မြန်မာစစ်တပ်အနေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ရပ်ရွာနဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာမလုပ်ဖို့ ကုလအထူးကိုယ်စားလှယ်တောင်းဆိုချက် စစ်ခေါင်းဆောင် ငြင်းဆို
မြန်မာနိုင်ငံရဲ့ဒေသတချို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမပြုလုပ်ဖို့နဲ့ ပြည်သူလူထုနေထိုင်ရာ ရပ်ရွာတွေနေအိမ်တွေ ကိုမီးရှို့ဖျက်ဆီးတာမပြုလုပ်ဖို့ ကုလအထူးကိုယ်စားလှယ်နိုလင်းဟေဇာက စစ်ခေါင်းဆောင်ကို သြဂုတ်လ ၁၇ ရက်ကတွေ့ဆုံစဥ် တောင်းဆိုခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာရောက်တိုက်ခိုက်တဲ့ သောင်းကျန်းသူတွေ တည်ရှိရာနေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာဖြစ်ပြီး မိမိတို့က စတင်တိုက်ခိုက်မှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ကြောင်း သြဂုတ် ၁၉ ရက်ညပိုင်းက စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုတုံ့ပြန်ချက်အရတော့ မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်တယ်ဆိုတဲ့အပေါ် ငြင်းချက်ထုတ်တဲ့သဘောမတွေ့ရဘူးလို့နားလည်ရပါတယ်။
တစ်ခါပြည်သူလူထုရဲ့ ကျေးရွာနဲ့ လူထုနေအိမ်တွေကိုမီးရှို့တဲ့ကိစ္စနဲ့ပတ်သက်လို့တော့ လုံး၀မှားယွင်းတယ်လို့ စစ်ခေါင်းဆောင်က ငြင်းချက်ထုတ်ပြီး ပြည်သူကို ကာကွယ်ပေးနေတာသာဖြစ်တယ်၊ ပြည်သူလူထုနေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့အချက်ကိုတော့ လုံး၀ငြင်းဆိုတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ လက်ရှိ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအပါအ၀င် စစ်အာဏာသိမ်းမှုကိုလက်နက်ကိုင်ဆန့်ကျင်မှုအားကောင်းတဲ့ဒေသတွေမှာ နေ့စဥ်လိုလို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး၀င်ရောက်နေပြီး ပီဒီအက်ဖ်တွေရှိတယ်ဆိုတဲ့သံသယ၊ ယူဆချက်၊ တစ်ခါ ပီဒီအက်ဖ်တွေကို ထောက်ခံကူညီတဲ့ဆိုတဲ့ ယူဆချက်တွေနဲ့ ကျေးရွာတွေကို မီးရှို့တာ၊ ဒေသခံအရပ်သားတွေကို ဖမ်းဆီးတာတွေရှိနေတယ်လို့မျက်မြင်ကြုံတွေ့ရတဲ့ကာယကံရှင်တွေ၊ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့






















