ရွှေသောင်ယံကမ်းခြေမှာ ရိုဟင်ဂျာရုပ်အလောင်း ၁၄ လောင်း တွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, @nslwin
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံကမ်းခြေမှာ မနေ့ မေလ ၂၂ ရက်မှာ ရိုဟင်ဂျာရုပ် အလောင်း ၁၄ လောင်းအထိ တွေ့ခဲ့ရတယ်ဆိုပြီး ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတွေက ဘီဘီစီကို ပြောပါတယ်။
မနေ့နေ့လည်ပိုင်းအထိ ၁၃ လောင်းတွေ့ပြီး ညနေပိုင်းရောက်မှ အမျိုးသမီးငယ်အလောင်း တစ်လောင်းကို ထပ်တွေ့ခဲ့တာဖြစ်ပါတယ်။
အဲဒီရုပ်အလောင်းတွေကို ရွှေသောင်ယံကမ်းခြေက ဝက်သေနဲ့ ပိုးလောင်းရပ်ကွက်ကမ်းခြေတွေမှာ တွေ့ခဲ့တာလို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
သေဆုံးသူရုပ်အလောင်းတွေဟာ အမျိုးသမီးတွေချည်းပဲဖြစ်ပြီး အသက်အကြီးဆုံး ၄၀ နှစ်ဝန်းကျင်ကနေ အသက် အငယ်ဆုံး ၁၄ နှစ်အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။
‘‘ပင်လယ်ထဲ စက်လှေ ဝမ်းပေါက်ပြီး ဆုံးပါးကြတာလို့ သိရပါတယ်။ အမျိုးသား ၃၅ ဦးကိုလည်း အသက်ရှင်လျက် ကယ်ထားနိုင်ပါတယ်။ အလောင်းတွေကိုတော့ မနေ့ညနေပိုင်းမှာပဲ ပုသိမ်က အစ္စလာမ်ဘာသာရေးဆရာတွေက ဘာသာရေးထုံးတမ်းနဲ့အညီ လာရောက် သင်္ဂြိုဟ်ပေးသွားပါတယ်’’ လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။
အသက်ရှင်လျက်ကယ်ထားနိုင်သူတွေရဲ့ ပြောပြချက်အရဆိုရင် ပျောက်ဆုံးနေသူတွေ ရှိနေသေးတာကြောင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ဆက်ပြီး ရှာဖွေနေတယ်လို့ သိရပါတယ်။
အခုစက်လှေဝမ်းပေါက်တဲ့ ရိုဟင်ဂျာတွေဟာ စစ်တွေမြို့ကနေ စက်လှေနဲ့ ထွက်လာချိန် ဘင်္ဂလားပင်လယ်အော်ထဲ လေပြင်းမုန်တိုင်းမိပြီး စက်လှေ ဝမ်းပေါက်ခဲ့တာလို့ ဒေသခံတွေကပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။



















