တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ နောက်ထပ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်မှုစာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
ပညာရေးဝန်ထမ်းသပိတ်ကော်မတီက ဆရာမတစ်ဦးကိုရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၅ နှစ်ချ
မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ဗဟိုကော်မတီဝင်တစ်ဦးဖြ်စတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက မျက်ကွယ်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်လာပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ပညာရေးဝန်ထမ်းသပိတ်ကော်မတီက ဆရာမတစ်ဦး ကိုရုံးမထုတ်ပဲ စစ်ကောင်စီ ထောင် ၅ နှစ်ချ
မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ဗဟိုကော်မတီဝင်တစ်ဦးဖြ်စတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက မျက်ကွယ်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တရားရုံးက ရုံးထုတ်စစ်ဆေးတာမလုပ်ပဲ မျက်ကွက်ထောင်ဒဏ်ချမှတ်လိုက်တဲ့ အခြေအနေကိုပညာရေးဝန်ထမ်းသပိတ်ကော်မတီက မနေ့ သြဂုတ် ၂၃ ရက်မှာ ထုတ်ပြန်လာတာပါ။
ဆရာမ ဒေါ်သက်ဆုလှိုင်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလမှာ မန္တလေးမြို့တွင်းမှာတိမ်းရှောင်နေစဥ် စစ်ကောင်စီက ဖမ်းဆီးလိုက်တာဖြစ်ပြီး အခုမျက်ကွယ်ထောင်ဒဏ်ချမှတ်ထားတဲ့ ပုဒ်မ ၅၂(က)အပြင်ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုထားတာရှိသေးတယ်လို့ သပိတ်ကော်မတီက ပြောပါတယ်။
အလားတူပဲ အခြေခံပညာသပိတ်ကော်မတီက ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးနိုင်သီဟကျော်ကိုလည်းပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နဲ့ ၁၇ ရက်တွေမှာ ရုံးထုတ်စစ်ဆေးတာမလုပ်ပဲ ထောင်ဒဏ် ၈ နှစ်အထိ မျက်ကွယ်ထောင်ဒဏ်ချမှတ်ထားတဲ့အကြောင်း သပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။
မန္တလေးအိုးဘိုထောင်ထဲမှာတော့ စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုတွေနဲ့အတူဒီလို ဆန္ဒထုတ်ဖော်တဲ့ နိုင်ငံရေးအကျဥ်းသားတွေကို မျက်ကွယ်ထောင်ဒဏ်ချတာတွေလည်းအခုသြဂုတ်လထဲမှာဘဲထပ်ရှိနေပါတယ်။
မန္တလေးအိုးဘိုထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြပြီး ရိုက်နှက်ခံထားရပြီး ဆေးကုသခွင့်မရတဲ့ အခြေအနေ ဖြစ်နေတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ကို နောင်ထက်အောင် ဟာလည်း သြဂုတ် ၁၁ ရက်နေ့မှာ မျက်ကွယ်ထောင်ဒဏ် ချမှတ်တာခံထားရတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
ရန်ကုန်အင်းစိန်အကျဥ်းထောင်နဲ့ မန္တလေးအိုးဘိုထောင်အပါအဝင် နိုင်ငံတဝန်းကအကျဥ်းထောင်တွေထဲမှာ စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကို ဆန့်ကျင်တဲ့ထောင်တွင်းလှုပ်ရှားမှုတွေ သပိတ်မှောက်တာတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာလည်း အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသားတွေကိုပိုပြီး ဖိနှိပ်မှုတွေလုပ်လာတဲ့ အကြောင်း ပြောဆိုချက်တွေကိုလည်းထောင်တွင်းအရင်းအမြစ်တွေကတဆင့် ဘီဘီစီကလက်ခံရရှိ ထားပါတယ်။
လက်ရှိမှာလည်း ထောင်တွင်း ဆန္ဒထုတ်ဖော်နေတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို မျက်ကွယ်ထောင်ဒဏ်တွေ ဆက်တိုက်ချမှတ်နေပေမယ့် အကျဥ်းထောင်တွင်း ဖိနှိပ်မှုတွေမရှိဘူးလို့ ထောင်အာဏာပိုင်တွေက ဘီဘီစီရဲ့ မေးမြန်းချက်တွေကို တုံ့ပြန်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မန္တလေးအိုးဘိုထောင်ထဲမှာတော့ စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုတွေနဲ့အတူဒီလို ဆန္ဒထုတ်ဖော်တဲ့ နိုင်ငံရေးအကျဥ်းသားတွေကို မျက်ကွယ်ထောင်ဒဏ်ချတာတွေလည်းအခုသြဂုတ်လထဲမှာဘဲထပ်ရှိနေပါတယ်။ စစ်ရှောင်ကူညီလိုတဲ့အဖွဲ့တွေ ရက္ခိုင်ပြည်သူ့အစိုးရကို ဆက်သွယ်ကာကူညီနိုင်တယ်လို့ ULA/AA ထုတ်ပြန်
ရခိုင်ပြည်နယ်အတွင်း လတ်တလောစစ်ရှောင်နေကြရတဲ့ ဒေသခံစစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်လိုပါက မိမိတို့ ရက္ခိုင်ပြည်သူ့အစိုးရသို့ ဆက်သွယ်ပြီးကူညီပံ့ပိုးမှုများ ဆောင်ရွက်နိုင်ကြောင်း ULA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဩဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် တွေအတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေကြပြီး ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
လတ်တလောတိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ရှောင်တွေဟာ မေယုတောင်တန်းအနောက်ဘက် မှာရှိတဲ့ချိန်ခါလီ၊ ကိုးတန်ကောက်နဲ့ ကြံတိုင်းအောင်ကျေးရွာတွေက ရွာသားတွေဖြစ်ကြပြီး စစ်ရှောင် ဒုက္ခသည်အရေအတွက် ၁၆၂၂ ဦးခန့်ရှိနေပြီဖြစ်တယ်လို့ ULA ရဲ့စာရင်းအရ သိရပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးလာရတာ နှစ်ပတ်လောက်ရှိနေပြီဖြစ်တဲ့ စစ်ရှောင်တွေဟာစားဝတ်နေရေး အခက်အခဲ တွေနဲ့ကြုံလာနေကြရပြီး အခြေခံစားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးနဲ့ တကိုယ်ရေ သုံးပစ္စည်းတွေ အရေးတကြီးလိုအပ်နေတယ်လို့စစ်ရှောင်တွေကဆိုကြပါတယ်။
ဒါ့အပြင် စစ်ကာင်စီက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရသေ့တောင်မြို့နယ် နဲ့ မောင်တောမြို့နယ်တွေအတွင်းက အငူမော်-မောင်တောလမ်းတစ်လျှောက်ကို စစ်ရေးအကြောင်းပြချက်နဲ့ ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ပိတ်ဆို့တားမြစ်မှုတွေကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသခံလူမှု ကူညီရေးအဖွဲ့တွေဆီက ကူညီမှုတွေဟာ စစ်ရှောင်တွေဆီရောက်ဖို့ခက်နေတယ်လို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီရဲ့ ပိတ်ဆို့တားမြစ်မှုတွေကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသခံလူမှု ကူညီရေးအဖွဲ့တွေဆီက ကူညီမှုတွေဟာ စစ်ရှောင်တွေဆီရောက်ဖို့ခက်နေ ရန်ကုန်တိုင်းမှာ အခုသြဂုတ်လအတွင်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် ၉ ဦးပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ အခုသြဂုတ်လအတွင်းမှာပဲ စစ်ကောင်စီခန့် အုပ်ချုပ်ရေးရုံးတွေက အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတွေအပါအဝင် အုပ်ချုပ်ရေးပိုင်းကလူ၉ယောက်ထပ်မနည်းပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ အကြောင်း ဘီဘီစီရဲ့ အခုလအတွင်းသတင်းစုစည်းချက်တွေအရသိရပါတယ်။
ရွှေပြည်သာမြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့မှာ အမျိုးသမီးရာအိမ်မှူး တစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို သြဂုတ် ၁၉ ရက်မနက်ပိုင်းမှာလည်း ရာအိမ်မှူး ဦးဝင်းဇော်ဟာ ပစ်ခတ်ခံရပြီး နေရာမှာပဲ သေဆုံးခဲ့တဲ့အကြောင်း ဒေသခံတွေကပြောဆိုထားပါတယ်။
အခုလိုပစ်ခတ်သေဆုံးမှုတွေမတိုင်ခင်မှာလည်း သြဂုတ် ၁၂ ရက်နေ့ ညပိုင်းမှာ ရွှေပြည်သာမြို့နယ်အတွင်းက ၁၀ ရပ်ကွက်ရုံးနဲ့ အုပ်ချုပ်ရေးမှူး အိမ်အနီးမှာ နှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး တစ်ဦး ဒဏ်ရာရတဲ့ဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။
ရွှေပြည်သာနဲ့ အင်းစိန်မြို့နယ်က အုပ်ချုပ်ရေးရုံးတွေနဲ့ ရာအိမ်မှူးတွေပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး မြို့ပြပြောက်ကျားအဖွဲ့တွေကတော့ သူတို့လုပ်ဆောင်တာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ အလားတူပဲ သြဂုတ် ၁၂ ရက်မှာလည်း အင်းစိန်မြို့နယ်က စစ်ကောင်စီသတင်းပေးလို့သတ်မှတ်ခံရတဲ့ အရံမီးသတ်ခေါင်းဆောင်တစ်ဦးလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်မှာလည်း မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက် က အုပ်ချုပ်ရေးမှူး ဦးသောင်းဒန်ကိုလည်း မြို့ပြပြောက်ကျားအဖွဲ့တွေက ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရခဲ့ပြီး လက်ရှိစစ်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီသြဂုတ် ၂၂ ရက်မှာဆိုရင်လည်း ရန်ကုန်တိုင်းထဲက တွံ့တေးမြို့နယ်မှာရှိတဲ့ ဇီးဖြူကုန်းကျေးရွာ ရွာအဝင် မြကန်သာလမ်းစုံအနီးမှာ ရပ်ကျေးအစည်းအဝေးကပြန်လာတဲ့ ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးခင်ညွှန့်အပါအဝင် ရပ်ကျေးအဖွဲ့ဝင်တွေကို မြို့ပြပြောက်ကျားအဖွဲ့တွေက ပစ်ခတ်မှုလုပ်တဲ့ဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။
ဒီပစ်ခတ်မှုမှာတော့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ညွန့်၊ ရာအိမ်မှူး ဦးအေးမြင့်၊ ရာအိမ်မှူး ဦးဝင်းဇော်၊ ရာအိမ်မှူး ဦးသန်းဌေး ၊ ကိုဘိုဘို နဲ့ အငှားယာဥ်မောင်းတို့ဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ရာအိမ်မှူး ဦးစန်းလွင်ကတော့ ဒါဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကို ထုတ်ပြန်နေတဲ့ Twantay Daily Newsက ရေးသားထားသလို တွံ့တေးမြို့ပြပြောက်ကျားအဖွဲ့ကလည်း သူတို့လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့ သြဂုတ် ၂ ၄ရက်မှာဆိုရင်လည်း ရန်ကုန် ၊ တောင်ဒဂုံမြို့နယ်က စစ်ကောင်စီသတင်းပေးလို့ သတ်မှတ်ခံရတဲ့ ဦးတင်အောင်ဆိုသူကို South Dagon Guerrilla Force က ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့တယ်လို့လည်းထုတ်ပြန်ထားပါသေးတယ်။
ဒီအခြေအနေတွေကြောင့် အခုသြဂုတ်လအတွင်းမှာပဲ စစ်ကောင်စီလက်အောင်က အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ရပ်ကျေးအဖွဲ့ဝင်တွေအပြင် စစ်ကောင်စီသတင်းပေးလို့သတ်မှတ်ခံရသူ တွေပစ်ခတ်ခံရပြီး သေဆုံးတာ ၉ယောက်အထိရှိလာနေပါတယ်။
အဲဒီလို စစ်ကောင်စီလက်အောက်က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး သေဆုံးမှုတွေရှိတဲ့ မြို့နယ်တွေမှာတော့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး လုံခြုံရေးချထားဆောင်ရွက်နေကြတယ်လို့ ရွှေပြည်သာမြို့နယ်က ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ရန်ကုန်မှာတော့ စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကျပ်မှုတွေကြားက အခုလို စစ်ကောင်စီလက်အောက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်မှုတွေရှိနေသလို မြေပြင်သပိတ်တွေလည်း ဆက်ရှိနေပါတယ်။ တဖက်မှာလည်း ရန်ကုန်ကမြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ သပိတ်အဖွဲ့တွေဖမ်းဆီးခံရမှုတွေနဲ့ ပစ်ခတ်ဖမ်းဆီးမှုတွေကြောင့် သေဆုံးမှုတွေလည်းရှိနေတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေက ဘီဘီစီကိုပြောထားပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီး တစ်နှစ်နဲ့ ၆ လကျော် ကာလအတွင်း PDFတွေ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃၄၈၃ ဦး ရှိသွားပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ သြဂုတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။
တဖက်မှာလည်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့တဲ့ အကြောင်းနိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီကလည်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Twantay Daily News
ဓာတ်ပုံ ပုံစာ, တဖက်မှာလည်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးထားသူတွေနဲ့ မဖြေလိုက်သူတွေ ပြန်ဖြေဆိုခွင့် စက်တင်ဘာမှာစတင်လျှောက်ထားနိုင်ပြီလို့ စစ်ကောင်စီကြေညာ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စာမေးပွဲကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဝင်မဖြေလိုက်သူတွေအတွက် လာမယ့် ၂၀၂၃ ခုနှစ်မှာ စာမေးပွဲနောက်တစ်ကြိမ်ပြန်ဖြေခွင့်ပေးမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လကတည်းက ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။
အခုလို စာမေးပွဲပြန်ဖြေဆိုခွင့်အတွက် လျှောက်လွှာတွေကို လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကနေ၃၀ ရက်နေ့အထိ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးတွေမှာ လျှောက်ထားနိုင်တယ်လို့သြဂုတ် ၂၃ ရက်စွဲနဲ့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
စာမေးပွဲပြန်ဖြေဆိုခွင့်အတွက်လျှောက်လွှာတစ်စောင်ကို ၂၀၀ ကျပ်နဲ့ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ၇၀၀ကျပ် ကျသင့်မှာဖြစ်ပြီး နေပြည်တော် စာစစ်ဌာနနဲ့ ရန်ကုန်၊ လှိုင်တက္ကသိုလ်နယ်မြေကစာစစ်ဌာနမှာ ဝယ်ယူနိုင်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
၂၀၂၁-၂ဝ၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူတွေရဲ့ အောင်စာရင်းကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနအောက်က စာစစ်ဦးစီးဌာနက ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး အောင်မြင်သူ ၄၆ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုဗစ်မဖြစ်ခင်နဲ့ အာဏာမသိမ်းခင်က နောက်ဆုံးကျင်းပခဲ့တဲ့ တက္က သိုလ်ဝင်တန်းစာမေးပွဲမှာ ကျောင်းသား ကိုးသိန်းကျော်အထိ ဝင်ဖြေခဲ့ပေမယ့် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ဖြေဆိုသူ ၂၈ဝဝဝဝ ကျော်သာ ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်မဖြေဆိုပဲ သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားကျောင်းသူပေါင်း နိုင်ငံတဝန်းမှာ ၇ သိန်းလောက် ရှိတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုထားပါတယ်။
စစ်ကောင်စီလက်အောက်က စာမေးပွဲကို မဖြေဆိုဘဲ ဆန့်ကျင်ကြတဲ့ CDM ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်သလို စစ်ကောင်စီကပြုလုပ်တဲ့ အတန်းတင် စာမေးပွဲ၊ တက္ကသိုလ်ဝင်စာမေးပွဲတွေရဲ့ အောင်လက်မှတ်တွေဟာ တရားမဝင်ဘူးလို့လည်း NUG က ထုတ်ပြန်ထားပါတယ်။
ကောလင်းနဲ့ကန့်ဘလူမှာ နှစ်ဖက်တိုက်ပွဲအပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုလုပ်, ကလေးငယ်တစ်ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ကန့်ဘလူခရိုင်တပ်ရင်း(၂)
ဓာတ်ပုံ ပုံစာ, ကန့်ဘလူခရိုင်တပ်ရင်း(၂) က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (ပုံဟောင်း) စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နဲ့ ကောလင်းမြို့နယ်အနောက်ခြမ်းကို မနေ့ သြဂုတ် ၂၃ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီး စစ်အင်အားဖြည့်တင်းနေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။
ကန့်ဘလူမြို့နယ်အစပ်မှာရှိတဲ့ အောင်ချမ်းသာရွာနဲ့ လက်ခုပ်ပင်ရွာအနီးမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလက်နက်အများအပြားသိမ်းဆည်းရမိပြီး စစ်တပ်ကအရာရှိ ၂ဦးအပါအဝင် ၃ ဦးကိုစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတဲ့အကြောင်း ကန့်ဘလူခရိုင်တပ်ရင်း(၂) ဒေသကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲမှာလည်း စစ်ကောင်စီက အောင်ချမ်းသာရွာနဲ့ လက်ခုပ်ပင်ရွာအနီးကို လေကြောင်းကနေတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ လည်း ဒေသကာကွယ်ရေးတပ် တာဝန်ရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
အလားတူပဲ မနေ့ သြဂုတ် ၂၃ ရက်မှာပဲ ကောလင်းမြို့နယ်အနောက်ခြမ်း မှာရှိတဲ့ ချောင်းနားတိုက်နယ်က သစ်စိမ့်ကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းက နေထပ်မံတိုက်ခိုက်ခဲ့ပြီးဒီတိုက်ခိုက်မှုမှာတော့ သစ်စိမ့်ကုန်းရွာကအသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်တွေက နာမည်စာရင်းတွေနဲ့ တကွဖော်ပြလာပါတယ်။
‘မနေ့က ချပ်သင်းဘက်ကဝင်လာတဲ့ စစ်ကြောင်းက ညောင်ကုန်းကို မီးရှို့တယ်။ အဲဒီနောက် ရွာသားတချို့ကို ကျွန်တော်တို့ ရှောင်ခိုင်းပြီး ကြားဖြတ်တိုက်ခိုက်တာပါ။ သူတို့ဘက်က ၄၀ နီးပါးလောက်ကျတယ်။ မနေ့ကဖမ်းဆီးရမိတဲ့ စစ်သုံးပန်းတွေကိုလည်း နိုင်ငံတကာစစ်သုံ့ပန်းဥပဒေအရ ကျွန်တော်တို့ ထိန်းသိမ်းသိမ်းထားပါတယ်။ သစ်ဆိမ့်ရွာမှာဖြစ်တာတော့သူတို့ထင်တဲ့နေရာကို ပစ်တာ စခန်းကိုမထိပဲ သစ်ဆိမ့်ကုန်းရွာကို သွားထိတာပါ။ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါ ထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့တယ်’’ လို့ကန့်ဘလူခရိုင်တပ်ရင်း (၂) ကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ရောင်နီက ဘီဘီစီကိုပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့ကောလင်း၊ကန့်ဘလူနယ်တွေဘက်မှာလည်း ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒေသခံပြည်သူတွေမှာပါ အခက်အခဲမျိုးစုံဖြစ်နေပြီးဆက်သွယ်စကားပြောဖို့ စကားပြောစက်တွေလည်း လိုအပ်နေတယ်လို့ သူကဆက်ပြောပြပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေကြား ကောလင်းနဲ့ ကန့်ဘလူနယ်ဘက်က ဒေသခံ ရွာပေါင်း ၂၅ ရွာထက်မနည်းဟာလည်းဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို စစ်ကောင်စီ ထိုးစစ်ဆင်
ပြည်တွင်း စားအုန်းဆီစျေးတက် ဆီအသင်းကရောင်းချပေး နေတဲ့မှာ တိုးကြိတ်ဝယ်ယူ
မန္တလေးမှာ ဇနီးမောင်နှံနှစ်ဦး မှားယွင်းပစ်ခတ်ခံရပြီးသေဆုံးတယ်လို့ နီးစပ်သူတွေပြော

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
မန္တလေးမြို့မှာဒီနေ့(ဩဂုတ် ၂၃) မနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် လမ်း၃၀၊ ၅၇ လမ်းအနီးမှာ ဇနီးမောင်နှံ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ခဲ့ပါတယ်။
သေဆုံးခဲ့သူတွေဟာ မန္တလေးမြို့ပေါ် ဟိုတယ်တစ်လုံးမှာ မန်နေဂျာလုပ်နေသူ မနှင်းဝေဝေလှိုင်နဲ့ သူ့အမျိုးသား ကိုစည်သူတို့ဖြစ်ပြီး သမီးငယ်ကို ကျောင်းသွားပို့ချိန် အခုလို ပစ်ခတ်ခံခဲ့ရတာလို့ နီးစပ်သူတွေကပြောပါတယ်။
"သူ့သမီးကို ကျောင်းသွားပို့အပြန်မှာ ဖြစ်တာ။ ခေတ်ဆိုး စနစ်ဆိုးကြောင့် ဖြစ်ရတာပေါ့။ ကိုစည်သူဆို ၃၈လမ်းသပိတ်တွေစဖြိုခွင်းခံရချိန်က နှစ်ရက်လောက် အဖမ်းခံရတဲ့အထဲ ပါတယ်"လို့ သေဆုံးသူမိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မနှင်းဝေဝေလှိုင်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကတော့ မနှင်းဝေဝေလှိုင်တို့ ဇနီးမောင်နှံဟာ မှားယွင်းပစ်ခတ် ခံခဲ့ရတာလို့ ယူဆတဲ့အကြောင်း ဘီဘီစီကိုပြောပါတယ်။
‘‘အစ်မက အစောပိုင်းဆန္ဒပြကာလတွေမှာ အများနည်းတူ ဆန္ဒပြတာတွေရှိခဲ့ဖူးတယ်။ နောက်ပိုင်းတော့ သူ အေးအေးဆေးဆေးပါပဲ။ ဟိုတယ်လုပ်ငန်းသဘောသဘာဝအလျောက် နီးရာဓားကြောက်ရပေမဲ့ စစ်တပ်နဲ့ မနီးစပ်ပါဘူး။ ရှင်းရှင်းပြောရရင် သူလုပ်နေတဲ့ဟိုတယ်ကနေ ယူဂျီတွေ အဖမ်းခံရတာမျိုးလည်း မရှိခဲ့ဘူး။ အစ်မက သူအခုလိုဖြစ်လို့ ဖြစ်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။ ကျွန်တော်တို့ကတော့ အစ်မတို့ လင်မယား မှားပစ်ခံရတယ်လို့ပဲ ယူဆတယ်’’ ဆိုပြီး လုပ်ဖော်ကိုင်ဖက် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကိုစည်သူနဲ့ မနှင်းဝေဝေလှိုင်တို့ဟာ ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာချိန် ရဲဆိုင်ကယ်နဲ့မှားယွင်းပစ်ခတ်ခံ ခဲ့ရတာလို့ မန္တလေးအခြေစိုက်သတင်းတချို့မှာ ဖော်ပြနေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။
အခုတော့ သေဆုံးသူတွေရဲ့ရုပ်အလောင်းကို သက်ဆိုင်ရာမိသားစုက ထုတ်ယူဖို့ ကြိုးစားနေပြီး မနက်ဖြန်မှာ စျာပန ကျင်းပမယ်လို့ သိရပါတယ်။
အခုပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်သူလုပ်ဆောင်တယ်ဆိုတာနဲ့ ဘာကြောင့်လုပ်ဆောင်ရတယ်ဆိုတဲ့ ရှင်းလင်းပြောဆိုတာမျိုးကိုတော့ ဘယ်အဖွဲ့အစည်းမျိုးကမှ ထုတ်ပြန်ပြောဆိုတဲ့ လာတာမရှိသေးပါဘူ။
တစ်ချိန်တည်းမှာပဲ မန္တလေးမြို့မှာဒီနေ့ မနက်ပိုင်းကတည်းက လမ်းမကြီးနဲ့ လမ်းသွယ်တွေကအစ နေရာအများစုမှာ စစ်ကောင်စီအဖွဲ့တွေကနေလမ်းသွားလမ်းလာတွေကို ပိုက်စိပ်တိုက်စစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်အစပ်က တိုက်ပွဲမှာ စစ်တပ်က လေကြောင်းပစ်ကူ သုံးနေ

ဓာတ်ပုံ ရင်းမြစ်, ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ဓာတ်ပုံ ပုံစာ, ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးများပြီး လက်နက်တွေလည်း သိမ်းမိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ် ကန့်ဘလူမြို့နယ်ထဲက အောင်ချမ်းသာရွာနဲ့ လက်ခုပ်ပင်ရွာကြား ဒီနေ့ နေ့လယ်ပိုင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဥ်တွေသုံးပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
မြေပြင် အင်အား ၆၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာလို့လည်း သိရပါတယ်။
''လက်ခုပ်ပင်ရွာနားဖြစ်တဲ့ တိုက်ပွဲမှာ မြေပြင်မှာ ကန့်ဘလူခရိုင်ထဲက စစ်တပ်တပ်ရင်းတွေနဲ့ ပီဒီအက်ဖ် တပ်ရင်းတွေ တိုက်ပွဲဖြစ်နေတာ။ သူတို့ဘက်က ထိခိုက်ကျဆုံးတာတွေ ရှိနေချိန်မှာပဲ လေကြောင်းပစ်ကူလာတာပါ။ မနက် ၁၀ နာရီလောက်က ရဟတ်ယာဥ် ၂ စီးနဲ့ပစ်တယ်။ မွန်းလွဲ ၂ နာရီလောက်မှာ တိုက်လေယာဥ် ၁ စီးနဲ့ ထပ်ပြီးလာပစ်တယ်။ အခုထိ တိုက်ပွဲဖြစ်နေတုန်းပဲ''လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အခု ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တဲ့စစ်ကောင်စီတပ်ဟာ မနေ့ သြဂုတ်လ ၂၂ ရက်တုန်းကလည်း ညောင်ကုန်းကျေးရွာကို ဝင်ရောက်မီးရှို့သွားတာကြောင့် နေအိမ်အလုံး ၄၀ ကျော် မီးထဲပါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အဲဒီမြေပြင်စစ်ကြောင်းဟာ ကန့်ဘလူမြောက်ခြမ်းက ကိုးထောင်ဘို့ကျေးရွာကနေ ချပ်သင်းနဲ့ သစ်ငုတ်တိုရွာတွေကို ဝင်ရောက်မီးရှို့ခဲ့အပြီးမှာ ညောင်ကုန်းရွာကို ဝင်ရောက်ခဲ့တာလိုလည်း ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူမြောက်ခြမ်းက ပင့်သာ၊ ချပ်သင်း၊ ကိုးထောင်ဘို့ရွာတွေမှာ စစ်ရေးလှုပ်ရှားနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ရေး အခြေအနေ တင်းမာနေသလို ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း ထွက်ပြေးနေရပါတယ်။
သေရေးရှင်ရေးကိစ္စတွေရှိလာမှသာ ခရီးသွားလာကြဖို့ မောင်တောဒေသခံတွေကို အေအေအသိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မောင်တောမှာ စစ်တပ်က စစ်ရေးပြင်ဆင်နေတယ်လို့လည်း အေအေက ပြောပါတယ်(ပုံဟောင်း) စစ်ရေးတင်းမာမှုတွေမြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောဒေသခံပြည်သူတွေအနေနဲ့ သေရေးရှင်ရေးကိစ္စတွေကလွဲပြီး ခရီးသွားလာတာတွေ မလုပ်ကြဖို့ ရက္ခိုင့်တပ်တော်(အေအေ)က ဩဂုတ်လ ၂၃ ရက်၊ ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။
လက်ရှိမှာတော့ မောင်တောမြို့နယ်အတွင်း ဒေသမတည်မငြိမ်မှုတွေရှိနေသလို နှစ်ဖက်တပ်တွေအကြား စစ်ပွဲတွေလည်း အခုလ ၁၃ ရက်နေ့ကစလို့ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း စစ်ရေးပြင်ဆင်မှုတွေ၊ လုံခြုံရေးတင်းကျပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ပြည်သူတွေအဓိကအသုံးပြုနေကြတဲ့ လမ်းတွေကိုလည်း ပိတ်ပင်ထားပြီး ကျေးရွာတွေတစ်ရွာနဲ့တစ်ရွာ အသွားအလာတွေကိုပါ တားမြစ်ကန့်သတ်မှုတွေရှိနေသလို ရွာအဝင်အထွက်နေရာတွေမှာလည်း စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး စစ်ဆေးတာတွေရှိနေတယ်လို့ အဲဒီကြေညာချက်မှာ ရေးသားထားပါတယ်။
ဒေသခံပြည်သူအချို့ဆိုရင်လည်း စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ဖမ်းဆီးတာ ရင်ဆိုင်နေကြရပြီး ဒေသခံတွေ ငတ်မွတ်ခေါင်းပါးတဲ့အခြေအနေကို ရောက်ရှိလာနေတဲ့အထိ အသွားအလာနဲ့ ရိက္ခာသယ်ယူခွင့်တွေ ပိတ်ထားတာဟာ စစ်ကောင်စီက ဒေသတွင်း ဖြတ်လေးဖြတ်အဖြစ် ဖန်တီးနေတယ်လို့ အေအေဘက်က စွပ်စွဲပြောဆိုထားပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ မဖြစ်မနေခရီးသွားလာကြရမယ်ဆိုရင်လည်း နယ်မြေရုံးတွေကို အကြောင်းကြားပြီးမှသွားလာကြဖို့နဲ့ ခရီးသွားပြည်သူတွေကို ရက္ခိုင့်ပြည်သူ့အစိုးရအဖွဲ့အနေနဲ့လည်း အကူအညီပေးကြဖို့ ULA က ညွှန်ကြားထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်ပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရချိန်မှာပဲ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒပ်ဘယ်ကပ်ကားတွေနဲ့ ရန်ကုန်မြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ ဗမာရိန်းဂျားတပ်(Burmese Rangers Army-LDF) က အဖွဲ့ဝင် ၆ ဦးဟာ အခုလ ၉ ရက်နေ့တုန်းက စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံခဲ့ချိန် အဲဒီထဲက ၂ ဦးဟာ နေရာမှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတယ်လို့ လွတ်မြောက်လာတဲ့အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပြောက်ကျားအဖွဲ့တွေ စုစည်းနေထိုင်နေတယ်ဆိုတဲ့ နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိရှိခဲ့ပြီး ဝင်ရောက်စီးနင်းချိန်မှာ အခုလိုဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။
သြဂုတ်လ ၉ရက်နေ့ မနက်ပိုင်း၊ ရန်ကုန်မြို့စွန်နေရာတခုမှာ အိမ်စီးကား ၃ စီးအပါအဝင် စုစုပေါင်း ကား၄ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်က စီးနင်း ပစ်ခတ်ခံခဲ့ရတာလို့ ပြန်လည်လွတ်မြောက်လာသူတွေထံကသိရပါတယ်။
“အတတ်နိုင်ဆုံးခုခံပေမဲ့ လက်နက် အင်အားကွာခြားခဲ့ပြီး ရဲဘော် ၆ ယောက် အဖမ်းခံလိုက်ရတယ်။ အဲ့ထဲက ဒဏ်ရာရသွားတဲ့ ရဲဘော်၂ယောက်ကို နေရာမှာတင် သူတို့ပစ်သတ်လိုက်ကြတယ်။ ခြေထောက်ဒဏ်ရာရထား တဲ့ကျွန်တော်ကို ကျန်တဲ့ရဲဘော် ၂ ယောက်က ဆွဲပြီး အရေးပေါ်ထွက်ပေါက်လမ်းကနေ ကယ်ထုတ်ခဲ့လို့ ကျွန်တော်လည်းလွတ်ခဲ့တာပါ’’လို့ သူက အဲဒီနေ့က ဖြစ်စဥ်ကို ပြန်ပြောပြပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ၊ စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားတဲ့လူငယ်တွေ ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက အဖွဲ့ဝင်အချို့ဟာ ဖမ်းဆီးခံရချိန် ဆုံးပါးမှုတွေရှိတယ်ဆိုပြီး သက်ဆိုင်ရာ အဖွဲ့တွေက ပြောဆိုထားပါတယ်။
ဖလူး-ဝေါလေလမ်း ၃ ထပ်ကွေ့မှာ စစ်တပ်က ဝေဟင်၊မြေပြင်ထိုးစစ်ဆင်နေ

ဓာတ်ပုံ ရင်းမြစ်, Cobra Column
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ဟာ မြေပြင်က အင်အားရာချီနဲ့ ဝေဟင်က တိုက်လေယာဥ် ၃ စီးပါသုံးပြီး ကရင်ပူးပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြဝတီမြို့တောင်ဘက်၊ ဖလူး- ဝေါလေလမ်းပိုင်း၊ ၃ ထပ်ကွေ့နေရာကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်က ဒီနေ့ မနက် ၁၀ နာရီခန့်ကစတင်ပြီး မြေပြင်စစ်ကြောင်းရော၊ ဝေဟင်ကနေ တိုက်လေယာဥ်တွေနဲ့ပါ ထိုးစစ်ဆင်နေတယ်လို့ သိပါတယ်။
"ဒီမနက် ၁၀နာရီကျော်မှာ တိုက်လေယာဉ် ၃ စီး လာတယ်။ ပြီးတော့ ၃ထပ်ကွေ့ က ဆောဝါးလေး တောင်ကြော၊ တောင်ကုန်းတွေဘက်ကိုဗုံးတွေ ကြဲတယ်။ လေယာဉ်ကနေလည်းပစ်တယ်။ မြေပြင် စစ်ကောင်စီ စခန်းတွေကနေ လက်နက်ကြီးပစ်တယ်။ စစ်ကြောင်း ၄ကြောင်းက ၄နေရာ ခွဲပြီး တက်တိုက်လာနေတယ်။ ရတခတိုင်းမှူး အသစ်က ၃ထပ်ကွေ့ ကို ရအောင်တိုက်ခိုင်းနေတာမှာ မြ၀တီ BGF တပ်တွေပါ စစ်ကူပါပြီး တိုက်နေတယ်"လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီလမ်းပိုင်းကို စစ်ကောင်စီတပ်က တိုက်ခိုက်နေတာ တစ်လ ကျော်အထိကို ရှိလာပါပြီ။ အဲဒီနေရာတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပေမဲ့ ဒီရက်ပိုင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်ဖြစ်တဲ့ ဗိုလ်ချုပ်မြတ်သက်ဦး တာဝန်ယူလာချိန်မှာတော့ မြေပြင်၊ ဝေဟင် စတဲ့နေရာတွေကနေ အင်အားအများအပြားသုံးကာ ထပ်မံတိုက်ခိုက်မှုတွေရှိလာတာပါ။
“အရင် လေကြောင်းက ဗုံးကျဲတာပစ်တာဆိုရင် တစ်စီး၊ နှစ်စီးလောက်ပဲ၊ အခုကျတော့ သုံးလေးစီးနဲ့ကို လာပစ်ကြတယ်၊ စစ်သားတွေလည်းအများကြီးဘဲ” လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပြပါတယ်။
ယနေ့ မနက်ပိုင်း လေကြောင်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေသည့် တိုက်ပွဲ မြေပြင် အခြေအနေ ကိုတော့ အတိအကျ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ရက်တွေထဲကဖြစ်နေတဲ့ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေကြောင့် နှစ်ဘက်လုံးမှာ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
ဒီရက်ပိုင်းထဲမှာကို တပ်မ ၂၂၊ တပ်မ ၄၄၊ တပ်မ ၇၇၊ ကော့ကရိတ် အခြေစိုက် ၉၇ တပ်ရင်း နှင့် မြ၀တီ BGF ကရင်နယ်ခြားစောင့်တပ်လက်အောက်ခံ တပ်ရင်းတွေစုဖွဲ့ ထားတဲ့ မြေပြင် အင်အား ၅၀၀ လောက်ရှိတဲ့ စစ်ကြောင်းတွေက ၃ထပ်ကွေ့ လမ်းပိုင်း နေရာကို ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
အဲဒါအပြင် လေးကေကော် အမြောက်ကုန်း၊ လက်ခတ်တောင် အမြောက်ကုန်း ၊ဖလူးဘုရားကုန်း တို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာအပြင် တိုက်လေယာဉ် ၃စီး နဲ့ပါ လေကြောင်း တိုက်ခိုက်မှုတွေကို စစ်တပ်က ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNLA ပူးပေါင်းတပ် တွေဘက်ကသိရပါတယ်။
ခြံအမှတ် ၅၄ အမွေအမှုကို တရားလွှတ်တော်ချုပ် ဘယ်လိုအမိန့်ချလိုက်ပြီလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကာလတွေကို ခြံအမှတ် ၅၄ ထဲမှာ ဖြတ်သန်းခဲ့သူဖြစ်ပြီး အမေရိကန်သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဘုန်းတော်ကြီး ဒတ်စ်မွန်တူးတူးတို့လို သြဇာရှိသူတွေ လည်း လာရောက်ခဲ့ဖူးကြပါတယ်။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ နေအိမ်နဲ့ခြံကွက်အမွေကို သားကြီးဖြစ်သူ ဦအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမနှစ်ဦး ခွဲဝေယူကြဖို့ တရားရုံးက ၂၀၁၆ ခုနှစ်မှာ အမိန့်ချခဲ့ပါတယ်။
ဒါပေမဲ့ အမွေခွဲဝေမှုမှာ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မောင်နှမဝမ်းကွဲတော်စပ်သူ ဦးခင်မောင်အေးလည်း အမွေဆိုင်တစ်ဦးပါဝင်လာတာကြောင့် အမွေခွဲဝေရေးနဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းဦးက တရားရုံးအဆင့်ဆင့် တက်ခဲ့ပါတယ်။
ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံကို နေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပေမဲ့ အခု ၂၀၂၂ ခုနှစ်မှာ ထပ်တင်တဲ့ အယူခံကို လက်ခံအပြီး ဦးဆောင်ဆန်းဦး တောင်းဆိုတဲ့အတိုင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။
ဦးအောင်ဆန်းဦးက ဘာတွေတောင်းဆိုထားတာပါလဲ။ အပြည့်အစုံကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ကုလအထူးသံရဲ့ လုပ်ပိုင်ခွင့်ကို ဖယ်ရှားဖို့ အရပ်ဘက် အဖွဲ့ ၈၆၀ ကျော် တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, cincds
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာရဲ့ လုပ်ပိုင်ခွင့်ကို ဖယ်ရှားဖို့ အပြင် စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်၊ အထူးခံရုံးတင်ဖို့ အရပ်အဖွဲ့အစည်း ၈၆၄ ဖွဲ့က စာထုတ်တောင်းဆိုလာပါတယ်။
ကုလအထူးသံဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ကောင်စီနဲ့တွေ့ဆုံခဲ့တာပါ။
မစ္စနိုလင်းဟေဇာရဲ့ စစ်ကောင်စီထံ ပထမဆုံးခရီးစဥ်ဟာ ထိရောက်မှုမရှိဘဲ သူ့လုပ်ဆောင်ချက်ဟာ နိုင်ငံတကာရာဇဝတ်မှု ချိုးဖောက်နေသူတွေကို တရားဝင်မှုပေးသလို ဖြစ်နေပြီး လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေကို ပိုဆိုးရွားစေတယ်လို တောင်းဆိုချက်မှာဖော်ပြထားပါတယ်။
ဒါကြောင့် လာမယ့်စက်တင်ဘာလမှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ရုတ်သိမ်းပြီး ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပေးတာ၊ အထူးခုံရုံးဖွဲ့ စစ်ဆေးပေးမှုတွေလုပ်ပေးဖို့ ပန်ကြားထားပါတယ်။
ကော့ကရိတ်မြို့ထဲ စစ်တပ်က ဧည့်စာရင်းစစ်ချိန် ပစ်ခတ်ဖမ်းဆီးခံရသူတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, Thoo Lei News
ဓာတ်ပုံ ပုံစာ, အာဏာသိမ်းအစောပိုင်းကာလ ကော့ကရိတ်မြို့တွင်းက အခြေအနေ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ချိန်အတွင်း ပစ်ခတ်ဖမ်းဆီးခံရသူ ၄ ဦးအထိရှိနေတယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့က ရဲစခန်း ၂ ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့သီတင်းပတ်မှာ တိုက်ခိုက်ခဲ့တာကြောင့် စခန်းမှူးအပါအဝင် ရဲနဲ့စစ်သားတွေ သေဆုံးမှုဖြစ်ခဲ့အပြီးမှာ အခုလိုမြို့တွင်း စစ်ဆေးဖမ်းဆီးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
''တစ်မြို့လုံး နေရာစုံမှာ သူတို့ကင်းချထားတဲ့အုပ်စုတွေက သေနတ်တွေဖောက်ပြီး မြို့ထဲကို ကရင်အဖွဲ့တွေ ၀င်လာတိုက်လို့ တိုက်ပွဲဖြစ်တဲ့ပုံစံနဲ့ ပစ်ခတ်ကြတယ်။ ဆိုင်ကယ်နဲ့ သွားလာသူတွေကို ပစ်ခတ်ပေမဲ့ မထိကြလို့ တော်သေးတယ်။ ညဘက်ကြတော့ စစ်တပ်ထောက်ခံတဲ့ပျူစောထီး၊ ပြည်သူ့စစ်၊ သူတို့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဧည်စာရင်းရပ်ကွက်အစုံကို စစ်ဆေးတာ။ အောက်ရွာ ကွက်သစ်ပိုင်းနဲ့ မြို့ထဲ ရပ်ကွက်ပိုင်းမှာ လူ ၄ ယောက်ကို ဖမ်းသွားတယ်လို့သိရတယ်’’ဆိုပြီး ကော့ကရိတ် မြို့ခံတစ်ဦးကပြောပါတယ်။
တစ်ဖက်မှာလည်း ကော့ကရိတ်အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) က တပ်ဖွဲ့တွေဟာ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့အတူ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေ လှုပ်ရှားတယ်လို့ ယူဆရတဲ့ ၉ တိုင်ရွာ၊ ဖန်းခါးကုန်းရွာ၊ ရွာသစ်ကုန်းရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ ၆ နယ်မြေရှိ KNLA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ တွေ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် မြ၀တီ-ဝေါလေဒေသ၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ်လမ်းပိုင်း၊ ကော့ကရိတ်-တောင်ကြာအင်း-ကြာအင်းဆိပ်ကြီး ဒေသတွေဘက်မှာ ပြောက်ကျားတိုက်ပွဲတွေ နေ့စဥ်ဖြစ်နေတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။
ဒီပဲယင်းနယ်ထဲ စစ်ရှောင်လာတဲ့ အရာတော်ဒေသခံ ၂ ထောင်နီးပါးအထိရှိနေ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေး
ဓာတ်ပုံ ပုံစာ, စစ်ကြောင်းထိုးလို့ ရှောင်တိမ်းလာရတဲ့ စစ်ဘေးရှောင်ပြည်သူများ စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းကြောင့် ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲကနေ ဒီပဲယင်းမြို့နယ်ထဲကို စစ်ရှောင်လာတဲ့ ဒေသခံ ၂ ထောင်နီးပါး အထိရှိနေတယ်လို့ စစ်ရှောင်တွေအရေး အကူအညီပေးသူတွေက ပြောပါတယ်။
ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က စစ်ရှောင်စခန်းတစ်ခုကို အရေးပေါ် စားနပ်ရိက္ခာ ဆန်နဲ့ဆီတို့ သွားရောက်ထောက်ပံ့ချိန် အရာတော်နယ်ထဲကနေ ဒီပဲယင်းဘက်ကို စစ်ရှောင်လာသူအရေအတွက်ကို ထုတ်ပြောလာတာဖြစ်ပါတယ်။ အဲဒီစစ်ရှောင်စခန်းဟာ အရာတော်နယ်က စစ်ရှောင်တွေအပြင် ဒီပဲယင်းမြို့နယ်ကျေးရွာအချို့က နေအိမ် မီးရှို့ခံထားရတဲ့ အမြဲတမ်းစစ်ဘေးရှောင်အချို့ပါ မီခိုနေရတဲ့စခန်းဖြစ်သလို လက်ရှိမှာ လူသားချင်းစာနာမှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလဆန်းပိုင်းမှာ ဒီပဲယင်းနယ်ထဲက မူးကမ်းကြီးနဲ့မောက်တက်ကျေးရွာတွေ အပါအဝင် အရာတော်မြောက်ပိုင်းက ရွာတွေကို ရွာစဥ်နီးပါး ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင်ဖြစ်နေတာပါ။
ခင်ဦးမြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီး ဗုံးပေါက်မှု လူငယ်တစ်ယောက်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြေးရုပ်အနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆန္ဒပြသူတွေကို တားဆီးခဲ့တဲ့ပုံဟောင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီးနားက လူမနေတာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့စားသောက်ဆိုင်ပျက်ထဲကနေ ဒီနေ့မနက် ၇ နာရီလောက်မှာပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တာကြောင့် လူငယ်တစ်ယေောက်သေဆုံးပြီး နောက်ထပ် နှစ်ယောက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဆုံးသူဟာ ကိုရဲဝင်းထွဋ်ဆိုသူဖြစ်ပြီး ပေါက်ကွဲမှုကနေထွက်တဲ့ ဗုံးအစအနဟာ စားသောက်ဆိုင်ဟောင်းနဲ့ ပေတစ်ရာကျော်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုရဲဝင်းထွဋ်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာတွေကြောင့် ဆေးရုံပို့ခဲ့ရတာဖြစ်ပေမဲ့ ဆေးရုံအနောက်မှာ ကိုရဲဝင်းထွဋ် ဆုံးပါးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီကြေးရုပ်နေရာဝန်းကျင်ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ဆန္ဒပြပွဲတွေ မကြာခဏရှိနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြဲစောင့်ကြပ်နေတဲ့နေရာလည်းဖြစ်တယ်လို့ ပြောပါတယ်။
''အဲဒီနေရာမှာ စစ်ကောင်စီတပ်သားက အမြဲရှိတော့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားလာလို့မရဘူးဗျ။ ပေါက်တဲ့ဗုံးကလည်း ပေါက်ကွဲအားက ပေတရာကျော်အထိရောက်တယ်ဆိုတော့ စစ်ကောင်စီက ထောင်ထားတာ ဖြစ်ဖို့များတယ်။ ကောင်လေးက လက်ဖက်ရည်ဆိုင်မှာ မနက်စောစော ပလာတာရိုက်နေတာ။ သူ့နံရိုးကြားထဲကို ထိသွားတာ။ သူတို့လက်ဖက်ရည်ဆိုင်က ပေါက်ကွဲတဲ့နေရာနဲ့ မျက်နှာချင်းဆိုင်မှာရှိတာ။ ကျနော်တို့ တော်လှန်ရေးသမားတွေမှာ အဲ့လောက်ပေါက်ကွဲအားကောင်းတဲ့ ဗုံးမျိုးမရှိဘူး။ ဆန္ဒပြတဲ့သူတွေရှိလို့ စစ်ကောင်စီက ရည်ရွယ်ပြီးလုပ်တာလို့ပဲ ထင်တယ်''လို့ ခင်ဦးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
အဲဒီဗုံးကို ဘယ်သူထောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
အဲ့ဒီဗုံးစတွေဟာ ပေ ၃၀၀ ကျော်ဝေးတဲ့ ဈေးတောင်ဘက်အထိ ကျလာတာကိုလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်တုန်းကလည်း ခင်ဦးမြို့နယ်ထဲမှာ ဝန်ကြီးရွာက အထက်တန်းကျောင်းသား ၃ ယောက်အပါအဝင် လူငယ် ၇ ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံရပြီး တစ်ရက်အကြာမှာ အလောင်းတွေ စွန့်ပစ်ခံရတဲ့ဖြစ်စဥ် ရှိထားပါတယ်။
မောင်တောနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီ
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်မြောက်ဘက် မီးတိုက်ကျေးရွာအနီးမှာ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်ကစတင်လို့ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး တစ်နာရီခန့်အကြာမှာ တိုက်ပွဲအတော်လေး ပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်ကလည်း အကျအဆုံးတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ကျဆုံးမှုအခြေအနေတွေနဲ့ပတ်သက်လို့ နှစ်ဖက်တပ်တွေရဲ့ တာဝန်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်နေဆဲဖြစ်ပါတယ်။
အေအေနဲ့ စစ်တပ်ဟာ ပလက်ဝမြို့နယ်အတွင်းမှာလည်း ဒီမနက် ၅ နာရီလောက်က စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်တဲ့အခြေအနေကို ကြားလိုက်ရတယ်လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။
“မနက် ၄ နာရီ၊ ၄၅ မိနစ်မှာ တိုက်ပွဲဖြစ်တာစကြားရတယ်။ ပြင်းပြင်းထန်ထန်ကိုဖြစ်ခဲ့ကြတာပါ။ အဘောင်သားရွာနားက ကြပ်ချောင်းထဲမှာဖြစ်တယ်လို့သိရပါတယ်”လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ အဘောင်သားရွာလယ်မှာရှိတဲ့ ဇရပ်တစ်ဆောင်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စားအုန်းဆီအခြေခံ ရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၄၈၆၀ ဖြစ် ပြင်ပစျေးကွက်မှာ တပိဿာ ကျပ် ၁၂၀၀၀ အထိစျေးပေါက်နေ
စားအုန်းဆီအခြေခံ ရည်ညွှန်းဈေး တစ်ပိဿာကို ၄၈၆၀ ကျပ်ဖြစ်တယ်လို့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဩဂုတ် ၂၁ ရက် ထုတ်ပြန်ပါတယ်။
ဒီစျေးနှုန်းဟာ ရန်ကုန်အထိုင်ဈေး သတ်မှတ်ထားတာဖြစ်ပြီး ဩဂုတ် ၂၂ ရက် ကနေ ၂၈ ရက်အထိ အကျုံးဝင်မှာပါ။
ရည်ညွှန်းသတ်မှတ်စျေးမှာတင် စျေးမြင့်လာလို့ ပြင်ပစျေးကွက်မှာ အခုလက်ရှိပြင်ပပေါက်စျေးထက် စျေးပိုတက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ပြင်ပဈေးကွက်မှာတော့ စားအုန်းဆီတစ်ပိဿာကို ကျပ် ၁၂၀၀၀ နဲ့ ၁၃၀၀၀ကြားအထိ ဈေးပေါက်နေတယ်လို့ ဘီဘီစီ ရဲ့မှတ်ချက်မှာ လာရောက်ရေးသားထားကြပါတယ်။
“ဆီလျှော့စားလိုက်တော့တယ်။ အရင်လို ဆီမသတ်တော့ဘူး။ ရခိုင်ဟင်းလိုမျိုး ဆီမထည့်ဘဲ ချက်လို့ရတာမျိုးချက်တယ်။ တခါတလေ ဆီပါရုံ ဝေ့ပဲထည့်လိုက်တယ်” လို့ အိမ်ရှင်မတစ်ယောက်က ပြောပါတယ်။
မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းများအသင်းက မြို့နယ်တချို့မှာ စားအုန်းဆီရောင်းချပေးတဲ့ ဈေးနှုန်းဟာ ပြီးခဲ့တဲ့အပတ်က တစ်ပိဿာ ၄၃၀၀ ကျပ်ကနေ ဒီနေ့မှာတော့ တစ်ပိဿာ ကျပ် ၅ ထောင်နဲ့ ရောင်းချပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာ ဈေးနှုန်းမြှင့်တင်ရောင်းတာ၊ ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ မသမာတာတွေလုပ်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာ စျေးကွာဟချက်ကြီးနေတယ်လို့ ဝယ်ယူသူတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဆီကုန်သည်နဲ့လုပ်ငန်းရှင်များအသင်းက ရောင်းချတဲ့ဆီကို နာရီနဲ့ချီကြာအောင် စောင့်ဆိုင်းဝယ်ယူကြတဲ့မြင်ကွင်း
