ပညာရေးဝန်ထမ်းသပိတ်ကော်မတီက ဆရာမတစ်ဦးကိုရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၅ နှစ်ချ

မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ဗဟိုကော်မတီဝင်တစ်ဦးဖြ်စတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက မျက်ကွယ်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အင်းစိန်ထောင် ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်

    လှိုင်မြစ်လမ်းပေါ်က အင်းစိန်ထောင်ပင်မဝင်ပေါက်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လှိုင်မြစ်လမ်းပေါ်က အင်းစိန်ထောင်ပင်မဝင်ပေါက်

    ရန်ကုန်၊အင်းစိန်ထောင်(ဗဟိုအကျဥ်းထောင်)ဟာ ဒီနေ့ သြဂုတ်လ ၂၂ ရက် မနက်အစောပိုင်းမှာ ဗုံးပစ်ခံခဲ့ရတယ်လို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။

    ဗုံးဟာ ထောင်တွင်းက စွယ်တော်လိုင်းခန်းအနီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးစ ထိမှန်တာကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ထောင်တွင်းအခြေအနသိရှိသူတစ်ဦးက ဘီဘီစီကို ပြောတယ်။

    ‘’ထောင်ပင်မဂိတ်ပေါက်ကဘက်ခြမ်း လှိုင်မြစ်လမ်းပေါ်ကနေ ထောင်ထဲကို ပစ်သွားတာ။ ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်ရတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ မနက် ၄ နာရီဝန်းကျင်ကနေ အခုနေ့လယ် ၁၂ နာရီအထိ အဲဒီနားမှာ သူတို့(စစ်တပ်)ခြေချင်းလိမ်နေတယ်’’ လို့ ထောင်အနီးနားနေထိုင်သူတစ်ဦးက ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ‌ထောင်အရာရှိတွေနေထိုင်တဲ့လိုင်းခန်းလို့ အနီးအနားနေထိုင်သူတွေက ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့လုပ်တယ်ဆိုတာ ထုတ်ပြန်ထားတာမျိုးမတွေ့ရသေးပါဘူး။

    အင်းစိန်ထောင်ကို ဘာကြောင့် တိုက်ခိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အခုလအတွင်း နိုင်ငံရေးအကျဥ်းသားအများစုပါတဲ့ အကျဥ်းသားတွေကို ထောင်ပြောင်းရွှေ့တာ၊ နောက် ထောင်တွင်းဖိနှိပ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီးမှာ အင်းစိန်ထောင်ကို အခုလို တိုက်ခိုက်မှုဖြစ်လာတာပါ။

  2. ရွှေကူမှာ စစ်တပ်က ရိက္ခာတင်သင်္ဘောကို ကာကွယ်ဖို့ လက်နက်ကြီးနဲ့ ပစ်ခတ်နေ, ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးထား

    ပြီးခဲ့တဲ့စနေနေ့တုန်းကလည်း ရိက္ခာတင်သင်္ဘောကို လုံခြုံရေးယူဖို့ မြေပြင်မှာ ဖြန့်ကြက်နေတဲ့စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ မြို့လှ PDF က ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့စနေနေ့တုန်းကလည်း ရိက္ခာတင်သင်္ဘောကို လုံခြုံရေးယူဖို့ မြေပြင်မှာ ဖြန့်ကြက်နေတဲ့စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ မြို့လှ PDF က ပြောပါတယ်။

    ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမှာ စစ်ကောင်စီတပ်က ဧရာဝတီမြစ်အတိုင်းဆင်းလာတဲ့ ရိက္ခာတင် သင်္ဘောကို ကာကွယ်ဖို့ မင်းကျောင်းကုန်းကျေးရွာအုပ်စုအတွင်းကို ဒီနေ့ သြဂုတ်လ ၂၂ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ‘’မြစ်ထဲမှာ ရိက္ခာတင်သင်္ဘောဖြတ်နေတော့ မြို့လှကနေ ပစ်ခတ်နေတာ။ အခု ဗုံးကျင်းထဲ ဝင်ပုန်းနေရတယ်’’ လို့ ဒေသခံတစ်ဦးက ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ ပြောထားပါတယ်။

    မြို့လှမှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့တုန်းကလည်း မင်ကျောင်းကုန်းရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

    သေဆုံးသူဟာ ဦးမျိုးမျိုးအောင်ဆိုသူဖြစ်ပြီး ခြံထဲမှာ ဝက်စာကျွေးနေချိန် လက်နက်ကြီးထိမှန်ခဲ့တာကြောင့် သေဆုံးချိန်မှာ ရုပ်ပျက်စီးတဲ့အထိဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူ့ရဲ့စျာပနကိုတော့ ပြုလုပ်ခဲ့ပြီးပြီလို့သိရပါတယ်။

    တစ်ဖက်မှာလည်း မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဟာ ဧရာဝတီမြစ်ကြောင်းထဲက ရိက္ခာတင်သင်္ဘောတွေကို လုံခြုံရေးယူဖို့ တပ်ဖြန့်နေတဲ့စစ်ကောင်စီတပ်နဲ့ ချောင်းဝရွာမှာ ဧပြီလ ၂၀ ရက် စနေနေ့က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

    ၁ ရက်အတွင်းဖြစ်တဲ့တိုက်ပွဲ ၂ ကြိမ်မှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးတယ်လို့လည်း မြို့လှပီဒီအက်ဖ်က သတင်းထုတ်ပြန်ထားပါတယ်။

  3. ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၅ ခုမှာ ဒီနေ့နေရာကွက်ပြီးမိုးကြီးမယ်

    ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ မုတ်သုံလေအားကောင်းနေတာကြောင့် ဒီနေ့ သြဂုတ် ၂၂ ရက် ညနေပိုင်း မှာ ရန်ကုန်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နဲ့ ကချင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

    ရန်ကုန်နဲ့ မန္တလေးမှာတော့ မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်းပြည့်လို့ မိုးဇလ ထုတ်ပြန်ချက်ကဆိုပါတယ်။

    စစ်ကိုင်း၊ ချင်းပြည်နယ်တွေမှာ နေရာစိပ်စိပ်၊ မကွေးတိုင်းမှာ နေရာကျဲကျဲ၊ ကျန်တိုင်းတွေမှာတော့ မိုးထစ်ချုန်းရွာမှာဖြစ်ပြီး နောက်နှစ်ရက်အတွင်းမှာလည်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ မိုးပိုလာမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့မှာ နှစ်ပေါင်း ၅၀ကျော်အတွင်း စံချိန်တင်မိုးများပြီးရေကြီးခဲ့တာကြောင့် မြို့နေရာအများစုမှာ အဆိုးရွားဆုံးရေကြီးရေလျှံတာတွေဖြစ်ခဲ့ပါတယ်။

    ရပ်ကွက်အချို့မှာနေအိမ်တွေ ရေမြုပ်ခဲ့သလို လမ်းမကြီးတွေမှာ သွားလာရေးတွေခက်ခဲတဲ့အထိဖြစ်ခဲ့ပါတယ်။ တခါ မြစ်တွေရဲ့ စိုးရိမ်ရေမှတ်အနေနဲ့လည်း ဧရာဝတီမြစ်မှာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သီပေါ ၊ စစ်တောင်းမြစ်မှာ တောင်ငူ၊ မဒေါက်၊ ရွှေကျင်မြစ်မှာ ရွှေကျင်၊ ပဲခူးမြစ်မှာ ဇောင်းတူ၊ ပဲခူး၊ ဘီးလင်းမြစ်မှာ ဘီးလင်းမြို့ စတဲ့ မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်ကို တက်နိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။

    ရန်ကုန်၊ ရေကြီး၊ မိုးများ၊

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နှစ်ပေါင်း ၅၀ ကျော်အတွင်း မိုးရေချိန် စံချိန်သစ်ကြောင့် ရေကြီးရေလျှံခဲ့တဲ့ရန်ကုန်
  4. CRPH၊ NUG နဲ့ PDF ကို ထောက်ပံ့လို့ဆိုပြီး မန္တလေးက ကျောက်မျက်လုပ်ငန်းရှင် ဖမ်းဆီးခံရ, ကျပ်သိန်းပေါင်း သိန်းချီတဲ့ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက သိမ်းဆည်း

    သိမ်းဆည်းလိုက်တယ်ဆိုတဲ့ ဖားကန့်က ကျောက်စိမ်းလုပ်ကွက်

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, သိမ်းဆည်းလိုက်တယ်ဆိုတဲ့ ဖားကန့်က ကျောက်စိမ်းလုပ်ကွက်

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေးမြို့က ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကို ဖမ်းဆီးလိုက်တယ်ဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

    ဖမ်းဆီးခံရသူဟာ ဦးကျော်သူရဆိုသူဖြစ်ပြီး သူ့ရဲ့ ယာဥ်မောင်းကို စစ်တပ်က ဖမ်းဆီးမိရာကနေ ဦးကျော်သူရက NUG၊ CRPH နဲ့ PDF တွေကို ထောက်ပံ့တာ ဆက်စပ်သိရှိပြီး ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

    ဦးကျော်သူရဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို သိန်းပေါင်း ခြောက်ထောင်ကျော် ထောက်ပံ့ခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က ပြောပါတယ်။

    ဒါ့ပြင် မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ဦးကျော်သူရပိုင် နေအိမ်၊ ခြံဝင်းနဲ့ကားတွေ၊ နောက် ဖားကန့်မှာရှိတဲ့ သူ့ရဲ့ကျောက်စိမ်းတူးဖော်လုပ်ကွက်တွေ တန်ဖိုးစုစုပေါင်း သိန်းပေါင်း ၁၂၀၀၀ နီးပါးပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တယ်လို့လည်း ဆိုပါတယ်။

    NUG၊ CRPH နဲ့ PDF တွေကို ထောက်ပံ့သူတွေကို ဖမ်းဆီးတယ်ဆိုတဲ့သတင်းတွေကို စစ်ကောင်စီလက် အောက်နိုင်ငံပိုင်မီဒီယာတွေက နေ့စဥ် ဖော်ပြနေပေမဲ့ အခုလိုကျောက်မျက်လုပ်ငန်းရှင်တစ်ဦးနဲ့ ပိုင်ဆိုင်မှု ကျပ်သိန်းပေါင်း သိန်းချီကို ဖမ်းဆီးတာဟာ ပထမဆုံးလို့ ဘီဘီစီက နားလည်ရပါတယ်။

  5. ပြင်ဦးလွင်၊ ရပ်ကွက်ကြီး ၈၊ ယုဇနလမ်းသွယ် မှာနေထိုင်သူတွေကို သြဂုတ် ၂၆ ရက် နောက်ဆုံးထားဖယ်ရှားခိုင်း

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ၈၊ ယုဇနလမ်းသွယ် မှာရှိတဲ့ နေအိမ်နဲ့တဲတွေကို ကျူးကျော်နေအိမ်လို့ဆိုကာ ဩဂုတ် ၂၆ ရက်မှာ နောက်ဆုံးထားဖယ်ရှားဖို့နဲ့ မဖယ်ဘူးဆိုရင် ဘူဒိုဇာနဲ့နေအိမ်တွေကို ဖြိုမယ့်အကြောင်း မနေ့က ဩဂုတ် ၂၀ ရက်မှာ ရပ်ကွက်ရုံးက ခေါ်ပြောတယ်လို့ အဲဒီမှာနေထိုင်သူတွေက ပြောပါတယ်။

    “ ဒီမြေတွေက ပိုင်ရှင်တွေရှိတယ် ဖယ်ပေးရမယ်တဲ့။ ကျမတို့ နေလာတာ နှစ် ၂၀ လောက်ရှိပြီ ၊ ပိုင်ရှင်က အခုမှပေါ်လာတာမဖြစ်သင့်ဘူး။ မဖယ်ရင် ဘူဒိုဇာနဲ့ထိုးမယ်၊ ဘူဒိုဇာထိုးခကိုလည်း အထိုးခံရတဲ့ အိမ်ပိုင်ရှင်တွေက ရှင်းပေးရမယ်တဲ့ “ လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    အဲ့ဒီနေရာကို စနေတုန်းက ခြုံတွေ၊ နွယ်တွေသာရှိနေတာကြောင့် ခုတ်ထွင်ရှင်းလင်းပြီး နေခဲ့တာဖြစ်ပြီး ၊ တဖြည်းဖြည်းနဲ့ လူစည်ကားလာကာ အိမ်ထောင်စုပေါင်း ၃၀၀ ဝန်းကျင် ရှိလာတဲ့အချိန်မှာ ပိုင်ရှင်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားခိုင်းတာလို့ဆိုပါတယ်။

    ဒါပေမဲ့ ပိုင်ရှင်က ဘယ်သူဘယ်ဝါမှန်း မသိရဘူးလို့ ပြောကြပါတယ်။ လက်ရှိအချိန်မှာ ကုန်ဈေးနှုန်းကြီးတာ၊ မိုးရာသီဖြစ်တာတွေကြောင့် ပြောင်းရွှေ့ဖို့ မတတ်နိုင်ကြသေးဘူးလို့လည်း ပြောကြပါတယ်။

    ဒီလိုပြောင်းရွှေ့ဖို့ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာတုန်းကလည်း လာရောက်အကြောင်းကြားပေမဲ့ နေပြည်တော်အထိ အသနားခံစာတွေ တင်ခဲ့တာကြောင့် ရပ်နားထားပြီး စစ်ကောင်စီလက်ထက်မှာ အခုလို ထပ်ပြီး ပြောင်းရွှေ့ခိုင်းတာကြောင့် စိုးရိမ်နေကြတယ်လို့လည်း အဲ့ဒီက ဒေသခံတွေက ပြောပါတယ်။

    ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၈ ၊ ယုဇနလမ်းသွယ်၊ ပြည်သာယာလမ်းနဲ့ ရတနာလမ်းကြားက လမ်းမြေပေါ်မှာ အဆောက်အဦဆောက်ပြီး နေထိုင်သူတွေကို ဩဂုတ် ၂၆ ရက် နောက်ဆုံးထား အမြန်ဆုံးဖယ်ရှားရှင်းလင်းသွားဖို့၊ ဖယ်ရှားရှင်းလင်းခြင်းမရှိ ရင် တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်စာမှာဖော်ပြထားပါတယ်။

    ပြင်ဦးလွင် ကျူးကျော်နေအိမ် ၊ စစ်ကောင်စီဖယ်ရှားခိုင်း၊

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဖယ်ပေးရမယ့် နေအိမ်တွေ
  6. မူဆယ်မှာ ပေါက်ကွဲမှုဖြစ်

    မင်္ဂလာမူဆယ်လမ်းမပေါ်မှာ ပေါက်ကွဲမှုဖြစ်

    ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က မင်္ဂလာမူဆယ်လမ်းပေါ်မှာ ဒီနေ့ သြဂုတ်လ ၂၁ ရက် မွန်းလွဲပိုင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

    ပေါက်ကွဲမှုဟာ လမ်းပေါ် က လောင်းကစားရုံ အဆောက်အအုံမှာဖြစ်ခဲ့တာလို့ မြို့ခံတစ်ချို့က ပြောပါတယ်။

    လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေပြီး ပေါက်ကွဲချိန်ကို ရိုက်ကူးထားတယ်လို့ဆိုတဲ့ ရုပ်သံဖိုင်မှာတော့ ပေါက်ကွဲမှုဖြစ်ပြီး စက္ကန့်ပိုင်းအကြာ လမ်းမကြီးတစ်ခုပေါ်က အဆောက်အအုံတစ်ခုအနီးမှာ မီးခိုးလုံးတွေ ကောင်းကင်ကို ထိုးတက်သွားတာတွေ့ရပါတယ်။

    ဒီတိုက်ခိုက်မှုမှာ လူတစ်ဦးဒဏ်ရာရတယ်လို့ မြို့ခံအချို့က ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ဒီပေါက်ကွဲမှုအပြီးမှာတော့ စစ်ကောင်စီတပ်က မြို့တွင်းမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

    လက်ရှိမှာ‌တော့ ဒီဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    အခု သြဂုတ်လ ၁ ရက်နေ့တုန်းက မူဆယ်မြို့ မီးပွိုင့်အနီးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တာကြောင့် လူတစ်ဦး သေဆုံးပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ ယာဥ်ထိန်းရဲ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    အဲဒီနောက် သြဂုတ်လ ၂ ရက်မှာလည်း အဲဒီမီးပွိုင့်အနီးမှာပဲ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ချို့ သေနတ်နဲ့ ပစ်ခတ်တာခံခဲ့ရပါတယ်။

  7. မုံရွာက ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရ

    ညောင်ဖြူပင်ရွာ

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ညောင်ဖြူပင်ရဲစခန်းကို ဒီနေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့တယ်ဆိုပြီး မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA)က သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီတိုက်ခိုက်မှုကို အနီးကပ် ပြုလုပ်ခဲ့တာကြောင့် စခန်းမှာစောင့်နေတဲ့ ရဲနဲ့ စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

    ‘’ ရဲစခန်းတိုက်ခိုက်မှုလည်းပြီးရော စခန်းကို စစ်သားနဲ့ပျူ ၄၀ လောက် အင်အားဖြန့်ကြက်ထားတယ်လို့ သိရပါတယ်။ တောပုရွာဘက်က ပျူတွေလည်း အဲဒီစခန်းကို လာပူးပေါင်းနေတယ်လို့ သိရတယ်။ လက်ရှိမှာ ဒီတိုက်ပွဲနဲ့ဆက်စပ်ပြီး မုံရွာ-အမြင့်လမ်းကို ပိတ်ထားလိုက်ပြီ’’ လို့ နယ်မြေအခြေအနေသိရှိသူတစ်ဦးက ပြောပြပါတယ်။

    ဒီတိုက်ခိုက်မှုမှာ ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် က ရဲဘော် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သလို ကျည်ဘောက် ၃ ခုလည်း ကျကျန်ခဲ့လို့ ကာကွယ်ရေးအဖွဲ့ဘက်က သတင်းထုတ်ပြန်ပါတယ်။

    ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြချက်အရဆိုရင် လက်ရှိမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းက စစ်အချို့ ဒေသခံတွေအပြောအရ ပျူစောထီးရွာလို့ လူသိများတဲ့ တောပုရွာထဲကို ရောက်နေတယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း ‌ညောင်ဖြူပင်ရွာရဲစခန်းမှူလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီး မိုင်းဆွဲခံခဲ့ရတာကြောင့် ဒဏ်ရာခဲ့တဲ့စခန်းမှူးဟာ မုံရွာက စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတုန်း သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ က သတင်းထုတ်ပြန်ဖူးပါတယ်။

  8. ဟုမ္မလင်းမြို့နယ်မှာ တက်ကြွလှုပ်ရှားတစ်ယောက်နဲ့ လူငယ်သုံးယောက်အဖမ်းခံရ

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြရွာက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးမျိုးသန်းထွဋ်နဲ့ လူငယ် ၃ ယောက်ဟာ ခရီးသွားလာရင်း ကချင်ပြည်နယ် ဟိုပင်မြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံလိုက်ရတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    သူတို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က အဖမ်းခံခဲ့ရတာဖြစ်ပြီး စစ်ကြောရေးစခန်းမှာရောက်နေတယ်လို့ဆိုပါတယ်။

    “ အဖမ်းခံရတုန်းက ကျန်းမာရေးကောင်းတယ်၊ လောလောဆယ် မိုးကောင်းတပ်ထဲမှာစစ်ကြောရေး လုပ်နေတယ်လို့ သိရတယ်။ လူငယ်တွေကိုမိရင် ဥပဒေမဲ့ သတ်ချင်တိုင်းသတ်တာမို့ သူတို့အတွက် အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်“လို့ နီးစပ်သူကဆိုပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်တုန်းကလည်း နောင်ပါးကျစ်ရပ်ကွက်က တက်ကြွလှုပ်ရှားသူ ကိုကျော်ဝင်းစိန်ဟာ မန္တလေးမြို့က ဆေးခန်းတစ်ခုမှာ ဆေးကုသဖို့စောင့်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရပါတယ်။

    လက်ရှိအဖမ်းခံထားရသူတွေဟာ ဆန္ဒပြပွဲမှာသာ ပါဝင်သူတွေဖြစ်ပြီး မည်သည့်ပြစ်မှုမှ ကျူးလွန်ထားတာမရှိဘူးလို့လည်း မြို့ခံတွေကပြောပါတယ်။

    တက်ကြွလှုပ်ရှားသူအဖမ်းခံရ၊ စစ်ကောင်စီဖမ်းဆီး

    ဓာတ်ပုံ ရင်းမြစ်, ဟုမ္မလင်းရွှေမြို့တေ်

    ဓာတ်ပုံ ပုံစာ, ဟုမ္မလင်းမြို့အဝင်နေရာ
  9. စစ်ကောင်စီတပ်က ရှားတောမြို့နယ်က ခြေကုပ်စခန်းတစ်ခုကို စွန့်သွားပြီလို့ ကရင်နီတပ် ပြော

    စစ်ကောင်စီတပ်က ရှားတောမြို့နယ်က ခြေကုပ်စခန်းတစ်ခုကို စွန့်သွားပြီလို့ ကရင်နီတပ် ပြော

    ဓာတ်ပုံ ရင်းမြစ်, Karenni Army

    စစ်ကောင်စီတပ်ဟာ ရှမ်း၊ ကယား(ကရင်နီ)နယ်စပ်၊ ရှားတောမြို့နယ်ထဲက ခြေကုပ်စခန်းတစ်ခုကို စွန့်ခွာသွားပြီဆိုပြီး ကရင်နီတပ်မတော် (KA) က ဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီစခန်းဟာ ဒေသအခေါ် တငူးဆိုလို့ခေါ်တဲ့ အမှတ်- ၅၃၅၀ ခြေကုပ်စခန်းပွိုင့် ဖြစ်ပြီး ကရင်နီတပ်၊ ရှားတောအခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ခဲ့အပြီးမှာ စစ်တပ်က စခန်းကို စွန့်သွားတာလို့လည်း ဆိုပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်က အဲဒီစခန်းကို မီးရှို့ပြီး စွန့်ခွာ သွားတယ်လို့ ပြောပေမဲ့ ဘယ်နေ့ကတည်းက စွန့်ခွာသွားတယ်ဆိုတာမျိုး တိတိကျကျ ဖော်ပြထားတာ မတွေ့ရသေးပါဘူး။

    ဒါပေမဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သြဂုတ်လလယ်ပိုင်း အခြေအနေ တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာတော့ တငူဆိုး တပ်စခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ သြဂုတ်လ ၇ ရက်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် ရှား‌တောမြို့နယ်ထဲက စစ်တပ် ကြားစခန်းအပါအဝင် ခြေကုပ်စခန်း ၈ ခုကို သိမ်းထားနိုင်ပြီလို့ ကရင်နီတပ်ဘက်က ပြောပေမဲ့ စစ်ကောင်စီဘက်ကတော့ ရှားတောက အခြေအနေတွေနဲ့ ပတ်သက်ပြီး တစုံတရာသတင်းမထုတ်ပြန်သေးပါဘူး။

    တစ်ဖက်မှာလည်း ကရင်နီတပ်(KA)ဟာ စစ်ကောင်စီတပ်စခန်းတစ်ချို့ကို တိုက်ခိုက်မှုတွေ လုပ်နေခဲ့ပြီး ပြီးခဲ့တဲ့မေလ တုန်းကဆိုရင် ရှားတောမြို့အရှေ့ခြမ်း၊ သံလွင်မြစ်ဘေးက တာမမောစခန်းကိုတိုက်ခိုက်မှုလုပ်ခဲ့ပါသေးတယ်။

  10. သံတွဲမှာ ဖမ်းဆီးခံရတဲ့ရိုဟင်ဂျာတွေ စစ်ဆေးမေးမြန်းခံနေရ

    ငပလီမြို့မှာ ရိုဟင်ဂျာ ၂၅ ဦး ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, Aung Kyaw Moe

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့က ဂေါ့ကမ်းခြေမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၂၅ ဦးကို စစ်ကောင်စီဘက်က စစ်ဆေးမေးမြန်းနေတယ်လို့ ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

    အဲဒီရိုဟင်ဂျာတွေဟာ စက်လှေနဲ့ ပြည်ပထွက်ဖို့ ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေကနေ ထွက်ခွာလာကြသူတွေဖြစ်ပြီး ရာသီဥတုဆိုးတာကြောင့် စက်လှေကို ကမ်းကပ်ချိန်မှာ သြဂုတ်လ ၁၉ ရက်တုန်းက ဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။

    ‘’ထွက်လာကြသူတွေက ၄၀ နီးပါးရှိတယ်။ အဲဒီထဲက ၂၅ ဦး ဖမ်းမိတာ။ ကျန်တဲ့လူတွေ အခြေအနေကိုတော့ စုံစမ်းနေကြတုန်းပါပဲ။ အခုတော့ သူတို့ကို ရဲစခန်းမှာဖမ်းထားတယ်လို့ သိတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ပိုတင်းကျပ်တဲ့ဒေသန္တရဥပဒေတွေ ထုတ်တော့ စားဝတ်နေရေးခက်ခဲကုန်တယ်။ အဲဒီတော့ အသက်ပဲ သေသေဆိုပြီး ပြည်ပထွက်ဖို့ ကြိုးစားကြတာ’’လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဝန်ကြီးဌာန အတိုင်ပင်ခံတစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးထဲက နေရပ်စွန့်ခွာပြီး ရေလမ်း၊ ကုန်းလမ်းကနေတဆင့် ပြည်ပထွက်ခွာဖို့ ကြိုးပမ်းကြရင်း ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ တစ်ထောင်နီးပါးအထိရှိနေတယ်လို့လည်း သူက ပြောပါတယ်။

    ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်အတွင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းရင်း ဖမ်းဆီးခံရတဲ့အခါ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေတွေထဲက နယ်မြေဖြတ်ကျော်မှုဆိုင်ရာပုဒ်မတွေနဲ့ တရားစွဲဆိုခံရပြီး အနည်းဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရကာ နေရပ်ပြန်ပို့ခံနေရတယ်လို့ ဖမ်းဆီးခံတွေအရေး ဆောင်ရွက်ပေးနေသူတွေက ဘီဘီစီကို ပြောထားပါတယ်။

    အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ရိုဟင်ဂျာကလေးငယ်တွေလည်း ပါဝင်ပြီး အဲဒီကလေးငယ်တွေဟာ သက်ဆိုင်ရာ တရားရုံးတွေက ထောင်ဒဏ်ချမှတ်ပြီးတဲ့အခါ လူငယ်ထိန်းသိမ်းရေးစခန်းတွေကို အပို့ခံနေကြရတယ်လို့လည်း ဖမ်းဆီးခံတွေအရေးဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

    ပြည်ပထွက်ဖို့ကြိုးပမ်းရင်းဖမ်းဆီးခံရသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့သူတွေလည်း ပါဝင်ပေမဲ့ အများစုဟာ ရခိုင်ပြည်နယ်ထဲက ဖြစ်တယ်လို့ သိရပါတယ်။

  11. ခင်ဦးမြို့နယ် စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေတိုက်ခိုက်

    မဒေါင်းလှရွာ၊ စစ်ကောင်စီတပ်စွဲ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပူးပေါင်းတိုက်ခိုက်၊ ခင်ဦးမြိုနယ်

    ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်တွဲထားတဲ့ မဒေါင်းလှကျေးရွာ

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ မဒေါင်းလှကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ဒေသအခေါ် ပျူစောထီးအဖွဲ့ဝင် တွေအကြား ဩဂုတ် ၂၀ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

    အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီနဲ့ပျူစောထီး အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက အရပ်လေးမျက်နှာကနေ နေ့လယ် ၂ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ကြာပြီး စစ်ကောင်စီဘက်က ငါးယောက် သေဆုံးတယ်လို့ဆိုပါတယ်။

    “အဲ့ဒီစစ်တပ်က ရွာတွေထဲက ပစ္စည်းတွေ၊ ရိက္ခာတွေ ဝင်ယူတယ်။ မီးရှို့တယ်။ ပြီးခဲ့တဲ့ ၃ လပိုင်းတုန်းက မဒေါင်းကြီးကျေးရွာကို ပစ္စည်းတွေ ဝင်ယူကြတုန်း ကိုးတန်းကျောင်းသား သားအဖကို ပစ်သတ်ပြီး အိမ်ပါမီးရှို့ခဲ့တာ၊ သူတို့နဲ့ ဆုံတဲ့ မိန်းကလေးတွေကိုလည်း ထိကပါး ရိကပါးလုပ်တယ် “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    စစ်ကောင်စီဘက်က အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်တာမရှိ‌သေးသလို သေဆုံးထိခိုက်တာတွေကိုလည်း ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ဒါ့အပြင်ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဟာ မဒေါင်းလှကျေးရွာအရှေ့မြောက်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

  12. ဖလမ်းမြို့မှာ CNO က ကုတင် ၅၀ ဆံ့ ဆေးရုံဖွင့်

    #CNO #ဆေးရုံ#ကုတင်၅၀

    ဓာတ်ပုံ ရင်းမြစ်, CNO သတင်းထုတ်ပြန်ရေး

    ဓာတ်ပုံ ပုံစာ, CNO က ဖွင့်လိုက်တဲ့ ကုတင် ၅၀ ဆံ့ဆေးရုံ

    ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ ကုတင် ၅၀ ဆံ့ ဆေးရုံကို ဖွင့်လိုက်ပြီဆိုပြီး ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)က သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီဆေးရုံဟာ CNO/CNDF ကို ၂၀၂၁ ခုနှစ်မှာစတင်ဖွဲ့စည်းတဲ့အချိန်ကစလို့ ဆေးကုသရေးတွေ လုပ်ပေးနေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ဆေးရုံအဖြစ် တိုးချဲ့ကာ ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့က ဆရာဝန်တွေနဲ့ လက်တွဲပြီး ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ခွဲစိတ်ကုသတာ၊ ကလေးမီးဖွားပေးတာနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်တဲ့ ဝန်ဆောင်မှုတွေ ပေးနေတာလို့ CNO သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

    ဆေးရုံဖွင့်ပွဲကို မနေ့ သြဂုတ်လ ၂၀ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(CNDF)နဲ့ CNO တာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)တို့ကလည်း သဝဏ်လွှာပေးအပ်ခဲ့ပါတယ်။

  13. တစ်ကျော့ပြန်စစ်ပွဲကြောင့် မောင်တောနဲ့ ရသေ့တောင်မြို့နယ်မှာ စားနပ်ရိက္ခာပြတ်

  14. မြန်မာကိုဗစ်ကူးစက်မှု နောက်ဆုံးအခြေအနေ

    မြန်မာမှာ အိုမီခရွန်ဗီဇပြောင်းပိုး BA.4, BA.5, BA 2.75 နှင့် BA 2.76 တို့တွေ့ရှိလာရတာကြောင့် ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့ အရေးကြီးလာပြီလို့ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

    ရက်ပေါင်း ၁၂၆ ရက်ကြာပြီးတဲ့နောက် ပြည်တွင်းမှာ ကိုဗစ်နဲ့ သေဆုံးသူစရှိလာတဲ့အကြောင်း အခုသြဂုတ်လ ၁၁ ရက်နေ့မှာပဲ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသလို အဲဒီနောက်ပိုင်း နေ့စဥ်ထုတ်ပြန်ချက်တွေအရလည်း ကိုဗစ်ကူးစက်သူ အယောက် ၃၀ ကနေ ၅၀ကြား ရှိနေပါတယ်။

    ဒါ့အပြင်ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူအသစ်တွေ့ရှိမှုမှာ ၄၀ ရာခိုင်နူန်းက ပြည်ပကနေပြန်လာသူတွေဖြစ်ပြီး ၆၀ ရာခိုင်နူန်းခန့်က ပြည်တွင်းကူးစက်မှုတွေ ဖြစ်နေတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနရဲ့သြဂုတ် ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    ကိုဗစ် တတိယလှိုင်းဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်မှု သေဆုံးမှုမရှိသလောက် လျော့ပါးသွားတာ တနှစ်နီးပါးရှိလာပြီဖြစ်လို့ လူထုကြားမှာ နှာခေါင်းစည်းတပ်တာနဲ့ ကာကွယ်မှုတွေလည်း လျော့ကျနေတဲ့အချိန်မှာ တကျော့ပြန်ရောဂါထပ်တိုးတာတွေဖြစ်လာမယ့်အခြေအနေကို သတိပြုသင့်တယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

    ဒါကြောင့် ထပ်ဆောင်းကာကွယ်ဆေးထိုးထားတာ ၆ လကြာပြီးရင် ခုခံကာကွယ်နိုင်စွမ်းတွေလျော့ ကျတတ်တာကြောင့် ကာကွယ်ဆေး ထိုးပြီး ၆ လအကြာမှာ ထပ်ထိုးသင့်တယ်လို့လည်း အကြံပြုကြပါတယ်။

    ကိုဗစ်ပိုးစစ်ဆေး

    ဓာတ်ပုံ ရင်းမြစ်, MPA

  15. မြဝတီ နယ်စပ်ကုန်သွယ်ရေး ဇုန်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေ

  16. လက်မှတ်ရောင်းချကတည်းက ခရီးသည်ရဲ့ နေရပ်လိပ်စာအပါအဝင် အချက်လက်တွေကို မှတ်တမ်းယူဖို့ ညွှန်ကြား

    ခရီးသည်တွေကို ခရီးသွားလက်မှတ်ရောင်းချတာနဲ့ ခရီးသည်နာမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပတ်အပြည့်အစုံကို ရယူပြီးမှသာ ရောင်းချဖို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ဩဂုတ် ၁၉ ရက်စွဲနဲ့ ညွှန်ကြားထားပါတယ်။

    “ အရင်က လက်မှတ်ဝယ်ရင် ဖုန်းနံပါတ်နဲ့ ခုံအရေအတွက်ပဲ အရင်တောင်းတယ်။ ကားပေါ်ရောက်မှ ဆင်းမယ့်နေရာတွေ၊ မှတ်ပုံတင်နံပါတ်တွေကို ယာဉ်အကူတွေကတောင်းတယ်။ အခုတော့ နေရပ်လိပ်စာတွေအထိပါလိုက်တောင်းနေတာဆိုတော့ ခရီးသွားတွေကိုပါ တင်းကျပ်လိုက်တဲ့သဘောပဲ“လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။

    ဒါ့အပြင် ဂိတ်စကနေမဟုတ်ဘဲ လမ်းခရီးတစ်ဝက်ကနေ လိုက်ပါမယ့် ခရီးသည်တွေကိုလည်း နာမည်၊ လိပ်စာ၊ ဖုန်းနံပတ်၊ အပြည့်အစုံကို မှတ်တမ်းယူဖို့ ၊ ခရီးစဉ် မထွက်ခင် ယာဉ်ပေါ်ကို တင်ဆောင်ချိန်မှာ ခရီးသွားလက်မှတ်နဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေကို တိုက်ဆိုင်စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

    မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ကို ဆက်သွယ်ထားတဲ့ ရတနာပုံတံတားပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ခရီသည်တင်ကားတစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

    Yangon Express bus cars.

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရန်ကုန်အောင်မဂ်လာအ၀ေးပြေး၀င်းကိုတွေ့ရစဥ်/ပုံဟောင်း
  17. ရွှေနဲ့ဒေါ်လာ ဈေးအမြင့်မှာ ဆက်ရှိနေ

    ရွေဈေး၊ ‌ဒေါ်လာဈေး မြင့်တက်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြန်မာကျပ်ငွေကို ယုံကြည်မှုနည်းလာတာကြောင့် အဝယ်များလာတဲ့ ရွှေ

    ဩဂုတ် ၂၀ ရက် ဒီနေ့ ဒေါ်လာဈေးက ရောင်းဈေး တစ်ဒေါ်လာ ကျပ်၂၉၀၀ ဝန်းကျင်နဲ့ ဝယ်ဈေးက ကျပ်၂၈၆၀ ဝန်းကျင် ရှိနေပြီး ရွှေဈေးကလည်းကလည်း ကျပ် ၂၆ သိန်း၈သောင်းခွဲ ဝန်းကျင်မှာ ရှိနေပါတယ်။

    ဒေါ်လာဈေးနှုန်းကို ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ်၂၁၀၀ သတ်မှတ်ထားပေမဲ့ အပြင်မှာ ပေါက်ဈေးက သတ်မှတ်ဈေးထက် ၈၀၀ လောက် ကွာဟနေသလို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားတဲ့ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားဈေးနှုန်းဟာလည်း ကျပ် သိန်း ၂၀ ကျော်သာရှိတာကြောင့် ပြင်ပပေါက်ဈေးနဲ့ဆိုရင် ၇ သိန်းခန့် ကွာဟနေပါတယ်။

    လက်ရှိ ဈေးနှုန်းတွေက အချိန်နဲ့အမျှ အတက်ကျ ရှိနေတာကြောင့် ဈေးနှုန်းတွေကို ခန့်မှန်းလို့မရဘူးလို့ ရောင်းဝယ်သူတွေက ပြောကြပါတယ်။

    ဒါပေမဲ့ လက်ရှိ စစ်ကောင်စီရဲ့ဗဟိုဘဏ်ကနေ တင်းကျပ်ထားတဲ့ ထိန်းချုပ်မှုတွေ၊ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းတာတွေကြောင့် ရွှေနဲ့ဒေါ်လာဈေးနှုန်းတွေ ပြန်ကျနိုင်တဲ့အခြေအနေမှာ မရှိဘူးလို့ ခန့်မှန်းကြပါတယ်။

    မန္တလေးမြို့က ရွှေဆိုင်ပိုင်ရှင်တစ်ယောက် ပြောပြတာကတော့ "မြန်မာငွေကိုင်ထားရမှာကို ကြောက်လာကြတယ်။ အလုပ်ကိုင်တွေကလည်း မဖြစ်ကြတော့ ငွေကိုစုထားဖို့အတွက် ရွှေဘက်ကို လိုက်ကြတာ။ အဝယ်များတော့ ရွှေကလည်း ဈေးတက်လာတယ်။ ဒါတွေ ဈေးကျဖို့ကတော့ ကျပ်ငွေကို လူတွေပြန်ယုံကြည်အောင်လုပ်မှပဲရမယ်" လို့မှတ်ချက်ပေးပါတယ်။

  18. ကော့ကရိတ်မြို့နဲ့ကျေးရွာတွေကို ဆက်သွယ်ထားတဲ့လမ်းတွေကို စစ်ကောင်စီပိတ်ထား, ဌာနဆိုင်ရာရုံးတချို့ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဆို

    ကော့ကရိတ်မြို့တွင်း စစ်ကောင်စီရဲ့ရဲစခန်းနှစ်ခုနဲ့ ဘန်ကာတစ်ခုတို့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း KNLA ပူးပေါင်းတပ်တွေ ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် သြဂုတ် ၁၈ရက်ကစလို့ ကော့ကရိတ်မြို့နဲ့အနီးတ၀ိုက် ကျေးရွာတွေကို ဆက်သွယ်ထားတဲ့လမ်းမတွေကို စစ်ကောင်စီရဲ့စည်ပင်ဌာနက ပိတ်ထားလိုက်ပြီး ကော့ကရိတ်မြို့ပေါ် ဌာန ဆိုင်ရာ ရုံးတချို့ကိုလည်း ရက်အန့်အသတ်မရှိ ပိတ်ထားတယ်လို့ သိရကြောင်း ဒေသခံတွေကပြောပါတယ်။

    “စစ်တပ်က ရပ်ကွက် နေရာစုံ မှာ ကင်းပုန်းချထားတယ်။ မြို့တော်ဦး၊ တတန်ကူး၊ ချောင်းသောင်၊ ပုလဲဖြူ နာ/ကူ လမ်းသွယ်၊ ဝါဆိုဦး၊ ကော့နွဲ့ ၊ ခနိမ်းမူ စတဲ့ ရွာတွေနဲ့ ဆက်ထားတဲ့ လမ်းမ ထိပ်တွေ ကို ကတ္တရာပုံးတွေထဲ ကွန်ကရစ်လောင်းထည့်ပြီး လမ်းပိတ်တယ်၊ သဲအိတ်၊ လမ်းခင်းတဲ့ ကျောက်ကြီးတုံးတွေနဲ့ လိုက်ချပိတ်ထားတယ်။ မနေ့ကဆိုရင် ကော့ကရိတ်မြို့က လိုင်းကားတွေ ၊ စျေးကုန်ကားတွေကိုတောင် ပစ္စည်းတွေ တစ်ခုချင်း ချစစ်ပြီးမှ မြို့ အ၀င် ကြာပန်း အဝိုင်းလမ်း ဆုံ ထပ်နားက ဂိတ်က ၀င်ခွင့်ပေးတယ်၊ သူတို့ စစ်ကောင်စီ ရုံးတွေ လည်း ပိတ်လိုက်တယ်။ တချို့၀န်ထမ်းတွေ ကတော့ သူတို့နေရပ်ပြန်ကြပြီ၊ လိုင်းခန်းတန်းလျားတွေမှာ မနေရဲကြတော့ဘူး ၊ မြို့ခံထဲက တချို့ ၀န်ထမ်းတွေလည်း အပြင်မထွက်ရဲကြတော့ဘူး”လို့ကော့ကရိတ်မြို့ခံတစ်ဦးကပြောပါတယ်။

    Kok Krait, Karen State,KNLA/KNU, Military

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဌာနဆိုင်ရာရုံးတချို့ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်ဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ စစ်ကောင်စီတပ်တွေက စစ်ကား ၄ စီးပါတဲ့ ယာဥ်တန်းနဲ့ အင်အား ၅၀ လောက်နဲ့ မြို့ထဲမှာ ကင်းလှည့်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ကော့ကရိတ်မြို့ ရဲစခန်းနှစ်ခုကို KNLA ပူးပေါင်း တပ်တွေ သြဂုတ် ၁၅ ရက်က ၀င်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် မြို့နယ်ရဲမှူးတစ်ဦး အ၀င်အခြားအဆင့် ၅ ဦး၊ စစ်ကောင်စီ တပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။အဲဒီဖြစ်စဥ်အပြီးမှာ ကော့ကရိတ် တောင်ပိုင်း/မြောက်ပိုင်း ကျေးရွာတွေဘက် စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ သြဂုတ် ၂၀ ရက်မနက်ပိုင်းထိ ဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

  19. ပေါက်မြို့နယ် ကျေးရွာ လေးရွာ ဆက်တိုက်မီးရှို့ခံနေရ

    ပေါက်မြို့နယ်၊ ‌နေအိမ်မီးရှို့၊ စသိမ်းကျေးရွာ၊

    ဓာတ်ပုံ ရင်းမြစ်, ပေါက်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့

    ဓာတ်ပုံ ပုံစာ, ဩဂုတ် ၁၆ ရက်က မီးရှို့ခံရတဲ့ ချိုင်စောက်ကျေးရွာ

    မကွေးတိုင်း၊ ပေါက်မြို့နယ် စသိန်းရွာကို ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာ အင်အား တစ်ရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့ကြတာမှာ ဒီနေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းအထိ ရွာဘက်မှာ မီးခိုးတွေ တွေ့မြင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။

    ဒီနေ့မနက်မှာပဲ စသိန်းရွာနားက ဂွေးဂုံ၊ ညောင်ရင်း၊ ဂဲပင်အင်း ကျေးရွာတွေကိုပါ ဆက်တိုက်မီးရှို့နေတာလို့ ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက မီးမရှို့ခင်မှာ ရွာထဲမှာရှိတဲ့ အသုံးဆောင်ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေကို ကားတွေနဲ့အရင်တင်ပြီးမှ မီးရှို့ကြတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    “ မီးကတော့ သူတို့ဝင်သမျှရွာတွေတိုင်း ရှို့တာပဲ၊ စားစရာနဲ့ပစ္စည်းတွေကို သယ်တာကလည်း သူတို့မှာ ရိက္ခာပြတ်သွားတဲ့ပုံစံပဲ။ သူတို့ကို ရိက္ခာပို့မယ့်လမ်းကြောင်းတွေမှာ ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတာ၊ပြောက်ကျားတိုက်တာတွေရှိနေတော့ သူတို့အတွက် ရိက္ခာမရှိတော့ ပြည်သူတွေဆီကနေ အခုလို ယူနေကြတာပဲ။ မီးခိုးကလည်း တစ်နေရာကနေ လုံးတက်လာလိုက်နောက်တစ်နေရာကနေ ထပ်ပြီးတက်လာလိုက်နဲ့တွေ့နေရတာ" လို့ ပြောပါတယ်။

    အခုချိန်အထိ စသိမ်းကျေးရွာထဲမှာ စစ်ကြောင်းရှိနေသေးသလို ပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ညောင်ရင်း၊ဂွေးဂုံ၊ ဂဲပင်အင်း စတဲ့ကျေးရွာတွေမှာလည်း ကင်းပုန်းဝပ်နေတဲ့ စစ်ကြောင်းတွေရှိနေပြီး အဲ့ဒီကနေလည်း ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်မှာ ပေါက်မြို့နယ်ထဲက ချိုင်စောက်ရွာကို စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် နေအိမ် ၇၀ နီးပါး မီးလောင်ခဲ့ရပါတယ်။

    ပေါက်မြို့နယ်မှာ မီးဘေးသင့်နဲ့ စစ်ဘေးရှောင်ဦးရေ အယောက် ၇ ထောင်ဝန်းကျင်ရှိနေပြီး စား၊ဝတ်၊ နေရေး၊ ဆေးဝါးတွေ အခက်ခဲဖြစ်နေကြတယ်လို့လည်း စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

    စစ်ကောင်စီမီးရှို့၊ စစ်ကြောင်းထိုး၊ ပေါက်မြို့နယ်၊ စသိန်း၊ ညောင်ရင်း ၊ ဂွေးဂုံ၊ ဂဲပင်အင်း၊

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒီနေ့မနက်ပိုင်းအထိ မီးရှို့ခံနေရတဲ့ ကျေးရွာတွေ
  20. ကုလအထူးကိုယ်စားလှယ် NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာ့အရေးအထူးအကြံပေးကောင်စီတိုက်တွန်း ကုလအထူးကိုယ်စားလှယ်မြန်မာခရီးစဉ် သိသာထင်ရှားမှုဘာမှရှိမလာနိုင်ဘူးလို့ သုံးသပ်

    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေထဲက အနိမ့်ဆုံးလိုအပ်ချက်ဖြစ်တဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီးပြီဖြစ်လို့ အခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အပြုသဘောဆောင်တဲ့တရား၀င်တွေ့ဆုံမှုတွေ ပြုလုပ်ဖို့ မျှော်လင့်ကြောင်း မြန်မာ့အရေးအထူးအကြံပေးကောင်စီ Special Advisory council က တိုက်တွန်းလိုက်ပါတယ်။

    ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီး ကိုးလအကြာမှာ နေပြည်တော်ကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့ နောက်ဆုံးမှာတွေ့ဆုံနိုင်ခဲ့တဲ့အပေါ် အကြံပေးကောင်စီက ၀မ်း‌မြောက်မိပေမဲ့အကြံပေးကောင်စီအဖွဲ့၀င်တွေဟာ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်ရသူအဖြစ် ၎င်းတို့၏ ရာထူးတာဝန်များ ထမ်းဆောင်စဉ်ကတည်းက လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် စစ်ခေါင်းဆောင်ကို တရားစွဲဆိုဖို့တောင်းဆိုခဲ့ကြပြီးဖြစ်တယ်လို့ ပါရှိပါတယ်။

    “လူသတ်မှုတွေနဲ့ပတ်သက်ပြီးတာ၀န်ရှိတဲ့ စစ်‌ခေါင်းဆောင်ရဲ့ သွေးစွန်းနေတဲ့လက်ကို ကိုင်ဆွဲနှုတ်ဆက်ခဲ့တဲ့ ကုလအထူးကိုယ်စားလှယ်ရဲ့ လုပ်ရပ်ဟာ အလွန်ဆိုးရွားကြောင်းနဲ့ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခြင်းဟာကုလအထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကို ဖြည့်ဆည်းပေးဖို့ အထူးသံတမန်အတွက် မရှိမဖြစ်လိုအပ်ပေမဲ့ သိသာထင်ရှားမှုဘာတစ်ခုမှ ရှိလာမှာမဟုတ်ဘူးလို့ အကြံပေးကောင်စီအဖွဲ့၀င် မစ္စတာ ခရစ္စဆီဒိုးတီးက ပြောပါတယ်။

    အကြံပေးကောင်စီမှာမြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ မစ္စရန်ဟီးလီလည်း ပါ၀င်ပါတယ်။

    ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာရဲ့ရုံး‌ကတော့ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာဟာ တရား၀င်မှုပေးတာမဟုတ်ဘူးလို့ထုတ်ပြန်ခဲ့ပြီး သူ့ရဲ့နှစ်ရက်တာခရီးစဥ်အတွင်း ‌‌ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့၊ ‌ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကိုပြန်လည်ပို့ဆောင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအပါအ၀င်မြန်မာ့ပဋိပက္ခဖြေရှင်းရေးနဲ့ပတ်သက်လို့ စစ်‌‌ခေါင်းဆောင်ကိုတောင်းဆိုခဲ့တာတွေပါ၀င်တဲ့ထုတ်ပြန်ချက်တစ်‌စောင်ကိုထုတ်ပြန်ထားပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက် ကတော့ မစ္စနိုလင်းဟေဇာဟာ သူ့အလုပ်သူလုပ်နေတာကို နားလည်ပေမယ့် စစ်ကောင်စီကို တရားဝင်မှုပေးခြင်းမျိုး မဖြစ်စေဖို့ သတိပေးပါတယ်။

    "မြန်မာနိုင်ငံအတွက်အကျိုးရှိတဲ့ရလဒ်ဖြစ်မယ်လို့ကျွန်တော်တို့ မျှော်လင့်တယ်။ အထူးကိုယ်စားလှယ်အနေနဲ့ စစ်ကောင်စီရဲ့အသုံးချခံမဖြစ်ဖို့ သတိပြုစေလိုပါတယ်။ အထူးကိုယ်စားလှယ်လာတဲ့ဟာကိုတိုးတက်မှုတစ်ခုရတဲ့ဆိုတဲ့ပြချင်တာမျိုးမဖြစ်ဖို့ပါ" လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ဘီဘီစီကို သြဂုတ် ၁၇ ရက်က ပြောကြားထားပါတယ်။

    နိုလင်းဟေဇာ၊ စစ်ခေါင်းဆောင်

    ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့

    ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနဲ့ မြန်မာနိုင်ငံ အာဏာသိမ်း စစ်ခေါင်းဆောင်