အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် လူတစ်ရာကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ဒီရာဇဝတ်မှုတွေကို ပြစ်ဒဏ်ချနိုင်အောင် အင်တိုက်အားတိုက် လုပ်သွားမယ်လို့လည်း ဒီကနေ့ မေလ ၂၅ ရက်မှာထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကျောင်းအပ် မအပ် မိဘတွေ အကျပ်ရိုက်နေ

  2. ဖားကန့်မြို့ အင်တာနက်ဖြတ်တောက်ထားတာ ကိုးလပြည့်ပြီ

    ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းထွက်ရှိရာနေရာဖြစ်တဲ့ ဖားကန့်မြို့ဟာ အင်တာနက် ဖြတ်တောက်ခံထားရတာ မေလ ၂၀ ရက် ဆိုရင် ၉ လ ပြည့်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

    ဒီအင်တာနက်ဖြတ်တောက်ခံထားရတဲ့ကာလအတွင်းလူမှုရေး၊ စီးပွားရေး အဘက်ဘက်က ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    အရင်က လူမှုကွန်ရက်တွေကို တွင်ကျယ်စွာ အသုံးပြုပြီး ကျောက်အရောင်းအဝယ် ပြုလုပ်သူတွေလည်း ရှိခဲ့တဲ့အတွက် အင်တာနက်ဖြတ်တောက်ခံရတာကြောင့် စီးပွားရေးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အခုနှစ်ဧပြီလမှာတော့ မိုင်တဲလ် ဆင်းကတ်ကို အသုံးပြုပြီး အင်တာနက်အသုံးပြုဖို့ ခေတ္တရရှိခဲ့ပေမဲ့ မကြာခင်ပြန်ပိတ်သွားပြီး အခုနောက်ပိုင်းမှာတော့ ဖုန်းဆိုင်တွေမှာပဲ ဝိုင်ဖိုင်ကို တစ်နာရီကို ကျပ် ငါးထောင်နဲ့အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

    ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်က စတင်ပြီး အင်တာနက် ဖြတ်တောက်ထားတဲ့ ကာလအတွင်း မိုင်တဲလ်ဆင်းကတ်ကို တရားဝင် ပြန်သုံးလို့ရတဲ့ ကာလမှာလည်း ဆင်းကတ်ကို ကျပ်ရှစ်ထောင်ကနေ နှစ်သောင်းအထိ ဝယ်သုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက အခက်အခဲကို ပြောပါတယ်။

    ဒါကြောင့်တချို့ဒေသခံတွေကတော့လူမှုကွန်ရက်အသုံးပြုဖို့အတွက်ဝိုင်ဖိုင်ရတဲ့နေရာတွေကိုသွားပြီးအရင်ကတစ်နာရီကိုကျပ်တစ်သောင်းပေးသုံးရာကနေအခုကတော့တစ်နာရီကျပ်ငါးထောင် ပေးသုံးနေတယ်လို့သိရပါတယ်။

    ဖားကန့်

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. နေပြည်တော်မှာထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ KNC ပါတီ ဥက္ကဋ္ဌကို မြစ်ကြီးနားမှာ ရုံးထုတ်ပြန်

    ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ KNC ပါတီက လူတဦးရွေးချယ်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပေမဲ့ ပါတီဥက္ကဋ္ဌ ဒေါက်တာ အမ် ကောန်လက  ငြင်းပယ်ခဲ့ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ KNC ပါတီက လူတဦးရွေးချယ်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပေမဲ့ ပါတီဥက္ကဋ္ဌ ဒေါက်တာ အမ် ကောန်လက ငြင်းပယ်ခဲ့ပါတယ်။

    ကချင်အမျိုးသားကွန်ဂရက်(KNC)ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တရားရုံးမှာ မေလ ၁၈ ရက်နေ့က ရုံးထုတ်ခဲ့ပေမဲ့ တရားခွင်စစ်ဆေးမှုတော့ မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။

    “နောက်ထပ် ရုံးချိန်းကို လာမယ့် မေလ ၂၅ ရက်ကို ပြန်ချိန်းတယ်။ အမှုထပ်တိုးလား ဘာလားဆိုတာ မသိရသေးဘူး။ မြစ်ကြီးနားထောင်တွင်းတရားရုံးမှာမဟုတ်ဘဲ မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တယ်။ အမှု စစ်ဆေးတာတော့ မရှိခဲ့ဘူး’’လို့ ပါတီဘက်က ပြောပါတယ်။

    ပါတီဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က နေပြည်တော်မှာ ၅၀၅-ကနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတာဖြစ်ပြီး မြစ်ကြီးနား မြို့နယ်တရားရုံးမှာ အလားတူပုဒ်မနဲ့ပဲ ထပ်မံအမှုဖွင့်ခံထားရတယ်လို့ ကနဦး သိရှိထားတယ်ဆိုပြီး ပါတီဘက်က အစောပိုင်းကတည်းက ပြောထားပါတယ်။

    ဒါပေမဲ့ အမှုကိုစစ်ဆေးမှု မစသေးတာကြောင့် အဲဒီအမှုနဲ့ ရုံးထုတ်တာလား၊ အမှုထပ်တိုးလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

    ဒေါက်တာ အမ်ကောန်လ ဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လတုန်းက နေပြည်တော်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

  4. စစ်တွေမှာ ဓာတ်လိုက် သေဆုံးသူ ၅ ဦးအထိရှိပြီ

    စစ်တွေမှာ ဓာတ်လိုက်ပြီးသေဆုံးသူ ၅ ဦးအထိရှိပြီ

    ဓာတ်ပုံ ရင်းမြစ်, မေတ္တာရောင်ခြည်

    ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ အခုလအစောပိုင်းကတည်းက ဆိုရင် ဓာတ်လိုက်ပြီးသေဆုံးသူ ၅ ဦးအထိရှိလာတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

    မနေ့ မေလ ၁၈ ရက်တုန်းကလည်း စစ်တွေမြို့၊အုန်းတပင်ရပ်ကွက်မှာ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦး ဓာတ်လိုက်ပြီး သေဆုံးခဲ့ပါတယ်။

    အခုဆို စစ်တွေမှာ မေလ ၁ ရက်ကတည်းကဆိုရင် သီတင်း ၃ ပတ်နီးပါးအတွင်း လျှပ်စစ်မတော်တဆမှုကြောင့် မြို့ပေါ်ရပ်ကွက်အသီးသီးက အမျိုးသား ၅ ဦးဟာ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

    ‘‘အများစုကတော့ ပေါ့ဆမှုကြောင့်အသက်ဆုံးပါကြရတာလို့ပြောလို့ရပါတယ်။ ခေါင်မိုးပေါ်တက် အိမ်ပြင်နေတုန်း ဓာတ်လိုက်တာ၊ မီးပြင်နေချိန် မိန်း မချမိတာမျိုးနဲ့ဆုံးပါးတာ။ တချို့ဆို လျှပ်စီးနေတဲ့ဝါယာကြိုးနဲ့ ဓာတ်လိုက်သူကို လျှပ်မကူးတဲ့တုတ်နဲ့ အရင်ဖယ်ရမယ်တာမျိုး မသိကြတော့ ကျွန်တော်တို့ ရောက်သွားချိန်မှာ အသက်မမီတော့ဘူး။ ဓာတ်အားကလည်း ပြင်းပုံရပါတယ်။ တစ်ခါတလေ မီးအားက ၁၄၀ လောက်အထိ ကျပြီး ၂၅၀ လောက်အထိ တက်တာမျိုးလည်းရှိတယ်’’လို့ မြို့ခံလူမှုကယ်ဆယ်ရေး ပရိဟိတသမားတစ်ဦးက ပြောပါတယ်။

    မြို့ခံ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ လူသေဆုံးတဲ့အထိဖြစ်တဲ့အထိ လျှပ်စစ်မတော်တဆမှုတွေ ပေါ်ပေါက်လာတာကြောင့် လျှပ်စစ်အန္တရာယ်ကို မြို့ခံလူထုသိရှိအောင် ပညာပေး စာစောင် ဖြန့်ဝေတာမျိုး လုပ်ဖို့ စီစဥ်နေတယ်လို့ ပြောကြပါတယ်။

  5. သံအမတ်ကို သံရုံးယာယီတာဝန်ခံအဆင့် လျှော့ချတဲ့ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် လူသစ်သာ စေလွှတ်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေး တုံ့ပြန်

    ရန်ကုန်မြို့က ဗြိတိန်သံရုံးကို မေလ ၁၇ ရက်နေ့က မြင်တွေ့ရတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, PRT

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က ဗြိတိန်သံရုံးကို မေလ ၁၇ ရက်နေ့က မြင်တွေ့ရတာဖြစ်ပါတယ်။

    အမတ်ခန့်အပ်လွှာကို စစ်ကောင်စီထံ ပေးအပ်တာမျိုးလုပ်ဖို့မလိုဘဲ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ပံ့ကူညီတာတွေ ဆက်လုပ်ဖို့ သံအမတ်အဆင့်ကနေ ဗြိတိန်က လျှော့ချပြီး သံရုံးယာယီတာဝန်ခံအဖြစ်သာ တာဝန်ယူဆောင်ရွက်မယ်ဆိုတဲ့အပေါ် စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ခုလိုပြောပါတယ်။

    "ယူကေသံအမတ်အနေနဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ဖို့ ငြင်းဆိုလို့ သူ့နိုင်ငံမှာပဲ ပြန်စောင့်ဖို့ ကျွန်တော်တို့ဘက်က လုပ်ထုံးလုပ်နည်းအရ သူ့နိုင်ငံကပဲ ပြန်စောင့်ဖို့ ပြောခဲ့ပါတယ်။ သံရုံးယာယီတာဝန်ခံအဖြစ် ပြန်စောင့်မယ်လို့ ဆိုပါတယ်။ ဒါကို လက်ခံလို့မရပါဘူး။ ဒီတော့ သံရုံးယာယီတာဝန်ခံဆိုရင်တော့ နောက်အသစ်ကိုပဲ လက်ခံလို့ရတယ်လို့ အကြောင်းပြန်ထားပါတယ်။'' လို့ သူကပြောပါတယ်။

    ''သြစတြေးလျသံအမတ်ကလည်း တာဝန်ကုန်ဆုံးလို့ နောက်ထပ်ခန့်အပ်သူကို သံရုံးယာယီတာဝန်ခံအနေနဲ့ပဲ ထားရှိဖို့ ဆောင်ရွက်ထားတယ်လို့ အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့ကလည်း အပြန်အလှန်တုံ့ပြန်တဲ့အနေနဲ့ သြစတြေးလျကို သံရုံးယာယီတာဝန်ခံအနေနဲ့ပဲထားရှိဖို့ဆောင်ရွက်ထားတာဖြစ်ပါတယ်" လို့ သူက မေ ၁၉ ရက် မွန်းလွဲပိုင်းက ပြုလုပ်တဲ့နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဗြိတိန်သံအမတ်ဟာ သူ့ရဲ့သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီကို မပေးအပ်ဘဲ ပြည်ပကို ထွက်ခွာလာမှုရှိပြီး ပြည်တွင်းကို ပြန်လည်ဝင်ရောက်တဲ့အခါ သံရုံးယာယီတာဝန်ခံအဖြစ် ပြန်ဝင်ဖို့လုပ်တာဖြစ်တယ်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    "အခုတော့ သူက ထိုင်းကနေ အင်္ဂလန်ကိုပြန်သွားပြီလို့ တခြားသောသတင်းတွေအရသိရတယ်။ ခုထိ ကျွန်တော်တို့နိုင်ငံမှာ သံရုံးတစ်ရံးမှ ပြန်ရုပ်သိမ်းသွားတာမရှိပါဘူး။ သံရုံးတွေအနေနဲ့ သံတမန်လျှော့ချချ မလျှော့ချချ ဒီကိစ္စသည် သူတို့နိုင်ငံတွေရဲ့သေဘာထားပဲဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နိုင်ငံခြားရေးမူဝါဒအရ ဆောင်ရွက်သွားမယ်။ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုပြီး တုံပြန်သင့်တာတုံ့ပြန်မယ်"လို့သူကပြောပါတယ်။

    စစ်ကောင်စီကို သံအမတ် ခန့်အပ်လွှာပေးအပ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့တရား၀င်မှု မဖြစ်အောင် သံရုံးတချို့က ခုလိုသံရုံးယာယီတာ၀န်ခံအဆင့်လျှော့ချဖို့ ကြိုးပမ်းလာတာဖြစ်ပြီး ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရသူပြောကြားချက်အရတော့ အဲဒီလို အဆင့်လျှော့ချမှုကို လက်ခံပြီး သံဆက်ဆံရေးကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်တယ်လို့နားလည်ရပါတယ်။

  6. စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ပြည်ပထွက်ခွာခွင့်မပြုဘူး ဆိုတဲ့သတင်းတွေကို စစ်ကောင်စီ ငြင်းဆို

    ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ပြည်ပကိုထွက်ခွာခွင့်မပြုဘူး၊ တချို့ကို ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    စစ်ကောင်စီအနေနဲ့ ဘဏ်လုပ်ငန်းအပါအဝင် စီးပွားရေးကဏ္ဍမှာ စည်းစနစ်တကျပြုလုပ်ဖို့၊ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ဆောင်ရွက်တာတွေ မရှိစေဘဲ လမ်းမှန်ပေါ်ရောက်အောင် ပြန်လည်ဆောင်ရွက်ရတာဖြစ်ပြီး အဲဒီအတွက် ခေါ်ယူတွေ့ဆုံမှုတွေအပေါ်မူတည်ကာ ကောလာဟလတွေ ထွက်ရှိလာတာဖြစ်တယ်လို့ သူက ဒီနေ့ မေ ၁၉ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာပါ။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေနဲ့ ၄င်းရဲ့ သားဖြစ်သူ ဦးဇေသီဟတို့ကို စစ်တပ်ပိုင်မြေကွက်တွေ ငှားရမ်းခမပေးသွင်းတာအပါအ၀င် စာချုပ်စည်းကမ်းတွေဖောက်ဖျက်မှုတွေ၊ တစ်ခါ ခွင့်ပြုချက်မရှိဘဲ ရှေးဟောင်းအဆောက်အဦ ဖြိုဖျက်တာ ပြုပြင်ငှားရမ်းတယ်ဆိုပြီး ပုဒ်မတွေတပ်ကာ ဖမ်းဆီးခဲ့ပါတယ်။

    အဲဒီနောက် နောက်ထပ်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဦးချစ်ခိုင်ကို ပြည်ပခရီးစဥ်ကနေ ရန်ကုန်လေဆိပ်ကိုအရောက်မှာ ဖမ်းဆီးခဲ့ပြီး တီကျစ်ကျောက်မီးသွေးစက်ရုံ ကိစ္စနဲ့ပတ်သက်ပြီး NLD အစိုးရ၀န်ကြီးတချို့နဲ့အတူ အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ထားပါတယ်။ ဦးချစ်ခိုင် အပြင် ၄င်းရဲ့သားဖြစ်သူကိုပါဖမ်းဆီးထားတာဖြစ်ပါတယ်။

    အဲဒီနောက် ဒီ မေလ လယ်မှာ ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကို၀င်းရဲ့ သမီးဖြစ်သူကို ရန်ကုန်လေဆိပ်မှာ လုံခြုံရေးတပ်ဖွဲ့၀င်တချို့က ခေါ်ယူစစ်ဆေးခဲ့ပြီး အပြန်လေယာဥ်လက်မှတ်မပါ၀င်တာ၊ ဖြည့်သွင်းရမယ့်စာရွက်စာတမ်းတချို့ အပြည့်အစုံမဖြည့်သွင်းတာကြောင့် ခေါ်ယူစစ်ဆေးခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်မှာပျံံ့နှံံ့လာတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

    General Zaw Min Tun,Army Pressers, May 19

    ဓာတ်ပုံ ရင်းမြစ်, MRTV

  7. စစ်ကောင်စီဥက္ကဋ္ဌ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မနက်ဖြန် စတင်မယ်

    သက်ဆိုင်ရာအဖွဲ့တွေကို စစ်ခေါင်းဆောင်ကိုယ်တိုင်တွေ့မယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သက်ဆိုင်ရာအဖွဲ့တွေကို စစ်ခေါင်းဆောင်ကိုယ်တိုင်တွေ့မယ်

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်တွေ့ဆုံမယ်ဆိုပြီး ကမ်းလှမ်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို မနက်ဖြန် မေလ ၂၀ ရက်မှာ စတင်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောလာပါတယ်။

    လက်ရှိမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အကြောင်းပြန်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့အထိ ရှိပြီး အဲဒီအဖွဲ့တွေကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တစ်ဖွဲ့ချင်းတွေ့ သွားမယ်ဆိုပြီး ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ မေလ ၁၉ ရက်နေ့လယ် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာဖြစ်ပါတယ်။

    ဆွေးနွေးပွဲတက်မယ်လို့ အကြောင်းကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲက ၃ ဖွဲ့ကသာ ဥက္ကဋ္ဌနဲ့ခေါင်းဆောင်တွေကိုယ်တိုင်တက်မှာဖြစ်ပေမဲ့ ကျန်အဖွဲ့တွေကတော့ အကြောင်းကြောင်းကြောင့် ဒုဥက္ကဋ္ဌနဲ့တွဲဖက်အတွင်းရေးမှူးတွေ တက်ရောက်မယ်လို့ သူက ပြောပါတယ်။

    ဒါပေမဲ့ အဲဒီဒုတိယဥက္ကဋ္ဌနဲ့ တွဲဖက်အတွင်းရေးမှုးတွေဟာ သက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်တွေရဲ့ကိုယ်စား အဆုံးအဖြတ်ပြုနိုင်သူတွေဆိုပြီး အဖွဲ့အသီးအသီးက အကြောင်းကြားထားတယ်လို့လည်း သူက ပြောပါတယ်။

    စစ်ကောင်စီရဲ့ဆွေးနွေးပွဲတက်မယ်ဆိုပြီး အကြောင်းကြားထားတဲ့အဖွဲ့တွေဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးတားတဲ့ ၁၀ ဖွဲ့ထဲက ၇ ဖွဲ့နဲ့ လက်မှတ်မထိုးထားတဲ့ ၃ ဖွဲ့ဖြစ်ပါတယ်။

    ဆွေးနွေးပွဲတက်မယ့် အန်စီအေ လက်မှတ်ထိုးအဖွဲ့တွေဟာ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားဒီမိုရေစီအကျိုးပြုတပ် (DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ဖြစ်ပါတယ်။

    အစည်းအဝေးတက်ဖို့ရှိပြီး စစ်တပ်နဲ့အပစ်ရပ်လက်မှတ်မထိုးထားတဲ့ နောက် ၃ ဖွဲ့ကတော့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)၊ မိုင်းလားအဖွဲ့ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ဖြစ်ပါတယ်။

  8. လာမယ့် ၄ ရက်အတွင်း လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလပြော

    အခုလအစောပိုင်းတုန်းက မအူပင်မြို့မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ‌စျေးဆိုင်နဲ့အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, KAK

    ဓာတ်ပုံ ပုံစာ, အခုလအစောပိုင်းတုန်းက မအူပင်မြို့မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ‌စျေးဆိုင်နဲ့အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပါတယ်။

    မြန်မာနိုင်ငံအတွင်းက ပြည်နယ်နဲ့တိုင်းအချို့မှာ ဒီကနေ့ မေလေ ၁၉ ရက်ကနေ လာမယ့် ၄ ရက်အတွင်း လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီလက်အောက်က မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းလာနိုင်တာကြောင့်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နဲ့ မွန်စတဲ့ပြည်နယ်နဲ့တိုင်းတို့မှာ နေရာစိပ်စပ်ကနေ နေရာအနှံ့ မိုးထစ်ချုံးရွာနိုင်ပြီး မိုးကြီးတာနဲ့ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

    မိုးသက်လေပြင်းကျနိုင်တာကြောင့်လည်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၉ ပေကနေ ၁၃ ပေအထိ မြင့်တဲ့ လှိုင်းတွေပေါ်လာနိုင်သလို ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၈ ပေကနေ ၁၀ ပေအထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။

    မုတ်သုံလေအားအလွန်ကောင်းလာနိုင်တာကြောင့် မိုးသည်းတာနဲ့အတူ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီး မြေပြိုနိုင်တဲ့အန္တရာယ်တွေလည်း ပေါ်လာနိုင်တာကြောင့် ကုန်းမြင့်မှာနေထိုင်သူတွေအနေနဲ့ မြေပြို မှု အန္တရာယ်၊ မြစ်ချောင်းအနီးမှာနေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှု အန္တရာယ်ကို သတိရှိဖို့လည်း အသိပေးထားပါတယ်။

  9. သေ့ဘောဘိုး စစ်ကောင်စီ စခန်းကနေ လက်နက်အများအပြားသိမ်းဆည်းရမိတယ်လို့ KNLA ပြော

    သေ့ဘောဘိုး စစ်ကောင်စီ စခန်းကနေ လက်နက်အများအပြားသိမ်းဆည်းရမိတယ်လို့ KNLA

    ဓာတ်ပုံ ရင်းမြစ်, KNLA/Cobra Column

    ကရင်ပြည်နယ်၊ မြ၀တီ မြို့တောင်ဘက် လေးကေကော်-ဝေါလေ လမ်းပိုင်းရှိ သေ့ဘောဘိုး ကျေးရွာ အနီး သေဘောဘိုး စစ်ကောင်စီ စစ်စခန်းကို မေလ ၁၇ ရက် ညကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/KNDO ပူးပေါင်းတပ်တွေနဲ့ ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလ ၁၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက် ရရှိခဲ့ပါတယ်။

    စခန်းသိမ်းပြီးနောက်စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာတချို့ရှိတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီစခန်းကနေ လက်နက် အများ အပြား သိမ်းဆည်းရမိတယ်လို့လည်း အဲဒီသတင်းရင်းမြစ်တွေကပြောပါတယ်။

    "သေ့ဘောဘိုး စစ်ကောင်စီ စခန်းသိမ်းပိုက်တဲ့ အခြေအနေကတော့ လက်နက်တွေ နဲ့ စစ်ကောင်စီ တပ်ဖွဲ့၀င်တွေ ၆ ဦး အရှင် ဖမ်းမိတယ်။ စိစစ်ဆဲ ၊ စာရင်းပြုစုဆဲ အခြေအနေပါပဲ။ တာ၀န်ရှိသူတွေက စစ်ကောင်စီ ဘက်က ကျဆုံး အလောင်းတွေ နဲ့ ထွက်ပြေးနေသူတွေကို နယ်မြေ ရှင်းလင်းရေး ဆက်လုပ်နေပါတယ်။ မနေ့က စခန်းသိမ်းတိုက်ပွဲမှာ KNLA ပူးပေါင်းအဖွဲ့ က နှစ်ယောက်ကျဆုံး၊ သုံးယောက် ဒဏ်ရာရတယ်။ ဒီမနက် ၂ နာရီ ကျော် မှာ လေယာဉ် နှစ်ကြိမ် လာပစ်တာမှာ သုံးယောက် ဒဏ်ရာ ထပ်ရတယ်။ အဲဒီဒဏ်ရာရတဲ့ သူတွေထဲမှာ တစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ဆေးကုသမှုပေးနေပါတယ်။ KNLA/Cobra Column ကော်ဘရာ စစ်ကြောင်း မှူး ဗိုလ်ဒါဘော လက်ထိခိုက်ဒဏ်ရာ အနည်းငယ် ရတာ လည်း အခြေအနေ ကောင်းပါတယ်" လို့ KNLA စစ်ရေး နယ်မြေ သတင်းအရင်းအမြစ်က ပြောပါတယ်။

    KNU တပ်မဟာ၆ နယ်မြေ အတွင်း လေးကေ့ကော်၊ သေ့ဘောဘိုး၊ ဝေါလေ၊ ဥုကရိထ၊ ကနဲလေး၊စခန်းသစ်၊ မော်ခီးနဲ့ စုကလိ့ ဘက်မှာ စစ်ကောင်စီ စစ်ခန်း ၁၀ ခု ထက်မနည်း ရှိနေသေးပြီး ဒေသတွင်း KNLA/KNDO တပ်များနဲ့ နှစ်ဖက် စစ်ရေး တင်းမာ နေပါတယ်။

    ဒါကြောင့် ဒေသတွင်း ကျေးရွာတွေက ဒေသခံ ခုနစ်သောင်းကျော်မှာ ထိုင်းမြန်မာ နယ်စပ် အုန်းဖျန်၊ ဖုဖရ၊ မဲ့ကိုကင်း၊ မော်လီချိုင်း၊ ကော့မနောင်း စတဲ့ ထိုင်းမြန်မာ နယ်စပ် သောင်ရင်းမြစ် ဘေး တစ်လျှောက် ယာယီ စစ်ဘေးရှောင် ခိုလှုံ နေကြရပါတယ်။

  10. ဝါရင့်နိုင်ငံရေးသမားကြီး၊ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေ ရဲ့ နာရေးကို မနက်ဖြန် ပြုလုပ်မယ်

    ၀ါရင့်နိုင်ငံရေးသမားကြီး၊ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေ ရဲ့ နာရေးကို မနက်ဖြန် ပြုလုပ်မယ်

    ဓာတ်ပုံ ရင်းမြစ်, DPM

    ဓာတ်ပုံ ပုံစာ, ဦးသုဝေဟာ သတင်းစာဆရာတစ်ဦးအဖြစ်လည်း လုပ်ကိုင်ဖူးသူဖြစ်ပါတယ်။

    မြန်မာပြည်တွင်းမှာ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေ ရဲ့စျာပနကို ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ကြည်ချောင်သုသာန်မှာ မနက်ဖြန် မေလ ၂ဝ ရက်မှာပြုလုပ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

    ဦးသုဝေဟာ ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်က နေအိမ်မှာ မနေ့ မေလ ၁၈ ရက်မှာ လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

    သူဟာ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌအပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

    ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးကိုပါ အားစိုက်ခဲ့သူနိုင်ငံရေးသမားတစ်ဦးဖြစ်တယ်လို့ သူ့ရဲ့နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက မှတ်ချက်ပြုပါတယ်။

    ကျောင်းသားဘဝတည်းက နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ဦးသုဝေဟာ လွတ်လပ်ရေးရပြီးကာစ ဖဆပလ ခေတ်မှာ ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်းရဲ့အတွင်းရေးမှူးလုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

    သူဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှာပါဝင်ခဲ့ပြီးတဲ့နောက် စစ်တပ်က သူ့ကို နိုင်ငံရေးအမှုနဲ့ ထောင် ၁၀ နှစ်ကျော်ချခဲ့ပါတယ်။

    ထောင်က ပြန်ထွက်လာခဲ့ပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ ဒုဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေရဲ့သမီး ဒေါ်နေရီဗဆွေတို့နဲ့အတူ ဒီမိုကရက်တစ်ပါတီကို ထူထောင်ခဲ့သူဖြစ်ပါတယ်။

  11. လက်ကိုင်ဖုန်း ဟန်းဆက်တွေရဲ့ IMEI နံပါတ်တွေကို မှတ်ပုံတင်ခိုင်းဖို့ စစ်ကောင်စီက စီစဉ်

  12. မြောက်ဦးမှာ စစ်ကောင်စီတပ်စခန်းတစ်ခုက ပစ်ခတ်သံတွေ ထွက်ပေါ်

    ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒီကနေ့ ည ၉ နာရီလောက်မှာ ပစ်ခတ်သံတွေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

    အဲ့ဒီပစ်ခတ်မှုဟာ စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်တဲ့ ခလရ ၃၇၈ တပ်ရင်းရဲ့ တပ်စခန်းနေရာတစ်ခုဖြစ်တဲ့ ဘောင်းဒွပ်တောင်တန်းပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီအနီးဝန်းကျင်မှာနေထိုင်သူတွေက ပြောဆိုကြပါတယ်။

    မြောက်ဦးမြို့ရဲ့အခြေအနေဟာ တည်ငြိမ်နေတဲ့အခြေအနေရှိနေသလို နှစ်ဖက်တပ်တွေအကြား တစ်စုံတစ်ရာ ထိတွေ့မှုတွေလည်းမရှိတဲ့အချိန်မှာ စစ်ကောင်စီတပ်ကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

    “မြောက်ဦးမှာက ထူးထူးခြားခြားအခြေအနေတော့မရှိဘူး။ ဒါပေမယ့် အခုညမှာ ၃၇၈ ဘက်ကနေ ပစ်သံတွေကြား လိုက်ရတယ်။ လက်နက်ကြီးတော့မဟုတ်ဘူး။ စက်သေနတ်တွေပစ်တဲ့အသံပါ။ အတွဲလိုက်ပစ်ခတ်ခံ ကြားလိုက်ရတယ်။ နှစ်ခေါက်တောင်ပစ်တယ်။ ဘာကြောင့်ပစ်လဲတော့မသိဘူး”လို့ မြောက်ဦးမြို့ခံ တစ်ဦးက ပြောပါတယ်။

    ပစ်ခတ်တဲ့နေရာဟာ မြောက်ဦးမြို့ အောင်ဒတ်သင်္ဘောဆိပ်ရဲ့ တောင်ဘက် တစ်မိုင်ဝန်းကျင်အကွာမှာရှိပြီး အဲ့ဒီမှာ စစ်ကောင်စီတပ်ရင်း ခလရ ၃၇၇ နဲ့ ၃၇၈ တို့တည်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အခုလို ပစ်ခတ်သံတွေရုတ်တရက် ထွက်ပေါ်လာခဲ့တာကြောင့် မြို့ပေါ်မှာသွားလာလှုပ်ရှားမှုတွေ နည်းပါးသွားခဲ့ပြီး စိုးရိမ်မှုတချို့ရှိနေကြတယ်လို့သိရပါတယ်။

    ဒါ့အပြင် ဒီကနေ့မှာလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမကျေးရွာက ULA ကျေးရွာတာဝန်ခံတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်နေပြီး မေလ ၁၆ ရက်နေ့ကလည်း ရသေ့တောင်မြို့က စစ်ဘေးရှောင်လူငယ်သုံးဦးတို့ကို ရသေ့တောင် - ပုဏ္ဏားကျွန်းလမ်းပိုင်း ပေါက်တောပြင်စခန်းကနေ ဖမ်းဆီးထားတယ်လို့ မိသားစုတွေက ပြောဆိုကြပါတယ်။

    ရခိုင်ပြည်နယ်အတွင်း အေအေရဲ့လုပ်ငန်းစဉ်တွေကို စစ်ကောင်စီတပ်တွေက အဟန့်အတားတွေပြုလုပ်နေတဲ့အတွက် နှစ်ဖက်တပ်တွေအကြားတင်းမာမှုတွေ မြင့်တက်လာနေတာကြောင့် အချိန်မရွေးတိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်လို့ အေအေဘက်က ဒေသခံတွေကို သတိပေးထားပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်သွာမယ်လို့ ဖိတ်ခေါ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း အခုလိုအခြေအနေတွေဖြစ်ပွားလာနေတာဖြစ်ပါတယ်။

    မြောက်ဦး

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. အိမ်ပြန်ဖို့ သိန်း ၃၀ ကျော်သုံးပြီး အဖမ်းခံကြမယ့် မြန်မာလုပ်သားများ

  14. စစ်ကောင်စီရဲ့သေ့ဘောဘိုးစခန်းကို သိမ်းလိုက်ပြီလို့ KNLA/KNDO ပူးပေါင်းတပ်နဲ့ နီးစပ်သူတွေပြော

    စစ်ကောင်စီရဲ့သေ့ဘောဘိုးစခန်းကို သိမ်းလိုက်ပြီလို့ KNLA/KNDO ပူးပေါင်းတပ်နဲ့ နီးစပ်သူတွေပြော

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ KNLA/KNDO ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မေလ ၁၈ ရက် ညနေပိုင်းမှာ သိမ်းလိုက်ပြီဆိုပြီး မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

    ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်ဒေသအနီး ဝန်းကျင်မှာရှိတဲ့ သေ့ဘောဘိုးနဲ့ ဘလယ်ဒိုရွာအနီးက အဲဒီစစ်ကောင်စီစခန်းမှာ စစ်တပ်နဲ့ KNLA /KNDO ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်နေတာ မနေ့ မေလ ၁၇ ရက်ညပိုင်း ၁၀ နာရီလောက်ကတည်းက ဖြစ်ပါတယ်။

    ဒီနေ့ နေ့လယ်မှာ လေယာဥ်နဲ့လာရောက်ပစ်ခတ်တဲ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို မသိရသေးပါဘူး။

  15. ဖယ်ခုံမှာတိုက်ပွဲပြင်းထန်နေဆဲ ဒေသခံရာချီမြို့ပေါ်စစ်ရှောင်လာ, ဒီးမော့ဆိုမှာလည်း တိုက်ပွဲတွေဆက်ရှိနေ

    kndf ဖယ်ခုံ

    ဓာတ်ပုံ ရင်းမြစ်, kndf ဖယ်ခုံ

    ဓာတ်ပုံ ပုံစာ, မေလ ၁၅ရက်ကစပြီး စတင်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဖယ်ခုံအရှေ့ဘက်ကမ်း၊ ဆောင်းနန်းခဲရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့မြင်ကွင်း

    ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ်၊ အရှေ့ဘက်ကမ်း‌က ဆီးမီးလော့ကျေးရွာဘက်မှာ ဒီကနေ့ မေလ ၁၈ရက်၊ မနက် ၇ နာရီကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    အရှေ့ဘက်ကမ်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ၄၂၂တပ်ရင်းနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B03 တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး နေ့လယ် ၁နာရီအထိ အပြန်အလှန်ပစ်ခတ်နေကြဆဲလို့ KNDF ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    တိုက်ပွဲအတွင်း လွိုင်ကော်အမြှောက်တပ်နဲ့ ၄၂၂တပ်ရင်းထဲကနေလည်း လက်နက်ကြီးအဆက်မပြတ်ပစ်ကူနေတယ်လို့ဆိုပါတယ်။

    "ဖယ်ခုံမြို့ပေါ်ကတပ်ကလည်း နာရီဝက်တခါကို ဆက်တိုက်ထုနေတာ အခုညနေ ၄နာရီကျော်တဲ့အထိပဲ။ အရှေ့ဘက်ကမ်းရွာတွေက ဒေသခံတွေလည်း မြို့ပေါ်ရပ်ကွက်တိုင်းကိုရောက်လာကြပြီ။ ဒီနေ့တင် ရာချီထပ်ရောက်လာကြပြီ၊ အတိအကျကိုစာရင်းကောက်မနိုင်သေးဘူး၊ ခန့်မှန်းတော့ ၆၀၀ ဝန်းကျင်ပဲ" လို့ ဖယ်ခုံမြို့ပေါ်နေပြည်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ ဆီးမီးလော့ရွာတိုက်ပွဲအတွင်း KNDF B 03 တပ်ခွဲ (၄)က ရဲဘော်တစ်ဦး သေဆုံးခဲ့ပြီး မစိုးရိမ်ရဒဏ်ရာတစ်ဦးရတယ်လို့ဆိုပါတယ်။

    ဒါ့အပြင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်း ဒေါ့ငါးခါးကျေးရွာဘက်မှာ မနေ့ မေလ ၁၇ရက်တုန်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက နေအိမ်တွေပေါ်စခန်းချနေတဲ့ စစ်ကောင်စီတပ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို မြို့မစျေးနဲ့ ကုန်းသာကျေးရွာတွေမှာပါ တိုက်ပွဲရှိခဲ့ပြီး တနေ့ထဲ နေရာသုံးနေရာမှာ ဖြစ်ပွားခဲ့တာပါ။

  16. မြေမြှုပ်မိုင်းကြောင့် ၂ ပတ်အတွင်း ထိခိုက်သေဆုံးသူ ၄ ဦးအထိရှိ

    ပြီးခဲ့တဲ့မေလ ၁၅ ရက်နေ့တုန်းကလည်း မင်းပြားမြို့နယ်ထဲက ပန်းပြားတိုက်နယ်ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီးသေဆုံးခဲ့ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, စောမိုးကျေ်

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့မေလ ၁၅ ရက်နေ့တုန်းကလည်း မင်းပြားမြို့နယ်ထဲက ပန်းပြားတိုက်နယ်ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီးသေဆုံးခဲ့ပါတယ်။

    မြန်မာနိုင်ငံတဝှန်းမှာ ပြီးခဲ့တဲ့သီတင်း ၂ ပတ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေဆုံးတဲ့ အရပ်သား ၄ ဦးအထိရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNOCHA)က ဒီနေ့ မေလ ၁၈ ရက်မှာ ပြောလာပါတယ်။

    သီတင်းနှစ်ပတ်အတွင်း ရခိုင်ပြည်နယ်ထဲက အမ်းမြို့နယ်နဲ့ မင်းပြားမြို့နယ်တို့မှာ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသား ၂ ဦးသေဆုံးခဲ့သလို ရှမ်းမြောက်၊ ကျောက်မဲနဲ့ နမ္မတူမြို့နယ်တို့မှာ မြေမြှုပ်မိုင်းနင်းမိလို့ အသက် ၁၃ နှစ်နဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

    အခုနှစ် ပထမသုံးလပတ်အတွင်းမှာပဲ နိုင်ငံတဝှန်းမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူ စုစုပေါင်း ၁၀၀ ဦးအထိပြီး အဲဒီထဲက ၃၇ ဦး ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ကုလကလေးသူငယ်ကူညီကယ်ဆယ်ရေးအဖွဲ့(ယူနီဆက်ဖ်)က ပြောထားပါတယ်။

    တစ်ချိန်တည်းမှာပဲ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့စစ်လက်နက်အကြွင်းအကျန်တွေဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေကအရပ်သားတွေရဲ့အသက်နဲ့ ဘဝလုံခြုံမှုတွေကို ဆက်လက်ခြိမ်းခြောက်နေ တယ်လို့ဆိုပါတယ်။

  17. မြဝတီမြို့နယ်ထဲက စစ်ကောင်စီစခန်းအနီး တိုက်ပွဲတွေဆက်ဖြစ်နေ, လေကြောင်းတိုက်ခိုက်တာတွေပါရှိလာ

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက သေ့ဘောဘိုး စစ်ကောင်စီစခန်းနားမှာ ဒီကနေ့မနက်ပိုင်းအထိ ဆက်တိုက်တိုက်ပွဲတွေဖြစ်နေပြီး အခု နေ့လည် ၁၂နာရီကျော်မှာ တိုက်လေယာဥ် ၁ စင်းနဲ့ လေကြောင်း ကနေ စတင်ပစ်ခတ်တာတွေလုပ်နေပြီလို့ မြေပြင်အခြေအနေသိရှိသူတွေထံကသိရပါတယ်။

    တိုက်လေယာဥ်နဲ့ ပစ်ခတ်တာအပြင် ရဟတ်ယာဥ်၊ ဒရုန်းစတာတွေနဲ့ပါ တိုက်ပွဲဖြစ်ရာတလျှောက် လိုက်လံ ကင်းထောက်တာတွေကို စစ်ကောင်စီက ဒီကနေ့မှာ ဆက်တိုက်လုပ်နေတယ်လို့လည်း အဲဒီဘက်က ဒေသခံ တွေထံကသိရပါတယ်။

    အခုတိုက်ပွဲတွေက မေလ ၁၇ရက်နေ့ ည ၁၀နာရီလောက်ကစပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ လေးကေကော်ဒေသအနီး ဝန်းကျင်မှာရှိတဲ့ သေ့ဘောဘိုးနဲ့ ဘလယ်ဒိုရွာအနီးက စစ်ကောင်စီစခန်းမှာ စစ်တပ်နဲ့ KNLA /KNDO ပူးပေါင်း တပ်တွေအကြား ဖြစ်နေတာပါ။

    “ဒီနေ့ မနက် ၉နာရီ လောက်မှာ ပြန်စပစ်နေပြန်ပြီ၊ သူတို့ (စစ်တပ်) က ဒီရက်ထဲစစ်အင်အား ဆက်တိုးလာ တာတွေ ရှိနေတုန်းဘဲ၊ အခု ၁၂ နာရီကျော်မှာ ရဟတ်ယာဉ် ၂စီး နဲ့ ပစ်လည်းပစ်တယ် ဗုံးသီးလည်းကျဲချ တယ်၊ အခု ဝေါလေဘက် က KNDO အဖွဲ့ တွေပါ ပူးပေါင်းပြီး သေ့ဘောဘိုး စစ်ကောင်စီ စခန်းသိမ်း တိုက်ပွဲဆက်ပစ်နေတယ်” လို့ မြေပြင်သိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီဘက်က ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေး‌နွေးပွဲကို KNU ဘက်ကမတက်ဖို့ အတိအလင်းပြော ပြီးနောက်ပိုင်းမှာ KNU နယ်မြေတွေရဲ့ တပ်မဟာ ၆ အပါအဝင် နေရာအများအပြားမှာ စစ်အင်အားဖြည့်တင်း မှုတွေရှိသလို၊ စစ်ကောင်စီစခန်းတွေနဲ့ နီးစပ်ရာကျေးရွာတွေဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ ဒေသခံဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဖြစ်လာတယ်လို့ မြေပြင်သိရှိသူတွေနဲ့ တပ်မဟာ ၆နယ်မြေအတွင်း ဒေသခံတွေထံကသိရပါတယ်။

    ယခု ရက်ပိုင်းများအတွင်း KNU ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက် သည့် ထုတ်ပြန်ချက် ထွက်ပေါ် လာပြီးသည့်နောက်ပိုင်း စစ်ကောင်စီ ဘက်မှ KNU တပ်မဟာ နယ်မြေ များဘက် စစ်ရေး အရှိန်မြှင့် တိုက်ခိုက် လိုသည့် စစ်အင်အားဖြည့်တင်မှု့ များ၊ ကျေးရွာ များဘက် လက်နက်ကြီးပစ်ခတ်မှု့ များ၊ ဒေသခံ များအား ပေါ်တာဖမ်းဆီးခြင်းနှင့် စစ်ဘေးရှောင်နေသူ ဒေသခံ လူနေအိမ်အသုံးအဆောင်များအား ဖောက်ထွင်းယူဆောင် မှု့ များ ဆက်တိုက် ဖြစ်ပွား နေပြီး

    အခုလပိုင်းအတွင်းမှာဘဲ တပ်မဟာ ၆ ဒေါန အရှေ့ခြမ်း မြ၀တီ-ဝေါလေ လမ်းပိုင်းကကျေးရွာတွေ၊ ဒေါန အနောက်ခြမ်း ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ ၊တောင်ကြာအင်းလမ်ပိုင်းဒေသက ကျေးရွာတွေ အပါအ၀င် ကျေးရွာပေါင်း ၃၀ ၀န်းကျင်မှာ စစ်ဘေးရှောင်နေရသူ သုံးသောင်းနီးပါး ရှိလာပါတယ်။

    အဲဒီစစ်ဘေးတိမ်းရှောင်နေရသူတွေမှာလည်း လက်ရှိ စားဝတ်နေရေး၊ နေရာထိုင်ခင်းအမိုးအကာ၊ ဆေးဝါး စတဲ့အထောက်အပံ့ပစ္စည်းတွေရရှိဖို့ အခက်အခဲတွေရှိနေတယ်လို့ ဆိုကြပါတယ်။

    တိုက်လေယာဥ်နဲ့ ပစ်ခတ်တာအပြင် ရဟတ်ယာဥ်၊ ဒရုန်းစတာတွေနဲ့ပါ တိုက်ပွဲဖြစ်ရာတလျှောက် လိုက်လံ ကင်းထောက်တာတွေကို စစ်ကောင်စီက ဒီကနေ့မှာ ဆက်တိုက်လုပ်နေတယ်

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - CJ

    ဓာတ်ပုံ ပုံစာ, တိုက်လေယာဥ်နဲ့ ပစ်ခတ်တာအပြင် ရဟတ်ယာဥ်၊ ဒရုန်းစတာတွေနဲ့ပါ တိုက်ပွဲဖြစ်ရာတလျှောက် လိုက်လံ ကင်းထောက်တာတွေကို စစ်ကောင်စီက ဒီကနေ့မှာ ဆက်တိုက်လုပ်နေတယ်
  18. (မြန်မာ) အာဏာရှင်အဖွဲ့အစည်းဟာ အာဆီယံနဲ့အကျိုးဖြစ်ထွန်းမှုရှိတဲ့ထိတွေ့ဆက်ဆံမှုလုပ်ဖို့ ဆန္ဒမရှိဘူးလို့ အမေရိကန်ပြော

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒပြကြသူများ.

    (မြန်မာ) အာဏာရှင်အဖွဲ့အစည်းဟာ အာဆီယံဘုံသဘောတူညီချက် ငါးချက်အပေါ်မှာ ဘာတစ်ခုမှတိုးတက်ပြောင်းလဲအောင်မဆောက်ရွက်ခဲ့သလို အာဆီယံနဲ့အကျိုးဖြစ်ထွန်းမှုရှိတဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့လည်း ဆန္ဒရှိနေပုံမရဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဗိုက်ဒါ (Thomas Vajda) ကပြောတယ်လို့ သံရုံးဘက်က ဒီကနေ့ မေ ၁၈ ရက်မနက်ပိုင်းမှာ ဗီဒီယိုသတင်းထုတ်ပြန်လာပါတယ်။

    "အမေရိကန်အနေနဲ့ အာဆီယံနဲ့အတူဆက်ရပ်တည်သွားမှာဖြစ်ပြီး အာဏာရှင်တွေအနေနဲ့ အကြမ်းဖက်မှုတွေကိုရပ်ရမယ်၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးရမယ်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးပို့တာကို ခွင့်ပြုရမယ်၊ နိုင်ငံကိုလည်းအားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ပို့‌ဆောင်ပေးရမယ်လို့ သိမြင်လာတဲ့အထိ ကြိုးပမ်းအားထုတ်မှုတွေမှာ အာဆီယံနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်" လို့ သံအမတ်ကြီး ဗိုက်ဒါက ပြောခဲ့ပါတယ်။

    Generation Z လို့ခေါ်တဲ့ မြန်မာ့လူငယ်တွေဟာ ပြန်ရဖို့လှုပ်ရှားမှုကြီးတစ်ခုလုံးရဲ့ အဓိကကျောရိုးလို့ ဆိုပြီး အရှေ့တောင်အာရှနိုင်ငံက လူငယ်တွေနဲ့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆက်ကာ အားပေးထောက်ခံတာတွေနဲ့ စစ်အာဏာရှင်အဖွဲ့ကိုဖိအားပေးဖို့ သူတို့ရဲ့သက်ဆိုင်ရာအစိုးရတွေကို ပြတ်ပြတ်သားသားတောင်းဆိုတာတွေဆက်လုပ်နိုင်ပြီး ဒါဟာလက်ရှိအခြေအနေကို မြန်မြန်ဆန်ဆန်အဖြေတစ်ခုထွက်လာဖို့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

    ဒီမိုကရေစီပြန်လည်ရရှိဖို့နဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အမေရိကန်အနေနဲ့ အားပေးထောက်ခံနေသလို အာဆီယံနဲ့ ကုလသမဂ္ဂမှာ အာဏာရှင်အဖွဲ့ကို ဘယ်လိုတရားဝင်အသိအမှတ်ပြုမှုမျိုးခွင့်မပြုဖို့ ကြိုးစားအားထုတ်နေတယ်လို့ ထည့်သွင်းပြောသွားပါတယ်။

  19. ကလေးမြို့နယ်ထဲ စစ်ရှောင်ကလေးငယ်တစ်ဦး သစ်ကိုင်းပိသေဆုံး

    ကလေးမြို့နယ်ထဲ စစ်ရှောင်ကလေးငယ်တစ်ဦး သစ်ကိုင်းပိသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, Zalen

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းကျေးရွာစစ်ရှောင်စခန်းက ကလေးငယ်တစ်ဦးဟာ မနေ့ မေလ ၁၇ ရက် မွန်းလွဲပိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးကျတဲ့သစ်ကိုင်းပိမိပြီး သေဆုံးခဲ့တယ်လို့ စစ်ရှောင်စခန်းကို အကူအညီပေးနေသူတွေက ပြောပါတယ်။

    သေဆုံးခဲ့သူဟာ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် သေဆုံးခဲ့ရတာလို့လည်း သိရပါတယ်။

    ‘’ကလေးက ရင်ဘတ်ကို ထိသွားတာ။ ဖြစ်ဖြစ်ပြီးချင်းမှာ သတိလည်နေသေးတယ်။ ဒီမှာ ဆေးအဖွဲ့ရှိပေမဲ့ ဆေးမရှိလို့ အသက်မကယ်နိုင်ခဲ့ဘူး။ ကလေးမြို့ကို ဆေးရုံတင်ဖို့ကိုလည်း ကားမရှိလို့ မပို့နိုင်ခဲ့ဘူး။ မသက်မဆုံးသင့်ဘဲ ဆုံးရှုံးခဲ့တယ်လို့ ဆိုရမှာပေါ့’’လို့ စစ်ရှောင်စခန်းမှာ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

    မနေ့က ‌လေပြင်းတိုက်ခတ်မှုကြောင့် နတ်ချောင်းရွာစစ်ရှောင်စခန်းက တဲ ၃ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

    အဲဒီစစ်ရှောင်စခန်းဟာ နတ်ချောင်းနဲ့နတ်‌မြောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ တိုက်ပွဲဖြစ်ချိန် ထွက်ပြေးကြတဲ့ ဒေသခံတစ်ထောင်ကျော် စစ်ရှောင်နေကြတဲ့စခန်းဖြစ်ပါတယ်။

  20. လက်နက်အကူအညီပေးဖို့ နိုင်ငံတကာကို NUG ကာကွယ်ရေးဝန်ကြီး တောင်းဆို

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နဲ့အတူ မြင်တွေ့ရတဲ့ NUG ကာကွယ်ရေးဝန်ကြီး

    ဓာတ်ပုံ ရင်းမြစ်, NUG ကာကွယ်ရေးဝန်ကြီးဌာန

    ဓာတ်ပုံ ပုံစာ, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နဲ့အတူ မြင်တွေ့ရတဲ့ NUG ကာကွယ်ရေးဝန်ကြီး

    ရုရှားတပ်ဖွဲ့တွေရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းတပ်ဖွဲ့တွေကို လက်နက်ထောက်ပံ့မှုမျိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကိုလည်း ကူညီဖို့ နိုင်ငံတကာကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တောင်းဆိုလာပါတယ်။

    မြန်မာရော၊ ယူကရိန်းတပ်ဖွဲ့တွေပါ အသက်ကိုစွန့်လွှတ်ပြီး လွတ်လွပ်မှုအတွက် တိုက်ပွဲဝင်နေကြပေမဲ့ လက်နက်ပြည့်စုံတဲ့မြန်မာစစ်တပ်ကို တိုက်ခိုက်နေရသူတွေအတွက်တော့ နိုင်ငံတကာနဲ့တသားတည်း ရပ်တည်မှု ပိုလိုအပ်တယ်ဆိုပြီး NUG ကာကွယ်ရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောလိုက်တာပါ။

    ''မြန်မာအတွက် နိုင်ငံတကာရဲ့ စိတ်ဓာတ်ရေးရာ ရပ်တည်ပေးမှုကို ကျွန်တော်တို့ တကယ်ကို ကျေးဇူးတင်မိပါတယ်။ လက်နက်နဲ့ရန်ပုံငွေလို ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုတွေ ပြုလုပ်ပေးမယ်ဆိုရင် ပိုပြီး ကျေးဇူးတင်မိမှာပါ'' လို့ ဝန်ကြီးက ပြောပါတယ်။

    အဲဒီလိုထောက်ပံ့ပေးမယ်ဆိုရင် တော်လှန်ရေးကို မြန်မြန်အဆုံးသတ်နိုင်ပြီး လူ့အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေကိုပါ လျှော့ချနိုင်မယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

    ယူကရိန်းရဲ့အနောက်နိုင်ငံမဟာမိတ်တွေဟာ အထူးစစ်ဆင်ရေးလို့ ရုရှားဘက်က ပုံဖော်ပြောဆိုထားတဲ့ ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ယူကရိန်းတပ်ဖွဲ့တွေကို လက်နက်ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာကနေပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကောင်စီတပ်ကို ခုခံဖို့ ပြည်သူ့ခုခံကာကွယ်တွန်းလှန်စစ်ကို ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို မြန်မာလူထုရဲ့ အလှူငွေတွေနဲ့သာ ဖွဲ့စည်းထောက်ပံ့နေပြီး ပြည်ပနိုင်ငံတွေရဲ့အကူအညီ မရထားသေးဘူးလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့လပိုင်းကပဲ ပြောဆိုထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ PDF တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ‌ကြေညာထားပါတယ်။