက မိုးရွာပြီး လေပြင်းတွေတိုက်တာကြောင့် သစ်ပင်တွေကျိုးကျတဲ့အတွက် လမ်းတွေလည်းပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကျိုးကျနေတဲ့ သစ်ပင်တွေကို လူမှုကူညီရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဖယ်ရှားဖို့ ကြိုးစားနေကြပါတယ်။

    “ မနက်က လေတော်တော်ပြင်းတယ်ဗျ။ သစ်ပင်တွေကျိုးလို့ အခုဝိုင်းကူပြီးဖယ်နေကြတယ်။ လမ်းတွေလည်း ပိတ်ထားရတယ်။ အခုထိတော့ လမ်းမပွင့်သေးဘူး။ နောက်ထပ်နေရာတွေမှာလည်း သစ်ပင်ကျိုးလို့ ဖယ်ပေးဖို့ အကူညီတွေတောင်းနေကြတယ်။” လို့ သစ်ပင်တွေကို ကူညီဖယ်ပေးနေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်က ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။

    အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ နောက်ထပ် ၂၄ နာရီအတွင်းမှာ မြန်မာနိုင်ငံ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနားကနေ ကုန်းတွင်းကို ဝင်ရောက်နိုင်တဲ့အကြောင်း၊ အဲ့ဒီအရှိန်ကြောင့် ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်နိုင်တဲ့အတွက် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိထားကြဖို့လည်း မိုးဇလက သတိပေးထားပါတယ်။

    မော်လမြိုင်၊ လေပြင်းတိုက်

    ဓာတ်ပုံ ရင်းမြစ်, Htoo Htoo Facebook

    ဓာတ်ပုံ ပုံစာ, မေ 20 ရက် မနက်ပိုင်းမှာ မိုးရွာပြီးလေပြင်းတိုက်တာကြောင့် ကျိုးကျနေတဲ့ သစ်ပင်တွေကို ဖယ်ရှားနေကြပါတယ်
  19. ထီးချိုင့်မြို့နယ် ပေလမ်းရွာက ကိုရင် ၆ ပါး လက်နက်ကြီးထိမှန်၊ ၂ ပါးပျံလွန်, ပြင်လေးပြင်ရွာက အမျိုးသမီးတစ်ဦး သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ထဲကို ဧရာဝတီမြစ်ကြောင်းလမ်းကနေ သင်္ဘောနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ထီးချိုင့်မြို့နယ်ထဲက အင်းရွာကို မီးရှို့ခဲ့ပါတယ်။

    အဲဒီနောက် အင်းရွာနဲ့ကပ်ရပ် ပေလမ်းရွာကို လက်နက်ကြီးနဲ့ပစ်တာကြောင့် ကိုရင် ၆ ပါး ကျည်ထိမှန်ပြီး ၂ ပါးက နေရာမှာတင်ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    “ ရွာကိုမရောက်ခင်မှာ တိုက်ပွဲဖြစ်တယ်။ ရေကြောင်းနဲ့လာတဲ့ စစ်ကောင်စီတွေကို ကင်းစောင့်ပေးတဲ့ တပ်နဲ့ ပကဖတွေ တိုက်ပွဲဖြစ်တာ၊ အဲဒါလည်းပြီးရော ရွာတွေကို တောက်လျှောက်ဝင်တော့တာ။ ကိုရင်တွေက ဆွမ်းစားနေကြတာ၊ ပြေးချိန်မရလိုက်ကြပါဘူး။ ဒဏ်ရာရတဲ့ ကိုရင် ၄ ပါးကလည်း ဒဏ်ရာစိုးရိမ်ရတယ်တဲ့၊ တစ်ပါးက ခြေထောက်ပြတ်သွားတယ်။ ပိတ်မိနေတဲ့သူတွေလည်း ရှိနေတယ်။ ” လို့ ဒေသခံက ပြောပါတယ်။

    ပြင်လေးပြင်ကျေးရွာက အမျိုးသမီး ၂ ယောက်လည်း အင်းရွာကနေ စစ်ကောင်စီတပ်တွေ ပစ်လိုက်တဲ့ လက်နက်ကြီးဒဏ်ကြောင့် ဒဏ်ရာရပြီး တစ်ယောက်က ဆေးရုံပို့တဲ့လမ်းမှာ သေဆုံးသွားတယ်လို့ ပြောပါတယ်။

    မီးရှို့ခံရတဲ့ အင်းရွာမှာလည်း အိမ်ခြေ ၂၅ လုံးမီးလောင်သွားပါတယ်။

    ကသာ၊ ထီးချိုင့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေဟာ ထီးချိုင့်မြို့နယ် ကြက်တစ်ကောင်ရွာနဲ့ သပြေသာကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

    သင်္ဘောသုံးစီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ပေးဖို့ မြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးနေတာကြောင့် မြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေ သတိထားကြဖို့ကိုလည်း ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်ပြီး သတိပေးထားပါတယ်။

    Update:အင်းရွာနဲ့ပေပင်ရွာမှာ လက်နက်ကြီးထိမှန်လို့သေဆုံးသူတချို့ရှိတဲ့အပေါ် စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။

    ထီးချိုင့်မြို့နယ်၊ အင်းကျေးရွာ၊ စစ်ကောင်စီမီးရှို့

    ဓာတ်ပုံ ရင်းမြစ်, ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့ Facebook page

    ဓာတ်ပုံ ပုံစာ, စစ်ကြောင်းထိုးပြီး မီးရှို့ခံရတဲ့အင်းကျေးရွာ
  20. ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ AA မတက်တာ စစ်ကောင်စီတုံ့ပြန်